ဝေဒနာ (ဝတ္ထုတို)
....
ကျွန်မ ရုတ်တရက်လန့်နိုးသွားတော့ ရင်ခွင်ထဲ တိုးဝှေ့နေကြတဲ့ ကျွန်မကလေးတွေကို တွေ့လိုက်ရတယ်။ဘယ်လောက်ပဲ နာကျင်ပြီး ပင်ပန်းမောဟိုက်နေပါစေ သူတို့်မျက်နှာလေးတေ
ွမြင်လိုက်ရတော့လည်း ဝေဒနာတွေပျောက်ကွယ်သွားသလိုပါပဲလား။
ဒါပေမယ့်ပေါ့။ များများစားစားမဟုတ်ရင်တောင် နည်းနည်းပါးပါးလောက်ဖြစ်ဖြစ် ကျွန်မကိုယ်ကျွန်မ ဂရုစိုက်ဦးမှဖြစ်မယ်။ဒါကလည်း ကျွန်မအတွက်တော့ မဟုတ်ပါဘူး။ကျွန်မကလေးတွေ ရေရှည်ရပ်တည်နိုင်ဖို့က ကျွန်မရှိမှ ဖြစ်မှာမို့လေ။
နာကျင်ပင်ပန်းတဲ့ဒဏ်နဲ့ ဆာလောင်နေတဲ့ဒဏ် နှစ်ခုပေါင်းလိုက်တော့ မလှုပ်ချင်လောက်အောင်ကို ဖြစ်နေတယ်။ဆာလောင်မှုတွေ
ပြေပျောက်ဖို့ ကျွန်မ ရုန်းကန်လှုပ်ရှားရဦးမယ်။ကလေးတွေအိပ်မောကျအောင်စောင့်ပြီး အသာအယာကလေး လမ်းပေါ်ထွက်လာခဲ့တယ်။
အရင်တုန်းကတော့ ကျွန်မဟာ ခုလို အိမ်ခြေယာမဲ့မဟုတ်ပါဘူး။ကျွန်မမှာ နေစရာရှိတယ်။စားစရာရှိတယ်။ချစ်ချစ်ခင်ခင်နဲ့ စောင့်ရှောက်ပေးသူတွေရှိတယ်။သူတို့ရှိတုန်းကတော့ ကျွန်မဘဝ အနေအစားချောင်ခဲ့ပါတယ်။ဒါပေမယ့် ကျွန်မဘဝတစ်လျှောက်လုံး ဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်တဲ့ အဖြစ်အပျက်တွေကြုံလာခဲ့တယ်။
"မလုပ်ကြပါနဲ့ဗျာ။ ကျွန်တော်တို့မှာ နေစရာဆိုလို့ ဒီတဲလေးပဲရှိတာပါ။
ဟာ မိန်းမ မိန်းမ လုပ်ကြပါဦးဗျာ ကျွန်တော့်မိန်းမ သတိလစ်သွားလို့"
"ကိုသာဒွန်းရေ မြန်မြန်သယ်ပါတော့ ဘူဒိုဇာကြီးလိုက်ဖြိုနေတာ
ကျွန်မတို့အိမ်နားတောင် ရောက်နေပြီတော့"
"ခဏလေးစောင့်ကြပါဦးဗျာ ရှိကြီးခိုးပါရဲ့"
ပြေးလွှားအော်ဟစ် ဆူညံသံတွေနဲ့ တောင်းပန်ဝန်ချ ငိုယိုသံတွေက နားနဲ့မဆံ့နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။
နောက်တစ်နေ့မနက် ကျွန်မ ဗိုက်ဝအောင် စားပြီးကာစမှာပေါ့....။
"မိန်းမရေ ဟိုမှာကားရောက်နေပြီ ပစ္စည်းတွေတင်ကြရအောင်ကွာ ကဲ သားနဲ့သမီး ကားနားမှာသွားစောင့်နေနော် လျှောက်မဆော့နဲ့တော့"
