Mar 12, 2017

အချစ်ရဲ့အလှ အချစ်ရဲ့အရသာ

" အချစ်ရဲ့အလှ အချစ်ရဲ့အရသာ "
=========================
သူ အိပ်ပျော်သွားပြီ။ သို့မဟုတ်လည်း သူ အိပ်ပျော်လုဆဲဆဲ ဖြစ်နေပြီ။ ကျွန်မ ပန်းချီဆွဲချင်သည်။ ကျွန်မအတွက် ကိုယ်ဟန်ပြပေးဖို့ ဘယ်တုန်းကမှ သဘာမတူခဲ့သော ယောင်္ကျားသည် ယခုအခါ ပန်းချီဆွဲခံရန် အကောင်းဆုံးကိုယ်ဟန်အနေအထားဖြင့် အဆင်သင့်ရှိနေပြီ။
အနီးမှာလည်း ထောက်စင်မှာ ချိတ်ထားသော အဖြူရောင်ကင်းဘတ်စ်က အဆင်သင့်ရှိနေသည်။ ကျွန်မ လိုအပ်သမျှမှာ အိပ်ရာပေါ်မှ ထထွက်လာပြီး ကင်းဘတ်စ်ရှေ့မှာ ထိုင်လိုက်ရုံပဲဖြစ်သည်။ သို့သော် ကျွန်မသည် စိတ်ထဲကသာ ရွေ့လျားလျက် တကယ့်ကိုယ်ခန္ဓာက သည်အတိုင်း လဲလျောင်းနေမိသည်။
ပန်းချီစုတ်တံကို ကိုင်ရမည့် ကျွန်မ၏ညာလက်သည် သူ့ပခုံးစွန်းပေါ်မှာ ပက်လက်တင်လျက်ရှိသည်။ လက်ချောင်းကလေးတွေ၏ အပြင်ပိုင်းသည် သူ့ပခုံးစွန်းကို ထိကပ်လျက်ရှိသည်။ သူ့ပခုံးစွန်းသည် အံ့သြစရာ ကောင်းလောက်အောင် ချောမွေ့နေ၏။ နောက်ပြီး ချွေးစို့ပြီး အေးစက်စွာနူးညံ့နေသည်။ ထိုနူးညံ့အေးစက်သည့် အတွေ့ကလေးထံမှ ကျွန်မ မခွာချင်ပါ။ အနည်းဆုံး ကျွန်မ၏ လှုပ်ရှားမှုကြောင့်တော့ သူနိုးမသွားစေချင်ပါ။
ခဏကြာလျှင် သူ ဟိုဘက်သို့ စောင်းပစ်တော့မည်။ အဲသည်အခါကျမှပဲ ကျွန်မလက်နှင့် သူ့ပခုံးစွန်း ဝေးကွာချင် ဝေးကွာပါ စေတော့။ သူ့ညာဘက်လက်က သူ့ရင်ဘက်ပေါ်မှာ တင်နေသည်။ ခေါင်းက ခေါင်းအုံးပေါ်မှာ မရှိဘဲ မွေ့ရာနှင့် ခေါင်းအုံး၏ အစပ်မှာ ရှိသည်။ ထို့ကြောင့် ခေါင်းငဲ့စောင်းလျက်ရှိသည်။ ထိုအခါ ကိုယ်ခန္ဓာသည် ပန်းပုရုပ် တစ်ခုလိုပင် ပြေပြစ်စွာ လိမ်နွဲ့လျက်ရှိသည်။ အဲသည်ကိုယ်ခန္ဓာသည် ပန်းချီဆရာတစ်ယောက်၏ ကင်းဘတ်စ် ရှေ့တွင် ငြိမ်သက်စွာ တည်ရှိနေသည်ဆိုတော့ ပန်းချီဆွဲရန် ဘယ်လောက် အဆင်ပြေလိုက်ပါသလဲ။
ထိုအတွးမျိုး ကျွန်မတွေးမိသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ ဒါကြောင့်လည်း အိပ်ရာမဝင်မီ ကင်းဘတ်စ်ကို အဆင်သင့်ရွှေ့ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအထိအကောင်အထည်မဖော်နိုင်ခဲ့ပါ။ သည်နေ့ညလည်း အကောင်အထည်ဖော်နိုင်မည် မထင်ပါ။ လူတစ်ယောက် အိပ်ပျော်နေစဉ် သူ့ခွင့်ပြုချက်မရဘဲ ပန်းချီဆွဲခြင်းသည် ထိုသူ၏ အခွင့်အရေးကို ချိုးဖျက်ခြင်းပင်ဖြစ်သည်။ သည်လိုပဲ ကျွန်မခံစားရသည်။ ထိုသူက ပန်းချီဆရာ၏ ခင်ပွန်းသည်ဖြစ်နေစေဦး တော့၊ ဤအချက်နှင့် အကျုံးဝင်သည်ဟု ကျွန်မထင်သည်။
