Mar 21, 2017

အမေ့အလွမ်း

#အမေ့အလွမ်း

                                            #မကြည်ပြာ(သင်္ချာ)

" သင်္ကြန်ကာလ ရုံးပိတ်ရက် ၁၀ရက်သည်ဖင်လှည့်ခေါင်း
လှည့်ဖြင့် အကုန်မြန်သကဲ့သို့ခဏတာအတွင်း နှုတ်ဆက်
ကန်တော့ကာပြန်မည့်ရက်သို့ ရောက်ခဲ့ရသည်သာ။ မိဘတို့သည် သားသမီးတို့ ကန်တော့ခြင်းကို မျက်ရည်ဖြင့်ခံယူရင်း နှုတ်မှတတွတ်တွတ် မှာကြားမဆုံးနိုင်သဖြင့် ဆုမွန်ကောင်းများ တောင်းပေးကြသည်။ အမှန်တကယ်တွင်မူ ပိတ်ရက် ၁၀ရက်ဆိုသည်မှာ ချစ်ခင်သူတို့နှင့်အတူ
ရှိချိန်၌ ရေပွက်ပမာ ခဏတာသာဖြစ်ကြောင်း ကျွန်မတို့ သိကြပါသည်။ "

                    **********-********

နွေရာသီသို့ရောက်သည်နှင့်တစ်ပြိုင်တည်း ဥသြငှက် ငယ်တို့အော်သံသည်
အဝေးရှိ ချစ်ခင်မြတ်နိုးရသူတို့ကိုပို၍သတိရလွမ်းဆွတ်မိစေသည်။ တစ်နယ်
တစ်ကျေးတွင် ရေကြည် ရာ မြက်နုရာ၌ ၀မ်းရေးအတွက် ရှာဖွေနေရသူတို့သည်
လည်းဥသြငှက်ငယ်၏ တပ်လှန့်သံကိုကြားသည်နှင့် ဇာတိမြေသို့အပြေးပြန်ရန်
ပြင်ကြပါပြီ။ အပြန်လက်ဆောင်များ ၀ယ်ယူခြင်း၊ လူကြုံပစ္စည်းများ လက်ခံခြင်းတို့ကို
စိတ်လှုပ်ရှားစွာပြင်ဆင်ကြပြီးသောအခါ အဓိကလုပ်ရမည့်အရာဖြစ်သည့် အပြန်ခရီး
အတွက် စီးသွားရမည့်ယာဉ်လက်မှတ်တို့ကို ၀ယ်ယူကြရပါပြီ။ လေယာဉ်၊ ကား၊
ရထားစသည်ဖြင့် မိမိသွားလိုရာသို့ရောက်ရှိမည့် ယာဉ်အမျိုးအစားအလိုက်
လက်မှတ်ကြိုဝယ်ကြသည်။ အချို့ကလည်း နွေရက်ရှည်ပိတ်ပါမှ ခရီးသွားကြ
သူတို့ရှိပြန်ရာ လက်မှတ်အတွက် ပူပန်စိတ်များဖြင့် ကြိုတင်ဝယ်ယူသူ တို့ကိုလည်း
အပြစ်ပြော၍မရပါ။

