ပင်လယ်ကိုမမုန်းပါဘူး ဖေဖေ(နတ်ရဲ(ရူပဗေဒ))
(၁)
မိုးက တစ်နေ့လုံးသည်းထန်စွာရွာနေသည်။ မိုးရိပ်များကြောင့်လည်း ပတ်ဝန်းကျင်တစ်ခုလုံးမည်းမှောင် နေ၏။မိုးသည်းလျှင် ပင်လယ်ရေတက်မည်ကို ဖိုးသားစိုးရိမ်မိသည်။ဖိုးသားတို့တံငါရွာကြီးကို ပင်လယ် ရေပြင်ကြီးက၀န်းရံထားသည်။ ဖိုးသား နားလည်စအရွယ်ကတည်းက ကြည့်၍ဆုံးသည်မရှိသော ပင်လယ်ပြင်ကြီးနှင့်ရင်းနှီးခဲ့၏။ ကမ်းစပ်တွင် ခရုကောက်သည်။ ဂဏာန်းတို့ ပုဇွန်လုံး တို့လည်းနှိုက်သည်။ ပင်လယ်လေကို တ၀ကြီးရှူရှိုက်ရသည်ကို ဖိုးသား နှစ်ခြိုက်လွန်းလှသည်။
သို့သော် ရေတက်လာသည့်အချိန်မျိုးဆိုလျှင် ပင်လယ်ကို ဖိုးသား ကြောက်၏။ အရင်နှစ်က ဖိုးသား ကြုံဖူးသည်။ထိုစဉ်က ကောင်းကင်ကြီးမှာ နီရဲနေ၏။ ခပ်ပြင်းပြင်းတိုက်လာသည့်လေနီကြမ်းကိုကြည့်ပြီး ရွာတွင်ပွက်လော ရိုက်ဆူညံနေခဲ့သည်။ ပင်လယ်ပြင်ကြီးကလည်း ဒေါသပုန်ထကာ လှိုင်းအထပ်ထပ်ဖြင့် ချီတက်လာသည်။ ထိုစဉ်က ဖိုးသားတို့တစ်ရွာလုံး တောင်ပေါ်ကျောင်းတွင်တက်နေကြရသည်။ ပင်လယ်ရေပြင်ကြီးကမူ ကမ်းစပ်နှင့်အနီးဆုံး အိမ်ခြေဆယ်လုံးလောက်ကိုတိုက်စားသွားခဲ့လေသည်။
“ မိုးကလည်းသည်းလိုက်တာ ဖိုးသားရယ်၊ ညည်းအဖေအမြန်ပြန်လာရင်ကောင်းမယ် ”
အမေလှမ်းပြောတော့ အဖေ့ကို ဖိုးသားစိတ်ပူသွားသည်။ အဖေ မနက်ကတည်းက ပင်လယ်ထဲထွက်သွား သည်။မိုးတွေသည်းနေလည်း အဖေ ပင်လယ်ထဲထွက်တတ်သည်။ ဖိုးသား သိတတ်စအရွယ်ကတည်းက အဖေပင်လယ်ထဲမထွက်သည့်နေ့ဟူ၍မတွေ့ဖူးပေ။
“ အဖေကဘာလို့ နေ့တိုင်း ပင်လယ်ထဲသွားတာလဲဟင် ”
ဖိုးသား မေးခဲ့သည့်အချိန်က အဖေက ပြုံး၍ကြည့်သည်။
“ပင်လယ်ထဲသွားတာ ငါးဖမ်းမလို့ပေါ့ဟဲ့၊ ငါးရမှ ပိုက်ဆံရမှာ၊ ပိုက်ဆံရမှ ထမင်းစားရမှာမို့လို့ပေါ့ ”
အဖေ မဖြေခင်မှာပင် အမေက လှမ်းအော်ပြောသည်။ အမေပြောတာလည်းမှန်၏။ အဖေဖမ်းလာသည့် ငါးကိုအမေသွားရောင်းတော့ ပိုက်ဆံရသည်။ သို့သော် အဖေ့အဖြေက အမေနှင့်ဆန့်ကျင်ဘက်ဖြစ်နေခဲ့ လေသည်။အဖေ့စကားသံကလည်း ဖိုးသား နားထဲ စွဲထင်ကာနေသည်။
“ ပင်လယ်ကိုချစ်လို့ပေါ့သားရယ်၊ အဖေတို့လိုတံငါသည်တွေအတွက် ပင်လယ်ကြီးက ကျေးဇူးရှင်သားရဲ့ ”