"ဖေဖေ သားသားတို့ မိနီမကို ခေါ်သွားလို့မရဘူးလားဟင်"
"ဘယ်ဖြစ်မလဲသားရယ် ဖေဖေတို့ကျူးကျော်တဲလေးတောင်
အဖျက်ခံရလို့ သားဦးလေးအိမ်မှာ သွားကပ်နေရမှာလေ"
"ဟုတ်တယ်သား မိနီမကို သံယောဇဉ်ရှိလို့ခေါ်သွားချင်ပေမယ့် သားဦးလေးက မကြိုက်ဘူး။ခွေးတော့ ခေါ်မလာခဲ့နဲ့ အိမ်ရှုပ်တယ်တဲ့ သူ့ဘဝ သူ့ကံအကြောင်းပဲပေါ့ စိတ်မကောင်းပေမယ့် ထားခဲ့ရမှာပဲသားရယ်
အမေတို့လည်း ဘယ်တတ်နိုင်ပါ့မလဲ"
သူတို့အနားကနေမခွာပဲ ရစ်သီရစ်သီလုပ်နေတော့ ကျွန်မကို ခဏခဏ စိုက်ကြည့်နေခဲ့ကြတယ်။ သူတို့တွေ ကားပေါ်တက်သွားလို့ ကျွန်မလည်း လိုက်တက်ချင်ပေမယ့် ကျွန်မကိုတော့အတက်မခံခဲ့ကြဘူး။
ကားစထွက်သွားတော့ ခေါ်နိုးခေါ်နိုးနဲ့ ကျွန်မပြေးလိုက်သွားခဲ့တယ်။
"မိနီမရေ ငါတို့ကိုခွင့်လွှတ်ပါဟယ်"
ကားအရှိန်မြင့်လာသလောက် မီအောင်ကျွန်မ ပြေးလိုက်သွားခဲ့ တယ်။ဒါပေမယ့် တုန်ယင်မောဟိုက်စွာနဲ့ပဲ အဝေးကရပ်ကြည့်ရင်း
ကျွန်မ ကျန်ရစ်ခဲ့ရပါတော့တယ်။ဝမ်းနည်းစိတ်နဲ့ တစာစာအော်ခေါ်ပေမယ့် သူတို့တွေ ပြန်လှည့်မလာခဲ့ကြဘူး။ကျွန်မနဲ့ဝေးရာ ဝေးရာကို
ထွက်သွားရင်း တဖြည်းဖြည်းပျောက်ကွယ်သွားပါတော့တယ်။
အဲ့ဒီနောက်ပိုင်း ပူပင်သောကတွေနဲ့ကျွန်မ နေစရာ၊စားစရာရဖို့
တော်တော်လေး ကြိုးစားရပ်တည်ခဲ့ရပါတယ်။အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ရင်း လောကဓံအခါးတွေကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားခဲ့ရတယ်။
ခုတော့ကျွန်မ သူတို့မရှိလည်း နေတတ်ခဲ့ပါပြီ။ကြုံရာမှာအိပ်ပြီးကြုံရာမှာစားတတ်နေပါပြီ။ဘဝတူတွေအားလုံးနဲ့မဟုတ်ရင်တောင် တော်တော်များများနဲ့တော့ အတတ်နိုင်ဆုံး ပြဿနာမဖြစ်အောင် ကျွန်မစိတ်ကို ချိုးနှိမ်ထားတတ်နေပါပြီ။မလွန်ဆန်နိုင်တဲ့ သဘာဝအာသီသ
ကို ဖြည့်ဆည်းမိရင်းနဲ့ ကျွန်မ ကိုယ်လေးလက်ဝန်ရှိလာခဲ့တယ်။ ဒီလိုနဲ့ အချိန်အတိုင်းအတာတစ်ခု ဖြတ်သန်းရင်း ကျွန်မမှာ ညကမှမွေးထုတ်ထားတဲ့ နှလုံးသည်းပွတ် ရင်နင့်သည်းချာ ကလေးသုံးကောင်တောင်ရှိနေပါပြီ။
