May 11, 2018
ပျားရည်​ဓား
၂၀၁၈ မတ်​လ Look မဂ္ဂဇင်း
ပျားရည်​ဓား(ဝတ္ထုတို)
.....
လမ်းတစ်​​လျှောက်​​တွေ့မြင်​ခဲ့ရတဲ့ အိမ်​ကြီးအိမ်​​ကောင်း​တွေထက်​စာရင်​ အခု မိပုံ့​ရောက်​​နေတဲ့အိမ်​ဟာ သာလွန်​ခန်းနားလွန်း​တယ်​မဆိုသာ​ပေမယ့်​ မိပုံ့လို ​ရွာကတက်​လာတဲ့ ​တောသူမ​လေးတစ်​​ယောက်​အဖို့​ ဒီအိမ်​ကြီးကို နန်း​တော်​ကြီးလိုမြင်​မိတာမှားလား။
    ဒီအိမ်​ကြီးမှာ အရင်​အလုပ်​လုပ်​တဲ့မိန်းက​လေးက
လင်​​နောက်​လိုက်​သွားတာ ပြန်​မလာ​တော့ဘူးတဲ့။အဲဒီ​တော့ ရွာက ​ဒေါ်ဘုမ အဆက်​အသွယ်​နဲ့ မိပုံ့ဒီကို​ရောက်​လာတာ။ရောက်​စမို့ ​ကြောက်​စိတ်​က​လေးရှိတယ်​ဆို​ပေမယ့်
ပျော်​တဲ့စိတ်​က ပိုမယ်​ထင်​တယ်​။
      အိမ်ရှင်​မိသားစုဝင်​စုစု​ပေါင်း ခုနှစ်​​ယောက်​ရှိ​တဲ့အ​ကြောင်း
ထမင်းချက်​​ဒေါ်စိန်​​ပြောပြထားလို့ မိပုံ့ သိပြီး​ပေမယ့်​ လူစုံ​အောင်​​တော့
မ​တွေ့ဖူး​သေးပါဘူး။မေ​မေကြီးရဲ့ အငယ်​ဆုံးသား ကိုသက်​ဆိုတာက တစ်​ခါတစ်​​လေမှ အိမ်​ကိုပြန်​လာတတ်​တာတဲ့။လော​လောဆယ်​​တော့ ​မေ​မေကြီးရယ်​၊​မေ​မေကြီးရဲ့ အကြီးဆုံးသားဖြစ်​တဲ့ ကို​အောင်ရယ်​၊ကို​အောင့်​​မိန်းမနဲ့သူတို့
က​လေးနှစ်​​ယောက်​၊​မေ​မေကြီးရဲ့ သမီး မယမင်း သူတို့အားလုံးကို​တော့ မိပုံ့​တွေ့ပြီးပါပြီ။
      အားလုံးက ​နွေး​နွေး​ထွေး​ထွေးဆက်​ဆံကြလို့ မိပုံ့ ​နေရတာ​ပျော်​ပါတယ်​။က​လေးနှစ်​​ယောက်​ကလည်း
အ​ဆော့သန်​ကြတာကလွဲလို့ ချစ်​စရာ​လေး​တွေမို့ မိပုံ့ သူတို့ကို
ထိမ်းရတာ စိတ်​မညစ်​ဘူး။
ကို​အောင့်​မိန်းမ မ​မေသူက
သိပ်​မတည့်​ကြဘူး။သူတို့အချင်းချင်း တစ်​ခါတစ်​​လေ စကား​ပြောရင်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ထေ့​ငေါ့ပြီး​ပြော​နေကြသလိုပဲ။မ​မေသူက ကို​အောင့်​ကို ချမ်းသာလို့အပိုင်​ချိုင်​ထားတာလို့ပဲ ယုံကြည်​ထားကြတာ။ဒါ​ကြောင့်​လည်း မ​မေသူကို ကို​အောင်​ကလွဲပြီး တစ်​အိမ်​သားလုံးက
က​လေးနှစ်​​ယောက်​ရလာတဲ့ အခုချိန်​အထိ မချစ်​​သော်​လည်း ​အောင့်​ကာနမ်း၊ မနမ်း​သော်​လည်း ပင့်​သက်​ရှူ ဆိုသလိုမျိုး ​နေခဲ့ကြတာတဲ့။