အဖေ့စကားကြောင့် ပင်လယ်ကြီးကို ဖိုးသား ချစ်သွားသည်။ အဖေ ပင်လယ်ထဲထွက်သွားပြီးပြန်လာတိုင်း ငါးတွေအများကြီးရလာတတ်သည်။ ငါးရလာလျှင် အမေက ရွာနီးစပ်များတွင်သွားရောင်း၏။ ဖိုးသားတို့ ရွာတွင်ဦးကြိုင်၏ ငါးဒိုင်ကြီးလည်းရှိသည်။ တစ်ချို့က ရလာသည့်ငါးများကို ထိုငါးဒိုင်တွင်သွားသွင်းကြ၏။ အမေကတော့ ငါးဒိုင်တွင် သွားမသွင်းတတ်ပေ။
“ ဦးကြိုင်က အရမ်းဈေးနှိမ်တာပဲကွာ၊ ကျုပ်တို့သက်စွန့်ဆံဖျားရှာလာရတဲ့ငါးတွေကို သက်သက်သာသာရ နေတာတောင်မှ အမြတ်ကြီးစားချင်သေးတယ် ”
ငါးဒိုင်စဖွင့်စဉ်က အဖေတို့တစ်ခါသွားသွင်းသေးသည်။ ထိုစဉ်က ဈေးနှိမ်ခံရသည်မို့ နောက်ပိုင်း ငါးဒိုင်ဘက် ခြေဦးမလှည့်တော့ချေ။ ရွာထဲမှတံငါသည်တစ်ချို့ကတော့ ဦးကြိုင်၏ငါးဒိုင်နှင့်လွတ်ကင်းခြင်းမရှိပေ။
မိုးသည် သည်းထန်စွာရွာသွန်းနေရာမှာ တဖြည်းဖြည်းအရှိန်လျော့လာ၏။ အိပ်ယာထဲတွင်စောင်နှင့် ကွေးနေသောဖိုးသားက ချမ်းစိမ့်စိမ့်လေးဖြစ်လာသလိုခံစားရသည်။ အဖေဆို ပင်လယ်ထဲတွင် အရမ်း ချမ်းနေရှာမည်ထင်၏။အတွေးတို့က အဖေ့ထံရောက်သွားသည်။ အဖေ့ကို မြန်မြန်ပြန်လာစေချင်ပြီ။
“ အနွဲ့ရေ .. အနွဲ့ .. အပြင်ကိုထွက်ခဲ့ပါဦးကွ”
မိုးသံလေသံများအကြားမှ အဖေ့အသံကိုကြားရလျှင် ဖိုးသား ၀မ်းသာသွားသည်။ အိပ်ယာထဲမှထပြေးကာ အမေ့ကိုမြန်မြန်အော်ခေါ်ရသည်။
“ အမေရေ .. အဖေပြန်လာပြီ ”
“ အေးအေး .. လာပြီ လာပြီ ”
ဖိုးသား အော်သံအဆုံး အမေက အိမ်ထဲမှပြေးထွက်သွားသည်။ ဖိုးသားလည်း အမေ့နောက်မှပြေးလိုက် သွား၏။အိမ်အပြင်ရောက်တော့ မိုးရေတွေရွှဲစိုနေသည့်အဖေ့ကိုတွေ့ရသည်။ အဖေက ငါးဖမ်းပိုက်ကို သေချာသိမ်းကာ အိမ်ထဲသွင်း၏။ အမေကတော့ အဖေဖမ်းမိလာသည့်ငါးတွေကိုယူကာ ခြင်းထဲထည့်သည်။
“ ခါတိုင်းထက်နည်းပါ့တော် ”
“ ဟုတ်တယ် အနွဲ့၊ ဒီလောက်ရတာကိုပဲ ကံကောင်းတယ်ပြောရမယ်ကွာ၊ ရေနက်ဝဲဘက်လည်း သိပ်မသွားရဲဘူး ”
“ ရေနက်ဝဲဘက် မသွားတာကောင်းတယ်တော်၊ အန္တရာယ်များတယ် ”
“ ခဏလေး အနွဲ့၊ အဲဒီထဲမှာ ပုဇွန်နှစ်ကောင်ပါလာတယ်၊ သားအတွက် ကင်ပေးလိုက် အနွဲ့ရာ ”
ငါးခြင်းကိုယူကာ အိမ်နောက်သွားရန်ပြင်သည့်အမေ့ကို အဖေက လှမ်းတား၏။ ထို့နောက် ငါးခြင်းထဲမှ ပုဇွန်ကြီးနှစ်ကောင်ကိုယူထုတ်သည်။ ဖိုးသား ပျော်သွား၏။ ပုဇွန်ကလတ်လတ်ဆတ်ဆတ်မို့ ကင်စားလျှင် ချိုလိုက်မည့် ဖြစ်ခြင်း။
“ ဒါကြောင့် သားက အဖေ့ကိုအရမ်းချစ်တာ ”