ဈေးထဲသွားပြီး ရှာစားရတာ တစ်ခါတစ်လေလွယ်ပေမယ့် တစ်ခါတစ်လေတော့ တော်တော်ဒုက္ခရောက်ပါတယ်။ ညှာတာမှုမရှိ ရိုင်းစိုင်းပြီး ခွန်အားကြီးမားတဲ့ တစ်ချို့အကောင်တွေနဲ့တွေ့ရင် စားရဖို့နေနေသာသာ အကိုက်မခံရဖို့ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးရတတ်ပါတယ်။
ညကမှ မီးဖွားထားလို့ ပင်ပန်းခဲ့ရပေမယ့် စောင့်ရှောက်ပေးမယ့် သခင်တွေမရှိတဲ့ ကျွန်မတို့အဖို့ အစာရှာထွက်ရပြန်တာပဲ။ဒီမနက်အဖို့ ရသလောက်လေးရှာစားရတာ ဗိုက်ပြည့်အောင်တော့မဝခဲ့ပေမယ့်
ကျွန်မတင်းတိမ်နိုင်ပါတယ်။ပြန်ရောက်တော့ ကျွန်မရဲ့ ချစ်စရာ
အသည်းတုံးလေးတွေက အိပ်နေလိုက်တာမှသိုးလို့။ သူတို့နား
ဝင်ခွေလိုက်တော့ လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်။ကျွန်မရဲ့ရင်ခွင်ထဲ တိုးဝှေ့လာကြပြီး နို့စို့ကြပါတယ်။
ကားလမ်းနဲ့မနီးမဝေး ဟောဒီခြုံပုတ်လေးဟာ ကျွန်မတို့မိသားစုရဲ့ပျော်စရာသိုက်မြုံကလေးပေါ့။ကျွန်မအနားမှာ ဘယ်သူမရှိတော့ရင်နေ ကျွန်မကလေးတွေရှိရင်ပဲ ပြီးပြည့်စုံပါတယ်။စားကောင်းသောက်ကောင်းတွေကို ဝဝလင်လင်မစားရရင်နေ ထမင်းအသိုး ငါးအရိုးလောက်ကိုပဲ မဝမလင်စားသောက်ရင်း ကျွန်မကလေးတွေအတွက် အဟာရဝဝ
ပြန်လည်ဖြည့်ဆည်းပေးနေရရင်ကို ပီတိတွေနဲ့ ကျွန်မ
ဝမ်းဝတယ်လို့ မှတ်နိုင်ပါတယ်။
တစ်နေဝင်တစ်နေထွက်နဲ့ ရက်နည်းနည်းကြာလာတော့ ကျွန်မကလေးတွေ မျက်လုံးလေးတွေ ပွင့်လို့လာပါပြီ။သန်သန်မာမာနဲ့ ဝဝကစ်ကစ်ကလေးတွေက သူတို့လက်ကလေးတွေနဲ့ ကျွန်မရဲ့ရွှေရင်မွှာတွေကို တွန်းထိုးပြီးတော့လည်း စို့တတ်နေကြပြီ။
ဟိုနားဒီနားကိုလည်း တောက်တောက်တောက်တောက်နဲ့
လျှောက်သွားနေတတ်ကြပြီ။သူတို့အချင်းချင်းလည်း
လုံးထွေးရစ်ပတ်လို့ ဆော့ကစားတတ်ကြပြီ။
ကျွန်မအိပ်ပျော်နေတုန်းမှာ ချွတ်ချွတ်ချွတ်ချွတ်အသံကြားလို့ နိုးသွားပြီး ခေါင်းထောင်ကြည့်လိုက်တော့ ကျွန်မတို့ရိပ်မြုံလေးအနားမှာ လူနှစ်ယောက်ရောက်နေတယ်။ကျွန်မကလေးတွေအတွက် စိုးရိမ်စိတ်က ဒိန်းကနဲတက်လာတယ်။
