ဝန်ကြီး တမတ်
❄❄❄❄❄
သာဓု
[ အောက်ပါ ဝတ္တုမှာ စာရေးဆရာကြီး သာဓု၏ ဝတ္တု ဖြစ်ပါသည်။ သာဓုသည် “ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးကာစ ဒေါသဖြစ်စရာ ကမောက်ကမ မြင်ကွင်းများကို မကျေမနပ် ဖြစ်ခဲ့ရာမှ စာတစ်ပုဒ် ကောက်ရေးရင်း စာရေးဆရာ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရပါသည်” ဟု မကြာခဏ ဝန်ခံပြောဆိုလေ့ရှိပါသည်။
ယင်း ဝတ္ထုကား အောက်ဖေါ်ပြပါ “ဝန်ကြီးတမတ်“ ဆိုသော ဝတ္တု ဖြစ်ပါကြောင်း ...။ ]
* * *
ဂျစ်ကားကလေး တစင်းသည် ဆူးလေဘုရားဘက်မှ ဒါလဟိုဇီလမ်း အတိုင်း အနောက်ဘက်သို့ မောင်းလာပြီး သိမ်ကြီးဈေးထိပ် ဘုရားလမ်းသို့ ရောက်သည်နှင့် လက်ယာဘက်သို့ ချိုးကွေ့ကာ သိမ်ကြီးဈေး ဆင်ဝင်အောက် အထည်ဆိုင်များ အနီးတွင် ရုတ်တရက် ထိုးရပ်လိုက်၏။
"အိုင်ဆေး ရင်ရေ ဆိုင်တွေ အားလုံး ပိတ်ထားပါကလား၊ ဘာဖြစ်လို့များပါလိမ့်"
ဂျစ်ကားကို ကိုယ်တိုင် မောင်းလာသူ မိန်းမပျိုသည် ကားပေါ်မှ မဆင်းဘဲ အထည်တန်းဆီသို့ လှည့်ကြည့်ရင်း အနီးရှိ အဖော်အား ပြောလိုက်ရာ
"ဟင် ဟုတ်ပါရဲ့"
ဟု အဖော် မိန်းမပျိုက ပြန်ပြောပြီး ဆက်လက်၍
"နေဦး နေဦး တစ်ယောက်ယောက် မေးကြည့်ရအောင်"
ဟု ပြောပြောဆိုဆို ကားအနီးမှ ဖြတ်လျှောက်သွားသူ သတင်းစာ ရောင်းသော သူငယ် တစ်ယောက်အား
"ဟေ့ သူငယ် ဈေးဘာဖြစ်လို့ ပိတ်တာလဲ"
"ဒီနေ့ ဈေးတိုက်ပွဲ ရှိတယ်လေ၊ ခု အစည်းအဝေး ပြီးလို့ ဗိုလ်ချုပ်တို့ကို အလေးပြုဖို့ သွားကြပြီ၊ ဟိုရှေ့မှာ"
မိန်းမပျို နှစ်ယောက်သည် သူငယ် လက်ညှိုး ညွှန်ရာသို့ ကြည့်လိုက်မှပင် ဂျူဗလီဟော ဆီသို့ ဦးခိုက် ချီတက် သွားကြသော လူထုကြီးကို တွေ့ရလေ၏။
"ခက်တာပဲ ရင်ရယ်၊ ကိုယ့်ကို နက်ဖြန် ဆွမ်းကျွေး တစ်ခုက ဖိတ်ထားတာနဲ့ အဲ့ဒီကို ဝတ်သွားဖို့ ပိတ်ဆန်း လာဝယ်တာ၊ ခုတော့ အကြီးအကျယ် ဆောရီး ဖြစ်တာဘဲ"
"အို တင်ကလဲ တင့်မှာ အဝတ်အစားတွေ ဒီလောက် ပေါရက်သားနဲ့၊ ရှိတာ တစ်ခုခု ဝတ်သွားလဲ ပြီးတာပဲဟာ"
"နိုး နိုး ကိုယ့်အကြောင်း ရင် သိတယ် မဟုတ်လား၊ ကိုယ်က ဒါဆို ဒါမှ"
ဟု ပြောပြောဆိုဆို တင်သည် မော်တော်ကား လက်ကိုင်ကို လက်ဝဲဘက် တစ်ဖက်တည်းဖြင့် ထိန်းကိုင်ကာ လျင်မြန်သော အဟုန်ဖြင့် မောင်းထွက်သွားလေ၏။
ကားကလေးမှာ နှေးချီတစ်ခါ မြန်ချီတစ်မူ မြောက်တူရူသို့ လိမ့်နေ၏။
တင်ဆိုသည်မှာ အသက်အားဖြင့် နှစ်ဆယ်ကျော် အစိတ်ကြားတွင် ကြွားကြားရွရွနှင့် လှချင်တိုင်း လှနေသူ ဖြစ်၏။
သူသည် ရှေ့တွင် ချီတက်နေသော လူထုကို လည်းကောင်း၊ သူ့အား မျက်နှာပေး အမျိုးမျိုးဖြင့် ကြည့်နေကြသော ဘေးလူ အပေါင်းကို လည်းကောင်း သူသည် ဂရုစိုက်ဟန် မတူ။
"ဆွမ်းကျွေးမှာ ဝတ်ဖို့ ပိတ်ဆန်းညမရတာ ဂွကျတာဘဲ"
ဟု တစ်ခါတစ်ခါ ရေရွတ်လိုက်သည်။ ထိုအချက်ကို ထောက်သော် သူသည် ပိတ်ဆန်းက လွဲ၍ ဘာမျှ စိတ်မဝင်စား သည်မှာ ထင်ရှား နေတော့၏။
