#အတ္တရောင်ပြန်
(အဖြူရောင် - ရွှေ)
မနေ့ကပင်ရွာသို့ပြန်ရောက်သည်။
ရွာစည်းသို့ခြေနင်းမိလျှင်ပင် ခြောက်သယောင်းသောအရိပ်ကိုမြင်သည်။ အပူဖြင့်လောင်ကျွမ်းသောအငွေ့ကို ရှုရှိုက်မိသည်။ တိတ်ဆိတ်သောအသံသည် ဆုတ်ယုတ်မှုကို ထမ်းပိုးသယ်ဆောင်လျှက် ခြောက်ခြားဖွယ်ငြိမ်သက်၏။
သို့သော် ကျနေအောက်တွင် အဖြူရောင်၊ရွှေရောင်တလက်လက်တောက်ပနေသော စေတီသစ်ကိုကြည်နူး စဖွယ်ရှုမြင်ရလျှင် ပင်ပန်းသောကိုယ်နှင့်နွမ်းလျှသော စိတ်သည်ပြေလျှော့ရ၏။ စေတီ၏ထိပ်တွင်ကား သာသနာ့ အလံသည် တလူလူလွင့်လျှက်ရှိလေသည်။ ငှက်ပျောတော၏စိမ်းမြမြနောက်ခံကြောင့်ထင့် စေတီတော်၏ ဖြူဖွေးဝါရွှင်ခြင်းက ပိုတောက်ပလျှက်ရှိလေ၏။
ငှက်ပျောတောကိုမြင်ရလျှင် ရုတ်တရက်တော့ အဖေစိုက်ခဲ့သည့်ငှက်ပျောပင်များဟုအထင်ရောက်သည်။ စိတ်ကငယ်ဘ၀ကိုအပြေးပြန်သည်။ စိမ်းစိုသောငှက်ပျောတောသည်နေပြောက်မထိုးအောင် သိပ်သည်းလျှက်။ ရင့်မှည့်စ ပြုသောငှက်ပျောခိုင်နားတွင် ဓါးရှည်တစ်လက်ကိုကိုင်ကာ ရပ်နေသည့်အဖေ့ကိုမြင်သည်။ ပင်ခြေတွင်ဓါးဝင်သာမည့် နေရာကိုငုံ့ကိုင်းရှာပြီး လျှောကျလာသောမျက်မှန်ကို လက်တစ်ဖက်ဖြင့်မတင်မည်။ နောက်တော့အားရပါးရလွှဲခုတ်မည်။ တအိအိကိုင်းကျလာသော ငှက်ပျောပင်မှငှက်ပျောခိုင်ကို ၀ယ်သူစိတ်တိုင်းကျ တစ်ဖီးချင်းစီ ဆစ်ပိုင်းပေးမည်။
ထိုစဉ်က အောင်သပြေ သည် မှောင်ခိုလုပ်ငန်းဖြင့် စည်ကားခဲ့သော၊ ၀င်ငွေကောင်းခဲ့သော ရွာကြီးတစ်ရွာ ဖြစ်ခဲ့လေသည်။ ထိုမှောင်ခိုကုန်သည်တို့ယုံကြည်ရာ ပူဇော်ပသခြင်းအမှုတွင် အဖေ၏ငှက်ပျောတို့က မပါမပြီးဖြစ်လေရာ ငှက်ပျောစိုက်ခင်းသည် သူတို့မိသားစုအတွက် ထောက်ကူဝင်ငွေဖြစ်ခဲ့ပါသည်။
ဟိုးယခင်ကကဲ့သို့ပင် ငှက်ပျောတောကား စိမ်းစိုလျှက်။ သို့သော် အဖေမရှိတော့…မှောင်ခိုလုပ်ငန်းမရှိတော့… စည်ပင်ဖွံ့ဖြိုးခဲ့လေသည့်ရွာအရိပ်ကား ညိုးခြောက်ခြင်းသို့ပြောင်းလဲခဲ့ပြီ။ မှောင်ခိုအမှု၏လောင်းရိပ်အောက် နှိုက် စိမ်းလန်းခဲ့သည့်ရွာကလေးသည် အသွင်ပြောင်းညိုးချုံးခဲ့ပြီ။ ရွာကလေးကား တစ်ရပ်တစ်ရွာဆီသို့ပြောင်းရွှေ့ သူများ၏နေရာတွင် အသစ်ဝင်လာသည့်သူစိမ်းများဖြင့်စိမ်းသက်သည့်အသွင်ဆောင်နေခဲ့ပါပြီ။
