နှစ်ပွင့်ပန်း (ရေအေး)
@@@@@@@@@@
(၁)
နု ရေချိုးဆိပ်မှ တက်လာချိန်တွင် ဘုန်းကြီးကျောင်းသို့ ရှင်လောင်းပို့ သွားကြသော လူတန်းကြီး၏ နောက်မှ ဖုန်းတသောသောကို ရိပ်ခနဲ မြင်လိုက်ရသည်။ ညနေပင် စောင်းလုချေပြီပဲ။ အိမ်၏ အနောက်ဘက်ခြမ်းတွင် ရှိသော နု၏ အခန်း အတွင်းတွင် ထရံကြိုကြားမှ ဖြတ်သန်းလာသော အလင်းတန်းများသည် စွေစွေစောင်းစောင်း ကျဆင်းနေ၏။ အခန်း၏ ကြမ်းပြင်ထက်တွင် ကျပ်ပြားဝိုင်းသာသာ အလင်းပေါက်များသည် လှုပ်လှုပ်ရွရွ၊ ရိုးရိုးရိပ်ရိပ်။ အခန်းသည် ရှစ်ပေပတ်လည်အခန်း ဖြစ်သည်။ သေသပ်စွာ ခေါက်ထားသော အိပ်ရာသည် ခေါင်းရင်းဘက် နံရံတွင်ကပ်ပြီး ငြိမ်သက်နေ၏။ ဝင်ပေါက်နှင့်တည့်တည့် ညာဘက် ခြေရင်းထောင့်တွင်မူ ပေါလစ်ဆီရောင် ပြောင်လက်နေသည့် ကျွန်းသေတ္တာသည် အိနြေ္ဒရရ လဲလျောင်းနေသည်။ ထိုသေတ္တာနှင့် နှစ်တောင်ခန့် အကွာတွင်မူ မှန်တင်ခုံနှင့် သနပ်ခါး စင်သည် အပျိုပေါက် တစ်ယောက်သဖွယ် ကပိုကရို ရှိနေလေသည်။
သနပ်ခါးစက်များ စွန်းပေနေသော မှန်ထဲမှ ကိုယ့်အရိပ်ကို မြင်လျှင် နုသည် “ကြောက်စရာ” ဟု တွေးမိ၏။ အိပ်ရေးပျက်ရ လွန်းသောကြောင့် ပြူးကြောင်ကြောင် ဖြစ်နေသော မျက်လုံးများ၊ ငေါထွက်နေသော ပါရိုးနှင့် ဖြူဖျော့ဖျော့ နှုတ်ခမ်း၊ ရေစိုနေသော ဆံပင်များဖြင့် အနားသတ်ထားသော နု၏ မျက်နှာသည် အမှန်ပင် ကြောက်စရာ ကောင်းနေသည်။ နုသည် သက်ပြင်း တစ်ခုကို ခပ်လေးလေး ချရင်း မှန်ကို အသာတည့်၏။ ထို့နောက် ဘေးနားရှိ သနပ်ခါး ရေအင်တုံထဲမှ ရေကို လက်ဖျားဖြင့် အသာတော့ပြီး ကျောက်ပျဉ်ကို ရေထည့်သည်။ ခဏမျှကြာလျှင် သနပ်ခါးသွေးသံ တကျည်ကျည်သည် နု၏ အခန်း အတွင်းတွင် မတိုးမကျယ် ထွက်ပေါ်လာသည်။ နုသည် သနပ်ခါးကို အားစိုက်သွေး၏။ ထိုသို့ သွေးရင်းနှင့်ပင် စိတ်တွင် မောဟိုက်သလို ဖြစ်လျက်လာသည်။ စိတ်သည် မတည်ငြိမ်၊ လွင့်လွင့်လူးလူး ရှိလှ၏။ တောင်တွေးမြောက်တွေး တွေးလျက်ပင် ထိုသနပ်ခါးသွေးသံ တကျည်ကျည် အကြောင်းကို သူမ၏ မိခင် ပြောဖူးသော ဟာသ တစ်ခုအား ဖျတ်ခနဲ သတိရသည်။