"ဟေ့ တင် ဘယ်သွားမှာလဲ"
ဟူသော ရင်၏ အသံကြားမှ ရုတ်တရက် သတိရသလို လှုပ်ရှားလာပြီး
"ဟင် ကိုယ်ဖြင့် ပိတ်ဆန်း မရလို့ စိတ်အိုက် လာတာနဲ့ ဘယ်ရောက် လာမှန်းတောင် သတိမထားမိဘူး၊ ဟိုဟာ ကျားကူးကျောင်း မဟုတ်လား ပြန်ကွေ့မှဘဲ"
ဟု ပြောရင်း တင်သည် ကားကွေ့ရန် ဟန်ပြင်လိုက် သော်လည်း ထိုအချိန်၌ သူတို့ ရောက်နေသော နေရာမှာ မောတော်ကား ကွေ့ရန် မဆိုထားဘိ၊ ဆိုက်ကားကလေး တစ်စင်းပင် ပြန်ကွေ့ရန် ခဲယဉ်း လောက်အောင် လူရော ယာဉ်ရထားတွေပါ ရှုပ်ရှက်ခတ် နေသည့် အဖြစ်ကို တွေ့ရမှ
"ကဲ လူရှင်းမှပဲ ပြန်ကွေ့တော့မယ်၊ ကားကို ဘေးကပ်ရပ် ထားမှပဲ"
ဟုပြောကာ တင်သည် ကားကလေးကို ဂျူဗလီဝင်း အဝ မရောက်တရောက် ပလက်ဖောင်း ဘေးတွင် ရပ်ထားလိုက် လေ၏။
"ကဲ မထူးပါဘူး၊ ကား ရပ်ထားရမယ့် အတူတူ ဂျူဗလီဟောထဲ ခဏဝင် ကြည့်ရအောင်"
တင်သည် ပြောပြောဆိုဆို ကားပေါ်မှ ဆင်းလိုက်၏။
ဘုရားဘုရား သူမို့လို့ ဤစကား ပြောထွက်ပုံ ရမ်းကားလှ တော့၏။ ရိုင်းလေစွ၊ ရိုင်းလေစွ။
ဤမျှသော လူထု အုပ်ကြီးသည် ဗိုလ်ချုပ်ရဲ့ အဖြစ်ကို အသည်းနင့်အောင် ပူဆွေးပြီး ရိုသေသမှု အလေးပြု လာကြချိန်ဝယ် သူမို့သာ ဤစကားမျိုး ပြောရက်တော့သည်။ မတော်တဆ သူ့စကားကိုသာ လူထုကြားရလျှင် ခဲတစ်လုံးစီနှင့်သာ ဝိုင်းပေါက်တော့ သူ့ဂျစ်ကား ပျောက်ပြား သွားစရာ ရှိ၏။
နိုင်ငံရေးကို သူ နားလည်ပုံ မပေါ်၊ စီးပွားရေးလည်း သူ သိဟန်မရှိ၊ စီးပွားရေး သိလျှင် ဈေးတိုက်ပွဲ အကြောင်းကို သိရမည်။ ဈေးတိုက်ပွဲ သိလျှင် နိုင်ငံရေးလည်း သိရမည်။
သို့သော် တင်ကား၊ ဘာကိုမျှ မသိဟု ဆိုရန်မသင့်။ တစ်ခုတော့ သူသိသည်။ ထိုအသိမှာ ဝတ်မှု၊ စားမှု၊ ကြွားမှုသာလျှင် ဖြစ်တန်ရာ၏။
ဤ၍ ဤမျှ မသိသား ဆိုးဝါး၍ အလိမ္မာ ခေါင်းပါးလှသော တင်လို အထက်တန်းစား မိန်းမပျို တစ်ယောက် ဗမာပြည်တွင် ရှိနေသေးသည် ဆိုလျှင် တိုင်းပြည် လူထုသည် ပူမှုတွေ ကြားထဲမှာ အံ့အားသော်လည်း သင့်ရာ၏၊ ဒေါသသော်လည်း ဖြစ်ရာ၏။
သို့သော် တင်လို မိန်းမမျိုးထက် အဆပေါင်း များစွာ မိုက်သော ယောက်ျားများလည်း ရှိသေး၏။ ရှည်ရှည်ဝေးဝေး တွေးနေ ရှာနေစရာ မလို ထိုယောက်ျားများကား ဗိုလ်ချုပ်တို့အား လုပ်ကြံကြသူ၊ လူသတ်ကောင်များပင် ဖြစ်တော့သည်။
* * *
မကြာမီ တင်နှင့် ရင်သည် ဧရာမ လူအုပ်ကြီးအား တိုးကာ ဝှေ့ကာဖြင့် ဗိုလ်ချုပ်တို့၏ အလောင်းများ ထားရာ ဂျူဗလီဟောထဲသို့ ရောက်ခဲ့ကြ လေသည်။
"သူနာပြု သူနာပြု"
ဟူသော အသံများနှင့် အတူ လူထုကြီးသည် ရုတ်ရုတ်ရက်ရက် ဖြစ်သွားလေ၏။
"ဘာမှ မဖြစ်ပါဘူး၊ စည်းကမ်း သေဝပ်ကြပါ၊ အလေးပြုမြဲ ပြုကြပါ၊ အဒေါ်ကြီး တစ်ယောက် ဝမ်းနည်းလုံး ဆို့ပြီး တက်သွားတာပါ၊ ကိစ္စ မရှိပါဘူး"
ထိုအသံ ပေါ်လာမှ လူထုလည်း ငြိမ်သွားသည်။
"လာဟေ့ ရင်ရေ ထွက်ကြစို့"
ဟု တင် ဆိုသူက ပြောကာ တင်နှင့် ရင်သည် လူအုပ်ကြီးအား ဝှေ့ကာ တိုးကာဖြင့်ပင် ထွက်လာခဲ့ကြ လေ၏။
