#တောင်ကျမြူတွေဆိုင်းခဲ့ပြီ
#ချောအိမာန်(မန္တလေး)
၁။
စိတ်ကတော့ အိမ်ကို အမြန်ပြန်ရောက်ချင်လှပြီ။ အားတင်းပြီးလာခဲ့ရတဲ့ လမ်းခရီးရဲ့ ဒဏ်၊ ကျန်းမာရေး အားနည်းနေတဲ့ ဒဏ်တို့ကို ခါးစည်းခံနေရပြီ။ အရင် ကိုယ်လုပ်ခဲ့တဲ့ ပျံကျအလုပ်နေရာလေးကိုတော့ စိတ်က ၀င်ကြည့်ချင်သေးတယ်။ ဘယ်သူတွေ ရှိသေးလဲ၊ ဘာတွေများ ပြောင်းလဲပြီး လုပ်ကိုင်စားသောက်နေပြီလဲလို့။ အိမ်ရောက်သွားရင် ပြန်ထွက်ဖို့ မလွယ်ကူ၊ ဝေးလွန်းတာမို့ ခြေလှမ်းတွေက ဘူတာထဲကို အလိုလိုရောက်သွားတယ်။အိုး အရင်လိုပဲ ပျံကျဈေးသည်တွေ ပေါများနေတုန်းပဲ။ မျက်နှာစိမ်းတွေ၊ လူငယ်တွေ ပိုပြီးများလာတယ်တောင် ထင်ရတယ်။ ညောင်ပင်ကြီးအောက်ကို အဝေးက လှမ်းကြည့်လိုက်တယ်။ ကွမ်းယာသည်နားမှာ အမျိုးသား သုံးလေးဦး ရှိတယ်။ လူစည်လို့ ရောင်းရပုံပေါ်တယ်။ အနီးနားရောက်တော့ အတူးက ကျွန်မကို မမြင်။ ကွမ်းယာတွေကို စနစ်တကျ ယာပေးနေတယ်။ လူရှင်းသွားပြီဆိုမှ
။ ကွမ်းနှစ်ယာလောက် အတူးက မိန်းမသံမို့ အလန့်တကြား မော့ကြည့်ရင်း - ဟယ် အစ်မ အစ်မ ပြန်လာပြီ ဟုတ်လား၊ ၀မ်းသာလိုက်တာ။ အစ်မက ကြာတယ်ဗျာ၊ ကျွန်တော်စိတ်ပူနေတာ
အေး ခုပြန်ရောက်ရောက်ချင်း ဘူတာရှေ့က ဖြတ်တော့ နင်တို့တွေကို သတိရတာနဲ့ ၀င်လာတာ။ အိမ်တောင် မရောက်သေးဘူး။ နင်အဆင်ပြေလား ကွမ်းရောင်းတာ”
ပြေပါတယ် အစ်မရယ် အစ်မရဲ့ ကွမ်းယာခုံက အကျိုးပေးတယ်။နာမည်ကို ကြည့်လိုက်ဦးလေ တစ်ကိုက် ကွမ်းယာတဲ့။ အစ်မဆီက အမွေရတဲ့ ခုံလေးကို မပျက်စီးအောင် ဆေးသုတ်ထားတာ။ ရောင်းကောင်းတယ်။ အလုပ်သမားကနေ ဟိုးလူကြီးထိ ကျွန်တော့်ကွမ်းယာကို စွဲနေကြတယ်
ကောင်းပါတယ် အတူးရယ်၊ နင်က ကွမ်းယာအကြောင်း နားလည်တယ်။ ငါ့တုန်းကကျ နားမလည်ဘူး။ ကိုယ်တိုင်ကလည်း မစားတတ်တော့ အရသာကို မသိဘူး။ ရေသန့်အအေးဘူး ရောင်းတဲ့သူတွေ ရှိသေးလား
ရှိတော့ ရှိတယ် ခုတော့ ကလေးတွေ များသွားပြီ။ မိဘတွေက ကျောင်းမှ မထားပေးနိုင်တော့ ပျံကျဈေးသည် လုပ်ခိုင်းပစ်လိုက်တာပဲ။ကောင်းတော့ မကောင်းဘူး အစ်မရေ ငယ်ငယ်ရွယ်ရွယ်နဲ့ အကျင့်စာရိတ္တတွေ ပျက်စီးကုန်တယ်။တစ်ယောက်က ပိုရောင်းရရင် တစ်ယောက်က မနာလို။ ရေသန့်ဘူးခွံ ပျောက်သွားလိုက်၊ သူများပစ္စည်း ခိုးလိုက်၊ ရန်ဖြစ်လိုက်၊ အုပ်စုဖွဲ့လိုက်နဲ့ ကလေးတွေ များလာတော့ ထိန်းမရပါဘူး။ ဒါနဲ့ သံသရာလည်နေတာ။ အရင်တုန်းက အစ်မတို့တုန်းကဆို ပါလာလည်း ဝေစားမျှစား၊ ပစ္စည်းလည်း အပ်လို့ရတယ်။ ခုတော့ ခဏခဏ ပျောက်တယ်။ စိတ်ညစ်စရာကြီး။ ဒါနဲ့ အစ်မ နည်းနည်း ပိန်သွားတယ်နော်
နေမကောင်း ဖြစ်လိုက်တယ်၊ ကောင်းခါစ ပြန်လာတာ။ ငါ့သားလေးကိုလည်း လွမ်းလှပြီ
မဖွေးအကြောင်းရော ဘာကြားခဲ့သေးလဲ အစ်မ
လူချင်းတော့ မတွေ့ရပေမဲ့ မဖွေးပြန်မလာတော့ဘူးလို့ ကြားတယ်
ဟုတ်လား၊ ဟိုမှာ အဆင်ပြေနေလို့လားဟင်
ဒီက သူ့ယောက်ျားက အရက်သမား အမြဲနှိပ်စက်ခံနေရတာ။သူငွေပါလာလည်း သူယောက်ျားက ဖြုန်းတယ်။ ဘာမှလုပ်တာ မဟုတ်ဘူး။ အဲဒီတော့ သူလည်း ထွက်ကတည်းက ဆုံးဖြတ်ချက်နဲ့ ထွက်သွားတာ နေမှာ။ ဟိုမှာက ဒီမှာထက် အဆင်ပြေလို့ နေမှာပေါ့”
သူ့သားလေးတစ်ယောက် ရှိတယ်နော် သနားစရာပဲ အဖေ အရက်သမားနဲ့တော့။ မဖွေးက ပိုက်ဆံပို့ချင် ပို့မှာပေါ့နော်
မသိပါဘူး အတူးရယ်။ ပွဲစားတွေ လာသလားအတူး
အလာကျဲသွားပြီ အစ်မ၊ ခုက အတူးတို့လို ဟိုမရောက် ဒီမရောက်ရယ်၊ ဆယ်နှစ်ကျော် ကလေးတွေရယ်၊ ဒါပဲ ရှိတော့တာလေ
အေး ဟုတ်သားပဲ။ စဉ်းစားကြည့်ရင် င့ါကိုယ်ငါ မုန်းတယ်။ လုပ်စရာအလုပ် မရှိတဲ့နေရာ မပြည့်စုံမှုတွေက သူများရဲ့ ကျွန် ဖြစ်စေတယ်။ ကျွန်မှ ရိုးရိုးကျွန် မဟုတ်ဘူး။ အရိုး၊အသား၊အသွေးတွေ အကုန်ပေးဆပ်ရတဲ့ ကျွန်။ ငါတို့လို အောက်ခြေအဆင့်တွေ လှေကားလေးတစ်ထစ် တက်နိုင်ရင် ကိုယ့်နိုင်ငံထဲကနေ ရင်ကွဲခံပြီး ဘယ်သူမှ သွားအလုပ်မလုပ်ဘူး
ဟုတ်ပ အစ်မရေ။ အစ်မကို ခုလို ပြန်ရောက်လာတာကို ၀မ်းသာလှပြီ။ ထမင်းစားသွားပါလား အတူးကျွေးချင်လို့
တော်ပြီ အတူးရေ စိတ်က အိမ်ကို ရောက်လှပြီ၊ တွေ့ချင်လို့ ၀င်လာတာ။ ထမင်းဆိုင်က ဒေါ်ထားကို ၀င်နှုတ်ဆက်ရင်း ပြန်မယ်။ ဗိုက်က မဆာဘူး
ဟုတ်ပြီ အစ်မရေ လာခဲ့ဦးနော်။ ယောက်ျားနဲ့ သား သိပြီလား အစ်မ ရောက်တာ
အကြောင်းမကြားဘူး
အံ့သြအောင် လုပ်မလို့ပေါ့လေ
ဟုတ်တယ် အတူးရေ သွားပြီ
တာ့တာ အစ်မ
##############
၂။
၃၅လမ်းအတိုင်း လမ်းလျှောက်ပြီး ဟိုင်းလက်လိုင်းကားတွေပေါ် တက်လိုက်တယ်။ ခရီးသည်က ချောင်သေးလို့ ကားက ရပ်ပြီး ခရီးသည်စောင့်နေရတယ်။ ပိုက်ဆံအိတ်ကို လုံလုံခြုံခြုံပိုက်ရင်း အိပ်ချင်နေမိတယ်။ အတွေးစတွေက ရုတ်တရက် ခေါင်းထဲ ၀င်လာတယ်။
ဘူတာထဲမှာ ပျံကျဈေးသည် ကုန်ထမ်း၊ ရေသန့် အချိုရည်ဘူး ရောင်းခဲ့တဲ့ ဘ၀။ နေ့စဉ် မနက်အစောကြီး ထ၊ လုပ်ငန်းခွင် စက်ရုံကြီးလို တရစပ်လည်ပတ်ရင်း အလုပ်သမား ဘ၀။ ကိုယ်လုပ်နေတဲ့ အလုပ်လေး အဆင်ပြေတော့ ကိုယ်လိုသူလို လိုက်အတုခိုး လုပ်လာကြတယ်။ အရင်က ရောင်းရတာထက် တစ်ဝက်လောက် ကျသွားတယ်။