ယခင်ကမှောင်ခိုပစ္စည်းသိုလှောင်လက်ခံရာဂိုဒေါင်များသဖွယ်ဖြစ်သော ခြေတံရှည်အိမ်များမရှိတော့။ ထိုအိမ်များနေရာတွင် တစ်ထပ်တိုက်ပုလေးများရောက်နေပြီ။ မြို့ကြီးမှမြေကိုရောင်း၍ပြောင်းလာကြသူများဟု ဦးလေးကရည်ညွှန်းသည်။ မျက်နှာစာတန်းကရွာနေပြည်ထိုင်အချို့နောက်ဘက်ဆီသို့ရောက်ကုန်သည်။ မှောင်ခို ရောင်ဖြင့် စိုလက်တောက်ပြောင်ခဲ့သူတို့ကား ယခုစက်မှုဇုန်မှာ…လဘက်ရည်ဆိုင်များမှာ…ဂေါက်ကွင်းမှာ.. ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ နေ့စားသမားတွေဖြစ်ကုန်ခဲ့ပြီ။ နောက်ရောက်လာသည့်လူစိမ်းများကလည်း ရောင်းချလာသည့်မြေဖိုးများ ကျစ်ကျစ်ပါဆုပ်ထားသော အလုပ်မဲ့လူတန်းစားဟုဆိုလေရာ ရပ်ရွာကြီးတစ်ခုလုံး ခြောက်ခန်းနေတာ သိပ်မဆန်းလှ။
မှောင်စပြုသည့်ညနေရီတွင် ရွာလယ်လမ်းတစ်လျှောက် သိဟောင်းကျွမ်းဟောင်းတို့ကိုနှုတ်ဆက်ဖြစ်ပါသည်။ သူ့ကိုမြင်လျှင် အဖေ့ကို တ ၍ငိုသူကငိုသည်။ ဟိုးယခင်အခြေအနေကို သတိရသူတို့ကသတိရကြသည်။ အတိတ်နှင့်ဖျော်စပ်သော စကားစမြည်တို့က ကော်ဖီခါးခါးတစ်ခွက်နှယ်။
( ၂ )
ခရီးပန်းလာခဲ့သော်ငြား နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်ပျော်ခဲ့ပါသည်။ မြူနှင့်နှင်းမသဲကွဲသည့်တောင်ပေါ်ဒေသ၏ ဆောင်းနှောင်းမနက်သည် ချမ်းမြမြဖြင့်အရသာထူးလှချေ၏။ သူငယ်ချင်းတစ်ယောက်ပြောခဲ့သော “မင်းတို့ တောင်ပေါ်ကတစ်မြို့လုံး အဲကွန်းလွှတ်ထားတာကိုး” ဆိုသည့်နောက်ပြောင်စကားကို အမှတ်ရရင်း ကိုယ်လက်သန့်စင် အမှုကို မြန်မြန်ထက်ထက်လုပ်ရသည်။ ရေ၏အအေးဓါတ်သည် အရေပြားကိုထိုးဖောက်ကာ ချမ်းစိမ့်စပြုလာခဲ့သည်။ ကြက်သီးဖုကလေးများထလာလျှင်ကား အနွေးထည်ကိုလက်လှမ်းမိပြီ။
ဖွေးဖွေးဖြူသောအရှေ့ဘက်ကောင်းကင်တွင် နေသည်အရောင်တောက်စပြုပြီ။ လူတစ်ရပ်ကျော်မြင့်သော ဗူးစင်အောက်စားပွဲတွင် အငွေ့ထောင်းထောင်းထနေသော ကောက်ညှင်းပေါင်း ၊ အကြော်စုံ နှင့် ကော်ဖီမစ်ထုတ်များ။
ကဲ သားငယ်ရေ အ၀စားနော် ကော်ဖီက မင်းကြိုက်တာသောက်ရအောင် ဒေါ်လေးဖျော်မထားဘူး.. မင်းဦးလေးတော့ ဆရာတော်ရောက်၊မရောက်သွားကြည့်လေရဲ့ ဆရာတော်က မန်းလေးကြွသွားတာ ၅ရက်လောက်ရှိပြီ
ဒေါ်လေး စေတီက သပ္ပါယ်လိုက်တာ လက်ရာလဲအချိုးကျတယ်နော် မြန်လဲမြန်တယ် ပြီးခဲ့တဲ့နှစ် ကျွန်တော်လာတုန်းက မြေကြီးထဲပဲရှိသေးတာ
