May 31, 2018

အနီးကဝေး

အနီးကဝေး (မစန္ဒာ)
@@@@@@@@@@@@@

ခမော်ပြည်သည် ကမ္ဘာ၏ အရှေ့တောင်ခြမ်းတွင် ပါဝင်သော ပြည်ငယ်ကလေး တစ်ခု ဖြစ်သည်။ ဆန်ရေစပါး၊ ကျောက်သံ ပတ္တမြား ကြွယ်ဝသော နိုင်ငံ ဖြစ်သော်လည်း နိုင်ငံခြားသားများ၏ လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းကို နှစ်ပေါင်း များစွာ ခံခဲ့ရရှာလေသည်။

ခမော်ပြည်သားများသည် ရိုးသားပြီး အလွန် ရောင့်ရဲလွယ်ကြသည်။ နံနက်စာရှိလျှင် ညနေစာအတွက် ဘယ်သော အခါမျှ တွေးပူခြင်း မရှိကြချေ။ စွမ်းစွမ်းတမန် စီးပွားရှာရန်လည်း စိတ်မဝင်စား၊ ရှေ့တန်းသို့ အလုအယက် တက်နေကြသော ကမ္ဘာသားများ အလယ်တွင် ခမော်ပြည်သားများသည် ထမင်းကြမ်းခဲ ကိုက်ရင်း အေးအေးဆေးဆေး နေထိုင်ကြ လေသည်။

"ကျုပ်တို့ ခမော်ပြည်ကြီးရဲ့ လူဦးရေ ရှစ်ဆယ့်ငါး ရာနှုန်းဟာ တောနေ လူတန်းစားတွေဗျ။ တောနေ တောင်သူ လယ်သမား လူတန်းစားတွေ မတိုးတက် မဖွံ့ဖြိုးသမျှ ကာလပတ်လုံး ကျုပ်တို့ တိုင်းပြည်ဟာလည်း တိုးတက်နိုင်မှာ မဟုတ်ဘူး"
"ဟုတ်တယ်ဗျ"
"ကျုပ်တို့လို ပညာတတ် လူတန်းစားတွေ အနေနဲ့ သူတို့တစ်တွေရဲ့ ဘဝထဲကို တိုးဝင်ရမယ်၊ လေ့လာရမယ်၊ နောက်ပြီး ဘဝမြှင့်တင်ရေး လုပ်ပေးရမယ်"
"ဟုတ်တယ်၊ ဒါဟာ ကျုပ်တို့ တာဝန်ပဲ"

ဦးမောင်မောင်ထူးသည် ဦးဆန်းကြယ် ပြောသမျှကို လှိုက်လှိုက်လှဲလှဲ ထောက်ခံနေသည်။ သူတို့နှစ်ဦးသည် ခမော်ပြည်တွင် မွေးပြီး ခမော်ပြည်တွင်ပင် ကြီးကြသော ခမော်ပြည်သားစစ်စစ် ဖြစ်ကြသည်။ တိုးတက်သော ကမ္ဘာ့နိုင်ငံများသို့ သွားရောက် ပညာသင်ပြီး ဆေးသိပ္ပံ ပညာရှင်ဘွဲ့နှင့် စက်မှု ပညာရှင်ဘွဲ့တို့ကို အသီးသီး ဆွတ်ခူးခဲ့ကြသည်။

"တကယ့် တကယ်တော့ ကျွန်တော်တို့ဟာ တောနေ လူတန်းစားတွေနဲ့ အထိအတွေ့ မရှိခဲ့ဘူး။ သူတို့ ဘဝကို သိအောင် လက်တွေ့ ဆင်းပြီး သုတေသန လုပ်မှ ဖြစ်မယ်။ ကျွန်တော်တော့ ရှေ့အပတ်ထဲမှာပဲ ကျေးရွာတွေကို ကွင်းဆင်း လေ့လာတော့မယ်။ သူတို့ရဲ့ လူနေမှု အဆင့်အတန်း၊ စိတ်နေ သဘောထား၊ ဘဝအခက်အခဲတွေ အစစကို လေ့လာပြီးမှ ဘယ်ပုံ ဘယ်နည်း အကူအညီ ပေးနိုင်မယ် ဆိုတဲ့ အဖြေ ထွက်လာမှာပေါ့"

ဦးမောင်မောင်ထူးသည် လိမ္မော်ရည်ခွက်ထဲတွင် ချာလည်လှည့်နေသော ရေခဲတုံးကလေးများကို ငေးကြည့်ရင်း လေးလေးနက်နက် စဉ်းစားနေမိ လေသည်။ ဦးဆန်းကြယ် ပြောသမျှ စကားတို့သည် သူ့နားထဲသို့ တိုက်ရိုက် ဝင်ပြီး ဦးနှောက်ထဲသို့ စိမ့်သွားကြသည်။ ဦးဆန်းကြယ် ပြန်သွားသည် အထိ နေရာမှ မရွေ့ရှားမိသေးချေ။