စိတ်ထဲမှာ နီနီဆိုတဲ့နာမည်ကို နာကျင်လို့ အတူးကိုတောင် မမေး။ အတူးကလည်း မပြောပါ။ ကုန်တွေကို ၀င်လုထမ်းသလို ကျွန်မဖောက်သည်တွေကို နည်းအမျိုးမျိုးနဲ့ မြှူဆွယ်ဖြားယောင်းခဲ့တဲ့ နီနီ။ ကျွန်မထက် သုံးနှစ်လောက် ငယ်တယ်။ မျက်နှာမှာ မိတ်ကပ်အပြည့် ပြင်ဆင်ရင်း ကျွန်မနေရာကို လာလုလို့ စကားများကြတယ်။ နောက်ဆုံး ကွမ်းယာဆိုင်ဖွင့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မက အရင်းနှီး ထုတ်နိုင်ပြီး ကွမ်းယာဆိုင်ဖွင့်လိုက်တော့ ပိုပြီး မနာလို ဖြစ်သွားတယ်။နောက်ပိုင်း ယောက်ျားတကာ၊ အလုပ်သမား၊ ကူလီထမ်း၊ လက်မှတ်စစ်၊ ဂိတ်စောင့်တွေနဲ့ တစ်ယောက်မကျန် ပေးစားဆဲတော့တယ်။ ကျွန်မ ကွမ်းယာဆိုင်လေးမှာ လူစည်နေပြီဆိုရင် မကြားတကြား အော်ပြော၊ အဆဲလေးနဲ့ စကားပြောရမှ ကျေနပ်တဲ့ ငနီမကို သည်းခံရင်း ဒေါသတွေ ပေါက်ကွဲထွက်လာခဲ့တယ်။ ဘာမှ မပြောဘဲ နှုတ်ဆိတ်နေတာကို ပိုဆိုးပြတော့ ကျွန်မလည်း တစ်နေ့ ညောင်ပင်ကြီးအောက် စိန်ခေါ်ရင်း လုံးသတ်ကြတော့တာပဲ။ ဆံပင်ဆွဲ ပါးရိုက်တာ ဘယ်နှချက်မှန်းတောင် မသိဘူး။ ကျွန်မလည်ပင်းတွေလည်း အညိုအမည်း ကုတ်ခြစ်ရာတွေနဲ့ပေါ့။
ဆိုက်ကားသမား၊ အလုပ်သမားတွေ ၀ိုင်းဖျဉ်ကြရတယ်။ စိတ်က တိုလွန်းလို့ ပွဲပြီးသွားမှ လျော့ရိလျော့ရဲနဲ့ ဒူးအထက်ရှိတဲ့ ထဘီကို ပြင်ဝတ်ရတယ်။ ဒူးတွေလည်း ပွန်းလို့ ရှက်လည်း ရှက်မိတယ်။ တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး။ ကိုယ့်ဟာကိုယ် အေးအေးလူလူ လုပ်ကိုင်စားသောက်နေတာကို သူ့ရဲ့ မနာလိုခြင်းက ယမ်းပုံမီးကျ ဖြစ်သွားစေခဲ့တယ်။ ကျန်တဲ့ လူတွေနဲ့ အဆင်ပြေပေမဲ့ သူနဲ့ကတော့ ဘယ်လိုမှ မပြေ။ ကျွန်မဘက်က ပါသူတွေက များတာပေါ့။ နေ့စဉ် ဒီမျက်နှာ မြင်နေရတာကိုက စိတ်ပင်ပန်းလှပြီ။ မတွေ့ချင် မမြင်ချင်။ ကျန်တာလည်း လုပ်ကိုင်မစားသောက်တတ်။
သားအဖေ ကျန်းမာရေး ရုတ်တရက်ဖောက်ပြန်မှုက ကျွန်မအတွက် အသက်ရှူရပ်လောက်အောင် ကျပ်တည်းခံစားရစေတယ်။ဆေးကုသစရိတ်၊ ကုန်ဈေးနှုန်းမြင့်မားမှုနဲ့ သား ကျောင်းစရိတ်တွေက လည်ပင်းနစ်သထက် နစ်မြှုပ်လာခဲ့တယ်။ ငိုခဲ့ရတဲ့ ရက်တွေလည်း မနည်းခဲ့။ ဒီလမ်းခရီးကို ဘယ်လိုများ ဆက်လျှောက်လှမ်းရလေမလဲ။ သားအဖေက ဟိုးအရင်တုန်းက ဘူတာနားက အအေးဆိုင်လေးတစ်ခုက စားပွဲထိုးလေး။ နောက် ကျွန်မနဲ့ ရည်းစားဖြစ်ပြီး အဲဒီဆိုင်လေးမှာ စားပွဲထိုးခေါင်းဆောင်။ နောက် ဆိုင်မန်နေဂျာလေး ဖြစ်လာတယ်။ ဆိုင်ရှင်ကလည်း သဘောကောင်း၊ သူ့အပေါ် ယုံကြည်ခဲ့လို့ပါ။ သူ့ကို စားပွဲလေးဘ၀က ဘယ်လိုမှ မခံစားရပေမဲ့ နောက်ပိုင်း သူက အဆင့်တစ်ဆင့် မြင့်လာလေ ကိုယ့်ကိုယ်ကိုယ် အားငယ်လေပဲ။ သူရော ကိုယ်ရော တစ်နေ့လက်ထပ်ပေါင်းသင်းမယ့် ရည်ရွယ်ချက် ရှိတာမို့ အချိန်အားလပ်မရှိအောင် ပိုက်ဆံရှာကြရတယ်။ အသားညိုညိုနဲ့ ယောက်ျားပီသပြီး စိတ်ထားကောင်းတဲ့ သူ့ကို အားကိုးစွာနဲ့ လက်တွဲချင်ခဲ့တယ်။ သူကလည်း အားကိုးစရာမရှိတဲ့ ကျွန်မဘ၀က
ို နှစ်သိမ့်အားပေးခဲ့တယ်။
သူ့နာမည်က ကိုမောင်သက်၊ ကျွန်မက မခင်သက်ပါ။ သူ့ရဲ့ သူငယ်ချင်းတချို့က မင်းတို့က နာမည်ဆင်းရဲလိုက်တာလို့ စ,ကြတယ်။ ကျွန်မနဲ့ မောင်နဲ့ ကြားမှာ အချိန်ရှားပါးလွန်းလို့ အမှတ်တရဆိုတာ အတော်စဉ်းစားယူရတယ်။အိမ်ပြန်ချိန်လေး မောမောပန်းပန်းနဲ့ ကျူံးဘေးမှာ တွေ့ကြရတယ်။ အမှတ်ရဆုံးတစ်ခုတော့ ရှိခဲ့ဖူးတယ်။ နယူးရီးယားကို ဦးပိန်တံတားဘက် ညသွားလည်ရအောင်တဲ့။ တံတားပေါ်မှာ လူအပြည့်ပဲ။ ဆယ့်နှစ်နာရီကျ ဟက်ပီးနယူးယီးယားလို့ အတူတူ အော်ခွင့် ရချင်တယ်လို့ သူက အရေးဆိုတယ်။ အဲဒီနေ့က ကျွန်မအနွေးထည် အင်္ကျီဖြူနဲ့ သူက ဂျာကင်နဲ့။ သူ့သူငယ်ချင်း သုံးယောက်လည်း ပါခဲ့တယ်။ လာသာ လာခဲ့ရတာ ကြောက်ခဲ့တယ်။ ကျွန်မမိဘများ အသက်ရှင်လျက် ရှိသေးချိန်ဆိုတော့ ပြန်ကြားသွားမှာ ကြောက်သလို မောင်နဲ့လည်း သွားချင်တယ်။ နေ့ခင်းတွေကလည်း လည်ပတ်ခွင့် မရခဲ့ဘူးလေ။
မိဘတွေ တွေ့မှာ ကြောက်တယ်လည်း ဆိုသေး၊ ဘာလို့အင်္ကျီအဖြူကြီး ၀တ်လာတာလဲ ထင်းနေတာပဲ
ဟုတ်ပါရဲ့ မောင်၊ တံတားပေါ် လမ်းလျှောက်ရင် ဘယ်လိုလုပ်ရမလဲ၊လူတွေကလည်း အများကြီး၊ မလျှောက်တော့ပါဘူး။ဒီမှာပဲ ထိုင်နေတော့မယ်
ဟာ လမ်းလျှောက်ချင်လို့ လာပါတယ်ဆို၊ ဒီလိုလုပ် ထားနွယ်နဲ့ အနွေးထည် လဲဝတ်လိုက်ပါလား။ ထားနွယ်က ကြက်သွေးရောင်ဆိုတော့ မထင်းတော့ဘူးပေါ့။ခဏငှားပေးနော်
ရပါတယ်၊ နင်တို့နှစ်ယောက် တံတားပေါ် အားရအောင် လမ်းလျှောက်၊နယူးရီးယား အော်ပြီးမှ ပြန်လာခဲ့ကြ။ ငါတို့ အကြော်စားရင်း စောင့်နေမယ်
အိုကေ
ထားနွယ်နဲ့ ကျွန်မ အင်္ကျီချင်း လဲဝတ်လိုက်ကြတယ်။ အဲဒီနှစ်က အမှန်အကန် အေးတဲ့နှစ်။ ဦးပိန်မှာ မြူတွေတောင် မြင်နေရတယ်။
သက်က ဒီအင်္ကျီနဲ့လည်း လိုက်တယ်၊ ခုနက အဖြူနဲ့လည်း လိုက်တယ်
မောင်က ကျွန်မလက်ကို နွေးထွေးစွာ ဆုပ်ကိုင်ရင်း တံတားပေါ် လူတွေကို တိုးရင်း လမ်းလျှောက်ခဲ့ကြတယ်။
လူတွေက အပြည့်ပဲနော်။ မှောင်နေတော့ တစ်ယောက်မျက်နှာ တစ်ယောက် မမြင်ရဘူး၊ မောင့်အပြုံးကိုတော့ မြင်ရပါတယ်
သက် ဒီနေ့ အရမ်းလှတယ်ကွာ။ ဒီတံတားပေါ်မှာ နောက်ထပ် အော်ချင်တာ တစ်ခု ရှိသေးတယ်
ဘာများလဲ
နောက်မှပြောမယ်၊ ဆယ့်နှစ်နာရီမှ။ ဟိုဘက်လက်ထဲက ဘာလဲ
