Mar 22, 2017

သံသရာ၏ဤမှာဘက်ကမ်း

“ သံသရာ၏ဤမှာဘက်ကမ်း ”

(၁)

တရားစခန်းသို့ဝင်ခဲ့သည့်တိုင် သူ့စိတ်ရေအလျဉ်က တသွင်သွင် စီးဆင်းဆဲဖြစ်သည်။ ၀ိပဿနာ ရှုမှတ်ဆဲကပင်၊ ဈေးတန်းထဲက ကုန်ခြောက်ဆိုင်ကလေးဆီသို့ လူးလာတုန့်တင် သွားနေသည်။
လျော့ပြေပြေဘီးဆံပတ်ဆံထုံးနှင့် ပခုံးပေါ်မှလျော့ကျနေသော ယောဂီရောင်တဘက်တို့မှာ ပါးလျားသော သူ့ခန္ဓာကိုယ်နှင့်လိုက်လျောညီထွေရှိသည်။ ပိပိရိရိစေ့ထားသော နှုတ်ခမ်းများ၊ နှာသီးဖျားမှတိုးဝင်လာသော ထွက်သက်ဝင်သက်ကို မှတ်နေသောသတိ။
နဖူးပေါ်တွင် အရေးအကြောင်း အနည်းငယ်ရှိလာသည့်တိုင် ဖြူစင်သော အသားအရေနှင့်သေးသွယ်သော ကိုယ်ဟန်ကြောင့် ဒေါ်ခင်ချိုမှာ အသက် (၅၀) သို့ ချဉ်းကပ်သည့်တိုင် ကျက်သရေရှိဆဲ။ အလှမပြယ်ဆဲ။
ရိပ်သာအပြင်ဘက် သီးပင်အုပ်များပေါ်မှ စာကလေးများ အော်မြည်သံကြားနေရသည်။ သူ့ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်လျက်။ ရင်မှာအေးချမ်းသော၊ နက်ရှိုင်းချမ်းမြေ့သော အရသာသည် တစ်စတစ်စ ထိုးဖောက်ဝင်ရောက်လာပြန်သည်။ စိတ်ကိုတည့်တည့်ရှုသည်။ ထွက်သက်၊ ၀င်သက် ရှုခြင်းထုတ်ခြင်းမှတပါး အခြားအာရုံမရှိ။
ထိုသို့ ယူဆခိုက်မှာပင် ခြင်တစ်ကောင်က သူ့ပါးပြင်ကို စစ်ကနဲလာခဲသည်။ ယားတားတား စပ်ဖျဉ်းဖျဉ်းနာကျင်ခြင်း။ လက်ဖြင့်ပုတ်ထုတ်လိုက်ချင်သည်မရ။ မဖြစ်။ ခြင်ကသဲကြီးမဲကြီး အမြီးထောင်ပြီးကိုက်နေသည်။ သူက အမှတ်မထင် အံကြိတ်လိုက်မိသည်။
ဘုရားဆောင်ရှေ့ နံရံမှာနာရီကြီးက တစ်ချက်ချက်မြည်ကာ ရွေ့လျားနေသည်။ ပါးပေါ်မှ နာကျင်ယားစပ်သော ဝေဒနာ။
‘ နာတယ် ယားတယ် ’
‘ ယားတယ် နာတယ် ’ မှတ်။ မှတ်။ မှတ်။
