May 27, 2018

ယတြာ

#ယတြာ
❇❇❇

လမင်းမိုမို

အဲဒီ ပထဆုံးနေ့ကပေါ့။

ဂိုးရှိုးကို ခဏဝင်မယ့် ရည်ရွယ်ချက်နဲ့ ကားကို လှည်းတန်းလမ်းပေါ် ကနေ ပြည်လမ်းမဘက် ချိုးကွေ့ပြီး ခပ်ဖြည်းဖြည်းပဲ မောင်းအလာ။ အမှတ်တမဲ့နဲ့ ဘေးကို ရောက်သွားတဲ့ တို့ရဲ့ မျက်လုံးတွေဟာ ရှမ်းတောင်တန်း ဆိုတဲ့ ဆိုင်းဘုတ်အောက် ဝင်ပေါက် စားပွဲမှာရှိတဲ့ မင်းကို တွေ့လိုက်မိတာ ပါပဲ။

မင်းကတော့ တို့ကို တွေ့ပုံ မပေါ်ဘူး၊ အေးမြငြိမ်းချမ်း ငြိမ်သက်တတ်တဲ့ မင်းရဲ့ စရိုက်ပုံစံလေး အတိုင်း အဲဒီနေ့ကလဲ လမ်းမကို ခပ်အေးအေး ငေးမောရင်း စီးကရက် သောက်နေခဲ့တယ်။ မူရင်း ရည်ရွယ်ချက် အတိုင်း ဂိုးရှိုး နံဘေးက မြေလမ်းသွယ် ကလေးထဲ တို့ကားကို ကွေ့ထိုးချပြီး နေရာယူ ရပ်လိုက်တယ်။

ဂိုးရှိုးဆိုင်ထဲ အရင် မဝင်သေးဘဲ ရှမ်းတောင်တန်း မြီးရှည်ဆိုင်ကို တို့ ပြန်လျှောက် လာခဲ့ရင်း စိုးရိမ်တဲ့စိတ်၊ ကြောက်စိတ်တွေနဲ့ တို့ရင်ထဲ လှုပ်ရှား နေတယ်လေ။ တို့ အူကြောင်ကြောင် ကိစ္စတစ်ခုကို အရဲစွန့် လုပ်ရတော့မယ် မဟုတ်လား။ နှေးကွေး လေးလံလွန်းတဲ့ ခြေလှမ်းတွေဟာ ဆန္ဒ ပြင်းပြခြင်း တစ်ဝက် ဆန့်ကျင် ရွံ့ထိတ်စိတ် တစ်ဝက်နဲ့ မှားယွင်းချင်ချင် ပါပဲ။ ဆိုင်နဲ့ နီးလေ တို့ခြေလှမ်းဟာ ရွှေ့ရုံကလေး ဖြစ်လေ။ ဘာကို ဘယ်လို စ, ပြောရမလဲ။ တို့ခေါင်းထဲ စာစီ နေမိတယ်။ ရှမ်းတောင်တန်း ဆိုတော့ ရကောက်နဲ့ စ,တာလေ။ ရကောက်ဆိုတော့ ရ,ယ, လ,ဝ, ဗုဒ္ဓဟူးနံ။

ဆိုင်ရှေ့ ရောက်တယ် ဆိုရင်ပဲ ဝင်ပေါက်က ရှေ့ဆုံး စားပွဲမှာ ရှိနေတဲ့ မင်း တို့ကို ဖျတ်ခနဲ လှမ်းကြည့် လိုက်တာကို လက်ခံရတော့တယ်။ အကြာကြီး ကြည့်ရမှာ အားနာ သလိုလို၊ တဖက်သား မိန်းကလေးကို စာနာသလိုလို မျက်နှာထားမျိုးနဲ့ အကြည့်ကို ချက်ချင်းပဲ ရုပ်သိမ်း သွားပေမယ့် တို့ကတော့ မင်းကိုပဲ ဆက်စိုက် ကြည့်နေရင်း ခြေကို စုံရပ် နေမိတယ်။

တခဏ ဆက်ငြိမ်နေတဲ့ တို့ရဲ့ ထူးခြားတဲ့ ဟန်ပန်ကို မင်း မကြည့်ဘဲနဲ့ သတိပြုလိုက်မိ သလိုလို။ ဖျတ်ခနဲ တစ်ခါ ထပ်ကြည့်လိုက်တဲ့ အခါမှာတော့ တို့ မဝံ့မရဲနဲ့ မပွင့်တပွင့် ပြုံးပြ လိုက်မိတယ်။ အဲဒီ အချိန်မှာပဲ ရင်တွေ ခုန်လာလိုက်တာ ဆိုတာ တို့နှလုံးသားဟာ လှုပ်ခုန် တုန်ယင်ရလွန်းလို့  ပြုတ်ကျတော့ မလိုပါဘဲ။ တို့ပြုံးပြ လိုက်တာဟာ မင်းကိုလား၊ တခြား တစ်ယောက်ကိုလား ပထမပိုင်းမှာ မင်း မသေမချာ ဇဝေဝါ ဖြစ်နေပြီးမှ တို့ရဲ့ ပြုံးလက်စကို အားနာသလိုလိုနဲ့ နှုတ်ခမ်းတွန့်တယ် ဆိုရုံကလေး အူကြေင်ကြောင် ပြန်ပြုံးပြ လိုက်တယ်နော်။ အဲဒီတော့မှ တို့ခြေလှမ်းတွေဟာ ရှေ့ကို မရဲတရဲ မဝံ့တဝံ့ ဆက်တိုးလာရင်း မင်းရဲ့ ရှေ့တည့်တည့် အနီးကပ်ကို ရောက်တဲ့အခါမှာတော့ ...

“တို့ ခဏထိုင်ပါရစေ”

ခပ်ထိုးတိုး ခွင့်ပန် လိုက်မိတယ်။

ဆိုင်ခန်းမှာ စားပွဲ တစ်လုံးတလေ အလွတ်ရှိနေတာကို မင်းလဲ သိနေပုံနဲ့ တို့အပြုအမူ အတွက် ဆန်းဆန်း ဖြစ်သွားပုံပဲ။ ရှိုက်သွင်းထားတဲ့ ဆေးလိပ်ငွေ့တွေကို ကမန်းကတန်း တစ်ဘက်လှည့် မှုတ်ထုတ်ရင်း ...