ရေတွေရွှဲနေသည့် အဖေ့ကိုဖက်ပြီး ပါးနှစ်ဖက်ကိုနမ်းလိုက်တော့ အဖေက တ၀ါးဝါးရယ်သည်။ အမေက မျက်စောင်းလှမ်းချီကာ အိမ်နောက်ထဲဝင်သွား၏။ မိုးကသည်းထန်စွာရွာနေဆဲဖြစ်ကာ ပင်လယ်ဘက်ကမူ တဝေါဝေါမြည်သံကိုကြားနေရလေသည်။
(၂)
သည်နေ့ မိုးတိတ်နေလေပြီ။ ကောင်းကင်သည် ကြည်လင်နေ၏။ နေခြည်သာကာ တိမ်ဖြူဆုပ်လေးများပင် လွင့်မျောလို့နေသည်။ ပင်လယ်ပြင်ကြီးကမူ လှိုင်းသံလေသံများဖြင့် လူးလွန့်ကာနေ၏။ ပင်လယ်ကမ်းစပ် တွင်တော့ဖိုးသားတို့ရွာရှိလူများရှိနေကြလေသည်။အားလုံးသည် ပင်လယ်ပြင်ကြီးကို မမှိတ်မသုန်ကြည့် လို့နေ၏။မျက်နှာများသည် ပြိုတော့မည့်မိုးများလို အုံ့မှိုင်းနေသလို မျက်ဝန်းတွင် မျက်ရည်စတို့ခိုတွယ်ကာ နေ၏။ဖိုးသားအနားရှိ အိမ့်စံမှာလည်း တရှုံ့ရှုံ့ဖြင့်ငိုနေလေသည်။
“ နောက်ဆုံးအနေနဲ့ မျက်နှာလေးတစ်ချက်တောင်ကြည့်ခွင့်မရလိုက်ပါလား ကိုသိန်းရယ် ”
အိမ့်စံအမေသည် ရင်ဝမှလှိုက်တက်လာသည့်ဆို့နင့်သံဖြင့်ပြောကာ ကမ်းစပ်တွင်ခွေလဲကျသွား၏။ အိမ့်စံကသူ့အမေကိုဖက်တွယ်ကာ ငိုသည်။ အိမ်စံတို့လိုငိုနေသည့် ရွာသူရွာသားတွေ၏အသံကလည်း ကမ်းစပ်တွင်ဆူညံစွာ ပျံ့လွင့်လို့နေသည်။
မနေ့က ပင်လယ်ထဲသွားသည့် ငါးဖမ်းလှေများ အခုချိန်ထိပေါ်မလာတော့ပေ။ ထိုအထဲတွင် အိမ့်စံ၏ အဖေလည်းပါသည်။ ရွာသားလေးယောက်ပါသည်။ အဆုံးအစမရှိကျယ်ပြောသောပင်လယ်ကြီးကို ကြည့်လိုက်တိုင်းရေပြင်များကိုသာမြင်ရသည်။ လှေငယ်များကိုမမြင်ရ။ နားထဲတိုးဝင်လာသည့် ငိုသံများကိုကြားရလေတိုင်း ဖိုးသား ဆတ်ကနဲတုန်သွားသည်။
“ ကဲ .. ပြန်ကြပါတော့၊ အားလုံးအတွက် လုပ်စရာရှိတာလုပ်ကြရဦးမယ်လေကွယ် ”
ငိုသံများကိုထိုးဖောက်ကာ ဦးကြီးလှိုင်၏စကားသံထွက်လာသည်။ ငိုသံများ တဖြည်းဖြည်းနှင့်ကျယ်လောင် လာသည်။ ဖိုးသားသည် ထိုမြင်ကွင်းကို မကြည့်ရက်တော့။ အဖေ့လက်ကိုတင်းကြပ်စွာဆုပ်ထားမိသည်။ ထို့နောက်ရွာသားများလည်း ပင်လယ်ပြင်ကြီးကို ကျောခိုင်းကာ လှည့်ပြန်ကုန်ကြသည်။ သို့သော် မပြန်ပဲကျန်ခဲ့သူတစ်ယောက်ရှိလေ၏။ အိမ့်စံ ..။ အိမ့်စံသည် ရွာထဲသို့မပြန်ပဲ ကမ်းစပ်တွင် တစ်ယောက် တည်းကျန်နေခဲ့သည်။ ဖိုးသားလည်း အဖေတို့နှင့်ပြန်မလိုက်ပဲ အိမ့်စံအနားတွင်နေခဲ့လိုက်သည်။ အိမ့်စံသည် ပင်လယ်ပြင်ကြီးကို စိုက်ကြည့်ကာနေ၏။ မျက်ဝန်းတွင် မျက်ရည်များကတရစပ်ကျလို့နေသည်။ နှုတ်ခမ်းကို ခပ်နာနာဖိကိုက်ထားကာ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်ကာနေ၏။ အိမ့်စံအနားတွင် ဖိုးသား ထိုင် လိုက်သည်။
