Apr 9, 2017

အဘယ့်ကြောင့်နည်း

အဘယ်ကြောင့်နည်း (ဝတ္ထုတို)

...

(၁)

  လေတဖြူးဖြူးက ကျောင်းရှေ့အလံတိုင်မှ နိုင်ငံ
တော်အလံကို တိုးဝှေ့ကျီစယ်လို့။နေ့လည်ကျောင်း ဆင်းချိန်ဖြစ်၍ မူလတန်းကျောင်းဝင်းအတွင်း၌
ကျောင်းသား၊ကျောင်းသူလေးများက နည်းအမျိုးမျိုး
ဖြင့် ကစားနေကြသံများမှာ ဆူညံစွာဖြင့်။
     ဆရာများ နားနေဆောင် အတွင်း၌မူ

"မသူဇာ စားလေ။ ဘာငေးနေတာလဲ"

   ရုတ်တရက်မို့ ဒေါ်သူဇာ တွန့်ကနဲဖြစ်သွားသည်။

  "ဪ..အင်း။ မတင်.. ကျောင်းခြံစည်းရိုးအဝမှာ
မုန့်ရောင်းနေတဲ့ခလေးကို မြင်ဖူးသလိုပဲ"

  "အဲဒါ ကျမအတန်းက ကျောင်းသူလေးပါ။ဟိုတစ်နေ့က သူ့အမေလေဖြတ်သွားလို့ သူကျောင်းဆက်
မတက်နိုင်တော့ဘူးလေ။ သူ့အမေကို ပြန်လုပ်ကျွေး
နေတာပေါ့"

  "ဟယ်..စိတ်မကောင်းလိုက်တာ။ လေးတန်းပဲရှိသေးတာကွယ်။ ဒါနဲ့ သူ့အဖေကရော.."

  "သူ့အဖေက ယိုးဒယားကိုအလုပ်လုပ်ဖို့ သွားလိုက်တာ ငါးနှစ်ရှိပြီလေ။ သတင်းကြားတာကတော့
ရောင်းစားခံရတယ်တဲ့။ နောက်ပိုင်း လှေပေါ်မှာ အသတ်ခံလိုက်ရတယ်တဲ့လေ။ မသူဇာက ဒီရွာကို
ဒီနှစ်မှ ရောက်တာဆိုတော့ ဘယ်သိပါ့မလဲ"

"ဖြစ်ရလေရှင်..သနားစရာလေးပါလား"

"ဟုတ်တယ် မသူဇာရေ...ကျောင်းက အခမဲ့ပညာရေးပေမယ့် အမေတစ်ခု သမီးတစ်ခု သူတို့ဘဝမှာ
သူ့အမေဒီလိုဖြစ်တော့ ဘယ်လိုလုပ်ကျောင်းဆက်တက်လို့ ဖြစ်နိုင်တော့မလဲ။ ခလေးက စာတော်ပါတယ်"

  ဒေါ်သူဇာ ကျောင်းခြံဝနားသို့ ပြန်ငေးကြည့်နေမိသည်။ ခုံအပုလေးပေါ်မှာ သရက်သီးချဉ်စပ်
ဗန်းကလေးတင်၍ ဆောင့်ကြောင့်ထိုင်ကာ ပြေးလွှား
ကစားနေသော ကျောင်းသား၊ကျောင်းသူများသို့
မျက်နှာငယ်လေးနှင့် လိုက်ငေးနေသော ကလေးမ။
သူလည်း ကျောင်းတက်ချင်နေမှာပဲလေ။
    ရင်ထဲမှာ စိတ်မချမ်းသာမိရုံမှတပါး။

......