စိတ်က မှတ်ယင်း မှတ်ယင်းကပင် နက်ဖြန်မနက် ဒေါ်စိမ်းရင်သို့ ငါးခြောက်ဖိုးပေးရမည်ကို အမှတ်ရလာသည်။
ဒေါ်ခင်ချိုက ကုန်ခြောက်ရောင်းသည်ဆိုသော်လည်း ဆိုင်ကြီးကန္နားမဟုတ်။ ခြောက်တိခြောက်ချက် ဆိုင်ကလေး အယင်ကနှစ်ခန်းတွဲ ဆိုင်ခန်းနှင့်အပြည့် ရောင်းနိုင်ဝယ်နိုင်ခဲ့သည်။ ခုတော့ ရောင်းလို့ဝယ်လို့ကလည်း မကောင်း။ အိမ်မှာလည်း ညီမကမွေးသည့် သားသမီးတွေက တလှေကြီး။ စားအိုးကြီးလာသလောက် အရင်းထဲကဖဲ့ဖဲ့စားလာရသည်။ ကြာတော့ လုံးပါးပါးကာ ဆိုင်ခန်းတစ်ခန်းစာပင် အနိုင်နိုင်ကြံဖန် ရောင်းနိုင်တော့သည်။ ဆိုင်မှာတင်ထားသည့် ငါးပိကလေး၊ ငါးခြောက်ကလေး ကလည်း လက်ငင်းဝယ် နိုင်သည်မဟုတ်။ တစ်ဘက်ကရောင်းယင်း တစ်ဘက်က ဖဲ့ဖဲ့ဆပ်ရသည်။
သည်ကြားထဲ အိမ်က ကလေးတွေကလည်း ဆိုင်ကပစ္စည်းဆိုလျှင် အလကားရသည့် သဘော။ စည်းကမ်းမရှိ ဘုံးဘောလအောနှိုက်ကြစားကြသည်။ ဈေးရောက်လျှင် ပုစွန်ခြောက်တွေ လက်ထဲဆုပ်ပြီး ၀ါးချင်ဝါးသည်။ အိမ်မှာရေနွေးကြမ်းမြည်းဖို့ ငါးရံ့ခြောက်တပြား ခိုးချင်ခိုးသွားသည်။ ပိုက်ဆံအသုံးကျပ်လျှင် သူ့ညီမကပင် ဈေးသေတ္တာထဲက နှိုက်နှိုက်ပြီး ကလေးတွေကို မုန့်ဖိုးပေးတတ်သည်။
သည်ညီမနှင့် ကလေးများက ဒေါ်ခင်ချိုခေါင်းမှာ ဆံဖြူမျှင်တွေတစ်ပင်ပြီးတစ်ပင် တိုးပွားစေသည်။ ညီမကယောက်ျားနှင့် ကွဲသည်မှာ (၃) နှစ်ရှိပြီး ကလေး ၅ ယောက်ကလည်း တစ်ယောက်မှအရွယ်မရောက်ကြသေး။ အမေအို၊ အဖေအိုကြီးနှင့် သည်ကလေးများတာဝန်ကို ဒေါ်ခင်ချိုပဲ ခါးစည်းယူရသည်။ သူကအပျိုကြီး။ အပူလို၍ ယောင်းမ ရှာပါမှ ပတ်ထမ်းနှင့် တွေ့ရသည့်အဖြစ်မျိုး။ သည်တော့ သူ့ခမျာ နာမည်နှင့်လိုက်အောင် မျက်နှာမချိုနိုင်ပဲ အမြဲတမ်းပင် မျက်နှာတညိုညိုနှင့် တဆိုဆိုတဆဲဆဲ ရှိတတ်လာခဲ့သည်။

