“ ကြက်တူရွေး၏ အတ္ထုပ္ပတ္တိ ”
ကြက်တူရွေးတစ်ကောင်၏အကြောင်း ရှေးလူတို့ စာဖွဲ့သွားခဲ့ကြပြီးပြီ။ ကြက်တူရွေးခမျာသည် ပညာရှိကြီးဖြစ်ချင်ဇောဖြင့် (သို့တည်းမဟုတ်) ကြက်တူရွေးကို မွေးမြူပြုစုကြသူများသည် ကြက်တူရွေးအား ပညာရှိကြီးဖြစ်စေချင်ဇောဖြင့် စာရွက်များကို ၀ါးမျိုစေရင်း မနိုင်ရင်ကာနှင့် စာ စားပိုးနင့်ကာ သေဆုံးသွားရသည့်အကြောင်း ။
ကြက်တူရွေး၏အဖြစ်သည် ကရုဏာဒေါသောဖြစ်ချင်စရာ။ ကြက်တူရွေးကိုလား၊ သူ့ကို မွေးခဲ့ကြသူများကိုလား။ ဘယ်လိုဖြစ်စေ…ကြက်တူရွေးကား သေလေပြီ။ သို့သော် ကြက်တူရွေး၏ ၀ိညာဉ်နှင့် သူ့ကို မွေးမြူခဲ့ကြသော မဟာပညာကျော်ကြီးများ၏ ၀ိညာဉ်ကား ရှင်သန် ကျန်ရစ်ဆဲ။
×××××××××××××××
ကျွန်မသည် တူမလေး မိုးအကြောင်း နားထောင်ရင်းက စကားဖြတ်ပြီး မေးလိုက်သည်။
“ မိုးက ဘာလို့ ရန်ကုန်ကို လိုက်လာတာလဲ၊ ကျူရှင်ယူဖို့ဆိုပြီး မမစောက ထည့်လိုက်တာလား ”
ညီမ သွယ်က ခေါင်းခါသည်။
“ မဟုတ်ပါဘူး၊ မမစောက သိပ်မထည့်ချင်ပါဘူး။ မိုးမိုးက ပြောမရဘူးလေ၊ ရန်ကုန်မှာ ကျူရှင်လာနေမှ အမှတ်ကောင်းကောင်းနဲ့ အောင်မယ်ထင်နေတာ၊ အဲဒါ ဆရာမ ဒေါ်နွယ်နွယ်ချိုတို့ အိမ်မှာနေပြီး ကျူရှင်ယူမလို့တဲ့၊ နွယ်နွယ်ချိုကလည်း အနီးကပ် သင်ပေးမှာဆိုပြီး ခေါ်လာတာပဲ၊ ခုတော့ ဆရာမ အိမ်မှာလည်း မပျော်ပြန်ဘူးတဲ့၊ သွယ် ခေါ်ထားရအောင်လည်း ဒေါ်ဆရာမက မထည့်ဘူး၊ သူ့အိမ်မှာနေရင် သူ့စည်းကမ်းတဲ့၊ ခုတော့ တစ်ချိန်လုံး စာပဲ ကျက်နေရတာရယ်၊ အနေအစား ကျဉ်းကျပ်တာရယ်ကြောင့် မိုးမိုးလည်း စိတ်ညစ်နေ… ”
သွေးကမကင်းသည်မို့ မိုးမိုးဆီ ရောက်ရပြန်သည်။ မိုးမိုး မျက်နှာကလေးက ချောင်ကျလျက်။ ညှိုးနေသော မျက်နှာကလေးက ကျွန်မကို မြင်လိုက်သဖြင့် ၀င်းလက်သွားသည်။ မိုးမိုး အဆင်ပြေရဲ့လား၊ ပျော်ရဲ့လား မေးရအောင်ကလည်း သူ့ဆရာမက အနားမှာ။
“ ကျွန်မက မိုးမိုး အဒေါ် မြမြဝေပါ၊ မိုးမိုး ဒီရောက်နေကြားလို့ လာတာပါ ”