“ဟုတ်ကဲ့ ... ရပါတယ်”

ဖြေလိုက်တဲ့ မင်းအသံဟာ တိုးတိုးအေးအေး ကလေး။ တို့ ခေါင်းငုံ့ပြီး စကားစဖို့ ခက်နေတဲ့ ပုံနဲ့ လက်ထဲ လက်ကိုင်ပုဝါ ဖြူဖြူလေးကို ချေမွနေမိတုန်း မင်း မှာထားတဲ့ မြီးရှည်ပွဲကို စားပွဲထိုး ကောင်ကလေး တစ်ယောက်က လာပို့ပါရော။

“အစ်မ ဘာစားမလဲ”

စားပွဲထိုးလေးရဲ့ အမေးကို တို့ ခေါင်းခါပြ လိုက်တဲ့အခါ မင်း သိပ်ကို အံ့ဩသွားတယ်။ ဘာမှလဲ စားမှာ မဟုတ်ဘဲ။ ကောင်ကလေး တစ်ယောက်ရှိတဲ့ စားပွဲကို ခွင့်တောင်း ဝင်ထိုင် နေတာဟာ တွေးရခက်ချင်စရာ ပဲကိုး။ စားပွဲထိုးလေးကတော့ တို့နှစ်ယောက်ကို ဆိုင်မှာ ချိန်းထားတဲ့ စုံတွဲမျိုးလို့ပဲ ထင်သွားသလား မသိပါဘူး။ ခေါင်းညိတ်ပြီး ပြန်ထွက် သွားတော့တယ်။

ကိုယ့်ဘာသာ အေးအေးဆေးဆေး ထိုင်နေကာမှ ဘယ်က ကောင်မလေးက ရောက်လာမှန်း မသိ ရောက်လာပြီး စားကာနီး သောက်ကာနီးမှာ ကိုယ်တစ်ယောက်တည်း ငုံ့စား နေရမှာမျိုးကို တစ်မျိုး ခက်ခဲနေသလို။ မင်း စိတ်အိုက် သွားတဲ့ပုံနဲ့ တို့ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေတယ်။ ပန်းကန်ထဲက မုန့်ကို စားဖို့ မပြောနဲ့ ပန်းကန်ကိုလဲ ထိဖို့ခက်၊ ရှေ့က တူထည့်တဲ့ ခွက်ထဲက တူကို နှိုက်ယူဖို့တောင် ခက်နေတဲ့ မင်းရဲ့ မျက်နှာဟာ ရယ်ချင်စရာ၊ သနားစရာ ကောင်းနေခဲ့တာ တို့မှတ်မိနေတယ်။ ခုထက်ထိကို မျက်လုံးထဲက မထွက်ဘူး။

“စားပါ၊ တို့ကို အားမနာပါနဲ့”

တို့ ပြောလိုက်ရင်း တူနှစ်ချောင်း ဆွဲယူပြီး လက်သုတ်ပဝါနဲ့ သုတ်ပြီးမှ မင်းရဲ့ပန်းကန် နှုတ်ခမ်းပေါ် တင်ပေးလိုက်တယ်။ မင်းရဲ့မျက်နှာ အေးအေးချမ်းချမ်း ကလေးဟာ အရမ်း အစဉ်းစားရ ခက်နေသလို တစ်မျိုးလေး တူကို ယောင်ကန်းကန်းနဲ့ ဆွဲကိုင်လိုက်ရင်းက တို့ကို မေးခွန်းထုတ်သလို တစ်ချက် ကြည့်သေးတယ်။

“တို့နာမည် နှင်းဆီလို့ ခေါ်ပါတယ်၊ တစ်ခုလောက် အကူအညီ တောင်းချင်ပါတယ်” 

“ခင်ဗျာ”

“တို့လုပ်နေတာ နည်းနည်း ကြောင်တောင်တောင် ဖြစ်ရင် ဖြစ်နေမယ်၊ တစ်မျိုး မထင်ပါနဲ့နော်၊ အကူအညီ တစ်ခုလောက် တောင်းပါရစေ”

“ဟုတ်ကဲ့ တောင်းလေ”

“တစ်မျိုး မထင်ပါနဲ့နော်”

“ဟုတ်ကဲ့ မထင်ပါဘူး”

“တို့မှာ ကံဆိုးနေတာ တစ်ခု ရှိနေလို့ ဟို တို့ဗေဒင် မေးတော့ ဗေဒင်ဆရာက ယတြာတစ်ခု ချေခိုင်းပါတယ်”

“ခင်ဗျာ ...”

“တို့ပြောတာ မကြားလို့လား”

“ကြားပါတယ်၊ အံ့ဩသွားလို့ပါ”

မင်း မျက်ခုံးလေးတွေ ရှုံ့ပြီး စိတ်လဲဝင်စား၊ အံ့လဲ အံ့ဩသလို တို့ကို တည့်တည့် စိုက်ကြည့်နေတယ်။ အကြာကြီး အကြည့်ချင်း ဆုံမိကြတယ်၊ အဲဒီလို မဆုံမိခင် ကတည်းက မင်းမျက်လုံးလေးတွေ ဘယ်လို လှပ ဆွဲဆောင်မှု ရှိတယ်ဆိုတာ တို့ သတိပြုမိ ပြီးသားပါ။

“အဲဒါကြောင့် ခုလို မင်းရှေ့ကို တို့ မသိဘဲ ရောက်လာရတာပါ”

“ကျွန်တော် သိပ်နားမလည်ဘူး၊ ကျွန်တော်က ဘာလုပ်ရမှာလဲ“

“တို့ အခက်အခဲ တစ်ခု ရှိတယ်လေ၊ အဲဒါနဲ့ ဗေဒင် သွားမေးတယ်၊ ဗေဒင်က ယတြာချေပါ ဆိုပြီး ယတြာတစ်ခု ပေးလိုက်တယ်၊ အဲဒီအထိရော နားလည်ပြီလား”

“ဟုတ် ...”

မျက်ခုံး ခပ်တွန့်တွန့်လေးနဲ့ မင်း ခေါင်းညိတ်လိုက်ပြီး တို့ကို ရယ်ချင်သလိုလို နှုတ်ခမ်းကလေး တွန့်လာတယ်။ ဟုတ်တယ်နော်။ ရယ်ချင်စရာကြီး ဒါပေမယ့် တို့မှာကလဲ တို့ရည်ရွယ်ချက်နဲ့ တို့မို့ မင်းကို ခပ်သွက်သွက်ပဲ ဆက်ပြောချ လိုက်တယ်။ “ဗေဒင် ဆရာက ပြောတယ်လေ၊ ဗုဒ္ဓဟူးနံနဲ့ စ,ထားတဲ့ နာမည်သုံးလုံးနဲ့ မုန့်ဆိုင် တစ်ခုကို ရှာပါတဲ့၊ အဲဒီဆိုင်ထဲ ဝင်ဝင်ချင်း ပထဦးဆုံး တွေ့တဲ့သူကို အဲဒီမုန့် ဝယ်ကျွေး လိုက်ပါတဲ့၊ အဲဒီတော့ အခု မင်းစားနေတဲ့ အဲဒီ မြီးရှည်ကို တို့ကျွေးပါရစေ၊ ကျွေးခွင့်ပြုပါ”