ထိုသို့ပြောသည်ကိုကြည့်ပြီး နယ်မှလာသူများအားလုံးကိုယ့်ရပ်ဌာနေသို့ ပြန်ကြသည်
တော့မဟုတ်ပေ။ မပြန်ဘဲကျန် ခဲ့သူလည်းရှိသကဲ့သို့ နားရက်အတွင်းအပြည့်အဝ
မနားရသူတို့ လည်းရှိကြပါသေးသည်။ အစိုးရရုံးပိတ်ရက်ဟု သတ်မှတ်ထားသည့်
ပိတ်ရက်ရှည်သည် အချို့သောကုမ္ပဏီကြီးများအတွက် သတ်မှတ်ရက်အတိုင်း
နားရက်ပေးသည်မဟုတ်ကြောင်းကိုကာယကံရှင်တို့သာ သိကြပါလိမ့်မည်။ အစိုးရ
ရုံးပိတ်ရက်သည် သူတို့နှင့်မဆိုင်သကဲ့သို့ အပြည့်နားခွင့်မပေးကြပါ။ အကယ်၍
သင်္ကြန်ပိတ်ရက်ပြန်လိုပါက အလုပ်ပြန်ဝင်ရမည့် ရက်နှင့်ချိန်ဆရင်း မပြန်ဖြစ်
သူတို့လည်း ရှိကြသည်။ အချို့သောအလုပ်ရှင် များသည် အလုပ်ပျက်ကွက်သည့်
နေ့အတွက် လစာငွေထဲမှ ဖြတ်တောက်ရာ၌ သင်္ကြန်ပိတ်ရက်အတွက် သတ်မှတ်ရက်
ကျော်လွန်ပါက လစာငွေမှပုံမှန်သတ်မှတ်သည်ထက် နှစ်ဆဖြတ်တောက်ကြောင်းကို
ကိုယ်တွေ့ခံစားရသူတို့ ရှိပါသည်။အစိုးရသတ်မှတ်ထားသည့် နားရက်မပြည့်မီ
အလုပ်ဆင်းသူများကိုလုပ်ခ၏ နှစ်ဆပေးသောအလုပ်ရှင်များသည်ကားရှိတော့ရှိ
သည်၊ ရှားသည်ပေါ့။

ကျွန်မဆိုလိုသည့်သဘောမှာ သတ်မှတ်ချက်အတိုင်းလိုက်နာမှုမရှိကြသောလုပ်
ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသည် ဥပဒေတစ်ခုထုတ်ပြန်မည်ဆိုပါက
အောက်ခြေလူတန်းစားများအတွက် စဉ်းစားပေးကြစေလိုသည်။ ပိတ် ရက်ရှည်
၁၀ရက်ပေးသည့်အချိန်၌ပင် အပြန်လက်မှတ်မရ သဖြင့် လစာမှအဖြတ်ခံရသူတို့
များစွာရှိပါသည်။ တန်ရာတန် ကြေးထက်ပိုပေးမှသာ ရမည့်လက်မှတ်ကိုပင်
အလုအယက်ဝယ်ကြရသည်ကို ကြုံဖူးကြပါလိမ့်မည်။

ကျွန်မတို့ မိသားစုကိုယ်တိုင်လည်း တန်ကြေးထက်
နှစ်ဆပိုပေးကာ ပြန်ခဲ့ရသည့်နှစ်များရှိခဲ့သည်။ ထိုအချိန်က လက်မှတ်များကို
တန်ကြေးထက်ပိုရောင်းပါက အရေးယူမည်ဖြစ်ကြောင်း ကြေညာထားချိန်ဖြစ်သဖြင့်
ရောင်းသူများကသာမန်ကားလက်မှတ်သည် ကုန်ပြီဖြစ်ပြီး ဘုရားဖူးကား၏
အလယ်ခုံသာ ရမည်ဖြစ်ကြောင်းပြောသည်။ အလုပ်ချိန်နောက် ကျမခံနိုင်သဖြင့်
ပုံမှန်ဈေးထက်နှစ်ဆပေးကာ ၀ယ်လိုက်ရသည်။ အမှန်တကယ်တွင်မူ ကျွန်မတို့စီးရ
သောကားသည် ဘုရားဖူးကားမဟုတ်ဘဲ သာမန်ခရီးသွားကားသာဖြစ်ကြောင်းကို
ကားကြီး ကျွန်မတို့ရှေ့ရောက်မှ သိရသော်လည်းအငြင်းအခုံမလုပ်အားတော့ဘဲ
အလယ်ခုံတွင်ထိုင်ကာ ပြန်ခဲ့ရသည် သာ။ ကျွန်မတို့ နည်းတူပုံမှန်ဈေးထက်
နှစ်ဆသာမက သုံးဆ အထိ ပေးခဲ့ရသူတို့ကိုလည်း တွေ့ရသောအခါ
လက်တစ်လုံးခြား လှည့်စားသူတို့သည် နေရာမရွေး၊ အခါမရှောင်မျက်နှာပြောင်
တိုက်လေ့ရှိကြောင်း ရွံရှာစွာသိခဲ့ရုံမှတစ်ပါး တုံ့ပြန်၍မရရုံသာမက နှစ်စဉ်ပြုမြဲ
လုပ်စားသည့် ခွင်တစ်ခုအဖြစ် မနှစ်မြို့စွာ လက်ခံရင်း ခရီးသွားနေရဆဲပင်။