“ သြော်….ကြားဖူးတယ် ကြားဖူးတယ်၊ မမစော ပြောပြောနေတာ။ သွား…မိုးမိုး…မခင်အေးကို ကော်ဖီ ဖျော်ခဲ့လို့ ”
“ နေပါစေ ဆရာမ၊ နေပါစေ၊ မိုးမိုးက ရန်ကုန် တစ်ခါမှ မရောက်ဖူးတော့ ကျွန်မတို့အိမ်၊ အမျိုးတွေအိမ်လည်း ရောက်ဖူးစေချင်တယ် ဆရာမရယ်၊ ပြီးတော့ ကျွန်မတို့ အိမ်ကနေ ဆရာမတို့ အိမ်လာပြီး ကျူရှင်တက်ရင်လည်း အဆင်ပြေပါတယ် ဆရာမရယ်၊ အဲဒါ….. ”
မိုးမိုးက မျက်နှာညှိုးညှိုးလေးကို ရယ်ကျဲကျဲလုပ်ပြီး သူ့ဆရာမကို ကြည့်သည်။ ဆရာမ မျက်နှာကတည်ပြီး တင်းသွားသည်။
“ အို….ကျွန်မ ခေါ်လာတာ ကျွန်မနဲ့ နေရမှာပေါ့၊ အဒေါ်တွေ တွေ့ချင်လို့၊ အမျိုးတွေ မြင်ဖူးအောင်လို့ အပျော်ခရီးထွက်လာတာမှ မဟုတ်ဘဲ၊ ကျူရှင်လာတက်တာပဲ၊ ကျွန်မရော၊ ကျွန်မ အမျိုးသားရော သူ့ကို နေ့ရောညပါ သင်ပေးနေကြတာ၊ သင်္ချာနဲ့ ဇီဝကတော့ ဂုဏ်ထူးထွက်မှာ စိတ်ချ၊ မနက်တိုင်း တခြားကလေးတွေ မသင်ခင် သူ့ကိုအရင်ပြပြပေးရတာ ”
ဆရာမ၏ စကားကြောင့် ကျွန်မ ဘာမှဆက်မပြောဖြစ်တော့။ ဆရာမ၏ခင်ပွန်း ရောက်လာတော့လည်း -
“ ဘာလဲ…နင် ပျင်းလို့လား၊ နင် မှာလိုက်တာလား ”
မိုးမိုးကို ဟိန်းဟောက် စူးစမ်းပြန်သည်။
ထို့နောက် ဆရာမက ကျွန်မကို ပြန်ပြုံးပြပြီး သူ့တို့ သင်ပြပေးနေကြသောဝိုင်းများ ဘယ်လောက်ကောင်းကြောင်း၊ လူရည်ချွန် ဘယ်နှထပ်ကွမ်းများပါကြောင်း၊ ထိုကလေးများနှင့် အမီလိုက်နိုင်စေရန် မိုးမိုးကို မည်သို့ သင်ပေးရကြောင်း၊ မိုးမိုးသည် ဥာဏ်နည်းသဖြင့်၊ ပြီးတော့ အလေ့အကျင့်လည်း မရှိသေးသဖြင့် ဘယ်လို ဘယ်လို ထပ်ကာ ထပ်ကာ သင်ပြပေးရကြောင်း ဖွဲ့ကာနွဲ့ကာပြောပြလေသည်။
ကော်ဖီ သောက်ပါဦးဆိုသဖြင့် အားနာပါးနာ သောက်လိုက်ရသော ကော်ဖီကလည်း လျှာဖျားမှာ ခါးသက်သက်ချည်းသာ။
ဆရာမမျက်နှာကို ငေးကြည့်ရင်း -
“ ဟုတ်တယ်၊ မိုးက ဥာဏ်နည်းတယ် ”
စကားထောက်ပေးနေသော မိုးမိုး၊ ကလေးငယ်တစ်ယောက်ပမာ အပြစ်ကင်းစင်သော မျက်နှာကလေး။ မမစောကို ဆိုးကာနွဲ့ကာ ဆရာမနှင့်လိုက်ပါခွင့်ရဖို့ ပူဆာခဲ့ပေလိမ့်မည်။ ‘ ရန်ကုန် ’၊ ‘ အနီးကပ် သင်တန်းများ ’ စကားလုံးတွေက သူ့ကို ဖမ်းစားခဲ့ပေလိမ့်မည်။ ဆရာမ စကားတွေကတော့ ကျွန်မနားထဲ မ၀င်တစ်ချက် ၀င်တစ်ချက်။ ထိုအခိုက် ကလေးငယ်တစ်ယောက် ၀င်လာသဖြင့် စကားပြတ်သွားသည်။