သူ၏ မျိုးရိုး အစဉ်အဆက်သည် မင်းပေါက် စိုးပေါက် အလွန် ချမ်းသာ ကြွယ်ဝခဲ့သဖြင့် ဦးမောင်မောင်ထူး ခမျာ ထမင်းဟူသည်မှာ ထမင်းချက် ဒေါ်အေးတင် ဖန်တီးခြင်း ဖြစ်သည်ဟုပင် ငယ်စဉ်က အမှတ်မှားခဲ့ ရှာသည်။

ခေတ်မီ ဆေးရုံကြီးတွင် မွေးဖွားသန့်စင်ခဲ့ သည်မို့ ရွှေလင်ပန်းနှင့် အချင်း မဆေးခဲ့ရချေ။ သို့သော်လည်း အသက် ငါးနှစ်ရွယ် ရောက်ခါမှ ကတ္တီပါဖိနပ် စီးပြီး မဟာပထဝီမြေကြီးကို ခြေနှင့် ဖွဖွလေး နင်းဖူးလေသည်။ သူ့ခြေထောက် နုနုများသည် ခမော်ပြည်ကြီး၏ ရွာလမ်းဖုံဖုံများကို လည်းကောင်း၊ လယ်ကန်သင်းရိုးကို လည်းကောင်း၊ မြေပပ်ကြားအက်များကို လည်းကောင်း တစ်ခါမျှ မနင်းဖူးသေးချေ။

ဦးမောင်မောင်ထူးသည် ခမော်မြေနှင့် အကျွမ်းမဝင်လှ သော်လည်း ခမော်ပြည်ကိုမူ ချစ်လေသည်။ သူတတ်သော ပညာနှင့် သူ့တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်ရာတွင် နှောင့်နှေး မနေသင့်။ တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက် အချိန်တိုင်းသည် တန်ဖိုးရှိလှသည်။ သူ့ရင်သည် တဒိုင်းဒိုင်း ခုန်လာပြီး ထိုင်ရာမှ ဖြုန်းခနဲ ထရပ်လိုက်သည်။

"ဟေး မောင်တင်ရေ၊ ပစ္စည်းတွေ ထည့်ကွာ၊ ဦးဆန်းကြယ်နဲ့ အတူ လိုက်ပြီး ကျေးရွာတွေကို လေ့လာရမယ်။ ငါတို့ လုပ်စရာတွေ အများကြီး ကျန်သေးတယ်"

* * *

ဦးဆန်းကြယ်သည် မော်တော်ဦးတွင် ထိုင်ရင်း နှာခေါင်းကို ရှုံ့ပွ ရှုံ့ပွ လုပ်နေလေသည်။ တညင်းညင်း သွဲ့နေသော လေပြည်အေးသည် အငြိမ်မနေဘဲ ပုပ်အက်အက် အနံ့ကို သယ်ဆောင်လာသည်။

"ဗျိုး ဘကြီးတော ဘာနံ့လဲဗျ ... ဆိုးလိုက်တာ လွန်ရော"
"ဂုန်လျှော်ပုပ်နံ့လေ ဆရာကလေးရဲ့၊ ဂုန်လျှော်တွေ ရင့်ရင် ခုတ်ပြီး ရေထဲမှာ စိမ်ထားရတယ်။ နူးတော့မှ အပေါ်က အခေါက်ကို ခွာရတာပေါ့၊ ခုရတဲ့ အနံ့က ဂုန်လျှော်ကို ရေစိမ်လို့ ထွက်လာတဲ့ အနံ့။ ကျုပ်တို့တော့ ရှူနေကျလို့ နံမှန်းတောင် မသိတော့ပါဘူး"

ဦးဆန်းကြယ်သည် ဘကြီးတော၏ ပုဆိုးစုတ် ပေါင်းထားသော ဦးခေါင်းမှ အသားမာတက်ပြီး ကြမ်းနေသော ခြေဖဝါးထိ စုန်ကာ ဆန်ကာ ကြည့်ရင်း စိတ်မကောင်းနိုင်အောင် ဖြစ်သွားသည်။

ချောင်းရေယဉ်သည် ရွှံ့နစ်များကို တိုက်စား စီးဆင်းနေသဖြင့် နောက်ကျိ နေသည်။ အဆုတ်နာ ရောဂါသည်ကြီး ချောင်းဆိုးသကဲ့သို့ ရှေ့တစ်လှမ်းတိုး- နောက်နှစ်လှမ်းဆုတ်နှင့် ဖုတ်ချက် ဖုတ်ချက် သွားနေသော မော်တော်ကလေးသည် ချောင်းအလယ်တွင် ဝင့်ထည်လှသည်။ ခရမ်းရင့်ရောင် ဗေဒါပွင့်များကမူ ချာလည်လှည့်ပြီး ကနေဟန် ရှိသည်။ ဗေဒါပင်များနှင့်အတူ အခေါက်နွှာပြီး ဂုန်လျှော်ရိုး ဖြူဖြူများက ငြိတွယ် မျောပါလာသည်။

"ဂုန်လျှော် ခွာတာကိုတော့ ကြည့်ချင်တယ်ဗျာ"
"စိတ်ချဗျား၊ ခွာချင်ရင်လည်း ဝင်ခွာလို့ ရမှာပါဗျာ"
"ခွာမယ် ဘကြီးတောရေ၊ ကျွန်တော်တို့က လေ့လာတယ်ဆို တကယ့်ကို လေ့လာမှာ"

