ငါ့ညီမ .....(ကဗျာရှည်)
_________________________
ကိုဇော် ( ကလေးမြို့ )
၁။
ပွင့် ကြွေ လန်း
အဲသလို ရာသီစက်ဝန်းမှာ
သက္ကရာဇ်တွေ ဖြို ချ
ငါ့ညီမဟာ လှနေတုန်းပါပဲ
၂။
အိမ်ကလေးကိုချစ်မြတ်နိုးသူ
မိသားစုရဲ့ ပင်မခွေးသွားစိပ်
မင်းဆံပင်ခွေလိပ်လိပ်တွေ ဝှေ့ရမ်း နွဲ့  ယိမ်း
အားလပ်ရက် အိမ်သိမ်းသီချင်းနဲ့
တစ်လမ်းလုံးကိုသန့်ရှင်းသွားစေသူ
ဈေးသွားဈေးပြန်စံပယ်နံ့သင်းစေသူ
အိမ်ဆည်းလည်း
အိမ်ခေါင်
အိမ်ဝင်းခြံ အိမ်အဝင်လမ်း အိမ်ရှေ့  မြက်ခင်းပြင်
အိမ်ကြမ်းခင်း အိမ်ပြူတင်းပေါက်
အိမ်ရဲ့တောက်လျောက်အဓိပ္ပါယ်
ကြွယ်ကြွယ်ဝဝ ပြုံးတတ်သူငါ့ညီမ
၃။
ခေတ်ပေါ်အရွေ့ ကို ငဲ့စောင်းကြည့်
တီရှပ် ဘိစကတ်နဲ့လည်း လုံခြုံရဲ့
မြန်မာမှန်းသိသာစေခဲ့သူ ငါ့ညီမ
ကော်စမိုပိုလီတန်မြို့ ကလေးကို
ပန်းလိုပန်ထားပြီး
ဘာသာစုံယဉ်ကျေးမှုကို ချစ်ခင်သူ
နှလုံးသားမှာ ဘုရားတည်ထားသူ ငါ့ညီမဟာ
ဒီခေတ်မှာ လူဖြစ်ခဲ့တဲ့ နွံထဲက ကြာ
ဗေဒါ
အမြင့်ပျံငှက်
စရိုက်မပျက်တဲ့ မိသားစုအတောင်ပံ
အုပ်ဖွဲ့ ပျံသန်းမှုစည်းချက်မှန်ဖို့အတွက်
ထက်မြက်တဲ့ နှလုံးခုန်သံပါ
၎။
ငါ့ညီမရေ
ဆံပင်အရှည်တွေဟာ မင်းတန်ဘိုးကွဲ့ 
ဖြီးသင် ထုံးဖွဲ့ 
မင်းအပ်ချုပ်စက်ကလေးရဲ့ ကောင်းကင်မှာ
မျက်နှာကျက်မှာ
ဝရံတာမှာ
ပြူတင်းပေါက်ကမြင်ရတဲ့စပယ်ရုံမှာ
အိမ်နောက်ဖေးကကန်စွန်းခင်းလေးမှာ
အိမ်ဘေးတလျောက်က မန်ကျည်းသရက်ပင်တန်းမှာ
အိမ်ရှေ့ က စက္ကူပန်းရုံမှာ
ပြန့် နှံ့ တည်ရှိနေတဲ့ မေတ္တာဓါတ်က
ပိတုန်းရောင်မင်းကေသာတွေဆီက လျှံကျနေတာ
ငှက်ကလေးတွေကို အစာကျွေးသူ
သဘာဝတရားရဲ့ ကိုင်းခက်ပန်းနွယ်
မင်းရယ်သံမှာ လိပ်ပြာလေးတွေ က ခုန် နေကြပေါ့
၅။
မုန်တိုင်းတွေကို
မင်းဘယ်လိုဖြတ်ကျော်ခဲ့ပါသလဲ ငါ့ညီမ
သမိုင်းဆရာကိုမျက်လှည့်ပြချင်ယုံ သက်သက်နဲ့
ခေတ်ကို ဆန်တက်ခဲ့ခြင်းတော့ မဖြစ်တန်ရာ
အပ်ချုပ်စက်ကလေးဟာ
ဒဏ်ရာတွေကို ချုပ်လို့  ရခဲ့ပါသလား
ပျားပိတုန်းတွေကိုအံတု က ခုန်
ပန်းကလေးရဲ့မူလ ဂုဏ်ကို
မင်းဘယ်လို ထိန်းခဲ့ရပါသလဲ
ပြည့်စုံချိုမြ
ယဉ်စစ ပြုံးငဲ့အကြည့်မှာ
ဘာသာပြန်စရာအမှောင်နှစ်များ ရှိခဲ့မှာအသေအခြာ
၆။
သျှီ
ပန်ထွာ
မနုစာရီ
ဇာမဏီ ဖီးနစ်
ဖြစ် တည် ပျက် က နေ
ဘယ်လို ခုန်ထွက်ခဲ့ပါသလဲ ငါ့ညီမ
၇။
အရိုးစင်းဆုံး မျဉ်းဖြောင့်
ရှင်းရှင်းတွေးထားတဲ့နှလုံးသားအဖြူနဲ့
လူကိုလူလိုမြင်တဲ့ ငါ့ညီမရေ
မင်း မော့မော့ကြည့်နေတတ်တဲ့
အနာဂတ်ရဲ့ ကောင်းကင်အောက်မှာ
မင်းကိုယ်တိုင်ဘာသာပြန်ထားတဲ့
အပြုံး
မျက်လုံးနဲ့ ပုခုံးများအကြောင်း
ကမ္ဘာကို ခေါင်းလောင်းထိုးဖို့ 
ကိုယ်တို့  စောင့် နေ ခဲ့ ကြ ပြီ
၈။
ငါ့ညီမ
၉။
ပွင့် ကြွေ လန်း
အဲသလို ရာသီစက်ဝန်းမှာ
ရက်စက်တဲ့ သက္ကရာဇ်တွေ ဖြို ချ
ငါ့ညီမလေး လှနေပါဦးကွယ်။ ။
ကိုဇော်(ကလေးမြို့ )
30.4.2016.
sat:
No comments:
Post a Comment