Apr 21, 2017

ပြည့်စုံခြင်းပန်းချီကားအတွက် ဆေးရောင်မဲ့ စုတ်ချက် ။

ပြည့်စုံခြင်းပန်းချီကားအတွက် ဆေးရောင်မဲ့ စုတ်ချက် ။
=========
#ခင်သန္တာ


ဖုန်းစကရင်ကို လက်ဖြင့် ပွတ်သပ်လိုက်သည့် မောင့်လက်ချောင်းလေးများ၊ထိုနောက် လက်ချောင်းလေးတို့က ချွေးရှိ မနေသည့် မျက်နှာကို ပွတ်သုတ်နေသည့် ဟန်ပန် တို့ကို မေသက် လိုက်ကြည့်နေမိသည်။ဟန်ဆောင်မတတ်သည့် မောင့်ပုံစံတို့က စိတ်ကျဉ်းကျပ်နေသည်မှာ သိသာလှသည်။စားပွဲပေါ်သို့ ဖုန်းကို လှမ်းတင်လိုက်ရင်း “မေ ဒီနေ့ အလုပ်နားရက်လား”ဟု သမရိုးကျ မဟုတ်သည့် မေးခွန်းကို မေးနေသည်။မေသက်တို့ ကုမ်္ပဏီက တစ်လလျှင် တစ်ရက်သာ အနားရသည်။လစာကောင်းသော်လည်း လစာနှင့်တန်အောင် အလုပ်လုပ်ချိန် များလှသည်။တစ်နေ့ကပင် သား ကျောင်းပိတ်ရက်နှင့် တိုက်ကာ မေသက် နားရက်ယူပြီး မေမေတို့အိမ်သို့ တစ်မိသားစုလုံး အလည်သွားခဲ့ကြသေးသည်။အနေခက်နေသည့် မောင့်ပုံစံကို အားနာသွားသဖြင့် မေသက် ပြုံးရုံသာ ပြုံးပြလိုက်သည်။မေသက်တို့ လင်မယားနှစ်ယောက်သည် တစ်ဦး၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို တစ်ဦးက မပိတ်ပင်တတ်၊တစ်ဦး၏ ကိုယ်ရေးကိုယ်တာကို ကျန်တစ်ဦးက ၀င်ရောက်စွက်ဖက်ခြင်း မရှိကြ။ဟန်းဖုန်း ဆိုသည်ကို မေသက်ကတော့ တစ်ဦးဆိုင် ပစ်္စည်းဟုသာ သတ်မှတ်သည်။မောင့် ဟန်းဆက်ကို ဘယ်တုန်းကမှ စပ်စပ်စုစု ကိုင်မကြည့်ခဲ့ဖူး။ထို့အတူ မေသက် ဖုန်းကို ယူကြည့်လျှင်လည်း မကြိုက်တတ်။တစ်ခါ တစ်ခါ သားသား ယူဆော့လျှင် ပင် မေသက် မကြိုက်။မေသက် ဖုန်းခေါ်လိုက်လျှင် ဖုန်းပိုင်ရှင်ဖြင့်သာ တိုက်ရိုက် စကားပြောလိုသည်။မေသက်ကို ခေါ်လျှင်လည်း မေသက် အသံကိုသာ အရင်ကြားစေရမည်။အလုပ်အားမနေလျှင် မကိုင်ဘဲ နေမည်၊ပြီးမှ မစ်ကောလ် ကို ကြည့်ကာ ပြန်ခေါ်ဆိုနိုင်သည်ပဲ။ဒါသည် မေသက် သတ်မှတ်ထားသည့် ဟန်းဖုန်း ယဉ်ကျေးမှုဖြစ်သည်။မောင်သည်လည်း မေသက်လိုပင် လိုက်နာ ကျင့်သုံးသူ ဖြစ်သည်။သည်ရက်ပိုင်းများထဲတွင် မောင်သည် သူ့ဖုန်း အသံမြည်လာချိန် ထမင်းစားနေလျှင် ဖြစ်စေ၊ရေချိုးခန်း ၀င်နေလျှင် ဖြစ်စေ ”မေ ရေ ကိုင်လိုက်ပါ ”ဟု ပြောလာတတ်သည်။ဘယ်တုန်းကမှ မေသက် ကိုင်မပေးခဲ့ဖူး သဖြင့် ကိုင် မပေးသည့် အပြင် ခေါ်ဆိုလာသည့်နံပါတ်နှင့် အမည်ကိုပင် လှမ်းမကြည့်တတ်။”မောင် အားမှ ပြန်ခေါ်ပေါ့၊အရေးကြီးရင် တစ်ဖက်က ပြန်ခေါ်ပါလိမ့်မယ်” ဟုသာ ပြောခဲ့သည်။မက်ဆေ့ဝင်လာသည့် အသံတို့က ညည့်နက်နက်တွင် ရှိလာတတ်သည်။ထိုအခါမျိုးတွင် မီးမဖွင့်ဘဲ ဖတ်နေသည့် မောင့်အတွက် မေသက် မီးခလုတ်ကို ဖွင့်ပေးလိုက်သည်။ဝင်လာသည့် မက်ဆေ့အချို့ကို တစ်ခါတစ်ရံ အသံထွက်ပြီး မေသက်ကို ဖတ်ပြနေတတ်သည်။အချို့ ဖုန်းများကို မေသက်အား ကိုင်စေချင်လာသည်။ မေသက်ရော မောင်ပါ ကုမ်္ပဏီဝန်ထမ်းများ ဖြစ်ကြသည်။သို့သော် ကုမ်္ပဏီတူ ၀န်ထမ်းများတော့ မဟုတ်ကြ။သူငယ်ချင်းဘ၀မှ ချစ်သူများ အဖြစ် ကူးပြောင်းကာ အိမ်ထောင်သည်ဘ၀ကို နှစ်ကိုယ်တူ တည်ဆောက်ခဲ့ကြသည်။သားသားလေး ရလာတော့လည်း နှစ်ဖက်မိဘ နှင့်နီးကာ သားသား အတွက် မပူပင်ရသဖြင့် မေသက် အလုပ်ထွက်စရာ မလိုတော့ဘဲ မောင်နှင့်တန်းတူ အလုပ် လုပ်ခွင့်ရခဲ့သည်။အစိုးရဌာနများ နေပြည်တော်သို့ ပြောင်းရွှေ့သွားချိန်တွင် ထိုရုံးများနှင့် အဆက်အစပ်ရှိလှသည့် မောင်တို့ ကုမ်္ပဏီသည်လည်း လိုက်ပါ ပြောင်းရွှေ့ကြရသည်။ပါမစ် ကိစ်္စအတွက် သွားရေးလာရေး အချိန်များကို ထည့်သွင်းစဉ်းစားကာ ကုမ်္ပဏီ ၀န်ထမ်းအိမ်ရာများ ပါရှိလာရသည်။မောင်သည်လည်း နေပြည်တော် ကုမ်္ပဏီဝန်ထမ်း အိမ်ရာတွင် နေထိုင်ရမည့် ၀န်ထမ်းတစ်ဦးထဲတွင် ပါဝင်နေသည်။မေသက် ကုမ်္ပဏီကတော့ ဒီဇိုင်နာ လုပ်ငန်းနှင့် ဆက်စပ်သဖြင့် နေပြည်တော်တွင် ဈေးကွက် စီးပွားရှာရန် သိပ်မလိုအပ်သေး။သည်တော့လည်း မယ်တစ်ရွာ၊မောင်တစ်မြို့ နေကြဖို့ အကြောင်းဖန်လာတော့သည်။မောင်က သာ ရန်ကုန်နှင့် နေပြည်တော်ကို အသွားအပြန်လုပ်သော်လည်း မေသက်ကတော့ အလုပ်တစ်ဖက်၊သားတစ်ဖက်နှင့် တစ်ခေါက်မှ မရောက်ဖူးသေး။မောင် နေပြည်တော် ပြောင်းရွှေ့သည့် လမှာပင် မေသက် တစ်ယောက် ရာထူးရော၊လစာပါ တိုးမြှင့်ခြင်းခံရသည်။ထိုအခါ ပေးထားသည်နှင့် ထိုက်တန်စွာ အလုပ်များ တိုးလုပ်ရတော့သည်။မောင်ပြောင်းရွှေ့ပြီး နှစ်နှစ်လောက် နေမှ မေသက် မောင်ရှိရာ နေပြည်တော်သို့ ရောက်ဖူးတော့သည်။သူငယ်ချင်းတစ်ယောက်က နေပြည်တော်တွင် ကျင်းပမည့် ဖိုရမ် တစ်ခု တက်ရောက်ရန်ရှိသည်၊”ငါလည်း အဖော်ရတယ် ၊နင်လည်း နင့်ယောက်ျားဆီ အလည် ရောက်ဖူးတာပေါ့ဟာ လိုက်ခဲ့ပါ”ဟု ဆိုလာသည်။နားရက်နှင့်ပေါင်းကာ ရုံးမှခွင့်ယူကြည့်တော့ လွယ်လင့်တကူပင် အဆင်ပြေနေသည်။သားသား ကျောင်းတက်ရက် ဖြစ်နေသဖြင့် မေမေတို့က “ညည်းဘာသာသွား၊ကလေး ငါတို့ ကည့်ထားပေးမယ်”ဟု ဆိုသဖြင့် သူငယ်ချင်းကတော့ “စက်ကန်း ဟန်းနီးမွန်းပေါ့ဟယ်” ဟု စ နေသေးသည်။ မောင်က မေသက်ကို ကားဂိတ်တွင် လာကြိုပေးသည်။မောင် ရထားသည့် တိုက်ခန်းလေးသည် မကျဉ်းမကျယ်နှင့် သပ်သပ်ရပ်ရပ်။ဆိုင်ထမင်းဟင်းကိုသာ ၀ယ်စားနေသည့် မောင့် မီးဖိုခန်းလေးထဲရှိ စားပွဲပေါ်တွင် ဓာတ်ဘူး၊ကော်ဖီမစ်များနှင့် ကော်ဖီခွက် အချို့ကို တွေ့ရသည်။ကြွေခုံပေါ်တွင် အဆူမြန်သည့် ရေနွေးအိုးလေးကို ပလပ်ပေါက် တပ်လျှက် တွေ့ရသည်။ပြီးတော့ ရေသန့်ဗူးကြီးများနှင့် ရယ်ဒီမိတ် ဆီပုလင်း အသေးတစ်လုံး။ဟင်းချက်မစားသည့် မောင်က ဆီပုလင်းကို ဘာလုပ်ဖို့ ၀ယ်ထားသည် မသိ။ပန်းကန်အနည်းငယ် ထည့်ထားသည့် ပန်းကန်စင်လေးကိုလည်း တွေ့လိုက်မိသည်။တိုက်ခန်းလေးကို လှည့်ပတ်ကြည့်ပြီး မေသက်မှာ လုပ်စရာ အလုပ်က မရှိတော့သလို။မောင်က ရေချိုးပြီးထွက်လာသည် “မေ ရေချိုးတော့လေ ခဏနေ ရုံးဖယ်ရီလာတော့မှာ မနက်စာကို ကန်တင်းမှာ ကျွေးမယ်”။မေသက် ရေချိုး၊အ၀တ်စားလဲကာ မောင့်ရုံးသို့ လိုက်ခဲ့လိုက်ရသည်။မလိုက်လျှင်လည်း တစ်တိုက်လုံးတွင် မေသက် တစ်ယောက်သာ ကျန်ခဲ့ရလိမ့်မည်။နေ့လည်စာ ၀ယ်စားရန် ထမင်းဆိုင်များကို တိုက်ခန်း အနီးအနားတွင်လည်း မတွေ့ရ။ဖယ်ရီပေါ်တွင် မောင်တို့ ၀န်ထမ်းအချင်းချင်း အပြန်အလှန် ပြောနေကြသံတို့က ပျော်ရွှင်ဆူညံစွာ။မေသက်ကတော့ ပြုံးလို့သာ လိုက်ကြည့်နေမိသည်။မောင့် အထက်လူကြီးအချို့၊လုပ်ဖော် ကိုင်ဖက် အချို့နှင့် မိတ်ဆက်ပေးသည်။ထို့နောက် အလုပ်လုပ်နေသည့် မောင့်အခန်းလေးထဲတွင် မေသက်တစ်ယောက်တည်း ငေါင်တောင်တောင် ထိုင်နေမိသည်။တစ်မနက်ခင်းလေးပဲ ရှိသေးသည် မေသက် ရုံးခန်းလေးကို လွမ်းနေမိသည်။နေ့လည် ထမင်းကိုလည်း မောင်က ကန်တင်းမှာပင် လ ပေး စားနေသည်။မောင်နှင့်အတူမေသက်လည်း ကန်တင်း တစ်ဖန် ရောက်ရပြန်သည်။ ကန်တင်းမှ ဟင်းတို့ကို နှစ်နှစ်လောက် ဆက်တိုက်စားနေနိုင်သော မောင့်ကို သနားစိတ်နှင့်အတူ အံ့သြမိရသည်။ယခုမှ စားဖူးသည့် မေသက်ကတော့ မနည်းမြိုချနေရသည်။ထိုအချိန် သူ့ကို မေသက် စတင် သတိထားမိလိုက်ရသည်။ထမင်းငုံစားနေသည့် မောင့်နားလေး လာရပ်ကာ ငါးခူဆီပြန်ဟင်းနှင့် အရည်သောက် တစ်ခွက် လာချပေးရင်း “နည်းနည်းလေး စောင့်တာ မဟုတ်ဘူးဟယ် နင်ကလည်း ဒီနေ့မှ ငါတို့ ဆက်ရှင်က နေရာ အသစ်တွေ ပြန်ချနေလို့ ထမင်းစား နောက်ကျသွားတာ”။ဘေးဘီကို ဘယ်မှ မကြည့် မောင့်တစ်ယောက်ကိုသာ ကြည့်ရင်း စကားဆိုနေသည့် မိန်းကလေးကို မေသက် ငေးနေမိသည်။မေသက်တို့နှင့် ရွယ်တူလောက်ဖြစ်မည်။အသားဖြူဖြူ အရပ်မြင့်မြင့် သူ့ဟန်ပန်တို့က မလှသော်လည်း စွဲဆောင်မှု ရှိနေသည်။“မေ ရောက်နေလို့ဟ” မောင်ကတော့ တစ်ခွန်းသာ ပြောရင်း မိတ်ဆက်ပေးပြီးသလို ဖြစ်သွားရသည်။ထိုမိန်းကလေးက မေသက်ကို တစ်ချက်သာ ဝေ့ကြည့်သည်။စကားပင် မဆို။အသိအမှတ် မပြုသည့်အလား “ထားခဲ့လိုက်ပြီနော်၊နင်စားပြီး စားပွဲမှာထားခဲ့။ညနေမှ တွေ့မယ်”ဟု ဆိုကာ တစ်ဖက်ဝိုင်းသို့ ကူးသွားသည်။ထို မိန်းကလေး ထွက်သွားမှ မောင်က “မောင်နဲ့ စက်ရှင်တော့ မတူဘူး ထားထားလေ”ဟု တစ်ဖက်သတ် မိတ်ဆက်ပေးသည်။မောင့်ရုံးတွင် တစ်နေကုန် ပျင်းရိငြီးငွေ့စွာ မေသက် ထိုင်နေရသည်။သူငယ်ချင်းကလည်း သူ့အဖွဲ့များနှင့် အခြားနေရာတွင် တည်းခိုကာ ဖိုရမ်အတွက် အလုပ်ရှုပ်နေကြတော့မည်။မနက်ဖန် တစ်ရက်တော့ မေသက် မောင့်ရုံးသို့ မလိုက်လိုတော့၊တိုက်ခန်းတွင် ကျန်နေခဲ့သည်ကမှ အညောင်းအညာပြေ အိပ်နေလို့ ရသေးသည်။ရုံးက အပြန် ကတ်ပီတယ် မတ်သို့ ၀င်ကာ မောင်က ညနေစာ ကျွေးသည်။မေသက်ကတော့ ခေါက်ဆွဲခြောက်ထုပ်နှင့်ရယ်ဒီမိတ် ဆတ်သားခြောက်ထုပ်များ ၀ယ်လိုက်သည်။မနက်ဖန် တစ်ရက် အိမ်မှာနေခဲ့ကာ ဒါတွေနှင့် ရိက်္ခာ ဖြည့်မည်။ အိမ်ပြန်ရောက်ပြီး မောင်နှင့် မေသက် စကားတွေ ပြောဖြစ်ကြသည်။သားသားအကြောင်း၊ရန်ကုန်ရှိ သူငယ်ချင်းများ အကြောင်း၊နှစ်ဖက် မိဘများ အကြောင်းတို့ကို ရောက်တတ်ရာရာ ပြောကြသည်။သည်လို စကားတွေ အေးအေး ဆေးဆေး မပြောဖြစ်သည်မှာ အတော်ကြာခဲ့ပြီမှန်း အခုမှ သတိထားမိသည်။ည ၇နာရီဝန်းကျင်လောက်တွင် ထားထား နှင့်အတူ မိန်းကလေးတစ်ယောက်ပါလာသည်။ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပင် ယောက်ျာလေး နှစ်ယောက် ၀င်လာကြသည်။နေပြည်တော်တွင် မောင် အင်္ဂလိပ်စာ လေ့လာနေသည်ကိုတော့ တစ်ခါ ပြောဖူးသည်။ဆရာ တစ်ယောက်ကို ခေါ်ကာ မောင့်တိုက်ခန်းတွင် ၀ိုင်းဖွဲ့ သင်ကြသည်ဟု သိခဲ့ဖူးသည်။အခုမှ ပြန်သတိရမိသည်။မောင်က မေသက်ကို အားလုံးနှင့် မိတ်ဆက်ပေးသည်။ခဏအကြာ ဆရာရောက်လာသည်။ “မေ လည်း ၀င်ထိုင်လိုက်ပါလား။”မောင်ကတော့ ဖိတ်ခေါ်ပါသည်။သို့သော်လည်း ဒီတစ်ရက်တည်းနှင့် သူတို့စကားဝိုင်းကို မနှောက်ယှက်လိုတော့။ဧည့်ခန်းထဲမှာပင် စာသင်စားပွဲနှင့် မလှမ်းမကမ်း ထိုင်ကာ တွေ့သည့် စာအုပ်ကို ကောက်ကြည့်နေမိလိုက်သည်။စာအုပ် ခေါင်းစဉ်က နှလုံးသားမိတ်္တူ တဲ့ ဆရာတော်တစ်ပါးရေးထားသည့် စာအုပ်ဖြစ်သည်။ပထမဆုံး စာမျက်နှာ အလွတ်ပေါ်တွင် မောင့် မွေးနေ့ ရက်စွဲဖြင့် “ကျော့် အတွက် ထား ”ဆိုသည့် လက်မှတ်လေး ထိုးထားသည်ကို တွေ့ရသည်။စာဖတ်နေသော်လည်း မေသက်နားထဲတွင် မောင့်တို့ စကားဝိုင်းမှ အင်္ဂလိပ်လို ပြောနေသံများကို ကြားနေရသည်။ဆရာနှင့်သူတို့ ရယ်မောနေသံများ။စာသင်ချိန် တစ်နာရီလောက် ကြာတော့ ကော်ဖီတိုင်းမ်ဟု အော်နေကြသည်။မေသက် သည်တော့မှ သတိရသည် ”ဟုတ်သားပဲ ကိုယ့်အိမ် မဟုတ်တောင် မောင့်အိမ် လာသည့် ဧည့်သည်များကို ကော်ဖီတိုက်သင့်သည်ပဲ။”အတွေးတို့ဖြင့် မေသက် မီးဖိုခန်းဆီသို့ သွားဖို့ ပြင်လိုက်သည်။မီးဖိုခန်းနှင့် စာသင်စားပွဲက ကပ်လျှက် အနေအထား ဖြစ်နေသည်။ထားထားနှင့် အဖော် မိန်းကလေးတို့က ဦးစွာ မီးဖိုခန်းသို့ ရောက်နှင့်ပြီ။မေသက် ထလာသည်ကို မြင်သည့် ယောက်ျားလေး တစ်ယောက်က “အမ နေနေ ထားထားတို့ ဖျော်နေကျ သူတို့လုပ်လိမ့်မယ်”“ဟု လှမ်းပြောသည်။မေသက် ရှေ့ဆက်လှမ်းရတော့မလို ပြန်ထိုင်ရတော့မလို ဖြင့် မောင့်ကို လှမ်းကြည့်လိုက်မိသည်။မောင်ကလည်း “မေ နေပါစေ ထားထားလုပ်လိမ့်မယ် ဆရာက သူဖျော်တဲ့ ကော်ဖီကို ကြိုက်တယ်”ဟု ဆိုကာ ထပ်ဆင့် ထောက်ခံပြန်သည်။ထို့နောက် ယောက်ျားလေးတို့ အဖွဲ့က ဆရာနှင့် စာဆက်ပြောနေကြသည်။မိန်းကလေး နှစ်ယောက်ကတော့ မီးဖိုခန်းထဲတွင် ကော်ဖီဖျော်ဖို့ အလုပ်ရှုပ်နေကြသည်။ မောင်ရှိနေသော်လည်း တစ်စိမ်းတို့ အလယ် ရောက်နေသလို မေသက် ခံစားလိုက်ရသည်။သိပ်မကြာလိုက်သည့် ခဏအတွင်း ထားထားတို့နှစ်ယောက် ကော်ဖီခွက်များဖြင့် မီးဖိုထဲမှ ထွက်လာကြသည်။မေသက် သောက်ဖို့ပင် ကော်ဖီတစ်ခွက်ပါလာသည်။ဘယ်တုန်းက ဘယ်သူ ပါလာမှန်း မသိသည့် စတော်ပဲပြုတ်ကို ဆီစိမ်း ဆမ်း သုတ်ထားသည့် ခွက်လေးက စားပွဲအလယ်တွေ အမြည်းသဖွယ် ချထားပေးသည်။မနက်က တွေ့ခဲ့သည် ဆီပုလင်းလေးကို အခုမှ ဆက်စပ်ကြည့်မိသည်။ထို့နောက် စာသင်သားများ ကော်ဖီ တစ်ယောက်တစ်ခွက်ဖြင့် စကားဆက်သင် နေကြသည်။မေသက် ထလုပ်ပေးလျှင်ပင် အချိန်ဒီလောက် မြန်မြန်နှင့် ဒီလို အစီအစဉ် မကျနိုင်ပါဟုသာ တွေးဖြစ်တော့သည်။နာရီဝက်အကြာ စာသင်ချိန် ပြီးဆုံးသွားကြသည်။ဆရာ အပါအ၀င် အားလုံး မေသက်ကို နှုတ်ဆက်ပြန်သွားကြသည်။ထားထားနှင့်အဖော် မိန်းကလေးတို့က ကော်ဖီခွက်များကို ဆေးကြောပြီး စင်ပေါ်တွင် ပြန်တင်ခဲ့ကြသည်။ထားထားဆိုသည့် မိန်းကလေးကတော့ မေသက်ကို ယခုချိန်ထိ မျက်လုံးချင်း ဆုံပြီး မကြည့်သေး။မေသက် လိုက်မနေနိုင်သည့် သည်အိမ်လေးတွင် စာသင်ဝိုင်းလေး ရှိနေခြင်းကြောင့် မောင် အထီးမကျန်ရခြင်း ဖြစ်သည်။ဆရာနှင့်အတူ စာသင်ဝိုင်းအဖွဲ့သားများကို မေသက် ကျေးဇူးတင်မိပါသည်။
(၂)
နောက်တစ်နေ့ မနက်စာကို စောစောထကာ မောင့်အိမ်နှင့် အနည်းငယ် လှမ်းသည့် ဈေးကြီးတစ်ခု သို့ မေသက်တို့ နှစ်ယောက် လမ်းလျှောက်ထွက်ခဲ့လိုက်ကြသည်။ဈေးမှာပင် နံနက်စာ စားကြသည်။စာအုပ်ဆိုင်တွင် စာအုပ်နှစ်အုပ် ၀င်ဝယ်ခဲ့လိုက်သည်။တစ်နေကုန် စာဖတ်ရင်း မောင့် တိုက်ခန်းလေးထဲတွင် ကျန်ခဲ့လိုက်တော့မည်။မောင့်ဖယ်ရီထွက်သွားပြီးသည်နှင့် စာအုပ်များပိုက်ကာ ကုတင်ပေါ်သို့ တက်လိုက်သည်။ခေါင်းအုံးနှစ်လုံးဆင့်ပြီး ခပ်လျှောလျှော အနေအထားဖြင့် စာဖတ်တော့မည် လုပ်ပြီးကာမှ စားပွဲလေးပေါ်က အပင်စိမ်းစိမ်းလေးကို သတိထားမိလိုက်သည်။ခပ် ပက်ပက် ဖန်ခွက် အကြည်လေးထဲတွင် ရေနှင့် ရောင်စုံ ကျောက်စရစ်ခဲများထည့်ထားသည်။အလှ တင်ထားရသည့် ပန်းပင် အမျိုးအစားဖြစ်မည်ထင်သည်။မောင့် အခန်းလေးထဲက ပန်းအိုးကတော့ ရေများလည်း ခန်းခြောက်ခါနီးနေပြီ၊ကျောက်စရစ်ခဲ အရောင်တို့ကလည်း ညိုညစ်ညစ် ဖြစ်နေပြီ။မေသက် စာမဖတ်သေးဘဲ ဖန်ခွက်လေးထဲ ရေဖြည့် ၊ကျောက်စရစ်ခဲများကို ပွတ်တိုက် ဆေးကြည့်နေမိသည်။အားလုံး ဆေးကြောပြီးသောအခါ အပင်စိမ်းစိမ်းတို့က အရောင်ထွက်လာသည်။ကြည့်ရသည်မှာ မျက်စိအမြင်အေးနေသည်။ပန်းအိုးလေး နေရာကျပြီးသောအခါ မေသက် အခန်းလေးထဲ လိုက်ကြည့်မိနေသည်။မနေ့က တစ်နေကုန် ရုံးတွင် လိုက်နေပြီး၊ညကလည်း ချက်ချင်း အိပ်ပျော်သွားခဲ့သည်။သေတ်္တာနှစ်လုံးဆင့်ထားသည့် ပေါ်တွင် ဆေးပုလင်း အချို့ကို တွေ့ရသည်။ထက်လင်း ရင်လူးဆေး၊မှန်ချိုငုံဆေးပြား အချို့နှင့် လျှက်ဆားထုပ်များ အနည်းကို တွေ့ရသည်။ဘယ်တုန်းကမှ မြန်မာဆေး မသောက်ခဲ့ဖူးသည့် မောင့် အခန်းထဲတွင် မြန်မာဆေးများ တွေ့ရသဖြင့် မေသက် အံ့သြသွားရသည်။ဆေးပုလင်းများကို စနစ်တကျ စီပေးရင်း ချောကလက် အခွံ့အချို့ကိုလည်း တွေ့ရသည်။”ချောကလက်ကို အရောင်မြင်တာနဲ့တင် စားချင်စိတ်ကုန်တယ်“ဟုဆိုကာ စား မကြည့်ဖူးသည့် မောင်က ချောကလက်များ ၀ယ်စားနေသည်တော့ မဟုတ်တန်ရာ။လက်စနှင့် အခန်းကို ဆက်ရှင်းနေမိသည်။အိပ်ယာခင်းများ၊ခေါင်းအုံးစွပ်များ လဲလှယ်ကာ မောင့် အ၀တ်အစားသေတ်္တာကိုပါ ဆက်ရှင်းပေးရင်း စာမဖတ်ဖြစ်တော့။မောင့် အင်္ကျီများ ခေါက်ပေးရင်း အ၀တ်အစား အချို့ကို မေသက် မှတ်ပင် မမှတ်မိတော့ သူ့ အ၀တ်အစားများ မဟုတ်ဟုပင် ထင်မိနေသည်။စွပ်ကျယ်နှင့် အတွင်းခံ ဘောင်းဘီတို့က အတော် ဟောင်းနွမ်းနေတာ တွေ့ရသည်။နှစ်နှစ်လောက် မောင့်ကို