(၂)

အိမ်က သံယောဇဉ်အမျှင်အတန်းများကြောင့် တရားဇရပ်သို့ ရောက်နိုင်ခဲခဲ့သည်။
သူ့ဖောက်သည် လက်ကားကုန်သည်ကြီး ဒေါ်စိမ်းရင်က ခေါ်လွန်းမကခေါ်၍သာ နောက်ဆံတငင်ငင်နှင့် လိုက်လာခဲ့သည်။ စိတ်ကမဖြောင့် လိုက်ခဲ့သလောက်တော့ အကျိုးရှိသည်။ အိမ်က ကလေးများနှင့် ကလေးအမေ၏ အဘိဇ္ဇာသံ၊ မိစ္ဆာသံတွေမှ နားချမ်းသာခွင့်ရသည်။ သူ့မှာလည်း အမြင်မတော်တိုင်း ပတ်ကြမ်းတိုက်ကာ မိန်းမကြမ်းဆိုင်းနှင့် ထွက်ရသည့် အကုသိုလ် လှိုင်းဂယက်မှ နာရီဝက်၊ တစ်နာရီသက်သာလျှင် မနည်း။
ဒေါ်စိမ်းရင်က သူ့ဆိုင်သို့ ကုန်ကြွေးလာတောင်းတိုင်း “ မခင်ချိုရယ် တော့မလဲ တရားမှန်းမသိ ဘုရားမှန်းမသိဖြစ်နေရပြီနော်။ တစ်ခါတစ်လေများ ကျုပ်တို့ဇရပ်လိုက်ခဲ့ပါဦး။ ဆရာတော် ဦးကောသလက တရားပြအင်မတန်ကောင်းတာ၊ ကျုပ်တော့ ညနေတိုင်း တရားထိုင်တာပဲ ရှေ့လထဲမှာ ၇ ရက် တရားပတ်ရှိတယ်။ ကျုပ်တော့ မနှစ်ကလဲ ၁ လ တရားစခန်းဝင်ပြီးပြီ။ သိပ်အေးချမ်းတာပဲ ဒီနှစ်တော့ အိမ်ကချွေးမကလည်း ကလေးငယ်နဲ့မို့ သီတင်းတစ်ပတ်ပဲ တရားစခန်းဝင်မယ်။ တော်လဲ တစ်ခါလောက် လိုက်ကြည့်စေချင်တယ်။ ”
“ ဟုတ်ပ မမရင်ရယ် ကျွန်မလဲ ဒီသောက်ကလေးတွေနဲ့ အကုသိုလ်တုံး ငရဲတုံးဖြစ်နေတာနဲ့ တစ်ခါတစ်လေများတော့ သူများတွေ တရားနာတာလဲ အားကျပါရဲ့၊ ခုတော့ ဥပုဒ်တောင်မစောင့်နိုင်ပါဘူး။ ဥပုဒ်နေ့လဲ ဈေးမထွက်မဖြစ်တော့ အပြင်တန်းမှာထိုင်ရတာပဲ။ ဒီဟာတွေက တစ်နေ့ အပင်းမရှိပဲနေနိုင်တာ မဟုတ်ဘူး ”
ဒေါ်ခင်ချို ပြောနေခိုက်မှာ ဈေးဗန်းထဲက ငါးကျည်းခြောက်တစ်ကောင်ကို လှမ်းဆွဲလိုက်သော သူ့တူအကြီးကောင် လက်ကို ဖြတ်ကနဲ ရိုက်ထည့်လိုက်သည်။
“ ကြည့်ကြည့် မျက်စိအောက်တွင်ပဲ တယ်လေ….ငါ ”
သူ နှုတ်ဖျားမှ ရင့်ရင့်သီးသီး စကားတွေထွက်ရန် ပြင်ပြီးမှ ဒေါ်စိမ်းရင်ကို အားနာစွာကြည့်သည်။
“ အဲ့ဒါသာကြည့် မမရင် ကျုပ်တော့ ဒီကလေးတွေနဲ့ ခေါင်းမွှေးပြောင်မှာပဲ၊ အဖေ အမေ လက်ထက်က ရွှေလဲကုန်ပြီ၊ ဆိုင်လဲတစ်ဝက်ပြုတ်ပြီ၊ နားလည်အောင်ပြောလဲ ရပါဘူးတော်၊ ဈေးကလဲရောင်းမကောင်းဘူး။ မမရင်ကြွေးတွေလဲ ထပ်နေမှာစိုးလို့သာ ဖျစ်ညှစ်ဆပ်နေရတာ မိုးကခေါင်တော့ ပေါ်ချိန်ရမ်းချိန်တောင်မှ ရောင်းရပါဘူး။ ရစရာကြွေးလဲ ဆုံးတာပါပဲ ”
“ အေးပေါ့အေ သူများဒုက္ခ ကိုယ့်ဒုက္ခဆိုသလို ဖြစ်နေတော့တာပေါ့၊ နေပါဦး မခင်ချိုရဲ့ ခင်ပိုက သူ့ယောက်ျားနဲ့ ပြန်မပေါင်းတော့ဘူးလား။ စပ်စုတယ်လဲ မထင်နဲ့နော်၊ တကယ်ဆို ကလေးတွေလဲရှိသေးတယ်မို့လား ”