“အာ ... မဟုတ်တာ”

မင်း စိတ်ရှုပ် သွားသလို ခေါင်းခါလိုက်တာကို တို့ကြည့်ပြီး ဝမ်းနည်း သွားမိတယ်။ တကယ်တော့လဲ မင်းနဲ့ မသိတဲ့ မခင်မင်တဲ့ မိန်းကလေး တစ်ယောက်က အလကားနေရင်း မုန့်ဝယ်ကျွေး သွားမှာမျိုး မင်း ဘယ်ကြိုက်ချင် မှာလဲ။ ဒါပေမယ့် မင်း လက်ကို လက်ခံမှ ဖြစ်မယ်လို့ ကိုယ့်ကိုကိုယ် အားပေးရင်း တို့ ဇွတ်တိုး အရေးဆို လိုက်မိတယ်။

“တို့က အကူအညီ တောင်းတာပါ၊ တို့က ဒီကမာရွတ် မြို့နယ်ထဲပဲ နေတော့ ဗေဒင်က ပြောတာနဲ့ တစ်ပြိုင်နက် ရှမ်းတောင်တန်း ကိုပဲ ရုတ်တရက်" သတိရလိုက်မိတယ်၊ တို့ ပထမဦးဆုံး၊ ဒီကို လာဖြစ်တာပါ၊ ဒီနေရာမှာ တွေ့တဲ့သူဟာ ဘယ်သူ ဖြစ်နေနေ တို့ ခွင့်တောင်းမိ မှာပါပဲ၊ တို့ရဲ့ ယတြာကို တို့ အောင်မြင်ချင်တယ်၊ တို့ ယုံယုံကြည်ကြည် လေးလေးနက်နက် လုပ်နေမိတာပါ၊ မင်း ငြင်းလိုက်ရင်လဲ ဘာမှတော့ မတတ်နိုင်ပါဘူး၊ ဒါပေမယ့် ကျေးဇူးပြုပြီး အဲဒီ ယတြာကို လုပ်ခွင့် ပေးပါနော်”

တစ်လုံးချင်းနဲ့ စာကြိုကျက် ထားသလို အေးဆေးငြင်သာ တောင်းပန်နေတဲ့ တို့ကို မင်း စိတ်အိုက်အိုက် ပုံစံနဲ့ တော်တော် ကြာကြာတော့ စိုက်ကြည့်နေတယ်။ တို့မျက်နှာကို စေ့စေ့စပ်စပ် ကြည့်ရင်း မျက်ခုံးထူထူ မည်းမည်းလေးရယ်၊ မျက်လုံး နက်ရွှန်းလေးရယ်၊ နှာတံ စင်းစင်းလေးရယ်၊ ချစ်စဖွယ် နှုတ်ထူလေးရယ်ကို မြင်မှာပဲ။ အဲဒီအပြင် ဘယ်တုန်းက သူတပါးအပေါ် မကောင်းမကြံ စိတ်ပုတ်မမွေး ပျက်စီးရာ ပျက်စီးကြောင်း ဆန္ဒ မရှိခဲ့တဲ့ တို့ရဲ့ အတွင်းစိတ် သစ္စာတရားက ထင်ဟပ်နေတဲ့ ဖြူစင်ရိပ်ကလေး ကိုလဲ တွေ့ရမယ်။

တို့ကို ရင်းနှီးခင်မင် သူတိုင်းက ဖြူစင်တဲ့ ရုပ်ကလေး အပြစ်ကင်းတဲ့ မျက်နှာလေးရယ်လို့ တသသ တဖွဖွ ချီးမွမ်း ချစ်ကြည် ကြစမြဲပဲ။ တို့ တကယ်ပဲ သူတပါးအပေါ် စိတ်ကောင်း စေတနာ ထားခဲ့ပါတယ်။ အဲဒီအတွက် ရမယ့် ကုသိုလ်အားလုံး ဒီနေရာမှာ အကျိုးပေးပါစေ။ မင်း မငြင်းပါစေနဲ့လို့ တိတ်တခိုးလေး ဆုတောင်း ခဲ့မိသေးတယ်။

“ဒီယတြာကို ခင်ဗျားက အရမ်း ယုံယုံကြည်ကြည်နဲ့ အောင်မြင်စေချင် တယ်ပေါ့ ဟုတ်လား”

“ဟုတ်တယ်”

“တစ်မျိုးတော့ တစ်မျိုးကြီးပဲ၊ ဒါပေမဲ့ ကျွန်တော် လက်ခံ လိုက်ပါ့မယ်။ ခင်ဗျား မျက်နှာကို ကြည့်ပြီး ဒီယတြာက ဘယ်လောက် အရေးကြီး နေသလဲ ဆိုတာ ခန့်မှန်းမိ သလို ရှိလို့ပါ”

“ကျေးဇူး အရမ်း တင်ပါတယ်ရှင်”

“ကျွန်တော်ကလဲ ပိုက်ဆံ မကုန်ရတော့လို့ ကျေးဇူးတပြန် တင်ပါတယ်”

တို့နှစ်ယောက် အတူတူ ပြုံးဖြစ်ခဲ့ ကြတယ်။ မင်းရဲ့ မျက်နှာလေးဟာ သိပ်ချစ်ဖို့ ကောင်းတာပဲ။ တို့က သဘောကောင်းတဲ့ သူတွေ စိတ်ကောင်းရှိတဲ့ သူတွေကို ရိုးရိုးသားသား သိပ်ချစ်တတ်တယ်။

“တစ်မျိုးပြီး တစ်မျိုးလို့ မထင်ပါနဲ့နော်၊ တို့ယတြာက မပြီးသေးဘူး”

“ခင်ဗျား ဘာကျန်သေးသလဲ”

“ဆိုင်မှာ ပထမဆုံး တွေ့တဲ့သူကို အဲဒီမုန့် ဝယ်ကျွေးပြီးရင် အဲ့ဒီလူနဲ့ ထီတစ်စောင် စပ်တူ ထိုးရမယ်တဲ့၊ အဲဒါပါ ပါသေးတယ်၊ တို့နဲ့ ထီတစ်စောင် တူတူ ထိုးပေးပါနော်၊ ပြီးရင် လက်မှတ်ကို မင်းပဲ ယူထားပါ”

“ထိုးပါ့မယ် ... ထိုးပါ့မယ်၊ ဒါပေမယ့် ထီလက်မှတ်တော့ ခင်ဗျားပဲ ယူထားပါ”