ဆိတ်သားထောင်း
ဒီအချိန်မှာ စားဦးမလို့လား ချစ်သူရဲ့၊ ရှုပ်ပါတယ် လွှင့်ပစ်လိုက်ပါ
ဟင်း နှမြောစရာ
ဒါပေမဲ့ ကျွန်မဆိတ်သားထောင်းထုပ်လေးကို တံတားပေါ်ကနေ လွှင့်ပစ်ခဲ့ပါတယ်။ မောင်က တဟားဟား ရယ်ရင်း သဘောကျနေတယ်။ ဇရပ်လေးထဲ အရောက် ထိုင်ကြတယ်။ လေလေးက အေးနေတယ်။
ဟိုး မန္တလေး တောင်ပေါ်လည်း လူတွေ ရှိကြတယ်။ အနောက်က စစ်ကိုင်းတောင်မှာလည်း လူတွေ အပြည့်ရှိကြမယ်။ တံတားအောက်မှာလည်း မီးပုံပွဲနဲ့ လူငယ်တွေ ပျော်နေကြတယ်နော်
ဟုတ်တယ်မောင် သူတို့နေရာက ပိုလွတ်လပ်သလိုပဲ၊ ကျွန်းလေးလို ဖြစ်နေတယ်။ ဆိုင်ကယ်တွေလည်း စီးလာကြတယ်။မီးရှူးပန်းတွေလည်း ဖောက်ဦးမှာ။ဟိုတစ်ဖွဲ့က ဂစ်တာနဲ့ သီချင်းဆိုနေကြတယ်၊ ဟိုတစ်ဖွဲ့ကတော့ လွတ်လွတ်လပ်လပ် ကက်ဆက်ဖွင့် ကနေကြတယ်
သက်ကို ဒီလိုမြင်ကွင်း၊ သဘာဝရှူခင်းတွေလည်း ခံစားစေချင်တယ်။ မောင်လည်း မလာဖူးပါဘူး၊ ဒီနှစ်မှ စိတ်ကူးရလို့။ လေတွေတိုက်တယ် သက် ဒီဘက်တိုး”
မောင်က သိုင်းဖက်ထားရင်း အသက်ရှူလိုက်တိုင်း ကျွန်မနဖူးပြင်ကို လေနွေးနွေးလေး လာရောက်ထိခတ်စေပါတယ်။
ဆယ့်နှစ်နာရီ ထိုးခါနီးပြီမို့ လက်တွဲအသင့်ပြင်ထားရင်း ထိုးတာနဲ့ တစ်ပြိုင်နက် ဟက်ပီးနယူးရီးယား အော်သံတွေနဲ့အတူ မီးရှူးမီးပန်းတွေ ဖောက်လိုက်ကြတယ်။ ကောင်းကင်မှာ ကြယ်အများကြီး ပွင့်လင်းသွားသလိုပဲ။ မောင်က ကျွန်မလက်ကို တွဲပြီး လူနည်းနည်း ရှင်းတဲ့နေရာ ခေါ်သွားတယ်။နောက် သူ့ပါးစပ်ကို လူနှစ်ဖက်နဲ့ ကာအုပ်ပြီး
ကျွန်တော် သက်ကို အရမ်းချစ်ပါတယ်။ ဒီတံတားကြီးပေါ်ကနေ သစ္စာပြုပါတယ်”
ကျွန်မလည်း အံ့သြရင်း မောင့်ကို ကြည့်လိုက်တယ်။မောင်က ရုတ်တရက် ကျွန်မကို ချီလိုက်ပြီး သက်လည်း အော်လေတဲ့။ ကျွန်မ ဘာအော်ရမလဲ သိပြီ။
ကျွန်မလည်း မောင့်ကို အရမ်းချစ်ပါတယ်။ ဒီတံတားကြီးပေါ်ကနေ သစ္စာပြုပါတယ်”
ကျွန်မအသံက မောင့်လောက်တော့ မကျယ်ဘူး။
မောင်က ကျွန်မကို နောက်ကနေ သိုင်းဖက်ရင်း ပါးပြင်ပေါ်ကို ခပ်နွေးနွေး အနမ်းတစ်ချက်နဲ့အတူ ကျွန်မတို့ အတူပျော်ခဲ့တဲ့ မမေ့နိုင်တဲ့ တစ်ခုတည်းသော နေ့ရက်ပေါ့။
အကြော်ဆိုင် ပြန်ရောက်တော့ ထားနွယ်ရဲ့ အင်္ကျီနဲ့ ပြန်လဲဝတ်လိုက်တယ်။ ထားနွယ်က အင်္ကျီပြန် ၀တ်ရင်း မျက်လုံးပြူးလေးနဲ့ -
ဟောတော့
ဘာဖြစ်တာလဲ ထားနွယ်
ဒီမှာလေ
ထားနွယ့်လက်ထဲက ပြားချပ်ပြီး အရည်ထွက်နေတဲ့ ပျားလိမ္မော်သီး သုံးလုံး ထွက်လာတယ်။ ထားနွယ့်အင်္ကျီအိတ်ကပ်ထဲမှာ လိမ္မော်သီးတွေ ပါလာတယ်ပေါ့။ အိတ်ထောင်မှာလည်း စိုနေတယ်။
ဟဲ့ လိမ္မော်သီးတွေ ဘာကြောင့် ဒီလိုပြားပြီး အရည်ထွက်ကုန်တာလဲ ရှင်းပြပါဦး၊ ငါ့အင်္ကျီလေး ပေကုန်ပြီ
ဟုတ်ပါရဲ့ အားနာလိုက်တာ တို့ပြန်လျှော်ပေးပါ့မယ်။ ဘာဖြစ်လို့များ ဒီလို ဖြစ်ကုန်ပါလိမ့်
ကဲ သက်ရေ ရှင်းလေ ပိုရှုပ်လေ ဖြစ်ကုန်ဦးမယ်။သူတို့က ကိုယ်တို့ကို စ နေတာပါ
အေးလေ အိတ်ထောင်ထဲ နေတဲ့ လိမ္မော်သီး ဘာကြောင့် ဒီလို ပြားကုန်တာလဲ။ ခေါင်းချင်းတိုက်ပြီး ခေါင်းကွဲကုန်တာ ထင်တယ်။ မင်းမှန်မှန်ပြော ဒီလိမ္မော်သီးရှိတဲ့ဘက်ကို မင်းဘာလုပ်လိုက်သလဲ
ဘာမှ မလုပ်ဘူးကွာ၊ ဖက်လိုက်တာကွာ ကဲ
အေး ငါထင်သားပဲ၊ ထားနွယ် နင့်အိတ်ကပ်ထဲက လိမ္မော်သီးက အကောင်းကနေ ဒီကောင်လုပ်လို့ ပြားသွားတာ၊ ထားနွယ်ကို အင်္ကျီ ပြန်လျှော်ပေးရမယ်။ ဒီတော့ မင်းဘယ်လောက်ထိ မိုင်ကုန်ဖက်လိုက်လဲဆိုတာ ဒီလိမ္မော်သီးလေး သုံးလုံးက သက်သေ
ကဲ တော်ပါတော့ကွာ၊ သက်က မျက်နှာမထားတတ်တော့ဘူး
စ တာပါကွာ၊ ပျော်လို့ပါ။ ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့၊ ဟက်ပီးနယူးရီးယားနဲ့အတူ လိမ္မော်သီးတွေ ပြားကုန်တာပေါ့
လိမ္မော်သီးတွေ ပြားချပ်ချပ်
လိမ္မော်သီးတွေ ပြားသင့်ပါတယ်
ဟက်ပီးနယူးရီးယား ကိုး
မောင့်သူငယ်ချင်းတွေက အစသန်သန်နဲ့ တစ်ယောက်တစ်ပေါက် စ ကြတယ်။ အဲဒီနှစ်က ဦးပိန်တံတားမှာ တော်တော်ပျော်ခဲ့ကြပါတယ်။
@@@
ကဲ ကဲ တက်ကြပါဗျာ မြန်မြန်၊ ထိုင်စောင့်ရတဲ့ ခရီးသည်တွေလည်း ကြာလှပြီ။ ကဲ ကားထွက်မယ်ဗျို့၊ ဆင်းမယ့်နေရာ ကြိုပြောပါ။ ပိုက်ဆံလေးတွေ မ စ ပါ၊ အစ်မ ဘယ်ဆင်းမှာလဲ ဗျ
ရဲရွာလမ်းထိပ် ရော့ ပိုက်ဆံ
ကဲ ကျေးဇူးပြုပြီး ရှေ့လေး နည်းနည်းတိုးပေးထား၊ ပေါင်ကားနေတာလေးတွေ စုပေးပါ။ ကားထိုင်ချင်ရင် ကိုယ့်အိမ်ဆိုဖာပေါ်ထိုင်မှ ကြိုက်သလို ထိုင်ပါ၊ ဒါ လိုင်းကားပါ”
ကားထွက်စ ပြုမှ လေအေးလေး ရလာတယ်။ မန္တလေးနေကတော့ ဆောင်းတွင်းလည်း လမ်းမပေါ်မှာ ပြင်းရှရှပါပဲ။ သစ်ပင်သစ်ရိပ်တွေက တစ်စတစ်စ နည်းသွားတာကိုး။ ကိုယ်ရောက်ခဲ့၊ အလုပ်လုပ်ခဲ့ရတဲ့ ပြည်နယ်ကြီးမှာတော့ ကိုယ့်နိုင်ငံထဲက စတေးခံရတဲ့ အပင်တွေနဲ့ ခံ့ညားထည်ဝါလို့။ကျွန်မတို့ဆီက နောက်ပိုင်း မြန်မာစစ်စစ် အပင်တွေ မျိုးတုံးသွားရင် အဲဒီနိုင်ငံမှာတော့ တွေ့ရလိမ့်မယ်။ သူတို့က လူတင်မဟုတ် အပင်တွေရဲ့ မျိုးဆက်ကိုပါ တောက်လျှောက် ထိန်းသိမ်းနေတာ ကျွန်မလက်တွေ့ပင်။ ကျွန်မတို့နိုင်ငံလို မြေမပေါ၊ မြေမကောင်းတာကို ရတဲ့နေရာမှာ နည်းပညာစနစ်တွေနဲ့ မြေကို မကောင်းကောင်းအောင် လုပ်ပြီး သစ်ပင်တစ်ပင်ကို ခုတ်လှဲဖို့ နေနေသာသာ တယုတယ စိုက်ပျိုးနေကြတာ။ ဒီမှာတော့ ဆိုင်းဘုတ်တွေရှိပြီး ရှိရုံပါပဲ။ အမှန်တကယ် ရင်ထဲက တကယ်လုပ်ချင်မှ ကောင်းတယ်။ စိုက်ပျိုးတဲ့ သူက စိုက်ပျိုး၊ ခုတ်တဲ့သူက ခုတ်နဲ့။ ကျွန်မ ဥာဏ်မီသလောက် တွေးတာတောင် သစ်ပင်ခုတ်ခြင်း ကိစ္စဟာ ကမ္ဘာကြီးအပေါ် အကျိုးယုတ်အောင် တော်တော်ရက်စက်ယုတ်မာတာလို့် မြင်မိတယ်။