ဦးဆန်းကြယ်နှင့် ဦးမောင်မောင်ထူးတို့သည် စိတ်အားထက်သန်စွာ သံပြိုင် ပြောလိုက်ကြသည်။

သို့သော် ... ဂုန်လျှော်များကို တကယ်တမ်း ခွာရသော အခါတွင်ကား သူ့တို့ခမျာ အတော်ပင် စိတ်ညစ်ကြရ ရှာသည်။

ရေထဲတွင် တစ်ပတ်ခန့် ကြာအောင်စိမ်ပြီး တုံးနှင့် ဖိထားသော ဂုန်လျှော်ပင်များမှ ပုပ်အက်အက် အနံ့က စူးရှလှသည်။ အနံ့စူးသည်က အရေး မကြီး၊ လူတစ်ရပ် သာသာခန့် မြင့်သော ဂုန်လျှော်ပင် တစ်ပင်လုံး ကျိကျိချွဲချွဲ ဖြစ်နေ၍ အရင်းမှ ကိုင်ရနိုး၊ အဖျားက ကိုင်ရနိုးနှင့် မထိတထိ စမ်းနေမိသည်။

ဘကြီးတောက သူ့သွား မည်းမည်းများကို ပေါ်အောင် ပြုံးသောအခါတွင်ကား မခံချင်စိတ် ဟုန်းခနဲ ကြွတက်လာပြီး ဂုန်လျှော်ပင် ချွဲချွဲကို မိမိရရ ကိုင်တော့သည်။ ကျွမ်းကျင်ရာ လိမ္မာဟု ဆိုစကား ရှိသည်။ ဂုန်လျှော်ခွာ မကျွမ်းကျင်သော သုတေသီ နှစ်ဦးခမျာမှာလည်း အလိမ္မာ မကြီးနိုင်ကြချေ။

ဂုန်လျှော်မျှင်များ အချင်းချင်း ရှုပ်ထွေးကုန်ပြီး အစရှာမရအောင် ဖြစ်သွားတတ်ကြသည်။ ဂုန်လျှော်မျှင်များကို တကုန်းကုန်း ရှင်းနေစဉ် ရေထဲတွင် စိမ်ထားရသော ဦးဆန်းကြယ်၏ ခြေသလုံးသား ဝင်းဝင်းမှ အိုအမျိုးအစား သွေးတို့ကို မျှော့နက်မည်းများက မြိန်ရေရှက်ရေ သောက်သုံးကြ လေသည်။ ခြေသလုံး နာသလိုလို ရှိ၍ ကြည့်မိသော တစ်ခဏ၌ပင် ဦးဆန်းကြယ်သည် အသံကုန် ဟစ်၍ အော်မိလေသည်။

"အောင်မလေး ဘာကောင်ကြီးလဲ၊ လုပ်ပါဦး လုပ်ပါဦး"

သူ့အသံကို မိုးပေါ်မှ သိကြားမင်း ကြားသွားဟန် ရှိသည်။ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ တင်းသွားရော့သလား မသိ။ ဝိသကြုံ နတ်သားကို ဘကြီးတော ဟန်ဆောင်စေပြီး ဦးဆန်းကြယ်၏ ခြေသလုံးမှ မျှော့ကြီး နှစ်ကောင်ကို ဖြုတ်ချခိုင်းလိုက်သည်။

"ဟား ဟား ဟား တောနဲ့ မျှော့ဆိုတာ ခွဲလို့မရဘူး ဆရာလေးတို့ရဲ့၊ လာ လာ၊ ဆရာလေးတို့လည်း အတော် ပင်ပန်းနေပြီ ထမင်းစား ပြန်ကြစို့"

ဦးမောင်မောင်ထူးတို့၏ လက်တွင် ဂုန်လျှော်ပုပ်နံ့က ဆေးမရ၊ ပြုမရနှင့် အတော် ကြာအောင် စွဲနေသေးသည်။ ဘကြီးတောကမူ သူ့လက်တွင် စွဲနေသော အနံ့ကို သတိပင် ထားဟန်မတူ ရေကလေး တစ်ချက်နှစ်ချက် ပက်ဆေး ပြီး ထမင်းဝိုင်း ဝင်တော့သည်။

လယ်ငါးချက်နှင့် ငါးပိရည်သည် ဦးမောင်မောင်ထူးတို့အား ထမင်းမြိန်စေ ပါသည်။ ခမော်ပြည်ကို ချစ်သူများမို့ တိုင်းတစ်ပါးမှ အသားညှပ် ပေါင်မုန့်နှင့် ကြက်သားကြော်များကို မြင်ယောင် မနေကြပေ။ ထမင်းမာမာကို ငါးပိရည် ရွှဲရွှဲဆမ်းပြီး လယ်ပဒူရွက်မြှုပ် တို့နိုင်ကြသည်။ သို့သော်လည်း ထမင်းဝိုင်းဘေးတွင် ထိုင်ပြီး တအီအီ အသံပေးနေသော ကျားဘိုက ဝဲခြောက်ကို တဖျင်းဖျင်း ကုတ်သော အခါတွင်ကား သူတို့ ထမင်းစား မဝင်နိုင်အောင် ရှိတော့သည်။

