Mar 24, 2017

အာဒံ၊ ဧဝနှင့် ၂၀၁၇ ဘာလတိုင်းဒေး

အာဒံ၊ ဧဝနှင့် ၂၀၁၇ ဘာလတိုင်းဒေး
.
အာဒံ စိတ်ညစ်သည်။ ခုတလော ဧဝ မူမမှန်။ သူနားမလည်နိုင်သော ထူးထူးဆန်းဆန်း စကားတွေ လာ, လာပြောသည်။ သူ့ကိုလည်း “ကွီးဒံ” ခေါ်လိုခေါ်၊ သူ့ကိုယ်သူလည်း “စမီး” ဖြစ်လိုက်၊ “ကျယ်မ” ဖြစ်လိုက်၊ “သာမီး” ဖြစ်လိုက်၊ “ညယေး” ဖြစ်လိုက်နှင့် နာမ်စားပေါင်းစုံ သုံးချင်တိုင်း သုံးနေသည်။ လွန်ခဲ့တဲ့ သုံးလေးရက်ကတည်းက ဒင်းအချိုးပြောင်းနေတာ။ ဘယ်က စသလဲဆိုတော့ ပန်းသီးကြီး ကောက်ရလာခြင်းက စသည်။ ပန်းသီးမှ ရိုးရိုးပန်းသီး မဟုတ်၊ ပန်းသီး အပြားကြီး။ ဘယ်ကလာ.. ကမ္ဘာဦးပုံပြင်ထဲက ပန်းသီး ဖြစ်ရမတုန်း။ တခြမ်းပဲ့နေသော ပန်းသီး တံဆိပ်ပါသည့် လက်ကိုင်ဖုန်းကြီး ဖြစ်သည်။
.
အဲဒါကြီး ရလာပြီးကတည်းက အရင်လိုလည်း အာဒံ၏ အနားကို မကပ်တော့။ အဲဒီ အပြား တစ်ပြားကို ဘယ်ပြန်ညာပြန် ပွတ်ရင်းဖြင့်သာ အလုပ်ရှုပ်နေသည်။ တစ်ခါတလေ အဲဒါကြီးကို တစိမ့်စိမ့်ကြည့်ပြီး ပြုံးလိုက်၊ တဟီးဟီး ထရယ်လိုက်။ တစ်ခါတစ်ခါ ကျပြန်တော့ အဲဒါကြီးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၊ ဒေါသတွေထွက်လိုက် ဖြစ်နေပြန်သည်။ သိချင်လို့ သူ့မေးကြည့် တော့လည်း ကောင်းကောင်း ပြောပြတာမဟုတ်။ “ရှင် ဘယ်ခေတ်မှာ နေ, နေတာလဲ” ဟူသော အကြည့်မျိုးဖြင့် သူ့ကို ခပ်ချေချေ ကြည့်သေးတာ။ ပြီးမှ မပြောချင် ပြောချင်နှင့် ပြောပြတာ။ အဲဒီ အပြားကြီးကို အိုင်ဖုတ်ဟု ခေါ်သတဲ့။ အဲဒီအပြားကြီး ကြည့်ပြီး ပွတ်ချင်တိုင်း ပွတ်တာကို အိမ်သာနတ်ဖွင့်ပြီး ဖေ့ပွတ်ဆော့တာဟု ခေါ်သတဲ့။ အိမ်သာစောင့်တဲ့ နတ်နဲ့ အဲဒါကြီးနဲ့ ဘယ်လို ဆက်စပ်တယ် ဆိုတာလည်း သူစဉ်းစားမရ။ ဖေ့ပွတ် ဆိုတာလည်း ဘာကောင်မှန်း သူမသိ။
.