“စာရေးဆရာကြီး တစ်ယောက်က ရေးဖူးတယ် သမီးရဲ့၊ အပျိုပေါက် ကလေးတွေ သနပ်ခါးသွေးတော့ စာရေးကြီး၊ စာချီကြီး မြည်သတဲ့၊ အပျိုလတ်တွေ သနပ်ခါးသွေးတော့ သင့်တင့်တာပဲ၊ သင့်တင့်တာပဲလို့ မြည်သတဲ့၊ အပျိုကြီးတွေ သနပ်ခါးသွေးတော့ ရတာယူမယ်၊ ရတာယူမယ်လို့ မြည်သတဲ့”
ထိုတုန်းကမူ နုသည် မပြုံးဘဲ ဝါးလုံးကွဲ ရယ်မိသည်။ ယခုအချိန်တွင်ကား နုသည် ပြုံးရန်ပင် အင်အားမရှိ သလိုတည်း။ နု၏ စိတ်ထဲတွင်ကား အခု သူမ၏ သနပ်ခါးသွေးသံသည် ဘာသံများ မြည်နေပြီလဲ ဟူသော အတွေးကိုသာ တွေးမိ၏။ ညရောက်လျှင် ဟူသော အတွေးကို ဆက်မိလျှင် ရင်သည် တထိတ်ထိတ် ခုန်လျက် မလုံမလဲ ဖြစ်ရသည်။ ထို့နောက် မျက်နှာပေါ်က သနပ်ခါးကို အာရုံရောက်ပြန်၏။
မျက်နှာပေါ်ရှိ သနပ်ခါးကို ညှိခြင်းနှင့် ဆံပင်ကို အုံး(ဦး)လုံး သိမ်းလျက် နောက်တွဲဆံပင်ကို ခပ်ကျစ်ကျစ် ထုံးပြီးလျှင်မူ နု၏ အလှပြင်ခြင်းသည် ပြီး၏။ သွေ့ခြောက်ခြောက် နှုတ်ခမ်းကို ပန်းဆီရောင် ဆိုးဖို့ လုပ်ရင်းပင် နုသည် အတန်ကြာမျှ တွေဝေနေမိ ပြန်သည်။ ကျောပေးထားသော အဖူးကြီးနှစ်ဖူး ပါသော နှင်းဆီခက်ကို ကောက်ကိုင်မိချိန်တွင် နုသည် သူမ၏မိခင် ပြောဖူးခဲ့သည့် စကားတစ်ခွန်းကို ရုတ်တရက် သတိရပြန်သည်။
“မိန်းမကောင်း ပန်းပန် တစ်ပွင့်ပန်တဲ့ သမီးရဲ့”
နုသည် အတန်ငယ် ကြမ်းပြီး ဖောင်းသွယ်သော လက်များသည် ယောင်ယောင်ကလေး သေးသည့် နှင်းဆီတစ်ဖူးကို ဆတ်ခနဲ ခြွေမိပြီးသား ဖြစ်သွား၏။ တစ်ချိန်တည်းပင် နုသည် သူမ၏ ချစ်သူကို သတိရမိလေသည်။
(၂)
လဆန်း ခုနစ်ရက်၏ လသည် ကောင်းကင်တွင် ဝါဖျောဖျော့ ပေါ်လာသည်။ ကြယ် အနည်းအပါးကား မှတ်တုတ်မှိတ်တုတ်။ ရွာထိပ် ဘုန်းကြီးကျောင်းရှိ အလှူ ဗီဒီယိုဝိုင်းမှ ကြားရသော အသံများသည် ကျယ်လာလိုက် တိုးသွားလိုက်။ နုသည် ပြတင်းပေါက်ပေါင်တွင် မှီငေးရင်း အတွေးများနေမိ၏။ ကုန်ဆုံးခဲ့ပြီးသော ညများ မကုန်ဆုံးသေးသည့် ညများနှင့် ယနေ့ ဖြတ်သန်းရမည့် ညအကြောင်း။ စိတ်လှုပ်ရှား ရင်ဖိုစရာ၊ တုန်လှုပ်စရာ၊ သောက များစရာ ညများပေပဲ။ ညများအကြောင်း တွေးလျှင်ပင် နု၏ ချစ်သူအကြောင်းသည် အမျှင်တန်းလျက် ရှိပြန်သည်။
