“ ရေစီးကမ်းပြို ”
“ ဒါဆို….သူဘယ်အချိန် ပြန်လာမှာတုန်းအေ့ ”
“ မပြောတတ်ဘူး ”
မေးတဲ့လူက ခင်အေးသီရဲ့ အဖြေကို မကြိုက်သလို မျက်မှောင်ကြုတ်ကြည့်တယ်။ မတတ်နိုင်ဘူးလေ။ အခုအချိန်မှာ ခင်အေးသီ ပြောနိုင်တဲ့စကားကလည်း တကယ့်ကို အဲဒီ ‘ ဘူး ’ တစ်လုံးပဲ ရှိတော့တာ။ လုပ်ချင်ရာလုပ်ပြီး သွားချင်ရာကို ဖုတ်ဖက်ခါပြီး ထွက်သွားတဲ့ ‘ ဒင်း ’ တစ်ယောက်တော့ ဘယ်နေရာမှာ ဘာလုပ်နေမယ်မသိဘူး။ “ ငါမရှိတုန်း ဒီငွေနဲ့ လောက်ငှအောင် ချွေတာစားနေကြပေါ့ ” ဆိုပြီး ပြောပြောပြေးပြေး ထွက်သွားတဲ့ သူ့ကို ကိုယ့်မှာဖြင့် ဘာမှတောင် မေးမြန်းချိန် မရလိုက်ဘူး။ “ ကိစ္စရှိလို့ ခရီးသွားရမယ် ” တဲ့။ အခုမှပဲ သူ့ခရီးစဉ်ဇာတ်လမ်းကိစ္စ ရေရေရာရာ သိရတဲ့အဖြစ်။
“ ဟဲ့….မသိရအောင် အဲ့ဒါ ညည်းယောက်ျားမဟုတ်ဘူးလား ”
အမျိုးသမီးကြီးအသံက စပြောခါစကလို ချိုချိုသာသာ မရှိတော့ဘဲ မာဆတ်ဆတ် ဖြစ်လာတယ်။ ဒါကို…..နံဘေးမှာပါလာတဲ့ သူ့သမီးအပျိုမလေးက ရှက်ဟန်တူပါရဲ့….။
“ လာပါအမေရယ် ပြန်ကြပါစို့….။ မေးနေတာလည်း တစ်နာရီလောက်ရှိပြီ…..ဘာများ ရေရေရာရာသိရလို့လဲ ”
ပြောပြောဆိုဆို သူ့အမေကို ဆွဲထူတယ်။ အမျိုးသမီးကြီးက မတတ်သာလို့သာ ပြန်ဖို့ ထရပ်လိုက်တာ။ ခင်အေးသီကို ကြည့်နေတဲ့ စူးစူးရဲရဲ ဒေါသမျက်ဝန်းတွေက ဖြစ်နိုင်ရင် အစိမ်းလိုက်ကို ၀ါးစားပစ်ချင်နေတဲ့ပုံ…..။
“ ကျုပ်ပစ္စည်းတွေ ပြန်မရလို့ကတော့ ညည်းယောက်ျား ရုံးရောက်ဖို့သာ ပြင်ထား…. ”
ခင်အေးသီက ထုံပေပေ မျက်နှာပေးနဲ့ သမီးငယ်ကို ထမင်းခွံ့မပျက်ဘူး။ ဒါပေမဲ့ အပျိုမလေး မကြားတကြား ပြောသွားတဲ့
“ အံ့ပါရဲ့နော်….လင်က လိမ်စား….မယားက ဖုံးဖိပေး….အသွင်တူ အိမ်သူဆိုတာ သူတို့မှအစစ်ပဲ ”
ဆိုတဲ့ စကားတစ်ခွန်းကတော့ ခင်အေးသီနားထဲ သံမှိုနှက်သလို စွဲကျန်ခဲ့စေပါရဲ့။ ပြောရရင်တော့….ဖိုးဇော်နဲ့ ပေါင်းသင်းခဲ့တဲ့ အိမ်ထောင်သက် ဆယ်နှစ်တာကာလအတွင်းမှာ ဒီစကားမျိုးက ခင်အေးသီနဲ့ အစိမ်းသက်သက် မဟုတ်ပါဘူး။ မကြာ မကြာ ကြားရနေကျ။ ဒါပေမဲ့ ဘယ်နှကြိမ် ကြားရ ကြားရ ခင်အေးသီနားထဲ ဘယ်တော့မှ ယဉ်ပါးမနေဘူး။ ကြားမိတိုင်း ရင်ထဲ တမြေ့မြေ့နာတုန်း။ အဲဒီသားအမိ ထွက်သွားရာကို ငူငူကြီး လှမ်းကြည့်မိနေမိရာက ခင်အေးသီ မဲ့ခနဲ ပြုံးမိတယ်။ မျက်ရည်တော့ ၀ဲမလာမိဘူး။ မ၀ဲဆို အိမ်ထောင်သက်တစ်လျှောက် အကြိမ်ပေါင်းများစွာ ကျခဲ့ရတဲ့ မျက်ရည်တွေက ခုတော့ ၀ဲဖို့ရာလေးတောင် မကျန်တော့တာလေ။