ဧဒင်ဥယျာဉ်ထဲ သွားထိုင်တော့လည်း အရင်လို သူ့အား တွတ်တီးတွတ်တာ မလုပ်တော့။ ဥယျာဉ်ထဲ တစ်နေရာ ထိုင်ချလိုက်ပြီး သူ့မျက်နှာရှေ့ အဲဒါကြီးပြတာ ကလစ် ကလစ်လုပ်ပြီး စာတွေ ရေးသည်။ ဘာလုပ်တာလဲ မေးတော့ ဧဒင်ဥယျာဉ်ရောက် အမှတ်တရ စဖီဆွဲပြီး ချက်ကင် လုပ်တာ တဲ့။ သူ့ကြည့်တော့လည်း ဘာကိုမှ ချက်တာ ကင်တာ မတွေ့။ ချက်ချင်၊ ကင်ချင်တာကို အိမ်က မီးဖိုထဲ မလုပ်ဘဲ ဘာလို့ ဒီလာလုပ်ချင်ရသလဲ ဆိုတာလည်း သူနားမလည်။ သူ ဘာမှမသိဘူးဆိုပြီး သူ့ကို ဗြောင်လိမ်နေတာ ထင်သည်။ ရှိရှိသမျှ တန်ခိုးရှင်တွေကို တိုင်တည်တော့လည်း ဘယ်တန်ခိုးရှင်မှ ဧဝကို လာမပြောရဲ။ ဘာလို့လဲဆိုတော့ သူတို့ကိုပါ တွေ့သည်နှင့် ဆွဲလွဲပြီး စဖီဆွဲမှာ စိုးလို့တဲ့။ ကဲ.. လမ်းကဆုံးပြီ။
.
ပြောမရမည့် အတူတူ ဘာမှမပြောဘဲ လွှတ်ထားလိုက်တော့လည်း ကိုယ့်ဟာကိုယ် မနေပြန်။ သူ့ကို ပြဿနာရှာသည်။ မနေ့ကပဲကြည့်၊ သူ့ကို ဘာနေ့သားလဲဟု ဧဝ မေးသည်။ မသိလို့ မသိဘူး ဖြေတော့ သူ့နာမည်က အာဒံမို့ တနင်္ဂနွေသားတဲ့။ ပြီးလည်းပြီးရော တနင်္ဂနွေသားကို ဘာကြောင့် ရည်းစားမတော်သင့်ကြောင်း၊ တနင်္ဂနွေသားတွေ မျက်နှာများကြောင်း၊ သစ္စာမရှိကြောင်း အထောက် အထား ပေါင်းစုံနှင့် သူ့ကို ရန်တွေ့တော့တာပဲ။ မျက်နှာများရအောင်လည်း မိန်းမဆိုလို့ ဧဝကလွဲပြီး ဘယ်သူမှ ရှိတာမဟုတ်။ ဘယ်သူရေးထားတာလဲမေးတော့ သူလည်းမသိဘူးတဲ့။ အဲဒီ အပြားကြီး ထဲက ဖေ့ပွတ်မှာ ရေးထားတာတွေ တွေ့လို့ ပြောတာတဲ့။ သူ့ဟာသူ ရန်စပြီး သူ့ဟာသူ စိတ်ကောက် သွားသည်။ ဒီဖေ့ပွတ်ကိုတော့ သူတော်တော် မျက်စိနောက်နေပြီ။
.
နောက်တစ်ခေါက်ကျ ပိုဆိုးသည်။ ဘာမှမဝတ်ဘဲ နဂိုရှိသည့် နဂိုင်းထွက် ဓာတ်ပုံတွေ ရိုက်ချင် တယ်ဟု ပြောလာ၏။ ဘာထူးလို့လဲ၊ အခုလည်း ဘာမှသိပ်ဝတ်ထားတာမှ မဟုတ်တာ။ သစ်ရွက် ဖုံးပြီး လံကွတ်တီနဲ့ နေတာပဲဟာကို။ ဘာလို့ရိုက်ချင်သလဲ မေးတော့ အဲသလိုရိုက်ပြီး ဖေ့ပွတ်တင်လျှင် စလီဖြစ်မည်ဟု ပြောသဖြင့် သူဆလံသသွားသည်။ စဖီတွေရော စလီတွေရော ရှုပ်နေတာပဲ။ စလီ ဖြစ်တဲ့အထိ ကိစ္စမရှိ။ ထပ်ပြောတော့မှ ပိုဆိုးသွားတာ။ စလီဖြစ်ရင် သူ့ကို လိုက်လုပ်ချင်သူတွေ၊ ရှယ် လုပ်ချင်သူတွေ များလာမည်ဟု ပြောသည်။ ဘယ့်နှာကြီးပါလိမ့်၊ ဒါတော့ မဖြစ်ဘူးဟု အထိတ်တလန့် တွေးကာ ဓာတ်ပုံမရိုက်ဖြစ်အောင် မနည်းချော့မော့ပြောယူရသေးသည်။
.