အသားဖြူဖြူ၊ မျက်နှာ လုံးလုံး၊ ပိန်ပိန် ရှည်ရှည်ကလေး။ ကလေးက ကျွန်မသမီးလေး ပုတု အရွယ်သာသာ။
“ ဒါ ကျွန်မ သမီးလေ ”
ဆရာမက ကလေးမလေး၏ ပခုံးကိုကိုင်ပြီး ပြောသည်။
“ သမီးက ဒီက အန်တီကို ပြောပြလိုက်၊ သမီးနာမည် ဘယ်သူလဲလို့ ”
ကလေးမက ခြေကိုစုံရပ်ပြီး လက်ကလေးပိုက်၊ ခေါင်းကလေး ငုံ့ကာ-
“ သမီးနာမည်က နွယ်နွယ်ခိုင်ချိုထွန်း ပါရှင့်၊ သမီး ဖေဖေနဲ့ မေမေကတော့ ဦးလှိုင်မင်းထွန်းနဲ့ ဒေါ်နွယ်နွယ်ချိုတို့ ဖြစ်ပါတယ်၊ သမီး အသက်က လေးနှစ်နဲ့ ကိုးလ ရှိပါပြီရှင့် ”
ကျွန်မက စက်ရုပ်ကလေးတစ်ရုပ် သံပတ်ပေးလိုက်သဖြင့် ထွက်ပေါ်လာသည့် အသံလို ဘာခံစားချက်မှ မပါ၊ တတောင့်တည်း ရွတ်ဆိုသွားသော ကလေးအသံကြောင့် အံ့လည်း သြ၊ စိတ်လည်း ပျက်သွားသည်။
ကလေးမကလေးက ခေါင်းလေးမော့ပြီး ပြုံးပြလိုက်တော့လည်း ကလေးအရွယ်နှင့်မှ မလိုက်အောင် အပြုံးက အတု။ မျက်လုံးတွေမှာရော နှုတ်ခမ်းမှာပါ အသက်ဝင်မလာ။ ငါးနှစ်ပင်မပြည့်သေးသည့် ကလေးငယ်တစ်ယောက်ကိုပင် သည်လိုပုံစံမျိုးဖြစ်အောင် သွန်သင်ထားကြသည်ဆိုတော့ မိုးမိုး အတွက်ပါ စိတ်နောက်ကျိသွားသည်။
“ သမီးက သိပ်လိမ္မာတာ၊ ကဲ သွား သွား စာကျက်။ ရှေ့နှစ်ကာ သူငယ်တန်းဆိုတော့ သူ့ကိုလည်း စာကြိုကျက်ခိုင်းထားရတယ်လေ ”
လိမ္မာရေးခြားရှိသော မျိုးဆက်တစ်ဆက်၏ မိခင်လုပ်သူက ဂုဏ်ယူပြုံးဖြင့် ကျွန်မကို ပြုံးပြလိုက်သည်။ ကျွန်မမျက်နှာမှာလည်း အပြုံးတု တစ်ခုဖျတ်ခနဲဖြစ်ပေါ်လာသည်။ သိပ္ပံဇာတ်ကား တစ်ကားထဲက လောကဓာတ် ဆရာကြီးတစ်ယောက်နှင့် တွေ့နေရသလိုပါပဲလား။
ကျောက်သင်ပုန်းပေါ်မှာ ရေးထားသော (မိုးမိုးအတွက် ဖြစ်ဟန်တူသော) ဘယ်နှနာရီမှာ အိပ်ရာထ၊ အိမ်စာလုပ်၊ စာကျက် စသည်ဖြင့် တစ်နေ့စာ နာရီအလိုက် ရေးထားသည့် ဇယားကွက်များကို ဖတ်ကြည့်နေမိသည်။