ဒေါ်စိမ်းရင်က ရင်ဘက်မှ အမ်စီဆွဲကြိုးအပြားကြီးကို ရှေ့သို့တွဲရရွဲကျအောင်ကုန်းကာ လက်ဖက်ခွက်မှ လက်ဖက်ကိုနှိုက်သည်။ တမြုံ့မြုံ့ဝါးသည်။
“ ပေါင်းလို့ဖြစ်မလား မမရင် ဒင်းနဲ့ပြန်ပေါင်းလဲ ခင်ပို ကလေးတပြွတ်ပြွတ် မွေးရုံရှိမှာပဲ။ ခင်ပို ကုန်စိမ်းရောင်းကျွေးတော့ ဒင်းက ဒူးတနန့်နန့်နဲ့လေ။ အိမ်ဦးခန်းမှာ ထရေ သောက်နေပါပေကော၊ ပြောချင်ပါဘူးတော် ဒင်းတို့အကြောင်းတွေ ဒါကြောင့် ခင်ပိုကို ပြောရတယ်၊ ညည်းလင်နဲ့ ညည်း ပြတ်နိုင်ရင် ငါနဲ့နေလှည့်လို့၊ မပြတ်နိုင်ရင်လဲ မျက်ရည်စမ်းစမ်းနဲ့ နားလာမနှိုက်နဲ့လို့၊ နှိပ်စက်တယ် မမရင်ရဲ့ နှိပ်စက်ကြတယ် ”
ဒေါ်ခင်ချိုက ပြောရင်း မျက်လုံးတို့ အရောင်မှိန်သွားသည်။ သူ့ညီမ မခင်ပိုယောက်ျား သန်းတိုးသည် သူ့ကိုပင် ပြီတီတီနှင့် မထီတထီ စခဲ့ဖူးသည်။ မျက်နှာကြောမတည့်၊ ထို့သော် ဒါတွေထည့် ပြောလို့ဖြစ်ပါ့မလား။
“ ကျွန်မကိုက ကံဆိုးပါတယ် မမရင် ဘ၀ဘ၀က ၀ဋ်ကြွေးပေါ့ ”
တူကလေးက သူတို့နှစ်ယောက်ကို မျက်လုံးအကြောင်းသားနှင့် ငေးကြည့်နေသည်။ ဒေါ်ခင်ချိုက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ တစ်ဘက်က အုန်းသီးငှက်ပျောသီးဆိုင်မှာ လူအုံသလောက် သူတို့ ငါးခြောက်ငါးခြမ်းဆိုင်မှာ လူပါးလှသည်။ အုန်းပွဲငှက်ပျောပွဲတွေက ရာချီရောင်းရသည်။ သူက အားကျစွာငေးနေမိသည်။
ဒေါ်စိမ်းရင်က သူကြည့်သည့်ဘက် လိုက်ကြည့်ရင်း “ မသိန်းမျှင်တို့တော့ တယ်ရောင်းကောင်းတာပဲ ကံလဲကံပဲထင်ပါရဲ့၊ အရင်က ဒီမိန်းမ ညိုးညိုးငယ်ငယ်ရယ်၊ ခုများဆို လက်ကောက်ကြီးတွေများ ၀င်းလက်နေတာပဲ ကျုပ်လဲသွားမယ် မခင်ချို၊ ညည်း ဒီနေ့ ရှင်းနိုင်သလောက် ကလေးတော့- ”
“ သြော် ဟုတ်ပါရဲ့ မမရင်ရယ်၊ မေ့လို့နော် မေ့လို့ ”
ဒေါ်ခင်ချိုက ဈေးသေတ္တာကလေးထဲမှ အစိတ်တန်နှစ်ရွက်ကိုနှိုက်ကာ ဒေါ်စိမ်းရင်လက်ထဲ ထည့်လိုက်သည်။
ဒေါ်စိမ်းရင်က …..
“ အေးပေါ့အေ အေးပေါ့၊ ဒါပေမယ့် တရားစခန်းလဲ တစ်ခါလောက် လိုက်ကြည့်ပါဦး၊ သောကတွေကလဲ ခေါင်းထဲမှာ သိပ်မထားနဲ့ပေါ့အေ၊ ကျုပ်က ညီမချင်းလို ခင်လို့ပြောတာပါ၊ ဒါတွေချည်းလုပ်နေလို့ ကိုယ့်အတွက် မကျန်ဘူး၊ မသေခင် ကိုယ့်အတွက်ကလေး ကျန်အောင်လုပ်ဦး ”
ဒေါ်စိမ်းရင် ထွက်သွားသောအခါ ဒေါ်ခင်ချိုက သက်ပြင်းတစ်ချက်ချရင်း ဆံထုံးကို ထိုးထားသော ခဲတန်ကို ဖြုတ်ကာ စာရင်းစာအုပ်ကလေးထဲမှာ ဆပ်ပြီးသားကြွေးကို မှတ်ရသည်။