နု၏ ချစ်သူသည် အသားဖြူဖြူ ဖြစ်၏။ အတောက်အပ အဝတ်အစားများကို ဝတ်တတ်သည်။ အတန်ငယ် သွယ်သော ကိုယ်အဆစ်အပေါက် ရှိပြီးသူမို့ ပြုံးပြုံး၊ ပြုံးပြုံးနှင့် စကားပြောလျှင် နုစိတ်တွင် မြတ်နိုးစိတ်သည် ထိန်းမရ။ မပေါ်တပေါ် နှာတံ၊ ပိရိနီမြန်းသော နှုတ်ခမ်းများရှိသော သူ့ကို မိန်းမတိုင်းပင် စွဲကြလိမ့်မည်ဟု နု ထင်လေသည်။ အားလုံးထဲတွင် နုသည် ကံထူးသူဟု တွေးမိလေသည်။ “ညည်း လူပျိုကဖြင့် ပေါ်ကြော့ပါအေ၊ သူ့ကိုယ်သူပဲ လှအောင်ဆင်ဖို့ သိတာပါ” ဟု သူငယ်ချင်းများ ပြောလျှင် “သူ လှတာ ချောတာ ငါ့အတွက်ပေါ့အေ” ဟု နောက်သလို၊ ပြောင်သလိုဖြင့် ခွန်းတုံ့မခံ ပြန်ပြောမိ၏။ “ကပ်စေးကလည်း နည်း(နှဲ)ချက်၊ ညည်းကိုများ ဘယ်တုန်းက ဘာဝယ်ပေးဖူးသလဲ” ဟု ဆိုလာလျှင် “သူက အမိမဲ့၊ အဖမဲ့ ဦးကြီး၊ ဒေါ်ကြီးအိမ် ကပ်နေတာ” ဟု ကာပြောမိသည်။ “ကောင်မ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းဦး၊ ညည်းက စလို့ သူပါရတာမျိုး ဖြစ်ဦးမယ်” ဟု အမြင်ကတ်သလို ဆိုလျှင် နုသည် “မသာမ၊ အယုတ်တမာမ” ဟု ကျိန်ဆဲရသည်။ အမှန်တော့လည်း သူက မစမီကတည်းကပင် နုသည် ပါချင်နေပြီ။ သူက မခြွေမီကပင် နုက ကြွေချင်နေသည်ပဲ။
ညသည် နုတို့ နှစ်ယောက်အတွက် မြားနတ်မောင် ဖြစ်သည်။ နုသည် ကနဦးတွင် ချစ်သူ၏ မထိတထိ တို့ဆိတ်မှုကို ကြောက်စိတ်နှင့်ပင် ရှိန်းခနဲ၊ ဖိန်းခနဲ ခံစားရသည်။ ထိုနောက် ကြာခဲ့လျှင်ကား ထိုအထိအတွေ့၊ အပွတ်အသပ်များကို နု ကိုယ်တိုင်ပင် မက်မောလာသည်။ ချစ်သူ၏ နွေးထွေး ကျယ်ပြန့်သော ရင်ခွင်သည် နု၏ ညဦးပိုင်းတို့ နားခိုရာ ဖြစ်လာသည်။ ချစ်သူ၏ ကယုကယင် အတွေးအနမ်းများ ကြားတွင် နုသည် တိမ်းမူးလာ၏။ ချစ်သူ၏ ရမ္မက်သည် နုအတွက် ရင်ခုန်စရာ၊ ချစ်သူ၏ အလိုဆန္ဒသည် နုအတွက် ကြည်မွေ့စရာ ဖြစ်လာ၏။ ထိုတုန်းကမူ နုသည် ဘာဆို ဘာကိုမှ မကြောက် “ဘယ်သူတွေ ဘာပြောပြောအေ” ဟု သဘောထား၏။ သူက မမုန်းလျှင်၊ သူနှင့် မခွဲရလျှင် ပြီးရောဟု လွယ်လွယ်တွေးသည်။ နောက်ဆုံးတွင် နုသည် သူပေးသော နှစ်လုံးပါ ဆေးကတ်များဖြင့် အသားကျ ရင်းနှီးလာခဲ့သည်ပဲ။