မောင်နဲ့ ကျွန်မက သစ်ပင်တွေကို ချစ်မြတ်နိုးသူ၊ သစ်ပင်စိုက်ရင်း အသက်ရှင်ချင်သူ။ ကွာခြားလွန်းတဲ့ ကွာဟချက်တွေကြားမှာ ငါရံ့ပြာလူးလို အပေါ်ကို ရောက်မလာနိုင်တာဘဲ။ ဒီလိုပြောလို့ ကျွန်မလို လူမျိုးက ဒီလိုပြောစရာ၊ သိစရာလားလို့ မေးလိမ့်မယ်။ ကျွန်မမိဘက ကျောင်းထားခဲ့လို့ ဆယ်တန်းထိ သင်ခဲ့ဖူးပါတယ်။ တစ်နှစ်ကျတော့ စိတ်မပါတာနဲ့ နားလိုက်တာ။ ဆင်းရဲပေမယ့် မျက်စိပွင့်၊ နားပွင့်ဖြစ်ချင်လို့ စာတော့ဖတ်တယ်။မောင်လည်း ဆယ်တန်းပဲ။သားလေးက ဒီနှစ်ဆို ငါးတန်း။သူ့ကိုတော့ တက္ကသိုလ်ရောက်စေချင်တယ်။ ကျွန်မတို့နိုင်ငံကနေ ပညာမတတ် ဘွဲ့ရမဟုတ်ဘဲ၊ ပညာတတ် ဘွဲ့ရ တကယ်ဖြစ်စေချင်တာပါ။ဒီအတွက် ကျွန်မ ရေကုန်ရေခန်း ကြိုးစားခဲ့မိတယ်။ ဒါဟာ ကိုယ့်မိသားစုအတွက် ကိုယ်တိုင် ဖောက်ခဲ့တဲ့ လမ်းပါ။ ကျွန်မတို့မှာ ဖြည့်ဆည်းဝန်းရံပေးမယ့်သူ တစ်စုံတစ်ဦးမှ မရှိလေတော့ မောင်ခွင့်မပြုချင်တဲ့ လမ်းကို နင်းခဲ့ရတယ်။ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ မောင့်ထံမှာ အသည်းကင်ဆာ ဖြစ်နေပြီဆုတာ သိလိုက်ရတော့ ကျွန်မတစ်ကိုယ်လုံး အောက်ခြေတောင် မမြင်ရတဲ့ ချောက်နက်ကြီးထဲ ပြုတ်ကျသွားသလိုပါပဲ။ မောင်ပခုံးပေါ်က တာဝန်တွေကို လွှဲပြောင်းယူရင်း ကျွန်မ ဆုံးဖြတ်ချက် ချရတော့တယ်။ ဒီနှစ်ယောက်ရဲ့ အနာဂတ်က ကျွန်မလက်ထဲမှာ။ အရင်းနှီးဆုံးသူ နှစ်ယောက်အတွက် စွန့်စားခြင်းခရီးဟာ အဆိပ်သင့်နေတယ်။ အဆိပ်မှန်းသိပေမယ့် အန်ထုတ်လို့လည်း မရ၊မျိုချလို့လည်း မရ။ ယုံကြည်မှု စိတ်တစ်ခုနဲ့ မောင်ခြေဖ၀ါးပေါ် ရှိခိုးဦးတင် တောင်းပန်ခွင့်ပြုဖို့ ၊ခွင့်လွှတ်ဖို့ တောင်းပန်ရင်း မိသားစုထဲကနေ စွန့်ထွက်ခဲ့ရတယ် ဆိုပါတော့။ ဒီလိုမှ မဟုတ်ရင် ဘယ်မှာလဲ ပိုက်ဆံ၊ ဘယ်မှာလဲ စားစရာ၊ ဘယ်မှာလဲ စရိတ်။ မောင့်ကို ကျွန်မအသက်ရှင်နေသရွေ့ အသေမခံနိုင်ပါ။
ခံလေးထဲမှာ ရှားစောင်းလက်ပပ်ပင်တွေ အများကြီး စိုက်ပျိုးပြီး နေ့တိုင်းခူးပြီး အထဲက ဂျယ်ရီတွေကို ကျွေးခဲ့တယ်။ကံနည်းနည်းကောင်းတာက အသိစောခြင်းပင်။ ဒါကြောင့် မောင့်ခန္ဒာကိုယ်ထဲက တိုးပွားမလာဖို့ တတ်နိုင်သမျှ ရှိတာလေးနဲ့ ကုသနေခဲ့ရတယ်။ တကယ်လို့များ ငွေမရှိလို့ မကုသနိုင်တော့ရင် ဆက်တိုးပွားလာမယ်။ လူမမာလုံးလုံး ဖြစ်လာမယ်တဲ့။ အခုချိန်မှာတော့ ပုံမှန် ဆေးစားကုသမှုတွေနဲ့ သာမန်လူတစ်ယောက်လို ဖြစ်ပေမဲ့ ကျွန်မဆက်ကုမပေးနိုင်ရင် မောင့်ကို ဆုံးရှုံးရမှာ။ အဲဒီဒဏ်ကို ကျွန်မ မခံစားနိုင်။ ကြိုးစားပြီး ငွေရှာဖို့ ငွေများများ ရဖို့က ပွဲစားတွေနဲ့ ချိတ်၊ တစ်ဖက်နိုင်ငံ တရုတ်ပြည်ကို သွားအလုပ်လုပ်ဖို့ကလွဲပြီး ကျန်တာ မဖြစ်နိုင်တော့။ ဒီလိုလုပ်ဖို့ပဲ အခြေအနေပေးခဲ့တယ်။
@@@@@
၃။
ပွဲစားမ မသီရဲ့ အပြောကြားမှာ ကြာရှည်စွာ ဒွိဟ ဖြစ်နေခဲ့တယ်။ ကျွန်မမျှော်မှန်းထားတဲ့ ကွမ်းဆိုင်လေးက ဖောက်သည်မတိုးတဲ့အပြင် ရှိတဲ့လူတောင် လျှော့လာတယ်။ ကွမ်းဈေးတွေ ကြီးပြီး ကွမ်းကောင်းမကိုင်နိုင်မှု၊ လက်အဆ မတည့်မှုတွေနဲ့ ကွမ်းဆိုင်လေး အရင်းပြုတ်လု ဖြစ်နေချိန်မှာ ပွဲစား မသီနဲ့ တွေ့ခဲ့တယ်။ မသီကလည်း လေကောင်းကောင်းနဲ့ ကျွန်မတို့လို အတောင်ပံကျိုးတဲ့ ငှက်တွေကို လိုက်ရှာစူးစမ်းနေတာ။ ကျွန်မတို့ထဲက မဖွေးကို သူအရင် ပို့ပေးတာ။မဖွေးက သွားချင်လွန်းလို့ ပွဲစားကို ကပ်နေတာ။ခုတော့ ကျွန်မနားမှာပဲ ပွဲစားက ရစ်သီ ရစ်သီနဲ့ နေ့တိုင်းလာပြီး နားချနေတာ။ သူက အာမခံချက်တော့ ကောင်းကောင်းပေးတယ်။ ပို့ပေးတဲ့ လူစာရင်းလည်း ပြတယ်။ မနည်းတော့ဘူး။ မသီကလည်း ဒီအလုပ်သာ လုပ်နေတာ တစ်ခါတလေ သူ့ပါးစပ်က တိုက်လာတဲ့လေက အမြင့်စား။ ပွဲစားထဲမှာတော့ ပေါက်ပေါက်မြောက်မြောက်ရှိပြီး စုံစမ်းရသမျှ ယုံကြည်ရတယ်။ကလိမ်ကကျစ်စိတ် မရှိဘူးဆိုတာကြောင့် ကျွန်မစဉ်းစားမယ် ပြောလိုက်တယ်။
ဒီကိစ္စ မောင့်ကို ဘယ်လိုပြောရမလဲ။ ခွင့်မပြုမှာတော့ သေချာသလို၊ စိတ်ဆိုးမှာလည်း သေချာခဲ့တယ်။ မသီ ပြောသလို -
နင့်အိမ်ခေါင်မိုး မလုံနေတာကို နင် ဒီအတိုင်း ကြည့်နေမှာလား။ အဲဒီအမိုးအောက်မှာ နင့်ယောက်ျား အသက်ပျောက်သွားမှာကို ဘယ်လိုလုပ်မလဲ။ကိုယ့်ရဲ့ အတိတ်ကံ ဆင်းရဲမွဲတေမှုက ပြာပူထဲ တိုးခိုင်းနေရင် တိုးရဲရမယ့် သတ္တိတော့ နင့်မှာ အပြည့်ရှိရမယ် ခင်သက်ရေ။ ငါတို့ မြန်မာအမျိုးသမီးတွေအတွက် ကိုယ်ချင်းမစာလို့ ပြောတာ မဟုတ်ပါဘူး။ နင့်အသက် သုံးဆယ့်တစ်ပဲ ရှိသေးတယ်။ အလုပ်တွေ လုပ်ရဦးမယ်။ နောက်ထပ် ရွေးချယ်စရာက မရှိဘူး။ ကလေးကို ကျောင်းထုတ်ပြီး ယောက်ျားကို ဆေးကုဖို့ လုံလောက်တဲ့ငွေ ဘယ်လိုရှာမလဲ”