ပစ်ထားမိသည်ပဲ။အတွေးတို့နှင့် စိတ်မကောင်းဖြစ်သွားပြီး အိမ်ရှင်မစိတ် ၀င်လာမိတော့သည်။ ဖြစ်မည်။မောင် ရန်ကုန်ပြန်ရောက်နေသည့် တစ်ပတ်တွင် ထားထားနှင့်အတူစာသင်ဝိုင်းမှ မောင့် လုပ်ဖော်ကိုင်ဖက် တစ်ချို့ အိမ်ရောက်လာကြသည်။ထားထားနှင့်အတူ ယောက်ျားလေး နှစ်ယောက်တို့ အနောက်နိုင်ငံတစ်ခုသို့ သင်တန်းတက်ရောက်ရန် လွတ်ခြင်းခံရသည်။ရန်ကုန်တွင် လိုအပ်သည်များကို လာ ပြင်ဆင်ကြရင်း မောင့်ထံ ၀င်လာကြခြင်းဖြစ်သည်။မေသက်ကလည်း ရုံးသွားခါနီး ဖြစ်နေသည်။သားသားကို မေမေတို့က ကျောင်းပို့ပေးနေသဖြင့် အိမ်တွင် မောင်တစ်ယောက်သာ ကျန်ခဲ့မည်။ဧည့်သည့်များသောက်ဖို့ ကော်ဖီတော့ ဖျော်ပေးခဲ့သင့်သည်ကို သိသော်လည်း တိုက်အောက်မှ ဖယ်ရီဟွန်းတီးသံကို ကြားနေရပြီ။မောင့်ကိုပဲ တာဝန်ပေးခဲ့ရတော့သည် ”မောင်ရေ ဓာတ်ဗူးထဲမှာ ရေးနွေးအသင့်ရှိတယ်။ကော်ဖီထုပ်တွေက ကြောင်အိမ်ပေါ်မှာ၊ကော်ဖီပန်းကန်တွေက စားပွဲပေါ်မှာ အသင့်ရှိတယ် ဧည့်သည်တွေကို ဖျော်တိုက်လိုက်နော်”။မေသက် စကားသံတို့ အဆုံး ထားထားက ”ရတယ် ကျော် ငါတို့ဘာသာ ဖျော်သောက်လိုက်ပါမယ်”ဟု မောင့်မျက်နှာကိုသာ ကြည့်ရင်း ဆိုသည်။ယခုမှ ရောက်ဖူးသည့် အိမ်တစ်အိမ်တွင် ကိုယ့်ခြေ ကိုယ့်လက် ကော်ဖီဖျော်သောက်ဖို့ဆိုသည်မှာ ရဲတင်းလွန်းမနေဘူးလား၊ပြီးတော့ ဧည့်ခန်းတွင် ၀င်ထိုင်နေပြီး သည်အိမ်၏ အိမ်ရှင်မ မျက်နှာကိုပင် မကြည့်ဘဲ နေနိုင်သည်ကိုလည်း အံ့သြမိရသည်။ဖယ်ရီကားပေါ်တွင် မေသက်စိတ်တို့ စနိုးစနောင့်ဖြစ်ကာ လိုက်ပါခဲ့သည်။ကိုယ့်ခံစားချက်ကို ပြန်လည် ဆန်းစစ်ကြည့်နေမိသည်၊ ၀န်တိုခြင်းမဟုတ်သည်ကတော့ သေချာလှသည်၊ဒါဆို ခံပြင်းခြင်းများလား။
( ၃ )
မေသက်စိတ်ထဲ ဘယ်လိုပင် ရှိနေစေ မောင့်ကိုတော့ ပြောပြချင်စိတ် မရှိ။စွတ်စွဲပြောဆိုစရာ အခိုင်အမာ အကြောင်းအရာတို့ကလည်း ရှာမရ။သည်လိုနှင့် မေ့ပျောက်သွားရပြန်သည်။ထူးခြားသည်က မောင်တစ်ယောက် မေသက် ကိုဘာမှ မပြောဘဲ ရန်ကုန်တွင်သာ ရုံးထိုင်ရမည့် စက်ရှင်သို့ ပြောင်းရွှေ့လိုက်ခြင်းပင်။မိသားစု တစ်စည်းတစ်လုံး ပြန်နေခွင့်ရတော့လည်း မောင်နှင့်မေသက်တို့ သွေးများ ပြန်နွေးလာသလိုလို။မောင့် အားလပ်ချိန် တော်တော်များများက မေသက်နှင့်သားသားတို့အတွက်သာ။သုံးလလောက်ကြာပြီး တစ်ညနေတွင်တော့ မောင်က မေသက်ထက်စောစီးစွာ အိမ်ပြန်ရောက်နေနှင့်သည်။မေသက် အိပ်ခန်းထဲသို့ ရောက်ရောက်ချင်း မောင်က “မေရေ လက်ဆောင်ပစ်္စည်းတွေ ပေးချင်လို့ မေ့ကို စောင့်နေတာ”ဟု ဆိုကာ မေသက်ကို ကုတင်ပေါ်တွင် ထိုင်စေသည်။အိတ်ကြီး တစ်လုံးထဲမှ နိုင်ငံခြားဖြစ် အသုံးအဆောင် ပစ်္စည်း အချို့ကို ထုတ်ပြသည်။”ပြည်ပသို့ သင်တန်းသွားတက်ကြသည့် မောင့်လုပ်ဖော် ကိုင်ဖက် သူငယ်ချင်းများ ပြန်ရောက်လာတာ ဖြစ်နိုင်သည်။”လက်ဆောင်ပစ်္စည်းနှစ်ထုပ်က မေသက်နှင့် မောင့်အတွက် နှစ်မျိုးဖြစ်နေသည်။ကျန် တစ်ထုပ်သာ ရေမွှေး ပုလင်းတစ်မျိုးတည်း