ဘောင်ကြက်ထားသော ကင်းဘတ်စ်အလွတ်ကို အိပ်ရာဘေးမှာ ထားသည့်ပထမဆုံးညတုန်းက သူ ကျွန်မကို မယုံသင်္ကာဖြင့် မေး၏။
'အဲဒါကြီးက ဘာလုပ်ဖို့လဲ'
ကျွန်မ မလိမ်ညာဘဲ အမှန်အတိုင်း ဖြေခဲ့သည်။
'ရှင်အိပ်ပျော်သွားရင် ရှင့်ကို ပန်းချီဆွဲမလို့'
'ဟာ . . . ဒီမိန်းမ'
သူ တော်တော်ရှက်သွားခဲ့ပါသည်။
'ကျွန်မ ရှင့်ကိုပန်းချီဆွဲချင်နေတာ ကြာလှပြီ'
'မဆွဲရပါဘူး'
'ဆွဲမှာပဲ၊ ရှင့်ကို ကျွန်မပိုင်တယ်'
'မင်း ငါ့ကို အဲဒီနည်းမျိုးနဲ့ မပိုင်ပါဘူး'
'ပိုင်တယ်၊ လင်မယားဆိုတာ တစ်ယောက်ကို တစ်ယောက် ဘာမဆိုပိုင်တယ်'
'မင်း ငါ့ကိုတခြားကိစ္စသာ ပိုင်ချင်ပိုင်မယ်၊ ပန်းချီဆွဲခွင့်တော့ မပိုင်ဘူး'
'အေးလေ၊ ပိုင် မပိုင် ကြည့်သေးတာပေါ့'
အဲသည်နေ့က သူ့ခမျာ ချက်ချင်းအိပ်ပျော်တတ်သူဖြစ်ပါလျက် အိပ်မပျော်အောင် ဇွတ်အတင်း ထိန်းချုပ်ထားရသည်။ မှေးခနဲ အိပ်ပျော်သွားပြီး ဘယ်လောက်မှမကြာမီ လန့်နိုးလာခဲ့၏။ သူ့ဘေးမှာ လဲလျောင်းနေဆဲဖြစ်သော ကျွန်မအား အိပ်ချင်မူးတူးမြင်သွားသောအခါ စိတ်ကျေနပ်စွာ တစ်ချက်ပြုံးလိုက်ပြီး သူ့ခေါင်းကို ပြန်ပစ်ချကာ အိပ်ပျော်သွားသည်။
သူသည် ပန်းချီဆွဲခံရန် တော်တော်မနှစ်မြို့သူပါကလားဟု အဲသည်ညကမှ ကျွန်မ သိသွားခဲ့ရပါသည်။ ကျွန်မယောင်္ကျားသည် ရုပ်ရည်ချောမောသူမဟုတ်ပါ။ သူရုပ်ရည်က အနည်းငယ်ကြမ်းတမ်းသည်ဟုပင် ပြောနိုင်သည်။ မျက်လုံးက ကျွန်မငယ်စဉ်က စိတ်ကူးယဉ်ခဲ့သည့် ချစ်သူတစ်ယောက်၏ မျက်လုံးတွေလို မည်းနက်စူးရှခြင်းမရှိ။ ညိုသည်ဆိုရုံလေး ညိုသည့် ကြည်လဲ့လဲ့မျက်လုံးများ ဖြစ်သည်။ မျက်တောင်ကလည်း ခပ်ပါးပါး၊ နှာခေါင်းက နှာတံမြင့်ပြီး နှာအိုးကြီးသည်။ ပါးစပ်က ကျယ်ကျယ်၊ ပန်းနုရောင်နှုတ်ခမ်းတွေ ဘာတွေ စိတ်ကူးယဉ်ခဲ့ဖူးသော ကျွန်မသည် ဘာဖြစ်လို့ နှုတ်ခမ်းအရောင်နှင့် အသားအရောင် တစ်ညီတည်း ဖြစ်နေသော သူ့ကို ချစ်မိခဲ့ပါလိမ့်။ သူကတော့ ကျွန်မကို မယုံသင်္ကာဖြင့် မေးတတ်သည်။
'မင်းဟာ ငါ့ကို ချစ်လို့ယူခဲ့တာမှ ဟုတ်ရဲ့လား၊ ပန်းချီဆွဲခံမယ့် မော်ဒယ်လ် အဖြစ် အပိုင်ဝယ်လိုက် တာများလား'
နေရာတကာ သူ့အားပန်းချီဆွဲချင်နေသော ကျွန်မကို သူ မယုံသင်္ကာဖြစ်မည်ဆိုလည်း ဖြစ်စရာပါပဲ။ ကျွန်မသည် သူ မီးဖိုမှာ ချက်ပြုတ်လုပ်ကိုင်နေသည်ကိုလည်း ပန်းချီဆွဲဖို့ ကြိုးစားဖူး၏။ ဘယ်သူမှ မသိသော လျှို့ဝှက်ချက်တစ်ခုမှာ သူ ဟင်းချက် အလွန်ကောင်းသည်။ သူမီးဖိုချောင် ဝင်နေသည့်အခါ ကျွန်မ ခပ်လှမ်းလှမ်းမှ မကြာခဏ စောင့်ကြည့်ဖူးသည်။ အဲဒါ တကယ့် ပန်းချီကား တစ်ချပ်ပဲ ဖြစ်၏။
ကျွန်မအရပ်နှင့် တိုင်းပြီး ချုပ်ထားသော ခါးစည်းအဝတ်သည် သူနှင့် တော်တော်ကြီးကို တိုနေ၏။ ထိုခါးစည်းကို သူစည်းသည့်အခါ အနီကွက်အဆင်အသွေးသည် ထွားကျိုင်းသော ယောင်္ကျားကြီးနှင့် ကိုးရိုး ကားယားကြီး ဖြစ်နေတော့သည်။ ယောင်္ကျားတစ်ယောက်ကို မီးဖိုခါးစည်းအဝတ်ဖြင့် မြင်ယောင်မကြည့်ဖူး သောကျွန်မသည် သူ့အား ထိုပုံစံဖြင့် ပထမဆုံးအကြိမ်မြင်ဖူးသည့်အခါ ခွက်ထိုးခွက်လန် ရယ်မိပါသည်။
သို့သော် ခဏအကြာတွင် သူ မီးဖိုထဲမှာ လှုပ်ရှားဆောင်ရွက်နေသည့် မြင်ကွင်းကို ကျွန်မ ငေးမောကြည့်နေမိတော့သည်။ ကျွန်မ မီးဖိုချောင်က နံရံကပ် ဗီရိုအမြင့်များသည် ကျွန်မအတွက် ခုံနှင့်တက်၍ ဖွင့်ကိုင်ရ ပစ္စည်းယူရ ပေမယ့် သူ့အတွက်တော့ သူ့အရပ်နှင့် တိုင်းထားသလိုပဲ ကွက်တိဖြစ်နေသည်။ ဗီရိုတွေကို ဖွင့်လိုက် ပိတ်လိုက်၊ လက်ဆေးကန်ဆီသွားလိုက်၊ မီးဖိုဆီသွားလိုက်၊ အသီးအရွက်တွေကို လှီးချွတ်လိုက် ရေဆေးလိုက် နှင့် သူအလုပ်ရှုပ်နေပုံမှာ တော်တော်ခမ်းနား၏။
သူချက်ပေးသော ပထမဆုံးဟင်းကို စားပြီးသည့်အခါ သူမီးဖိုချောင်ဝင်လျှင် ကျွန်မတို့နှစ်ယောက် အတွက် ပိုအဆင်ပြေမည်ဟု ကျွန်မတို့ ဆုံးဖြတ်လိုက်ကြတော့သည်။ ယခုလိုအချိန်မျိုးမှာ ကျွန်မအိပ်မပျော်တတ်သည်မှာ ကျွန်မ၏ အားနည်းချက်ပဲဖြစ်သည်။ ယခင်ကတော့ ညအိပ်မပျော်လျှင် ကျွန်မ ပန်းချီကားတွေဆွဲလို့ ပြီးစီးတတ်သည်။ အိပ်မပျော်ခြင်း အတွက် ကျွန်မ ဘယ်တုန်းကမှ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။
အခုတော့ အနေအထားတွေအားလုံး လွဲကုန်ပြီ။ သူ့အား ပန်းချီဆွဲဖို့ စိတ်ကူးသည့် အချိန်မှစပြီး ညတွေ ညတွေမှာ ပန်းချီမဆွဲနိုင်တော့တာဘဲ ဖြစ်သည်။ သူ့ကို ပန်းချီမဆွဲရမချင်းလည်း ကျွန်မနေလို့ထိုင်လို့ ဖြောင့်မှာ မဟုတ်ဘူး ထင်သည်။ ကျွန်မသည် ငယ်စဉ်ကတည်းက လုပ်ချင်သည့်အလုပ်တစ်ခုခုကို မလုပ်ရလျှင် စိတ်သည် လွတ်လပ်မှုမရှိဘဲ တစ်ခုခုနှင့် ငြိနေသလို ခံစားရသည်။
ယခုလည်း ကျွန်မသည် သူ့ခန္ဓာကိုယ်နှင့် ငြိနေသည်ဟု ဆိုရပါမည်။ ကျွန်မသူ့ကို လက်ထပ်ခဲ့သည်မှာ အချစ်အတွက်လား၊ ဘဝအတွက်လား၊ သူပြောသလို ပန်းချီဆွဲခံမည့် ကိုယ်ဟန်ပြမော်ဒယ်တစ်ယောက်ကို ပိုင်ဆိုင်ချင်စိတ်အတွက်လား . . . ကျွန်မ မသိပါ။ ကျွန်မ သူ့ကို ချစ်သည်။
သူသည် တရားသူကြီးတစ်ယောက်ဖြစ်သောကြောင့် ကျွန်မဘဝအတွက် ငွေကြေးကအစ လုံခြုံမှု ရှိကောင်းရှိနိုင်တာလည်း မှန်သည်။ သူ၏ကြမ်းတမ်းသောရုပ်ရည်နှင့် နူးညံ့သော မျက်လုံး၊ နူးညံ့သော အပြုံးတို့၏ တွဲဖက်မှုကို ကျွန်မ တအံ့တသြစိတ်ဝင်စားမိတာလည်း မှန်သည်။
ကြည့်စမ်းပါ။ စားပွဲတင် မီးအုပ်ဆောင်းမှ ဖြူပြာပြာမီးရောင်သည် သူ့ကိုယ်ခန္ဓာအပေါ်ပိုင်းကို ဖြာကျလျက်ရှိသည်။ ပျော့အိသော ခေါင်းအုံးနှင့် စောင်းငဲ့နေသော သူ့မျက်နှာ၊ အချစ်ဖြင့် စိုလက်သော သူ့လည်တိုင်၊ သူ့ပခုံးစွန်း၊ ညာဘက်လက် တင်ထားသော သူ့ရင်ညွန့်ပိုင်း၊ သူ့ခါးဆီတွင် တစ်ပိုင်းတစ်စ ပြေလျော့စွာ တင်နေသော ဖြူဖွေး သည့် ချည်စောင်ပါးပါး။ ဤအရာအားလုံးသည် ပန်းချီဆရာတစ်ယောက်ရှေ့တွင် ပြည့်စုံသော အနုပညာ ဖြစ်သည်။
ထိုအနုပညာကို မြင်ရသည့်အချိန်တိုင်းမှာ ပန်းချီအဖြစ် ကင်းဘတ်စ်အပေါ် တင်ချင်စိတ်ဖြင့် စေ့စေ့စပ်စပ် ကြည့်မိသည်။ သူ တစ်ချိန်ချိန်မှာတော့ ပန်းချီဆွဲခံဖို့ ခွင့်ပြုလာပါလိမ့်မည်။ အိမ်ရှေ့လမ်းမှာ ဆိုင်ကယ်တစ်စီး မောင်းသွားသံကြားရသည်။ ထို့နောက် ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားပြန်၏။ ကျွန်မသည် ဖွင့်ထားသော မျက်စိကို အသာမှိတ်လိုက်သည်။ ကျွန်မ အိပ်ပျော်ဖို့ ကြိုးစားတော့မည်။
ထိုအချိန်မှာ အရောင်များကို စတင်မြင်လာခြင်းဖြစ်သည်။ အနီရောင်ရင့်ရင့်စိုစို၊ ထိုအရောင်ကို ပထမတော့ သွေးဟု ထင်လိုက်သေး၏။သို့သော် သွေးမဟုတ်ပါ။ စိုစွတ်သည် မှန်၏။ စေးပျစ်သည် မှန်၏။ သို့သော် သွေးမဟုတ်ပါ။ သူ့လက်ထဲမှာ ရဲနေအောင် စွန်းထင်းနေသောအရာသည် သွေးမဟုတ်လျှင် ဘာပါလိမ့်။ သူပြုံးနေသည်။ ရဲရဲနီစွာ စေးပျစ်သောအရာဖြင့် စွန်းထင် နေသောလက်ညှိုးကို ကျွန်မဆီသို့ ညွှန်လိုက်၏။ ထိုအနီရောင်သည် မွှေးပျံ့သော ရနံရှိသည်။
