May 27, 2017

ရွှေအမြူတေကဗျာဆု

ရွှေအမြူတေကဗျာဆု။၂၀၁၇ ဇန်နဝါရီ နှင်းဆီဖြူ

ပုန်းခိုစရာ အခွံပါမလာတဲ့ ဒဏ်ရာ ..
___________________________________(မိကုဋေ)

ရေအိုင်ထဲမှာ ခရုလေးတွေသွားနေကြတာ
အုပ်စုလိုက် ..
တရွေ့ရွေ့ ..
ခရုလေးတကောင်ကို လက်နဲ့ကောက်ယူမိတော့
အခွံလေးထဲကို ကြောက်အားလန့်အားနဲ့ ဝင်သွားရှာတယ် ..
ကိုယ်လည်း အလန့်တကြားနဲ့ လွတ်ချမိလိုက်တယ် ..

အဲ့ဒီရေအိုင်လေးကို ငေးပြီး
စိတ်လွတ်လက်လွတ်တွေးနေမိတယ် ..
အကြောက်တရားရဲ့ အကြောင်း ..
အကြောက်တရားနဲ့ အကာအကွယ်အကြောင်း ..
အကြောက်တရား ၊အကာအကွယ်နဲ့ မလုံခြုံမှုတွေအကြောင်း ..

အဲ့ဒီခရုလေးဟာ သူ့အခွံထဲမှာ ဘယ်လောက်ထိ ကြောက်ရွံနေခဲ့ရှာမလဲ ..
ခရုလေးတွေမှာရှိတဲ့ အခွံတွေဟာ ..
သူတို့ကြောက်ရွံ့ကြတဲ့အခါ ပုန်းခိုစရာနေရာတခုလား ..
သဘာဝတရားအားဖြင့် ရှိနေတဲ့ အခွံလေးတွေဟာ ခရုလေးတွေကို ဘယ်လောက်ထိ လုံခြုံမှုပေးနိုင်မှာလဲ ..

အတွေးဟာ အတိတ်ကို ကဆုန်ပေါက်ပြေးသွားခဲ့တယ် ..
အတွေးဇတ်ကြိုးတွေဟာ ရပ်တန့်ဖို့ မစွမ်းသာအောင် လွတ်ထွက်လို့ ..
ဟုတ်တယ် ..
ကျနော် သိပ်ကြောက်ခဲ့တဲ့ အတိတ်တွေ ..
အဲ့ဒီအတိတ်ဆီကို ပြေးနေတဲ့ အလိုက်ကန်းဆိုးမသိတဲ့အတွေးတွေက
ဆယ်နှစ်ဆိုသော အချိန်အတိုင်းအတာမှာရပ်တန့်လို့ ..

အချိန်အားဖြင့် ည ရှစ်နာရီ ..
အိပ်မောကျနေတဲ့ အသက်ဆယ့်သုံးနှစ်အရွယ်
မိန်းခလေးတစ်ယောက်ရဲ့ ပေါင်ပေါ်မှာ ..
လက်ဖဝါးခပ်ကြီးကြီးတခု ..
အထက်အောက် ပွတ်သပ်နေတယ် ..
တဖြည်းဖြည်းနဲ့ မိန်းခလေးရဲ့ လိင်အင်္ဂါပေါ်ရောက်လာ ..
ဆတ်ခနဲဝင်လာတဲ့အသိနဲ့အတူ ..
ထိတ်ခနဲ့ဖြစ်သွားတဲ့ ကြောက်လန့်စိတ် ..
ကိုယ့်လိင်အင်္ဂါကို ပွတ်သပ်ချေမွနေသည့်တိုင်အောင် နိုးထဖို့မရဲတဲ့ ကြောက်လန့်စိတ် ..
ခရုလေးတွေလိုတောင်
ကြောက်ရွံတဲ့အခါ ပုန်းအောင်းစရာ အခွံမရှိခဲ့ဘူး ..

