“ တစ်ထောင့် တစ်နေရာ ”
“ ငြိမ်းရေ ဒီမနက် တို့မိတ်ဆွေလေးတွေလည်း ပေါ်မလာကြပါလား ”
လက်ဆေးကာ ထမင်းစားပွဲဝင်ထိုင်ရင်းမှ ဟိုဟိုဒီဒီ ဝေ့၀ဲကြည့်လျက် ‘ ကို ’ က သတိတရ ဆိုလေသည်။
“ လာမှာပါ စိတ်ချ…….သူတို့က အလည်တွေ……ဒီအိမ်က ဘယ်အချိန် ထမင်းစားနေကျဆိုတာ သိနေပြီ…….ဟော ပြောရင်းဆိုရင်း ရောက်လာပါပြီနော် ”
ထမင်းစားခန်းနှင့် တစ်ဆက်တည်း အိမ်ရှေ့ ဖိနပ်ချွတ် အုတ်ခုံပေါ်မှာ လာနေကြ ကြောင်ဝါလေးနှစ်ကောင်က ရောက်နေကြပြီလေ။ ဘယ်အိမ်က ကြောင်တွေမှန်းလည်းမသိ။ ခုတလော ကျွန်မတို့ အိမ်ဘက် ခြေဦးလှည့်နေသည်။ တလောတုန်းက ကျွန်မတို့ ထမင်းစားနေချိန် ရောက်လာပြီး တညောင်ညောင် လာအော်နေ၍ ငါးရိုးကို ထမင်းနှင့်နယ်ပြီး ကျွေးလိုက်ရာမှ အကျင့်ဖြစ်သွားပြီး နေ့စဉ်ရက်ဆက် အချိန်မှန်မှန် သူတို့ရောက်လာကြခြင်းဖြစ်သည်။ ခွေး၊ ကြောင်တို့လို တိရိစ္ဆာန်တွေအပေါ် ကယုကယင် မချစ်တတ်ကြပေမယ့် သနားကြင်နာစိတ်အခံတော့ နှစ်ယောက်လုံး၌ ရှိကြသည်ဖြစ်ရာ ကျွန်မတို့ကလည်း သူတို့ကြိုက်တတ်သည့် ဟင်းမျိုး ချက်လျှင်ချက်သလို ကျွေးမွေးဖြစ်သည်။ ကြောင်စာဆိုတော့ အထွေအထူးလည်း ပိုချက်နေစရာ မလိုဘူးလေ။ ထိုသို့ ကျွန်မတို့ မနက်၊ ညနေ ထမင်းစားချိန်တိုင်း ပုံမှန်ရောက်လာနေကျမို့ ‘ ကို ’ က မိတ်ဆွေလေးတွေဟု ရည်ညွှန်းအမှတ်သညာ ပြုထားခြင်းဖြစ်သည်။ ခုလည်း သူတို့ အကြောင်း ပြောနေတာမှ မဆုံးသေးမီ ရောက်လာကြ၍ နှစ်ယောက်သား သဘောကျစွာ ရယ်မိသည်။
“ သူတို့ကို မကျွေးဘဲ မသိသလို နေကြည့်စမ်း ငြိမ်း….ဘယ်လိုနေမလဲလို့ ”
“ စမ်းမနေပါနဲ့ တကတည်း…..စားသောက်နေတုန်း အောက်ကနေ တညောင်ညောင် လာအော်နေကြတာ မျိုမကျလွန်းလို့……စောစောကတည်းက သူတို့ပန်းကန်ထဲ ထည့်ပေးထားလိုက်ပြီးပြီ….ဒါမှ အေးအေးဆေးဆေး စားရမှာ ”
သို့ပေမယ့် မအေးပါ။ သူတို့ပန်းကန်ထဲ ထည့်ပေးထားပါလျက်နှင့် ကြောင်နှစ်ကောင်က အေးအေးမစားဘဲ ကျွန်မတို့ရှိရာဘက်လှည့်ကာ အုတ်ခုံပေါ်မှ တညောင်ညောင်နှင့် သံပြိုင် အော်နေကြသည်မှာ ကြာတော့ စားရသည့်လူပင် စိတ်မဖြောင့်တော့ချေ။