×××××××××××××××××××××××××××××××××××
အသေအချာ ပြန်စဉ်းစားကြည့်လိုက်ရင် ဖိုးဇော်လို လူစားမျိုးနဲ့ ဖူးစာဖက်ဖြစ်ခဲ့တာ ခင်အေးသီအဖို့ ကိုယ့်ကိုယ်ကိုယ် အံ့သြမဆုံး ဖြစ်ရတယ်။ စရိုက်သွင်ပြင်ချင်း ပြဒါးတစ်လမ်း သံတစ်လမ်းကိုး။ ခင်အေးသီက သာမန် ရိုးသားအေးဆေးတဲ့ မိသားစုမျိုးက ပေါက်ဖွားလာပြီး ရိုးရိုးအေးအေး နေထိုင်ကြီးပြင်းလာခဲ့သူ။ ဖိုးဇော်လည်း မိသားစု အသိုင်းအ၀ိုင်းကတော့ ရိုးရိုးအေးအေးတွေပါပဲ။ သူ့ကျမှသာ တစ်မူထူးပြီး ဆန်းပြား ဗွေဖောက်လာတာလေ။ တစ်မိပေါက် တစ်ယောက်ထွန်းလို့ပဲ ဆိုရမလား။ ကောင်းသော ထွန်းပေါက်ခြင်းမျိုး မဟုတ်တာသာ ခက်တာ။
ရည်းစားဘ၀တုန်းကတော့ ဖိုးဇော် ဒီလိုဆိုးမှန်း မသိပါဘူး။ အင်း….မသိဘူးဆိုတာထက် သိရသမျှတွေကို မယုံမိခဲ့တာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဘေးလူတွေကတော့ ကြားထဲက အမုန်းခံပြီး ခင်အေးသီကို တတ်နိုင်သမျှ ၀ိုင်းဝန်းပြောပေးခဲ့ကြရှာသား။ ခင်အေးသီကသာ ချစ်စိတ်မွှန်ပြီး ဖိုးဇော်ပြောသမျှ ယုံခဲ့မိတာ။ သူကလည်း အတော့်ကို အပြောကောင်းတာလေ။ မိသားစုနဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းလာတိုင်းလည်း မိသားစုရဲ့ အမှားချည်းပဲ။ သူ့အမှားရယ်လို့ တစ်ခါမှမရှိဘူး။ သူတို့မောင်နှမတစ်တွေမှာ ဖိုးဇော်က အလတ်။ “ အလတ်တွေဟာ မိဘတွေရဲ့ ဂရုစိုက်မှုကို မရပါဘူး ခင်အေးသီရာ ” လို့ ပြောတိုင်း ခင်အေးသီ မျက်ရည်ဝဲရတယ်။ စာနာတာလေ။ ခင်အေးသီကလည်း မောင်နှမတွေထဲမှာ အလတ်ကိုး။ “ ငါ့ကို ဘယ်သူမှ နားမလည်ပေးကြဘူး ” ဆိုတဲ့ ဖိုးဇော်ကို ခင်အေးသီ သိပ်သနားတာ။
သူ့ခမျာ မိသားစုထဲမှာ အချစ်မခံရလို့ အရွဲ့တိုက်ပြီး အပြင်မှာ လူဆိုးလေး ဖြစ်နေရှာတာပေါ့။
သနားတော့ ချစ်သူပျော်အောင် ထားမိတယ်။ ဘယ်သူတွေ ဘယ်လိုပြောပြော ဖိုးဇော်စကားကိုပဲ ယုံတယ်။ ဖိုးဇော်ဘက်မှာပဲ အမြဲရပ်တည်ခဲ့တယ်။ ဖိုးဇော်ကလည်း ပြောတတ်တယ်။ “ ငါ့ဘ၀မှာ နင်ပဲရှိတော့တာ…..