ကို​အောင်​နဲ့ မ​မေသူလည်း လင်​မယားချင်း ခဏခဏ စကားများ​လေ့ရှိတယ်​။မ​မေသူက အိမ်​ခွဲ​နေဖို့​ပြောပြီဆို ဖြစ်​​တော့တာပဲ။မိပုံ့ဒီကို​ရောက်​တာဖြင့်​ ​လေးရက်​ပဲရှိ​သေး။သူတို့လင်​မယားစကားများတာ
နှစ်​ခါရှိပြီ။
"နင်​တို့ငါ့ကို ​မြန်​မြန်​​သေ​အောင်​လုပ်​​နေကြတာလား ဟင်​။
ငါမ​သေခင်​ ငါ့သားသမီး​တွေ၊ငါ့​မြေး​တွေနဲ့ အတူတူ​နေပါရ​စေ။
အေး...ငါ​သေသွားမှ လုပ်​ချင်​သလို လုပ်​ကြပါဟဲ့"
အဲ့ဒီ​နေ့က ​မေ​မေကြီး​အော်​လိုက်​တာများ မိပုံ့ဖြင့်​ လန့်​ဖြန့်​သွားတာပဲ။ဒေါ်စိန်​က​တော့ ​အေး​အေးလူလူပါပဲ။သူ့ကြည့်​ရတာ ကြုံရပါများလို့
ရိုး​နေတဲ့ပုံစံ။
   မိပုံ့အလုပ်​က က​လေးထိမ်းတယ်​။ဒေါ်စိန်​ကို မီးဖို​ချောင်​မှာ
နည်းနည်းပါးပါး ဝင်​ကူရတယ်​။ပြီး​တော့ တစ်​အိမ်​လုံးသန့်​ရှင်း​ရေး
လုပ်​ရတယ်​။အိမ်​ရှေ့ခန်းမှာ တံမြက်​စည်းလှဲ​၊ဖုန်​သုတ်​ လုပ်​ရတဲ့အချိန်​ဆို ဓာတ်​ပုံ​တွေကို ​ငေး​နေရတာနဲ့တင်
အလုပ်​က ​တော်​​တော်​နဲ့မပြီးဘူး။ ​ဧည့်​ခန်းထဲမှာ တစ်​အိမ်​သားလုံးရဲ့ဓာတ်​ပုံ​တွေကို ချိတ်​ထားလိုက်​တာများ ​သေ​သေသပ်​သပ်​ ခန့်​ခန့်​ညားညား​တွေချည်းပဲ။ကို​အောင်​ ဘွဲ့ယူတုန်းကဓာတ်​ပုံ​တွေ၊ မယမင်းရဲ့ ဆုရဓာတ်​ပုံ​တွေ၊ ကိုသက်​ငယ်​ငယ်​တုန်းကပုံ​တွေ၊​မေ​မေကြီးရဲ့ ခန့်​ခန့်​ညားညား​ဓာတ်​ပုံ​တွေ​ပေါ့။ဓာတ်​ပုံတစ်​ပုံကို​တော့ မိပုံ့မသိလို့​မေးကြည့်​တာ ​မေ​မေကြီးရဲ့ ​ယောကျာင်္းပုံတဲ့။သူက​တော့ သာသနာ့​ဘောင်​ထဲဝင်​သွားတာ
ငါး​နှစ်​​လောက်​ရှိပြီလို့​တော့ ​ပြောတာပဲ။
   မိပုံ့ က​လေးချစ်​တတ်​ပါတယ်​။ဂရုတစိုက်​လည်း ထိမ်းတယ်​။
ဒါ​ပေမယ့်​ မိပုံ့က​လေးထိမ်းပြီဆို ​မေ​မေကြီးက မှာလို့မပြီးဘူး။
ရေချိုး​ခန်းမှာ ​ချော်​လဲမယ်​​နော်​၊​နေပူထဲ ​ပေးမ​ဆော့နဲ့၊အမြင့်​​တွေ ​ပေးမတက်​နဲ့၊ ခြံအပြင်​​ပေးမထွက်​နဲ့ ဆိုတာ​တွေက ​တစ်​​နေ့တစ်​​နေ့ မိပုံ့နားထဲမှာ လျှံ​တောင်​ထွက်​မလားပဲ။ဒေါ်စိန်​လှမ်း​ခေါ်လို့ဆိုပြီး မိပုံ့ခဏ​လေးသွားလိုက်​​တာ ​နောက်​ပိုင်းမှာ အငယ်​​ကောင်​​လေးက 