ဘကြီးတောတို့ တစ်တွေသည် နေလည်း နေနိုင်ကြသည်။ နွားနှင့်လည်း အတူနေနိုင်သည်။ ဝက်နှင့်လည်း အတူထိုင်နိုင်သည်။ ကြက်နှင့်လည်း အတူအိပ်နိုင်ကြ လေသည်။ ဝါးကြမ်း ကြဲကြဲခင်း ဓနိမိုး ကြဲကြဲမိုးထားသော အိမ်ကျဉ်းကျဉ်းလေးတွင် အကောင်ဗလောင်များ စုံပြီး တိရစ္ဆာန်အနံ့ စွဲနေသည်။ ဘကြီးတော၏ မိန်းမက အိမ်ရှေ့တွင် ထွက်ပြီး ဆန်ဖွပ်နေချိန်ဝယ် ကြက်များက မီးဖိုချောင်မှ ထမင်းအိုးကို ဖွင့်ပြီး တဇတ်ဇတ် စားနေတတ်လေသည်။

"ညောင်းကိုက်နေတာပဲဗျာ"
"ကျွန်တော်တော့ ငရုတ်သီးစားလို့ ထင်ပါရဲ့ ဗိုက်နာတယ်"
"အိမ်သာ မတွေ့ဘူး၊ မော်တော်ပေါ် သွားမလား"

ဦးဆန်းကြယ်က ခပ်တိုးတိုး မေးသည်။ ဦးမောင်မောင်ထူးသည် ခေါင်းခါလိုက်ရင်း အသာ မှောက်အိပ်လိုက်သည်။ အိပ်ချင်စိတ်သည် ဗိုက်အနာကို လွှမ်းမိုးသွားသည်။

ကျေးရွာများတွင် အိမ်သာဒုက္ခ မရှိ။ အိမ်သာတွင်း ပြည့်လျှင် ကားခေါ်ပြီး စုတ်ထုတ်ရသော ဝဋ်ဒုက္ခမှလည်း လွတ်ကင်းသည်။ တသွင်သွင် စီးဆင်းနေသော မြစ်ရေယဉ်ထဲသို့ တဖြုန်းဖြုန်း တဖြင်းဖြင်းနှင့် ပလုံ ပလုံဟု မြည်ကာ အညစ်အကြေးများ ကျဆင်းသွားသော အသံသည် နားထောင်၍ပင် ကောင်းသေးသည်။ မြစ်ကမ်းဘေးရှိ ရွာတိုင်းရွာတိုင်းသည် "ပလုံ လေ့ကျင့်ခန်း" လုပ်ကြကုန်သဖြင့် အနံ့အသက် နံစော်ခြင်းမရှိ၊ သန့်ရှင်းပါဘိ။

သို့သော် ... သို့သော် ... တစ်ဖက်အိမ်မှ "ပလုံလေ့ကျင့်ခန်း" ယူနေစဉ်၊ ကျန်အိမ်က အိမ်ပေါ်မှ ရေပုံးချပြီး မြစ်ရေကို ခပ်ကာ သောက်ရေအိုး ထည့်နေသည်ကို တွေ့ရသော အခါ ဦးမောင်မောင်ထူး၏ ပြူးသော မျက်လုံးသည် ပို၍ ပြူးသွားပြီး ကြီးသော ခေါင်းသည်လည်း ပို၍ ကြီးသွားသယောင် ရှိသည်။

ပလုံ အရေအတွက် မည်မျှသည် သူတို့၏ ထမင်းအိုး၊ ရေအိုးနှင့် ချဉ်ရည်၊ ဟင်းချိုတို့အထဲတွင် ပါလေမည်နည်းဟု သိပ္ပံနည်းကျကျ အချိုးကျ တွက်ချက်မိသော အခါ ချွေးပင် တဖြိုင်ဖြိုင် ကျလာလေသည်။

"လုပ်စရာတွေ တို့လုပ်စရာတွေ အများကြီး ကျန်သေးတယ်"

အိပ်ပျော်နေသော ဦးမောင်မောင်ထူးသည် အံသွားကို ကြိတ်ရင်း ယောင်ရမ်းနေလေသည်။

* * *

လှည်းကြမ်းကြီး တစ်စင်းသည် တအိအိ မြည်ရင်း မလှုပ်တစ်လှုပ် ရွေ့လျားနေသည်။ လှည်းနောက်မှ လိပ်၍ လိပ်၍ တက်လာသော ဖုံလုံးများသည် လှည်းပေါ်ရှိ လူများကို မညှာမတာ ဖုံးအုပ်ပစ်လေ့ ရှိသည်။

"ဖုန်ဟာ လူတွေရဲ့ အဆိုးဆုံး ရန်သူပဲ။ အဲဒီ ဖုန်တွေထဲမှာ ဗိုင်းရပ်(စ်)လို့ ခေါ်တဲ့ ပိုးတစ်မျိုး ပါတယ်။ ဖုန်တွေ မျက်စိထဲ ဝင်ပါများရင် မျက်ခမ်းစပ်ရောဂါ ဖြစ်တာပေါ့"

