Idea မဂ္ဂဇင်း၊ ဇွန် ၂၀၁၈
ဖုန်းခေါ်သံလေး
___________
(စကားပြေ)
ဟိုးတစ်ချိန်က ကိုယ့်ကိုချစ်မက်၍ ရှက်ရွံ့အားနာနေသည့် မျက်တောင်ဖျားလေးတစ်စုံရှိခဲ့ဖူးသည်။ ကမ္ဘာဦးဆီအထိ သူ့နာမည်လေးခေါ်ပြီး ကိုယ်သွားသည်။ လေပြင်းတွေအပြင်းဆုံးအဟုန်နှင့် မိုးကြမ်းတွေ အစိုင်အခဲနှင့်ပြိုလဲ၏။ ထိုအခါ မျက်တောင်ဖျားလေးနားပိတ်ထားတော့သည်။
***
အမှန်တကယ်ချစ်လျှင် ဘယ်နှဘဝအထိ လွမ်းဆွတ်သတိရနေတတ်သလဲ ကျွန်တော်မသိပါ။ သိလည်း မသိချင်တော့ပါ။ ယခုပင် ကျွန်တော်သည် အရင်ဘဝမှာလား အခုဘဝမှာလား နောက်ဘဝရောက်နေပြီလား မဝေခွဲတတ်တော့ပါ။ ကျွန်တော့်အတွက်တော့ ချစ်ခြင်းတရားသည် အချိန်ကာလကို ကျော်လွန်ပြီးမြောက်စေနိုင်သော သူ၏မျက်နက်ဝန်းလေးပဲဖြစ်ပါသည်။
***
(ခုတော့ ဘယ်ကမ်းကခွာခွာ
ဘယ်သောင်ကမ်းကပ်ကပ်
သူ့ရဲ့ သနပ်ခါးပါးကွက်လေးနှင့်
ဘယ်တော့မှ မဆုံနိုင်တော့ပါ
မိုးအောက်မြေပြင် ဝဠာအဆုံး
တိမ်သလ္လာဖုံးလေပြီလား
ဝတ်ကြီးဝတ်ငယ်ပြုပေးမယ့် အနမ်းတစ်ခုကို
ကမ္ဘာတစ်ခြမ်းမှာထားခဲ့ရတာ
မှောင်လိုက်တာ)
***
ဆိုးမိုက်ခြင်းစစ်စစ်ကို နှောင်းလူတို့သိလိုသည့်အခါ အခါတစ်ပါးကမြှုပ်နှံထားခဲ့သော ကျွန်ုပ်၏ အရိုးစုများကို ပြန်လည်တူးဖော်ကာ ပြတိုက်ထဲ၌ ခင်းကျင်းပြသထားသင့်သည်။ ထိုအခါတွင် ဘယ်ဆီဘယ်ဝယ်မှန်းမသိရလေသော ဘုံဋ္ဌာနတစ်ခုကပင် ကျွန်ုပ်သည် မမေ့မလျော့ဘဲ မိမိမိုက်ပြစ်အတွက် ရှက်ရွံ့ငိုကြွေးနေပါမည်။ (ဒါသည်ပင် သူ့ကျေးဇူးအပေါ် ကျွန်တော်ဆိုးသွမ်းခဲ့သောအပြစ်များကို မမီသေးပါ။ အကုန်အစင်ပြောပြလျှင် သင်ပင်နှာခေါင်းရှုံ့ကာ ကျွန်တော့်ကို လက်ညှိုးထိုး အပြစ်တင်နေလိမ့်မည်)
ကျေးဇူးဆိုသည်မှာ ထမင်းတစ်လုတ်၊ ရေတစ်ခွက်မှသာမဟုတ်ပါ။ ချစ်ပြုံးစစ်စစ်တစ်ခု၊ ချစ်မေတ္တာစကားတစ်ခွန်းကိုမျှ ကန်းမိသူသာ လွန်စွာအပြစ်ရှိသည်ဟု ကျွန်တော်ခံယူထားပါသည်။ ထို့ကြောင့် ကျွန်တော်အဖို့တော့ သူ့အပေါ် မရေတွက်နိုင်အောင် ချစ်မေတ္တာကျေးဇူးကန်းခဲ့သူသာဖြစ်လေသည်။