(၃)

“ ဒေါ်ဂျီးရှိုပန်လာဘီ ဒေါ်ဂျီးရှိုပန်လာဘီ ”
၃ နှစ်အရွယ် တူကလေးက လမ်းပေါ်မှာ ခလုတ်တိုက်လဲမတတ်ပြေးလာကြိုသည်။ ဒေါ်ခင်ချိုက ခေါင်းပေါ်မှ ဈေးတောင်းကို လက်တစ်ဘက်နှင့်ထိန်းရင်း တူကလေးကို ကောက်ချီလိုက်သည်။ သည်လိုဆိုတော့ သူ့အပူသောကမှန်သမျှ လျောကျပျောက်ကွယ်ရသည်။ မျက်နှာမှာ အပြုံးဖြင့် လန်းဆန်းလာပြန်သည်။
“ တားဖို့ မုန့်ပါရား ”
“ ပါပါ့တော် ပါပါ့ ”
“ အညားဂျီးရား ”
“ အညားကြီး ”
“ အခုသားလေး ဘာစားထားသလဲ ဗိုက်ကြီးကို ပူနေပါလားဟေ့ ”
မခင်ပိုက ဈေးတောင်းကို ကူချရန် အိမ်ဝင်းဝမှ စောင့်နေသည်။ ဈေးတောင်းကို ချပေးရင်း…..
“ သူတို့ကို မုန့်လက်ဆောင်း တိုက်ထားတာလေ၊ ပိုက်ပိုက်က ၂ ခွက်တောင်သောက်တာ၊ ဒါကြောင့် ဗိုက်ကြီး ပူနေတာ ”
“ ဟုတ်လား ပိုက်ကလေး ဒါဆိုဗိုက်ကြီးပေါက်ထွက်လိမ့်မယ် ”
“ ဟင့်အင်း ပေါက်ဖူး ”
“ တယ်သိတတ် ကောင်စုတ်လေး ဒေါ်ကြီးချို ငှက်ပျောသီးဝယ်လာတာ ကျွေးဘူး ”
“ ဟင့်အင်း ထုကျွေး ထုကျွေး ဒေါ်ဂျီးကို ခေါ်ဘူး ”
ကလေးက သူ့ရင်ဘတ်ကို ထုကာပြောလျှင် ချစ်ခြင်းပီတိအဟုန်ဖြင့် ကလေးကို မြှောက်ချီကာ ဗယ်ပြန်ညာပြန်နမ်းသည်။
“ ဟ ငါ့တူကြီးက ငါ့သား ပိုက်ပိုက်ကြီးလားဟေ့ - အညာအိုးကြီး အမွှေးတုံးကြီး ”
တူလေး တူမလေးများကလည်း အနားမှာဝိုင်းရံလာကြသည်။
“ ဒေါ်ကြီးချို မုန့်ပေး မုန့်ပေး ”
ဈေးတောင်းထဲမှ ခုန်ထွက်သွားသော ငှက်ပျောတဖီးသည် ၂ စက္ကန့်ပင်မကြာလိုက်၊ ပြိုက်ကနဲပြောင်သွားသည်။
“ အစ်မကလဲလေ စည်းမရှိကမ်းမရှိ စောစောကတင် မုန့်လက်ဆောင်း တိုက်ထားတာ ”
“ အိုအေ အဒေါ်ပြန်လာတော့လဲ မျှော်ကြမှာပဲ၊ မျှော်တုန်းမကျွေးရရင် ငါ့စိတ်ကကိုမဖြောင့်ဘူး။ သွားရည်စာသမောစာတော့ စားစမ်းပါစေအေ ၀မ်းအပြင် အိတ်မရှိပါဘူး။ ဆိုင်ကကုန် စည်းကမ်းမဲ့နှိုက်ရင်သာ ငါမကြိုက်တာ အဲဒါက ထမင်းအိုးကွဲမှာ ”
မခင်ပိုက အစ်မလက်ထဲမှ သားငယ်ကို လှမ်းယူလိုက်လေသည်။
ဒေါ်ခင်ချိုကပြောရင်းဆိုရင်က ဈေးတောင်းထဲမှ ထန်းသီးမုန့်ထုပ်ကို ထုတ်ကာ၊ ဆီချိုင့်ထဲမှ နှမ်းဆီတမှုတ်ဆမ်း လိုက်သည်။
“ အဲဒါက အဖေနဲ့ အမေဖို့ ဘယ်သွားကြလဲ ”
“ အဖေတော့ စောစောက အိမ်ရှေ့ကွပ်ပျစ်မှာ လှဲနေတာပဲ ဘယ်ထသွားပါလိမ့်၊ အမေကတော့ နောက်ဖေးမှာ ”
“ ဒေါ်ကြီးချို ဒေါ်ကြီးချို အမေကြီးလေ ဆေးလိပ်တွေ ခိုးသောက်နေတယ်ဗျာ၊ ဒေါ်ကြီးပြန်လာသံကြားလို့ ဖွက်လိုက်တာ ”
“ ဟဲ့ကောင် ”
မခင်ပိုက သားအလတ်ကောင် စကားကိုဟန့်သည်။ ဒေါ်ခင်ချိုမျက်နှာ မဲသွားသည်။
“ အဲဒါကြောင့် ခက်တာပဲ အမေ့မလဲ နေ့စံညခံဆိုသလိုဖြစ်နေတာ၊ နေ့ကျ ဆေးပေါ့လိပ်က တထောင်းထောင်း ညကျ ချောင်းက တဟွတ်ဟွတ် ဒါကြောင့်မျက်စိကလဲ ပိုဆိုးတာ ”
အမေအိုကြီးက မျက်စိတဘက်တိမ်စွဲ၍ ခွဲထားသည်မှာ မကြာသေး။ တဘက်ကတော့ လုံးလုံးကွယ်သွားခဲ့ပြီ။ အမေကြီးက အိမ်နောက်ဖေးမှ တလှုပ်လှုပ်ထွက်လာသည်။
“ ငါဝယ်သောက်တာ မဟုတ်ပါဘူးအေ။ မလှကွန့်အိမ်သွားတုန်းက တည်လိုက်လို့ပါ ”
“ သောက်သောက်အမေ တဘက်မဟုတ်ဘူး။ စုံလုံးကန်းလိမ့်မယ် ”
သူက ကရုဏာဒေါသောဖြင့် ကြိမ်းမောင်းလိုက်မိသည်။ လက်ထဲမှ ထန်းသီးမုန့်ထုပ်ကို ကွပ်ပျစ်ပေါ်ဆောင့်ချသည်။ ပြီးလျှင် အင်္ကျီချွတ်ကာ ထဘီရင်လျားနှင့် ငါးပိအိတ်များကိုဆေးရန် မြောင်းဆီသို့သွားသည်။ နှုတ်ကလည်း မကျေမချမ်း တဖြစ်တောက်တောက်။ တတွတ်တွတ်။

(၄)