“ ပြန်ရအောင်နော် အိမ့်စံ ”
ဖိုးသားပြောလိုက်သော်လည်း အိမ့်စံက နေရာမှတစ်ချက်ကလေးမရွေ့။ ပင်လယ်ကိုကြည့်နေသည့် အကြည့်ကိုမရှောင်ဖယ်။ အိမ့်စံ၏မျက်ဝန်းထဲတွင်တော့ မျက်ရည်များစွာစီးကျနေလေသည်။
“ အဖေက ငါ့အတွက် ပုဇွန်တွေဖမ်းလာပေးမယ်တဲ့ ”
ရှိုက်သံတစ်ဝက်နှင့်ထွက်လာသည့် အိမ့်စံ၏စကားကြောင့် ဖိုးသား ရင်ထဲနင့်ခနဲဖြစ်သွား၏။ သဘောကောင်းလှသည့် အိမ့်စံ၏အဖေသည် ဘယ်တော့မှ ပြန်မလာနိုင်တော့လေပြီ။
“ ငါ ပုဇွန်မစားချင်ဘူး ဖိုးသားရယ်၊ အဖေနဲ့တွေ့ချင်တယ်၊ အဖေ့ကိုတွေ့ချင်တယ်၊ အဖေကို့ အရမ်းတွေ့ချင် တယ်၊ အဖေ .. အဖေ ”
အဖေ့ကိုခေါ်နေရှာသည့် အိမ့်စံ၏အသံက ဖိုးသားနားထဲတိုးဝင်လာ၏။ ဖိုးသား မျက်ဝန်းတွင်လည်း မျက်ရည်တို့စီးကျလာပါပြီ။ အိမ့်စံသည် ခန္ဓာကိုယ်တစ်ခုလုံးလှုပ်အောင်အော်ငိုပစ်၏။ အဖေ့ကို တကြော်ကြော်အော်ခေါ်၏။ ထို့နောက် အိမ့်စံ ဆီမှ နာကျင်အက်ရှသည့် စကားတစ်ခွန်းထွက်ကျလာသည်။
“ အဲဒီ ပင်လယ်ကြီးကို မုန်းတယ် ”
အိမ်စံသည် နီရဲနေသည့်မျက်လုံးများဖြင့် ပင်လယ်ပြင်ကြီးကိုကြည့်၏။ အိမ်စံ၏ နှုတ်ခမ်းဖျားကလည်း တဆတ်ဆတ်တုန်ယီနေလေသည်။ ပင်လယ်ပြင်ကြီးကမူ လှိုင်းတံပိုးများထကာဖြင့် အိမ့်စံ၏နာကျင်မှုကို ပို၍ဆွပေးနေသလို ပင်။ ထို့နောက် အိမ့်စံပြောလိုက်သည့်စကားတစ်ခွန်းက လှိုင်းသံများနှင့်ရောထွေးကာ နားထဲသို့တိုးဝင်လာပြန် သည်။
“ ပင်လယ်ပြင်ကြီးကိုအရမ်းမုန်းတယ် ”
ပင်လယ်ပြင်ကြီးကိုကြည့်ကာ အဆက်မပြတ်အော်ဟစ်နေသည့် အိမ့်စံကိုကြည့်ပြီး သက်ပြင်းသဲ့သဲ့ကိုသာ ဖိုးသားချလိုက်မိပါတော့သည်။
(၃)
ပိုက်ဖောင်ကိုပြင်ဆင်နေသည့် အဖေ့ကိုကြည့်ပြီး ဖိုးသား ရင်ထဲတင်းကြပ်လာသည်။ အဖေ ငါးဖမ်းထွက် ဦးမည်ထင်သည်။ အမှန်တိုင်းပြောရလျှင် အဖေ့ကို ငါးဖမ်းမထွက်စေချင်ပေ။ အိမ့်စံအဖေတို့ ပင်လယ်ထဲ ထွက်ပြီးပြန်မလာနိုင်တော့သည့်အဖြစ်ဆိုးကြီးက ဖိုးသား၏အတွေးထဲတွင် စွဲထင်ကာနေလေသည်။
“ အဖေ .. ငါးဖမ်းထွက်ဦးမလို့လားဟင် ”
ဖိုးသားမေးလိုက်တော့ အဖေက ပြုံးကာ ခေါင်းညိတ်ပြသည်။