***
သေမင်းထံတွင်မှ မျက်ရည်ရှိနိုင်ပါသေးသည်။ သို့သော်သူ့ဆီမှာတော့ ကျွန်တော့်အတွက် ကျစရာ မျက်ရည်တစ်စက်မှ ရှိမနေတော့ပါ။ (ကျွန်တော့်အတွက် သူဝဲခဲ့ရသည့် မျက်ရည်တွေသည် မကျခဲ့သောမျက်ရည်စက်ပေါင်း မြောက်မြားစွာကိုပါ ထိုဝဲကတော့ထဲသို့ နာကျင်ခံခက်လွန်းစွာ ဆွဲနှစ်မြှုပ်လိုက်ပစ်ပြီထင်ပါသည်)
***
နာရီတွေ ရပ်တန့်နေသည်။ (စက္ကန့်တိုင်း သတိရနေ၍ဖြစ်မည်) အသက်ရှူရတာရော၊ ရှင်ရတာရော မြင်မကောင်း၊ ကြားမကောင်းတော့ပါ။ (ဘေးမှာမှ သူမရှိတော့တာ)
***
ယခင်က ဟိုးအဝေးကြီးမှာ ဘာရှိသလဲဟင်ဟု သူမေးသောအခါ ကျွန်တော်က အဝေးကြီးမှာတော့ အဝေးကြီးပဲရှိတယ်လေဟု ရယ်မောစွာဖြေခဲ့ဖူးသည်။ အမှန်တော့ ဟိုးအဝေးကြီးမှာ အနီးဆုံးပဲရှိနေကြောင်း သူသိလျက်နှင့်မဖြေခဲ့သည့်အဖြေကို နောက်မှ နောင်တရစွာသိခဲ့ရသည်။ ယခုတော့ ကမ်းခြေသဲပြင်မှာ အရူးကဲ့သို့ တုတ်တစ်ချောင်းနှင့် အနီးဆုံးဆိုသောစာလုံးကိုပဲ ထပ်ချည်းတလဲလဲ ရေးနေသူကို တွေ့သည့်အခါ ကျွန်တော်လို့ပဲ မှတ်ယူပေးပါ။
***
တကယ်ဆို ချစ်သူကကိုယ့်လို သင်္ချိုင်းမှတ်တိုင်မှာ ပျော်စေပြက်စေလာနားပေးခဲ့တဲ့လိပ်ပြာလှလှလေးပေါ့။ (ထိုသို့လည်း ရက်စက်စိမ်းကားစွာ မဆိုရက်ပါ။ သိပ်ချစ်လျက်နဲ့ နာကျည်းသွားခဲ့တာ ကျွန်တော်ကိုယ်တိုင် အသိဆုံးဆိုတော့ ထိုဝါကျကို ကျွန်တော်မရေးခဲ့ဘူးလို့သာ မှတ်လိုက်ပါ)
ကိုယ့်မှာသာ သံသရာတစ်လျှောက်လုံး မကျွတ်မလွတ်ဖြစ်ရတော့မယ်။ (ယခုဝါကျကိုတော့ မှန်ကန်လွန်းသောကြောင့် အတည်ဟုမှတ်ယူပေးပါ)
***
ကျွန်တော်ဟာ အမှောင်ဆိုရင်တောင်မှ ကမ္ဘာပေါ်က အမွှေးပျံ့ဆုံးပန်းလေးတစ်ပွင့်ရဲ့ အရိပ်လောက်ပဲ မှောင်ပါရစေတော့။