သြော် မြေကြီးထဲကို နှစ်မှမနည်းတာ အခုဆရာတော်ကျမှ လက်စသတ်နိုင်တာ ဒါတောင် ထီးတင်ဖို့ကျန်သေးတယ် ပြီးမှပြီးပြီလို့ ပြောလို့ရမှာလေ … ဟော ဟော မင်းဦးလေးပြန်လာပြီ ဘယ်လိုတုန်း ရောက်ပြီလားအေး တနေ့က ညနေကတည်းက ရောက်နေတာတဲ့ ကဲကဲ စား သားငယ်ရေ ပြီးရင် ဆရာတော်သွားဖူးရအောင်
ဟုတ်ကဲ့ဦးလေး အော် ဒါနဲ့ မြေ၀ယ်မယ့်လူတွေရော ဘယ်အချိန်ချိန်းထားလဲ
အေးဦးလေး ပြောပြီးသား နေ့လယ်တစ်နာရီလောက်ရောက်မယ်ပြောတယ် အေးကွာ မင်းတို့လဲ မင်းတို့ရည်ရွယ်ချက်နဲ့မင်းတို့ ဆိုတော့တားဖို့ခက်သား..ဦးလေးသဘောတော့မရောင်းစေချင်ဘူးလေ အစ်ကိုကြီးကို သတိရတယ်ကွာ အင်း ပြောမယ့်သာပြောတာ မင်းတို့ကလည်းတစ်နှစ်နေလို့တောင်တစ်ခေါက်ပြန်ရောက်တော့တာမှ မဟုတ်တာ”
ဟုတ်တယ်ဦးလေး ကျွန်တော်လဲသေချာစဉ်းစားပြီးမှရောင်းတာပါ အဖေသိရင်လဲကျေနပ်မှာပါဦးလေးရ အခုဟိုမှာက မိုးကျရင် ကလေးတွေနဲ့ဒုက္ခရောက်မှာလေ ကျွန်တော်တို့လဲအရင်ကတော့ စာအုပ်လေးခဲတံလေးပဲ လှူဖြစ်တာပါ နောက်တော့ သွားရင်းသွားရင်း သူတို့အခက်အခဲတွေသိလာရတော့ စိတ်မကောင်းဘူး။ အဆောက်အဦ က ဆောက်လက်စတန်းလန်းကြီးလေ အမိုးလေး မိုးပေးလို့ လောက်ကောင်းရဲ့အောင်းမေ့တာပဲ ဦးလေးရေ”
ကောက်ညှင်းပေါင်းကို နှမ်းထောင်းဖြူးကာ စားမိလျှင်ပင်အဖေ့ကို သတိရမိသည်။ ဒီမြေ၊ဒီရေတွင် အဖေနှင့်အတူဖြတ်သန်းခဲ့သည့်ရက်တို့မရေတွက်နိုင်။ ကောက်ညှင်းနှမ်းထောင်း၊အကြော်စုံပူပူနွေးနွေး ရေနွေးကြမ်း ခါးခါး နောက်တော့ VOA , BBC သတင်းများ။ လောကကိုမေ့ကာ သတင်းနှိုက်အာရုံဝင်စားနေသည့် အဖေ့အပါးထိုင်ကာ ကောက်ညှင်းပေါင်းစားခဲ့သည့်ရက်များစွာသည် အဝေးတွင် ကျန်ခဲ့ပြီ။
အခုတော့အဖေလည်းမရှိတော့ သူလည်းဒီမြေပေါ်မရှင်သန်လိုတော့။ လေလိုလွင့်သောရွက်ဝါနှယ် လူးလူး လိမ့်လိမ့်မျောပါရင်း ငြိကြိုးနှင့်နွယ်ယှက်ကာ ရန်ကုန်တွင် အခြေကျခဲ့ပြီ။
မြူနှင့်နှင်းကြား တိုးထွက်စပြုသော မရဲတရဲနေခြည်တို့အားကောင်းစမှာပင် ဘုန်းကြီးကျောင်းဝင်းသို့ ခြေချမိသည်။ ဘုရားကားမုခ်ဦးလေးခုခြံရံလျှက် အာနန္ဒာပုံစံ။
အဝေးမြင်သပ္ပါယ်လှသော စေတီသည် အနီးမြင်ကွင်း နှိုက်လည်း တင့်တယ်လွန်းလှသည်။