နုသည် သူ့အပေါ် သဘောလွယ်လွန်း ခဲ့ပါသလား။ နုသည် အတင်း ဇွတ်မှိတ်ပြီးပင် “ဟင့်အင်း” ဟု ဖြေချင်မိသည်။ သူလို ယောက်ျားက စလာလျှင် ဘယ်မိန်းမက ငြင်းနိုင်မှာလဲဟု ဆုတ်ကန် ကန်ပြီး မေးလိုက်ချင်သည်။ နုသည် ဒီအဖြစ်အပျက်မှာ ဘယ်သူမျှ မမှားဟု ယခုထိပင် တွေးနေမိသေးသည်။ သူနှင့်နု ချစ်ခဲ့ကြတာ၊ သူ နုကို တောင်းရမ်း လက်ထပ် ယူဖို့ရန်အတွက် ရွှေမှော် တစ်ခုသို့ ငွေရှာ ထွက်သွားတာ၊ နုသည် ဘယ်သူမျှ မမှားဟု ထင်နေမိသည်။ မှားချင်းမှားလျှင် ကံသာ မှားသည်ဟု နု စွပ်စွဲပြစ်တင်ချင် မိသည်။ ရွှေမှော်သို့ သူရောက်ပြီး မကြာမီ ကေအိုင်အေ တပ်နှင့် တည့်တည့်တိုးပြီး ပေါ်တာဆွဲခံရတာ၊ ထို့နောက် သူ့သတင်းများ စုံးစုံးမြုပ် ပျောက်ကွယ်သွားတာ၊ သူနောက်ဆုံး ပေးခဲ့သော နှစ်လုံးဆေးကတ်ကလေး အစွမ်းမပြတော့ဘဲ နု၏ ကိုယ်အတွင်းသို့ ကလေးလေး တစ်ယောက် ရောက်လာခဲ့တာ အားလုံးအတွက် နုသည် ကံကိုသာ အပြစ်တင်ချင်မိသည်။
ကောင်းကင်သည် လရောင်ကြောင့် ပိုပြီး ဝင်းထိန်လာသည်။ မှိတ်တုတ်မှိတ်တုတ် ကြယ်များသည် ပိုပြီး စုံလင်လာသည်။ သစ်ပင် သစ်ရွက်များသည် လရောင်အောက်တွင် ဝါဖန့်ဖန့်၊ ညိုမှောင်မှောင်။ အတွေးပင်လယ်တွေ နစ်မျောနေသော နုသည် တဖြည်းဖြည်း မြင့်တက်လာသော လကို သတိထားမိ၏။ ထို့နောက်တွင် ရင်သည် တထိတ်ထိတ် ခုန်လျက် အိမ်နံရံပေါ်မှ နာရီအား အလန့်တကြားပင် ကြည့်မိသည်။ ကိုးနာရီ ထိုးလုချေပြီကော။ ထို့နောက် ဆယ်နာရီ ထိုးပေမည်။ ပြီးလျှင် နုသည် နာရီဘေးတွင် တည်ငြိမ်အေးဆေးသော မျက်နှာဖြင့် ရှိနေသော မိခင်၏ ပုံကို မြင်လျှင် ငိုချင်သလို ဖြစ်၏။
(၃)
ညဥ့်သည် နက်သထက် နက်လာ၏။ အလှူ ဗီဒီယိုဝိုင်းမှ အသံသည် ပိုပြီး ကျယ်လာသည်။ အိမ်၏ ပေနှစ်ဆယ်မျှ ကျယ်သော ဧည့်ခန်း အတွင်းတွင် နု တစ်ယောက်တည်း။ နာရီ၏ စက္ကန့်လက်တံ ရွေ့သံ တစ်ချက်ချက်သည် နုကို တစ်စထက်တစ်စ ပိုပြီး တုန်လှုပ်စေသည်။ “ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ” တွေးရင်း စိတ်သည် ကယောင်ချောက်ချား ဖြစ်လာ၏။ ရင်ဝတွင် အလုံးကြီး ဆို့နေသလို ခံစားရ၏။ ပြတင်းပေါက်ပေါင်တွင် မှီရပ်နေရာမှ အသာခွာပြီး ကြမ်းပြင်ထက်တွင် ခွေခေါက်ခေါက် ထိုင်မိသည်။ စိတ်ထဲမှမူ “အမေ” ဟု အားကိုးတကြီး တမိ၏။
“ညည်းအေ”