ယခုအချိန်ကာလသည် မြန်မာတို့၏ ရိုးရာဖြစ်ပြီး ချစ်မြတ်နိုးစွာတန်ဖိုးထားရာ
နှစ်ကူးအခါသမယဖြစ်သည်။ ဇာတိ မြေသို့ပြန်ကာ မိဘများနှင့်အတူ
ရှာဖွေစုဆောင်းခဲ့သည်တို့ကိုလှူတန်းဒါနပြုကြသည်။ မိဘများအနားတွင်နေရင်း
ဝေးကွာခဲ့ သမျှကို အလွမ်းဖြေကြသည်။ ငယ်ဘ၀ အမှတ်တရများကို
ပြန်မြင်ကြရင်း၊ ငယ်သူငယ်ချင်းများနှင့် ပြောင်နောက်ကျီစယ်
ရင်း ဘ၀အမောများကို ဖြေဖျောက်ကြမည်သာ။ မိခင်များသည် ဖခင်တို့ထက်ပို၍
သားသမီးတို့ကို အနီးကပ်ချစ်တတ်လေရာ မိမိ တို့၏သားသမီးများပိန်သွားသည်၊
ဝလာသည်၊ အသားမည်းသွား သည်၊ ဖြူလာသည်စသည်ဖြင့် ဆံစလေးများကို
စမ်းရင်း၊ လက် ဖျားလေးများကိုကိုင်ရင်း၊ အလွမ်းဖြေကြမည်ကို တွေးရင်း
ပျော်ရွှင်ကြည်နူးနေကြမည်ကို မှန်းဆကြည့်မိသည်။ သင်္ကြန် ကာလရုံးပိတ်ရက်
၁၀ရက်သည် ဖင်လှည့်ခေါင်းလှည့်ဖြင့် အကုန်မြန်သကဲ့သို့ ခဏတာအတွင်း
နှုတ်ဆက်ကန်တော့ကာပြန်မည့်ရက်သို့ရောက်ခဲ့ရသည်သာ။ မိဘတို့သည်
သားသမီးတို့ ကန်တော့ခြင်းကို မျက်ရည်ဖြင့်ခံယူရင်း နှုတ်မှ တတွတ်တွတ်
မှာကြားမဆုံးနိုင်သဖြင့် ဆုမွန်ကောင်းများ တောင်းပေးကြသည်။
အမှန်တကယ်တွင်မူ ပိတ်ရက် ၁၀ ရက်ဆိုသည်မှာ ချစ်ခင် သူတို့နှင့်အတူ
ရှိချိန်၌ ရေပွက်ပမာ ခဏတာသာဖြစ်ကြောင်း ကျွန်မတို့သိကြပါသည်။
နားချိန်တွင်လည်း ကောင်းစွာမနားနိုင်သေးပါ။ အပြန်လက်မှတ်အတွက်
မျက်စောင်းထိုးကြည့်ရင်း ပူပန်မှုကို မွေးမြူရသေးသည်။ ပုံမှန်ဈေးထက်များ
နေသော် လည်း မနှမြောအားဘဲ လက်မှတ်ရရှိရေးသည်သာ အဓိက
ဖြစ်သောကြောင့် ပိုပေးရခြင်းကို အပြစ်မဆိုနိုင်ခဲ့ကြပါ။ ရိုးသား လွန်းလှသည့်
ကျွန်မတို့ မြန်မာလူမျိုးများဖြစ်သည်။ ရောင့်ရဲနိုင် ပြီး ကံကိုသာပုံချလေ့ရှိသော
မိမိတို့လူမျိုးများသည် လေးစားဖွယ် အတိ။