ပတ်ဝန်းကျင် ဘေးပရိသတ် လူထုသည် သူတို့ နှစ်ယောက်အား အများနည်းတူ ဗိုလ်ချုပ်တို့ကို အလေးပြုရန် လာသည်ဟု ထင်လျှင် ထင်ပေမည်။ သို့သော် ထိုသို့သော ထင်ခြင်းကား တက်တက်စင် လွဲတော့၏။
အမှန်စင်စစ် သူတို့ နှစ်ယောက်သည် ဗိုလ်ချုပ်အလောင်း များကို အလေးပြုခဲ့သူများ မဟုတ်။ အထူးအဆန်းလို ပြပွဲ တစ်ပွဲလိုမျိုး သဘောထား၍လား မသိ၊ ဝင်ကြည့်ရုံသာ ကြည့်ပြီး ပြန်ထွက်ခဲ့ သူများသာ ဖြစ်၏။
ထိုအမိုက်မ နှစ်ယောက်သည် သူတို့ဂျစ်ကား ထားခဲ့သော မူလနေရာသို့ ရောက်သော် မိမိတို့ ဂျစ်ကားကို မတွေ့ရတော့ဘဲ မလှမ်းမကမ်း တွင်သာ အခြား ဂျစ်ကား တစင်းကို တွေ့သဖြင့် ဟိုမေးရနိုး ဒီမေးရနိုးနှင့် အမျိုးမျိုး တွေးနေကြ၏။
"ကိုယ်တို့ ဂျစ်ကားတော့ လူခိုးသွားပြီ ထင်တယ်"
တင်သည် ဤသို့ပြောရင်း မျက်လုံးများကလည်း တောင်မြောက် လေးထွေသို့ ရှာဖွေသလို ကြည့်နေပြန်၏။
၁၅ မိနစ်ခန့် ကြာသော် ကျွီခနဲ ဘရိတ်ဖမ်း၍ ရပ်လိုက်သော ကားသံ တစ်ခုကို ကြားရသဖြင့် လှည့်ကြည့် လိုက်ကြ လေ၏။
ထိုးရပ်လိုက်သော ကားမှာ မိမိတို့ဂျစ်ကား ဖြစ်နေပြီး မောင်းလာသူမှာ အသက် ၃၅ နှစ် အတွင်းလောက်တွင် ရှိမည်ဟု ခန့်မှန်းရသော ယောက်ျားပျို တစ်ယောက် ဖြစ်နေသည်ကို တွေ့ရလေ၏။
"ဒါ ခင်ဗျားတို့ကား ထင်တယ်၊ စိတ်မရှိပါနဲ့ဗျာ၊ ကျုပ် အမေကြီး ခုန ဂျူဗလီဟော ထဲမှာ ဗိုလ်ချုပ်ကို အလေးပြုရင်း ဆို့ပြီး တက်သွားလို့ ကိစ္စတုံးပြီ အောက်မေ့တာ ဆေးရုံ အရောက် စောလို့သာပေါ့"
ထိုသူသည် တင်နှင့်ရင် ရပ်နေရာသို့ လျှောက်လာပြီး မျက်နှာချင်းဆိုင် ရပ်ကာ ပြောဆို တောင်းပန် နေလေ၏။ တင်နှင့် ရင်တို့မှာလည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ကြောင်နေကြ၏။ ဘာမျှ ပြန်မပြောသဖြင့် ထိုလူက ဆက်လက်၍
"ခင်ဗျားတို့ ကားနောက်က ဂျစ်ဟာ ကျုပ်ကားပေါ့၊ ကျုပ် အမေကို ဆေးရုံ သွားပို့ဖို့ဟာ ရုတ်တရက် စက်နှိုး မရတာနဲ့ တွေ့ရာကားကို ဆွဲယူ သွားရတာပဲ၊ ဒီနားက ဈေးသည်တွေတောင် မှာထားခဲ့သေးတယ်၊ မပြောကြဘူးလား"
ထိုလူလည်း ရုတ်တရက် စကားဖြတ်ပြီး ရှပ်အင်္ကျီ အိတ်ကို နှိုက်နေလေ၏။
"ဒီမှာရှင့်၊ ကျွန်မကားကို ကျွန်မ မသိဘဲ ယူသွားနိုင်သလား"
တင်သည် မျက်နှာထားနှင့် မေးလိုက်၏။
"အင်း ခင်ဗျားမေးတာ လမ်းကျတယ်၊ သူတစ်ထူးရဲ့ ပစ္စည်းကို ပိုင်ရှင် ခွင့်မပြုရင် ယူမသွားနိုင်ဘူး၊ မှန်တယ်၊ ဒါပေမယ့် ကျုပ်အမေကြီး ဗိုလ်ချုပ်တို့ကို အလေးပြုရင်း တက်သွားတာနဲ့"
"ဒါ ကျွန်မ နားမလည်ဘူး၊ ပိုင်ရှင် မသိဘဲ ယူတာဟာ ခိုးတာပဲ"
တင်သည် ငေါက်ဆတ်ဆတ် ရန်တွေ့နေ၏။
"စိတ်မဆိုး ပါနဲ့လေ၊ ကျုပ် တောင်းပန် နေတာပါ၊ ခင်ဗျားကား မကလို့ ဘုရင်ခံကား ဖြစ်ရင်လည်း အတင်း ယူရလိမ့်မယ်၊ ကျုပ်အမေတော့ အသေမခံနိုင်ဘူး"
ထိုလူသည် စကားကို ဖြတ်၍ အိတ်နှိုက်ကာ