ဦးဆန်းကြယ်သည် တလိပ်လိပ် ထနေသော ဖုန်လုံးများကို ကြည့်ရင်း ကာကွယ်ရန် နည်းလမ်း ရှာနေမိသည်။ နှာခေါင်းနှင့်ပါးစပ်ကို အုပ်၍ စည်းထားသော လက်ကိုင်ပဝါကိုပင် အံတုပြီး ဇွတ်အတင်း ဖြတ်ကျော်လာသော ဖုန်မှုန့်များပါ ပါးစပ်ထဲ ဝင်မည် စိုးသဖြင့် အံသွားကို စေ့ထားရသည်။

"ဒီမှာ အဘ၊ အဘတို့ရွာမှာ တစ်နှစ်ရဲ့ အပူဆုံး ဒီဂရီ ဘယ်လောက် ရှိလဲဟင်"
"ဘာရယ်ဗျ"
"ဪ ဘယ်လောက်ပူလဲလို့"
"ယော် အာဏာကုန် ပူတာပ"
"ဟောဗျာ အအေးဆုံးကရော"
"အဲ မမယ်မ သူ့သမီး ဘုတ်စုကို မွေးတုန်းက ဆောင်းဝင်စ ထင်ပါရဲ့၊ အုန်းဆီတွေ ခဲသွားလိုက်တာ တစ်လကိုးသီတင်း မပျော်တော့ဘူး၊ ဆရာကလေးရဲ့"
"ဟင်"

ဦးမောင်မောင်ထူးသည် သက်ပြင်းကို ဟင်းခနဲ ချလိုက်သည်။ သူ့မှတ်စု စာအုပ်ထဲတွင် ခမော်ပြည် အထက်ပိုင်း မန္ဓာရ ရွှေမြို့တော်မှ မိုင်လေးဆယ် အကွာ လှိုင်သာမြစ်ကမ်းဘေးတွင် ရှိသော "တောင်ပြာ" ရွာကလေးသည် အာဏာကုန် ပူ၍ အုန်းဆီခဲအောင် အေးသည်ဟု ရေးမှတ်ထားလိုက် ရသည်။

"ခမော်ပြည် ရာသီဥတုရဲ့ အပူဒဏ်၊ အအေးဒဏ်ကို အသေအချာ ကာကွယ်နိုင်လောက်အောင် သူတို့ရဲ့ အိမ်တွေဟာ မလုံခြုံဘူး။ ကိုးဆယ့်ရှစ် ရာနှုန်းဟာ ဝါး၊ သက်ငယ်၊ ဓနိ၊ ထန်းလက်တွေ ကိုသာ သုံးပြီး ဆောက်ထားတယ်"
"အိမ်တွေမှာ ပြတင်းပေါက်ကနေ လေဝင် လေထွက်က ညံ့နေတယ်။ ကြက်၊ ဝက်တွေ မွေးပြန်တော့ အနံ့အသက် မကောင်းပြန်ဘူး၊ ကျန်းမာရေး အတွက်တော့ အန္တရာယ်ပဲဗျ"
"အဲ အိမ်သာကလည်း အဓိက ပြဿနာ ခင်ဗျ"

ဦးမောင်မောင်ထူးသည် ဆွေးနွေးပြောဆိုရင်းမှ ပလုံ ပလုံ ဟူသော ဂီတသံစဉ်ကို ကြားယောင်လာသည်။ ကြက်သီးမွေးညင်း ထလာပြီးလျှင် နွားနီကို ကြိမ်တို့ရန်သာ စိတ်စောနေသည့် အဘဖက်သို့ လှည့်ရင်း အရေးတကြီး မေးလိုက်သည်။
"အဘ အဘတို့ရွာမှာကော အိမ်သာရှိရဲ့လား၊ အိမ်သာ သန့်သန့်ပြန့်ပြန့် ရှိဖို့ကလည်း ကျန်းမာရေး အတွက် အင်မတန် အရေးကြီးတယ်နော်"
"ယော် ကျုပ်တို့ရွာက သူများ တွေလို ငှက်ပျောတောထဲမှာ ကိစ္စပြီးတာ မဟုတ်ပေါင်ဗျာ၊ ရွာပြင်မှာ အိမ်သာကြီးမှ ဟိန်းလို့၊ တစ်နေကုန် ထိုင်နေချင်ရင်တောင် နေလို့ရပေါ့"

ကြွားကြွားဝင့်ဝင့်ကြီး ဖြေလိုက်သော အသံကြောင့် ဦးမောင်မောင်ထူး ခမျာ အတော်ကြီး အသက်ရှူချောင်သွားလေသည်။ သို့သော် သို့သော် နောက်တစ်နေ့ နံနက်တွင် ရွာပြင်ကွင်းစပ်မှ ဟိန်းနေသော ထိုအိမ်သာကြီးသည် ဦးမောင်မောင်ထူးအား ကောင်းကောင်းကြီး ဒုက္ခပေးလေသည်။