နင်မရှိရင် ငါလည်း ဘယ်လိုရှင်သန်ရပ်တည် ရမယ်မှန်း သိတော့မှာမဟုတ်ဘူး ” တဲ့။ အဲဒီတုန်းက ခင်အေးသီလည်း ချစ်သူနဲ့ အသိုင်းအ၀ိုင်းကြားမှာ အတော်လေး စိတ်ဆင်းရဲခဲ့ရသေးတာ။ ခင်အေးသီဘက်က ဖိုးဇော်နဲ့ သဘောမတူကြဘူး။ နှစ်ဖက်အသိုင်းအ၀ိုင်းက လက်လုပ်လက်စား လူတန်းစားချင်းမို့ အဆင့်အတန်းကိစ္စကြောင့်တော့ မဟုတ်ပါဘူး။ ဖိုးဇော်ရဲ့ အကျင့်စာရိတ္တပုံစံကို မကြိုက်ကြတာလေ။ ယူရဲရင် ယူကြည့်။ သေခန်းပြတ်ပဲတဲ့။ နောက်တော့ ပြတ်ချင်လည်းပြတ်။ မတတ်နိုင်ဘူးဆိုပြီး ဖိုးဇော်နောက် ကောက်ကောက်ပါအောင် လိုက်ခဲ့တော့တာပဲ။
အဲဒါ ဘယ်လောက်မှားမှန်း ကလေးတစ်ယောက်ရခါမှသိတယ်။
ဖိုးဇော်က အလုပ်တော့လုပ်ပါရဲ့…..။ ဒါပေမဲ့ ရိုးဖြောင့်စိတ်မရှိဘူး။ နဂိုကတည်းကရင် သိပ်အချောင်အလည်ကြီး မဟုတ်တဲ့ ဖိုးဇော် မိဘတွေကတော့ သူတို့သားအကြောကို ကြိုတင်ရိပ်မိနေပုံရှိတယ်။ အကယ်၍ သားမယားကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်ရှာဖွေမကျွေးဘဲ ပစ်ထားလို့ ဒုက္ခရောက်ခဲ့ရင် သူတို့ခေါင်းပေါ် တ၀န်ကျလာမှာစိုးလို့ ခင်အေးသီနဲ့ ယူပြီဆိုတာနဲ့ ထိုက်သင့်သလောက် ရင်းနှီးစားသောက်ဖို့ငွေ “ ရော့….အင့် ” လို့ ပက်ခနဲ ထုတ်ပေးခဲ့တယ်။ “ ဒါ…..အကုန်ပဲနော်……လိမ္မာကြမှဖြစ်မှာ ” လို့လည်း နောက်ထပ် ပေးစရာမကျန်တော့ကြောင်းကိုပါ သွယ်ဝိုက် အသိပေးလိုက်တယ်။
ခင်အေးသီကတော့ ယူပြီး မကြာခင်မှာ ဒူးနဲ့မျက်ရည် သုတ်ရတော့တာပါပဲ။ ချစ်သူဘ၀က ဟန်ဆောင်လိမ်ညာ ဖုံးကွယ်ထားသမျှ အကျင့်ဗီဇတွေက တကယ်တမ်း အတူနေလာကြတော့ ဖုံးဖိမရတော့ဘူး။ လူပျိုဘ၀က သူ့မိသားစုအတွင်းမှာ သူဘာကြောင့် သဟဇာတ မဖြစ်ခဲ့မှန်းလည်း သိခဲ့ရပြီ။ လစ်ရင် လစ်သလို မိဘပစ္စည်းတွေ ခိုးဝှက်ပေါင်နှံ ရောင်းချတတ်တာ။ လောင်းကစား ၀ါသနာထုံတာ။ အိမ်က ခဏခဏထွက်ပြေးပြီး သုံးဟယ်ဖြုန်းဟယ်နဲ့ မိသားစုကို ဒုက္ခပေးတာ။ မိဘဆိုတာကတော့ ကိုယ့်သားသမီး မကောင်းကြောင်း လူတကာသိအောင် အရပ်ထဲ ဘယ်လည်ပြောမှာတဲ့လဲ။ ဒီလိုပဲ ဖုံးတန်ဖုံး၊ ဖိတန်ဖိနေခဲ့မှာပေါ့…..။
လူပျိုဘ၀ကတည်းကရင် စည်းကမ်းကလည်း နည်းနည်းမှ မရှိပါတဲ့။ ဟိုလူ့ဆီ ချေးငှားသုံး၊ ဒီလူ့ပစ္စည်း ယူသုံးပြီး ပြန်မပေးတတ်။ အကြွေးတွေက ပတ်လည်ဝိုင်း။ အဆိုးဆုံးအကျင့်က လက်ထဲရောက်လာရင် သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်းရယ်လို့ ‘ စည်း ’ မစောင့်ဘဲ လွယ်လွယ်သုံးပစ်လိုက်တာမျိုးပါ။ နောက်မှ နောင်ခါလာ နောင်ခါဈေး ကြည့်ကျက်ရှင်းမယ်တဲ့။ အိမ်မှာ ဟိုလူက လာအကြွေးတောင်း၊ ဒီလူက လာအကြွေးတောင်းနဲ့ စာအုပ်အငှားဆိုင်ကလည်း အငှားဆိုင်မို့ မပို့တဲ့စာအုပ်တွေ လာတောင်းရ…..။ ထိုးပြီး မပေးလို့ ထီသမားက အကြွေးလာတောင်း…..။