"စိတ်မရှိနဲ့ ရော့ ရော့၊ ဓာတ်ဆီဖိုးငွေ နှစ်ကျပ်"
တင်သည် ထိုလူ လှမ်းပေးနေသော ငွေကိုမယူဘဲ ထိုလူ့ မျက်နှာကို မော်ကြည့်လိုက်၏။ ထိုလူ၏ မျက်နှာထားမှာ ပြောင်ချော်ချော် မဟုတ်၊ ခပ်တည်တည်နှင့် ရှိနေ၏။
"ဒါဘာလဲ လူကို ပြောင်စရာ လှောင်စရာ မှတ်နေသလား၊ ရှင် ကျွန်မကားကို ဘာလို့ ခိုးသွားရသလဲ၊ ရှင် မော်တော်ကား သူခိုး"
တင်သည် လက်ညှိုး ငေါက်ငေါက်ထိုး၍ ရန်တွေ့လိုက် သဖြင့်
"မဟုတ်ရပါဘူးဗျာ၊ ခင်ဗျားကားကြောင့် လူတစ်ယောက် အသက်ချမ်းသာရာ ရသွားတယ် ဆိုတော့၊ ခင်ဗျားတောင် ကုသိုလ်"
"ဒါတွေ ကျွန်မ နားမလည်ဘူး၊ ရှင် ကားသူခိုး ကားသူခိုး"
"ဘာ နားမလည်ဘူး ဟုတ်စ၊ ဒါတွေ နားမလည်ရင် လောကကြီး အပြင်ဘက်မှာ သွားနေချည်၊ လူလောကကြီးထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်း ကူညီရတယ် နားလည်လား"
ထိုလူ ဤသို့ ပြောလိုက်သဖြင့် တင်မှာ ကြောင်သွား၏။
"အပျိုချောတိုင်း အပြောမချိုဘူး ဆိုတာ ဒါမျိုး ထင်ပါရဲ့၊ ကျုပ် ကောင်းကောင်း တောင်းပန်နေတာ"
တင်သည် အံကလေး ကြိတ်လိုက်၏။
"မတောင်းပန်လို့ ဘာများ လုပ်ချင်သေးသလဲ၊ ကားသူခိုးက"
"တော်တော့ ကျုပ်ကို သူခိုး သူခိုးနဲ့ စော်ကားတာ သုံးလေးခါ ရှိပြီ၊ နောက်ထပ် မပြောရင် ကောင်းမယ်"
ထိုလူ၏ မျက်နှာထား တည်သလောက် အသားတွေကလည်း နီလာ၏။
တင်ကလည်း အတော်မာ၏။ လာမည့်ဘေး ပြေးတွေ့ရန် ရှေ့တစ်လှမ်း တိုးတဲ့ကာ
"ပြောတယ်၊ ရှင် ဘာလုပ်မလဲ"
"ပါးချလိုက်မှာပေါ့"
ထိုလူ၏ အမူအရာမှာ ကလီကမာ မဟုတ်၊ ပြောသလို လုပ်မည့် အသွင်ကို ဆောင်နေသောကြောင့် တင်သည် ကြောက်သလို ရွံ့ကာ နောက်ကို တွန့်သွား၏။ ဘာပြော၍ ဘာလုပ်ရမည် မသိတော့ဘဲ စစ်ကူ ခေါ်သလို မျက်နှာထားဖြင့် ရင်အား လှမ်းကြည့်လိုက်သည့် ခဏတွင်
"ဘာလဲ ဘာလို့ ဝိုင်းကြည့် နေကြတာလဲ၊ ဒါ လင်မယား ရန်ဖြစ်နေတာ မဟုတ်ဘူး၊ မျောက်ပွဲလည်း မဟုတ်ဘူး"
ဟူသော ထိုလူ၏ အသံကိုကြားမှ တင်ရော ရင်ပါ ဘေးတွင် ရပ်၍ ဝိုင်းအုံ ကြည့်နေသော လူများကို သတိထားမိ တော့ကာ၊ ရှက်သွေးတွေ ဖြာပြီး ဘာလုပ်၍ ဘာကိုင်ရမည် မသိရှိနေစဉ်
"ကားပေါ်တက်ကြ"
ဟု ထိုလူကဆိုမှ သတိရတော့ကာ တင်တို့သည် ကားပေါ် တက်၍ စက်နှိုး ကွေ့မောင်း ထွက်ခွာသွား လေ၏။
မောင်းမည့်သာ မောင်းသွားရသည်။ သတိမှ ရှိလေရဲ့လား မပြောတတ်။ ကားကလေး ရမ်းခါနေသလောက် တင့်စိတ်လည်း ပရမ်းပတာ ဖြစ်နေလေ၏။
"ဟေ့ သတိထားပြီး ဖြေးဖြေးမောင်းမှပေါ့"
ထိုအသံ ကြားမှပင် စောစောက "လူ့ဂွစာ"သည် မိမိတို့ကား နောက်ပိုင်းတွင် ပါလာကြောင်း သိရသဖြင့် တင်သည် ရုတ်တရက် ကားကို ထိုးရပ်လိုက် လေ၏။
"ရှင် ရှင် ဘာလို့ လိုက်လာရသလဲ"
တင်သည် နောက်ပြန် လှည့်ကြည့်ရင်း မေးလိုက်၏။
"ကျုပ် တောင်းပန်တာ ခင်ဗျား မကျေနပ်ဘူး၊ ဒါကြောင့် နောက်ထပ် တောင်းပန်ဖို့ လိုက်လာတာပဲ၊ ဒါမှ မဟုတ်လို့ ကားခိုးမှုနဲ့ ဂါတ်ကို တိုင်ချင်ရင်လည်း ဂါတ်ကိုမောင်း ကျုပ်ပါလိုက်မယ်"