"ဂါး ဝုတ်ဝုတ် ဝုတ်"
"ကျွတ် ကျွတ် အို့ အို့ အို့"
ရုတ်တရက် ပြေးကိုက်ပစ်လိုက်ဖို့ အရှိန်ယူလိုက်ပြီးမှ သူတို့က
ကျွန်မကို ခင်တွယ်လိုဟန်ပြနေတာကြောင့် တစ်ချက်တော့တွေဝေသွားတယ်။သူတို့လက်ထဲက အထုပ်လေးကိုကြည့်မိတော့
အနံ့သင်းသင်းလေးက ကျွန်မစိတ်ကို ညှို့ငင်လိုက်သလိုပဲ။
"အို့ အို့ အို့ ရော့ဒီမှာ။ နင်တို့ကို အန္တရယ်ပြုဖို့ မဟုတ်ပါဘူးဟ အစာလာကျွေးတာပါ ရော့ စား"
ကျွန်မ ဆာလောင်စိတ်က တိုးထွက်လာပေမယ့် အရမ်းကြီးတော့ မယုံရဲသေးပါဘူး။သတိထားပြီး တစ်ခုခုဆို ပြေးကိုက်လို့ရအောင် အသင့်အနေအထားတော့ ပြင်ဆင်ထားပါတယ်။ဒါပေမယ့် သူတို့က အထုတ်ကလေးကို အသာဖြေချပေးပြီး
ဖြည်းဖြည်းချင်းပြန်ထွက်သွားပါတယ်။
သူတို့မရှိတော့မှ အထုပ်နား အသာတိုးကပ်ကြည့်လိုက်တော့ အားပါးပါး မွှေးလိုက်တာမှပဲ။ထမင်းနဲ့ငါးရိုးနည်းနည်း ရောပြီးနယ်ထားတဲ့ အဟာရတွေ။ကလေးတွေကိုလည်းကျွေးရင်း ကျွန်မပါစားတာ ဗိုက်တင်းလောက်အောင် လုံလောက်တယ်။
နောက်နေ့တွေ သူတို့လာလာကျွေးတော့ ကျွန်မသူတို့ကို ရန်မမူတော့ပါဘူး။အစာကျွေးတဲ့လက်ကို ကျွန်မကောင်းကောင်းမှတ်မိပါတယ်။သူတို့နှစ်ယောက်က နေ့တိုင်း အချိန်မှန်မှန် အစာလာကျွေးတတ်ကြပါတယ်။ကျွန်မကလေးတွေကိုလည်း ချီကြည့်တတ်ကြပါတယ်။
"ကိုကြီး ဒီကောင်လေးက ချစ်စရာလေးနော် ဝဝကစ်ကစ်နဲ့ ဖြူစွတ်နေတာပဲ"
"ဟုတ်တယ်ကွ သုံးကောင်ထဲမှာမှ အထီးဆိုလို့ အဲဒီတစ်ကောင်ထဲပါတာ။ကျန်တဲ့နှစ်ကောင်က အမတွေဟ"
တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းရင်း ကျွန်မကလေးတွေက
နို့တိုက်စရာမလိုတော့အောင် ကြီးထွားလာပါပြီ။ဒီနေ့ အစာလာကျွေးနေကျအချိန်တောင် လွန်နေပြီ။ သူတို့ရောက်မလာကြသေးတော့
ကျွန်မမျှော်နေမိတယ်။လာနိုးလာနိုးစောင့်မျှော်ခဲ့ပေမယ့် မရောက်လာတဲ့အဆုံး ကျွန်မ အစာရှာထွက်ရပါတော့မယ်။ကျွန်မကလေးတွေလည်း ဆာနေလောက်ရောပေါ့။