ရိုးသားအေးဆေးတဲ့ မိသားစုအသိုက်အ၀န်းထဲ ကြီးပြင်းလာရတဲ့ ခင်အေးသီက ရှက်တာပေါ့။ ဖိုးဇော်ကတော့ ပြောလို့မရဘူး။ သူ့ဝါသနာဗီဇလို ဖြစ်နေပြီကိုး….။ စရိုက်ချင်းက မတူတော့ အိမ်ထောင်ကျစကဆို နှစ်ယောက်သား ခဏခဏ ပြဿနာတက်ရတယ်။ ဖြစ်တိုင်းလည်း ခင်အေးသီပဲ ရှုံးတာပါပဲ။ မိဘရင်ခွင်ကိုစုံကန်ပြီး ယူခဲ့မိတဲ့ လင်ယောက်ျားနဲ့ အဆင်မပြေတာမို့ ခင်အေးသီအနေနဲ့ ကိုယ့်မိသာစုဆီ ပြန်ရတာ မျက်နှာမလှသလို ဖိုးဇော်မိဘတွေကလည်း သူတို့ကိုယ်တိုင် မနိုင်လွန်းလို့ကို လက်မြှောက်ထားရတဲ့သားမို့ “ ကိုယ့်ယောက်ျား ကိုယ်သာ အလိမ္မာနဲ့ ကြည့်ထိန်းယူပေါ့ ခင်အေးသီရယ် ” လို့ လေသံပျော့ပျော့်နဲ့ အားပေးရုံကလွဲပြီး ဘာမှ မလုပ်ပေးနိုင်ကြဘူး။
အဲဒီတော့မှ ခင်အေးသီက ကျောချမှ ဓားပြမှန်းသိတာလေ။ ခင်အေးသီတို့ဘက်က ခါးခါးသီးသီး သဘောမတူသလောက် ဖိုးဇော်ဘက်က ကြည်ကြည်ဖြူဖြူ ရှိခဲ့ကြတာ ဘာကြောင့်မှန်း သဘောပေါက်တယ်။ လက်စသတ်တော့ “ ငါတို့လက်ကလွှတ်ရင်ပြီးရော ” ဆိုပြီး ခင်အေးသီကို သားဆိုးထိန်းခိုင်းခဲ့ကြတာလေ။ ကြည့်ရတာ…..ရိုးသားအေးဆေးပြီး အနေအထိုင်တော်တဲ့ ခင်အေးသီလို မိန်းကလေးမျိုးနဲ့ဆို သူတို့သားလည်း ငြိမ်သွားတန်ကောင်းရဲ့လို့ မျှော်လင့်ခဲ့ကြဟန် တူပါရဲ့။ ခင်အေးသီလည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်ကတော့ ဖိုးဇော် လိမ္မာလာအောင် တက်နိုင်သမျှ ထိန်းသိမ်းခဲ့တာပါပဲ။ ကောင်းကောင်းမွန်မွန်နဲ့ လမ်းမှန်ပေါ် လျှောက်ချင်စိတ်ဝင်လာအောင် ကြိုးစားပမ်းစား ဆွဲတင်ခဲ့တာပါပဲ။ ‘ တည်ပြီးတဲ့ဘုရား လင်းတနားနား ’ ဆိုတဲ့ မိန်းမစားမျိုးထဲမှာ ခင်အေးသီ မပါချင်ဘူးလေ။ ကလေးရလာတော့လည်း ကလေးမျက်နှာ သူ့ရှေ့ကို ထိုးထိုးပြပြီး “ ကလေး အနာဂတ်ကို ကြည့်ရဦးမယ် ” လို့ ဆွယ်ကြည့်ခဲ့သေးတာပါပဲ။
ဒါပေမဲ့….ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့ ဖိုးဇော်။