ဥာဏ်ရည်ထက်မြက်မှုသည် စကားလုံးများကို အလွတ်ကျက်ပြီး ပြန်လည်ရွတ်ဆိုပြတတ်မှု၏ အမှတ်အသားလား။ မိုးမိုး ခေါင်းထဲမှာလည်း စာလုံးများစွာ ထည့်သွင်းခံရဦးမည်။ ပြီးတော့ မိုးမိုး အပြည့်အ၀ ရွတ်အံပြနိုင်လေ ထူးချွန်လေလေပဲလား။ ဒါသည်ပင် ဘ၀လမ်းကို ဖြောင့်တန်းမှန်ကန်စွာ ရွေးချယ်နိုင်ခြင်းပဲလား။
ကျူရှင်များကို ကျွန်မ ဆန့်ကျင်လိုစိတ် မရှိပါ။ ကျောင်းစာသင်ခန်းထဲမှာ နားလည်ဖို့ အချိန်မပေးနိုင်ခဲ့တာတွေ ကျူရှင်က ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။ ဒါက တစ်ကဏ္ဍ။ ကွန်ပျူတာစက်မှာ အချက်အလက်တွေ ထည့်သလို လုပ်နေကြတာတွေက တစ်ကဏ္ဍဖြစ်သည်။
ကလေးငယ်တွေအဖို့ အလွယ်လမ်းကို လျှောက်သည်ဖြစ်စေ။ မိဘတွေ၊ ဆရာတွေ ကိုယ်တိုင်ကရော….။ ကျွန်မ ပင့်သက်ချလိုက်မိသည်။ ကျွန်မ၏ ကံ့ကူလက်လှည့် ဆရာများနှင့် မိဘများကို ထိုင်ပြီး ဦးချချင်စိတ် ပေါက်သွားမိသည်။ ကျွန်မတို့ ငယ်ငယ်ကတော့ ကလေးမှတ်ဥာဏ် ထိခိုက်မှာစိုး၍ (၆) နှစ် မပြည့်မချင်း ကျောင်းအအပ် မခံခဲ့ကြပေ။ သူတို့သည် အသိတရားနှင့်အတူ စိတ်ခံစားမှု ဖွံ့ဖြိုးဖို့၊ နှလုံးသားကို နှိုးဆွပေးမည့်အရာများကိုသာ သင်ကြားပေးခဲ့ကြလေသည်။
မိုးမိုးက ကျွန်မကို ကားဂိတ် လိုက်ပို့တော့….သူ မပျော်ကြောင်း၊ အိမ်ပြန်ချင်ကြောင်းနှင့် ညနေတိုင်လျှင် ရင်ထဲမှာ မွန်းကာ ငိုချင်နေကြောင်း ပြောပြသည်။
ကြက်တူရွေးတွေ အကြောင်းကတော့ နေ့စဉ် ညစဉ် ဆိုသလို ကြားနေ တွေ့နေရလေသည်။ မဂ္ဂဇင်းတစ်အုပ်ကို လှန်လိုက်လျှင်လည်း စာတွေ အတောင့်လိုက် ပြန်ရွတ်ပြနေကြသော ကြက်တူရွေးတွေပဲ တွေ့နေရသည်။ နေရာတိုင်းမှာ ကြက်တူရွေးတို့သာ ကြီးစိုးလို့နေပြီလား။ ဒါကြောင့် သမီးလေး ပုတုကိုပင် ဘယ်နေရာမှာ သွားဝှက်ထားရမှန်း မသိပေ။
လေးနှစ်ပင်မပြည့်သေးသည့် သမီးလေး ပုတုကတော့ သူ့ဖေဖေက အေ၊ ဘီ၊ စီ သင်လည်း လိုက်ဆိုချင်မှ ဆိုသည်။ စာအုပ်နှင့် ခဲတံတွေ့လျှင် အရုပ်တွေပဲ ရေးလို့နေ၏။ ရုံးက သူငယ်ချင်းတစ်ယောက်ကတော့ သူ့ကလေးကို ကျောင်းစာအုပ်ထဲမှာ အရုပ်ပဲ ဆွဲလို့နေသဖြင့် လက်ဆစ်ကလေးတွေကို ခေါက်ထားရကြောင်း၊ သူ့ကလေးသည် အတန်းထဲမှာ အမြဲ ပထမရကာ အဆင့်လျော့ကျလို့ မဖြစ်ကြောင်း အမြဲ ပြောတတ်သည်။ ကလေးကတော့ ပထမတန်းပဲ ရှိပါသေးသည်။