ကြီးမားခိုင်ခံ့သော အိမ်သာကြီးကို မြေပြင်မှ ခြောက်ပေခန့်မြှင့်ပြီး ဆောက်ထားသည်။ တက်စရာ လှေကားကလည်း ပြောင်ချောနေသော ထန်းလုံးကြီးကို ခြောက်ဆယ်ဒီဂရီခန့် စောင်းပြီး ထောင်ထားခြင်း ဖြစ်သည်မို့ ဘလောင်ဆူနေသော ဝမ်းဗိုက်ကို ဖိနှိပ်ရင်း အိမ်သာကို လက်ယာရစ် လက်ဝဲရစ် အခါခါ ရစ်ပတ်နေလေသည်။ နဖူးတွင် အစက်စက် သီးနေသော ချွေးများ ပေါက်ခနဲ ပေါက်ခနဲ စင်ကျသွားသော အခါတွင်ကား ထန်းလုံးကြီးကို ဖက်တွယ်ကာ ကမန်းကတန်း တက်ရရှာသည်။ အပေါ်ရောက်လျှင် ချွေးကိုမျှ မသုတ်အားဘဲ ဆန္ဒပြ သောင်းကျန်းလှပြီ ဖြစ်သော ဝမ်းဗိုက်ကို ဖိနှိပ်ရင်း ကမန်းကတန်း ကိုင်ကာ တံခါး ဆွဲပိတ်လိုက်သည်။

"ဟိုက် မောင်တင်ရေ တံခါးမရှိဘူးဟ"

မောင်တင်သည် ခြောက်ပေခန့်မြင့်သော အိမ်သာထဲဝယ် ကုန်းကုန်း ကွကွကြီး စံပယ်နေသော ဆရာသမားကို ကြည့်ရင်း ငိုရမလို ရယ်ရမလိုနှင့် အကြပ်ရိုက်သွားရှာသည်။

"ပြန်ဆင်းမလား ဆရာ၊ ဒီနဘူးခြုံကွယ်ကမှ ကောင်းဦးမယ်"
"မအောင့်နိုင်တော့ဘူးကွ ဟဲ့ ဟဲ့ အို"

ဘယ်ချောင် ဘယ်ကြားက ထွက်လာသည် မသိရသော ဝက်တစ်အုပ်သည် အိမ်သာအောက်သို့ ဒလကြမ်းကြီး ပြေးလာနေကြသည်။ ထိုအခါမှ အိမ်သာအောက်တွင် တွင်းမတူးဘဲ သန့်နေပုံကို ရိပ်မိတော့သည်။

"ဟေး မောင်တင်"
"ခင်ဗျား ဆရာ"
"လူမြင်ရင် ရှက်စရာကြီး၊ အသံပေးထားကွ"

ဦးမောင်မောင်ထူး၏ မျက်နှာသည် ခရမ်းချဉ်သီးမှည့်ကဲ့သို့ နီရဲနေလေသည်။ ဆီးကင်းခန့် ရှိသော ချွေးပေါက်ကြီးများ ကလည်း နဖူးတွင် အစီအရီ သီးနေသည်။

အမှန်စင်စစ် အသံပေးရန် မလိုပါချေ။ ခြောက်ပေခန့် အမြင့်တွင် ငုတ်တုတ်ကြီး ဈာန်ပျံကာ ဝက်များအား အလှူမင်္ဂလာ ပေးနေသော ဦးမောင်မောင်ထူးအား အဝေးကပင် မြင်နိုင်ပါသည်။

* * *

"ကျုပ်တို့ရဲ့ ပထမပိုင်း အလုပ်ကတော့ ပြီးသွားပြီဗျ၊ ဒုတိယပိုင်းအနေနဲ့ ဘယ်ပုံဘယ်နည်း ဘဝမြှင့်တင်ရေး လုပ်ပေးမယ် ဆိုတာကိုပဲ စဉ်းစားဖို့ လိုတော့တယ်"

ဦးဆန်းကြယ်သည် လေ့လာမှတ်သားခဲ့သမျှ စာရွက်စာတန်းများကို လှန်လှောကြည့်ရင်း ပြောလေသည်။ လေ့လာရေး ခရီးမှ ပြန်လာသော ပညာရှင်နှစ်ဦးသည် ပိန်ပြီး မည်းလာကြသည်။ မိမိရုပ်ကိုပင် မိမိပြန်ပြီး မမှတ်မိနိုင်အောင် ရှိတော့သည်။

"စား, ဝတ်, နေ, ရေး အဖက်ဖက်က မြှင့်တင်ပေးရမယ်"
"လက်နဲ့ လုပ်နေသမျှ အလုပ်တွေကို စက်နဲ့ အစားထိုးရမယ်"
"တောနေ လူတန်းစားတွေရဲ့ ဘဝဟာ တစ်ဟုန်ထိုးကို တိုးတက် လာစေရမယ်"