ချော်​လဲပြီး ဒူးပွန်းသွား​သေးတယ်​။အဲဒီတုန်းကများ ​မေ​မေကြီးဆူလိုက်​တာ ​​တော်​​တော်​နဲ့မပြီးဘူး။ခေါင်းလည်းအ​ခေါက်​ခံရသလို ဗိုက်​​ခေါက်​လည်း အီဆိမ့်​သွားတာပဲ။နောက်​ဆို သတိထားမှဖြစ်​​တော့မယ်​။
မေ​မေကြီးက သ​ဘော​ကောင်းတယ်​ထင်​ရ​ပေမယ့်​ သူ့​မြေး​တွေထိရင်​​တော့ မရဘူး။မ​နေ့ကလည်း ကို​အောင်​တို့လင်​မယား အပြင်​ထွက်​လည်​​တော့ သူတို့က​လေး​တွေကို​ခေါ်သွားတယ်​။ဘာ​တွေအစားမှားလည်း မသိဘူး က​လေးနှစ်​​ယောက်​က
အိမ်​လည်း​ရောက်​​ရော အန်​ပါ​လေ​ရော။မေ​မေကြီးဆို ​ဆေးရုံသွားမယ်​ကြီးတကဲကဲလုပ်​တာ။က​လေး​တွေက ထူးထူးခြားခြားဘာမှထပ်​မဖြစ်​လို့သာ မသွားဖြစ်​​တော့တာ။ မသူဇာကိုလည်း ဂရုမစိုက်​ရ​ကောင်းလားဆိုပြီး​ပြောလိုက်​တာ ရစရာကိုမရှိဘူး။မ​မေသူက"ကျွန်​မက
အ​မေအရင်း​ခေါက်​​ခေါက်​ကြီးပါရှင့်​"လို့ အ​ငေါ်တူးတဲ့​လေသံနဲ့ ခံပက်​လိုက်​​တော့မှ ​မေ​မေကြီး ထပ်​မ​ပြော​တော့တာ။ဒါ​တောင်​ သိပ်​​ကျေနပ်​တဲ့ပုံမ​ပေါ်ဘူး။
    မိပုံ့ ​တစ်​အိမ်​သားလုံးကို ချစ်​ပါတယ်​။အထူးသဖြင့်​ မယမင်းနဲ့ 
မေ​မေကြီးကို ပိုချစ်​တယ်​။ဒါ​ပေမယ့်​ မယမင်းက တက္ကသိုလ်​​ကျောင်းသူ​ကြီးဆို​တော့ တစ်​​နေ့တစ်​​နေ့ ​ကျောင်းသွား​နေတာပဲများတယ်​​လေ။ အဲဒီ​တော့ မိပုံ့က ​မေ​မေကြီးနဲ့ပိုပြီး နီးနီးကပ်​ကပ်​ရှိတယ်​။ကြာ​တော့
အ​နေနီးတဲ့ ​မေ​မေကြီးကိုပဲ ပိုချစ်​လာသလိုလိုဖြစ်​လာတယ်​။
မေ​မေကြီးကိုဆို မိပုံ့က
သူ မခိုင်းလည်း ​ခြေဆုပ်​လက်​နယ်​လုပ်​​ပေး​နေကျ။
မေ​မေကြီးကို မိပုံ့​မေးကြည့်​တယ်​။
"​မေ​မေကြီးတို့ အိမ်​​ထောင်​ကျကာစက အရမ်းဒုက္ခ​ရောက်​တာပဲဆို"
"ဟုတ်​တယ်​​အေ့။ညည်း​ဖေ​ဖေကြီး အဲ​လေ ဦးဇင်းရဲ့မိဘ​တွေက
မေ​မေကြီးနဲ့သ​ဘောမတူဘူးဆိုပြီး ပစ်​ထားကြတာ။
မေ​မေကြီးကလည်း ဘာမှမလုပ်​တတ်​မကိုင်​တတ်​ဆို​တော့ ဦးဇင်းကပဲ အလုပ်​ကြမ်း​တွေလုပ်​ပြီး ပင်​ပင်​ပန်းပန်း ရှာ​ကျွေးခဲ့တာ။က​လေး​တွေရလာ​တော့ က​လေး​တွေကလည်းချူချာ။ တစ်​​နေ့တစ်​​နေ့ စားဖို့​တောင်​အနိုင်​နိုင်​ခြစ်​ကုပ်​​နေရတဲ့အထဲ က​လေး​တွေ​အတွက်​ဆေးဖိုးဝါးခ...."