ကျွန်မ အပျိုဘ၀ အိမ်ငှားနေစဉ်က အိမ်ရှင် ဆရာမ အဘွားကြီးအကြောင်းကို တွေးမိပြန်သည်။ သူက ပင်စင် ယူလိုက်ပြီမို့ မူကြိုနှင့် မူလတန်းကလေးတွေကို ကျူရှင်ပေးသည်။ မနက်ဆိုလျှင် မင်္ဂလသုတ်နှင့် ဘုရားစာ တစ်ခုခုကို သူ့ရှေ့မှာ လက်ပိုက်ပြီး အလွတ်ရွတ်ပြကြရသည်။ ကလေးအမေတွေကတော့ အိမ်မှာ နားအေးအောင် သူ့ဆီပို့ထားကြသည် ထင်သည်။ ကလေးတွေက ဘုရားစာ ရွတ်သည့် အတန်းပြီးလျှင် ကျွတ်ကျွတ်ညံအောင် တစ်အိမ်လုံးကို လှည့်ပတ်ပြီး ဆူကြ ဆော့ကြတော့သည်။
သည်တုန်းက ဆရာမကြီး စာသင်တိုင်း ကျွန်မ အဘွားကို သတိရမိသည်။ အဘွားက ဘယ်အခါမှ ဘုရားစာ ပါဠိပါဌ်သားတွေကို အလွတ်ကျက်မခိုင်းခဲ့။ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးကို မြင်ခန်း၊ တောထွက်ခန်း၊ ဆံတော် ပယ်ခန်းတွေကို ပြောပြသည်။ ကဏ္ဍက မြင်းကြီးသေတော့ ကျွန်မ အသံထွက်အောင် ရှိုက်တောင် ရှိုက်မိခဲ့ဖူးသည်။ ဓမ္မပဒ ပုံဝတ္ထုတွေ၊ ငါးရာ့ငါးဆယ် ဇာတ်တွေအကြောင်း ပြောပြတိုင်း မျက်ရည်ဝိုင်းရသည့်အခါများ ရှိခဲ့ရဖူးသည်။ အဘွားက မင်္ဂလသုတ်ကို အလွတ်မကျက်ခိုင်းပေမဲ့ ၃၈ ဖြာမင်္ဂလာနှင့် ပတ်သက်သည့် ပုံဝတ္ထုများကို ပြောပြခဲ့သည်မို့ ရှောင်ရန်၊ ဆောင်ရန်များကို နှလုံးသားထဲဝယ် ခိုင်မြဲစွာ အမြစ်တွယ်နေခဲ့သည်။
အဘွား ကျွန်မကို ပြောခဲ့သလို ပုတုလေးကိုလည်း ပြောပြရဦးမည်။ တစ်ဖက်အိမ်မှာ တီဗီ သွားသွားကြည့်နေသော ပုတုကလေးသည် သူ့အဖေ စစ်တုရင်ခုံပေါ်က အရုပ်ကလေးတွေကိုပင် ‘ လူဂျူ၊ လူမည်းရေး ’ တွေလို့ ပြောတတ်နေပြီ။ သို့သော်လည်း ကျွန်မ သမီးလေးကြီးလာလျှင် ကွန်ပျူတာထဲမှာ ထည့်ထားသလို အလွတ်ရွတ်ပြတ်မှာ မဟုတ်သည့်အတွက် သူ့ဦးနှောက်မှာ တိမ်းယိမ်းမှုရှိသည်လို့ ယူဆကြမှာလား။ သူ့ဦးနှောက်မှာ ဖလင်ကွက်များဖြင့် ပုံတူ မကူးတတ်သည့်အတွက် အိုင်ကျူ နိမ့်သည်လို့ သတ်မှတ်ကြတော့မှာလား။ ကျွန်မ စိတ်ပျက်စွာ ပြုံးလိုက်မိသည်။