“ဟုတ်ကဲ့ ရပါတယ်၊ ပေါက်ရင်လဲ တစ်ဝက် ပေးပါ့မယ်၊ တို့ ကတိ တည်ပါတယ်”

“ရပါတယ်၊ တစ်ဝက်ရဖို့ ထိုးတာ မဟုတ်ပါဘူး၊ ခင်ဗျား ယတြာအတွက် ကူညီတာ တစ်ခုပဲ၊ တစ်ခုလောက်များ ကျွန်တော် ပြောခွင့် ရှိမလား”

“ဟုတ်ကဲ့ ... ပြောပါ”

“ခင်ဗျား အရေးကိစ္စက သိပ်ကို အရေးတကြီး၊ ဖြစ်ရင်လဲ ဖြစ်နေမှာပေါ့လေ၊ အဲဒါကြောင့်လဲ ဘယ်ဘက်ကပဲ အားကိုးစရာ မျှော်လင့်ချက်လေး ရရ ဆိုပြီး ခင်ဗျား ယတြာချေ ဗေဒင်တွက် လုပ်နေမိတာပဲ ဖြစ်မှာပါ၊ ကျွန်တော် ပညာရပ်တွေကို လေးစားပါတယ်၊ ဒါပေမယ့် ယတြာ ချေလိုက်ရုံနဲ့ ခင်ဗျား အခက်အခဲတွေ လုံးဝ ပြီးစီး သွားသလား၊ အဲဒီလို စိတ် ဒုံးဒုံးချတာ မျိုးတော့ မလုပ်လိုက်နဲ့၊ ခင်ဗျားရုံး ကိစ္စက ဘာကိစ္စလဲ၊ ဘယ်လောက် ကံဆိုးနေသလဲ၊ ကျွန်တော် မစပ်စုပါဘူး၊ ဒါပေမယ့် ထိရောက်တဲ့ ဖြေရှင်းမှု ကြိုးစားမှု တစ်ခုခု သေချာ စဉ်းစားပြီးတော့ လုပ်ဖို့ကိုလဲ မပေါ့လျော့နဲ့ပေါ့၊ ယတြာကိုလဲ တစ်ဘက်ကလုပ်၊ တစ်ဘက်ကလဲ ရသလောက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားပါ၊ အဲဒါ ကျွန်တော် ခုမှ သိရတဲ့ မိတ်ဆွေသစ် တစ်ယောက် အနေနဲ့ စေတနာနဲ့ အကြံပြုတာပါ”

“ဟုတ်ကဲ့၊ တို့ သဘောပေါက် ပါတယ်၊ တခြား နည်းတွေလဲ တတ်နိုင်သလောက် ကြိုးစားဦးမှာပါ၊ အရမ်း ကျေးဇူးတင်ပါတယ်”

“ရပါတယ်”

ခပ်အေးအေး ပြုံးပြီး မင်း မြီးရှည် ငုံ့စားနေတယ်။ စားနေတဲ့ မင်းရဲ့ မျက်နှာက ငုံ့နေတော့ တို့ အသေအချာ ငေးကြည့်ခွင့် ရတာပေါ့၊ အဝေးကြည့် အနီးကြည့်၊ အနီးကြည့်မှာ မင်းရဲ့ ငြိမ်းချမ်း အေးမြမှုလေးက ပိုပြီး သိသာ ပေါ်လွင်တယ်။ ပထမဆုံး အကြိမ်အဖြစ် မင်း မျက်နှာကို အနီးကပ်ထိုင်ပြီး စိုက်ကြည့်ခွင့် ရခဲ့တဲ့ အဲဒီနေ့ကို တို့တစ်သက် မမေ့ဘူး။ ခုလဲ မမေ့ဘူး။ ခုတွေးရင် ခုရင်ခုန်မိ ပါတယ်။

အဲဒီနေ့ကလေ မငိး စားအပြီးမှာ တို့က ကောင်တာမှာ ငွေရှင်းပြီးတော့ နှစ်ယောက်တူတူ လှည်းတန်း ဈေးနားက ထီဆိုင် တစ်ခုမှာ ထီထိုးခဲ့ကြတယ်။ တစ်ရွက်တည်းရယ်။ အတိတ်က “ယတြာချေရန်”။ မင်းက တို့ပဲ သိမ်းထားလိုက်ပါ ဆိုတာနဲ့ တို့ပဲ လက်မှတ်လေးကို ယူထားလိုက်တယ်။ လမ်းခွဲကြကာနီးမှာ “နောက်တွေ့ရင်လဲ တို့က မမြင်ရင် တို့ကို ခေါ်ပါနော်” လို့ တို့ ပြောမိခဲ့တယ်။ မင်းရဲ့ အပြုံးလေးထဲမှာ တို့ကို သဘောကျတဲ့ ခင်မင်တဲ့ အသိအမှတ် ပြုခြင်းကို တို့ တွေ့ခဲ့မိပါတယ်။

* * *

ဒုတိယ အကြိမ်ကတော့ တနင်္ဂနွေနေ့ တစ်နေ့ရဲ့ နံနက်ခင်း။

အဲဒီ မနက်က တို့ကိစ္စနဲ့တို့ တစ်ယောက်တည်းပဲ ရွှေတိဂုံ ဘုရားကို လာခဲ့တယ်။ စောင်းတန်း လှေကားတွေ အတိုင်း မြို့ဘက်မုခ်က တက်လာတဲ့ တို့ဟာ တို့ရဲ့ နေ့နံထောင့် ဖြစ်တဲ့ စနေထောင့်ကို ခပ်ဖြည်းဖြည်း လျှောက်လာခဲ့တယ်။ မင်းကို တွေ့ရမယ်လို့ တို့ မမျှော်လင့်ပါဘူး။

ပထမတော့ မင်းကို တို့ မမြင်သေးဘူး လက်ထဲမှာ ပါတဲ့ ဖယောင်းတိုင်ထုပ်ကို ရှေ့မှာချပြီး ဝတ်ပြု ဦးချဖို့ တို့ ထိုင်လိုက်တဲ့ အချိန်မှာ မင်းကို မြင်တာပါပဲ။ မင်းဟာ စနေထောင့်မှာပဲ ရေလှူနေတယ်။ ဘယ်အချိန် ကတည်းက စ,လှူနေမှန်း မသိပေမယ့် တို့ ဦးသုံးကြိမ် ချမိပြီးတဲ့ အချိန်လောက်မှာပဲ ရေခွက် ပြည့်သွားသလို မင်းရပ်လိုက်ပြီး အလှူခံ ဖလားထဲ ဆယ်တန် ငွေစက္ကူ အသစ်ကလေး တစ်ရွက် ထည့်လိုက်တာကို တို့ မြင်လိုက်ရတယ်။