ဘာပဲလုပ်လုပ် ရိုးရိုးသားသား မလုပ်ချင်ဘူး။ အလုပ်ကတော့ အမြဲရှာကြံလုပ်ပါရဲ့။ အလုပ်တစ်မျိုးမှာ ကြာကြာမမြဲဘဲ ကလိန်ကကျစ် လုပ်လုပ်သွားတာက ခက်တာ။ ပြောလည်း ခဏပဲ။ အလုပ်သစ်ရယ်လို့ အခြေတကျဖြစ်ပြီဆိုပြီး ခင်အေးသီ သက်ပြင်းချမယ်မှ မကြံသေးဘူး ဖိုးဇော်က ဗွေဖောက်တော့တာပဲ။ ခင်ရာမင်ရာ သူငယ်ချင်းတွေ တတ်နိုင်သမျှစုပြီး ကျောက်တွင်းလေး ထောင်မိပါတယ်။ ဖိုးဇော်က ကိုယ့်လူအချင်းချင်းတွေအပေါ် သစ္စာဖောက်ပြီး ကျောက်ခိုးလိုက်တယ်လေ။ ခင်အေးသီ သဘောကတော့ ကိုယ့်လို ဘ၀တူအချင်းချင်းတွေအပေါ် ဒီလိုမလုပ်ရက်ပါဘူး။ ဘာလုပ်မလဲ….. ကိုယ့်လုပ်ရပ်က တစ်သက်လုံး မပေါ်တော့မှာလည်း မဟုတ်ဘူး။ ကိုယ်သုံးမိ ဖြုန်းမိတော့ လူသိကုန်ရော။ လက်ပူးလက်ကြပ် မမိလို့သာ မပြောနိုင်ကြတာ။ ကိုယ့်အပေါ်တော့ သူများတွေ ရွံ့မုန်းကြီးဖြစ်ကုန်ပြီလေ။
အဲဒီစိတ်နာတာက အသားနာတာထက် ဆိုးတယ်။ ကဲ… ကောင်းကြသေးရဲ့လား။ ခိုးကျောက်စားရလို့ ကိုယ့်မိသားစုကလည်း ထူးပြီး ချမ်းသာကြွယ်ဝသွားတာ မဟုတ်ဘူး။ ဘာမှမကြာလိုက်ဘူး။ ကုန်တာပဲ။ မိတ်ဆွေအချင်းချင်း မုန်းသွားတာ အဖတ်တင်တယ်။ ရှိသေးတယ်။ အသေးအဖွဲလေးတွေလည်း ပြောရရင် ကုန်မှာကိုမဟုတ်ဘူး။
တစ်ခါကလည်း နှစ်လုံး၊ သုံးလုံး ရောင်းဖူးသေးတယ်လေ။ မလုပ်နဲ့ပြောလည်း မရဘူး။ ခင်အေးသီမှာ စားသာစားရတယ် ရင်တထိတ်ထိတ်နဲ့။ မကြာပါဘူး အစိမ်းစားတယ်ဆိုပြီး ပြဿနာတက်ပြန်ရော….။ ထိုးသားပိုက်ဆံကို ဒိုင်ကိုမသွင်းဘဲ အစိမ်းစားပစ်လိုက်တာ။ အဲဒီဂဏန်း ထွက်လာတော့ သေတာပဲ။ ပေါက်တဲ့ ထိုးသားက ဒေါသတွေထွက်ပြီး ဖိုးဇော်ကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းလုပ်နေလို့ တစ်ပတ်လောက် အိမ်က ထွက်ရှောင်နေလိုက်ရသေးတယ်လေ။ ဆိုင်ကယ်ပွဲစားလည်း လုပ်ဖူးတာပဲ။ အဲဒီမှာလည်း ဖိုးဇော်က ပြဿနာတွေ ရှုပ်ခဲ့တာပါပဲ။ ဟိုပစ္စည်းလဲထား၊ ဒီပစ္စည်းဖြုတ်ရောင်းနဲ့။ သူ့ဘာသာသူ ရှေ့ကနေ လုပ်ချင်ရာလုပ်ပြီး ရှောင်တိမ်းနေတာက ကိစ္စမရှိဘူး။ ပြဿနာရှင်းချင်သူတွေက ‘ ခင်အေးသီ ’ ဆီပဲ စုပြုံရောက်လာကြတယ်။
တကယ်ဆို ခင်အေးသီက ဘာမှမသိဘူး။ ဒါပေမဲ့ မသိလို့ မသိဘူးပြောတာကိုလည်း ဘယ်သူမှ မယုံကြပြန်ဘူး။ အိမ်ဦးနတ် လုပ်ပုံကိုင်ပုံ မဟုတ်တော့ မိသားစု မျက်နှာငယ်ရတယ်။ သိက္ခာကျရတယ်။ သူများလက်ညှိုးထိုးသမျှ ခေါင်းငုံ့ခံနေရတယ်။