***
ဒါပေမဲ့ ဘာတွေ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ အားလုံး ဒီလိုပဲ ပြီးဆုံးသွားကြမှာပါ။ လေတွေ မိုးတွေ အသံတွေ နာကျင်ခံခက်လွန်းတာတွေ ဆည်းဆာတွေ ယိုးမယ်ဖွဲ့မရခြင်းတွေ မြတ်နိုးခြင်းရဲ့ခရီးလမ်းဆုံးတွေ မျှော်တော်ယောင် လျှပ်ပန်းပွင့်မျှ ပြုံးနိုင်ခဲခြင်းတွေ စိန်တဖိတ်ဖိတ်လက် အတုအယောင်ပျော်ရွှင်မှုတွေ အင်းဆက်မြူမှုန်လေးမှအစ စကြဝဠာတိုက်တစ်သောင်းအဆုံး အားလုံး ဒီလိုပဲ ပြီးဆုံးသွားကြမည်ဖြစ်ပါသည်။ ဆန်းကြယ်လှသော အရာများသည် လွန်စွာမှရိုးရှင်းလွန်းလှပါသည်။
***
ခနောနီခနော်နဲ့ဝါးတံတားလေးပေါ်တွင် ချစ်သူနှစ်ဦးပြုံးရွှင်စွာ လက်ချင်းတွဲလျှောက်သွားကြသည်။ ကျွန်တော်မပါဝင်ပါ။ ချစ်သူကို ဒူးထောက်တောင်းပန်ကာ ချော့နေသောကောင်လေးသည် ကျွန်တော်မဟုတ်။ အဖိုးတန်ဟိုတယ်ထဲတွင် ဂုဏ်အသရေရှိသော မင်္ဂလာပွဲတစ်ပွဲ ကျင်းပနေသည်။ သတို့သားမှာ ကျွန်တော်မဟုတ်။ ပန်းဥယျာဉ်ထဲပျော်မြူးစွာပျံဝဲနေသော လိပ်ပြာမောင်နှံထဲတွင် စိတ်ကူးမျှပင် ကျွန်တော်ယဉ်ခွင့်မရှိတော့ပါ။
သို့သော် ထိုနေ့က ဖျဖျဖွဲဖွဲလေးကျနေသော ပန်းခြံထဲမှအရိပ်လေးသည် ပျော်ရွှင်စွာပွေ့ဖက်နေသည့်ကျွန်တော်တို့ ချစ်သူနှစ်ဦးကို ဘယ်သောအခါမှ မေ့ပျောက်နိုင်မည်မထင်တော့ပါ။ (ဒါသည်ပင် တကယ်မဟုတ်ခဲ့ပါ။ မိမိကိုယ်ကိုယ်စိတ်ကူးနှင့် တစ်ဘဝလုံးအတွက် ဖြေဆည်ရာအဖြစ် ရေးကြည့်ထားသော စာသားသက်သက်သာဖြစ်ပါသည်။ အမှန်မှာတော့ ကျွန်တော်တို့ နှစ်ဦးဟာ လေလှိုင်းထဲကနေ ကြားပဲကြားနိုင်ပြီး ဘယ်တော့မှ ဆုံတွေ့ခွင့်မရှိခဲ့ဖူးသည့် ဟိုးဝေးကွာလှစွာသော တစ်ပြည်တစ်ရွာက ချစ်သူနှစ်ဦးရယ်ပါ)
ဒါတွေအားလုံးဟာ ခင်ဗျားတို့အတွက်တော့ သိပ်ထူးဆန်းလှသော ကိစ္စတော့ဟုတ်လိမ့်မည် မထင်ပါ။ မည်သူမျှအရေးတယူ ဝမ်းနည်းခံစားလိမ့်မည်မဟုတ်သော ကံကြမ္မာရဲ့ ရေနွေးပူလောင်းခံခဲ့ရသည့် ပုရွက်ဆိတ်တွေပြည့်နေသည့်တွင်းလေးသည် ကျွန်တော်ဖြစ်ပါသည်။
ဟုတ်ကဲ့ သူကတော့ ကျွန်တော့်ထံ ဘယ်ဘဝမှာမှ ခေါ်ဆိုတော့မည် မဟုတ်သောအပြစ်ကင်းမဲ့လှသည့်ဖုန်းနံပါတ်လေးသာဖြစ်ပါသည်။
မိုဃ်းဇက်သော်
၃၀/၃/၂၀၁၈
No comments:
Post a Comment