နောက်တစ်ရက်ကျတော့ နောက်တစ်ခု။ အိမ်ဂရန်ရှိတဲ့ ကျယ်မရဲ့ ညယ်မဆီ သွားချင်တယ် တဲ့။ အဲဒီ အိမ်ဂရန်ကြီး ဘာလုပ်ဖို့ တုန်းဆိုတော့ အိမ်ဂရန်ကို ပြောနေတာ မဟုတ်ဘူးတဲ့။ အိမ်ဂလန် ဆိုတဲ့ နေရာကို ပြောတာတဲ့။ အိမ်ဂလန် ဘယ်နားမှာရှိမှန်း သူလည်းသေချာ သိတာမဟုတ်။ ဖေ့ပွတ် ထဲမှာ နာမည်ကြီးနေတဲ့ ကြော်ငြာတွေ့လို့ ပြောကြည့်တာတဲ့။ တော်တော်ခက်တဲ့ မိန်းမ။ အခုလည်း အနားကပ်ပြီး ပွစိပွစိ လာပြောနေပြန်ပြီ။ ဒီနေ့ ဘာလတိုင်းဒေးတဲ့။ ဒါတော့ သူသိသည်။ သမီး ရည်းစားတွေ ရွစိထိုးကြတဲ့နေ့။ သူနှင့် ဧဝလည်း ချစ်သူ တွေဆိုတော့ ဟေဟေ့၊ ပွပြီ။ ဧဝလေး ဒီနေ့ သူ့နားကပ်တော့မည် ထင်သည်။ သို့သော် အထင်နှင့် အမြင်တက်တက်စင်ပြန်၏။ ဘာလတိုင်း အမှတ်တရအဖြစ် အွန်လိုင်းရှောပင်းကနေ ကာပယ်ရှပ် ဝယ်ပေးပြီး ဆပလပ်လုပ်ရမတဲ့။ မရှင်းလို့ ထပ်မေးတော့မှ အိမ်သာနတ်မှာ ဈေးရောင်းသည့် ဆိုင်တစ်ခုကနေ နှစ်ယောက်စာ ဝတ်စုံဆင်တူ လှမ်းဝယ်ပေးပြီး သူ့ကို အံ့သြအောင် လုပ်ရမည်ဟု ပြောတာတဲ့။
.
“အခုလည်း ဆင်တူပဲလေ၊ နှစ်ယောက်လုံး လံကွတ်တီ ဝတ်ထားတာပဲ၊ ဒီထက် ဆင်တူတာ ဘာရှိသေးလို့လဲ”ဟု အူကြောင်ကြောင်နှင့် ပြောလိုက်မိသောအခါ “ဒါဆိုရင် ကျယ်မကတော့ နိုးပဲ၊ ကျယ်မဆီက ဘာဗို့မှ ရမယ်မထင်နဲ့၊ မင်းကံကောင်းပါစေ.. ဟင်းဟင်း” ဟု ရွဲ့တဲ့တဲ့ ပြန်ပြောပြီး နှုတ်ခမ်းကြီးစူကာ သူ့ပန်းသီးပြားကို ထိုင်ပွတ်နေတော့သည်။ ဧဝ သူ့ကို ဘာတွေပြောသွားမှန်း နားမလည်သော်လည်း စိတ်ကောက်သွားတယ် ဆိုတာတော့ အတွေ့ အကြုံများနေပြီ ဖြစ်သဖြင့် သူသိသည်။ ဒါတော့မဖြစ်၊ ဒီလိုနေ့မျိုးမှာ ဧဝ သူ့ကို စိတ်ကောက်ပြီး အနားကပ်မခံတော့လျှင် ကြေကွဲ စရာတွေ ဖြစ်ကုန်မည်။ ဧဝကို ချော့ဖို့ တစ်ခုခု လုပ်ရမည်ဟု တွေးပြီး အပြင်ထွက်လာခဲ့၏။
.