     အဲဒီကအစချီလို့ သူတို့ကြုံခဲ့ရတဲ့အဖြစ်​အပျက်​​တွေကို
ခ​ရေ​စေ့တွင်း​ကျ ​ပြောပါ​လေ​ရော။ပြော​နေတုန်းမှာ  အဖြစ်​အပျက်​အ​ပေါ်မူတည်​ပြီး ​မေ​မေကြီးဟာ ပြုံးလိုက်​၊မဲ့လိုက်​၊ရယ်​လိုက်​၊
ဝမ်းနည်းသလိုလို အသံတိမ်​ဝင်​သွားလိုက်​နဲ့
ရုပ်​ရှင်​မင်းသမီးတစ်​​ယောက်​လိုပဲ။နှိပ်​​ပေး​နေတဲ့ မိပုံ့လက်​​တွေသာ​ညောင်းလာတယ်​ ​တော်​​တော့လို့​ပြောဖို့​မေ့​နေပုံရတယ်​။
သူ့ဇာတ်​​ကြောင်းထဲသူ ​ပြန်​ပြောပြရင်းနဲ့ မျောဝင်​​သွားသလိုပဲ။
    မိပုံ့လည်း ဇက်​​ကြောထပ်​ဆွဲ​ပေးရင်းနဲ့ ​မေ​မေကြီးရဲ့​ခေါင်း​ကို အမှတ်​မထင်​ကြည့်​မိသွားတယ်​။အရင်​တုန်းက အမှုမဲ့အမှတ်​မဲ့​မို့လားမသိဘူး
မ​တွေ့မိဘူး။မေ​မေကြီးရဲ့
ခေါင်းမှာ ဆံပင်​ဖြူ​တွေ ​တော်​​တော်​​ပေါက်​​နေပြီပဲ။မိပုံ့အထင်​ 
မေ​မေကြီးအသက်​က ငါးဆယ်​​လောက်​ပဲ ရှိဦးမယ်​ထင်​တယ်​။အင်း​လေ ရွာက မိပုံ့ကြီး​တော်​လည်း ဆံပင်​ဖြူ​တွေ 
ပေါက်​​နေပြီပဲဟာ ​မေ​မေကြီးလည်း ​ပေါက်​​ရော​ပေါ့။
"​မေ​မေကြီး မိပုံ့ ဆံပင်​ဖြူနှုတ်​​ပေးရမလား"
"ဟင်​ ​တော်​​တော်​များ​နေပြန်​ပြီလား။အေးကွယ်​ အရင်​​ကောင်​မ​လေးတုန်းက​တော့ မကြာမကြာ နှုတ်​​ပေးပါတယ်​။ခု​တော့ထားလိုက်​ပါ​တော့။မနက်​ဖြန်​ကျမှ အလှပြင်​ဆိုင်​သွားပြီး ​ဆေးသွားဆိုးလိုက်​မယ်​"
"မိပုံ့ ငါ့ကိုကြည့်​ရတာ ဘယ်​လို​နေလဲ"
"​မေ​မေကြီးက လှပါတယ်​"
"ငါငယ်​ငယ်​တုန်းက အရမ်းလှတာဟဲ့။ကြိုက်​တဲ့သူ​တွေများ
ဝိုင်းဝိုင်းကိုလည်​လို့။ ​ယောင်္ကျားရသွားတာ​မသိ​သေးတဲ့သူ​တွေဆို ငါအပြင်​သွားရင်​ လိုက်​ပိုးကြတုန်း​လေ အဟင်းဟင်း။က​လေး​မွေးပြီး​တော့လည်း တစ်​သား​မွေးတစ်​​သွေးလှလို့ အရပ်​ထဲက ​ပြောကြတာပဲ"
×××××
    မိပုံ့ဟာ ဒီအိမ်​ကြီးရဲ့ အလုပ်​သမားတစ်​​ယောက်​ဆို​ပေမယ့်​ ဒီအိမ်​ကြီးရဲ့မိသားစုဝင်​​တွေကို ကိုယ့်​မိသားစုလို သ​ဘောထားတတ်​​နေပါပြီ။အစစရာရာ ​စေတနာထားပြီးလုပ်​​ပေး​တော့ တစ်​အိမ်​သားလုံးကလည်း မိပုံ့ကိုချစ်​ကြတယ်​။မိပုံ့ကိုချစ်​ကြတဲ့အထဲ ​မေ​မေကြီးက အပိုသာဆုံးလို့ထင်​တယ်​။မေတ္တာဆိုတာ တန်​ပြန်​သက်​​ရောက်​မှုရှိတယ်​လို့ မိပုံ့ ကြားဖူးနားဝရှိထားတာ ဒါမျိုးကို​ပြောတာထင်​ပါရဲ့​။အခုဆို 
မေ​မေကြီးသွား​လေရာ လက်​ဆွဲ​တော်​​တောင်​​ဝှေးလို မိပုံ့ကို​ခေါ်သွားတယ်​။ဈေးကိုပဲဖြစ်​ဖြစ်​၊အလှပြင်​ဆိုင်​ပဲဖြစ်​ဖြစ်​၊​နောက်​ဆုံး