ထိုလက်ညှိုးက ကျွန်မနှုတ်ခမ်းနှင့် လာထိ၏။ ကျွန်မပြုံးမိသည်။ အဲဒါ ခရမ်းချဉ်သီးဆော့စ်တွေ ဖြစ်သည်။ သူ ကျွန်မအား မကြာခဏစိတ်လိုလက်ရ ပြင်ဆင်ကျွေးမွေးသော အစားအစာများထဲတွင် ခရမ်းချဉ်သီးဆော့စ်လည်း ပါသည်။
'အစ်ဇာဘယ်လ်အာလန်ဒေး ကပြောတယ် မိန်းမရဲ့၊ တကယ်ကောင်းတဲ့ ဆော့စ်ဟာ အမြင်အားဖြင့် ဆွဲဆောင်မှုရှိရမယ်တဲ့၊ ကိုယ်ချစ်တဲ့ ချစ်သူတစ်ယောက်ရဲ့ မျက်နှာလို ကိုယ့်မျက်လုံးတွေကို ညှို့ငင်နိုင်ရမယ် ပေါ့ကွာ၊ နောက်ပြီး အရသာကလဲ အနမ်းတစ်ခုလိုပဲ ချိုမြိန်ရမယ်တဲ့၊ နောက်ပြီး ဆော့စ်ရဲ့ စေးပျစ်တဲ့ အရည်ဟာ နူးညံ့ချောမွေ့ရမယ်၊ သူရဲ့ အနံ့ကလဲ ပျံလွင့်ကူးစက်မသွားနိုင်အောင် ထူးခြားတဲ့ သီးသန့်အနံ့ရှိရမယ်တဲ့၊ ကိုယ့်ချစ်သူရဲ့ အသားအရေပေါ်က အနံ့မျိုးပေါ့'
သူ စိတ်လိုလက်ရ ပြောနေသည်။
'မီးဖိုထဲမှာ ချက်ပြုတ်လုပ်ကိုင်ဖို့ ဝါသနာပါတဲ့ ယောင်္ကျားတစ်ယောက်ကို ယူရလိမ့်မယ်လို့ ကျွန်မဖြင့် ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး'
ကျွန်မ တအံ့တသြ ပြောမိသည်။
'အာရှတိုက်သားတွေကလွဲရင် ယောင်္ကျားတွေ တော်တော်များများ မီးခိုချောင်နဲ့ ရင်းနှီးပါတယ်ကွ'
ဟုတ်တယ်၊ မီးဖိုချောင်နဲ့ ရင်နှီးတဲ့ ယောင်္ကျားတွေဟာ ချစ်စရာလည်း သိပ်ကောင်းပါတယ်။ ထိုစကားကို ကျွန်မစိတ်ထဲကသာ ပြောမိခြင်းဖြစ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျွန်မ အိပ်ပျော်သွားလို့ပဲ ဖြစ်သည်။ ထို့နောက် ကျွန်မသည် အစိမ်းရောင်များဆီသို့ လွင့်မျောပါသွားသည်။ ကျယ်ပြန့်သော မြက်ခင်းပြင်ကြီးများ ဖုံးလွှမ်းနေသည့် တောင်ကုန်းမြင့်များဖြစ်သည်။ ထို့နောက် တောအုပ်စိမ်းစိမ်းများ၊ ထို့နောက် စိုက်ခင်း စိမ်းစိမ်းများ၊ ထိုမှတဆင့် ကျွန်မသည် လွင့်မျောသွားကာ တစ်နေရာတွင် အဆုံးသတ်သွား၏။ ထိုနေရာသည် သူ့ရင်ခွင်ဖြစ်သည်။
သူ့ရင်ခွင်သည် ဘာဖြစ်လို့ အစိမ်းရောင်တွေ ဖြစ်နေရတာလဲ။ လတ်ဆတ်သော၊ စိုစွတ်သော၊ နူးညံ့သော အစိမ်းရောင်။
'ရှင်က ဘာဖြစ်လို့ အစိမ်းရောင်ကြီး ဖြစ်နေရတာလဲ'
ကျွန်မ မေးမိသည်။
'မင်းအတွက် အမြဲတမ်း အာဟာရဖြစ်နေဖို့ ကိုယ့်ရင်ခွင်က အစိမ်းရောင်စိုက်ခင်း ဖြစ်နေရမှာ မဟုတ်လား'