“ သွားရမှာပေါ့ သားရဲ့၊ သားကြိုက်တဲ့ ပုဇွန်ရအောင်ရှာခဲ့မယ် ”
အဖေ့စကားအဆုံး ဖိုးသား ခေါင်းခါမိသွားသည်။ ပုဇွန်ကြိုက်သည့်ဖိုးသားက ခေါင်းခါတော့ အဖေက အံ့သြသလိုကြည့်သည်။
“ သား ပုဇွန်မစားချင်ဘူးအဖေ၊ အိမ့်စံရဲ့အဖေလည်း အိမ့်စံအတွက်ပုဇွန်ရှာခဲ့မယ်ပြောတယ်တဲ့၊ နောက်တော့ပြန်မလာတော့ဘူးအဖေ ”
ဖိုးသားပြောလိုက်တော့ အဖေ့မျက်နှာညိုမှောင်သွားရှာသည်။
“ သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့သားရယ်၊ တံငါသည်ဖြစ်မှတော့ ပင်လယ်ရေကိုကြောက်လို့ဘယ်ဖြစ်မလဲ သားရဲ့”
“ သားက အဖေ့ကို ငါးဖမ်းမသွားစေချင်ဘူး၊ အဲဒီပင်လယ်ကြီးက လူစားတယ်တဲ့ ”
ဖိုးသားပြောတော့ အဖေ့မျက်လုံးတွေ ၀ိုင်းစက်သွား၏။ နားစွန်နားဖျားကြားလိုက်ဟန်တူသည့်အမေက လည်းအိမ်ထဲမှပြေးထွက်လာသည်။
“ ဘာတွေလျှောက်ပြောနေတာလဲ ဖိုးသားရယ်၊ ပင်လယ်ထဲထွက်မယ့်သူကို ဒီလိုနိမိတ်မရှိတဲ့ စကားမျိုးမပြောရဘူး၊ ကြားလား၊ ကလေးက ကလေးလိုနေ ”
အမေဆူတော့ ဖိုးသား နှုတ်ဆိတ်သွားရသည်။
“ စိတ်မပူပါနဲ့သားရယ်၊ အဖေငယ်ငယ်ကတည်းက ဒီပင်လယ်ပြင်ကြီးထဲမှာပဲ ၀မ်းစာရှာပြီး ကြီးပြင်းလာခဲ့ တာ၊ပင်လယ်ပြင်ကြီးက အဖေ့ရဲ့မိတ်ဆွေ၊ အဖေ့ရဲ့ကျေးဇူးရှင်ပါသားရယ် ”
“ ဒါဆိုလည်း မြန်မြန်ပြန်လာနော် အဖေ ”
ဖိုးသားပြောလိုက်တော့ အဖေ ခေါင်းညိတ်ပြသည်။ ထို့နောက် ပိုက်ဖောင်ကိုယူကာထွက်သွား၏။ ထုံးစံ အတိုင်းဖိုးသားက အဖေ့ကို ကမ်းစပ်အထိလိုက်ပို့ပေးသည်။ အဖေ့ရဲ့လှေငယ်လေး ကမ်းကခွာတော့ ဖိုးသားရင်ထဲတလှပ်လှပ်ဖြစ်ရသည်။
“ အဖေ မြန်မြန်ပြန်လာခဲ့နော် ”
အဖေ့ကိုလက်ပြကာ ဖိုးသားအော်ပြောလိုက်သည်။ တဖြည်းဖြည်းနှင့် အဖေ့လှေငယ်လေး အဝေးရောက် သွား၏။ထို့နောက် ဖိုးသားလည်း အိမ်သို့ပြန်လာခဲ့လိုက်သည်။
(၄)
“ ဂျိန်း .. ”
မိုးချိန်းသံတွေကိုကြားနေရသည်။ ကောင်းကင်ကြီးတွင်လည်း မိုးရိပ်တွေမည်းတက်လို့နေသည်။ ထို့နောက် မိုးကတဝေါဝေါနှင့်သည်းလာချေတော့သည်။ မိုးနှင့်အတူ လေကလည်း ခပ်ပြင်းပြင်းလိုက်ပါလာ၏။
“ မိုးဖြူမစဲ မိုးမည်းမရွာတဲ့၊ ရာသီဥတုက ချက်ချင်းကြီးကိုဆိုးလာတာပါပဲလားအေ၊ အစကပဲ ကြည်ကြည်လင်လင်ရှိသေးတယ် ”