“ ဟ မင်းကောင်တွေက မဟုတ်တော့ဘူးထင်တယ်နော် ငြိမ်း…..ထမင်းထည့်ပေးတာ မမြင်လို့များလား ”
“ မမြင်စရာလား ကိုကလည်း…….ထမင်းပန်းကန်ကြီး ရှေ့ချပြီး သံပြိုင်အော်နေကြတဲ့ဥစ္စာ ”
ကျောပေးထားသည့် ကိုက နောက်ပြန်လှည့်ကြည့်ကာ “ ဟုတ်သားပဲ ” ဟု ရေရွတ်သည်။
“ ဟင်းမကြိုက်ရအောင်ကလည်း ငါးကြော်ပဲ ”
စားနေရင်း ထလုပ်ပေးရမှာ ကြောင်မွေးကပ်မှာစိုးသဖြင့် ထမင်းကို မြန်မြန် လက်စသတ်ပြီးမှ လက်ဆေးကာ ကျွန်မမှာကြောင်တွေ၏ အခြေအနေကို ထွက်ကြည့်ရသည်။ ထိုအခါမှ အကြောင်းအရင်းကို သဘောပေါက်သွားရပါသည်။ ကြောင်အတွက် ထည့်ကျွေးထားသည့် ထမင်းပန်းကန်ထဲမှာ အုံခဲနေသည်က ပုရွက်ဆိတ်တွေလေ။
“ ဟယ် သူတို့ပန်းကန်ထဲမှာ ပုရွက်ဆိတ်တွေပါလား ”
“ သြော် ဒါကြောင့် ဒီကောင်တွေက ဒီလောက်အော်နေကြတာနေမှာ….. နေစမ်းပါဦး….ဒီပုရွက်ဆိတ်တွေက ဘယ်က ဘယ်လို ရောက်လာကြတာတုန်း ”
“ အဲဒါတော့ ငြိမ်းလည်း မသိဘူး ကိုရေ…..ကြည့်စမ်းပါဦး….သူများထမင်းပန်းကန်တစ်ခုလုံးကို ရွစိတက်နေအောင် အပိုင်စီးထားလိုက်ကြတာ…..ပူစီတွေကို အသစ်ထပ်ကျွေးမှပဲ ရတော့မှာ…..လာ လာ ပူစီ…မီမီ ”
ထမင်းနှင့်ငါးကို အသစ်ထပ်နယ်ပြီး ကြောင်တွေကို အိမ်နောက်ဘက် ခေါ်ကျွေးလိုက်ရသည်။ သူတို့ကို ကျွေးမွေးထားခဲ့ပြီး ထမင်းစားခန်းထဲ ပြန်ဝင်လာတော့ ကိုက အပြင်ဘက် ရောက်နေပြီဖြစ်သည်။
“ ငြိမ်း ခဏ ဒီကိုလာဦး ”
“ ဘာလဲ…..ဘာလဲ ”
အနားရောက်သွားသော ကျွန်မကို လှည့်မကြည့်ဘဲနှင့် ကိုက ကြောင်ပန်းကန်ကို အပိုင်စီးထားသော ပုရွက်ဆိတ်တွေကို လက်ညှိုးထိုးပြသည်။
“ ဒီပုရွက်ဆိတ်တွေကို သေချာကြည့်စမ်း ငြိမ်း ”
“ ဟာ ဘာများလဲလို့…..ပုရွက်ဆိတ်တွေများ မမြင်ဖူးတာမှတ်လို့……ကိုကလည်း ကလေးကျနေတာပဲ…..အထဲမှာ ငြိမ်းလုပ်စရာတွေ ရှိသေးတယ် ”
“ သြော် ခဏလေးပါ…….ဒီမှာ စိတ်ဝင်စားစရာကောင်းတာလေးကို ပြမလို့ ”
သိပ်စိတ်ပါလှတာမဟုတ်ပေမယ့် အားတက်သရောနှင့် ပြသူ စိတ်ကျေနပ်အောင် ကျွန်မက ထိုမြင်ကွင်းကို ကြည့်ပေးလိုက်ပါသည်။ ကြောင်တွေအတွက် ကျွန်မ ထည့်ပေးထားသည့် ပန်းကန်ထဲမှ ထမင်းတွေကို ပုရွက်ဆိတ်တွေ ၀ိုင်းသယ်နေကြသည်။ ဒါ ဘာများဆန်းတာမှတ်လို့။