အိမ်​လည်​သွားရင်​​တောင်​ မိပုံ့ကို​ခေါ်သွားတယ်​။လူ​ရှေ့သူ​ရှေ့မှာလည်း အလုပ်​သမားတစ်​​ယောက်​လို မဆက်​ဆံဘူး။အိမ်​သားတစ်​​ယောက်​လိုပဲ ဆက်​ဆံတယ်​။
    ဒ်ီ​နေ့လည်း မယမင်း ဘွဲ့သွားယူမှာမို့ တစ်​အိမ်​သားလုံး သွားကြမှာတဲ့။မိပုံ့လိုက်​ချင်​လိုက်​ခဲ့တဲ့။မိပုံ့လိုက်​ချင်​​ပေမယ့်
လိုက်​မသွားခဲ့ပါဘူး။လူအရမ်းများရင်​မိပုံ့မ​နေတတ်​တာမို့ အိမ်​မှာပဲ
မ​မေသူနဲ့ ​နေခဲ့လိုက်​တယ်​။
    ဘွဲ့ယူတဲ့​နေရာမှာ ​မေ​မေကြီး ​တော်​​တော်​​ပျော်​ခဲ့ပုံရတယ်​။ဘယ်​သူ့ဝတ်​စုံထက်​ မယမင်းဝတ်​စုံကပိုလှတာ၊ဘယ်​သူ့လက်​ဝတ်​လက်​စားထက်​ မယမင်းလက်​ဝတ်​လက်​စားက ပို​တောက်​​ပြောင်​တာ၊​နောက်​ဆုံး မိဘအချင်းချင်း​တောင်​ သူကဘယ်​လို ပိုတင့်​တယ်​ဆိုတာ
အာဝဇွန်းရွှန်းရွှန်းနဲ့ ​ပြော​နေလိုက်​တာမှ။တစ်​ချို့​နေရာ​တွေဆိုရင်​သ​ဘောတကျနဲ့ လက်​ခုပ်​လက်​ဝါး​တွေ​တောင်​ ထတီး​နေ​သေး။မ​မေသူ
ဆို မသိမသာမျက်​​စောင်းထိုးပြီး ထထွက်​သွားတဲ့အထိ။ဟိုမှာ ဓာတ်​ပုံ​တွေအများကြီး ရိုက်​ခဲ့ပြီးပြီး​ပြော​သေးတယ်​ အိမ်​​ရောက်​​တော့လည်း ​နေရာအမျိုးမျိုးမှာ ပုံသဏ္ဍန်​အမျိုးမျိုးနဲ့ ထပ်​ရိုက်​ကြ​သေးတာပဲ။အဆီပြန်​ပြီးကွက်​လာတဲ့ မျက်​နှာ​ကို မိတ်​ကပ်​ဖို့လိုက်​၊ အဝတ်​အစားထပ်​လဲလိုက်​နဲ့ မ​မောနိုင်​မပမ်းနိုင်​ ​ပျော်​တပြုံးပြုံး ဓာတ်​ပုံရိုက်​မဆုံးတဲ့ ​မေ​မေကြီးနဲ့မယမင်းက
ိုကြည့်​ရတာ မိပုံ့ရင်​ထဲအထိ အ​ပျော်​​တွေ ကူးဝင်​လာသလိုပဲ။
မေ​မေကြီးလည်း ​တော်​​တော်​ပင်​ပန်း​သွားမယ်​ထင်​တယ်​။ခဏကြာ​တော့ ​မေ​မေကြီးကိုနှိပ်​​ပေးရင်း မိပုံ့​မေးကြည့်​တယ်​။ည​နေ ​ဈေးသွားနိုင်​ပါ့​တော့မလားလို့။
"ဟယ်​ မိပုံ့ရယ်​။ညည်း​ပြောမှ သတိရတယ်​။ငါ ​မနက်​စာ
ထမင်းမစားရ​သေးဘူးပဲ"
   အခုဆို မယင်းလည်း ​ကျောင်းပြီးသွားပြီဆို​တော့ ​အိမ်​မြဲ​နေတာ ​လေးလ​လောက်​ရှိပြီ။မေ​မေကြီးစိတ်​ကြိုက်​​ပေါ့။မေ​မေကြီးက ဖြစ်​နိုင်​ရင်​သူ့သားသမီး၊သူ့​မြေးတွေကို ရင်​ခွင်​ထဲထည့်​ပြီး ချီထားချင်​တာမျိုး​လေ။မယမင်းက အပြင်​ထွက်​ပြီး သင်​တန်းတက်​ချင်​တယ်​ လုပ်​​သေးတာ။
ဒါ​ပေမယ့်​ ​မေ​မေကြီးက မလွှတ်​​တော့ဘူး။"ဘွဲ့ရ​အောင်​ ​ကျောင်းထား​ပေးတာပဲ ​တော်​လှပြီ၊ဘာသင်​တန်းမှ တက်​စရာမလိုဘူး၊
ဘာအလုပ်​မှလည်း လုပ်​စရာမလိုဘူး၊​ယောင်္ကျားယူဖို့လည်း