မသီရဲ့ အမှန်တရားနဲ့ တဲ့(ဒဲ့)တိုးပြောတဲ့ စကားတွေက ကျွန်မတုံ့ပြန်ပြောနိုင်ဖို့ ဆွံ့အ သွားခဲ့တယ်။ သားကို ကျောင်းမထုတ်နိုင်သလို မောင့်ကိုလည်း မစွန့်လွှတ်နိုင်ပါ။ ယောက်ျားမျက်ဝန်းတွေ ရီဝေမှေးကျသွားသလို စကားလည်း ဟက်ဟက်ပက်ပက် မပြောတော့။ သူ သေချင် သေပါစေလို့ ပြောလိုက်တဲ့ စကားတစ်ခွန်းက ခွင့်မပြုဘူးလို့ ပြောတာပဲ။ ဒါပေမဲ့ ကျွန်မ လက်မလျှော့ခဲ့ဘူး။ နားလည်အောင် ပြောရသလို ခပ်တင်းတင်းပြောရတာတွေလည်း ရှိခဲ့တယ်။ တစ်ခါတစ်ရံတော့ ချော့မော့တောင်းပန်ပြီး အချိန်များစွာ ယူပြောခဲ့ရတယ်။ ကျွန်မက မောင်နဲ့အတူ အသက်ရှည်ရှည်လေး အတူနေချင်သေးတယ်လေ။ ဒီဘ၀မှာ မောင်ရော၊ ကျွန်မရော အပြန်အလှန် ဘာမှ ကြီးကြီးမားမား မပေးနိုင်ခဲ့ကြပေမယ့် ကျွန်မတို့မှာ အချမ်းသာဆုံး မေတ္တာတရား ရှိပါသေးတယ်။ အဲဒီမေတ္တာတရားတွေ သူ့ကို အပြည့်အ၀ ပေးချင်တယ်။ ရင်နာတာကို ဖျောက်ပြီး ကျွန်မပေးမယ့် မေတ္တာတရားကိုသာ မြင်အောင် ကြည့်ပေးပါ။ ဒါဆိုရင် မောင် ခံသာမှာပါ။ မောင့်ဆီကနေ ကျွန်မဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး။ ဒီထက် မပိုနိုင်အောင် ရောဂါကို တွန်းလှန်ကာကွယ်ရင်း သားနဲ့အတူ နေခဲ့ပါ။ပတ်ဝန်းကျင်က အိမ်လေးတွေကို မှာရင်း ကျွန်မ ဆုံးဖြတ်ချက်ကို ခွင့်မပြုပေမဲ့ လိုက်လျောခဲ့တယ်လို့ တွေးဆခဲ့တယ်။
ယောက်ျား ဟိုတောင်တန်းမှာ တောင်ကျမြူတွေ ဆိုင်းပြီး သိပ်သည်းစွာ ကျလာတဲ့အချိန်မှာ ခင်သက်ပြန်ခဲ့မယ်။ မောင် စိတ်ရှည်စွာ စောင့်နေပေးပါ။ သားနဲ့အဖေ အပြန်အလှန် ဂရုစိုက်ကြနော်
ဖေ အမေက ဘယ်သွားမလို့လဲ ဟင်
သား အမေက ဟိုးအဝေးတစ်နေရာကို ခဏ သွားမလို့။ ပြန်လာရင် သားလိုချင်တာတွေ ၀ယ်ပေးလိမ့်မယ်
ဟုတ်လား သားတို့လည်း လိုက်လို့ မရဘူးလား ဟင်
လိုက်လို့ မရဘူး သားရဲ့၊ သားက အဖေ့ကို စောင့်ရှောက်ခဲ့ရမှာ။ သား အဖေကို ပြုစုနော်။ ထမင်းအိုးလည်း မေ သင်ထားသလို တည်ပေးနော် သား
ဟုတ်ကဲ့ အမြန်တော့ ပြန်လာနော် မေ
အေးပါ သားရယ်၊ သားလည်း ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်၊ နေကောင်းအောင် နေ ကြားလား
ဟုတ်ကဲ့ပါ
သားက လိမ္မာတယ်၊ ယောက်ျား အပြင်ထွက်ပြီး အအေးမခံနဲ့နော်”
မောင်က စကားသိပ်မပြောတော့ဘဲ အဲဒီညက ဘယ်လှိမ့်ညာလှိမ့်နဲ့ အိပ်မပျော်ခဲ့ဘူး။ သူ့ရဲ့ ခန္ဒာကိုယ်ကျန်းမာရေးကို စက်ဆုပ်တယ်လို့ အခန်းထဲမှာ ညည်းသံကြားရတယ်။ မောင် တကယ့်ကို စက်ဆုပ်တယ်ဆိုရင် ကျွန်မအတွက်၊ သားအတွက် ရှိသမျှ ခွန်အားနဲ့ တွန်းလှန်ပေးပါလို့ ကျွန်မက ပြောတော့ သူ ခေါင်းညိတ် ကတိပေးတယ်။ ဒါမှလည်း ကျွန်မ လွတ်မြောက်နိုင်မယ်။ ကျွန်မ ပခုံးပေါ်က တာဝန်တွေကို ရှင်ကိုယ်တိုင် ကျန်းမာမှ လွှဲပြောင်းယူနိုင်မှာ မဟုတ်လား။ တစ်ရက်ဖြတ်ကျော်ပြီး နောက်တစ်နေ့ နေ့သစ်ကို ရောက်တိုင်း ရက်တစ်ရက်ကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီလို့ ယူဆပေးပါ၊ တွေးပေးပါ။ မောင် စိတ်ဓာတ်မကျမှ ရှေ့ခရီးကို ဆက်သွားနိုင်မယ်။
ကျွန်မတို့လို ဆင်းရဲသားတွေအတွက် ငွေဆိုတာကို ရဖို့ ဘယ်လောက်ပေးဆပ်မှုတွေ ကြီးမားသလဲဆိုတာ ချမ်းသာလွန်းပြီး ငွေကို လက်ညှိုးထိုးတိုင်း ဖြစ်နေတဲ့ သူမျိုးတွေအတွက် သိစေချင်လိုက်တာ။ လက်တွေ့ ကိုယ့်ဘ၀ကြီးက ခါးသီးလွန်းလို့ ချောက်ကမ်းပါးနဖူးမှာ ပြုတ်မကျရုံ တည်းတည်းလေး ကိုင်ထားရသလို အရာရာကို လက်တွေ့ရင်ဆိုင်လာရတဲ့အခါ ရင်ဆိုင်ဖို့ အားမွေးရတာလည်း အကြိမ်ကြိမ်ပါပဲ။အဲဒီစိတ်ခွန်အားလေးမှ မရှိခဲ့ရင်လည်း ။
ဟိုရှေ့က အစ်မကြီး ရောက်ပြီဗျ၊ ဒီမှာ ဆင်းမှာ မလား
သြော် ဟုတ်ကဲ့၊ ဒီက ဆင်းပြီးရင် အထဲကိုသွားတဲ့ လိုင်းကား ရှိသေးလား
မရှိတော့ဘူးဗျ၊ အဲဒီရွာထဲက ဘယ်လိုင်းကားမှ မသွားဘူး။ အစ်မ လမ်းကြုံလိုက်ချင်ရင် အသီးအနှံတွေ အုန်းချောဈေးပို့တဲ့ ထော်လာဂျီတွေ တစ်စီး နှစ်စီး ရှိတတ်တယ်။ သူတို့အပြန်နဲ့ ကြုံရင် လမ်းကြုံပြောပြီး လိုက်ကြည့်ပေါ့
ဟုတ်ကဲ့ ကျေးဇူးပါပဲ
အိတ်ကလေးတစ်လုံးနဲ့ အိမ်ပြန်လမ်းမှာတော့ ရွာထဲရောက်ဖို့ တော်တော်ပင် သွားရမယ်။ ဖြူးဖြောင့်နေတဲ့ ကွန်ကရစ်လေးရှည်ကြီးကို တစ်မျှော်တစ်ခေါ် မြင်ရတော့ စိတ်ထဲမှာ အံ့သြမိတယ်။ ဒီလမ်းကြီးတောင် ဘယ်တုန်းက ခင်းလိုက်ပါလိမ့်လို့။ သြော် ကျွန်မ မသွားခင်က ရွာထဲမှာ လမ်းခင်းမယ်ဆိုတဲ့ အသံတော့ ကြားမိတယ်။ လမ်းအတွက် ကျွန်မတို့မိသားစုက တတ်နိုင်သလောက်ကို ပိုက်ဆံမထည့်နိုင်ခဲ့ပါ။ ဒီလမ်းမှာ ထော်လာဂျီနဲ့ လမ်းကြုံလိုက်ဖို့ ရေးရေးမှ မမြင်။ လမ်းလျှောက်တာပဲ ကောင်းပါတယ်။ အရှေ့ဘက်ဆီက မြင့်မားလှတဲ့ တောင်တန်း၊ ဒီမြေ ဒီလေကို မရှုရှိုက်ရတာ ကြာခဲ့ပြီပဲ။
ဟော ဟိုရှေ့မှာဆိုရင် ကျွန်မငှားဖတ်နေကျ ကိုမြင့်တို့စာအုပ်ဆိုင်လေး ရောက်တော့မယ်။ သူ့ကိုလည်း ၀င်နှုတ်ဆက်ရင်း မဖတ်ရတာ ကြာပြီဖြစ်တဲ့ စာအုပ်ဟောင်းတစ်အုပ်၊ နှစ်အုပ် ဆွဲခဲ့ဦးမှပဲလို့ ကိုယ့်အတွေးနဲ့ကိုယ်က အနီးနားရောက်မှ မှားယွင်းနေမှန်း သိရတော့တယ်။မျက်လုံးထဲမှာ အနီတွေပေါ်က စာသားတွေက အူရီဒူး၊ အပြာတွေပေါ်က စာသားတွေက တယ်လီနော၊ MPT ကြော်ငြာတွေလည်း ရှိရဲ့။ ဖုန်းဆိုင်အဖြစ် ပြောင်းလဲသွားတဲ့ အရင်က စာအုပ်ဆိုင်နေရာလေး၊ ဆိုင်ထဲမှာ ကိုမြင့်ကို တွေ့လိုက်ရတယ်။