အမေသည် နု၏ မထွေးနိုင် မအန်နိုင် ဒုက္ခကို သိလျှင် ထိုစကားကိုသာ တတွတ်တွတ် ရေရွတ်သည်။ သို့သော် အမေ့မျက်နှာကား ဆယ်နှစ်ခန့် အိုစာသွားပြီး အမေ့အသံသည် ညှိုးနွမ်းဖျော့တော့ လွန်းလှ၏။ နုသည် အမေ့ကို ကြည့်ပြီး ငိုချင်လာမိသည်။ ထို့နောက် အင့်ခနဲ၊ အင့်ခနဲပင် ငိုရှိုက်မိသည်။ နုသည် ထိုကိစ္စကို သိပြီးကတည်းက ဝံ့ဝံ့စားစားလည်း မရယ်နိုင်၊ ရဲရဲတင်းတင်းလည်း မငိုဝံ့ ဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီပဲ။ အမေသည် မှိုင်းမှုန်သော မျက်နှာထားဖြင့် နုကို အတော်ကြာပင် စိုက်ကြည့်နေသည်။ ကနဦးတွင် အမေ့အကြည့်သည် နုကို သနားဟန် အထင်းသား ဖြစ်သည်။ ထို့နောက် တဖြည်းဖြည်း စိတ်ပျက်သလို၊ စိတ်ရှုပ်သလို ဖြစ်လာ၏။ နောက်ဆုံးတွင်ကား ဒေါသသာ ကျန်ရစ်ခဲ့၏။ တအိအိ ငိုရှိုက်နေသော နုအား “တိတ်စမ်း” ဟု လေသံဖြင့် မာန်မဲသည်။
“လေးလ ပြည့်တော့မယ်၊ ပြီးတော့ ညည်းလူက အခု ပေါ်တာပါသွားပြီ၊ ဘယ်တော့ ပြန်လာမယ်မှန်းက မသိ” ဟူသော စကားကို သံယောင်လိုက်သည်။ ပြီးလျှင် “ညည်းအဖေ သိလို့ မဖြစ်ဘူး၊ ညည်းအဖေ သိလို့ မဖြစ်ဘူး” ဟူသော စကားကို တတွတ်တွတ် ရွတ်သည်။ အမေ၏ မျက်နှာထားသည် တင်းမာခက်ထန် လာ၏။ ပြီးလျှင် ပူပန်မှုတို့ဖြင့် လျော့ရိလျော့ရဲ ဖြစ်နေပြန်၏။ နောက်ဆုံးတွင် အမေ၏ သောကနှင့် ခက်ထန်မှုများသည် ခြေ၊ လက်နှင့် ကိုယ်ခန္ဒာကို ကူးစက်ကာ တောင့်တောင့်ကြီး ဖြစ်ကျန်ခဲ့သည်။ “ငိုမနေနဲ့ တိတ်၊ ရေမိုး ချိုး၊ မျက်နှာ သစ်၊ သနပ်ခါး လိမ်း၊ လှလှပပ၊ ပြင်ပြင်ဆင်ဆင် နေစမ်း၊ အပူရုပ်ကို မပေါ်စေနဲ့ ငါ ကြည့်လုပ်မယ်” ဟု အံကို တင်းတင်းကြိတ်ထားသည့် သွားများကြားမှ ထွက်လာသော လေသံမျိုးနှင့် ဆို၏။
နုသည် မိခင်၏ အဆုံးအမအောက်တွင် ပိပိပြားပြား အလှပြင်နေချိန်တွင် နု၏ မိခင်သည် သမီးအတွက် ပွဲပြီး မီးသေ လင်တစ်ယောက် ဖြစ်နိုင်မည့် သူကို ကျီးကန်းတောင်းမှောက် ရှာရသည်။ ပါးစပ်ဖျားတွင် စကားလှလှ များစွာကို ရယ်မောပြောဆို နေသော်လည်း စိတ်ထဲတွင်ကား သမီးအတွက် လင်တစ်ယောက် ဖြစ်နိုင်၊ မဖြစ်နိုင် လင်စံ မီ၊ မမီကို ချိန်ထိုးနေမိသည်။ မှောင်မိုက်သော ညတစ်ညတွင်မူ အမေသည် နုအား ယောက်ျား တစ်ယောက်အား ထောင်ဖမ်းရမည့် အစီအစဉ်ကို ပြောလာသည်။ နုသည် အမေ၏ စကားကြားလျှင် ဘုရားတမိ၏။
“သာအောင် ဟို ကျွန်မတို့ သူရင်းငှား သာအောင်”