အမေက ရွာနေသည့်မိုးကိုကြည့်ကာ လှမ်းပြော၏။ မိုးကသည်းလိုက် လေကထန်လိုက်နှင့် အတွဲညီ နေသည်။ဖိုးသားစိတ်တွေက အဖေ့ဆီရောက်သွား၏။ မိုးထဲလေထဲတွင် ငါးရှာနေမည့်အဖေ့ကို ဖိုးသားစိုးရိမ်သည်။အမေ လည်း အဖေ့ကို စိုးရိမ်နေဟန်တူသည်။ ပြတင်းပေါက်ကိုကျော်ကာ ပင်လယ်ဘက်သို့ငေးမျှော်ကြည့်ကာနေ၏။ အဖေ ပြန်လာမည့်အချိန်ကိုစောင့်စားရခြင်းက ဖိုးသားအတွက်ရှည်ကြာလွန်းလှလေသည်။
မိုးက အငြိုးနှင့်ရွာလေသလားမသိ။ မနက်ကတည်းကရွာလိုက်သည်မှာ အဆက်မပြတ်။ ဖိုးသားနှင့် အမေသည်အဖေ့ကို လည်ပင်းရှည်မတတ်မျှော်နေရာမှ စိုးရိမ်စိတ်တို့ခိုအောင်းစပြုလာသည်။ ခါတိုင်း အဖေပြန်လာနေကျ အချိန်ထက် များစွာလွန်သွားခဲ့ချေပြီ။ အဖေပြန်မလာသေး။ ဖိုးသားရင်ထဲ တဒိတ်ဒိတ်ခုန်ကာနေ၏။ မိုးသည်းနေသည်မို့ ညနေငါးနာရီကျော်သည်နှင့် ပတ်ဝန်းကျင်ကမှောင်လာ သည်။အဖေပြန်မလာသေးတော့ ဖိုးသား မျက်ဝန်းတွေစိုစွတ်လာသည်။ သည်အချိန်ထိ အဖေတစ်ခါမှ နောက်မကျဖူး။ အမေ့ကိုကြည့်လိုက်တော့ ဘုရားစင်ရှေ့တွင်ထိုင်တာ တတွတ်တွတ်ရွတ်နေရှာ၏။
အဖေ မြန်မြန်ပြန်လာပါစေဟု ဆုတောင်းမိသည်။ သို့သော် ဖိုးသား ဆုတောင်းမပြည့်ပါ။ အမှောင်ထုက တအိအိပြိုကျလာသည့်တိုင် အဖေ မလာခဲ့။ ဖိုးသား မျက်ရည်ကျကာ အမေ့အနား တိုးကပ်သွားမိသည်။
“ အမေ .. အဖေ မလာသေးဘူး၊ အဖေ ဒုက္ခရောက်နေပြီထင်တယ် ”
ဖိုးသားပြောလိုက်တော့ အမေက ဖိုးသားဘက်လှည့်လာသည်။ အမေ့မျက်ဝန်းတွင်လည်း မျက်ရည်စတစ်ချို့ခိုတွယ်လျှက်။
“ ပြန်လာမှာပေါ့ ဖိုးသားရယ် ”
ပြောလိုက်သည့် အမေ့အသံသည် အားရစရာမကောင်းလှ။ အချိန်နာရီတို့တရွေ့ရွေ့ကုန်ဆုံးလာ သည်နှင့်အမျှဖိုးသား သိလိုက်ပါပြီ။ ဖိုးသား မျက်ဝန်းတွင် မျက်ရည်တို့တာကျိုးသလိုစီးကျလာသည်။ အသက်ရှူနှုန်းက တိကနဲ ပြတ်ကျသွားလိုဖြစ်သွား၏။ ရင်ဝမှ ဆို့နင့်တက်လာသည့်ကြေကွဲမှုများက ဖိုးသားကိုနှိပ်စက်ကာနေလေသည်။
“ အဖေ ပြန်မလာတော့ဘူး အမေ၊ အိမ့်စံတို့အဖေလို အဖေလည်း ပင်လယ်ထဲကနေပြန်မလာတော့ဘူး ”
“ ဖိုးသားရယ် .. ”
အမေသည် ဖိုးသားကို ရင်ခွင်ထဲဆွဲသွင်းကာ ငိုရှိုက်၏။ မိုးသည်းသည်းညတွင် သားအမိနှစ်ယောက် ငိုပွဲ ဆင်ကြရသည်။ အဖေ့ကို ဘယ်ဆီဘယ်ဝယ်တွင် ဖိုးသားတို့လိုက်ရှာနိုင်လိမ့်မလဲ။ ရွာထဲသွားအကူညီ တောင်းလျှင်လည်း အချည်းအနှီးသာဖြစ်ရမည်။ အဆုံးအစမရှိကျယ်ပြောသည့်ပင်လယ်ပြင်ကြီးထဲတွင် အဖေ့ကိုပြန်ရှာတွေ့ရန် မလွယ်။ အမေနှင့် ဖိုးသား အဖေ့ကိုတမ်းတကာ ငိုရုံမှတပါးမရှိပါတော့ချေ။