“ ကြည့်စမ်း ငြိမ်း…..သူတို့ အစာသယ်နေကြတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ် ”
အင်း ငြိမ်းယောက်ျား အကောင်းစားကြီးကတော့ အလုပ်မရှိ အလုပ်ရှာနေပြန်ပြီလေ။
“ ဘာလဲ ပုရွက်ဆိတ်တွေက သူတို့ကိုယ်ထက်ကြီးတဲ့ အစာတွေကို ချီနိုင်တာ ပြမလို့လား ဒါများ ”
“ မဟုတ်ပါဘူး…..ဒီမှာကြည့် ကိုပြမယ်…..သူတို့ အစာတွေကို ဘယ်နေရာအထိ သယ်သွားသလဲဆိုတာ ငြိမ်း လိုက်ကြည့်စမ်းပါ ”
“ ဟာ ဘယ်လိုလိုက်ကြည့်လို့ ရမှာလဲ ”
“ မဟုတ်ဘူးလေ…..သူတို့အိမ်က ဒီအုတ်ခုံအောက်ခြေတင်……ဒီထမင်းစေ့တွေကို အုတ်ခုံအောက်ခြေဘက် ယူဆင်းလာကြတာ မြင်လား ”
ဟုတ်ပါရဲ့။ ကျွန်မတို့ ရပ်နေရာ မြေပြင်ပေါ်၌ ပုရွက်ဆိတ်ကျင်းရာ မို့မို့လေး ရှိနေသည်။ ၀င်ချည် ထွက်ချည် ပျာယာခတ်နေသည့် ပုရွက်ဆိတ်တွေမှ မနည်းမနော။ လက်ညှိုးဖြင့် အသာတို့ထိလိုက်ရုံဖြင့် အလွယ်တကူ ပြိုပျက်သွားနိုင်သည့် ကျင်းဝမှ မြေသားမွမွ။ ငယ်တုန်းကတော့ မသိနားမလည်သဖြင့် ကျွန်မသည် ပုရွက်ဆိတ်ကျင်းတွေ့လျှင် အူယားကာ ထိုမြေသားပွပွကို တုတ်နှင့် ထိုးဆွချေဖျက်ပစ်လိုက်တတ်ခဲ့သည်။ လူကြီးတွေက “ သူများအသိုက်အမြုံလည်း ဖျက်ဆီးရင် ကိုယ့်အသိုက်အမြုံလည်း ဖျက်ဆီးခံရတတ်တယ် သမီးရဲ့ ” ဟု ဆုံးမမှ ကြောက်ပြီး မလုပ်ရဲတော့တာ။ ခုဖြင့် အသက်အရွယ်၏ အသိဥာဏ်နှင့်ယှဉ်သော စာနာစိတ်လည်း ဖြစ်ထွန်းခဲ့ပါပြီ။ လက်ညှိုးတစ်ထောက်စာမျှ ကိုယ်ထင်မြင်နေရသည့် ကျင်းပိစိလေးကို ပုရွက်ဆိတ်တွေခမျာတော့ ခွန်အား ဘယ်မျှသုံးပြီး ပင်ပင်ပန်းပန်း တူးဖောက်ခဲ့ကြရှာလေမလဲဟူသည့် အတွေးနှင့်…..။
“ ဒီကောင်ကိုကြည့်စမ်း ငြိမ်း ”
ကို လက်ညှိုးထိုးပြသည့် ပုရွက်ဆိတ်သည် ထမင်းစေ့ကို ကျောပေါ်ချီပိုးလျက် ပန်းကန်ထဲမှ ထွက်လာနေသည်။ အရွယ်တော် ထမင်းစေ့လေးထက်ပင် သူ၏ခန္ဓာက သေးငယ်နေပါသေးသည်။ သို့ပေမယ့် ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန်ပင် သွားနေလျက်ရှိသည်။ သတ္တ၀ါတွေထဲမှာ ခွန်အားအကြီးဆုံးက ပုရွက်ဆိတ်တွေဆိုတာ ဖြစ်နိုင်ပါသည်။
“ သူသွားနေတဲ့လမ်းကြောင်းတစ်လျှောက် မျက်ခြေပျက်မခံနဲ့နော် ငြိမ်း ”
ပုရွက်ဆိတ်ကလေးသည် အုတ်ခုံပေါ်မှ အောက်ဘက် နံရံကြောတစ်လျှောက် ဇောက်ထိုးကြီး ဆင်းနိုင်ကြသည်။ အုတ်နံရံဆုံးသွားတော့ ပုရွက်ဆိတ်ကလေးသည် သူသယ်လာသော ထမင်းစေ့ကို ပစ်ချလိုက်တာ တွေ့ရပါသည်။ ဘာကြောင့်မှန်းမသိ။ တစ်လျှောက်လုံးသယ်လာပြီးမှ ကျင်းထဲထိ မဆင်းတော့ဘဲ အုတ်ခုံအောက်ခြေဆုံး? ထမင်းစေ့ကိုချကာ လာလမ်းအတိုင်း မော့တော့ မော့တော့နှင့် ပြန်တက်သွားသည်။ သူ ချထားပစ်ခဲ့သည့် ထမင်းစေ့ကိုတော့ အခြားပုရွက်ဆိတ်တစ်ကောင်က လာသယ်ပြီး ကျင်းပေါက်ဝထဲ ချီဝင်သွားပါသည်။
“ သူ့ ထမင်းစေ့ကို တခြားကောင် ချီသွားပြီ ကိုရ ”
“ သူကတော့ အပေါ်ပြန်ရောက်သွားပြန်ပြီကွ ဟော ချီလာပြန်ပြီဟေ့ ထမင်းနောက်တစ်စေ့ ”
ဒီတစ်ကြိမ်လည်း စောစောကအတိုင်းပဲ ကျင်းအထိ ရောက်အောင်မသယ်ဘဲ အုတ်နံရံဆုံးသည်နှင့် ထမင်းစေ့ကိုချကာ သူ့တာဝန် သူ ကျေပွန်သွားသလိုဖြင့် နောက်သို့ လှည့်၍ပင်မကြည့်ဘဲ လာရာလမ်းအတိုင်း ပြန်တက်သွားသည်။ လူသာဆိုလျှင် ခရီးအစမှ ကိုယ်တပင်တပန်း သယ်ယူလာရသည့် ရိက္ခာကြီးကို အိမ်ရောက်ခါနီးမှ ပစ်ချပြီး နောက်တစ်ခေါက် ပြန်သွားသယ်ပါ့မလား။ ဥပမာ ကျွန်မသာဆိုလျှင်ကော စိတ်ချလုံခြုံလောက်သည့်နေရာ၌ သွားသိမ်းပြီးမှ နောက်တစ်ခါ ပြန်ထွက်မှာပေါ့။ ဒါမှမဟုတ် သူတို့ ပုရွက်ဆိတ်လောကကပဲ ကျွန်မတို့လောကလောက် မကောက်ကွေ့ဘဲ ဖြောင့်တန်း၍ပေလား။ ဒီတော့ ကျွန်မ တစ်ခုတွေးမိရပြန်ပါသည်။
“ သူတို့ ပုရွက်ဆိတ်တွေမှာ ခေါင်းဆောင်အကြီးအကဲတွေ မရှိဘူးလား မသိဘူးနော် ကို ”
“ မပြောတတ်ဘူး…… စာထဲမှာသင်ဖူးတာတော့ ပျားဘုရင်မပဲသိတယ်….. ပုရွက်ဆိတ်ဘုရင်မတော့ မကြားဖူးဘူး….ငြိမ်းက ဘာလုပ်မလို့လဲ ”
“ သြော် တစ်လျှောက်လုံး ကိုယ်ပင်ပင်ပန်းပန်း ချီလာရတဲ့ ရိက္ခာကို ကျင်းနားရောက်ခါနီးမှ ပစ်ချထားပေးခဲ့တော့ သူတို့ကြိုးစားတာတွေကို သူတိုကအကြီးအကဲတွေက ဘယ်မြင်တော့မှာလဲလို့ တွေးမိလို့ပါ ”
