" လူနှင့်လေယာဉ်ပျံ "
===========
#တာရာမင်းဝေ
ပုံပြင်
ပုံပြင်၏အစမှာတော့ ကလေးငယ်ငယ် တစ်ယောက် ကျောက်စမ်းရေအိုင်တစ်ခု နံဘေးမှာ
ငါးထိုင်မျှားနေလေသည်။ ခဏ အကြာမှာ နေ့စဉ် ပုံမှန် ဖြတ်သန်းနေကျ လေယာဉ်ပျံတစ်စီးက
တိမ်အစင်းစင်းတို့ ခြံရံကာ၊ ထိုစမ်းရေအိုင်၏ အထက်မှ မနိမ့်မမြင်ပျံသန်းသွား၏။
ငါးမျှားနေသော ကလေးငယ်သည် ထိုလေယဉ်ပျံကို မြင်ကွင်းထဲမှ ပျောက်ကွယ်သည် အထိ
လိုက်လံငေးကြည့်နေမိ၏။
နောက်တော့မှ သက်ပြင်းတစ်ချက်ချကာ လက်ထဲမှ ငါးမျှားတံကို စိတ်မပါ လက်မပါနှင့်
ဟိုဟိုသည်သည် ရမ်းခါနေတော့သည်။ သူ့စိတ်သည် လေယာဉ်ပျံနှင့်အတူ ပါသွား၏။ သူသည်
ထိုလေယာဉ်ပျံကြီး မောင်းနှင်သူ ဖြစ်ချင်လိုလှပါတော့သည်။
ထိုသို့ဖြင့် ထိုပုံပြင် ကလေး၏ အစပိုင်းမှာပင် ကလေးငယ်ကြီးပြင်သောအခါ သူမျှော်လင့်သည့်
လေယာဉ်ပိုင်းလော့ကြီး ဖြစ်သွားပါတော့သည်။
ပုံပြင်အဆုံးမှာတော့ လေယာဉ်ပိုင်းလော့ကြီးက လေယာဉ်ကို မောင်းနှင်၍ ဟိုမြေပြင်ဆီမှ မှုန်ပျပျ
မြင်ရရုံသာရှိသော ကျောက်စမ်းရေအိုင်ရှိရာကို ငုံ့ကြည့်သွာသည်။
ဤနေရာကို ဖြတ်တိုင်း လေယာဉ်ပိုင်းလော့သည် ဤသို့ ငုံ့ကြည့်တတ်မြဲ။ တွဲဘက်လိုက်ပါလာသူက
တစ်နေ့မှာ မေးကြည့်မိသည်။ ထိုအခါ သူက သက်ပြင်းလချ၏။ အရှေ့မှာ ပိတ်ဆို့ကာဆီးထားသော
တိမ်ထုကြီးကို စိတ်ရှုပ်ထွေးစွာ ကြည့်ရင်း ပြန်ဖြေသည်။
“ကျုပ် ငယ်ငယ်တုန်း ဒီနေရာလေးမှာ ထိုင်ပြီး အေးအေးဆေးဆေး
ငါးမျှာနေလေ့ရှိတယ်ဗျ…. သိပ်ငြိမ်းချမ်း သိပ်ပျော်စရာကောင်းတယ်… အခုလို တာဝန်တွေနဲ့
ပိမနေပဲ အင်မတန်လွတ်လပ်ပေါ့ပါးတယ်ဗျာ… ရမယ်ဆိုရင် အဲဒီဘဝကို ပြန်လိုချင်တယ်”
စကားအဆုံးမှာ ပုံပြင်ဆုံးပါသည်။ လေယာဉ်ပိုင်းလော့ကြီး၏ ပင့်သက်ရှိုက်သံကိုပင် ကျွန်တော့်
စိတ်ထဲမှ ကြားလိုက်ရသလိုရှိ၏။ ကျွန်တော့်မှာ တွေးစရာလေးတွေရလာပါသည်။
အက်ဆေး
ကျွန်တော် စဉ်းစားမိသည်။ လူဆိုသည့် သတ္တဝါသည် “မျှော်လင့်” တတ်သော
သဘာဝရှိ၏။ ကိုယ်မျှော်လင့်သည်များ ဖြစ်မြောက်လာရန်၊ စွမ်းနိုင်သမျှ ကြိုးစားကြ၏။ အချို့
အောင်မြင်ကြသည်။ အချို့ မအောင်မြင်ကြ။
အောင်မြင်သည် ဆိုပါစို့။ သူမျှော်လင့်သည့် အရာများ ဖြစ်သွားသည် ဆိုပါစို့။ သူ့ဘဝ
ပြီးပြည့်စုံသွားပြီလား။ စဉ်းစားစရာဖြစ်လာပါသည်။
တစ်ခါတစ်ခါမှာတော့ လူတစ်ယောက်၏ ဘဝအတွက် မျှော်လင့်ချက်ဆိုသည်မှာ
လှပဆန်းကြယ်သော “သိပ္ပံလွန်လက်နက်” တစ်ခု ဖြစ်နေတတ်၏။ တစ်ခါတစ်ခါကျတော့လည်း
ထိုမျှော်လင့်ချက်ကပင် ဘာနဲ့မှ မတူအောင် အိပ်မက်ဆေးခါးကြီးတစ်ခွက် ဖြစ်နေတတ်ပြန်သည်။
တစ်ခုကို လိုချင်လျှင် တစ်ခုကို ပေးဆပ်ရသည်။ ထိုလောက နိယာမ တရားကို