ပညာရှင်နှစ်ဦးသည် အချိန်ကို အနည်းငယ်မျှ မဆိုင်းဘဲ လုပ်ငန်းခွင် ဝင်ကြလေသည်။ ဦးဆန်းကြယ်သည် တွက်လိုက်၊ ချက်လိုက်၊ ရေးဆွဲလိုက်နှင့် အလုပ်ရှုပ်နေသလို ဦးမောင်မောင်ထူးသည်လည်း သူ့ဓာတ်ခွဲခန်းထဲတွင် ကျဉ်းသော၊ ကျယ်သော၊ ဝိုင်းသော၊ ရှည်သော၊ ပုသော ဖန်ပုလင်းမျိုးစုံနှင့် မအားနိုင်အောင် ရှိတော့သည်။

တစ်နံနက်ခင်း ဦးမောင်မောင်ထူး အိပ်ရာမှ မနိုးမီ ဦးဆန်းကြယ်သည် မောကြီးပန်းကြီး ရောက်လာလေသည်။ ဦးမောင်မောင်ထူးကို အိပ်ရာမှ ဆွဲထူပြီး "ကျွန်တော့်အိမ်တော့ အောင်မြင်ပြီဗျ- အောင်မြင်သွားပြီ၊ ကျွန်တော့် အိမ်ကလေးကို အသေမဆောက်ဘဲ အစတစ်ခုစီ ဖြုတ်လို့ ရအောင် လုပ်ထားတယ်"ဟု ဝမ်းသာအားရ ပြောလေသည်။

"တစ်စစီကို ခဏလေးနဲ့ ဖြုတ်- ခဏလေးနဲ့ ပြန်ပြီး တပ်နိုင်တယ်ဗျ၊ လယ်လုပ်ချိန်ကျရင် ဖြုတ်ပြီး လယ်ထဲမှာပဲ ဆောက်ထားလိုက်၊ အဲဒီမှာတင် ချက်ပြုတ် စားသောက်နိုင်တော့ ထမင်းပို့ရတဲ့ အချိန်နည်းပြီး လုပ်အားနာရီလည်း တက်လာတယ်၊ ကျွန်တော့်အိမ်လေးဟာ ဘယ်လောက်ပေါ့ပါးလဲ ဆိုရင် ထင်းခွေခွေ ရေခပ်ခပ် ချိုင်းကြားမှာတောင် ခေါက်သိမ်းသွားလို့ ရစေ ရမယ်။ နောက်ဆုံးပေါ်သတ္တုတစ်မျိုးနဲ့ လုပ်ပြီး "ဆန်းကြယ်အိမ်" လို့ အမည် ပေးလိုက်ပြီ"
"တယ်ဟုတ်ပါလား"
"တထောင်းထောင်း ထနေတဲ့ ဖုန်တွေကို စုတ်ဖို့ ဖုန်စုတ်စက်၊ ဂုန်လျှော်ခွာဖို့ လျှော်ခွာစက်၊ စပါးရိတ်ပြီးတာနဲ့ တစ်ချက်တည်း တစ်ဖက်က ဆန်တွေ ကျလာတဲ့ စက်တွေလည်း တီထွင်ရဦးမယ်"

ဦးဆန်းကြယ်သည် အသက်ကိုပင် မရှူအားဘဲ စိတ်အားထက်သန်စွာ ပြောလေသည်။ ဦးမောင်မောင်ထူး ခမျာလည်း အားရဝမ်းသာနှင့် ဦးဆန်းကြယ်ကို အငေးသား ကြည့်နေသည်။ စိတ်ဝင်စားလွန်းသဖြင့် ဦးဆန်းကြယ် ပြုံးလျှင် ပြုံးချင်၊ မဲ့လျှင် မဲ့ချင် ဖြစ်နေ၏။

သုံးလေးရက်ခန့် ကြာသောအခါ စက်များနှင့် တဂျုံးဂျုံး တဂျိုင်းဂျိုင်း အလုပ်ရှုပ်နေသော ဦးဆန်းကြယ်ဆီသို့ ဦးမောင်မောင်ထူး အမောတကော ရောက်လာလေသည်။

"ဟား ဟား ဦးဆန်းကြယ်ရေ၊ ခင်ဗျားအိမ်မှာ မီးဖိုချောင်နဲ့ အိမ်သာတောင် မလိုတော့ဘူး သိရဲ့လား"
"အလို ဘာဖြစ်လို့ပါလိမ့်"
"သူတို့တွေ စားဖို့အတွက် ရသာခဲတစ်မျိုး တီထွင်နိုင်ပြီလေ၊ အာဟာရစစ်စစ် အခဲကလေးပေါ့၊ အစာအိမ်ရဲ့ အလုပ်က ဝင်လာသမျှ အစာတွေ ကို ကြေညက်အောင်ချက်၊ အဟာရဓာတ်တွေကို ခန္ဓာကိုယ်ထဲပို့၊ အသုံးမကျတာတွေကို အစာဟောင်းအဖြစ် ပြန်ထုတ်၊ ဟုတ်စ ဒီတော့ အာဟာရ သက်သက်ကို လိုသလောက်ပဲ စားပေးရင် အစာဟောင်းထုတ်ဖို့ မလိုတော့ဘူး မဟုတ်လား"
"ဒါပေါ့"
"ဒီတော့ ကျွန်တော် တီထွင်မယ့် အာဟာရခဲကလေး တစ်ခဲကို စားထားရင် ဆယ်ရက်စာ လုံလောက်ရမယ်ဗျာ၊ ဝယ်ရချမ်းရ ချက်ပြုတ်ရတဲ့ ဒုက္ခတွေလည်း လုံးဝငြိမ်းပြီး ယောက်ျားရော မိန်းမပါ လုပ်အားနှစ်ဆ တိုးလာနိုင်တယ်၊ မစင်ထဲက ရောဂါပိုးတွေကို သယ်ဆောင်မယ့် လေ၊ ရေ၊ ဖုန် ဆိုတာတွေ ကိုလည်း မှုစရာ မလိုတော့ဘူး။ ကျုပ်တို့ ခမော်ပြည်ကြီးက မြစ်ရေတွေဟာလည်း လုံးဝသန့်ရှင်း ဟား ပျော်စရာဗျာ၊ အဲဒီ အာဟာရခဲကို `ထူး အာဟာရခဲ´ လို့ အမည် ပေးရမယ်ဗျ"
"ဟုတ်လိုက်လေဗျာ"