ထို့နောက် ဖိုးသားသည် ရုတ်တရက်ထကာ တံခါးဖွင့်လိုက်၏။ ထိုအခါ မိုးသံလေသံကို ပို၍ဆူညံစွာကြားရ သည်။အိမ်အောက်သို့ဆင်းလိုက်တော့ မိုးရေစက်တို့က ဖိုးသားကိုလာစင်၏။ သို့သော် ဖိုးသား ဂရုမစိုက်။ မိုးထဲလေထဲမှာပင် ဖိုးသားလျှောက်လာခဲ့သည်။ အနောက်မှ အမေ့ခေါ်သံလိုလို ငိုသံလိုလိုကြားရသော်လည်း ဖိုးသား မိုးရေထက်ဆက်လျှောက်မြဲပင်။
ဖိုးသား တစ်ကိုယ်လုံးရွှဲရွှဲစိုကာ ချမ်းအေးလာသည်။ သို့သော် ဖိုးသားရင်ထဲတွင် အပူငွေ့တို့ဖိတ်လျှံနေသလို ခံစားရ၏။ ပင်လယ်ကမ်းစပ်ဘက်သို့ ဖိုးသားရောက်လာသည်။ ပင်လယ်ပြင်ကြီးက ဒေါသပုန်ထသလို လှိုင်းသံ တ၀ုန်းဝုန်းဖြင့်ဆူညံနေ၏။ ဖိုးသားကြည့်လိုက်သော ပင်လယ်ပြင်ကြီးက မှောင်မည်းကာ မဟူရာရောင်အတိ။
“ ပင်လယ်ကြီးကိုမုန်းတယ် ”
ဖိုးသား၏အသံသည် မိုးသံလေသံနှင့်အတူရောယှက်ကာထွက်လာ၏။ ပင်လယ်ကြီးကို ဖိုးသား မုန်းလွန်းလှ သည်။အဖေ့ကို ပြန်မပေးတော့သည့်ပင်လယ်ပြင်ကြီးကို ဖိုးသား မုန်းလွန်းလှပါသည်။ အဖေ့နာမည်ကို ခေါ်ကာဖိုးသား အော်ငိုမိသည်။ အဖေ့ကို ဖိုးသား တွေ့ချင်သည်။ အဖေနှင့်အတူ အိပ်ချင်သေးသည်။
“ မုန်းတယ် .. မုန်းတယ် .. ပင်လယ်ကြီးကိုအရမ်းမုန်းတယ် ”
နာကျည်းစွာဖြင့် ဖိုးသား အော်ဟစ်နေမိသည်။ မိုးသည် ပို၍ပို၍သည်းထန်လာ၏။ ပင်လယ်ပြင်ကြီးကမူ ဖိုးသားကိုဂရုမစိုက်သည့်အလား လှိုင်းသံတ၀ုန်းဝုန်းထကာ ဆူညံနေလေသည်။
(၅)
အလင်းကိုဆောင်ယူကာ မနက်ခင်းက တကျော့ပြန်ရောက်လာခဲ့ချေပြီ။ ဖိုးသား အိပ်ယာမှနိုးလာသည်နှင့် အဖေ့ကိုသတိရသွား၏။ ဖိုးသားကြည့်လိုက်တော့ အဖေ့အိပ်ယာလေးမှာ လစ်လပ်နေသည်။ အမေ့ကို ကြည့်လိုက်တော့ တသိမ့်သိမ့်ရှိုက်ငိုနေ၏။ အမေက တစ်ညလုံးငိုထားခဲ့သည်ထင်၏။ မျက်လုံးများနီရဲကာ မျက်နှာကလည်း မို့အစ်နေသည်။ မနေ့က သည်းထန်ရွာစွာသောမိုးသည် အခုတော့ ငြိမ်ချက်သားကောင်းလွန်းနေ၏။
“ အနွဲ့ရေ .. အနွဲ့ ”
ခေါ်သံတစ်ခုကိုကြားလိုက်တော့ အမေနှင့် ဖိုးသား ခေါင်းထောင်သွားသည်။ ထို့နောက် အိမ်ထဲမှ ပြိုင်တူ ပြေးထွက်မိကြသည်။ အိမ်ရှေ့ရောက်လျှင် ဖိုးသားတို့ကိုပြုံးကာကြည့်နေသော အဖေ့ကိုတွေ့လိုက်ရ၏။
“ အဖေ .. အဖေ မသေဘူးနော် ”