ပုဆိုးကလေးကို စုမပြီး ကိုင်ထားရင်းက ရေစိုနေတဲ့ ခြေဖဝါးနဲ့ ခြေဖျားကလေး ထောက်သလိုလို အပြင်ဘက် ထွက်လာတဲ့ မင်းကို ကြည့်ပြီး တို့ရင်တွေ နွေးထွေးလာတယ်၊ မင်းဟာလဲ ဘုရား တရား ကိုင်းရှိုင်းတဲ့သူ တစ်ယောက်နော်။ ရှပ်အင်္ကျီ ဖြူဖြူ၊ ယောပုဆိုး တိုတို ဝတ်ထားတဲ့ မင်းပုံစံလေးက သိပ်ကို သန့်ရှင်းတာပါပဲ

မင်း စနေထောင့်မှာ ရေသပ္ပါယ်တယ် ဆိုတော့ မင်းဟာလဲ စနေသား တစ်ယောက် ပေါ့နော်။ မင်း ခေါင်းတစ်ချက် မော့၊ လက်က ရေစက်တချို့ကို ခါရင်း တို့ရဲ့နောက်ဘက် တစ်နေရာကို လှမ်းပြီး ခေါင်းဆတ် ပြုံးပြလိုက်တော့ တို့ မသိမသာ လှည့်ကြည့် လိုက်မိတယ်၊ မင်းရဲ့ သူငယ်ချင်း ဖြစ်ဟန်တူတဲ့ ယောက်ျားလေး နှစ်ယောက်က နောက်ဘက်ဇရပ်က လှေကားထစ်မှာ ထိုင်နေရာက ထ, ရပ်လိုက်ကြတယ်။

မင်း ရေသပ္ပါယ် နေတာကို သူတို့ စောင့်နေကြတာပေါ့။ အခု ပြန်ကြတော့ မလို့ ထွက်သွားကြတော့ မလို့ ဖြစ်မှာပေါ့၊ တို့ ကျုံ့ကျုံ့ထိုင် နေရင်းပဲ မင်းကို မော့ကြည့် နေမိတယ်။ မင်း ဖျတ်ခနဲ လှမ်းကြည့်တာနဲ့ တစ်ပြိုင်နက်မှာ အဆင်သင့် မြင်ရအောင် နှုတ်ဆက်ကြိုတင် ပြုံးထားနှင့်တယ်။

မင်း အမှတ်တမဲ့ပဲ တို့ကို လှမ်းကြည့်ဖြစ်ခဲ့ တယ်နော်၊ မမြင်ပဲ ကျော်ဖြတ် သွားတာမျိုးလဲ ဖြစ်နိုင်ရက်နဲ့ မင်း တို့ဘက် ဆိုက်ဆိုက် မြိုက်မြိုက် ကြည့်မိတယ်။

ကြည့်လိုက်တယ် ဆိုရင်ပဲ တို့ရဲ့ အပြုံးကို မင်း တအံ့တဩ တွေ့တော့တာပေါ့။ မင်းက နှုတ်ဆက်သလို ပြန်ပြုံးပြ လိုက်တယ် ဆိုရင်ပဲ တို့ကို မှတ်မိတယ် ဆိုတဲ့ အားရှိတဲ့ အသိနဲ့အတူ တို့ မတ်တပ်ထ, ရပ်လိုက်မိတယ်။

အိနြေ္ဒသိက္ခာ မကင်းမဲ့တဲ့ တို့ရဲ့ မျက်နှာကြောင့် ထင်ပါရဲ့။ တို့ ထ,လာတာ မြင်တော့ မင်းက လူမှုရေး ကျေညက်စွာနဲ့ ရပ်စောင့်နေ ပေးတယ်နော်၊ ပုဆိုး မ,ကိုင်ပြီး ခြေထောက် ရေစိုလေးနဲ့ တို့ကို အလိုက်တသိ ရပ်စောင့်နေတဲ့ မင်းကို တို့ချစ်လိုက်တာ။ မင်းဟာ သိပ်ကို ချစ်စရာ ကောင်းတဲ့ သာမန် အပြုအမူလေး တွေကို ပိုင်သူ တစ်ယောက်ပါပဲ။

မင်းနဲ့ နှစ်ပေလောက် ဝေးကွာတဲ့ နေရာမှာ တို့ ရပ်လိုက်ရင်း ...

“မင်းက စနေသား ပေါ့နော်”

မျက်ခုံးကလေးပင့် မေးလိုက်မိတယ်။ တို့မျက်နှာကို ခင်မင်တဲ့ အပြုံးနဲ့ စူးစူးစိုက်စိုက်ပဲ ကြည့်နေရင်း မင်း ခေါင်းညိတ် လိုက်တယ်။ မင်း သူငယ်ချင်းတွေဘက် တို့တစ်ချက် လှည့်ကြည့် လိုက်ရင်း ...

“သွားတော့မှာလား”

“ဟုတ်ကဲ့၊ ကျွန်တော် ရေသပ္ပါယ်တာကို သူတို့ စောင့်နေ ကြတာလေ၊ အခု ပြီးပြီ၊ တစ်ယောက်ထဲလား၊ ဘာ အကူအညီ ပေးရမလဲ”

“တို့ တစ်ယောက်ထဲပါ၊ အကူအညီ တစ်ခုလောက်တော့ တောင်းစရာ ရှိတယ် ဒါပမယ့် သူ့ကို တို့ တစ်ခါလဲ အကူအညီ တောင်းထားဖူးတော့ အားနာ သလိုပဲ၊ တို့က ဒီမှာ တွေ့တဲ့ ကြုံတဲ့သူ တစ်ယောက်ယောက်ကို အကူအညီ တောင်းမလို့ပါဘဲ၊ သူနဲ့မှ လာတွေ့နေတာ အံ့ဩစရာ”

“ရပါတယ်၊ ကျွန်တော် ဘာလုပ်ပေးရမလဲ”

“တို့ အသက်လေ နှစ်ဆယ့်နှစ်နှစ် ရှိပြီ”

“ခင်ဗျာ ...”