ကိုမြင့်
ဟာ အစ်မ ခင်သက် တူပါတယ်လို့ ကြည့်နေတာ။ ခရီးက ပြန်လာပြီလား
ပြန်လာပြီ ငါ နင့်ဆိုင်ကို အဝေးကနေ ကြည့်လာတာ အနီးရောက်မှ ကြော်ငြာတွေနဲ့ ဖုန်းဆိုင် ဖြစ်နေတာကိုး။စာအုပ်ဆိုင် မဖွင့်တော့ဘူးပေါ့
အစ်မရေ ဒီရွာနားမှာ အစ်မတစ်ယောက်ပဲ စာကို အင်တိုက်အားတိုက် ဖတ်တာ။အစ်မမရှိတော့ ဟုတ်တိပတ်တိ ဖတ်တဲ့သူတောင် မရှိတော့ဘူး။ ရွာထဲက လူငယ်ရော၊ လူကြီးတွေရောက စာမဖတ်ကြတော့ဘူး။ ဖုန်းထဲပဲ ဖတ်နေကြတော့တာ။ကိုယ်ကလည်း အဟောင်းကိုပဲ ပြန်ဝယ်တင်နိုင်တာဆိုတော့ စာအုပ်ထဲက သတင်းတွေက ဟောင်းပြီးရင်း ဟောင်း ဖြစ်သွားရော။ ဖုန်းတွေက အိန္ဒြာကျော်ဇင် ခု ဖွတ်ခနဲ ကလေးမွေး ဒေါက်ခနဲ ဖုန်းထဲကနေ ချက်ချင်းသိ။ အရင် စာအုပ်သရဲ မွေးနီမတောင် ဖုန်းပဲ ကလိနေတော့တာ။ ကျွန်တော်လည်း လိုင်းမပြောင်းမဖြစ် ပြောင်းရတာ”
ကိုမြင့်က သူဖုန်းဆိုင် ပြောင်းလိုက်ရခြင်းကို ရှည်ရှည်ဝေးဝေး ရှင်းပြတယ်။
အစ်မ တွေ့ပါလိမ့်မယ်။ ခြံစိုက်ကြ၊ ပန်းစိုက်ကြတဲ့ သားထွေးတို့ အုပ်စု၊ မြောက်ပိုင်းက ဦးဖိုးထွန်းသမီး ခိုင်ခိုင်တို့ အုပ်စု ပန်းစိုက်ရင်း ခူးရင်း ဖုန်းထဲကနေ တီတီတာတာတွေ လုပ်နေကြတာ
ကိုမြင့် ဆိုင် အဆင်ပြေရင် ပြီးတာပါပဲ။ ကျွန်မကတော့ ဖုန်းလည်း မရှိသေးတော့ ကိုမြင့်စာအုပ်လေးကို နှမြောနေတာ။ ကျွန်မက စာဖတ်ချင်တာ၊ စာသမားဆိုတော့ နောက်ကျရင် ကိုမြင့်ဆီ ဖုန်း အားပေးပါမယ်
ဒီခေတ်ကြီးထဲမှာ အစ်မလို စာကြိုက်တဲ့သူတွေက ရှားသွားပြီ။ ခုဖုန်းဆိုင်က အများကြီးလည်း မလုပ်နိုင်ပါဘူး။ ဖုန်း၊ ငွေဖြည့်ကတ် ရောင်းရတာနဲ့ကို ထမင်းစားလို့ ရနေပြီ
အဲလောက်တောင်လား
ဟုတ်တယ်။ ခု ရွာထဲမှာက ၀ယ်နိုင်နေကြပြီလေ။အစ်မ ယောက်ျားသိလား အစ်မ ပြန်လာတာ
မသိဘူး ကိုမြင့်
ကျွန်တော် ဖုန်းဆက်ပေးရမလား။ မင်းမင်းဆီမှာ ဖုန်းရှိတယ် ပြောခိုင်းလိုက်မယ်လေ
မဆက်နဲ့ အစ်မ ဒီအတိုင်းပဲ သွားမလို့။ သူနေကောင်းတယ်မလား
လွန်ခဲ့တဲ့ လေးငါးရက်က တွေ့တယ်၊ ကောင်းပါတယ်။ အစ်မကိုတော့ ချီးကျူးနေကြတာ
ဘာကို ချီးကျူးနေကြတာလဲ မသိချင်တော့ပါ။
@@@
ကဲ ကဲ သွားဦးမယ်
ဟုတ် အစ်မ အစ်မ အံ့သြအောင် လုပ်မလို့လား
အင်း ဆိုပါတော့
ကိုမြင့်ပြောမှပဲ ပြောင်းလဲခြင်းတချို့ကို သိရတော့တယ်။ အရင်က လမ်းတောင် သိပ်မပေါ်တဲ့ လမ်း၊ ခု လမ်းကြီး ပေါ်လာပြီ။ ကိုမြင့်ရဲ့ ဆောင်းဦးစာအုပ်ဆိုင်လေးကနေ ဖုန်းဆိုင် ဖြစ်သွားပြီ။ လမ်းကောင်းသွားပြီဆိုတော့ အရင်က လူမနေတဲ့ နေရာတွေ ဈေးကောင်းတော့မှာပဲ။လမ်းမှာ ဆိုင်ကယ်တွေနဲ့ လူငယ် တော်တော်များများကို တွေ့ရတယ်။ သူတို့က လမ်းရှင်းနေတော့ ခပ်ကြမ်းကြမ်းမောင်းရင်း ပါးစပ်ကလည်း ၀ူး…၀ါးနဲ့ အော်သွားကြတယ်။ ပိုက်ဆံပါနေတဲ့ အိတ်လေးကို ကျစ်ကျစ်ပါအောင် လိမ်ရင်း လမ်းဘေးဆင်းလျှောက်ရတယ်။ ဒီကလေးတွေ ပုံစံက မြို့က လူငယ်တွေ ပုံစံပါ။ သူတို့တွေ ဒီထဲကနေ ထွက်ထွက်လာကြတယ်။ဘယ်ကများ လာကြတာပါလိမ့်လို့ စဉ်းစားမိတယ်။စဉ်းစားရင်းနဲ့ တွေးမိတာ ကျွန်မထွက်မသွားခင် ဒီဘက်မှာ ပေါ်လာတာ ဒီးဒုတ်ရေတံခွန်လို့ခေါ်တဲ့ ရေပြာအိုင်၊ အဲဒီက ပြန်လာတဲ့ လူငယ်တွေ ဖြစ်လောက်တယ်။ တချို့လည်း ဆိုင်ကယ်ပေါ်မှာ ရေရွှဲရေစိုနေတဲ့ အ၀တ်အစားတွေနဲ့ ပြန်လာကြတယ်။ အရင်က ဒီဘက်ပိုင်းမှာ ဒီထက်ပိုပြီး အဆများစွာ အေးတယ်။ ခုတော့ အရင်ကလောက် မအေးတော့။ တောင်ကျမြူတွေ ဆိုင်းတဲ့အချိန်လည်း ကျော်ခဲ့ပြီကိုး။
အုတ်တံတိုင်းဝင်းခတ်ထားတဲ့ ခြံကြီးဝင်းရှေ့ရောက်တော့ နည်းနည်းမောလာတယ်။ လမ်းလျှောက်လာတာလည်း ကြာခဲ့ပြီ။ သစ်ပင်ရိပ်လေးအောက် ခဏ၀င်နားတုန်း ၀င်းခတ်ထားတဲ့ ဘေး သစ်ပင်တွေကြားထဲက တောင်းတစ်တောင်းနဲ့ အေးသီကို တွေ့လိုက်တယ်။
အေးသီ အေသီ မဟုတ်လား
ဟော မခင်သက်ကြီးတော် ပျောက်နေတာ ကြာလှပေါ့။ခု ဘယ်က ပြန်လာသတုံး တော်
လာပါဦး အေးသီ နင်တို့ နေကောင်းကြလား။ အရီးလှတို့ လင်မယားရော
ပြော ပြောချင်ပေါင် တော်
ဘာဖြစ်လို့တုံး အရီးလှတို့နေရာက အုတ်တံတိုင်းကြီးခတ်ထားလို့ အံ့သြနေတာ
မခင်သက်ရေ အရီးလှတို့ လင်မယား ပျောက်ချင်းမလှ ပျောက်သွားတာ သုံးလလောက်ရှိပြီ
ဟယ် ဘာဖြစ်လို့လဲ အေးသီရဲ့
ဒီ ကွန်ကရစ်လမ်းကြီးလည်း ပြီးသွားရော ရွာထဲကို မြေရောင်းမလားဆိုပြီး ချောင်ထဲထိ လိုက်ပြီး မေးလာကြတယ်။ဈေးကလည်း တော်တော်ပေးပါသကော။ ရွာသားတွေက စဉ်းစားနေတုန်း အရီးလှခြံကြီးကို ဘယ်ပွဲစားနဲ့ ဈေးတည့်သွားလဲ မသိဘူး။ ဈေးက သိန်းတစ်သောင်းတောင်
ဘာရယ် သိန်းတစ်သောင်းပေးတယ် ဟုတ်လား
ကိုယ့်နားကိုယ်တောင် မယုံနိုင်။
မခင်သက် စဉ်းစားကြည့်။ အရီးလှနဲ့ ဦးထွန်းခက ဒီနေရာကို အစောဆုံး ရောက်လာတဲ့ လင်မယားနှစ်ယောက်။သူတို့စရောက်တုန်းက ကျားတွေ ဆင်တွေတောင် တွေ့ရတယ်တဲ့။ လူမနေတဲ့ ဒီတောအုံကြားထဲ နေရာမရှိလို့ ရောက်လာပြီး ၀ါးတဲနဲ့ နေကြတယ်။ ဦးထွန်းခက နေ့တိုင်း အရက်သောက်တယ်။ မီးသွေးဖုတ်ရောင်းသလို တောင်ပေါ်တက် ထင်းခွေနဲ့ သူတို့လက်ထဲ တစ်ထောင်တန်တစ်ရွက်တောင် အနိုင်နိုင်ကိုင်ရတာ၊ အရီးလှကဆို သူ့ယောက်ျားအတွက် အရက်ကို နေ့တိုင်း အုန်းချောဘက်ထိ သွားဝယ်ပေးရတာ။