ရီလေဗတီ သီအိုရီရှင် အိုင်းစတိုင်းသည် ငယ်စဉ်က သင်္ချာ ညံ့ဖျင်းလွန်းသတဲ့။ သိပ္ပံရုပ်ရှင်ကားတွေထဲကလို သူ့နည်းနှင့်သူ စက်ရုပ်လူများက သတ်သတ်၊ နှလုံးသားနှင့် ဦးနှောက်နှင့် လူများက သတ်သတ် ဖြစ်လာကြပြီး ပြီးခဲ့သော ကမ္ဘာစစ်ကြီးလို စစ်ကြီးတစ်ခု ဖြစ်လာဦးမှာလား။ ဖြစ်လာလျှင်လည်း စစ်ပွဲတစ်ခု၏ အနိုင်အရှုံးကို ကွန်ပျူတာတွေနဲ့ပဲ ဆုံးဖြတ်ကြမှာလား။
သမိုင်းဦး ဘုံမြေမှစ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်တွေကို ကျော်လွှားခဲ့ပြီးမှ ယဉ်ကျေးမှုနှင့် ဂုဏ်ယူဖွယ် လူသားသည် ပြန်လည် နိမ့်ဆင်းနေလေပြီလား။ ၀မ်းဗိုက်ကသာ အရာအားလုံးထက် မွန်မြတ်လို့ နေတော့၏။ ၀မ်းဗိုက်ကို အပြည့်ဝဆုံး ဖြည့်တင်းနိုင်သူသည်သာ လူ့အဖွဲ့အစည်းတွင် အထူးချွန်ဆုံးလူသား ဖြစ်လို့ လာမှာလား။
ကျွန်မ တွေးနိုင်သည်၊ စဉ်းစားနိုင်သည် ဆိုဦးတော့၊ ထိုအတွေး ထိုစိတ်ကူး စိတ်သန်းများသည် ဘာများ တန်ဖိုးရှိဦးမှာလဲ။ အနုပညာရှင်တစ်ဦးက လက်ရာကောင်း လက်ရာမွန်တွေ ဖန်တီးခဲ့စေဦး၊ ဈေးကွက်ထဲ မရောက်သမျှ တိမ်မြုပ် ပျောက်ကွယ်လို့ နေပေမည်။ သန်းကုဋေကြွယ်သူတွေ စိတ်ရူးထစုဆောင်းနေကြချိန်ရောက်မှသာ လက်ရာမွန်တွေ ဖြစ်လို့လာမှာလား။
သြော်…ကြက်တူရွေးတွေ မမွေးဖွားကြသေးသည့် ခေတ်တစ်ခေတ်ဆီ ပြန်ရောက်ကြည့်ချင်နေမိသည်။
ထိုညအဖို့ ‘ မေမေ ပုံပြောပါ ’ ဆိုလာသော ပုတုလေးကို ဘာပုံပြင် ပြောရမှန်းမသိတော့ပေ။ ပုတုကလေးကတော့ အိပ်ရာထဲမှာ ကွေးကွေးလေး အိပ်ရင်း၊ ပုတုလေး ဆံပင်များကို ယုယစွာ သပ်ပေးရင်း ဘယ်ပုံပြင်ကို ပြောရပါ့မလဲ တွေးနေမိသည်။ ကျွန်မ နှုတ်မှ လွှတ်ခနဲ ထွက်သွားမိပြီ…။
“ တစ်ခါတုန်းက ကြက်တူရွေးတစ်ကောင် ရှိသတဲ့ ”
ခင်မြဇင်
မဟေသီမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၉၁
No comments:
Post a Comment