မင်းပုံစံလေးကို တို့ ချစ်စနိုးနဲ့ ရယ်လိုက်မိတယ်။

“တို့ တကယ် ကြောင်တယ်နော်၊ အရမ်း ရီချင်နေမှာပဲ”

“မရယ်ချင်ပါဘူး မနှင်းဆီ၊ ပြောလေ၊ အဲဒီတော့ ဘာဖြစ်လဲ”

“တို့ကို ဖယောင်းတိုင် ဆယ့်တစ်တိုင် ထွန်းပေးပါနော်၊ တို့က ဆယ့်တစ်တိုင် ထွန်းမယ်။ စုစုပေါင်း နှစ်ဆယ့်နှစ်တိုင် ပေါ့”

“ရပါတယ်၊ ပေးလေ”

ဘာမှ ရှည်ဝေး စပ်စု မနေဘဲ လက်ကလေး ဖြန့်လိုက်တော့ တို့ မင်းလက်ထဲကို ဖယောင်းတိုင်ထုပ်နဲ့ ဂက်စ်မီးခြစ်လေး ထည့်ပေး လိုက်ခဲ့တယ်။ မင်းလက်ကလေး တုန်နေမလားလို့လဲ ဂရုပြု ကြည့်မိခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီနေ့က တို့လက်ကလေး တွေလဲ တုန်နေခဲ့လို့ ပါပဲ။ ဖယောင်းတိုင်ကို မီးညှိတဲ့ အချိန်မှာတော့ မင်း လက်ကလေးတွေ တကယ်ကိုပဲ တုန်နေတော့တယ်။

မင်းနဲ့ နီးနီးကပ်ကပ် ယှဉ်ထိုင်ပြီး ဘုရားကို မီးပူဇော် ခဲ့ရတယ်နော်။ မင်းကို တို့ လေးငါးခါလောက် ခိုးကြည့်မိခဲ့တယ်။ အဲဒီထဲက နှစ်ကြိမ်လောက်မှာ မင်းနဲ့ အကြည့်ချင်း ဆုံတယ်။ မင်းမျက်နှာလေးက နုနယ် အပြစ်ကင်း လွန်းတယ်။ ဖယောင်းတိုင် ဆယ်တိုင်မြောက် လောက်ကျမှ ...

“ဒါလဲ ယတြာပဲလားဟင်”

မင်း ခပ်တိုးတိုး လှည့်မေးခဲ့ တယ်နော်။ ရှက်သလို ရွံ့သလို ဘာမှန်း ပြောပြ မရနိုင်မယ့် ခံစားချက် တစ်ခုနဲ့ တို့ ခေါင်းပဲ အသာ ညိတ်ပြလိုက်ရတယ်။

“မနှင်းဆီက ဗေဒင် ယတြာ အရမ်း ယုံတယ်နော်”

တို့ နာမည်ကို မင်း မှတ်မှတ်မိမိ ထည့်သုံး နေတာကို တို့ ကြည်နူးရင်း ခေါင်းထပ်ညိတ် လိုက်မိတယ်။ မင်း မျက်နှာကလေးဟာ ပြုံးမြမြနဲ့ ရင်ဖိုစရာ ရှက်စရာ။

“သူကကော မယုံဘူးလား”

“ယုံတယ် မယုံဘူး မဟုတ်ပါဘူး၊ ယတြာတော့ ခုထိ တစ်ခါမှ မချေဖူးပါဘူး၊ ဗေဒင်လဲ မမေးဖူးဘူး၊ မယုံလို့ရယ်လဲ မဟုတ်ပါဘူး၊ ဝါသနာ မပါလို့ မလုပ်မိတာမျိုး” 

“တို့ ယတြာတွေ လျှောက်ချေနေတာ ခုဆိုရင် နှစ်ခါတောင် ကြုံဖူးပြီ၊ အဓိပ္ပါယ် မရှိဘူးလို့ ထင်လားဟင်”

“မထင်ပါဘူး၊ အဓိပ္ပါယ် ရှိတယ် မရှိဘူး ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်အတွက် ဘယ်တူမလဲ၊ လူအပေါ်မှာပဲ တည်ပါတယ်၊ ကိုယ် ယုံကြည်ရာနဲ့ ကိုယ်ပေါ့”

“တို့ လုပ်နေတာတွေဟာ အဓိပ္ပါယ် ရှိပါတယ်၊ လေးနက်တဲ့ အဓိပ္ပါယ် တစ်ခု ရှိနေတယ်”

“ဟုတ်လား”

“တစ်နေ့နေ့မှာ ထပ်လဲ တွေ့ကြဦးမယ်၊ ရင်းလဲ ရင်းနှီးလာမယ် ဆိုရင် တို့ ပြောပြ ဖြစ်မှာပဲ ထင်တယ်၊ ပြောကို ပြောပြမှာ”

“ခုတော့ မရင်းနှီး သေးဘူးပေါ့“

လွှတ်ခနဲ အဲသလို ပြောပြီးမှ ကိုယ့်စကားကိုယ် ရှက်သွားသလို မင်း နှုတ်ခမ်းလေး တင်းတင်းစေ့ပြီး ခေါင်းငုံ့သွားတော့ တို့ အရမ်း ရယ်ချင်တာပဲ။ မင်းဟာ တစ်မျိုးလေး။

ဖယောင်းတိုင်တွေ စေ့သွားတဲ့အခါ မင်းက တို့လက်ထဲ မီးခြစ်လေး လှမ်းပေးတယ်။ မင်း တို့ကို အဲဒီတုန်းက စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေထဲမှာ စိတ်ဝင်စားမှု အရိပ်တွေ ပါဝင်နေပြီ။ တို့ ရိပ်မိတယ်။ နှစ်ခါတိတိ သာမန် မဟုတ်တဲ့ အဖြစ်အပျက်နဲ့ ကြုံလိုက်ရပြီးတဲ့ အပြင် တို့ဟာ မခင်ချင် စိတ်မဝင်စားချင်စရာ ဖြစ်လောက်အောင် ရုပ်ဆင်းအနေနဲ့ သာမန် အနေအထားလောက် ရှိရုံမှ မကဘဲ။

တို့ဟာ ခင်မင်ချင်စရာ၊ စိတ်ဝင်စား နိုင်လောက်စရာ မိန်းကလေး တစ်ယောက်လို့ ကိုယ့်ကို ကိုယ်ပဲ ပြောပါရစေတော့။ တို့နဲ့ မမြင်ဖူး မသိဖူးရင်သာ ရှိရမယ်။ မြင်ဖူး သိဖူးပြီးသွားရင် တို့ကို ချစ်ခင်ရင်းနှီးစိတ် မဝင်တဲ့သူ ရှားပါတယ်။ ရိုးရိုးဖြစ်ဖြစ် ဆန်းဆန်း ဖြစ်ဖြစ် အနည်းဆုံးတော့ ထပ်တွေ့ရင် ပြုံးပြချင် လောက်အောင် တို့ကလဲ ဖြူစင်ဖော်ရွေ တတ်ခဲ့တာကိုး။

“ကျေးဇူးပါပဲ၊ ထပ်တွေ့ရင် တို့ နှုတ်ဆက်မယ်နော်”

“နှုတ်ဆက်ပါ၊ ကျွန်တော်ရော တွေ့ရင် နှုတ်ဆက်ရမှာလား”