အပျိုဘ၀က ကိုယ့်ဂုဏ်သိက္ခာလေးနဲ့ကိုယ် ခံ့ခံ့ထည်ထည်နေလာသမျှ လင်အရွေးမှားတော့ လူတကာ့တံတွေးခွက် ပက်လက်မျောရတော့တာလေ။ လင်ဆိုးမယား တဖားဖားဆိုတဲ့အတိုင်း ဖိုးဇော်လုပ်သမျှ ပြဿနာအရိပ်ကို ခင်အေးသီလည်း ယူရတော့တာပဲ။ ချော့ပြောလို့လည်း မရ။ ခြောက်ပြောလို့လည်း နားမ၀င်။ သားသမီးနဲ့ မိဘပဲဖြစ်စေ၊ လင်နဲ့မယားပဲဖြစ်စေ ဘယ်လိုပဲ ကျွမ်းဝင်တော်စပ်မှုရှိနေပါစေ လူတစ်ယောက်ရဲ့ဘ၀ ပြုပြင်ပြောင်းလဲသွားဖို့ဆိုတာ ကာယကံရှင်ကိုယ်၌က ဆန္ဒမရှိရင်၊ စိတ်ပါလက်ပါ မပြုပြင်ချင်ရင် ဘယ်လိုမှ မအောင်မြင်နိုင်တာ ခင်အေးသီ လက်တွေ့ကြုံရတာပဲ။
အိမ်ထောင်သက်တစ်လျှောက် ဖိုးဇော်ရဲ့ အကျင့်စာရိတ္တ နောက်ဆက်တွဲပြဿနာတွေနဲ့ ပတ်သက်ပြီး လင်မယားနှစ်ယောက် စကားများရန်ဖြစ်၊ အိမ်ပေါ်ကနေ ခင်အေးသီ ဆင်းခဲ့ဖူးပေါင်းလည်း မနည်းတော့ဘူး။ မိဘအိမ်ပေါ် ပြန်တက်တဲ့အခါတက်၊ မိတ်ဆွေ သူငယ်ချင်းအိမ် ရောက်တဲ့အခါရောက်ပေါ့။ တစ်ခါတစ်ခါ အိမ်ပေါ်ကဆင်းရင် တစ်ပတ်ဆယ်ရက်လောက် ကြာရင်ကြာတယ်။ တစ်ခါတလေ…..ပြဿနာကြီးရင် ကြီးသလို တစ်လ နှစ်လ ကြာရင်လည်း ကြာတာပဲ။ ဒါပေမဲ့…..နောက်ဆုံးကျတော့လည်း ဖိုးဇော်ခေါ်ရာနောက် ပြန်လိုက်ခဲ့ရတာပါပဲ။
ဒီယောက်ျားအပေါ် ကြည်ဖြူသည်ဖြစ်စေ၊ မကြည်ဖြူသည်ဖြစ်စေ ကလေးတွေမျက်နှာကို ကြည့်ရသေးတယ်။ ပြီးတော့ ကိုယ့်ဘက်က ဘယ်လောက် ကွဲချင် ကွဲချင် သူက ‘ ကွာရှင်းမပေးနိုင်ပါဘူး ’ ဆိုရင် ဘာမှမတတ်နိုင်ဘူးလေ။ ရုံးတက် ဘာတက် ကွဲကြမယ်ဆိုရင်လည်း သူက ကိုယ့်ကို နှိပ်စက်ရိုက်နှက်သလားဆိုရင် လက်ဖျားနဲ့တောင် တို့တာမဟုတ်ဘူး။ ကိုယ်တွေ သားအမိတွေကို အိုးအိမ်နဲ့ထားပြီး ရှာဖွေကျွေးမွေးနေတယ်။ အိမ်ထောင်ရေး ဖောက်ပြန်တာမျိုးလည်း မရှိဘူး။ အိမ်ပေါ်ကဆင်းရင်လည်း ခင်အေးသီ ဆင်းသွားတဲ့အိမ်အထိ လိုက်ခေါ်ပြီး ပြန်မပေါင်းမချင်း တောက်တဲ့တွယ်သလို တဂျီဂျီနဲ့။ ကြာတော့ ကိုယ့်မိဘတွေလည်း အရပ်ထဲ မျက်နှာငယ်ရ၊ အရှက်ရကြမို့ မာနလျှော့ပြီး ပြန်လက်ခံလိုက်ရရော။ ဒီလိုနဲ့ပဲ မုန့်လုံးစက္ကူကပ်နေတာလေ။