ပညာရှင်နှစ်ဦးသည် စိတ်အား ထက်သန်လွန်းသဖြင့် တုန်တုန်လှုပ်လှုပ် ဖြစ်နေကြလေသည်။ သူတို့တတ်သော ပညာကို တိုင်းပြည်အတွက် ထူးထူးခြား ခြား အသုံးပြုနိုင်တော့မည် ဖြစ်သဖြင့် ဝမ်းသာလုံး ဆို့နေကြသည်။

သူတို့၏ လေ့လာရေး ခရီးအောင်မြင်မှုကို ဂုဏ်ယူမဆုံးနိုင်အောင် ရှိတော့သည်။ သူတို့လို တောင်သူလယ်သမား တောနေ လူတန်းစားတို့၏ ဘဝကို အနီးကပ် လေ့လာသူ ရှားလှချေသည်။ သူတို့နှစ်ဦးသည် တောရွာများ၏ သဘာဝ၊ ယဉ်ကျေးမှု၊ ရာသီဥတု၊ ကျန်းမာရေး၊ ပေါင်းသင်း ဆက်ဆံရေး၊ လုံခြုံရေး အစစအရာရာကို အသေးစိတ် လေ့လာခဲ့ကြသည်။

ဦးမောင်မောင်ထူးသည် ထမင်းမေ့ ဟင်းမေ့နှင့် ဓာတ်ခွဲခန်းထဲက မထွက်နိုင်သလို ဦးဆန်းကြယ်သည်လည်း သူ့အလုပ်ရုံထဲတွင် နေ့ရောညပါ မအိပ်မနေ အလုပ်ရှုပ်နေလေသည်။ တစ်ဦးနှင့်တစ်ဦး ဆုံစည်း ဆွေးနွေးရန်ပင် အချိန်မအားကြချေ။

သို့သော် သို့သော် သူတို့မေ့နေသော အချက်တစ်ချက် ရှိသည်ကို နှစ်ဦးလုံး သတိမထားမိကြချေ။ ငွေဆိုသည်မှာ မိဘက အမွေပေးသော ငွေအိုးထဲမှ ရခြင်း ဖြစ်သည်ဟု ထင်မှတ် မှားနေကြသည်။ တောင်သူ လယ်သမားများ၏ စီးပွားရေး အခြေအနေကို လေ့လာရကောင်းမှန်း မသိခဲ့ကြချေ။ သူတို့ကို မည်သူကမျှလည်း သတိမပေးခဲ့ကြ။

တောရွာမှ ဦးကြီးဖြိုးတို့၊ ဘကြီးတောတို့၊ အရီးမယ်စံတို့၊ သံချောင်းတို့၊ ဘုတ်ဆုံတို့သည် သူတို့တစ်တွေ၏ ဘဝကိုသာယာအောင် မြှင့်တင်ပေးမည်ဟု အသေအချာ ကတိပြုသွားသော ပညာရှင်နှစ်ဦးကို စောင့်မျှော်နေကြသည်။ အာဟာရခဲ၏ ငါးပုံ တစ်ပုံမျှ ရှိသော၊ မျှော့သတ်စက်၏ ဆယ်ပုံ တစ်ပုံမျှသာ ရှိသော၊ ဖုန်စုတ်စက်၏ ဆယ့်ငါးပုံ တစ်ပုံမျှသာ ရှိသော သူတို့ အိမ်ထောင်စု၏ တစ်နှစ်စာ ဝင်ငွေလေးကို ဆုပ်ကိုင်ရင်း စောင့်မျှော်နေကြသည်မှာ

တစ်နွေပြီး တစ်နွေ။
တစ်မိုးပြီး တစ်မိုး။
တစ်ဆောင်းပြီး တစ်ဆောင်း။

ထို့နောက် တစ်နှစ်ပြီး တစ်နှစ်။

----
မစန္ဒာ
နှစ် ၅၀ ပြည့် စက်မှုတက္ကသိုလ် မဂ္ဂဇင်း (၁၉၇၃-၇၄)၊ အမှတ် ၆။

credit to မြန်မာဝတ္ထုတိုများ

share by မွန်းလေးဖေဖေ

No comments:

Post a Comment