မုဒ်ဦးကိုဖြတ်ကာ လှေကားထစ်များအတိုင်း ဘုရားပေါ်သို့တက်လာခဲ့သည်။ စေတီတစ်ဆူလုံးပြီးနေသော်လည်း ကြမ်းခင်းများကားကွန်ကရစ်အကြမ်းထည်အဆင့်ပင်ရှိနေသေးသည်။ လှေကားထိပ်တွင် အုတ်ကျိုးများ၊ကွန်ကရစ် အကျိုးအပဲ့များကို စုပုံလျှက်သားတွေ့ရသည်။ ဖိနပ်နှင့်ခြေထောက်ခွာလေ့မရှိသူ ရန်ကုန်သားအတွက် ကြမ်းခင်းက ဆူးသဖွယ်။ ကြမ်းရှနေသော ကြမ်းခင်းပေါ် ခြေထောက်ကို ဆ နင်းနေရသည်။ မနှိုင်းကောင်းနှိုင်းကောင်း ပွဲထိုင်ရန် အကျအနပြင်ထားသည့် မိန်းမလှလေး ဆံပင်စုတ်ဖွား ညစ်ပေသောခြေဗလာဖြင့် ကိုယ်ဟန်ပြနေသလို။
အတွင်းလှိုဏ်ခေါင်းကို မုဒြာအမျိုးမျိုးသောမတ်ရပ်ကိုယ်တော်များဖြင့် ပူဇော်ထားသည်။ လှိုဏ်ဂူအတွင်း ဘုရားများကိုဖူးမျှော်ပြီး မြောက်ဘက်မုခ်ဦးမှဆင်းလာခဲ့သည်။ မုခ်ဦးနှင့်မလှမ်းမကမ်းတွင် ညောင်ပင်ရှိသည်။ ထိုညောင်ပင်၏နောက်တွင်ငှက်ပျောတော။ စေတီသည်အဖေလှူခဲ့သော မြေပေါ်မှာလား သူ မဝေခွဲနိုင်။
လွန်ခဲ့သော နှစ်သုံးဆယ်ခန့်ကအလှူ။ မလှုပ်သာမလှဲ့သာဘုန်းကြီးကျောင်းအတွက် လုပ်စားကိုင်စားနေသည့် ငှက်ပျောတောကို ပိုင်းလှူခဲ့သည်။ ထိုစဉ်က သူကျောင်းတက်နေသည့်အချိန်။ လှူလိုက်မှန်းသိသော်လည်း နေရာအတိအကျကို မမှန်းဆနိုင်တော့။ နှစ်ပေါင်းများစွာ အလွန်တွင်မေ့လျှော့မှုက ကြီးစိုးခဲ့ပြီ။
ဦးလေး ဒီညောင်ပင်က အဖေလှူခဲ့တဲ့မြေထဲကလား စေတီကရော”
ဦးလေးသေချာမသိဘူးကွ အဲဒီတုန်းက မိထ္ထီလာမှာလေ ခုကျောင်းထိုင်ကိုယ်တော်တောင် သိချင်မှသိမှာ အရင်ကိုယ်တော်ကြီးမှသိမှာလေ ဦးစံခ တို့ ဒေါ်ငုံးတို့ ဦးထွန်းဇံတို့တော့ သိမှာပါ ဦးလေးမေးပေးပါ့မယ်ဟာ ရတယ်ဦးလေး အရေးမကြီးပါဘူး သိချင်ရုံသက်သက်ပါ
အေး သားငယ်ကိုပြောရဦးမယ် မင်းနောက်လှည့်ပြီး ဘုရားကိုဖူးကြည့်စမ်း”
လွမ်းဆွတ်ခြင်းသည် အတိအကျရှင်းပြရန်ခက်ခဲသော ဝေဒနာတစ်ခုဖြစ်ပါသည်။ ဗောဓိညောင်ပင်အောက်မှ နောက်ဘက်သို့လှည့်ကြည့်လျှင် ဖြူသော၊ရွှေသော အာနန္ဒာပုံစေတီကိုဖူးမြင်ရသည်။ စေတီ၏ ဟိုးအဝေးနောက်ခံတွင် ကား ပြာမှိုင်းသောတောင်စဉ်တောင်တန်းများ။ တသုန်သုန်တိုက်ခတ်နေသောလေပြေတွင် သာသနာ့ အလံတော်သည် တလူလူလွင့်လျှက်။
မင်းတစ်ခုခု မခံစားရဘူးလား သားငယ်
မျက်စိရှေ့မြင်ရသည်များကို နောက်တစ်ခေါက်ပြန်ကြည့်သည်။ စေတီတော်၏လက်ရာသည် တည်နေရာ တောရွာကလေးနှင့်မလိုက်ဖက်လောက်အောင်ပင် လက်ရာပြောင်မြောက်လှသည်။ ကနုတ်ပန်းများ၊ မုခ်ဦးများ၊ စေတီအမြင့်နှင့်အချိုးကျလက်ရာသည် ကြည်နူးစိတ်ကို နှလုံးအိမ်သို့ ဆောင်ကျဉ်းသည်။ သို့သော်