'စိုက်ခင်းလား ၊ ဒါဆို ကျွန်မ ခူးလို့ရတာပေါ့နော်'
ကျွန်မ မုန့်ညင်းရွက်ကို ကြိုက်သည်။ ကိုက်လန်ကို ကြိုက်သည်။ ပဲရွက်ကို ကြိုက်သည်။ နံနံပင်ကို ကြိုက်သည်။ အားလုံး အစိမ်းရောင်။ သို့သော် ကျွန်မ စတော်ဘယ်ရီသီးကိုလည်း အလွန်ကြိုက်ပါသည်။
'ဒီလိုပဲ တစ်သတ်လုံး စိမ်းနေမှာလားဟင်'
ကျွန်မ မေးမိသည်။ သူကပြုံးသည်။
'စိမ်းလည်း စိမ်းတယ်၊ ဝါလဲ ဝါတယ်၊ နီလည်း နီတယ်၊ ဒါက မင်းကို ထားတဲ့အချစ်ကသာ ပြုပြင်ပေး နိုင်တယ်'
ဟုတ်ပါရဲ့။ အရောင်ဆိုတာ တစ်ရောင်ကနေ တစ်ရောင်သို့ ပြောင်းရတာ မလွယ်လှပါ။ သူ့ရင်ခွင် ကတော့ ကျွန်မအတွက်ဆို စိမ်းရာမှဝါ၊ ဝါရာမှနီ၊ နီရာမှလည်း ဖြူနိုင်ပါသတဲ့။
'စမ်းကြည့်မယ်'
'စမ်းကြည့်ပေါ့'
ကျွန်မ သူ့အား အသံမထွက်ဘဲ စိတ်ထဲကသာ ပြောလိုက်၏။
'စတော်ဘယ်ရီတွေ ဖြစ်ပေးနိုင်မှာလား . . . ကဲ '
ကျွန်မလက်နှင့် ထိမိသော သူ့ရင်ညွန့်သည် နွေးထွေးကာ နူးညံ့သည့် စတော်ဘယ်ရီသီးများ ဖြစ်သွား သည်။ ကျွန်မသည် ကလေးတစ်ယောက်လိုပင် တအံ့တသြ ရယ်မောပျော်ရွှင်မိသည်။
'ကြည့်စမ်း . . . သိပ်လှတာပဲ၊ စားလို့ သိပ်ကောင်းမှာပဲနော်'
သူကပါ ရယ်မောသည်။
'အဲဒါ အချစ်ပဲ'တဲ့။
'အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူကို တစ်ခုခု စိတ်အရသာ ကိုယ်အရသာ၊ စိတ်ပြည့်စုံမှု ကိုယ်ပြည့်စုံမှု ပေးနိုင်မှ အချစ်ဖြစ်တယ်'
ကျွန်မ၏ ပါးစပ်ထဲသို့ သူက စတော်ဘယ်ရီတစ်လုံး ခွံကျွေးသည်။ ဘုရားရေ . . . ။ ကျွန်မစားဖူးသမျှ စတော်ဘယ်ရီသီးများအနက် သူ့ရင်ခွင်မှ ထွက်သောအသီးက စားလို့အရသာ အရှိဆုံးဖြစ်သည်။ ရနံ့ကလည်း ထူးခြားစွာ မွှေးပျံနေသည်။ အရသာကလည်း အချဉ်နှင့် အချိုကို မျှတစွာ ရောစပ်ထားသည့် အရသာ။ နူးညံ့လိုက်သည်ကလည်း ကျွန်မ၏ နှုတ်ခမ်းဖျား လျှာဖျားမှာ ဘယ်တုန်းကမှ မရရှိခဲ့ဖူးသော နူးညံ့စိုစွတ်မှုဖြစ်သည်။
'မင်း ကျေနပ်ရဲ့လား'
ကျွန်မ ခေါင်းညိတ်ပြလိုက်သည်။
'အဲဒါကို မင်းက ပန်းချီဆွဲချင်စိတ် ပေါ်လား'
ကျွန်မ စိတ်ရှုပ်ထွေးသွားသည်။
'ဘာကိုလဲ'
'စတော်ဘယ်ရီသီးကို မင်းစားလို့ အရသာကို သိပ်ကျေနပ်နေတဲ့အချိန်မှာ မင်း စတော်ဘယ်ရီသီးကို
ပန်းချီဆွဲချင်စိတ် ပေါ်လားလို့မေးတာ'
'ဟင့်အင်း . . . စားချင်နေတာပဲ'
'အဲဒီလိုပဲ ဖြစ်ရမှာပေါ့'