ဈေးထဲမှာစွန့်ပစ်ထားတဲ့ ထမင်းထုပ်တစ်ထုပ်ရလာတော့
အားရဝမ်းသာနဲ့ ကျွန်မကလေးတွေဆီ ပြန်ချီလာခဲ့ပါတယ်။ကျွန်မတို့ရဲ့ ရိပ်မြုံလေးဆီကို ပြန်ရောက်တော့ ကလေးတွေအနားမှာ ထမင်းထုပ်တစ်ထုပ်ရောက်နှင့်နေတာ တွေ့လိုက်ရတယ်။ကလေးတွေကိုကြည့်လိုက်တော့တစ်ကောင်လျော့နေပါရောလား။
ရင်ထဲ ကျဉ်ခနဲရောက်လာတာ ဘယ်လိုဝေဒနာပါလိမ့်။ ပါးစပ်မှာ ကိုက်ချီထားတဲ့ ထမင်းထုပ်ကိုလွှတ်ချလိုက်ပြီး ဟိုနားဒီနား
လိုက်ရှာကြည့်ပေမယ့်မတွေ့။တလိမ့်လိမ့်တက်လာတဲ့ ဝမ်းနည်းပူဆွေးမှုတွေနဲ့အတူခပ်လှမ်းလှမ်းမှာ လိုက်ရှာကြည့်ပေမယ့်လည်း အချည်းအနှီးပဲမို့ လေးကန်တဲ့ခြေလှမ်းတွေနဲ့ ပြန်လှည့်လာခဲ့တယ်။
လုပ်ရက်လိုက်ကြတာ။ကျွန်မဘဝ၊ ကျွန်မတိို့သားစု၊ ကျွန်မတို့ရိပ်မြုံလေးနားကနေ ကျွန်မနှလုံးသားတစ်စိတ်တစ်ဒေသ နာကျင်စွာပဲ့ထွက်သွားခဲ့ပြီ။
"ကျွီ"
"ဂိန် ဂိန်"
စူးရှကျယ်လောင်တဲ့ အသံလာရာကားလမ်းဘက်ကို
လှမ်းကြည့်လိုက်တော့ ဟင် ကျွန်မကလေး...။
အလျင်အမြန်ပြေးသွားပြီး အနားရောက်သွားခဲ့ပေမယ့် အရာအားလုံးက နောက်ကျသွားခဲ့ပြီ။ ကလေးက သွေးအိုင်ထဲမှာ လုံးဝငြိမ်သက်လို့။
"တောက် ဒီခွေးတွေကလည်းကွာ ကားလမ်းပေါ်ထိရောက်တယ်။သူတို့ကိုရှောင်နေရင်လည်း ကားပါမှောက်သွားဦးမယ်။ဟေ့ကောင် ဆက်ကြည့်မနေနဲ့ မောင်းစရာရှိတာမောင်းတော့"
ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ဝေဒနာများစွာနဲ့။
"အူ...ဝူ"
ဆွဲဆွဲငင်ငင် ငိုရှိုက်ပစ်လိုက်ပေမယ့် ဝေဒနာတွေက လျော့မသွားခဲ့။
ကျွန်မရဲ့ ချစ်လှစွာသော ရင်သွေးလေးတစ်ကောင် နောက်ထပ် ဆုံးရှံးလိုက်ရပြန်ပြီ။လောကကြီးက မတရားဘူး။ကျွန်မတို့မိသားစုအပေါ် ထိုးနှက်ချက်တွေများလွန်းတယ်။ကျွန်မရဲ့ ဝေဒနာဆင်ရိုင်းကို ဘယ်လိုဖြေသိမ့်စရာမျိုးနဲ့ အချိန်မီ ချွန်းအုပ်နိုင်မှာပဲ။ ဆက်တိုက်ဖြစ်ပေါ်လာတဲ့ ကြမ္မာဆိုးတွေနဲ့ ကျွန်မတို့ဘဝကို ဘယ်သူကမှ ကရုဏာအနည်းငယ်လေးတောင် လာမစွန့်ကြဲကြ။