မင်းရပ်နေတာ ဗောဓိညောင်ပင်အောက်ကွာ တစ်ခုခုလိုနေတယ်…ဘာလဲ”
ရယ်မောလိုဟန်အပြည့်ဖြင့် စကားဖြည့်သောဦးလေးကိုငေးရင်း ပတ်ဝန်းကျင်ကိုပြန်ကြည့်သည်။
စေတီရယ် ညောင်ပင်ရယ် ရှိပြီး ဆည်းလည်းသံပျောက်နေတယ်လေကွာ”
အလွမ်းနှိုက် မှိန်ဖျော့နေသောကိုယ်လုံးသည် ဦးလေးစကားအောက်တွင် ဆတ်ကနဲထောင်မတ်သွားသကဲ့သို့ ရှိသည်။ ဟုတ်သည်။ ဝှေ့ဝှေ့ရမ်းရမ်းတိုက်ခတ်နေသော လေပြေတွင် ဆည်းလည်းသံ တချွင်ချွင်ရှိရမည်။
လာ တို့အာရုံခံတန်ဆောင်းဘက် သွားရအောင်
စေတီကိုအနောက်ဘက်မှပတ်မိလျှင် ရှေးဟောင်းကျောင်းဆောင်ကြီးကိုမြင်ရပြီ။ ထိုကျောင်းဆောင်ကြီးကား သူငယ်စဉ်ကတည်းကရှိနေခဲ့သည့်ကျောင်းဆောင်ကြီး။ ပျံလွန်တော်မူခဲ့ပြီးဖြစ်သော ပထမဦးဆုံး ကျောင်းထိုင် ဆရာတော်ကြီးကို မြင်ယောင်လာသည်။ သူငယ်စဉ်က ဆွမ်းချိုင့်လာပို့ရာနေရာသည် ဘုန်းကြီးကျောင်းသက်သက် မဟုတ်တော့ပဲ စေတီနှင့်ပဏာရနေခဲ့ပြီ။
စေတီ၏တောင်ဘက် အာရုံခံတန်ဆောင်းအတွင်း ထိုင်ကိုယ်တော်ကြီးကို ဖူးမြင်ရသည်။ ဘုရားပန်းများ ဝေနေသည့်ပန်းအိုးများကိုတွေ့ရသည်။ ထိုင်ကိုယ်တော်ကြီး၏ရှေ့တွင်ကား စိန်ဖူးတော် နှင့် အရွယ်အစားမတူညီသော ထီးတော် အစုံများ။ စေတီရံများအတွက်ပါ အဆင်သင့်။
ဟင် ထီးတွေရောက်နေပြီပဲ
ဟုတ်တယ် သားငယ်ရေ စိန်ဖူးတော်နဲ့ထီးတော်က ပင့်ပြီးတာကြာပြီ။ …………………”
ဦးလေးပြောသောအဖြစ်အပျက် အကြောင်းအရာတို့ကိုနားထောင်ရင်း လူတို့၏အတ္တကိုအံ့အားတသင့် ဖြစ်မိရသည်။
အလှူကဗ္မျည်းထိုးထားပြီးဖြစ်သော ထီးတော်များ၏ဆည်းလည်းသံသည် နိမ့်သောအရပ်တွင်ရှိ၍ထင့် တိုးသက်သော အသံကိုမှုန်မှုန်သဲ့သဲ့သာကြားရလေသည်။
( ၃ )
ဆရာတော်သီတင်းသုံးရာတိုက်သစ်သို့မသွားခင် ကျောင်းအိုကြီးသို့ဝင်သည်။ ဟိုးယခင်ကခြေတံရှည် ဆောက်ခဲ့သော ကျောင်းကြီးကိုယခု နှစ်ထပ်ကျောင်းဆောင်ကြီးအဖြစ် ပြုပြင်ထားသည်။ အပေါ်ထပ် သံဃာစင်တွင် ပန်း၊ဆီမီးတို့အလယ်နှိုက် ဗုဒ္ဓသည်တည်ငြိမ်စွာ စံပ္ပါယ်တော်မူ၏။ ဗုဒ္ဓမြတ်စွာဘုရားကို ရည်မျှော်၍ ဦးသုံးကြိမ်ချသည်။ ဆိုနေကြ သြကာသကန်တော့ချိုး၏ ပထမပိုဒ်ကို လေးလေးနက်နက်ရွတ်ဆိုသည် သြကာသ သြကာသ သြကာသ. . . ..ဖူးမျှော်မာန်လျှော့ ကန်တော့ရပါလို၏ဘုရား… ဤသို့ကန်တော့ရသောအကျိုးအားကြောင့် တပည့်တော်သည် သာသနာ့အကျိုး ၊ မိသားစုအကျိုး…….”