ဟိုတုန်းကတော့ မခင်ချိုသည် နှုတ်ကြမ်းအာကြမ်း မိန်းမကြမ်းကြီးတစ်ယောက် မဟုတ်ခဲ့ပေ။ ပန်းကလေးလိုနုနယ်ကာ ပျားပိတုန်းတွေ တရုန်းရုန်းရှိခဲ့သည်။ ပြည်တွင်းစစ်မီးတောက်တွင် ဓားမြရန်ကြောင့် ယာတွေ၊ ချောင်းတွေပစ်ကာ မြို့တက်ပြေးလာကြကတည်းက စုမိဆောင်းမိခဲ့သမျှ အထုပ်ကိုဖြေကာ အရောင်းအ၀ယ် လုပ်ခဲ့ရသည်။ ဘ၀ရေဆန်တွင် မိန်းမသားတစ်ယောက်တည်း ရုန်းကန်ခဲ့ရပြီး အပင်ပန်းခံရသလောက်၊ အကွက်မလည်သောအခါ သူသည်ဘ၀ကို နာကျည်းလာသည်။ သူ့မိဘ၊ သူ့ညီမ၊ သူ့ပတ်ဝန်းကျင်၊ သူ့စီးပွားအားလုံးမှာ ကျေနပ်စရာရယ်လို့ မရှိခဲ့ပေ။ သူကျင်လည်ရာ ဘ၀စက်ဝန်းကြီးတစ်ခုလုံးကလည်း သူ့အတွက် ဒေါမနဿလှိုင်းလုံးများကို ၀ုန်းကနဲ ၀ုန်းကနဲ ခုန်ကြွစေခဲ့သည်။ အိမ်ထောင်ရေးနှင့် ပတ်သက်၍လည်း ငယ်ရွယ်နုပျိုမျစ်စက စိတ်ကူးစိတ်သန်း တစ်စတစ်လေ ရှိကောင်းရှိမည်ဖြစ်သော်လည်း အရွယ်မတိုင်မီ အိမ်ထောင်ကျခဲ့ပြီး ဗရုတ်သုတ်ခ အိမ်ထောင်သည်ဘ၀မှ ညီမကိုမြင်ရတိုင်း စိတ်ကုန်ခမ်းခဲ့သည်။ ညီမ၏အပူမှာ သူ့ထံသို့ ကူးစက်ကာ ညီမ၏ ၀န်ထုပ်ဝန်ပိုးတို့က သူ့ပခုံးကို အသားမာနှင့် အမာရွတ်တို့သာ တိုးစေခဲ့သည်။ ရံဖန်ရံခါတော့ တွေးမိပါ၏။ လွတ်ရာကျွတ်ရာသို့ပြေးကာ သီလရှင်သာ ၀တ်လိုက်ချင်မိ၏။ သည်လိုဆိုလျှင် သူတစ်ယောက်တည်း လွတ်ရာလွတ်ကြောင်း ရှိမည်မှန်သော်လည်း အိုမင်းမစွမ်းတော့သော အဖေအို၊ အမေအို၊ သည်ညီမနှင့် သည်ကလေးတသိုက် တောင်းစားကြရပေလိမ့်မည်။ သည်တော့ သံသရာဂယက်မှာ ဆက်လို့သာ ငရဲခံပေဦး မိခင်ချိုဟု၊ သူ့ကိုယ်သူ အားပေးမိသည်။
ပြည့်စုံကြွယ်ဝသူများ၊ ဘုရားကျောင်းကန် မှန်မှန်သွားနိုင်သူများကို အားအကျကြီး ကျမိသော်လည်း သူနှင့်တရား ရိပ်သာမှာ ယူဇနာပေါင်းများစွာ ဝေးမြဲဝေးကွာလျက်ရှိသေးသည်။ တစ်ခါတစ်လေတော့ မသိန်းမျှင်တို့အိမ်မှာ ညဦးပိုင်းကက်ဆက်ဖွင့်၍ တရားနာကြလျှင် အဖေနှင့်အတူ သူ သွားနာတတ်သည်။ သို့သော်လည်း သူ့အနားတကပ်ကပ်နှင့် သူအိပ်မှအိပ်မည်ဖြစ်သော ပိုက်ကလေးက ဂျီတိုက်၍ လိုက်လိုက်လာရာ သူနာသော တရားများမှာ ဘယ်အခါမှ တစ်ပုဒ်အဆုံး နာရသည်မရှိခဲ့။
“ ဒီ သောက်ကလေးဟာလေ ”
ဆဲဆဲဆိုဆိုနှင့် ကလေးတင်ပါးကိုရိုက်ရင်း အိမ်ပြန်လာခဲ့ရသည်ချည်းပင်။
“ ခင်ပိုရယ် တို့အေ ကက်ဆက်တစ်လုံးလောက် ၀ယ်နိုင်ရင်ကောင်းမှာ၊ ညည အေးအေးလူလူ တရားနာရတာပေါ့ အဖေနဲ့အမေလဲ သူများအိမ် သွားနာနေစရာမလိုဘူး ”
ညီမလုပ်သူက ခေါင်းကို တဗျင်းဗျင်း ကုတ်ကာ -
“ ထီပေါက်မှ ၀ယ်နိုင်မှာ အစ်မကလဲ ”
သူ့နည်းသူ့ဟန်ဖြင့် အားပေးနှစ်သိမ့်လိုက်သည်။

(၅)