အန်တုရမယ် ဟုတ်လား ..
ဘယ်လိုအန်တုရမလဲ ..
မျက်လုံးတွေကို ဖွင့်ပြလိုက်ရမလား ..
နိုးနေတဲ့အကြောင်း .. သိနေတဲ့အကြောင်း ..
အဲ့ဒီမိန်းခလေးက ဖွင့်ပြောလိုက်ရမတဲ့လား ..

အောက်နှုတ်ခမ်းအတွင်းသားတွေကို ကိုက်ခဲထားမိတယ် ..
လက်ဖဝါးတွေကို မုန်းတီးတယ် ..
တူဝရီးဆိုတဲ့ အသုံးအနှုန်းကို နာကျင်တယ် ..

မျက်ရည်ဆိုတာ မျက်ဝန်းထဲမှာရှိနေရတာ ပိုနာကျင်စရာကောင်းမှန်း ..
အသံဆိုတာ ရင်ဘတ်ထဲမှာ အော်ဟစ်ပေါက်ကွဲလိုက်ရတာ ပိုပြီးဝမ်းနည်းစရာကောင်းမှန်း ..
ငိုကြွေးခြင်းဆိုတာ နှလုံးသားထဲမှာ ပိုပြီးလုံခြုံမှန်း ..
အရှက်တရားဆိုတာ တူမတစ်ယောက်ရဲ့ပေါင်ပေါ်က ဦးလေးတစ်ယောက်ရဲ့လက်ဖဝါးထဲမှာ မတည်ရှိမှန်း ..
အဲ့ဆယ့်သုံးနှစ်အရွယ်မိန်းခလေး ကောင်းကောင်းသိခဲ့ရတာပေါ့ ..

အဟက် ..

ဒါနဲ့ .. ရှင်တို့ကရော ဘယ်လို ခေါင်းစဉ်တပ်ကြမှာတဲ့လဲ ..
သက်ငယ်မုဒိန်းမှုလား ..
လိင်အင်္ဂါကို လိင်အင်္ဂါနဲ့ ဆက်ဆံမှ မုဒိန်းမှုလို့ သတ်မှတ်ကြမလား ..
အဲ့ဒီ့ စိတ်ဒဏ်ရာကို ဘယ်လိုဆေးပညာနဲ့ ကုသပေးကြမှာတဲ့လဲ ..
အဲ့ဒီ့နာကြည်းမှုကို ဘယ်လိုအဖွဲ့အစည်းတွေက ဘယ်လိုနည်းလမ်းတွေနဲ့ ကူညီဖြေဖျောက်ပေးကြမတဲ့လဲ ..

ငါးနှစ်ကြာ
ဆယ်နှစ်ကြာ
နှစ်ပေါင်းနှစ်ဆယ်ကြာ
အဟား ..
မသေမချင်း ..
ဘယ်တော့မှ မေ့လို့မရမယ့် အနာ ..
ချေမွပွတ်သပ်ခံလိုက်ရတာ လိင်အင်္ဂါတခုတည်းမဟုတ်ဘူး..
ဖြူစင်ပါတယ်ဆိုတဲ့ နှလုံးသား ..
အဲ့ဒီနှလုံးသားဟာ သွေးစိမ်းရှင်ရှင်ထွက်လို့ ..
ပြည်ပုပ်တွေဗရပွနဲ့ အဲ့ဒီအနာဟာ
ဘယ်သူမှ ဆေးမထည့်ပေးခဲ့ဘဲ ကိုယ့်ဖာသာကျက်ပစ်လိုက်ရတယ် ..

အဲ့ဒီလက်ဖဝါးကို မြင်တိုင်း ခပ်စူးစူးကြည့်တယ် ..
အဲ့ဒီ့လက်ဖဝါးနဲ့အနီးတဝိုက်မှာ တံထွေး ခပ်ကြမ်းကြမ်းထွေးတယ် ..
ဒီလောက်ပဲ တတ်နိုင်တဲ့ကိုယ့်ကိုယ့်ကိုယ်လည်း ..
မုန်း ............... တယ် ...................

#မိကုဋေ

No comments:

Post a Comment