ယခုအခါတွင် သင်္ကြန်ကာလ ရုံးပိတ်ရက်ကို ၁၀ ရက်မှ ၅ ရက်သို့ ပြင်ဆင်
သတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး အခက်အခဲ ရှိ၊မရှိကို ပြည်ထောင်စုအစိုးရ
ဝန်ကြီးဌာနများသို့ ပြန်ကြားပေး ရန် သဘောထားတောင်းခံထားကြောင်းကို
တရားဝင်သိရှိရပါ ပြီ။ ၂၀၁၇ခုနှစ် မတ် ၁၀ရက်နေ့စွဲဖြင့် ပြည်ထောင်စုအစိုးရ
အဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၃^၂၀၁၇ ဖြင့် ကြေညာခဲ့ ပါတယ်။
သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ၅ ရက် သာ သတ်မှတ်ပေး
မည်ဟုဆိုသည်။ အကြောင်းရင်းမှာ ရုံးပိတ် ရက် ၁၀ရက်ဖြစ်သောကြောင့်
နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများ၊ ဘဏ်လုပ်
ငန်းများနှင့် ကုန် စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာသည့်အတွက်ဟု
သိရသည်။

ထိုအကြောင်းအရာသည် မှန်ကန်သည့်အကြောင်း
ပြချက်ဖြစ်သော်လည်း နားရက် ၅ရက်အတွင်း လုပ်ငန်းခွင်သို့
ပြန်ရန် သွားလာရမည့် အချိန်ကာလနှင့် စီးနင်းခွင့်လက်မှတ်
ကို လွယ်ကူအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ရန် လိုအပ် ပါမည်။
ခရီးဝေးပြန်ရမည့် ၀န်ထမ်းများအတွက် ထိုအချိန်ကာလ သည် လောက်ငမှု
မရှိနိုင်ပါ။ ရုံးဝန်ထမ်းများသည်လည်းလူတိုင်း အလုပ်များနေကြသူများမဟုတ်
ကြောင်းကို ရုံးဖွင့်ရက် တစ်နေ့တွင် ကိုယ်တိုင်ကြည့်ပါက တွေ့နိုင်ပါလိမ့်မည်။
ရုံးချိန် အတွင်း ဖုန်းပွတ်နေသူသာ များနေသောကာလ၀ယ် ရုံးပိတ်ရက် နှင့်
ရုံးတွင်းအလုပ်လုပ်ချိန်ကို ညှိနှိုင်းချိန်ဆ စေချင်ပါသည်။ မလိုသူကိုဖြုတ်၊
လိုသူကိုသာသုံးပြီး လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်ရန်ပြုပြင်ရပါဦးမည်။
ကျွန်မတို့သည် ကျွန်မတို့ မွေးဖွားကြီးပြင်းရာ အမိမြန်မာနိုင်ငံကြီးကို ချစ်မြတ်
နိုးသည့်အလျောက် ကြီးပွားတိုးတက် လိုပါသည်။ သို့သော် ယခုကဲ့သို့ အသွား
အပြန်အချိန်ကာလမလောက်ငမှုနှင့် ခရီးသွားလက်မှတ်အဆင်မပြေပါက တစ်နှစ်
တာနားရက်သည် အလဟဿဖြစ်ရပါတော့မည်။ သားသမီးများပြန်အလာကို
မျှော်လင့်ကြသည့်မိခင်များသည်လည်း မိရိုး ဖလာနှစ်သစ်ကူးရက်အတွင်းရောက်၊
ပြန်သာပြုရတော့မည့် မိမိ၏သားသမီးများကိုကြည့်ကာ ၀မ်းနည်းကြပါလိမ့်မည်။
ထိုမျှသာမက နောင်နှစ်များအတွက်ပါ ကြို၍ လွမ်းနေကြမည် လားဟုပင်
မဆိုတတ်ပါလေတော့။