“ ဒါကတော့ကွာ လောကကြီးမှာ တာဝန်ကိုယ်စီယူနေတဲ့ လူတိုင်းဟာ နာမည်ကောင်းရချင်လို့….. ချီးမြှောက်စားခံချင်လို့…… ထင်ပေါ်ကျော်ကြားချင်လို့ လုပ်ကြသူချည်းမှ မဟုတ်တာ ကိုယ့်နိုင်ငံ…..ကိုယ့်လူမျိုး…..ကိုယ်နေထိုင်တဲ့ ကမ္ဘာမြေကြီးအတွက်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဘယ်သူသိသိမသိသိ ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု ကိုယ့်နေရာနဲ့ကိုယ် နိုင်သလောက် တာဝန်ယူသွားကြသူတွေလည်း ရှိတာပဲ…..ဥပမာ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်တွေပေါ့….. ပုရွက်ဆိတ်လောကမှာလည်း ဒီလိုကောင်လေးတွေ ရှိရင်ရှိမှာပေါ့….ဟော ပြောရင်းဆိုရင်းနဲ့ပဲ ငါ့ကောင်ကတော့ ချီလာပြန်ပြီ…..နောက်ထမင်းတစ်စေ့ အတော်သွက်တဲ့ကောင်…..မျက်ခြေမပြတ်အောင် မနည်း လိုက်ကြည့်ထားရတယ် ”
သို့ပေမယ့် ကျွန်မကတော့ သူမဟုတ်သည့် တခြားပုရွက်ဆိတ်လေးတစ်ကောင်အပေါ် အာရုံကျနေခဲ့ပြီဖြစ်သည်။ စောစောက ပုရွက်ဆိတ်လေးလိုကောင်တွေ ချီလာပြီး ပစ်ချပေးခဲ့သမျှ ထမင်းစေ့တွေကို အောက်မှစောင့်ပြီး ကျင်းရှိရာ ဒိုင်ခံသယ်နေသည့် အကောင်လေ။ အင်း တော်တော်ပင်ပန်းရှာမည့် အကောင်ပါလား။ ဘောလ်ပင်တစ်ချောင်းစာမျှ အကွာအဝေးသာသာ အုတ်ခုံအောက်ခြေနှင့် ပုရွက်ဆိတ်ကျင်းအကြား စုန်ချည်ဆန်ချည် လူးလာခေါက်တုံ့ ကူးသန်းနေရရှာတာ။ ဘာကြောင့်ရယ်မသိပါ။ အချိန်များပိုနေပေမယ့် သူသည် အုတ်ခုံပေါ် ခြေတစ်လှမ်းမျှပင် မတင်။ သူများချီပြီး လာအချကိုသာ စောင့်နေလေသည်။ ကျင်းဝအရောက်ပို့ပြီး ပြန်လှည့်လာလျှင် အုတ်ခုံအစပ်နား၌သာ ဟိုလိုလိုဒီလိုလို ယောင်ပေပေနှင့် ရပ်နေတော့သည်။ အုတ်ခုံပေါ်အထိ တက်သယ်ရမှာ ပင်ပန်းသည်ထင်၍ပဲလား။ ဒါမှမဟုတ် သူ့အသိ၌ သူများသယ်လာသမျှ ထမင်းစေ့ကို ထိုနေရာမှ စောင့်ယူရန် တာဝန်မျှသာရှိသည်ဟုပဲ တွက်သလားတော့ မသိချေ။ အံမယ် သူတို့အုပ်စုထဲမှာ သူ့လိုကောင်စားမျိုးတွေကလည်း မနည်းလှချေ။ သူတို့ကိုကြည့်ပြီး ကို့အစ်ကိုလတ်၏ဇနီး မကျော့ကိုပင် လှမ်းသတိရမိသေးတော့သည်။ ယောက္ခမအိမ်မှာ အားလုံးစုစည်းနေထိုင်ရစဉ်က ကျွန်မအပါအ၀င် ကျန်ချွေးမတွေပါ မကျော့၏ဒဏ် တော်တော်ခံခဲ့ရသည်။ ကျန်ချွေးမတွေက ကိုယ့်အသိစိတ်ဓာတ်နှင့်ကိုယ် ချက်ပြုတ်လျှော်ဖွပ်နေချိန်တွေမှာ သူဘယ်တော့မှ မပါပေမယ့် တကယ့်နေရာ ရောက်ပြီဆိုလျှင်တော့ ၀င်နှမ်းဖြူးပါပြီ။ “ စားနော် မေမေ….. ဒါလေးက ဘယ်လိုချက်ထားတာ…. မေမေ့ရောဂါနဲ့ မတည့်မှာစိုးလို့ ” ဘာညာနှင့် ယောက္ခမကြီးရှေ့ ဝေေ၀ဆာဆာ။ တကယ်တမ်း ယောက္ခမကြီး သေကောင်ပေါင်းလဲဖြစ်ပြီး အိပ်ရာထဲ ဘုန်းဘုန်းလဲတော့ မကျော့က ဘေးမှ တစ်ဖ၀ါးမခွာ။ ဘာမှလုပ်ပေးတာတော့မဟုတ်ပါ။ သူ့ထုံးစံအတိုင်း အပြောနှင့် အချိုသတ်ပြီး အောက်ခြေသိမ်း အလုပ်မှန်သမျှကိုတော့ ကျွန်မနှင့် ကျန်ချွေးမတွေက ၀ိုင်းဝန်းလုပ်။ ချစ်စရာရှိတော့ ယောက္ခမကြီးက သူ့ချွေးမတွေထဲမှာ မကျော့က အလိုက်အသိဆုံး၊ သူ့အပေါ် ဂရုအစိုက်ဆုံးမို့ အချစ်ဆုံးဟု ဆိုသည်။ တစ်ခါတစ်ရံလည်း လောကကြီးမှာ ဒါမျိုးတွေ ရှိတတ်လေသည်။ လူသားတွေလို ငွေ၊ ဂုဏ်ပကာသနတွေ မရှိသည့် တိရစ္ဆာန်တို့လောကတွင်တော့ ဒီလိုအဖြစ်မျိုးတွေ မရှိဟု ထင်ပါသည်။ မကျော့နှင့်တူသော ပုရွက်ဆိတ်လေးများသည် အချို့ပုရွက်ဆိတ်များနည်းတူ ကိုယ့်မျိုးနွယ်အတွက် အပင်ပန်းမခံတာသည် ( ကျွန်မတို့မသိနိုင်သော သူတို့မျိုးနွယ်စုအတွင်း တာဝန်ဝေခြမ်းထားတာမှ မဟုတ်လျှင် ) သူတို့ပင် ပင်ကိုယ်သဘာဝအသိ အကန့် အသတ်ကြောင့်ပင် ဖြစ်တန်ကောင်းပါရဲ့။
“ ဒီကောင်က ပိုရယ်ရတယ်ကွ…..ငြိမ်း….ဒီမှာ….ဒီမှာ ”
အံမယ်…..ဒင်းကလေးကလည်း တစ်မျိုးပါလားကွယ်။ ဒီမျှအထိ အားလုံးက အရေးတကြီးနှင့် စားနပ်ရိက္ခာ သယ်ယူစုဆောင်းနေကြချိန်မှာ သူကဖြင့် ဟိုလိုလိုဒီလိုလိုဖြင့် လမ်းသလားနေလေသည်။ အပေါ်တက်လားဆိုတော့ ဟုတ်တိပက်တိ မတက်။ အောက်လည်းမဆင်း။ ဟိုမရောက် ဒီမရောက်နှင့် လတ်လျားလတ်လျား အချိန်ကုန်နေတော့သည်မှာ တစ်စုံတစ်ယောက်ကို ကျွန်မမျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်လာမိရသည်အထိပင်။
“ တကယ့် ဖိုးသော်လိုကောင်စားကွာ ဟားဟား…..လူတွေထဲတင် ဒါမျိုးကောင်တွေရှိတယ် အောက်မေ့နေတာ ”