အဖေ့ကို ဖိုးသား ပြေးဖက်မိလေသည်။ အဖေသည် ဖိုးသားကို ဆွေ့ကနဲပွေ့ချီလိုက်၏။ အဖေ့ကို အခုပင် ပျောက်သွားတော့မည့်အလားအထင်ဖြင့် ဖိုးသား တင်းကြပ်စွာပွေ့ဖက်ထားမိသည်။
“ တော် ဘာမှမဖြစ်ဘူးနော် ”
အမေသည် စီးကျလာသည့်မျက်ရည်စကိုသုတ်ပစ်ရင်း ၀မ်းသာအားရဆိုရှာ၏။
“ ဘာမှမဖြစ်ပါဘူး အနွဲ့ရယ်၊ ကျုပ်က ပင်လယ်ထဲမှာကြီးလာတာ၊ ဘယ်လိုအခြေအနေက ကိုယ့်အတွက် အန္တရာယ်ရှိစေတယ်ဆိုတာသိတာပေါ့ကွ၊ မနေ့က ငါးနှစ်ကောင်လောက်ပဲဖမ်းမိသေးတယ်၊ မိုးရိပ်တွေ မည်းတက်လာပြီး ပင်လယ်လေအနံ့ကိုရတာနဲ့ မိုးသည်းလေထန်တော့မယ်ဆိုတာသိလိုက်တယ်၊ ဒါကြောင့် အနီးဆုံးဖြစ်တဲ့ ရွာသာကမ်းကို အမြန်ဆုံးကပ်သွားလိုက်တာ၊ လှေကိုသေချာချည်ပြီး ရွာသာရွာက ဖိုးစိန်ကြီးဆီမှာတစ်ညအိပ်လိုက်တာကွ ”
အဖေ့ကို ဖိုးသား ပို၍တင်းကြပ်စွာဖက်ထားလိုက်သည်။ အဖေ ပင်လယ်ထဲကပြန်မလာတော့ဘူး အထင်နှင့်ဖိုးသားနှင့် အမေ ငိုခဲ့ရသည်။ အိမ့်စံတို့အဖေ၏အဖြစ်ဆိုးကိုမြင်ပြီးကတည်းက ပင်လယ်ကြီးက အဖေ့ကိုခေါ်ထား မည်ကိုစိုးကြောက်နေမိခဲ့သည်။ အခုတော့ ဖိုးသားထင်သလို ပင်လယ်ကြီးက အဖေ့ကို အပြီးတိုင်ခေါ်မထားခဲ့ပေ။ ဖိုးသားတို့ဆီ အဖေ ပြန်ရောက်လာခဲ့လေပြီ။
“ ကျုပ်က ပင်လယ်ကိုရှိခိုးပြီးမှ ပင်လယ်ထဲထွက်တာပါ အနွဲ့ရယ်၊ ဒါကြောင့် အခုလိုအန္တရာယ်ကင်းလာတာပေါ့ကွာ ”
အဖေပြောတော့ အမေက ပြုံးသည်။
“ အဖေ .. သားပင်လယ်ဘက်သွားဦးမယ်နော် ”
ဖိုးသားသည် ပွေ့ချီထားသည့်အဖေ့လက်ထဲမှဆင်းကာ ပင်လယ်ဘက်သို့ပြေးထွက်လာခဲ့၏။ ဖိုးသား ပျော်နေသည်။ အတိုင်းအဆမရှိပျော်နေလေသည်။ ဖိုးသား ချစ်သောအဖေက ဖိုးသားတို့ဆီ ပြန်ရောက်လာခဲ့ပြီမို့အရမ်းကို ပျော်နေမိသည်။
ကမ်းစပ်သို့ရောက်လျှင် ပင်လယ်လေကို တ၀ကြီးရှူရှိုက်ပစ်လိုက်၏။ ပင်လယ်ကြီးကို ဖိုးသား မမုန်းတော့ပါ။ အဖေ့ကို ဖိုးသားဆီ ပြန်ပေးခဲ့သည် ပင်လယ်ကြီးကို လုံးဝမမုန်းတော့ပါ။ ထို့နောက် ပင်လယ်ပြင်ကြီးကို တစိမ့်စိမ့်ကြည့်ပြီး ဖိုးသား အော်ဟစ်လိုက်လေသည်။
“ ပင်လယ်ကြီးကို ဖိုးသား ချစ်တယ် ”
ပင်လယ်ကြီးသည် ဖိုးသား အသံကိုကြားသည့်အလား လှိုင်းသံတ၀ုန်းဝုန်းဖြင့် မြူးထူးနေလေသည်။
ဇီဝကမဂ္ဂဇင်း
၂၀၁၅ ခုနှစ် ၊ အောက်တိုဘာလ။
ရသများဖြင့်ပြည့်စုံကြပါစေ
နတ်ရဲ (ရူပဗေဒ)
No comments:
Post a Comment