(၂)

  ဒီကနေ့ ကျောင်းပိတ်ရက်လည်းဖြစ်၊ ကိစ္စတစ်ချို့
လည်း ရှိနေ၍ မြို့ကိုသွားရန်အတွက် ကားဂိတ်ရှိရာ
သို့ ဒေါ်သူဇာ ထွက်လာခဲ့သည်။
   ကားဂိတ်ဟုသာ အလွယ်ခေါ်သော်လည်း သီးသန့်
ပြေးဆွဲသည့် ကားရယ်လို့ မရှိပေ။ မြို့နှင့်အလှမ်းဝေး
သော ရွာဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်မှုများမှာ အခက်အခဲများစွာနှင့်။ယခုလို မိုးရာသီ၌မူ
လမ်းပေါ်တွင် ရွှံ့ ဗွက်ထူထပ်နေသည်မို့ လမ်း၏
နှုတ်ခမ်းစပ် မြေသားမာမာရှိရာကိုသာ ရွေး၍ လျောက်ရ၏။
    မြို့သို့သွားလိုလျှင် ရွာအဝင်ရှိ လမ်းမကျယ်ရှိရာ
သို့ အရင်သွားရသည်။သို့မှသာ မြို့နှင့် ရွာတန်းရှည်
ပြေးဆွဲသော ကား များကို
စောင့်စီး၍ရသည်။ ကားများမှာ ရွာထဲသို့
ဝင်လေ့မရှိပဲ ရွာအဝင်များ၌သာ အတင်၊အချ ပြုလုပ်
ကြသည်။
  ကားဂိတ်ရှိ နားခိုရာ ဇရပ်ငယ်သို့ရောက်သော်လည်း ကားမလာသေး၍ ဒေါ်သူဇာ ခဏစောင့်နေလိုက်သည်။
  ဒေါ်သူဇာအပြင် ကားစောင့်နေသူ နောက်ထပ်
သုံးယောက်နှင့် ဈေးသည်အနည်းငယ်ရှိသည်။

"သမီး ဒီမှာ လာရောင်းတာလား"

  ဟိုတစ်နေ့က ကလေးမလေးကိုတွေ့၍ ဒေါ်သူဇာ
မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့..ဆရာမ"

  ကလေးမမျက်နှာ၌ အားငယ်နေသည့် အရိပ်အယောင်တွေအပြည့်နှင့်။

"သမီးအမေရော နေကောင်းလား"

"လမ်းတော့လျောက်မရဘူး ဆရာမ။ အိမ်ပေါ်မှာတော့ ဖင်ဒရွတ်ဆွဲပြီး သွားလို့ရတယ်။ အခုတော့
ထမင်းကျွေးပြီး သိပ်ထားခဲ့ပါတယ်"

"ပြန်ကောင်းသွားမှာပေါ့ သမီးရယ်..အားမငယ်နဲ့နော်
မိဘကိုလုပ်ကျွေးရတာ ကုသိုလ်အရမ်းရတယ်။
လူတိုင်းလဲ လုပ်ကျွေးခွင့်မရဘူး။ထိုက်တဲ့သူမှ လုပ်
ကျွေးရတာ။စိတ်မညစ်နဲ့နော် သမီး"

"ဟုတ်။သမီးစိတ်မညစ်ပါဘူး။ ကျေနပ်ပါတယ်။
အမေ့ကိုလဲ သနားတယ်။ ဒါပေမယ့်လေ..."

"ဒါပေမယ့် သမီးကျောင်းတက်ချင်နေတယ်မဟုတ်လား"

"ဟုတ်"

ကလေးမလေးက မပွင့်တပွင့်ဖြေသည်။

"သမီးကို ဆရာမ မေးမယ်။ သမီးဘာလို့ ကျောင်း
တက်ချင်တာလဲ"

"ပညာတတ်ချင်လို့ပါ ဆရာမ"

"ဒါဆိုရင် ကျောင်းမတက်ရလဲ အားမငယ်နဲ့။ ကျောင်း
ပိတ်ရက်တွေမှာ ဆရာမ အားတယ်လေ။သမီးအားတဲ့အချိန် ဆရာမဆီ အမြဲတမ်း စာလာသင်ပေါ့။ အတန်းပညာတော့ မရပေမယ့်
ဆရာမ တတ်သလောက်ထိတော့ သမီးကိုသင်ပေးလို့ ရတယ်လေ။ ပြီးတော့ ဆရာမတစ်ယောက်
ထဲတင် မဟုတ်ဘူး။တခြား ဆရာ၊ဆရာမတွေရော
ဘယ်သူမဆို သင်ပေးကြမှာပါ။ ဒါဆိုရင် မိဘကိုလဲ
လုပ်ကျွေးရတယ်။ ပညာလဲ တတ်မှာပေါ့"