ဒီလိုလူမျိုးဆီကို မိုးပေါ်က ကျလာသလို ငွေထုပ်ကြီး ရောက်လာခဲ့တယ်။ သူတို့နေလို့သာ သူတို့ပိုင်သလို ဖြစ်နေတာ။ နောက်ဆုံး ဒီခြံကျယ်ကြီးကို ရောင်းလိုက်ပြီလို့ ကြားတယ်။ အဟုတ်ပဲ လင်မယားနှစ်ယောက်လုံး ပိုက်ဆံတွေရတော့ ဘယ်သူ့မှ အယုံကြည် မရှိတော့ဘူး။ ကျိတ်ကျိတ်နဲ့ ဘာတွေ ဘယ်လောက်ရမှန်း၊ ဘယ်လိုငွေချေမှန်းလည်း ဘယ်သူမှ မသိခဲ့ကြဘူး။နောက်ဆုံး သတင်းကြားတာကတော့ စရန်ငွေသိန်းတစ်ရာကို လာပေးခဲ့တယ်တဲ့။ အဲဒီသိန်းတစ်ရာက မျက်မြင်အထုပ်လည်း ဖြစ်လာရော လင်မယားနှစ်ယောက် ညလည်း အိပ်မပျော်တော့ဘူး။ အိမ်အပြင်လည်း မထွက်ရဲတော့ဘူး။ သူခိုးခိုးခံရမှာ ကြောက်နေကြတယ်။ ရွာကလူကြီးတချို့ အကြံပေးတာလည်း လက်မခံဘူး။ ဦးထွန်းခက အရက်ကို ဖာလိုက်ဝယ်သောက်တယ်။ အရီးလှက ထုံးစံအတိုင်း အုန်းချောထိ သွားဝယ်ပေးတယ်။
နောက်ဆုံး အိမ်ကရှိတဲ့ပစ္စည်းတွေ တင်ပြီး ထော်လာဂျီပေါ် လင်မယားနှစ်ယောက် ပါသွားတာကို မြင်ပြီးတဲ့အချိန်ကစပြီး ဒီရွာကနေ သူတို့ ပျောက်သွားကုန်ကြတော့တာပဲ။တစ်လလောက် မရှိတရှိမှာ လူတော်တော်များများနဲ့ အရီးလှတို့ခြံကြီးကို ဒီအုတ်ဝင်းတံတိုင်း မျက်စိတစ်ဆုံး လာခတ်သွားတော့တာပဲ မခင်သက်ရေ
သြော် စိတ်မကောင်း ဖြစ်ရမှာလား၊ ၀မ်းသာရမှာလားတောင် မသိတော့ပါဘူး။ ဒီလိုတောများ အုတ်တံတိုင်းအပျံစား ခတ်ထားတယ်ဆိုတော့ အတော့်ကို ချမ်းသာတဲ့လူမျိုးတွေ ဖြစ်မှာပဲ။ ခုပြောပြောနေကြတဲ့ ဘာခရို၊ ခရိုနီဆိုလား အဲလိုလူမျိုးတွေ နေမှာပေါ့
ဟုတ်မှာပေါ့၊ အစ်မ အမျိုးသားကျန်းမာရေး ကောင်းလား
ဆက်ကုရဖို့ လုပ်ရဦးမှာ ခင်သီရေ ကဲ သွားဦးမယ်
ဟုတ်ကဲ့ အိမ်လာလည်ဦးမယ်
အေးသီကို နှုတ်ဆက်ပြီး ခပ်မြန်မြန်ပဲ လမ်းလျှောက်လိုက်တယ်။ လမ်းကြုံရှိရင် ကောင်းမှာပဲ။ ပြောင်းလဲခြင်းတွေကို လမ်းတစ်လျှောက်လုံး တွေ့နေရတော့ အိမ်မှာရော ဘာတွေ ပြောင်းလဲနေပြီလဲလို့ အပူစိတ်သောကတွေ လွှမ်းမိုးလာတယ်။ သြော် တစ်သက်လုံး နေခဲ့တဲ့ အရီးလှတို့လင်မယား ဘယ်များရောက်သွားကြပြီလဲ။
@@@@@
၎။
မကျယ်လှသော ခြံလေးထဲမှာ စားပင်တချို့နဲ့ စိုက်ပျိုးရင်း ခြေတံရှည် သွပ်မိုးအိမ်ကလေးထဲ မိသားစုသုံးယောက် စိတ်ချမ်းမြေ့ အပူကင်းစွာပဲ နေလိုတော့တယ်။ ကျွန်မရဲ့ အိမ်လေးဆီ ရောက်ခါနီးလေ ခြေလှမ်းတွေက ပိုသွက်လာခဲ့ပြီ။ အိမ်ရှေ့ရောက်တော့ ခြံထဲက သစ်ပင်အောက်မှာ သားလေးကို နောက်ကျောပေးလျက် ကစားနေတာကို တွေ့ရတယ်။ သူ့ခမျာ တစ်ယောက်တည်း ကစားနေရရှာတယ်။
သား သားရေ
သားက ရုတ်တရက် ကျွန်မခေါ်လိုက်တာကြောင့် ကိုယ်လေးတုန်သွားတယ်။
ဟာ အမေပြန်လာပြီ
သားနဲ့ကျွန်မ လုံးထွေးပွေ့ဖက်လိုက်ကြတယ်။
အဖေ အမေပြန်လာပြီဗျ၊ အမေက ကြာလိုက်တာ
သားရော၊ အဖေရော အမေ့ကို လွမ်းလှပြီ
သားက ပြောရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတယ်။
မငိုနဲ့ သားရယ်၊ အမေလည်း လွမ်းတာပါပဲ။ သားအဖေ နေကောင်းရဲ့လား
သက်
မောင်
လှေကားထိပ်ကနေ လှမ်းခေါ်တဲ့ မောင့်ဆီ အပြေးအလွှား သွားမိတယ်။
မောင် မဆင်းခဲ့နဲ့၊ သက် တက်လာခဲ့မယ် လာ သား
သက်ရယ် မင်းတကယ် ပြန်ရောက်လာသေးတယ်နော်
ယောက်ျား နေကောင်းတယ်နော်၊ သက် ဟိုမှာ နေမကောင်း တော်တော် ဖြစ်လိုက်တယ်
အဲဒါကြောင့် စိတ်ပူတာ။ လူမမာအတွက် သွားတဲ့သူက လူမမာဖြစ်မှာကို သိပ်စိတ်ပူတာပဲ။ သက် ပိန်သွားတယ်
မောင်နဲ့သား နေကောင်းတယ်ဆိုတာ ရွာအ၀င်ကတည်းက ကြားခဲ့ရလို့ ၀မ်းသာနေတာ။ သက် နေမကောင်းတော့ ပြန်ချိန်ထက် တော်တော် နောက်ကျသွားတယ်။ မောင့် ကြည့်ရတာ တော်တော်ကို ဟုတ်နေသလိုပဲ
မိန်းမက မှာခဲ့တယ်လေ မင်းကိုချစ်ရင် ရောဂါကို ရအောင် တွန်းလှန်အနိုင်ယူဆို
ဟုတ်ပါတယ် ကျေးဇူးတင်ပါတယ်။ သားရေ သားလိုချင်တဲ့ စက်ဘီး အမေ၀ယ်ပေးမယ် သိလား”
ဟာ တကယ် ပျော်လိုက်တာ
အမေ ခရီးသွားနေချိန် သားအဖေကို နေကောင်းအောင် စောင့်ရှောက်ပေးလို့ လက်ဆောင်ပေးမှာ
သက်ရေ သားက မှာထားတဲ့အတိုင်း အတိအကျလိုက်နာတာ သက်အတိုင်းပဲ
အမေ ဗိုက်ဆာလာမှာပဲ၊ သား အောက်မှာ ထမင်းသွားခူးလိုက်မယ်နော်
အေး သား လာပါဦး သားရယ် မွှေးချင်လွန်းလို့၊ အရပ်ရှည်လာတယ်”
သားကို အားရစွာ နမ်းလိုက်တယ်။
ထမင်းခူးပြီးရင် ခေါ်လိုက်မယ်နော်
အေး သား
သက်
ပြောလေ မောင်
သက်ကို သားမရှိတုန်း အားရပါးရ ပွေ့ဖက်ချင်တယ်
မောင်က ပြောရင်း မျက်ရည်တွေ ကျလာတယ်။မောင့်ရဲ့ ၀မ်းသာဝမ်းနည်းမှုတွေ အောင့်ထားရမှန်း သိပါတယ်။
မောင် ၀မ်းမနည်းပါနဲ့ကွယ် သက် ပြန်ရောက်လာပြီပဲ”
ကျွန်မနဲ့မောင် တစ်ဦးနဲ့တစ်ဦး လွတ်ထွက်မသွားတတ် ပွေ့ဖက်ထားလိုက်ကြတယ်။ ဒီရင်ခွင်ထဲ ကျွန်မခိုနားခွင့် ရလိုက်ချိန်မှာတော့ ပင်ပန်းမှုတွေ ပြေပျောက်ခဲ့ရပါတယ်။
@@@@@
၅။
မောင် ညက အိပ်မပျော်ဘူးဆိုတာ ကျွန်မသိတယ်။ မောင့်စိတ်ထဲ တစ်ခုခု ပြောချင်နေတယ်၊ ရှိနေတယ်ဆိုတာကို သိသာတယ်။ ကျွန်မ လက်ရှိ ရလာတဲ့ ငွေနဲ့ စာရင်းတွက်ကြည့်နေတယ်။ မောင့်ကို ပြောပြလည်း စိတ်ဝင်စားပုံ မပေါ်။ မောင့်အတွက် ဆေးကုသစရိတ်က ပထမဦးစားပေး၊ သားအတွက် စက်ဘီးကလေး။ ပျိုးပင်တွေအတွက် ဓာတ်မြေသြဇာဆေးနဲ့ အခြားအသုံးစရိတ်၊ မသွားခင်က အကြွေးကို ပြန်ဆပ်ဖို့ ၊ အိမ်ကလေးကို ဒီထက် သပ်သပ်ရပ်ရပ်လေးပြင်ဖို့။ အကြွင်းကင်းကင်းလေးနဲ့ ကျွန်မတို့မိသားစု နေနိုင်ဖို့ အရေးကြီးတယ်။