လေယာဉ်ပိုင်းလော့ကြီး နားမလည်ဘူးလာ။ မရသေးတဲ့၊ မရတော့တဲ့၊ ဘဝတွေကို တမ်းတပြီး
ဘာဖြစ်လို့ ဒုက္ခတွေကို တူးဖေါ်ခွဲစိတ်နေတာလဲ။
ပုံပြင်လေးကို ပြန်ဖတ်မိ၏။ ပုံပြင်ထဲမှ လေယာဉ်ပျံကြီးကတော့ မိုးကောင်းကင်မှာ ပျံသန်းနေဆဲ။
(ထိုလေယာဉ်ပျံကြီးထဲမှာ) ထိုလေယာဉ်ပိုင်းလော့ကြီးနှင့်အတူ ကျွန်တော်နှင့် အခြားလူများ
လိုက်ပါနေသည် ဆိုပါစို့။
ဝတ္ထု
ကျွန်တော့်နံဘေးမှ အမျိုးသမီးက ပြောသည်။ “ရှင် ဒီ ပိုင်းလော့ကြီးအကြောင်းကို ဖတ်ဖူးလား…
ပုံပြင်ထဲမှာလေ…” ရွေ့လျားနေသော တိမ်တိုက်များကို ပြတင်းမှန်မှ တစ်ဆင့် ငေးကြည့်နေရင်း
ခေါင်းညိတ်ပြလိုက်၏။ အမျိုးသမီးက ဆက်ပြောသည်။
“ကျွန်မလည်း ငယ်ငယ်ကတည်းက ဖတ်ဖူးတယ်…. အရမ်းသဘောကျတာပဲ….
ဟိုလေ…. သနားစရာလည်း ကောင်းတယ်… ခင်စရာလည်း ကောင်းတယ်နော်…”
ကျွန်တော် မည်သို့မျှ ပြန်မပြောသေးခင် မျက်စောင်းထိုးခုံမှ လူက ဝင်ပြော၏။ “ဟုတ်တယ်ဗျာ….
ကျွန်တော်လည်း အဲဒီအတိုင်းပဲ ဒီပိုင်းလော့ကြီးကို ဘယ်လိုပြောရမလဲတောင် မသိဘူး အဟဲဟဲ….”
“ရှင့်ကိုယ်ရှင် မထူးပါဘူး…. ငါလည်း ဒီပိုင်းလော့ကြီးလိုပါပဲလို့ရော မတွေးမိဘူးလား…”
“အို… တွေးမိတာပေါ့…. အစစ်ပေါ့….”
ထို့နောက် သူတို့ပြိုင်တူရယ်ကြသည်။ ရယ်သံအဆုံးမှာ အမျိုးသမီးက….
“ဒါနဲ့ နေပါဦး… အခု ကျွန်မတို့ လေယာဉ်က ဘယ်ကွင်းမှာ ဆင်းမှာလဲ….”
ထိုလူက သူ့ဘေးမှ လူကို လှည့်မေးသည်။
“ဘယ်ကွင်းမှာ ဆင်းမှာလဲဗျ….”
ထိုလူကလည်း ခေါင်းခါပြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြ၏။ ထိုစဉ်အချိန်မှာ
လေယာဉ်မယ်လေး ရောက်လာသည်။
“ပိုင်းလော့ကြီးက မေးခိုင်းလိုက်ပါတယ်ရှင်… ဘယ်ကွင်းမှာ ဆင်းကြမှလဲတဲ့…”
“အင်း….”
ခရီးသည်များက လေယာဉ်မယ်လေးကို ကျော်ကာ ပိုင်းလော့ကြီးဆီ တိုက်ရိုက်လှမ်းမေး၏။
“ဘယ်ကွင်းမှာ ဆင်းမှာလဲ….”
ပိုင်းလော့ကြီးက ဘာမှကြားပုံမပေါ်။ လေယာဉ်မယ်ကလေးကို ကျော်ကာ ခရီးသည်တွေဆီ
တိုက်ရိုက်လှမ်းမေး၏။
“ဘယ်ကွင်းမှာ ဆင်းကြမှာလဲ…”
“အင်း… အင်း…. ဘယ်ကွင်းလဲ…”
“ဟေ့… ဘယ်ကွင်းလဲလို့….”
ပုံပြင်ထဲမှ လေယာဉ်ပျံကြီါ်ကတော့ ပုံပြင်ထဲက မိုးကောင်းကင်မှာ ပျံသန်းနေဆဲ။ တိမ်နှင့်အတူ
လွင့်ဝဲခြင်းဖြစ်၍ လှပမည်မှာလည်း သေချာပါ၏။
ပုံပြင်ထဲမှ လေယာဉ်ပျံကြီးကတော့ ပုံပြင်ထဲက မိုးကောင်းကင်မှာ ပျံသန်းနေဆဲ….။
ပိုင်းလော့ကြီးလည်းပါ၏။ ခရီးသည်များလည်းပါ၏။ လေယာဉ်အပျံတစ်လျှောက် စကားသံတွေက
ဆူညံအုံ့သည်။
သို့သော်…
တစ်ခွန်းတည်း…။
“ဘယ်ကွင်းမှာ ဆင်းမှာလဲ….။”
တာရာမင်းဝေ
No comments:
Post a Comment