အတွေးအမျှင်များကား၊ ရေတံခွန်မှ သွန်ချသလို ဒလဟောအဆက်အပြတ် မရပ်မနားသွားဆဲဖြစ်၏။ အတွေးများကြောင့် ရှုမှတ်ဆဲသတိနှင့် စောစောက ခြင်ကိုက်၍ ယားစပ်ခြင်းပင် မေ့သွားသည်။ တိုင်ကပ်နာရီသံမှာ တချက်ချက်မြည်ဆဲ။ စာကလေးများမှာ တကျီကျီအော်ဆဲ။
တစ်စုံတစ်ယောက်က ‘ ဟွတ်ကနဲ ဟွတ်ကနဲ ’ ချောင်းဆိုးနေသည်။ သည်အသံကို ဒေါ်ခင်ချို မှတ်မိသည်။ မတင်စိန်အသံ။
“ ဒီမိန်းမများ တရားထိုင်လို့ ဘာတရားရမှာလဲ အလကား မိန်းမ ”
စိတ်ထဲက ဖြတ်ကနဲ ငရဲပွားလိုက်သည်။ ပြင်ချိန်မရလိုက်၊ မတင်စိန်က ငပိကုန်သည်ကြီး။ အလျင်ကတော့ မတင်စိန် ငပိကိုဖောက်သည် ယူရောင်းသည်။ မတင်စိန်က ငွေကိုသာ တစ်နေ့မဆိုင်း လာတောင်းတတ်သည်။ သူ့ငပိက ကျဈေးမရှိ။ ငပိဈေးကျ ရိပ်မြင်လျှင် လှည်းကြီးနှင့်တစ်စီး သူ့ထံသို့ အိမ်တိုင်ယာရောက် ထိုးပေးတတ်သည်။ လှည်းသမားနှင့် ပေးလိုက်တတ်သော စာတိုကလေးမှာ စေတနာသံအပြည့်။
မခင်ချို ငပိက အောက်ငပိ အကောင်းစားမို့ ဦးဦးဖျားဖျားပို့လိုက်တယ်၊ နှစ်ရာဈေး၊ ရှင့်မို့ လျော့ယူလိုက်တာဟူသတည်း။ တစ်ပိဿာ ၁၂ ကျပ်ပင် မတန်သောငပိကို သူ့ထံ အတင်းထိုးကျိတ် ရောင်းလိုက်တော့ သူက မိတ်ပျက်မည်စိုး၍ တစ်ကြိမ်၊ နှစ်ကြိမ်မက သည်းခံခဲ့သည်။ သည်းမခံနိုင်သည့်အဆုံး ဈေးထဲမှာ ၀က်ဝက်ကွဲအောင် ရန်ဖြစ်ကြသည်။ မတင်စိန်က ငွေရှိသူဆိုတော့ ငွေစကားပြောနိုင်သည်။
“ ကျုပ်တို့က ဖောက်သည်ပေါပါ့တော်။ ကြွေးခံချင်လွန်းလို့ သူ့ပေးပါ၊ ငါ့ပေးပါနဲ့ နွားငတ်ရေကျ တောင်းတဲ့လူတွေအပေါ် သနားလို့ လျော့လျော့ပေးနေတာ ကျေးဇူးမသိတော့ ခွေးကိုက်ဘက် မွေးမိသလိုပဲ ”
သူကလည်း ရင့်ရင့်သီးသီး ပြန်ဆဲခဲ့သည်။ အနားမှာ လူတွေသာမရှိလျှင် မတင်စိန်ကို အရေခွံဆုတ်မိမည်။ အတွေးများကြောင့် အသက်ရှူမှားသွားသည်။
“ ဘုရား၊ ဘုရား အကုသိုလ်တွေ ပွားနေလိုက်တာ၊ ကုသိုလ်တပဲ ငရဲတပိဿာဆိုတာ ငါမှ ငါအစစ်၊ သွားသွားမကောင်းတဲ့ အတွေးတွေ သွား ထွက်တယ် ၀င်တယ် ၀င်တယ် ထွက်တယ် ”
ခါးကို မသိမသာမတ်ရင်း အသက်ပြင်းပြင်းရှူကာ ထွက်လေ ၀င်လေမှတ်သည်။ သူ့စိတ်တို့ စုစည်းတည်ငြိမ်စပြုချိန်မှာ တစ်စုံတစ်ယောက်က ဘူကနဲ လေလည်လိုက်ပြန်သည်။ သူ့နှုတ်ခမ်းများမှာ အပြုံးစတို့ ဖြတ်ကနဲ ရောက်လာသည်။
“ မအောင့်နိုင် မအည်းနိုင်ပဲကိုတော့ ”
သတိလက်လွတ်ပြီး မှတ်ချက်ချသည်။
သတိ၊ သတိ၊ သတိ၊ မှတ်၊ မှတ်၊ မှတ်။
ဆရာတော်က ကျန်းမာရေးမကောင်းသဖြင့် တရားမစစ်နိုင်၍သာ တော်တော့သည်။