မောင်က ကျွန်မခရီးကိစ္စကို မမေး၊ ပြောသလောက်သာ နားထောင်တယ်။ ဒါပေမဲ့ ကျွန်မ မောင့်အကြောင်းကို သိပါတယ်။ မောင့်စိတ်ထဲ ခံစားနေရတယ်။
မောင် အိပ်မပျော်ဘူးလားဟင်
ဟုတ်တယ် သက်၊ သက် အသက်ခန္ဒာနဲ့ရင်းပြီး ရလာတဲ့ငွေကို သုံးစွဲရမှာ ကိုယ့်ကိုယ်ကိုယ် မသတီချင်ဘူး။မောင် ကျေးဇူးပြန်ဆပ်မယ်
အဲဒီလို ပြောစရာလား မောင်ရယ်၊ မောင် နေကောင်းရင် သက်ကို ကျေးဇူးဆပ်တာနဲ့ အတူတူပဲ”
မောင် မဖွေးအကြောင်းကြားတော့ အရမ်းကြောက်သွားခဲ့တယ်။ သူက ပြန်မလာတော့ဘဲ ဟိုမှာ တရားဝင်ယူပြီး နေလိုက်ပြီတဲ့။ သက်က မိခင်စိတ်ရှိတဲ့သူပါ
သက်လည်း ကြားခဲ့ပါတယ်
တကယ်တော့ မဖွေးက မောင်ထင်သလို မဟုတ်ဘူး။ ဒီမှာ သူ့နာမည်သိပ်မပျက်အောင် ပြောတာပါ။ တကယ်တော့ မဖွေးက အငှားကိုယ်ဝန်ဆောင် မွေးပေးရတာမဟုတ်ဘဲ အပျော်မယားဘ၀နဲ့ ကလေးသက်သက် မွေးပေးရတယ်။ တစ်ယောက်မွေးပြီးရင် နောက်လူတစ်ယောက်ကို လွှဲလိုက်ပြီး နောက်လူတစ်ယောက်ရဲ့ အပျော်မယားဘ၀နဲ့ ကလေးမွေးပေးရတယ်။ ဒီလိုနဲ့ မြန်မာဆင်းရဲသား အမျိုးသမီးတွေက သူတို့လူမျိုးစုတွေအတွက် ကလေးမွေးစက်ရုံကြီးလို တစ်ယောက်ပြီးတစ်ယောက် မွေးရင် အခန့်မသင့်ရင် အသက်ဆုံးရတယ်။ ကျန်းမာရေးမကောင်းရင် ရှာထားသမျှ၊ ပင်ပန်းထားသမျှ ကုန်တာပဲ။
ကလေးမွေးဖို့များ လူလိုရင် ပွဲစားကနေတစ်ဆင့် မြန်မာမိန်းကလေးတွေကို ရှာကြတယ်။ မဖွေးလို လူမျိုးက ဒီမှာ ယောက်ျား အရက်သမားနဲ့ ကလေးတစ်ယောက်ပဲရှိတယ်။ ကလေးကို သူ့အမျိုးတွေ ခေါ်ထားတယ်။ ယောက်ျားရဲ့ အကြင်နာမဲ့ နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်တဲ့အဆုံး သူ အဲဒီလမ်းကို ရွေးချယ်လိုက်တယ်။ အပြစ်တင်ဖို့ရာလည်း ခက်ခဲပါတယ်။ တစ်ဖက်က ပိုက်ဆံရချင်သူ၊ တစ်ဖက်က လူကို အသုံးချချင်သူ။ ရုန်းကန်ရင်း ဘ၀က ခါးသီးစရာ ကောင်းနေတာတွေက ဒုနဲ့ဒေးပါ။
ကျွန်မကတော့ မောင်နဲ့သားရှိရာ မရောက်ရောက်အောင် ပြန်လာမှာပဲ။ မောင်က ကျွန်မကို စွန့်လွှတ်လိုက်ရပြီလို့ တွေးများ တွေးခဲ့လေသလား။ မောင့်ကို မဖွေးအကြောင်း အသေးစိတ်တော့ မပြောတော့ပါ။
မနက်မိုးလင်းတော့ အံ့သြစရာကောင်းစွာ အရှေ့ဘက်တောင်တန်းမှာ တောင်ကျမြူတွေ ဆိုင်းလို့ပါလား။ မောင့်ကိုလည်း ထခိုင်းပြီး ကြည့်ခိုင်းလိုက်တယ်။
ဟုတ်ပါရဲ့ သက်ပြန်လာလို့ ထင်တယ်။ ညက သက်ပြန်ရောက်လာတာကို ဟုတ်မှ ဟုတ်ရဲ့လားဆိုပြီး ခဏခဏ စမ်းနေမိတယ်။ အိပ်မက်လိုပဲ”
အိပ်မက် မဟုတ်ဘူး တကယ်ပါ။
မောင် မျက်နှာသစ်၊ ထမင်းပူပူလေး စားပြီးရင် မြူတွေဆိုင်းတဲ့ဘက် သားလေးနဲ့ သွားကြည့်ရအောင်”
မိုးလင်းစမှာမှ အိပ်ပျော်သွားတဲ့ မောင့်မျက်ဝန်းလေးက ချောင်တောင်တောင် ဖြစ်နေတယ်။ အိပ်ရေးပျက်ခံလို့ မဖြစ်ဘူး မောင်။ မောင့် အတွေးတွေထဲက တစ်စုံတစ်ခုကို ထုတ်ပစ်နိုင်အောင် သက် ကြိုးစားပါ့မယ်။ မျက်နှာသစ်ပြီး လှေကားကနေ တက်လာတဲ့ မောင့်ကို တဘက်နဲ့ သုတ်ပေးလိုက်တယ်။
မောင် မောင့်ရင်ထဲက အရမ်းသိချင်နေပြီး သက်ကို မမေးဖြစ်တဲ့ စကားတစ်ခွန်း ရှိတယ်ဆိုတာ သက်သိတယ်ဆိုရင် ယုံမလား
မောင်က ဘာမှမပြော နှုတ်ဆိတ်စွာ ငေးကြည့်နေတယ်။
သက် စိတ်ထဲမှာ ဘာမှ လျှို့ဝှက်ထားစရာ မလိုသလို မောင် သိချင်နေတဲ့ အရာတစ်ခုက မောင့်စိတ်ကို အမြဲတမ်း မေးနေလိမ့်မယ်။ အဲဒီအဖြေတစ်ခုက မောင် စိတ်သက်သာရာ ရချင်လည်း ရမယ်၊ မရရင်လည်း မရနိုင်ဘူး။ ဒါပေမဲ့ အဲဒီအဖြေတစ်ခု၊ စကားတစ်ခွန်းဟာ မောင်နဲ့ကျွန်မကြား ဝေးကွာတဲ့ နယ်နိမိတ် ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးဆိုတာ သိစေချင်တယ်
မောင်က ခပ်နွေးနွေးပဲ ကျွန်မကို စိုက်ကြည့်နေတယ်။ ရင်ထဲမှာ မွန်းကျပ်လွန်းနေတယ် မဟုတ်လား။
အဲဒီက ကလေးမရနိုင်တဲ့ တရုတ်လင်မယားနှစ်ယောက်ကို သက် မွေးပေးခဲ့တာ၊ သားယောက်ျားလေးပါ”
ဒါဟာ မောင်သိချင်တဲ့ အဖြေတစ်ခု မဟုတ်လား။ ကျွန်မကို မိခင်စိတ်ရှိတဲ့သူလို့ မောင် သေချာပြောခဲ့တာ သိပါတယ်။ ကိုယ်တိုင် အငှားကိုယ်ဝန်ဘ၀နဲ့ လွယ်ပြီး ခက်ခဲစွာ မွေးပေးခဲ့တဲ့ အဲဒီကလေးရဲ့ မျက်နှာကို ကျွန်မတစ်ချက်မှ မကြည့်ခဲ့ပါဘူး။ မကြည့်ဖို့လည်း ဆုံးဖြတ်ထားတယ်။ ကျွန်မမှာ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ သားတစ်ယောက်ပဲ ရှိတယ်လို့ ဘ၀မှာ သိထားချင်လို့ပါ။ ဒီလိုလုပ်ခြင်းဟာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါလိမ့်မယ်။ မောင်နဲ့ သားကို ကျွန်မ သိပ်ချစ်တယ်။
မောင်က ဘာမှ မပြောပါ။ ကျွန်မ ပခုံးကိုသာ တင်းကျပ်စွာ ဖက်ထားလိုက်ပါတယ်။
တောင်ကျမြူတွေက အရင်နှစ်ကထက် သိပ်သည်းစွာ ဆိုင်းညို့နေခဲ့ပြီ။ သားလေးက မြူတွေထဲမှာ ပြေးဆော့လို့။ မောင့်လက်နဲ့ ကျွန်မလက်ကတော့ မြူတွေကြားမှာ နွေးထွေးခိုင်မြဲစွာ ဆုပ်ကိုင်ထားလျက်။
#ချောအိမာန်(မန္တလေး)
၂၀၁၅ခုနစ်-ဒီဇင်ဘာလ-ရွှေအမြုတေမဂ္ဂဇင်း
ရွှေအမြုတေစာပေဆုရ-ဝတ္ထုရှည်ဆု -၂၀၁၆
ဓာတ်ပုံ- ဆရာမချောအိမာန် Facebook မှယူသုံးပါတယ်။
No comments:
Post a Comment