ပြီးတော့….ကိုယ်တွေမှာ မွေးထားတာက သမီးလေးတွေချည်း…..။ အဖေနဲ့အမေ ရန်ဖြစ်တိုင်း တံခါးကြားထဲ ၀င်ပုန်းပြီး မျက်နှာငယ်လေးတွေနဲ့ ချောင်းကြည့်ကြရှာတာ။ သူတို့ဘက်ကိုလည်း ပြန်ကြည့်ရတယ်လေ။ မိဘတွေ အမြဲရန်ဖြစ်နေတဲ့ အခြေအနေမျိုး ကလေးတွေနှလုံးသားထဲ ကျွမ်းဝင်ရင်းနှီးသွားတာမျိုး မဖြစ်စေချင်ဘူး။ ဒီအရွယ်ဆိုတာ လောကကြီးဆီက ရသမျှ လက်ခံသင်ယူနေကြတဲ့အရွယ်။ ကောင်းတာ ဆိုးတာ ခွဲခြားနားလည်တတ်ကြသေးတာမဟုတ်ဘူး။ ကိုယ့်အနေနဲ့ကတော့ ဒီအိမ်ထောင်တစ်ခုကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ တည်ဆောက်မိခဲ့ပြီးပြီ။ ပြုပြင်ယူဖို့ မလွယ်ကူတော့မယ်အတူတူ အရှုံးထဲမှာ နောက်ထပ်အရှုံးတစ်ခု ထပ်မပွားချင်တော့ဘူး။
သူရယ် ကိုယ်ရယ် ပေါင်းသင်းလာကြတဲ့ အိမ်ထောင်သက်တမ်းတစ်လျှောက် ပြုပြင်ဖို့ရာ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ပြီးပြီ။ သူကပဲ ခေါင်းမာလွန်းတာလား။ ခင်အေးသီကပဲ ညံ့ခဲ့တာလား မပြောတတ်ဘူး။ မအောင်မြင်ခဲ့ဘူး။ ကလေးမှ မဟုတ်တော့တာ။ ကလေးသုံးယောက်အဖေတောင် ဖြစ်နေပြီ။ အသက်လည်း သုံးဆယ်သီသီ စွန်းလာပြီ။ သိတတ်လိမ္မာမယ့်လူဆို လိမ္မာလောက်ပြီပေါ့။ ပြောရတာလည်း မောပြီ။ ကိုယ်ပေးတာ သူမယူတော့ ပေးမိသူရဲ့ စိတ်မှာ ‘ အကုသိုလ် ’ ပွားရုံသာရှိတာ ဆရာတော်တစ်ပါး ဟောသလို ‘ သူမှ ကိုယ်မဟုတ်တာ ’ လို့ နှလုံးသွင်း…..။ အခုတော့ဖြင့် မနေတတ်လည်း နေတတ်အောင်နေလိုက်ပါပြီလေ။ ရေစက်ပါခဲ့ပြီကိုး….။ နိုင်အောင် မတိုက်နို်င်တော့တဲ့ တိုက်ပွဲကို အားမတန် မာန်လျှော့ပြီး ခင်အေးသီ အဆိုးထဲက အကောင်းကိုပဲ ရှာလိုက်ရပါရဲ့။
ဝက်ဖြစ်မှတော့ မစင်ကြောက်နေလို့ မဖြစ်တော့ဘူးလေ။
ဒီယောက်ျားမျိုးကိုမှ ယူမိမှတော့ ဒီယောက်ျားရဲ့ဘ၀ကို ငြင်းပယ်ထားချင်လို့ မရတော့ဘူးပေါ့….။ ‘ ဘူး ’ တစ်လုံးဆောင်ပြီး ထုံပေပေ မျက်နှာပေးမျိုးနဲ့ နေတတ်လာရပြီ။ အလိုက်သင့် ရှောင်တိမ်းဖုံးဖိပေးတတ်လာပြီ။ ‘ လင်ကုန်ရှုံးရင် တစ်သက်လုံးမှောက် ’ ဆိုတဲ့ စကားကို အဲဒီတော့မှ ခင်အေးသီ နားလည်လာတယ်။
အဲဒီလို နားလည်ဖို့ရာ ပေးဆပ်လိုက်ရတဲ့ ‘ ဘ၀ ’ ကတော့ ခင်အေးသီအတွက် အကြီးမားဆုံး အရှုံးပါပဲ။
××××××××××××××××××××××××××××
“ မေမေ….. ထမင်းဝပြီ ”