တင်၏ ညိုမည်းနေသော မျက်နှာမှာ အလင်းရောင် ဖြာလာ၏။ ပထမကမူ ပုလိပ်ကိုလည်း သတိမရ၊ ဂါတ်တိုင်ရန်လည်း သတိမရဘဲ၊ ယခု ထိုလူပြောမှ သတိရကာ ဂါတ်ရောက်မှ အကြောင်းပြ လိုက်မည် ဟူသော အငြိုးကလေးဖြင့်
"မကျေနပ်ဘူး၊ ဂါတ်သွားမယ်"
တင်က ငေါက်ဆတ်ဆတ် ပြောလိုက်သည်တွင်
"ဒါဖြင့် ကောင်းပြီ၊ ဂါတ်ကိုမောင်း၊ နို့နေပါဦး၊ ခင်ဗျားမှာ ကားမောင်းလိုင်စင် ရှိသလား၊ ဂါတ်ရောက်ရင် ပုလိပ်တွေက မေးလိမ့်မယ်"
ထိုလူ ဤသို့ မေးလိုက်သည်နှင့် တစ်ပြိုင်နက် တင့်မျက်နှာမှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားကာ ရင်အား လှမ်းကြည့် လိုက်၏။
"ဟဲ ဟဲ ခင်ဗျားမှာ ကားမောင်းလိုင်စင် မရှိဘူး၊ ကျုပ် သိတယ်၊ ပုလိပ်တွေ ဝတ္တရား ပေါ့သလောက် ခင်ဗျားတို့ (မိန်းမ ကားမောင်းသူတွေ) အားကြီး အတင့်ရဲ နေကြတာပဲ၊ ကဲလေ၊ မောင်း မောင်း ဂါတ်တဲကို"
"ဟင့်အင်း၊ ဂါတ်ကို မသွားတော့ဘူး၊ ရှင့်ကိုလည်း အမှု မလုပ်တော့ဘူး"
တင်သည် ပြာပြာသလဲ လက်လျော့ လိုက်၏။
"ဒါဖြင့် ခင်ဗျားနဲ့ကျုပ် ရန်သူလား မိတ်ဆွေလား"
"မိတ်ဆွေ ဆိုပါတော့"
"ဒါနဲ့ နေပါဦး ခင်ဗျားတို့ ဂျူဗလီဟောကို ဘာကိစ္စ လာကြသလဲ"
တင်သည် ရင်အား လှမ်းကြည့်လိုက်၏။
"သူများနည်းတူ ဗိုလ်ချုပ်တို့ကို အလေးပြုဖို့ လာတယ်ဆိုရင် ဒီလိုပဲ ဝတ်စား လာရသလား"
တင်နှင့် ရင်တို့သည် သူတို့ ဝတ်လာသော အဖိုးတန် အဝတ်အစား များကို ငုံ့ကြည့် နေကြ၏။
"ခင်ဗျားတို့ ဝတ်စား လာတာဟာ တန်ဖိုး မနည်းလှဘူး၊ မျက်နှာကြီး မင်္ဂလာဆောင်ကို လာသလိုပဲ ဝတ်စားလာတယ်"
တင်နှင့် ရင်မှာ ထိုလူအား မော်မကြည့်ရဲဘဲ ရှိနေကြ၏။
"တချို့ မိန်းမတွေလည်း ရှိသေးတယ်၊ ဗိုလ်ချုပ်တို့ကို အလေးပြုဖို့ လာတာ အဝတ်အစား အကောင်းဆုံး အဖိုးအတန်ဆုံး ကိုမှ ဝတ်ပြီး စိန်တွဲလဲ ရွှေတွဲလဲနဲ့ နှုတ်ခမ်းနီ ပါးနီ ဆိုးလာတယ်၊ ပေါင်ဒါ အဖွေးသား လိမ်းလာတယ်၊ ဒါ ဝမ်းနည်းခြင်း အထိမ်းအမှတ် တဲ့လား၊ အတော်ရိုင်းတဲ့ ဟာမတွေ၊ ထွီ ခင်ဗျားတို့ နှစ်ယောက်လည်း အတူတူပဲ၊ ဘယ်လောက် ရှက်စရာ ကောင်းသလဲ ဟင်"
တင်နှင့် ရင်သည် မိမိတို့ အဝတ်အစားကို လည်းကောင်း၊ ဘေးတွင် ချထားသော ခေတ်သစ် ဖက်ရှင် (ပလတ်စတစ် မိုးကာအင်္ကျီ) ဆင်တူ နှစ်ထည်ကို လည်းကောင်း ကြည့်ကာ ရှက်ကိုးရှက်ကန်း ဖြစ်နေကြ၏။
"ခင်ဗျားတို့ မိဘတွေ သေရင် ဒီလိုပဲ ဝတ်စား လာမလား၊ ပေါင်ဒါ အဖွေးသား ရိုက်လာမလား၊ နှုတ်ခမ်းနီ ပါးနီ ဆိုးလာမလား"
ထိုလူ၏ အသံမှာ တဖြည်းဖြည်း တုန်လာ၏။
"အခု လူထုရဲ့ အလေးပြု ခံနေတဲ့ ဗိုလ်ချုပ်ဟာ ကျုပ်တို့ရဲ့ ခေါင်းဆောင်၊ ကျုပ်တို့ရဲ့ မိဘ ဆိုရင်လည်း မမှားဘူး၊ အဲဒီတော့ ဗိုလ်ချုပ်ကို အလေးပြုဖို့ လာရင် ကိုယ့်မိဘ မသာကို လာသလိုပဲ ဝတ်စားလာပါ၊ ခုလို အပြုအမူတွေကို ရှောင်"