လုံးဝမစဉ်းစားနဲ့ ငါ့အနားမှာပဲ​နေကြစမ်းပါဟယ်​"တဲ့​လေ။မေ​မေကြီးက အဲဒီလိုမျိုးကိုချစ်​တာ။ပြီး​တော့ ​မေ​မေကြီး ​နောက်​ထပ်​သ​ဘော​ခွေ့စရာတစ်​ခု ကြုံလာတယ်​။တစ်​သက်​လုံး​ပြောမရ၊ဆိုမရ သွားချင်​ရာသွား၊​နေချင်​ရာ​နေတဲ့ သူ့သားအငယ်​ ကိုသက်​ ဆိုင်းမဆင့်​ဗုံမဆင့်​ ပြန်​​ရောက်​လာတယ်​​လေ။
"ဟယ်​ သားငယ်​ပြန်​လာတယ်​။နေရက်​လိုက်​တာသားရယ်​။အ​မေ့မှာ​တော့ လွမ်းလို့။ဘာပဲဖြစ်​ဖြစ်​ သားငယ်​ပြန်​လာတာပဲ
အ​မေဝမ်းသာလှပါပြီ။ဘာလိုချင်​သလဲ၊ဘာလုပ်​ချင်​သလဲ​ပြော
အ​မေအကုန်​လုပ်​​ပေးမယ်​ သားငယ်​ပြန်​ထွက်​မသွားရင်​ပြီး​ရော"
အပြစ်​မတင်​ရက်​ပါဘူး။ဒါ​ပေမယ့်​ ကိုသက်​ကို​တော့ မိပုံ့
သိပ်​သ​ဘောမကျဘူး။အခုမှ အပြင်​မှာ​တွေ့ဖူးတာ​ကြောင့်​ပဲလား
မ​ပြောတတ်​ဘူး။မေ​မေကြီးကို ကိုသက်​ဆက်​ဆံပုံက ​အေးတိ​အေးစက်​နဲ့ မ​နွေး​ထွေးသလိုပဲ။မေ​မေကြီးက စကား​တွေဆယ်​ခွန်း​လောက်​​ပြောမှ သူက တစ်​ခွန်း​လောက်​ပြန်​​ပြောတာ။ဒါ​တောင်​ မ​ဖြေချင်​​ဖြေချင်​ပုံစံနဲ့။
မေ​မေကြီးသနားပါတယ်​။သူကသာ အားရဝမ်းသာဖြစ်​​နေတာ သူ့သားကဖြင့်​ ​တော်​ရုံပဲစကား​ပြောပြီး အခန်းထဲဝင်​သွားလိုက်​တာ
ပြန်​ကိုထွက်​မလာ​တော့ဘူး။ည​နေ ထမင်းစားဖို့သွား​ခေါ်တာ​တောင်​ ထွက်​မစားချင်​ဘူးဆိုလို့ ​မေ​မေကြီးက
အခန်းထဲထိသွားလိုက်​ပို့ရတာ။
    ဘာပဲဖြစ်​ဖြစ်​ ဒီတစ်​ရက်​နှစ်​ရက်​မှာ ​မေ​မေကြီးစိတ်​ချမ်းသာ​နေပုံရတယ်​။မျက်​နှာက ကြည်​ကြည်​လင်​လင်​၊တပြုံးပြုံး​နဲ့။
သား​တွေ၊သမီး​တွေ၊​မြေး​တွေနဲ့ ​နေ့​ရောညပါ တစ်​မိုး​အောက်​တည်း အတူတူ​နေရလို့ထင်​တယ်​။ဒါ သူအ​နေချင်​ဆုံး ပုံစံပဲ​လေ။သူဖြစ်​ချင်​သလိုဖြစ်​​နေရလို့ ​ပျော်​တာ​နေမှာ​ပေါ့။
     ဒါ​ပေမယ့်​ ​မေ​မေကြီးအ​ပျော်​​တွေက သုံးရက်​ပြည့်​​အောင်​ မခံလိုက်​ပါဘူး။မိပုံ့ မီးဖို​ချောင်​ထဲရှိ​နေတုန်း ​ဒေါ်စိန်​​ပြောပြတာ။မယမင်းမှာ
ဟိုဒင်းဟိုဟာ ရှိ​နေသတဲ့​လေ။မိပုံ့​တောင်​ ကြားကြားချင်း ​ခေါင်းနပန်း​ကြီးသွားတာ ​မေ​မေကြီးဆို ​ခေါင်း​တွေ ကျွမ်းထိုး​မှောက်​ခုံ​တောင်
ဖြစ်​သွားမလားပဲ။ခဏ​နေ မယမင်းအခန်း​ရှေ့က မိပုံ့ဖြတ်​​လျှောက်​သွား​တော့ အသံ​တွေကြားရ​တော့တာပဲ။မေ​မေကြီးက ငိုသံကြီးနဲ့ 
မေး​နေတာ။နင့်​အ​ကောင်​ ဘယ်​သူလဲ၊ဘယ်​ကလဲတဲ့။အခုချက်​ချင်းဆက်​သွယ်​ ​ပေးစားမယ်​တဲ့။နင့်​အစ်​ကို​တွေသိရင်​​တော့ မိုးမီး​လောင်​​တော့မှာပဲ၊​ကောင်​​လေးကို မြန်​မြန်​ဆက်​သွယ်​လိုက်​တဲ့။
မယမင်းကလည်း ဘာမှပြန်​မ​ဖြေဘူး။ငိုချည်း​နေတာ။
တဖြန်းဖြန်းနဲ့ ရိုက်​​နေသံ​တွေ​တောင်​ မိပုံ့ အပြင်​က ကြား​နေရတာ။
ဖြစ်​မှဖြစ်​ရ​လေ မယမင်း​ရယ်​။သနားလိုက်​တာ။
      မ​မေသူက​တော့ နှာ​ခေါင်းရှုံ့ ပြီး မဲ့ရွဲ့​ပြနေ​တော့တာပဲ။အင်း​လေ သူက မယမင်းနဲ့မှမတည့်​တာ။ကြိတ်​ပြီး​တော့ ဝမ်းသာရင်​ ဝမ်းသာ​နေမှာ​ပေါ့။မိပုံ့က​တော့ ​ကြောက်​တာပဲသိတယ်​။
ရ​နေတယ်​။ခပ်​သုတ်​သုတ်​ထွက်​သွားတဲ့ အ​ဒေါ်ကြီးကိုကြည့်​ရတာ မိပုံ့စိတ်​ထဲ ထူးဆန်း​နေသလိုပဲ။ဒေါ်စိန့်​ကို​မေးကြည့်​ဖို့ ပါးစပ်​ဟရုံရှိ​သေး ​ဒေါ်စိန်​က သူ့နှုတ်​ခမ်း​ပေါ်လက်​ညှိုး​ထောင်​ပြီး ကပ်​လိုက်​တယ်​။
"ရှူး မသိချင်​​ယောင်​​ဆောင်​​နေ နင့်​အစ်​မယမင်း ကိုယ်​ဝန်​ဖျက်​ချလိုက်​ပြီ"
     အမ​လေး။မိပုံ့လန့်​လိုက်​တာ။ကြောက်​စရာကြီး။ဒါဆို က​လေး​လေးကို သူတို့ သတ်​လိုက်​ကြပြီ​ပေါ့။ဘုရား ဘုရား။
    မိပုံ့ ​ခြေမကိုင်​မိ၊လက်​မကိုင်​မိ ဖြစ်​​နေတုန်းမှာပဲ မီးဖို​ချောင်​ထဲကို 
မေ​မေကြီး​ရောက်​လာတယ်​။
"နင်​တို့​တွေ သိပြီးပြီမဟုတ်​လား"
"သိရင်​လည်း မသိသလိုပဲ​နေကြ။ဒီကိစ္စ ဘယ်​သူမှ ထပ်​မသိ​စေနဲ့။အထူးသဖြင့်​ ငါ့သားနှစ်​​ယောက်​စလုံးလည်း မသိ​စေနဲ့။ ​မေသူကိုလည်း မှာထားပြီးပြီ။အေး​နော်​ အတန်​တန်​မှာထားလျက်​နဲ့ အပြင်​ကို​ပေါက်​ကြားကြည့်​ အဟင်း ငါ့အ​ကြောင်းသိတယ်​​နော်​"
"ဟုတ်​ ဟုတ်​ကဲ့"
    မိပုံ့​ကြောက်​လိုက်​တာ။ဒီတစ်​ခါမိပုံ့​ကြောက်​တာက ​မေ​မေကြီးကိုပါ။အခုလို ​မေ​မေကြီးရဲ့မျက်​နှာ မာထန်​​နေတာမျိုး မိပုံ့တစ်​ခါမှ
မ​တွေ့ဖူးဘူး။မျက်​နှာတစ်​ခုလုံးကညိုမဲပြီး မျက်​လုံး​တွေလည်းပြူး​ကြောင်​လို့။ခုနကအ​ဒေါ်ကြီးထွက်​သွားတုန်းက ရတဲ့အနံ့မျိုးလည်း
မေ​မေကြီးဆီမှာရတယ်​။
ဧည့်​ခန်းထဲမှာရှိ​နေတဲ့​မေ​မေကြီးက ဆီး​မေးတယ်​။
"ဟဲ့ ဘာဖြစ်​တာတုန်း"
"ဟို ဟို​လေ"
"ဟဲ့ ဘာဖြစ်​တာလဲလို့ ငါ​မေး​နေတယ်​​လေ"
"ဟို ရဲ ရဲ​တွေ ​ရောက်​လာပြီ"
"​ဟေ ရဲ​တွေ ဟုတ်​လား ဘယ်​မှာလဲ။ခြံတခါးဖွင့်​​ပေးလိုက်​ပြီလား"
"ဟုတ်​ကဲ့"
"နင်​ နင်​တို့​တွေ ဟိုကိစ္စ ဘယ်​သူ့ကို​ပြောလိုက်​ကြ​သေးလဲ"
"ဪ လူကြီးမင်းတို့ကြွကြပါရှင်​။ဘာ ဘာကိစ္စများရှိလို့လဲ"