"ဟင်! အဲလိုသင်လို့ရလား ဆရာမ"

"ရတာပေါ့ သမီးရဲ့"

"ဒါဆို သမီးအားရင် လာသင်မယ်နော် ဆရာမ"

"အင်း..လာခဲ့။ ကဲ..ခုတော့ ဆရာမသွားတော့မယ်
နော်။ ဟိုမှာ ကားလာနေပြီ"

"ဟုတ်ကဲ့ ဆရာမ"

ကလေးမလေးမျက်နှာ အပြုံးလှလှလေးဖြင့် ဝင်းပ
ကြည်လင်၍ ကျန်ရစ်ခဲ့လေသည်။
  ဪ..ပညာတတ်ချင်စိတ်ရှိတဲ့ ကလေးကျတော့
လည်း ဘဝကံက ဆိုးလွန်းပါဘိကွယ်။

.......

(၃)

"ဟင်! မသူဇာ ပြန်ရောက်ပြီလား။ လိုက်ခဲ့ဦးမလား"

မြို့က ပြန်ရောက်လာ၍ အိမ်ပေါ်တက်မည် ကြံကာ
ရှိသေး မတင်၏စကားကြောင့် ကြောင်အမ်းသွားလေ
သည်။

"မတင်က ဘယ်သွားမလို့တုန်း"

"ဟိုကလေးမ အမေလေ။ခုနလေးတင် ဆုံးသွားလို့တဲ့"

"ဟယ်!..ဘုရား ဘုရား။ဘယ်လိုဖြစ်တာတုန်း။ မြို့မ
သွားခင်လေးတင် ကလေးမနဲ့ ကားဂိတ်မှာတွေ့တုန်း
မေးကြည့်တော့ အိမ်မှာအိပ်နေတယ်ဆို..."

"ဟုတ်တယ် ခုလေးတင်ဆုံးတာတဲ့။ လာ..လာ.
သွားမယ်"

ဒေါ်သူဇာတို့နှစ်ယောက် ကလေးမလေးအိမ်ရှိရာသို့
ခပ်သုတ်သုတ်လျောက်လာခဲ့ကြသည်။

"အမေ..အီး..ဟီး သမီးကိုထားခဲ့ပြီလား အမေရဲ့..
အီး..ဟီး..ဟီး ..ဆရာမ လုပ်ပါဦး သမီးအမေ အသက်မရှိတော့ဘူးတဲ့..အီး.."

  ကလေးမ ရှိုက်ကြီးတငင် ငိုနေလေသည်။

"ဘယ်လိုဖြစ်တာလဲ ဟင်"

"ခုနလေးတင် ကျွန်တော်လာကြည့်တော့ အိပ်နေတာဗျ။ ခုတစ်ခေါက် လာကြည့်တော့ စဉ်းအိုးထဲ
ခေါင်းနစ်ပြီး ရေမွှန်းသေနတာပဲဗျာ" လို့

သူတို့အိမ်ဘေးက ဦးလေးကြီးက ဝင်ဖြေသည်။

"ရှင်!..ဘယ်လိုလုပ်ပြီး စဉ်းအိုးထဲ ခေါင်းဝင်နေတာလဲ"

"သူ့သမီး ဈေးရောင်းဖို့ သရက်သီးတွေ ရေဆေးပေး
နေတာ တူပါရဲ့ဗျာ။ ကျွန်တ်ေလာကြည့်တော့ သရက်သီးတွေက သူ့လက်နားက ရေဇလုံနားမှာ
ပျံ့ကြဲလို့။ သူ့ခြေထောက်တစ်ဖက်က ဟော..ဟိုက
ကြမ်းပေါက်ထဲမှာ ကျွံဝင်လို့။ခေါင်းက စဉ်းအိုးထဲ
ငိုက်စိုက်ကြီးလေ။ကြမ်းကျွံပြီး စဉ်းအိုးထဲ ချော်ကျနေတာပေါ့။ လေဖြတ်နေတဲ့သူဆိုတော့ ပြန်ထလို့မရဘူး တူပါရဲ့ဗျာ။"