နုသည် မယုံကြည်နိုင်သလို မေးမိသည်။ “သူရင်းငှားကြီး ကတော့” ဟု စိတ်တွင် မနှစ်မြို့သလို ဆိုမိသည်။ အမေသည် နုအား မျက်နှာတင်းတင်းဖြင့် စူးစူးကြီး ကြည့်၏။ ပြီးလျှင် “ညည်းက အခု ညည်းကိုယ်ညည်း ရည်းစားတစ်ထောင် လင်ကောင်တစ်ယေက် လုပ်နေရမယ့် အချိန်များ အောက်မေ့နေသလား” ဟု တင်းတင်းပြောသည်။
“ဘာလို့ မဖြစ်ရမှာလဲ၊ ဟိုတလောက သူပဲ မမနုချက်တဲ့ ထမင်း၊ ဟင်းကို တစ်သက်လုံး စားချင်တယ် ပြောလို့ ညည်း စိတ်တိုရသေးတယ်ဆို။ သူ ညည်းကို လိုချင်နေတာ အသိသာကြီးပဲ၊ မုဆိုးသား လူ့ငမွဲ အင်္ကျီကျောပြဲပေမယ့် သူ့မှာလည်း အားကိုးစရာ ဗလနဲ့၊ ကိုယ့်မှာလည်း သူ့ဗလကို အသုံးချစရာ လယ်နဲ့ ကိုင်းနဲ့၊ လယ်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသော သမီးကို ရတာပဲအေ သူ မနာပါဘူး” ဟု အမေက ရှည်ရှည်လျားလျား ဆိုလျှင် နုသည် တွေဝေသလို ဖြစ်လျက် “ဒါဆို ကိုကျော်ဦးကကော” ဟု ချစ်သူကို သံယောဇဉ် မပြတ်သလို မေးမိပြန်သည်။
“ဟဲ့ ဘယ်တော့ ပြန်လာမလဲ မသိ၊ သေသလား၊ ရှင်သလားလဲ မသိ၊ ကိုယ့်ဗိုက် ပိုင်ရှင်ပါလို့ လက်ဆုပ်လက်ကိုင် ပြလို့လည်း မရတဲ့သူကို လက်ညှိုထိုးပြီး ညည်းက ဗိုက်ကြီး တကားကားနဲ့ မိန်းမအာဇာနည် လုပ်ချင်လို့လား”
ပြောရင်းနှင့်ပင် အမေ၏ အသံသည် ဒေါသကြောင့် တုန်ခါလာသလို ရှိသည်။ နုသည် မသိကျိုးကျွန်ပင် “ပြန်လာရင်ကော” ဟု အတွန့်တက်၏။ အမေသည် သမီးဖြစ်သူ၏ ပခုံးနှင့်ကျောကို တဖုန်းဖုန်း ရိုက်ရင်း “မသာမ” ဟု ရေရွတ်သည်။
“ညည်း ဘာမှ စဉ်းစားစရာ မလိုဘူး၊ သူလည်း ဒီအချိန်ဆို ကေအိုင်အေ သတ်လို့ သေလောက်ပြီ၊ ပြန်လာရင်လည်း ဘာအရေးလဲအေ၊ ကိုယ့်မှာ ယောက်ျားနဲ့ ကလေးနဲ့ ဘာမှ လုပ်စရာ မလိုဘူး” ဟု သတိလက်လွတ် ဟန်နှင့် ပြော၏။
နုသည် မိခင်ဖြစ်သူကို မမြင်ဖူးသလို ငေးကြည့်နေမိ၏။ နု၏ တစ်သက်တွင် အမေသည် နူးညံ့သိမ်မွေ့ ခဲ့သည်။ ယဉ်ကျေးချိုသာ ခဲ့သည်။ ယခုကဲ့သို့ စိုးရိမ်သောက၊ အမျက်ဒေါသတို့ဖြင့် ပူလောင်နေသည်ကို မမြင်ဖူးခဲ့။ အမေသည် အမေနှင့် မတူ။ အခြားတစ်ယောက်နှင့် တူနေ၏။