"ဒီလိုပါ။ကျွန်​​တော်​တို့အ​နေနဲ့ စစ်​​မေးချင်​တာ​လေးရှိလို့
စခန်းခဏ ​ခေါ်သွားပါရ​စေ။တကယ်​လို့ အပြစ်​မရှိဘူးဆိုရင်​​တော့
ပြန်​လွှတ်​​ပေးမှာပါ"
"ဘာလဲ။ဘာအတွက်​လဲ။ကျွန်​မတို့ ဘာမှမလုပ်​ဘူး​နော်​။
ဟင့်​အင်း။တကယ်​ကိုဘာမှလုပ်​မထားဘူး။ဘယ်​သူ​ပြောတာလဲ။
ဟင့်​အင်း မဟုတ်​ဘူး​နော်​။ကျွန်​မသမီးလည်း ဘာမှမလုပ်​ဘူး။သူ့ဘာသာ​နေမ​ကောင်းလို့ အခန်းထဲမှာအိပ်​​နေတာ။တကယ်​ပါ"
မေ​မေကြီးကို​မေးမရလို့ မိပုံ့ကို​မေးလာရင်​​ရော။ဟင့်​အင်း မိပုံ့​ကြောက်​တယ်​။မေ​မေကြီးလို​တောင်​ အသံထွက်​နိုင်​မှာမဟုတ်​ဘူး။ရဲသားကြီး​တွေက​တော့ တည်​တည်​ငြိမ်​ငြိမ်​ပါပဲ။
"ဟုတ်​ကဲ့။ဒီကိစ္စက အစ်​မကြီး​ရော၊အစ်​မကြီးရဲ့သမီးနဲ့ပါ မဆိုင်​ပါဘူး။သက်​ဆိုင်​တာက အစ်​မကြီးရဲ့သား ​ကိုသက်​ပါ။ ကိုသက်​ဟာ ----- မြို့မှာ အသက်​မပြည့်​​သေးတဲ့မိန်းက​လေးငယ်​တစ်​​ယောက်​ကို ခိုးယူ​ပေါင်းသင်းခဲ့ပြီး တည်းခိုခန်းမှာ ပစ်​ထားခဲ့တယ်​လို့ တိုင်​ချက်​ဖွင့်​ထားပါတယ်​။အဲဒါ​ကြောင့်​ ကိုသက်​ကို စခန်း​ခေါ်သွားပါရ​စေ"
"ရှင်​"
    ရှင်​တစ်​လုံးထက်​ပိုပြီး ​မေ​မေကြီးကနှုတ်​က ဘာမှထပ်​ထွက်​မလာ​တော့။နံရံကိုထိန်းကိုင်​ရင်း တဖြည်းဖြည်း ထိုင်​ကျသွားတယ်​။မျက်​ရည်​​တွေလည်း ပိုးပိုး​ပေါက်​​ပေါက်​ ကျလာပြီး ကြမ်းပြင်​ကိုသာ စိုက်​ကြည့်​​နေတယ်​။မိပုံ့လည်း ​ကြောက်​​ကြောက်​နဲ့
ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိ​တော့။
     ခဏအကြာ ​လှေကားက​နေ ကိုသက်​ ​ခေါင်းငိုက်​စိုက်​နဲ့
ဆင်းလာတယ်​။ရဲသားကြီး​တွေ​ရှေ့​ရောက်​​တော့ လက်​နှစ်​ဖက်​ကို ​ရှေ့ထိုး​ပေးလိုက်​တယ်​။ကိုသက်​ကို ​ခေါ်​ဆောင်​ထွက်​ခွာသွားကြပါပြီ။မေ​မေကြီးကိုကြည့်​လိုက်​​တော့ ခုနကအတိုင်း ကြမ်းပြင်​​ပေါ်မှာ
မလှုပ်​မယှက်​ ထိုင်​​နေဆဲ။
ဖြေး​လေးတဲ့​ခြေလှမ်း​တွေနဲ့ ​တ​ရွေ့​ရွေ့လျှောက်​သွားပြီး ဓာတ်​ပုံ​တွေ​ရှေ့မှာ ရပ်​လိုက်​တယ်​။ပြီး​တော့ ဓာတ်​ပုံတစ်​ပုံကို စိုက်​ကြည့်​တယ်​။
"သူ​တော်​​ကောင်းကြီး​ရေ။ရှင်​က​ တရားရသူကြီးဆို​တော့ ပြတ်​နိုင်​သွား ပြီ​ပေါ့။ကျွန်​မမှာသာ ​ဟောဒီအ​နှောင်​​အတွယ်​​တွေကြားက​နေ
ရုန်းမထွက်​နိုင်​​သေးပါလား" 
နတ်​​စောင်း(ကျိုက်​ထို)
ဆရာ့ page မှကူးယူဖော်ပြပါသည်
မွန်းလေးဖေဖေ
No comments:
Post a Comment