ပါတာတွေ့ရသည်။မေသက် ချက်ချင်းမှန်းမိသွားသည်။ ထားထားလက်ဆောင် ဖြစ်လိမ့်မည်၊အခြားသူများလို မောင့်မိန်းမအတွက် ထည့်သွင်း စဉ်းစားခဲ့ပုံမရ။ရေမွှေးပုလင်းကို ဆွဲထုတ်လိုက်ပြီး မောင်က “ဒီရေမွှေးလေး မေ ယူလိုက်၊မေက ရေမွှေးကြိုက်တယ်လေ”ဟု ဆိုလာသည်။ဗူးခွံပေါ်တွင် ဖော်မန်း (်သမာနည) ဟု အထင်အရှား ရေးထားသည်ကိုတွေ့ရသည်။မေသက်က ”မောင်ကလည်း ယောက်ျားလေး သီးသန့် သုံးဖို့ ထုတ်ထားတာကို မောင်သုံးပါ၊ဈေးကြီးမှာ ပစ်္စည်းက အမျိုးအစားကောင်းကြီး။”ဟု ဆိုကာ မောင်ပေးသည်ကို မယူဘဲ နေလိုက်သည်။“ဟာ မေ ကလည်း ဖော်မန်းဆိုတာ မိန်းကလေးတွေ သုံးရမှာလေ၊မေ သုံးတယ်ဆို မောင့် အတွက်ပေါ့” ဟုဆိုကာ ကြည်ကြည်နူးနူးပြုံးနေသည့် မောင့်ကို မေသက် ငေးကြည့်နေမိသည်။ သည်တစ်ခါတော့ မေသက် ထားထားနေရာက ခံစားလိုက်ရခြင်းဖြစ်သည်။ကိုယ်ချစ်တဲ့သူ သုံးစေချင်၍ ပေးသည့် အသုံးအဆောင်ကို ထိုသူက သူချစ်သည့် သူကို ပြန်ပေးနေသည်ဆိုတာ သိလျှင် ဘယ်မျှ ခံစားလိုက်ရမည် မသိ။အဲ့သည်နောက်ပိုင်းတော့ မောင်က ထားထားနှင့်ပတ်သက်သည့် ဖုန်းများ၊မက်ဆေ့များကို မေသက်အား သိစေချင်လာသည်။ဘာကြောင့်မှန်းတော့ မသိ၊မေသက် မှန်းဆ မိသည်မှာ အတင်းတိုးဝင်နေသည့် ထားထားကို တားဆီးလိုခြင်းဖြစ်မည် ထင်သည်။ဘယ်လိုပင် ဖြစ်ဖြစ် မောင့်အပေါ်တော့ မေသက် သံသယ မဖြစ်မိ။မောင်ရော မေသက်ပါ ရန်ကုန်တွင် အတူနေရသည့်အတွက် ယခင်ကထက်စာလျှင် အနည်းငယ် ပိုစုမိကြသည်။ကံကောင်းချင်တော့ မောင့်ဘက်မှ အဘွားက မောင်နှင့်မေသက်အတွက် အမွေဟုဆိုကာ ထောက်ကြန့်အလွန်နားလေးတွင် မြေတစ်ကွက်ပေးသည်။မေသက်တို့တွင်ကိုယ်ပိုင်အိမ်လည်း မရှိသေးသည့်အတွက် ထိုမြေလေးပေါ်တွင် နှစ်ဦးသား ကိုယ်ပိုင်အိမ်လေး ဆောက်နေချင်ကြသည်။လက်ထဲတွင်လည်း အိမ်ဆောက်လောက်အောင် များများစားစား မစုမိကြသေး။ရန်ကုန်ဧရိယာနှင့် ဝေးသည်ဆိုသော်လည်း လိုင်းကားများ ပေါသဖြင့် သွားနေနိုင်သည်။ရန်ကုန်မြို့ထဲရှိ အငှားတိုက်ခန်း ကျဉ်းကျဉ်းနှင့်စာလျှင် မြို့ပြင်ရှိ ကိုယ်ပိုင်ခြံ၊ကိုယ်ပိုင်အိမ်လေးဖြင့် ပိုနေချင်ကြသည်။မေသက်ကတော့ ဆန်္ဒ အပြင်းထန်ဆုံးဖြစ်သည်။မောင့်ကို အတင်းတိုက်တွန်းကာ စီစဉ်တော့သည်။မေသက်ရုံးမှ ပိုက်ဆံအနည်းငယ် ချေးလိုက်သည်၊မောင်လည်း သူ့ရုံးမှ ရနိုင်သလောက် ဆွဲကာ ပျဉ်ထောင်၊သွပ်မိုးအိမ်လေးကို ဇွတ်ဆောက်လိုက်ကြသည်။အကြွေးများရှိနေသော်လည်း ကိုယ်ပိုင်အိမ်ဆိုသည့် အသိလေးဖြင့် မမောနိုင်မပန်းနိုင် အချိန်ရှိသရွေ့ လုပ်နေကြသည်။ သစ်နှင့်သွပ်များအတွက် ဈေးနှုန်းသက်သာစေရန် အစိုးရထံမှ လျှောက်ခြင်းကို မောင့်သူငယ်ချင်း တစ်ယောက်က ကူညီပေးသည် ဆိုသည်။အိမ်ရှေ့ ရေကန်လေးနှင့် ရေချိုးခန်းအတွက် လိုအပ်သည့် အုတ်နီခဲ များကိုလည်း မီးခံအုတ်စက်ရုံမှ ဈေးသက်သက်သာသာနှင့် ရခဲ့သည်။ခြံထောင့်တွင် စိုက်လိုသည့် အပင်များ၊ခြံထဲတွင် တူးလိုသည့် ရေတွင်းအတွက် ကုန်ကျစရိတ်များက လုပ်နေရင်းဖြင့် မလောက်ငနိုင်တော့။မောင့်ကိုသာ အပူကပ်ကာ ထပ်မံချေးငှားကြည့်ခိုင်းရသည်။နောက်မှ ဘယ်လို ဆပ်ရ ဆပ်ရ အခုလောလောဆယ်ဆယ် တော့ အိမ်ကလေးကို အမြန်ပြီးလိုလှသည်။၇ လလောက်နီးပါး ကြိုးပမ်းပြီးချိန်တွင် မေသက် ဆန်္ဒများပြည့်ဝခဲ့ရသည်။ ရောင်စုံဆီမီး ထွန်းညှိထားပြီး နှင်းဆီဖြူများ ဝေနေသည့် ဘုရားစင်နှင့်တလူလူလွင့်နေသည့် ပြတင်းပေါက်မှ ခန်းဆီးပြာပြာလေးများ။ဖယောင်းပုဆိုး အသစ်လေးပေါ်တွင် ၀မ်းလျားမှောက် စာရေးနေသည့် သားသား ဟန်ပန်များ။အိမ်ရှေ့ အုတ်ကန်နားတွင် တ၀ုန်းဝုန်းရေချိုးနေသည့် မောင့်ပုံရိပ်တို့ကို ကြည့်ပြီး မေသက် ကြည်နူးနေမိသည်။တစ်နေကုန် အိမ်အလှဆင်နှင့် မီးဖိုချောင် ပစ်္စည်းများ နေရာချထားခြင်း အလုပ်ကို လုပ်နေရသဖြင့် လူ ပင်ပန်းနေသော်လည်း မေသက် စိတ်ပျော်ရွှင်လှသည်။ညစာ အတွက် ထမင်းပွဲ ပြင်ဆင်ရင်း မောင် ရေချိုးအပြီးကို စောင့်နေမိသည်။အိမ်ပေါ်သို့ မောင် တက်လာသည်နှင့် အချိန်ကိုက်ပင် မောင့် ဟန်းဖုန်းက အသံမြည်လာသည်။မောင်ကလည်း ရေသုတ်နေရင်း ချက်ချင်းကောက်ကိုင်လိုက်သည်။မောင်ပြောနေသည့် စကားသံတို့ကို မှန်းဆရသည်မှာ ထားထားဆီက ဖြစ်နိုင်သည်။ကြည်လင်နေသည့် မေသက် စိတ်တို့ အနည်းငယ် ညစ်ညူးသွားရသည်။မောင်နှုတ်ဖျားမှ ကျေးဇူးစကားတို့ အကြိမ်ကြိမ် ဆိုနေသံကို ကြားရသည့်အခါ နားထောင်မိလျှက်သား ဖြစ်သွားရသည်။သစ်နှင့်သွပ်၊အုတ်နီခဲများအတွက် ဈေးနှုန်းသက်သာစေရန် စီစဉ်ပေးခဲ့သူ၊မေသက် လိုချင်နေသည့် အပင်တို့အတွက် နေပြည်တော်မှပင် တကူးတကပို့ပေးခဲ့သူ။နောက်ဆုံး စုဆောင်းထားသည့် ငွေတို့ခါးဆက်ပြတ်ကာ လိုအပ်သမျှငွေအတွက် ဖြည့်ဆည်းချေးငှားခဲ့သူ။ဘာကြောင့်မှန်း မသိ မောင်က ပြောနေရင်း စပီကာ ဖွင့်လိုက်သည်။မောင်နှင့်ထားထားတို့ အပြန်အလှန်စကားပြောသံတို့က မေသက်တို့ အိမ်သစ်လေးထဲတွင် ပျံ့လွင့်နေသည်။ “ကျေးဇူးအထူးပါဟာ ငါ့သူငယ်ချင်း အပျိုကြီး စုဆောင်းထားတဲ့ ပိုက်ဆံတွေ အမြန်ဆုံး ပြန်ဆပ်ပါ့မယ်”။ “မလိုပါဘူးဟာ ငါက သုံးစရာ အရေးတကြီး မရှိပါဘူး။အခု နင်စိတ်ချမ်းသာနေတယ် မလား။နင့် မိန်းမ ဖြစ်ချင်တာတွေကို လုပ်ပေးရလို့လေ။ပြီးတော့ နင့်ကို အဲ့ဒီလို အိုးပိုင်အိမ်ပိုင်လေး ဖြစ်စေချင်နေတာ။နင်စိတ်ချမ်းသာရင် ငါစိတ်ချမ်းသာပါပြီဟာ။ လုပ်ပါ လုပ်ပါ ရေချိုးပြီး တက်လာတာဆို၊” “ အေး ဟုတ်တယ် မေတို့ ထမင်းစားဖို့ စောင့်နေလို့”မောင့် အသံတို့က အားတုံ့အားနာ။ xxxxxxxxxxxxxx(((((((((((((((((((((((((((((((((((((((((((((((((((((((((((((((( ချစ်ခြင်းမေတ်္တာဆိုသည်မှာ ဖမ်းဆုပ်ကိုင်တွယ်၍မရ၊တွေ့မြင်နေစရာလည်း မလို၊မျှော်လင့်ချက်များလည်း မပါ ၊အဖြူထည် သက်သက်ဖြင့် ကိုယ်ချစ်သောသူ စိတ်ချမ်းသာနေပါစေ ဆိုသည့် စိတ်ကလေးဖြင့် မေတ်္တာထား ၍ ရနိုင် ပါသေးကြောင်း မေသက် တစ်ယောက် သဘောပေါက် လိုက်မိပါတော့သည်။
======
မေလထုတ် ရွှေအမြုတေ မဂ္ဂဇင်း ၂၀၁၅

No comments:

Post a Comment