“နှုတ်ဆက် ရမှာပေါ့၊ တို့က မမြင်ရင် လှမ်းခေါ်နော်၊ နာမည် ဘယ်လိုခေါ်လဲ ပြောမလား”

မင်း ပြုံးပြုံးလေးနဲ့ 'နေရဲ' လို့ ဖြေတယ်။ နေရဲ တဲ့။ အဲဒီ နာမည်လေးကို တို့ ချစ်တယ်။

“ကျွန်တော်က အင်္ဂလိပ်မေဂျာ ဖိုင်နယ် ကပါ။ တောင်ငူဆောင်မှာ ရှိတယ် မနှင်းဆီက ကျောင်းတက်တုန်းလား”

“ဟုတ်ကဲ့၊ တို့ ဇူး ဖိုင်နယ်လ်က၊ ကျောင်းမှာ တို့ကို အမှတ်တမဲ့ မြင်ဖူးလား”

“ကျွန်တော်က ဆိုင်းယင့်စ်ဘက် သိပ်မရောက်ဘူး၊ လာခဲ့မယ်လေ၊ လာလို့ရလား”

“ရပါတယ်၊ နေရဲက တို့ကို အများကြီး ကူညီဖူးတဲ့ သူပဲ၊ အော် တစ်ခု ပြောရဦးမယ်၊ ဟို ထီစာရွက်လေးလေ၊ အဲဒီ လက်မှတ်လေး မပေါက်ဘူး”

မင်း အသံထွက်အောင် ရယ်လိုက်ပြီးတဲ့ အခါမှာ မင်း မျက်လုံးထဲမှာ တို့အပေါ် ခုနကထက် ရင်းနှီးမှု ပိုမို ခိုင်မြဲသွားပြီ ဆိုနိုင်တဲ့ အငွေ့အသက်မျိုး တို့ တွေ့လိုက်ရတယ်။ တို့ ပျော်လိုက်တာ အရမ်းပဲ။

“ဘုရားရှိခိုး လိုက်ဦးမယ်” လို့ တို့ ပြောပြီး ထိုင်ချလိုက်တော့ မင်း ခေါင်းကလေး ညိတ်ပြီး နောက်ဘက်ကို လျှောက်သွား တော့တယ်။ တို့ ဘုရားရှိခိုးတယ်။ မင်းနဲ့ အမြန်ဆုံး ရင်းနှီးခင်မင် ပါစေလို့ တို့ ဆုတောင်းခဲ့တယ်။ တို့ ဘုရားရှိခိုး နေတာ ဆယ်မိနစ် လောက်တော့ ရှိမှာပဲ။ ပြီးတော့ တို့ ရေသပ္ပါယ် သေးတယ်။

အဲဒီက အထွက် ရှေ့တည့်တည့်ကို တို့ ကြည့်လိုက်တဲ့ အခါ မင်းရယ် မင်းသူငယ်ချင်း နှစ်ယောာက်ရယ်ဟာ တို့ကို ထိုင်ကြည့် နေကြတာ မြင်လိုက် ရတယ်။ တို့ လှမ်းကြည့်လိုက်တော့ မင်းက ပြုံးပြပြီး မင်း သူငယ်ချင်း နှစ်ယောက်က မသိချင်ယောင် ဆောင်ပြီး တခြား ကြည့်သလိုလို စကား ပြောသလိုလို လုပ်နေကြတယ်။

တို့ ပြုံးပြအပြီး မျက်လွှာ ချလိုက်တဲ့အထိ မင်း ကြည့်နေခဲ့တုန်း ပဲနော်။ ခုနတုန်းက မင်း ရေသပ္ပါယ် ပြီးချိန် ကတည်းက ထွက်သွားကြတော့ဖို့ ပြင်နေတဲ့ မင်းတို့ သုံးယောက် ပြန်ထိုင်နေတာဟာ တို့ကို ထိုင်စောင့်ကြည့် နေကြတာ အပြင် ဘာရှိဦးမလဲ။ အဲဒီလို စောင့်ကြည့် နေတာဟာလဲ တို့ကို မသိတဲ့ ဟိုနှစ်ယောက်ရဲ့ ဆန္ဒထက် မင်းရဲ့ဆန္ဒ ဖြစ်ဖို့ များတယ်နော်။ အဲဒီလို တွေးမိရုံနဲ့ တို့ ရင်တွေ အရမ်း ခုန်တာပဲ။ တို့ အဲဒီကနေ ဆက်လျှောက် ထွက်လာတဲ့အထိ မင်းတို့ ထိုင်ကျန်ရစ်ခဲ့ ကြတယ်။ တို့ကို မင်း လှမ်းကြည့် နေမယ်လို့ တို့ ထင်တယ်။

* * *

တို့ ဆုတောင်း ပြည့်ခဲ့တယ်။

မင်း သိပ္ပံဘက် ရောက်လာတယ်။ တို့ကို မရမက ရှာပြီး လာနှုတ်ဆက်တယ်။ ပထမပိုင်းတော့ နှုတ်ဆက်၊ ခဏရပ် စကားပြောပြီးရင် တို့နှစ်ယောက် ကိုယ့်လမ်းကိုယ် ဆက်သွားကြတာ ပါပဲ။ သိပ္ပံဘက် လာခဲလှတဲ့ မင်း ရောက်လာတာဟာ တို့ကို လာလာတွေ့တာ။ တကူးတကကို လာခဲ့တာ ဆိုတာ တို့ အတိအကျ ပြောမယ်။ မင်း ငြင်းမလားဟင်။

မငြင်းဖူးနော်။ တိုတိုပြောရရင် ခဏရပ် နှုတ်ဆက်ရာက “တစ်ခုခု လိုက်စားပါလား” ဆိုတဲ့ အဆင့်ကို မင်း တစ်ကြိမ် ခုန်တက် လိုက်တယ်။ စားမှာပေါ့ကွယ်။ မင်းကို တို့ ချစ်ခဲ့တယ်လေ။ အဲဒီကတစ်ဆင့် ကဲင်တင်းက မုန့်တွေ မစားချင်တော့ဘဲ အင်းလျား ကန်စောင်းက ဘူးသီးကြော်ကို သွားစားရအောင်လို့ ခွင့်တောင်းရင်း မင်း နောက်တစ်ဆင့် ထပ်ခုန်တက်လိုက် ပြန်တယ်။ ဘူးသီးကြော်လဲ မင်းနဲ့ စားရရင် တို့ ကြိုက်တာပါပဲ၊ အဲဒီကတစ်ဆင့် စားပြီးပြီးချင်း ချက်ချင်း မပြန်ဘဲ တော်တော်ကြာကြာ ဆက်ထိုင်ပြီး စကားဖောင်ဖွဲ့ဖို့ မင်း တောင်းဆိုခဲ့ ပြန်တယ်။ မင်း ပြောသမျှ နားထောင် နေချင်ခဲ့တဲ့ သူပဲ။ ဟုတ်ကဲ့ ပဲပေါ့ကွယ်။