“ ၀င်တယ်။ ထွက်တယ်။ ထွက်တယ်။ဝင်တယ်”
တစ်ခဏငယ်များစွာမှ ရုပ်နှင့်နာမ်နှင့် ဖွဲ့စည်းသည့် ခန္ဓာကိုယ်ကြီး၏ ဖြစ်ခြင်း၊ ပျက်ခြင်း၊ ရှုသွင်းခြင်း၊ ရှုထုတ်ခြင်းတို့၌ စိတ်ကိုတည်ငြိမ်စေနိုင်လာပြန်သည်။ ထိုအခိုက်မှာပင် -
“ ဒေါင်ဒင် ဒင်ဒင်၊ ဒင်ဒင် ဒေါင်ဒေါင် ”
သံစုံနာရီကြီးက လေးလေးပင်ပင် တီးလိုက်သဖြင့် ဆက်ကနဲ တွန့်သွားသည်။ ၆ နာရီထိုးပြီ။ တရားစခန်းသိမ်းပြီး အကြောအခြင်တွေက တောင့်တင်းနေသည်။ ခြေကို ရွှေ့သည်မရ။ သူ့ဘေးမှ လူများလည်း လှုပ်ရှားလာကြပြီ။ စကားသံ တီးတိုးထွက်လာသည်။
“ ဘုရား ဘုရား ကျွတ်၊ ကျွတ် ”
ခြေထောက်က ကျဉ်နေသည် လှုပ်မရ။ ဒေါ်စိမ်းရင်က သူ့အနား ရွှေ့လာသည်။
“ ဘယ့်နှယ်လဲ မခင်ချို၊ တရားမှတ်လို့ရလား ကျုပ်ဖြင့် စိတ်ထဲမှာလေ ပေါ့ပြီး၊ လွပ်လပ်ပြီး၊ ကြည်လင်သွားတာပဲ။ လူက လေထဲမှာ မြောက်နေသလို တငြိမ့်ငြိမ့်နဲ့ ဆရာတော်ဘုရားကို လျှောက်ရဦးမယ် ”
ဒေါ်ခင်ချိုက ခြေကျဉ်သဖြင့် ရှုံ့မဲ့ရာမှ ပြုံးပြလိုက်သည်။
“ ဘယ်လိုလဲ နက်ဖြန်လဲ လိုက်ခဲ့မယ် မို့လား ကျုပ်ကတော့ ဇိကုပ် နတ်ပြည်တင်ရမှာပဲ ”
ဒေါ်စိမ်းရင်က မျက်စချီမေးသည်။
ဒေါ်ခင်ချိုက ပြုံးနေသည်။ ခဏကြာလျှင် ခြေနာပြေသွားသဖြင့် ထရပ်ကာလုံချည် ပြင်ဝတ်သည်။ ရေအိုးစင်မှာ တဂွတ်ဂွတ်နှင့် အသံမြည်အောင် ရေသောက်နေသော မတင်စိန်ကို မြင်သည်။ မျက်မှောင်ကြုတ်လိုက်သည်။
“ အင်း….တရား တရားနဲ့ မတော်လောဘသမားတွေကို မြင်ရတာ အကုသိုလ်ဖြစ်ပါတယ် မမရင်ရယ် ကိလေသာ အညစ်အကြေးစင်မှ ဇိကုပ်နတ်ပြည်တင်ရကျိုး နပ်မပေါ့။ နို့မို့ဖြင့် အ၀ီစိငရဲအိုးမှာ နှစ်ပြန်တိုးပြီး ချိုးကပ်မှာ စိုးရသေးသတော် ”
ဒေါ်စိမ်းရင်က အံ့သြနှုတ်ဆွံ့ကာ ကြည့်သည်။ သူကတော့ ဖိနပ်ကလေးကို ဖုတ်ဖက်ခါကာ ဆတ်တောက်တောက် ခြေလှမ်းများဖြင့် ကျောင်းဝိုင်းအပြင်သို့ ထွက်ဖို့ပြင်သည်။ မှောင်ရီစ ညနေရီ၏ ဆည်းဆာတိမ်နီအောက်တွင် မဲနက်နေသော သီးပင်စုစုဆီမှ ပုဇဉ်းရင်ကွဲတို့ တစီစီမြည်သံကြားရသည်။ သူ ထမင်းခွံ့မကျွေးခဲ့ရသဖြင့် တစာတစာ ငိုကြွေးနေမည့် တူကလေးဆီသို့ စိတ်က ပြေးလွှားနေစဉ် ဒေါ်စိမ်းရင်ကတော့ သံသရာ၏ ဤမှာဘက်ကမ်း၌ ဘယ်တော့မှ ကျွတ်တမ်းဝင်မည့်ပုံမရသည့် သူ၏ဓမ္မမိတ်ဆွေကို ကြည့်လျက် စိတ်ပျက်လက်ပျက် ခေါင်းခါနေလေသည်။

ခင်မြဇင်
ရုပ်ရှင်မျက်မှန်မဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၁၉၈၆

No comments:

Post a Comment