ထိုလူကား ထိုစကားမျှဖြင့် မရပ်သေးဘဲ ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ၊ နိုင်ငံရေး၊ ဈေးတိုက်ပွဲ၊ ဖဆပလပါ မကျန် အဖြေအမေး ရောထွေးပွေလုံးကာ နောက်ဆုံး မည်သည့်အခြေ ရောက်သွားကြသည် မသိ။
"ကောင်းတယ်၊ ကျုပ် သိပ်ဝမ်းသာတယ်၊ ခင်ဗျား ကျုပ် ထင်သလောက် နားမဝေးသေးဘူး၊ ကဲ၊ ပြန်တော့ ကျုပ်လည်း သွားမယ်"
ဟု ပြောပြောဆိုဆို ကားပေါ်မှ ဆင်းသွားသဖြင့် တင်နှင့် ရင်သည် ထူးဆန်းသော ထိုလူအား တစ်ချက် လှည့်ကြည့်ပြီးမှ ကားစက်နှိုး၍ မောင်းထွက် သွားလေ၏။
ထိုလူလည်း မိမိကား ဆိုက်ထားရာ ဂျူဗလီဟော အနီးသို့ ပြန်ရောက်လာပြီး သူ့ကားကို စက်နှိုးကြည့်၏၊ မရ။ ပြုပြင်၏၊ စက်ကား မနိုး၊ ချွေးအထွက်သာ တိုးလာသဖြင့် နီးရာ လက်ဖက်ရည် ဆိုင်တွင် ဝင်ထိုင်ရင်း လက်ဖက်ရည် မှာသောက်နေ လေ၏။
ထိုအချိန်၌ လက်ဖက်ရည်ဆိုင် ထဲတွင် လူ လေးငါးယောက် ဝိုင်းဖွဲ့ ထိုင်နေကြ၏။ တစ်ယောက်က စတင်၍
"တနင်္ဂနွေ နေ့မှာ ကျွန်တော် အဖွဲ့က ဗိုလ်ချုပ်ကို အလေးပြုဖို့ အလှူငွေ ကောက်ခံတာ ၅၀၀ ကျော် ရတယ်၊ အထွေထွေ စရိတ် နှုတ်လိုက်တာတောင် ၃၀၀ လောက် ပိုမယ်၊ အဲဒါ ဘာလုပ်ရင် ကောင်းမလဲ"
ပထမလူက မေးသည်ကို ဒုတိယလူက
"၃၀၀ တန် ပန်းခွေ လှလှကြီး လုပ်ပြီး အလေးပြုရင် မကောင်းဘူးလား"
ဟု အကြံပေး သည်တွင် တတိယလူက
"အဲဒါပဲ ကောင်းတယ်"
ဟု အားရဝမ်းသာ ထောက်ခံလိုက် လေ၏။
ထိုစကား ကြားလိုက်ရသော "လူ့ဂွစာ"သည် လက်ဖက်ရည် သောက်နေရာမှ ထလာပြီး
"ခင်ဗျားတို့ ပြောတာထက် ကောင်းတဲ့နည်း ကတော့ အဲဒီ ပိုတဲ့ငွေ ၃၀၀ ကို ဗိုလ်ချုပ်တို့ ရန်ပုံငွေထဲ ထည့်လိုက်တာ အကောင်းဆုံးပဲ၊ ၃၀၀ တန် ပန်းခွေလုပ်လုပ် သုံးထောင်တန် ပန်းခွေလုပ်လုပ် နောက်ဆုံး အမှိုက်ပုံထဲ ရောက်မှာပဲ"
ဟု ခပ်တည်တည် ဝင်ပြောလိုက်သဖြင့် မူလ ဆွေးနွေးနေသော လူများလည်း ထိုလူအား ပြူးကျယ်သော မျက်လုံးများ ဖြင့် ကြည့်နေရာမှ
"မင်းနဲ့ ဘာဆိုင်သလဲ"
ဟု တစ်ယောက်က မျက်နှာထားဖြင့် မေးလိုက်သောကြောင့်
"မဆိုင်လဲ ပြီးရောပေါ့"
ဟု ပြောရင်း မိမိနေရာတွင် ပြန်ထိုင်လိုက် သည်တွင် ထိုလူများလည်း မကြာမီ ထွက်သွားကြ လေ၏။
ထိုအချိန်၌ မိန်းမတစ်သိုက် မှာလည်း လက်ဖက်ရည်သောက် နေကြသည်။ ထိုအထဲမှ ခပ်ကြီးကြီး မိန်းမ တစ်ယောက်က
"ဟိုသူငယ် ပြောတာ မှန်တာပေါ့၊ ပန်းခွေလုပ်ပြီး အလေးပြုလည်း အမှိုက် ဖြစ်မှာပဲ ဥစ္စာ၊ ရန်ပုံငွေထဲ ထည့်လိုက်တာက ကောင်းဦးမယ်"
မိန်းမ ခပ်ငယ်ငယ် တစ်ယောက်က ထောက်ခံလိုက်၏။
ခပ်ရွယ်ရွယ် မိန်းမတစ်ယောက် ကမူ
"ဗိုလ်ချုပ်တို့မှ မရှိတော့တာ၊ ဒီရန်ပုံငွေ ဘယ်မှာ သုံးမှာလဲ"
ထိုအသံ ကြားသည်နှင့် စောစောကလူ ထလာပြန်ကာ အဆိုပါ မိန်းမများ ထိုင်နေသော စားပွဲတွင် ဝင်ထိုင်လိုက်၏။