သူ့အမူအရာကို ကြည့်ရသည်မှာ ပြဿနာ၏ အဖြေတစ်ခုခုကို ရသွားသလိုပဲ။ ဘာလဲတော့ ကျွန်မ မသိပါ။
'ဒါပေမယ့် ပန်းချီဆရာတစ်ယောက်က သူ့မျက်လုံးကို ဆွဲဆောင်သမျှ အရာအားလုံးကို ပန်းချီရေးချင်တာပဲ'
'အဲဒါဘာကြောင့်လဲ'
'ဘာကြောင့်လဲဆိုတော့ သူ့စိတ်ထဲမှာ သိမ်းဆည်းထားသလို ပန်းချီကားအဖြစ် လွှဲပြောင်းသိမ်းဆည်း ထားချင်လို့များလား၊ ဒါ . . . တစ်နည်းအားဖြင့် ကိုးကွယ်မှုတစ်ခုလဲ ဖြစ်လိမ့်မယ်၊ အလှကို ကိုးကွယ်တဲ့ သဘော၊ စိတ်အာရုံနဲ့ ကိုးကွယ်သလို ကိုယ့်ရဲ့ အနုပညာနဲ့လဲ ကိုးကွယ်တဲ့ သဘောထင်တယ်'
'ကိုယ်မင်းကို မေးမယ်၊ အဲဒီလို ပန်းချီအဖြစ် ပြောင်းလဲခံစားလိုက်ပြီးရင် မင်းရင်ထဲမှာ ပေါ့သွားမှာပေါ့'
'ပေါ့သွားတာပေါ့၊ ကိုယ်လုပ်ချင်ရာ လုပ်လိုက်ပြီးပြီပဲ'
'ဒါဖြင့် မင်းရဲ့စိတ်အာရုံက ဒီမူရင်းအရာပေါ်မှာ သိပ်တွယ်ငြိတော့ဘူးပေါ့'
သူဘာပြောချင်ပါလိမ့်။ သူပြောချင်တာကို ကျွန်မသိနေသလိုပဲ။
'ရှင် ဘာကို ပြောချင်တာလဲ'
'ကိုယ်က မင်းကိုယ့်ကို နည်းနည်းမှ မလျှော့ဘဲ ချစ်နေစေချင်တာ'
'ကျွန်မ ရှင့်ကို တစ်သတ်လုံး ချစ်နေမှာပဲ'
'ဒါပေမယ့် . . . '
သူ တစ်ခုခုကို စိတ်ပူပင်ဟန်လျက်ရှိသည်။
'ဒါပေမယ့် ဘာဖြစ်လဲ'
'ဒါပေမယ့် အချစ်ဆိုတာ သီးသန့်ထူးခြားမှုတစ်ခုပဲ၊ သီးသန့်အရသာတစ်ခုပဲ၊ အဲဒါကို တခြား ဘယ်အရာအဖြစ်မှ ပုံစံပြောင်းလို့မရဘူး'
'ဘယ်သူက ပုံစံပြောင်းဖို့ ပြောနေလို့လဲ'
'မင်းပြောနေတယ်လေ၊ မင်းကိုယ့်ကို ပန်းချီဆွဲချင်တယ် ပန်းချီဆွဲချင်တယ်နဲ့ ခဏခဏပူဆာနေတယ်
လေ၊ အဲဒါမင်းက ကိုယ့်အချစ်ကို ပန်းချီကားအဖြစ် ပုံစံပြောင်းပစ်ချင်နေတာ မဟုတ်ဘူးလား'
'ဟော်တော် . . . ဘယ်လိုအမြင်မျိုးပါလိမ့်'
ကျွန်မစိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူက စိတ်ရှည်စွာ ပြုံးနေဆဲ။
'မင်းကိုယ့်ရဲ့ ကိုယ်ခန္ဓာကို ပန်းချီဆွဲချင်တာလား၊ ကိုယ်ရဲ့ အချစ်ကို ပန်းချီဆွဲချင်တာလား'
ကျွန်မ ဘယ်လိုဖြေရင် သူ့ဆီက ဘာအမြင်တွေ ထွက်လာဦးမှာလဲ။
'ကျွန်မ မသိဘူး'
'အချစ်ကို ဆွဲချင်တာ ဖြစ်မှာပါ'
'ရှင်က ဘယ်လိုလုပ်ပြီး အတိအကျပြောနိုင်တာလဲ'
'ဟ . . . ကိုယ်ခန္ဓာကိုပဲ ပန်းချီဆွဲချင်မှတော့ မင်းကိုယ့်ကို လက်ထပ်စရာတောင် အကြောင်းမရှိဘူးလေ'
ဟုတ်များ ဟုတ်လေသလားမသိပါ။