ကျွန်မလိုပင် ထပ်တူထပ်မျှ အတွေးပေါက်လိုက်မိပုံရသော ‘ ကို ’ က တဟားဟား ထရယ်သောအခါ ကျွန်မလည်း မနေနိုင်ဘဲ လိုက်ရယ်မိတော့သည်။ ဖိုးသော်ဆိုတာ ကျွန်မမောင်တစ်ဝမ်းကွဲလေ။ ကျောင်းပညာလည်း တစ်ဝက်တစ်ပျက်၊ အသက်မွေးဝမ်းကျောင်းပညာလည်း ဆုံးခန်းမတိုင်။ စိတ်တွေကများ။ သူများတွေ ဟိုသွားရင် ဟိုကိုလိုက်။ သူများလို ဇွဲမရှိဘဲ ပြန်လာ။ သူများတွေ ဒီသွားရင် ဒီကိုလိုက်။ ကြာကြာမလုပ်နိုင်ဘဲ ပြန်ပြေးလာ။ တစ်လောကလုံးမှာ တစ်ယောက်တည်းသော သူ့ဘက်တော်သားဖြစ်သည့် မအေကတော့ “ ရောက်ဖူးတာ အမြတ်ပေါ့အေ ” ဟု သားဘက်မှ ဖေးဖေးမမ ပြောရှာလေသည်။ ကျွန်မကတော့ တစ်နှစ်နေ၍လည်း ဒုံရင်း၊ နှစ်နှစ်နေ၍လည်း ပြောင်းလဲမလာ၊ သုံးနှစ်နေ၍လည်း ထူးမခြားနားပုံစံနှင့် ဖိုးသော်ကိုကြည့်ပြီး မချင့်မရဲ။ အချိန်တွေကို နှမြောလှတာလေ။ အရွယ်ကောင်း အခါကောင်းကို အလဟဿ ဖြုန်းတီးပစ်နေတာ။ ဘာပဲပြောပြော လူရယ်ဟု ဖြစ်လာပြီးနောက်မှာတော့ ကိုယ်ဖြစ်တည်လာရာဘ၀မှာ အဓိပ္ပါယ်တစ်ခုခုတော့ဖြင့် ရှိနေဖို့ကောင်းပါသည်။ အကျိုးရှိမည့် အဓိပ္ပါယ်တစ်ခုခုပေါ့။ အများအတွက် ဒါမှမဟုတ် မိသားစုအတွက်၊ ဒါမှမဟုတ် ကိုယ့်အတွက်၊ နို့မဟုတ်လျှင်တော့ လူ့လောကထဲ လူအဖြစ်ရောက်ရှိလာတာ မြေကြီးလေးရုံပဲရှိမည်။ လူတွေထဲ၌သာ အမျိုးမျိုးအဖုံဖုံ ရှိနေသည်ထင်တာ၊ ပုရွက်ဆိတ်လောကမှာလည်း မျိုးစုံတွေ့နေရသည်မို့ ကျွန်မမှာ ကြည့်ရင်းနှင့် တစိမ့်စိမ့် ပြုံးချင်လာမိတော့သည်။ ကြည့်စမ်းပါဦးကွယ်….အကောင်ကြီးပေမယ့် ခပ်သေးသေး ထမင်းစေ့ကို ရွေးသယ်နေသော ပုရွက်ဆိတ်၊ သူများထက်ထူးပြီး ထမင်း နှစ်စေ့ သုံးစေ့ သယ်သဖြင့် ခွန်အားနှင့် မမျှတော့ကာ မနိုင်မနင်းနှင့် ခရီးမတွင်လှသော ပုရွက်ဆိတ်များ၊ ထမင်းတစ်စေ့လောက်ကို သုံးလေးကောင် ၀ိုင်းသယ်နေကြသော ပုရွက်ဆိတ်များ၊ ယူတတ်မည်ဆိုလျှင် ချင့်ချိန်တွေးဆစရာ လောကနီတိတွေဟာ ကျွန်မတို့ လက်တစ်ကမ်းမှာတင် ရှိနေပါလားဟု တွေးမိသည်။ ကြည့်ကောင်းကောင်းနှင့် ကြည့်နေရင်းမှ ကိုတစ်ယောက် နာရီငုံ့ကြည့်ကာ သုတ်ခနဲ ထရပ်သည်။
“ ဟိုက် သောက်ကျိုးနဲ……. ကိုတော့ ဒီမှာထိုင်နေတာနဲ့ ရုံးနောက်ကျတော့မယ်ဟေ့ ”