အချိန်ကြာကြာ ဝမ်းနည်းငိုကျွေးပြီးနောက် ပြန်ပြင်ခွင့်မရှိတော့တဲ့ အလှည့်အပြောင်းတွေကိုကျောခိုင်းပြီး ရိပ်မြုံလေးဆီပြန်ခဲ့တယ်။
ကျွန်မမှာ နောက်ဆုံးရင်သွေးလေး
ရှိနေပြန်သေးတယ်လေ။သူ့ကိုလည်း စောက်ရှောက်ရဦးမယ်။
တစ်ကောင်တည်းကျန်နေတော့တဲ့ ကျွန်မရင်သွေးလေးကို လျှာနဲ့သပ်တင်ပေးနေရင်း အတွေးတစ်ခုဝင်လာတယ်။ဒီနေရာဟာကျွန်မတို့အတွက် သုခရိပ်မြုံမဟုတ်နိုင်တော့ဘူး။ဒီ့ထက်လုံခြုံတဲ့နေရာ ရှာမှဖြစ်တော့မယ်။
ကျွန်မရင်သွေးလေးကို ကိုက်ချီသယ်လာရင်း ဇရပ်တစ်ခုကို သွားတွေ့တယ်။ဇရပ်အောက်ခြေထဲ တိုးဝင်သွားရင်း ရိပ်မြုံသစ်တစ်ခု
တည်ဆောက်လိုက်ပါတယ်။
အမှောင်ဝင်ချိန် ကြမ်းကြားကနေ မျှော်ကြည့်တော့ လင်းနေတဲ့ကောင်းကင်ကို သွားတွေ့တယ်။ကြယ်တွေအမြောက်အများခြံရံပြီး ပျော်နေတဲ့လမင်းကိုငေးမိတော့ ကျွန်မဘဝနဲ့တစ်ခြားစီပါလား။ ကျွန်မအနားမှာတော့ ကြယ်ကလေးတစ်ပွင့်ပဲ ကျန်နေတော့တယ်။ ရင်ထဲကဝေဒနာတွေအတွက် ပြေပျောက်လိုပြေပျောက်ငြား မိုးပေါ်ကလမင်းကို တိုင်တည်မိလိုက်တယ်။
"အူ ဝူ"
ကိုယ်တိုင်အစာရှာစားသောက်ဖို့ မလွယ်ကူသေးတဲ့ရင်သွေးတွေအတွက် ရှာဖွေကျွေးမွေးရခြင်းဆိုတာ မိဘတွေရဲ့ ဝတ္တရားမဟုတ်လား။သွားတဲ့နေရာ ခေါ်သွားချင်ပေမယ့် အန္တရယ်ကောင်တွေရဲ့
ရန်ကိုလည်း ကြောက်ရသေးတော့ စိတ်မချပေမယ့် ခဏတော့ ထားခဲ့ရတာပါပဲ။
တစ်မနက်လုံးရှာခဲ့ပေမယ့် ဘာအစာမှမရခဲ့လို့ စိတ်အားငယ်စွာပြန်လာချိန် ဇရပ်အောက်က ရိပ်မြုံသစ်ဆီမှာ ကျွန်မရဲ့ နောက်ဆုံးရင်သွေးလေး ရှိမနေတော့ပြန်ဘူး။ထပ်ဆင့်တိုးလာတဲ့ ဝေဒနာတွေက တစ်ရစ်ပြီးတစ်ရစ်။
မဖြစ်ဘူး မဖြစ်ဘူး။ကျွန်မဘဝမှာ သူပဲရှိတော့တာမို့ မတွေ့တွေ့အောင်ရှာရမယ်။ကလေးရေ ရင်နင့်သည်းချာကလေးလေးရေ။အမေရင်မောလှချည်ရဲ့ မင်းဘယ်မှာလဲကွယ်။
တစ်လမ်းဝင်တစ်လမ်းထွက် လိုက်ရှာခဲ့ပေမယ့် ကျွန်မရင်သွေးလေးကို ရှာလို့မတွေ့ခဲ့ဘူး။ဆာလောင်မောပန်းခြင်းဝေဒနာတွေက
ရင်ထဲက ပူပင်သောကတွေရဲ့ ခြေမှုန်ခြေမွှားလောက်ကိုတောင် မီမယ်မထင်။
"ဂိန် ဂိန် ဂိန်"