တောထဲကနေ ဧဝကြိုက်တတ်သည့် သစ်သီးသစ်ဖုလေးတွေ၊ ပန်းပွင့်လေးတွေ ရှာဖွေပြီး သူ ပြန်လာခဲ့သည်။ ဧဝ စိတ်ပြေနေပြီထင်၏။ ပန်းသီးပြားကြီးကို ကြည့်ပြီး ပြုံးလို့ ပျော်လို့။ ဒါ အခွင့် ကောင်းပဲ။ သူကြိုက်တတ်တာလေးတွေနှင့် သူ့ကို ဆပလပ်လုပ်မည်။ ဒါဆို ဧဝ ပျော်သွားပြီး သူ့ကို စိတ်ပြေသွားမည်။ အဲဒီတော့မှ.. အဟိ။ သူ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဧဝ မသိအောင် ဧဝ၏ နောက်ကျောဖက်မှ ကွေ့ပတ်ပြီး ဧဝအနား သူတိုးတိုးလေး ကပ်လာခဲ့သည်။ အနားရောက်တော့မှ “ဟဲဗီး ဘယ်လတိုင်းဒေး” ဟု အကျယ်ကြီးအော်ကာ ပန်းပွင့်လေးပေးပြီး ဧဝ ပျော်သွားအောင် လုပ် မည်။ ဧဝကတော့ သူအနားကပ်လာတာကိုမသိ။ ပန်းသီးပြားပေါ်တွင် ဘယ်ညာ လက်မလေး နှစ်ဖက်နှင့် တဒေါက်ဒေါက်မြည်အောင်နှိပ်ပြီး စာလုံးတွေရေးနေသည်။
.
ဘာလုပ်နေပါလိမ့်ဟု သိချင်သဖြင့် ခိုးကြည့်တော့ တခြားတစ်ယောက်နှင့် စာတွေရေးပြီး အပြန်အလှန် စကားပြောနေတာ။ ဟိုဖက်က ရေးသည့်စာက “အိုင်လည်း ယူ့လိုပါပဲ ခေးရယ်” တဲ့။ ဗိုင်းတာမလေးက တခိခိ တခစ်ခစ်နဲ့ စာကိုဖတ်ပြီး ရယ်နေသည်။ ဒါဖြင့် သူ့ကို စိတ်ပြေသွားလို့ ရယ် နေတာ မဟုတ်ဘူးပေါ့။ သူ ဒေါသထွက်သွားပြီး အနီးကပ် ထပ်ကြည့်တော့ ဓာတ်ပုံက အကောင် တစ်ကောင်ပုံ။ ဧဝ သူ့ကို ပြော, ပြောနေသည့် ဖေ့ပွတ်ထဲမှ သူငယ်ချင်း “ဦးအောင်ဘု မယားပါသား အလတ်ကောင် သင်္ဃန်းကျွန်းက တင်သန်းထွန်း” ဆိုတာ ဒီအကောင်ပဲ ဖြစ်ရမည်။ သေချာအောင် နာမည်ကို ဖတ်ကြည့်လိုက်၏။ ပြီးတော့ အာဒံ စကားတစ်ခွန်းမှ မပြောနိုင်ဘဲ အရုပ်ကြိုးပြတ် သတိလစ် လဲကျ သွားလေတော့သည်။ ဒီအကောင့်ကို ဧဝ ပေးထားသည့် နာမည်က.. ..
.
“My Crush” တဲ့။
.
သူရဿဝါ
၁၂ - ဖေဖော်ဝါရီ - ၂၀၁၇
NetGuide Journal, Volume (4), Issue (74)
(သရုပ်ဖော်ပုံကို ရေးဆွဲပေးထားတာ ကာတွန်း မျိုးမင်းမြတ် ဖြစ်ပါတယ်)
#trtw_satire

No comments:

Post a Comment