"ခု ဖွင့်ထားတဲ့ ရန်ပုံငွေဟာ ဗိုလ်ချုပ်တို့ မရှိတော့ပေမယ့် ဗိုလ်ချုပ်တို့ အပါအဝင် ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ သားသမီး ဇနီးတွေကို ထောက်ပံ့ဖို့ ဖွင့်ထားတဲ့ ရန်ပုံငွေပေါ့၊ ဝန်ကြီးတွေ မရှိတော့ဘူး ဆိုပြီး၊ သူတို့ရဲ့ သားမယားတွေကို လျစ်လျူရှုထားလို့ ကောင်းပါ့မလား ဒေါ်ဒေါ်၊ ခုနေအခါမှာ အဲဒီ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ သားသမီး ဇနီးတွေကို အရင်ကထက် ပိုပြီး ဂရုစိုက်ရမယ်၊ ဒါကြောင့် သူတို့အတွက် ဖွင့်ထားတဲ့ ရန်ပုံငွေ ဖြစ်ပါတယ်"
မိန်းမအားလုံး ထိုလူစကားကို နားစွင့် နေကြသည်။
"ဒါနဲ့ စကားမစပ်၊ ဝန်ကြီး တစ်မတ် ဝန်ကတော် တစ်ကျပ်ဆိုတာ ကြားဖူးကြပါသလား ခင်ဗျာ"
ထိုလူသည် မိန်းမ တစ်သိုက်လုံးကို သိမ်းကျုံး မေးလိုက်သဖြင့် အားလုံး ခေါင်းခါပြကြ၏။
"မကြားဖူးဘူး၊ ဘယ်လိုပါလိမ့်"
"ရှေးမြန်မာဘုရင် လက်ထက်တော်က ဝန်ကြီးဆိုရင် ဩဇာတန်ခိုး အင်မတန် လွှမ်းမိုး ကြီးကျယ်တယ် ခင်ဗျ၊ ခုရှိတဲ့ ဝန်ကြီးတွေလိုပေါ့ ခင်ဗျာ"
မိန်းမ တစ်သိုက်ကား ထိုလူ့စကားတွင် နားစွင့်နေကြ၏။
"အဲ့ဒီ ရှေးတုန်းက ဝန်ကြီး တစ်ဦးရဲ့ သားသမီး ဖြစ်စေ၊ ဝန်ကြီးကတော် ဖြစ်စေ သေဆုံးတဲ့အခါ ရိုင်းပင်းတဲ့ အနေနဲ့ ကူငွေ ထည့်ကြတယ်၊ ၅၀၀၊ ၁၀၀၀ စသည်ဖြင့်ပေါ့ ခင်ဗျ၊ ပြီးတော့ အဲဒီ အသုဘဟာလည်း ဝန်ကြီး မျက်နှာနဲ့ အင်မတန် စည်ကားတယ်၊ ဒါပေမယ့် ဝန်ကြီးသာ အရင် သေရင်တော့ ဝန်ကတော် သေသလောက်လည်း ကူငွေ မရဘူး၊ စည်လည်း သိပ်မစည်ကားတော့ဘူး၊ ဝန်ကတော် သေလို့ ကူငွေ ၁၀၀၀ ထည့်မယ်ဆိုရင် ဝန်ကြီး သေတဲ့အခါ ၅၀၀၊ ၃၀၀ စသည်ဖြင့် လျော့သွားတယ်၊ ဒါ ဘာဖြစ်လဲ ဆိုတော့ ဝန်ကြီး သေတဲ့အခါမှာ ဝန်ကတော်ဟာ ဝန်ကြီးရာထူးမှ မရှိတော့ဘဲကိုး"
"အဲ အဲ ပြောစမ်းပါဦးကွယ်"
"ခုခေတ်မှာလည်း ဒီအတိုင်းပေါ့၊ ရာရှင် ကိုယ်စားလည် ရဖို့ကိစ္စ၊ ရာထူးရဖို့ ကိစ္စ၊ နယ်မပြောင်းဖို့ ကိစ္စနဲ့ အခြား ကိုယ်ကျိုးကိစ္စ အတွက် ဝန်ကြီးတွေကို ဖော်လံဖား နေကြသလောက် ဝန်ကြီးကတော် တွေကိုလည်း မြှောက်စားကြတယ်၊ အရေးပေး ကြတယ်"
"ဟေ့ ဝန်ကြီးတစ်မတ် ဝန်ကတော် တစ်ကျပ် ဆိုတာက ဘာကို ပြောတာလဲ မောင်ရင်ရဲ့"
မိန်းမကြီးတစ်ယောက်က မေးလိုက်သည်။
"ဒီလိုလေ ဒေါ်ဒေါ်ရဲ့၊ ခုန ကျွန်တော် ပြောသလို ရှေးဗမာ ဘုရင် လက်ထက်က ဝန်ကတော် သေရင် ဝန်ကြီး မျက်နှာနဲ့ ကူငွေ ၁၀၀၀ ထည့်တဲ့လူဟာ ဝန်ကြီးသေတော့ တစ်ရာ နှစ်ရာ လောက်ပဲ ထည့်ကြတော့တယ်။ ဝန်ကြီးဆိုတဲ့ မျက်နှာ မရှိကြတော့ပဲကိုး၊ ဒါကြောင့် ရှေးပညာရှိတွေက ဝန်ကြီးသေရင် တစ်မတ်၊ ဝန်ကတော် သေရင် တစ်ကျပ်ရယ်လို့ ဆိုစမှတ် ပြုခဲ့ကြတယ်"
"ဪ ဪ"
"ခုခေတ်လဲ ဒီလိုပေါ့၊ ဝန်ကတော် သေသွားတဲ့ ဝန်ကြီးဆိုရင် သိပ်မျက်နှာ ရှိတယ်၊ သမက်တော်ချင်တဲ့ လူတွေကရော ကိုယ်ကျိုးရှာသမားတွေ ကရော ဟိုက ဘာကူပါရစေ၊ ဒီက ဘာတာဝန် ယူပါရစေနဲ့၊ ဝန်ကြီးမျက်နှာက ရှိသေးသကိုး၊ အဲဒီတော့ ဗိုလ်ချုပ် အစရှိတဲ့ ဝန်ကြီးတွေ ကျဆုံးသွားတဲ့ အတွက် ခုနပြောသလို ဝန်ကြီးသေရင် တစ်မတ် မဖြစ်ရအောင် ကူငွေလည်း လျော့မသွားအောင် ကိုကြီးနုတို့က သိပ်ဂရုစိုက်ပြီး ရန်ပုံငွေတွေ ဖွင့်၊ အစီအစဉ်တွေ လုပ်နဲ့ အတော် ခေါင်းရှုပ် နေကြရတယ်"