  ဒေါ်သူဇာ လှမ်းကြည့်လိုက်တော့ ယိုင်နဲ့နဲ့ ဝါးတဲ
အိမ်ကလေး၏ နောက်ဖေးရေကပြင်နား၌ ကြမ်းခင်း
ဝါးချောင်းများ ပဲ့ကျိုးလို့။ သရက်သီးများမှာလည်း
ပျံ့ကြဲလို့။

" အီး..ဟီး.သမီးပြောထားပါတယ် ဆရာမရယ်။ ဒါတွေ မလုပ်ပေးပါနဲ့လို့။ အင့်..ဟင့်..သမီးဘာသာ
လုပ်ပါ့မယ်လို့။ပြောမရဘူး သမီးမရှိရင် အမေက
အမြဲလုပ်ထားတာ။ အပေါ့သွားရင်လည်း အိပ်ရာနား
ပေါက်ချဖို့ မှာထားပြီးသား။ အဝတ်တွေလဲ ယူထား
ပေးတယ်။ ပြောမရဘူး။ ဖင်ဒရွတ်ဆွဲပြီး ရေကပြင်နားကို ရအောင်သွားတယ်လေ..အင့်.အဟင့်.."

"သမီးရယ် ..သမီးအမေက သမီးပင်ပန်းနေတာ
မကြည့်ရက်လို့ ကူလုပ်ပေးတာပေါ့ကွယ်"

  ဒေါ်သူဇာလည်း ပြောရင်းဖြင့် စိတ်မကောင်းဖြစ်လာ၍ မျက်ရည်များကျလာသည်။ မတင့်လဲ ငိုလေပြီ။
ကလေးမလေးကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်၍
ခေါင်းလေးကို ပွတ်သပ်ပေးနေလိုက်သည်။
   ကလေးမလေး၏ မိခင်ကြီးမှာတော့ အိပ်ရာထက်၌
အသက်မဲ့စွာဖြင့် ငြိမ်သက်လို့။
စိတ်မကောင်းလိုက်တာ သမီးရယ်။
ဆရာမ ဘယ်လိုဖြေသိမ့်ပေးရပါ့မလဲ။
သနားစရာကောင်းလွန်းပါဘိ။
ဒီလို သူတို့မိသားစု အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့တာ
အဘယ်ကြောင့်နည်း။
မိသားစုကို ထားခဲ့ပြီး နိုင်ငံခြားထွက်သွားခဲ့သည့်
ဖခင်ကြောင့်လား။
သမီးငယ် ပင်ပန်းတာမကြည့်ရက်လို့ ဝိုင်းကူလုပ်ပေး
ရှာတဲ့ လေဖြတ်မိခင်ကြီးကြောင့်လား။
မိခင်ကိုတစ်ယောက်တည်းထားခဲ့ပြီး ဈေးရောင်း
ထွက်ခဲ့တဲ့ သမီးငယ်ကြောင့်လား။
မရှိဆင်းရဲသားမို့လား။
လူတိုင်း မဖြစ်မနေကြုံရမယ့် အနိစ္စတရားကြောင့်လား။
ဒါမှမဟုတ်..
ရှေးဘဝ အကုသိုလ်ကံအကြောင်းတွေကြောင့်
ဒီဘဝ ဒီလို ဖြစ်ခဲ့လေသလားကွယ်။
ဝဋ်ကြွေးရှိရင်လဲ ဤမျှသာကြေပါစေတော့။

(ပြီး)
.........
နတ်စောင်း(ကျိုက်ထို)
၁၀.၇.၂၀၁၅

No comments:

Post a Comment