သမီးလေးရဲ့ မပီကလာပီကလာ ပြောသံကြားမှ ခင်အေးသီ အတွေးလွန်နေရာက သတိပြန်ဝင်လာတယ်။ စောစောက သားအမိတော့ အရိပ်အယောင်တောင် မမြင်ရတော့ဘူး။ သူတို့တွေကို ခင်အေးသီ စိတ်ထဲ ဘယ်လိုမှ မအောက်မေ့ပါဘူး။ နင်ပဲငဆ ပြောရုံမကလို့ ကိုယ်ထိလက်ရောက် ရိုက်နှက်သွားတယ် ဆိုရင်တောင် လည်စင်း ငုံ့ခံရမယ့်ဘ၀ပါ…..။ ကိုယ့်ဘက်က မတရားသဖြင့် ပြစ်မှုကျူးလွန်ခဲ့မိပြီကိုး။ ထုံးစံအတိုင်း ဖိုးဇော် လုပ်သွားပြန်တာလေ။ ကျောက်ပွဲစားလောကထဲဝင်တာ သုံးနှစ်မပြည့်သေးဘူး ကျောက်ရှင်တွေ ၀ိုင်းထည့်ထားသမျှ ကျောက်တွေယူပြီး လစ်သွားတာ။
အောက်ကျောက်ပွဲစားမို့ ကျောက်ရှင်တွေအနေနဲ့ တစ်ဦးချင်းဆိုရင် ပမာဏအားဖြင့် သိပ်တန်ဖိုးမများလှပေမယ့် အားလုံးပေါင်းရင် နှစ်ဆယ်သုံးဆယ်ရှိတော့ ဖိုးဇော်အဖို့က မနည်းဘူးပေါ့။ အဲဒီအတွက် သူဘယ်ဒေသမှာ အချိန်ဘယ်လောက်ကြာတဲ့အထိ ရှောင်နေဦးမှာလဲမသိဘူး။ သိတဲ့အတိုင်း ကျောက်လောကဆိုတာ ယုံကြည်မှုနဲ့ အလုပ်လုပ်ကြတာ။ တကယ်တမ်း တိုင်မယ်ပြုမယ်ဆိုရင် ဘယ်မှာလဲ သက်သေအထောက်အထား။ ပြီးတော့ တစ်ဦးချင်းအနေနဲ့ဆို သိပ်မထိခိုက်ကြတာလည်း တစ်ကြောင်းကြောင့်ပေါ့။ သူသူကိုယ်ကိုယ် ခံရတုန်းက သွေးပူဆဲခဏသာ စိတ်ဆိုးဒေါသထွက်ကြတာ နောက်တော့လည်း ဒီလိုပဲ သွေးအေးပြီး ပြီးသွားကြတာဆိုတော့ ဖိုးဇော်တို့လို လူစားမျိုးတွေ ကျောက်လောကမှာ ရှိတတ်တာပေါ့လေ။
အခုလောလောဆယ်မှာတော့ “ နင်တို့သားအမိတွေ ဒီငွေနဲ့ အရင်းအနှီးလုပ်ပြီး စားသောက်နေရစ်ဦး….ငါအဆင်ပြေရင် ပြေသလို နောက်မှ တစ်ခုခုစီစဉ်ကြတာပေါ့ ” ဆိုတဲ့စကားကို ခင်အေးသီ ရုတ်တရက် နားမလည်ချင်စရာပြောပြီး သွားချင်ရာသွားခဲ့တဲ့ ဖိုးဇော် အရေးထက် ဒီသားအမိသုံးယောက် စားဝတ်နေရေး အဆင်ပြေအောင် ဘာလုပ်ရပါ့မလဲလို့ ခေါင်းပူနေရတယ်။ ဒီကြားထဲမှာ ဖိုးဇော်ကိုလာရှာတဲ့ အကြွေးရှင်တွေကိုတော့ ‘ ဘူး ’ တစ်လုံးဆောင်ပြီး ခုလိုပဲ ရင်ဆိုင်ဖြေရှင်းရဦးမှာပေါ့။ လက်ညှိုးထိုးပြီး ပြောဆိုသမျှကိုလည်း ခုလိုပဲ ထုံပေပေ မျက်နှာပေးနဲ့ ပါးစပ်ပိတ်ပြီး ခေါင်းငုံ့ခံရဦးမှာပေါ့။
ဒါပေမယ့်…..ရင်ထဲမှာတော့ တစ်လောကလုံးကြားအောင် ပြောချင်နေတဲ့စကားတစ်ခွန်းရှိတယ်။
“ တစ်ခါတလေမှာ အသွင်တူလို့ အိမ်သူဖြစ်တာထက် အိမ်သူဖြစ်လို့ အသွင်တူလိုက်ရတဲ့ မိန်းမသားတွေလည်း လောကကမှာ အများကြီးရှိပါတယ် ” လို့လေ။
ငွေဇင်ယော်ဦး(မိုးကုတ်)
ကလျာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၀၈
No comments:
Post a Comment