"ဒီမှာ ဒီမှာ"
ထိုလူ စကားပြောနေခိုက် အထက်ပါအတိုင်း ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ အနက်ရောင် လုံချည် ဆင်တူဝတ်၍ လက်ဝဲလက်တွင်လည်း လက်ပတ်အနက် စည်းထားသော တင်နှင့် ရင်ကို တွေ့ရသောကြောင့် ထိုလူမှာ အံ့အားသင့်စွာ ထသွားရင်း
"ဟင် ခင်ဗျားတို့ ပန်းခွေတွေနဲ့ ပါလား"
ဟုမေးပြီး ငေးကြည့် နေလေ၏။
"ဟုတ်တယ်၊ ကျွန်မတို့ လွန်သမျှ ဝန်ချရင်း အလေးပြုဖို့ ချက်ချင်း ပြန်လာကြတယ်၊ ရှင်နဲ့ တွေ့မယ်တောင် မထင်ဘူး၊ ကျွန်မတို့ကို လိုက်ပို့မလား"
"အေး ကောင်းတယ်၊ ကောင်းတယ်၊ ဒီလိုမှပေါ့"
ဟုပြောပြီး ထိုလူသည် တင်နှင့် ရင်ကို ခေါ် ဂျူဗလီဟောသို့ လျှောက်သွားကြလေ၏။
ကျားကူးကျောင်းနှင့် ကပ်လျက် ဂျူဗလီ တံခါးဝသို့ ရောက်သော် တယောသံလိုလို ကြားရသဖြင့် ထိုလူသည် တယောသံ ကြားရာဆီသို့ လှမ်းကြည့်လိုက်၏။
တံခါးပေါက်နှင့် မလှမ်းမကမ်းတွင် လူတစ်ယောက်သည် တယောကို ချွဲချွဲပျစ်ပျစ် ထိုးနေလျက် အခြားနှစ်ယောက် သုံးယောက်က သီချင်းဆို နေကြသည်ကို တွေ့ရသည်နှင့် ထိုလူ သည် တယောသမားထံ လျှောက်သွားလေ၏။
"ဒါ ဘာသီချင်းလဲ"
ထိုလူက မေးလိုက်၏။
"ဒါ ဗိုလ်ချုပ်နှင့်တကွ ကျဆုံးသူ ခေါင်းဆောင်ကြီးများရဲ့ အတ္ထုပ္ပတ္တိ သီချင်းစာလေ ဝယ်ပါလားဗျာ၊ တစ်ရွက်မှ တစ်မတ်ပါ"
လူတစ်ယောက်က အာဝဇ္ဇန်း ရွှင်ရွှင်နှင့် ပြန်ပြော၏။ ထိုလူ၏ မျက်နှာသည် ချက်ချင်း နီလာ၏။
"ခင်ဗျားတို့ စီးပွားရှာစရာ ဒီလောက်ပဲ ရှားသလား၊ ဒီ့ပြင်နည်း မရှိတော့ဘူးလား။ ခေါင်းဆောင်ကြီးတွေရဲ့ ဓာတ်ပုံတို့၊ စာအုပ်တို့ ရောင်းတာက ဖြေနိုင်စရာ ရှိသေးတယ်၊ တော်သေးတယ်၊ ခုတော့ တစ်တိုင်းပြည်လုံး ပူဆွေနေရတဲ့ ဈာပနကို ခေါင်းတပ်ပြီး သီချင်းစပ် ရောင်းတာများ အံ့ပါရဲ့ဗျာ၊ ခု ကျဆုံးတဲ့ ခေါင်းဆောင်တွေဟာ ကျုပ်တို့ရဲ့ ခေါင်းဆောင်၊ မိဘဆိုလည်း ဟုတ်တယ်၊ တကယ်လို့များ ခင်ဗျား မိဘတွေ သေရင် ဒီလိုပဲ တယောကလေးနဲ့"
ထိုလူစကားမဆုံးမီ "ခွပ်" ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး ထိုလူမှာ ပုံရက်သား လဲကျသွား လေ၏။ လူတွေလည်း ရုတ်ရုတ်ရက်ရက် ဖြစ်သွားတော့၏။ ထိုလူ စကားစပြောစဉ် ကတည်းက လူအုပ်မှာ တဖြည်းဖြည်း များလာပြီး ထိုလူအုပ်ထဲမှ မည်သူ ဝင်ရိုက်သွားသည် မသိလိုက်ရဘဲ ထိုလူသာလျှင် ခေါင်းကွဲ လဲကျ သွားတော့ကာ နောက်ဆုံး၌ အမြင်မတော် သည်ကို တွေ့တိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သော ထိုလူအား တင်နှင့် ရင်တို့ ဂျစ်ကားနှင့်ပင် ဆေးရုံသို့ ပို့လိုက် ရလေတော့ သတည်း။
🔲
#သာဓု
Credit to အညတြ ဘိက္ခု
No comments:
Post a Comment