ထိုအခါမှ ကျွန်မလည်း သတိရသည်။ ဟုတ်သားပဲ။ ကိုတစ်ယောက် ပြောပြောဆိုဆိုနှင့် အိမ်ထဲ ခပ်သုတ်သုတ် ၀င်သွားတော့ ကျွန်မလည်း ပြုမြဲဝတ္တရားအတိုင်း လိုအပ်တာတွေ စီစဉ်ပေးဖို့ရာ နောက်မှ လိုက်ဝင်သွားရသည်။ ခါတိုင်း အ၀တ်တစ်ခါလဲလျှင် မိနစ်နှစ်ဆယ်မျှ ကြာတတ်သည့် ကိုက ငါးမိနစ်ပင် မကြာခင် ၀တ်စုံပြည့်နှင့် အခန်းပေါက်ဝ ပြန်ထွက်လာတော့ ကျွန်မက ပြုံးစိစိနှင့် သူ့လက်ဆွဲအိတ်နှင့် ထမင်းဘူးကို ကမ်းပေးလိုက်သည်။
“ ဘာပြုံးတာလဲ ခင်ဗျားက ”
“ သြော် စောစောတုန်းက ပုရွက်ဆိတ်တွေ အစာသယ်နေကြတာကို ထိုင်ကြည့်ပြီး ကိုနဲ့ ငြိမ်းက ကဲ့ရဲ့လိုက် ဟားလိုက်လုပ်နေတာကို သူတို့ဖြင့် ဂရုတောင်မစိုက်ဘူး မဟုတ်လား ”
“ အင်း ”
“ ငြိမ်းတို့ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်တောင်မထင်ဘဲ သူတို့အစာ သူတို့သယ်ပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို မှန်မှန်လုပ်သွားကြတော့ ခုဆိုရင် ကြောင်ပန်းကန်ထဲက တစ်ချို့တစ်ဝက် သူတို့ကျင်းထဲ ရောက်သွားပြီ…..ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ သူတို့ကို ဘေးကထိုင်ကြည့်ပြီး ဝေဖန်လေကန်ရေးလုပ်နေတဲ့ ကိုက…. ”
“ သိပြီ…… သိပြီ ဒေါ်သဇင်ငြိမ်း…….အင်း သူများကို ကဲ့ရဲ့မိတဲ့ဝဋ်က ချက်ချင်းကြီးကို လိုက်တာပါပဲလား….. သူများကိုချည်းပဲ ပြောမနေနဲ့….. ပုရွက်ဆိတ်တွေ အစာသယ်ပွဲ သွားအားပေးနေတာနဲ့ ခင်ဗျား မဆေးဘဲပစ်ထားတဲ့ စားပြီးသားပန်းကန်တွေ ကြောင်လျက်ကုန်မှ ပန်းကန်ဆေးစရာမလိုဘဲ နေဦးမယ်နော် ”
“ ဟင်ဟုတ်သားပဲ ”
အူယားဖားယားနှင့် အိမ်နောက်ဖေးရေကပြင်ဘက် ကျွန်မရောက်သွားတော့ ကြောင်တွေ မရှိတော့ပါ။ ပန်းကန်တွေကတော့ ခြေရာလက်ရာမပျက်……။ “ တော်ပါသေးရဲ့ ” ဟု သက်ပြင်းရှိုက်မည်ပြုပြီးမှ အတွေးက စောစောက ကို့စကားထံ ပြန်ရောက်သွားသည်။ သူများကိုချည်း ပြောမနေနှင့်တဲ့။ ဟုတ်ပါရဲ့။ သူများတွေကိုသာ လိုက်ပြီး ဝေဖန်သုံးသပ်ကြည့်နေမိသည်။ ခံယူချက်မျိုးစုံဖြင့် ကျရာနေရာ ပီပီပြင်ပြင် သရုပ်ဖော် တင်ဆက်နေကြရသည့် ဒီလောကဇာတ်ခုံကြီးပေါ်မှာ ကျွန်မကိုယ်တိုင်ကကော ဘယ်လိုအခန်းကဏ္ဍမှာ ဘယ်လို လူစားမျိုးအဖြစ် ပါဝင်ကပြနေမိပါလိမ့်။
ငွေဇင်ယော်ဦး(မိုးကုတ်)
အလင်္ကာဝတ်ရည် မဂ္ဂဇင်း၊ မေလ ၊ ၂၀၁၀
No comments:
Post a Comment