နောက်ဆုံးတော့လေ တို့ မျှော်လင့်ခဲ့သလို၊ တို့ တောင့်တခဲ့သလို “နှင်းဆီကို ချစ်တယ်” ဆိုတဲ့စကား မင်း ပြောတော့တာ ပါပဲ။ ခင်မင်ရင်းနှီးတဲ့ သက်တမ်းတောင် ခြောက်လလောက် ရှိပြီမို့ တတ်နိုင်သမျှ ချက်ချင်း အဖြေကို လိုချင်ပါဘယ်တဲ့။

တို့မှာ အဖြေရယ်လို့ တစ်ခုပဲ ရှိပါတယ်။ ကြိုတင် စဉ်းစားပြီးသားပါပဲ။ မင်းကတောင် တို့ကို “ဒီကိစ္စ ဗေဒင် မေးဦးမှာလား” လို့ ရယ်မော နောက်ပြောင်ခဲ့သေး တယ်နော်။ မလိုပါဘူးကွယ်၊ တို့ ရယ်မောရင်းနဲ့ပဲ “နေရဲကို တို့ သိပ်ချစ်ပါတယ်” လို့ ရုတ်တရက် ဖြေလိုက်မိတယ်။

ဒါပေမယ့် တို့မှာ တစ်ခုတော့ ပြောစရာစကား ရှိပါတယ်။ တို့ လုပ်ခဲ့တဲ့ ယတြာလေး နှစ်ခုရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ဆိုတာ တို့ အခုပြောမယ့် စကားပါပဲ။

* * *

လောကမှာ ယောက်ျားလေး တစ်ယောက်ရယ်၊ မိန်းကလေး တစ်ယောက်ရယ် ချစ်သူ ဖြစ်ကြရဖို့ ပထမဆုံး လိုအပ်တဲ့ အဆင့်က တစ်ဦးကို တစ်ဦး မြင်ဖူး တွေ့ဖူး သိကျွမ်းမိကြဖို့ပဲ မဟုတ်လား။ ဒီကမ္ဘာကြီးမှာ ဒီယောက်ျား တစ်ယောက် ရှိနေတယ်။ ဒီမိန်းမ တစ်ယောက် ရှိနေတယ် ဆိုတာ လုံးဝ မသိဘဲ ပထဆုံး နှစ်ဦး တွေ့ဆုံခြင်း လုံးဝမရှိဘဲ ချစ်မိကြဖို့ ဆိုတာ အင်မတန်မှ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခု ပါနော်။ 'သိဖို့' ဆိုတာ လိုတယ်။

တို့လေ ဟိုးလွန်ခဲ့တဲ့ တစ်နှစ်လောက်က စ,ပြီး မင်းကို တောင်ငူဆောင်ရဲ့ ကဲင်တင်း တစ်ခုမှာ တွေ့ဖူးခဲ့ပါတယ်။ အေးချမ်းတဲ့ ပုံစံလေးကို မြင်မြင်ချင်းပဲ တို့ မြတ်နိုး စိတ်ဝင်စား ခဲ့ရတယ်။ ဘယ်သူ့မှ အသေအချာ မကြည့်ပဲ ငေးငေးလေး ရှိနေတတ်တဲ့ ကောင်ကလေး တစ်ယောက်အဖြစ် နှစ်ကြိမ် သုံးကြိမ် အတွေ့မှာ တို့ တဖက်သတ် ချစ်မိခဲ့ပါတယ်။

တို့ ဘာလုပ်ရမလဲကွယ်။

မင်းက တို့ကို မကြည့် သိလဲ မသိ။ တို့က မိန်းကလေးပါ၊ တို့လေ မိန်းကလေး တစ်ယောက်ရဲ့ အိနြေ္ဒသိက္ခာ ဆိုတာကို တလေးတစား တမြတ်တနိုး ထိန်းသိမ်းခဲ့သူ တစ်ယောက်ပါ။ ယောက်ျား တစ်ယောက်ကိုလဲ ချစ်ရိပ်ချစ်ယောင် စ, မပြရဲပါဘူး။ ချစ်ရေးလဲ ဆိုခွင့် မရှိပါဘူး။ ဒါပေမယ့် တို့ဆိုတဲ့ မိန်းကလေး တစ်ယောက် လောကကြီးမှာ ရှိတယ်ဆိုတာ မင်း သိရုံလောက်တော့ ပြခွင့် ရနိုင်မယ် ထင်မိတယ်။ သိပ် ရေလာ မြောင်းပေးရာ မကျစေနဲ့ပေါ့။

ဒီကမ္ဘာမှာ နှင်းဆီဆိုတဲ့ မိန်းကလေး တစ်ယောက် ရှိတယ်ဆိုတာ မင်း အသိအမှတ်ပြု  သိရှိပြီးတဲ့နောက်မှ မချစ်မိဘူး ဆိုရင်တော့လဲ တို့ကုသိုလ်ပါပဲ နေရဲ ရယ်၊ ပထမဆုံး ကတော့ တို့ကို မင်းသိဖို့ မိန်းကလေးတွေကို အသေအချာ မကြည့်တတ်တဲ့ မင်း တို့ကို မြင်ဖို့။

ချစ်မိခဲ့လို့ပါ နေရဲ ရယ်။

* * *

တို့ ဗေဒင်လဲ မယုံပါဘူး။ ယတြာလဲ တစ်ခါမှ မချေပါဘူး။ ပထမဆုံး အကြိမ် ယတြာဟာ မင်းကိုမြင်မှ ရုတ်တရက် ရလိုက်တဲ့ ယတြာ၊ ဒုတိယ ယတြာကလဲ အမှတ်တမဲ့ မမျှော်လင့်ဘဲ  ဆုံရခိုက်မှာ ပထမ တစ်ကြိမ်က သတိပြုမိခြင်း  ပိုမိုလေးနက် သတိပြုမိလာအောင် တို့ ရုတ်တရက် လုပ်လိုက်တဲ့ ယတြာပါပဲ။

မင်းကို ချစ်ဖို့ မချစ်ဖို့ တို့ ဗေဒင် မေးစရာ မလိုပါဘူး၊ တို့ တစ်ခါမှ ဗေဒင် မမေးဖူးခဲ့တာပဲ နေရဲရယ်။

🔲

#လမင်းမိုမို

ရင်ခုန်ပွင့် ဝတ္ထုမဂ္ဂဇင်း၊ ဩဂုတ်၊ ၁၉၉၂။

No comments:

Post a Comment