" အကိုင်းအခက်သည် ပင်စည်ထက်မကြီးနိုင်"ဟူသောဆိုးရိုးစကားကိုကြားဖူး
ကြပါလိမ့်မည်။ ထိုဥပမာသည် လူ့အဖွဲ့ အစည်းနှင့် တစ်ဦးချင်းလူများ၊
တိုင်းပြည်တစ်ပြည်နှင့် တစ်ဦး ချင်းသော ပြည်သူပြည်သားများအကြောင်းကို
ပြဆိုခြင်းဖြစ် သည်။ ကမ္ဘာပေါ်၌ လောကပါလတရား ထွန်းကားစေရန် စီမံ
ဆောင်ရွက်ကြသည်။ နိုင်ငံကိုနေသားတကျ ဖြစ်စေလိုမူမိသားစုဘ၀များ
အဆင်ပြေချောမွေ့အောင် ဦးစွာပြင်ဆင်ကြ သည်။ မိသားစုဘ၀များ
အဆင်ပြေချောမွေ့လိုမူ ပုဂ္ဂလိကဘ၀များတိုးတက်ကောင်းမွန်အောင်
လေ့ကျင့်တည်ဆောက် ကြသည်။ ထိုသို့အဆင့်ဆင့်လေ့ကျင့်ပြုပြင်ပြီး
တိုင်းပြည်နိုင်ငံကို တိုးတက်အောင်ပြုကြသည်။ အကိုင်းအခက်တည်းဟူသော
ပြည်သူလူထုသည် မိမိတို့တာဝန်ကျေပွန်အောင် ဆောင်ရွက်ရန် လိုသကဲ့သို့
ပင်စည်နှင့်တူသော အုပ်ချုပ်သူများကလည်းရှဥ့်လည်းလျှောက်သာ၊
ပျားလည်းစွဲသာဟူသည့် သတ်မှတ်ချက် တို့ချမှတ်ကာ အုပ်ချုပ်ရမည်ဖြစ်သည်။
သို့မှသာ မိဘကိုပြုစုလုပ်ကျွေးသည့် သားသမီးများနှင့် သားသမီးတို့ကို
အမြဲလွမ်းနေသည့် မိခင်တို့သည် ကုသိုလ်ကောင်းမှုတူယှဉ်ပြုရင်း
ပျော်ရွှင်စိတ်ချမ်းမြေ့ပြီး လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့နိုင်ပါမည်။
ယခုအချိန်တွင် အမေနှင့်ရွာကိုလွမ်းသောသီချင်းများနှင့် အမေ့အိမ်ကို
ပြန်လိုကြောင်း ဖွဲ့ဆိုထားသည့်သီချင်းများကို နှုတ်မှမဆိုညည်းမိ သည့်တိုင်
စိတ်တွင်းမှ ခံစားညည်းဆိုနေကြသူတို့ များလှသည့် အချိန်ပင်ဖြစ်သည်။
ထိုသူတို့သည်မိဘများနှင့် အချိန်ကြာကြာ နေရင်း အလွမ်းများပြေပျောက်နိုင်
ကြပါစေဟု လည်းကောင်း၊ သားသမီးတို့ မျက်နှာကိုမြော်တွေး မှန်းဆနေသည့်
အမေများ၏အလွမ်းသည်လည်း အချိန်ကာလတစ်ခုအတွင်း ပျော်ရွှင်နိုင်
ကြပါစေဟုလည်းကောင်း ဆုတောင်းရင်း ပိတ်ရက်ရှည်တစ်ခုကို တမ်းတ
ငေးမျှော်မိပါတော့သည်။

                                 မကြည်ပြာ(သင်္ချာ)

                        စံတော်ချိန်နေ့စဉ်သတင်းစာ

No comments:

Post a Comment