ခြံတစ်ခြံရှေ့ကအဖြတ် အော်သံကြားလို့ကြည့်မိလိုက်တယ်။
"သမီးငယ် ဘယ်ကခွေးပေါက်စကို သွားခေါ်လာတာလဲ။ဟင် တုတ်နဲ့မရိုက်ဆော့နဲ့လေ သူကငယ်ငယ်လေးရှိသေးတာ ဘယ်ခံနိုင်ပါ့မလဲ"
ဒါ ဒါ ကျွန်မရင်သွေးလေးရဲ့ အော်သံပဲ။ဟုတ်တာပေါ့ ကြည့်စမ်း ကျွန်မကလေးလေး နာကျင်နေရပြီ။ ဟိုကောင်မလေးလက်ထဲမှာက တုတ်ကြီးနဲ့ ပြီးတော့ ကျွန်မရင်သွေးကို ရိုက်နေတယ်။
ဒေါသစိတ်တွေတက်လာပြီး ခြေလှမ်းတွေက အလိုလို ခြံထဲပစ်ဝင်သွားတယ်။ကိုင်း ကဲဟာ။
"ဟဲ့ခွေး ဟာ ငါ့သမီးကို ကိုက်လိုက်ပြီ လုပ်ကြပါဦးဟ"
စုပြုံအုံခဲနေတဲ့ ဒေါသစိတ်တွေနဲ့ ဖြစ်ချင်ရာဖြစ် မလွတ်တမ်း ခဲထားလိုက်တယ်။ကျွန်မကလေးကို သူရိုက်တယ်။
"ဟဲ့ခွေး ဟဲ့ခွေး ဟာ ဒီခွေးတော့လား တွေ့မယ်"
ခေါ်ပေါ်ကျလာတဲ့ တုတ်ပိုင်းကိုမမြင်နိုင် ကျွန်မကလေး နာကျင်နေမှာကို တွေးမိတဲ့ဝေဒနာတွေပဲ ခေါင်းထဲမှာတဝဲလည်လည်။
ကျွန်မကလေးကို သူရိုက်တယ်။
"ဖြောင်း ဖြောင်း"
"ကဲကွာ ငါ့ကလေးကို ကိုက်ဦး"
ခေါင်းထဲမှာ ပူခနဲဖြစ်သွားပြီး မျက်လုံးတွေပြာဝေသွားတယ်။ဒါပေမယ့် ရင်ထဲက ဝေဒနာက ပိုကြီးတယ်။
ကျွန်မကလေးကို သူရိုက်တယ်။
"ကဲကွာ ငါ့ကလေးကို ကိုက်ဦး"
ထပ်ကျလာတဲ့ အားပြင်းတဲ့ရိုက်ချက်တွေကြောင့် ကိုက်ထားတာ လွတ်ထွတ်သွားပြီး မြေပေါ်ပုံလဲကျသွားတယ်။ဘာမှမမြင်ရတော့ပဲ လှုပ်ရှားနိုင်ခြင်းမရှိတော့ပေမယ့် လွတ်ထွက်သွားကာနီးစိတ်ထဲမှာ
သိနေတာက တစ်ခုတည်း။ကျွန်မကလေးကို သူရိုက်တယ်။
"ကဲကွာ ငါ့ကလေးကို ကိုက်ဦး"
နောက်ထပ်ရိုက်ချက်တစ်ချက်မှာ အရာအားလုံး အမှောင်ဖုံးသွားပြီး ဝေဒနာတွေချုပ်ငြိမ်းသွားတယ်။
ဒါပေမယ့် ဝေဒနာတစ်ခုတော့ ကျန်သေးတယ်။
ကျွန်မကလေးကို သူရိုက်တယ်။
ကျွန်မကလေးကို သူရိုက်တယ်။
နတ်စောင်း(ကျိုက်ထို)
၂၀၁၈ ဖေဖော်ဝါရီလထုတ်
`ဗုဒ္ဓအသံ´ မန္တလေး သီတဂူဗုဒ္ဓတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း
ဆရာ့ page မှကူးယူဖော်ပြပါသည်
မွန်းလေးဖေဖေ
No comments:
Post a Comment