'ဒီမယ်မိန်းမ . . . မြဲမြဲမှတ်ထား၊ အချစ်ရဲ့ အရသာကို မင်းဘယ်တော့မှ ပန်းချီနဲ့ သရုပ်မဖော်နိုင်ဘူး'
ကြည့်စမ်း၊ ဒါ ကျွန်မ၏ အနုပညာကို သူစော်ကားလိုက်တာပဲ။ ကျွန်မ မျက်လုံးအစုံကို ဗြုန်းခနဲ ဖွင့်ကြည့်လိုက်သည်။ ကျွန်မ၏ဘေးတွင် သူအိပ်မောကျနေဆဲဖြစ်၏။ သူ့ဦးခေါင်းသည် ခေါင်းအုံးပေါ် ပြန်ရောက်နေပြီ။ သူ့ညာဘက်လက်က သူ့ရင်ဘတ်ပေါ်မှာ ရှိဆဲ။ သူ့ဘယ်ဘက်လက်က ကျွန်မ၏ ဦးခေါင်းနောက်ဘက်မှာ။ ကျွန်မ သူ့လက်ပေါ်မှာ ခေါင်းအုံးပြီး အိပ်ပျော်သွားမိပုံရသည်။ သူ့လက်တွေ ကျင်နေရောပေါ့။ ကျွန်မ အသာလေး ခေါင်းထောင်ထလိုက်သည်။ ကျွန်မ ခေါင်းအောက်မှာ ရှိနေသော သူ့ဘယ်ဘက်လက်ကို နေသားတကျ ပြန်ထားပေးလိုက်သည်။ ခုတင်ပေါ်မှ ကျွန်မဆင်းလိုက်သည့် အချိန်တွင် တိုင်ကပ်နာရီမှ နာရီထိုးသံ သုံးချက် ကြားလိုက်ရ၏။ အခုလို အချိန်မျိုးမှာ လိမ္မော်ရည်တစ်ခွက်လောက် သောက်ရလျှင်ကောင်းမည်။
ကျွန်မ ခြေလှမ်း လှမ်းလိုက်သည့်အခါ ထောက်တိုင်၏ ခြေထောက်နှင့် ခလုတ်တိုက်မိ၏။ ထောက်တိုင်လည်း မလဲကျပါ။ ကျွန်မလည်း လဲကျမသွားပါ။ သို့သော် ကြမ်းပြင်ပေါ်မှာ ထောက်တိုင် ရွေ့လျား
သွားသံက နည်းနည်းကျယ်လောင်သွား၏။
'မင်း ဘာလုပ်နေတာလဲ'
ကျွန်မ လှည့်ကြည့်လိုက်သောအခါ သူသည် ခေါင်းအုံးပေါ်တွင် မေးတင်လျက် ဝမ်းလျားမှောက်ရင်း ကျွန်မကို ကြည့်နေသည်။ သူ့ မျက်လုံးတွေက မယုံသင်္ကာမျက်လုံးတွေ။ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးတွေ။ အားစိုက်၍ ဖွင့်ကြည့်နေရသော မျက်လုံးတွေ . . . ။ ကျွန်မသူ့ကို ပြုံးပြလိုက်သည်။
'ဘာမှမလုပ်ဘူး။ ဒီထောက်တိုင်ကြီးကို ဒီနားမှာ ကိုးကန့်လန့်ဖြစ်နေတာ မကြည့်ချင်လို့ နေရာရွှေ့ မလို့'
ပြောပြောဆိုဆို ကျွန်မကင်းဘက်စ်အလွတ် ချိတ်ထားသော ထောက်တိုင်ကို မ,၍နေရာရွေ့လိုက်သည်။ အခန်း၏ တစ်ဖက်နံရံနှင့် ကယ်နိုင်သမျှ ကပ်ထားလိုက်ခြင်းဖြစ်သည်။
'ကျေနပ်ပြီလား'
ကျွန်မမေးတော့ သူပြုံးသည်။
'ကောင်းတယ်'
'ကျွန်မ လိမ္မော်ရည် သွားယူမလို့၊ ရှင်သောက်ဦးမလား'
'ကောင်းသားပဲ'
သို့သော် သူ့မျက်နှာကို ခေါင်းအုံးနှင့် ပြန်အပ်လိုက်ပြန်သည်။ ကျွန်မသိပါသည်။ ကျွန်မပြန်ဝင်လာသည့်အခါ သူအိပ်ပျော်နေပြီဖြစ်လိမ့်မည်။ ။
#ဂျူး

No comments:

Post a Comment