“သန်ဘက်ခါ ညက ဦးသာအိတို့ ရှင်လောင်းလှည့်တဲ့ နေ့ပဲ၊ ဇရပ်ဝင်းမှာ ဗီဒီယို ပြလိမ့်မယ်၊ ငါ နင့်အဖေကို ခေါ်ထုတ်သွားမယ်၊ ပြီးတော့ ည ဆယ်နာရီခွဲလောက်မှာ နင်စားဖို့ မုန့်ဆိုပြီး သာအောင်ကို ပို့ခိုင်းလိုက်မယ်၊ နင် နားလည်ပါတယ်အေ၊ မိန်းမတစ်ယောက်ကသာ စလာရင် ဘယ်ယောက်ျားကများ ငြင်းနိုင်မှာလဲ၊ အရေးကြီးတာက နောက်ပိုင်း နင်ဗိုက်ကြီးနေတာ သူမသိဖို့ပဲ။ မဟုတ်ရင် တစ်သက်လုံး သူ အနိုင်ကျင့်တာ ခံနေရမှာပဲ၊ ဘာမှ စိုးရိမ်စရာ မလိုဘူး ” ဟု လောလောဖတ်ဖတ် လေသံနှင့် ပြောသည်။ “ဘာမှ စိုးရိမ်စရာ မလိုပါဘူးအေ” ဟု ပြောရင်းပင် “သေချာအောင် ရှင်လောင်းလှည့်ပြီးမှ သောက် ဆိုပြီး သူ့ကို အရက်ဖိုး ပေးထားရမယ်” ဟု အမေသည် နုကို ပြောသလိုလို၊ သူ့ကိုယ်သူ ပြောသလိုလို ရေရွတ်၏။ နုသည် အမေ့ကို ကြည့်ရင်းပင် ကြောက်လာ၏။ ဆတ်ခနဲ မေးထိုးပြီး စကားပြောဟန်၊ လက်တို့၏ အချီအချနှင့် ကိုယ်ဟန် အယိမ်းအနွဲ့သည် ဘီလူးက ကနေသည်ဟုပင် ထင်လာသည်။ တစ်ဖက်တွင်လည်း အမေသည် မရိုင်းချင်ဘဲ ရိုင်းနေရသည်ဟု တွေးကာ သနားမိပြန်သည်။ အမေ၏ အသံသည် တစ္ဆေသရဲတို့ကို မြင်သော ခွေးတစ်ကောင်၏ ကြောက်ရွံ့မှု အပြည့်နှင့် ပြန်ဟောင်သော အသံမျိုးတည်း။ မိမိ၏ ကလေးအတွက် ဆိုလျှင် အမေတိုင်းသည် လူယုတ်မာ ဖြစ်ဝံ့ကြသည်ပဲ။
နုသည် စိတ်ထဲမှပင် “အမေ” ဟု အားကိုးတကြီး ခေါ်မိသည်။ ကြမ်းပြင်ထက်တွင် ခွေခေါက်ခေါက် ရှိနေရာမှ ရုတ်ခနဲ ထရပ်၏။ “ဘယ်လို လုပ်ရမလဲ၊ ဘယ်လို လုပ်ရမလဲ” ဟု ကယောင်ချောက်ချား တွေးရင်း နာရီကို ကြည့်မိပြန်သည်။ အမယ်လေး နာရီလက်တံများသည် ဆယ်နာရီခွဲ တိတိကို ညွှန်နေကြပါပြီပဲ။ လာတော့မည်။ မကြာခင် သာအောင် လာတော့မည်။ နု၏ နားတွင် ခြေသံတဖျပ်ဖျပ် ကြားသလို ထင်၏။ ဟုတ်တယ် မူးနေတဲ့ လူတစ်ယောက် ခြေသံပဲ။ ခြေ အချ အသိမ်းအနုတ် မမှန်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းပြီး လာနေတဲ့ ခြေသံမျိုးပဲ။ နုစိတ်တွင် တရှပ်ရှပ် မြည်သော ခြေသံသည် ပိုပို ကျယ်လောင်လာသည်။ တကယ်ပဲ သာအောင်သည် နုရှိသော အိမ်ဝသို့ ရောက်လာပါပကော။
(၄)
နု အိပ်ရာမှ နိုးချိန်တွင် မိုးစင်စင် လင်းနေပေပြီ။ နုသည် လုံချည်ကို တင်းတင်းပြင်ဝတ်ပြီး တွန့်ကြေနေသော အင်္ကျီကို အသာဆွဲဆန့်သည်။ ဘေးတွင် တုံးလုံးပက်လက် အိပ်ပျော်နေသော သာအောင်ကို မြင်လျှင် ဟင့်ခနဲ သက်ပြင်းထုတ်သည်။ ညတုန်းက အဖြစ်အပျက်ကို လှစ်ခနဲ သတိရ၏။ “ကျွန်တော် မှားပါတယ်” ဟု တတွတ်တွတ် တောင်းပန်နေသော သာအောင်၏ မူးမူးရူးရူး အသွင်၊ ဒေါသအကြီးအကျယ် ထွက်နေသော အဖေ။ “လွန်ကုန်မှတော့ အပျိုမှ ပြန်မဖြစ်တော့တာပဲတော်” ဟု တရားရှင်မကြီး ဟန်ပန်နှင့် အဖေ့ကို တရားချနေသော အမေ။ နုသည် ဟင့်ခနဲ၊ ဟင့်ခနဲ သက်ပြင်းကို နှစ်ချက် ဆင့်ထုတ်မိသည်။ နုသည်ကား ထိုကိစ္စ ဖြစ်သမျှ တစ်လျှောက်လုံး အောင့်အည်းသမျှ အတိုးချကာ ရှိုက်ကြီးတငင်ပင် ညက ငိုခဲ့သည်ပဲ။ ပြန်တွေးရင်းပင် နု၏ မျက်နှာသည် တဖြည်းဖြည်း မဲ့လာ၏။
“ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်မနေနဲ့။ နင်က လှည်းကျိုး ထမ်းရတာ ဟဲ့”
နုသည် စိတ်ထဲတွင် အောင်နိုင်သူသဖွယ် ရေရွတ်မိသည်။ အားလုံးရဲ့ အမြင်မှာတော့ နင်က အသာကြီးပေါ့ သာအောင်ရယ် ဟုလည်း တွေး၏။ တစ်ရွာလုံးက နုအပေါ် စုတ်တသပ်သပ် ရှိနေကြပြီကော။ နုသည် မြိန့်မြိန့်ကြီး ပြုံး၏။ ခစ်ခနဲ ရယ်၏။ ထိုစဉ် နု၏နားတွင် ခေါ်သံတစ်ခု ကြားသလိုလို ထင်သည်။
“နု”
ဒါ နု ချစ်သူ ကိုကျော်ဦး အသံများလား။
နုသည် ဝုန်းခနဲပင် ထရပ်မိသည်။ ဘုရား၊ ဘုရား မဟုတ်ပါစေနဲ့ ဟု သတိလက်လွတ် တတွတ်တွတ် ရွတ်ရင်းပင် ယိမ်းယိုင်သော ခြေလှမ်းများဖြင့် အခန်းအပြင်ထွက်၏။ ထို့နောက် လှေကားရင်းတွင် ထီးထီးကြီး ရပ်နေသော ကိုကျော်ကို မြင်လျှင် နုသည် ကြက်သေ သေကာ သွားသည်။ ရင်သည် တလှပ်လှပ်တုန်ကာ ချွေးများသည် ရုတ်တရက် စိမ့်ထွက်လာကြသည်။
“မနု ဧည့်သည်လား ဘယ်သူတုံး”
သာအောင်၏ အသံကို ကြားလျှင် နုသည် ရုတ်တရက် ဒူးများ ပျော့ခွေကာ သွား၏။ နုသည် လက်များကို အားပြုကာ အိမ်နံရံကို လှမ်းဆွဲလိုက်သည်။ သို့သော် နုသည် ဘာကိုမျှ မကိုင်မိတော့။ နု၏ ကိုယ်သည် အိမ်နံရံနှင့် ပွတ်တိုက်ပြီး တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ ကမ္ဘာကြီးသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်၏။ နုနားတွင် အသံများသာ ကြားရ၏။ ဘာကိုမျှ မမြင်ရ။
တစ်ယောက်ယောက် ပြေးပွေ့ လိုက်သည်ကိုသာ နု နောက်ဆုံး သိလိုက်၏။
-----------
ရေအေး
ရွှေအမြုတေ၊ စက်တင်ဘာ၊ ၂၀၁၃။
Credit to စာပေပန်းခင်း
by မွန်းလေးဖေဖေ
No comments:
Post a Comment