လည်ချောင်းတစ်လျှောက် အပူစီးကူး၏။ လေနှိုက်တလူလူလွင့်သော သာသနအလံတော်က ကျယ်လောင်သော အသံပြု၏ ။ သြကာသကန်တော့ချိုးကို ပထမအပိုဒ်သာအပြည့်အစုံဆိုတတ်ခဲ့သည်မှာကြာပြီ။ ဒုတိယပိုဒ်မှ ငယ်စဉ်က ဆိုလေ့ရှိသောစာသားများကို ဖြုတ်ချခဲ့ပြီး သူ့စိတ်တိုင်းကျစာသားများနှင့် ဦးချကန်တော့လေ့ရှိသူကား ယခုတွေဝေခဲ့ပြီ။
သာသနာ့အကျိုး၊ မိသားစုအကျိုး၊ အများပြည်သူအကျိုး ဆောင်ရွက်နိုင်သည့် ယောကျာင်္းမြတ်ဖြစ်ရပါလို၏”
ထိခြင်းငါးပါးနှင့်ကန်တော့ပြီးပြန်အမတ်တွင် ဗုဒ္ဓ၏အပြုံးကိုမြင်ရသည်။ နှလုံးအိမ်သို့ဒုတ်ဒုတ်ထိပေါက်သော ငြိမ်းအေးမှုတွင်တစိမ့်စိမ့်နစ်ဝင်ကာ မျက်နှာတော်ကိုဖူးမ၀။ ဆင်းတုတော်များကိုဖူးမြင်ရတိုင်း၊ ရွှေတိဂုံသို့ရောက် လေတိုင်း ဘုရား၏တရားဒေသနာများက သူ့ကိုလမ်းညွှန်ပြနေသလို ခံစားရသည်။ ထိုလမ်းညွှန်ချက် အတိုင်းသူလျှောက်သည်။ နိမ့်မြင့် ကြမ်းတမ်းသောဘ၀လမ်းကို ထိုလမ်းညွှန်ချက်ဖြင့် လျှောက်သည်။ လူနှင့်လူချင်း စာနာညှာတာစိတ်သည် ထိုလမ်းညွှန်ချက်၏အလိုဖြစ်သည်။ သူ၏အပြင်းပြဆုံးဆန္ဒလည်း ဖြစ်လေသည်။
သူ့ဆီသို့တည့်တည့်မတ်မတ် ဆိုက်ရောက်ခဲ့ပြီ။ ဆောင်းနှောင်းမနက်သည် ရင့်ရော်လာသည်ထင့်။ ခန္တာကိုယ်တစ်လျှောက်ပူခြင်း၏အာနိသင်ကိုရခဲ့ပြီ။ အနွေးထည်ကို ချွတ်ကိုင်ကာ ထိုင်ရာမှထသည်။ ဆရာတော်သီတင်းသုံးရာ အုတ်ကျောင်းဆောင်ကလေးသို့ရောက်လျှင် ဆရာတော်ကိုအဆင်သင့်ပင် ဖူးတွေ့ ရလေသည်။
ဒကာကြီး ဘယ်နေ့ကရောက်တုန်း
မနေ့ညနေကဘုရား
တိုက်တိုက်ဆိုင်ဆိုင် ဟိုရက်ပိုင်းကမန်းလေးရောက်တော့ ဒကာကြီးအဖေကိုသတိရနေတာ… မန်းလေးမှာ ဆုံးရှာတာဆိုပြီးလေ ကျူပ်မလဲအခက်အခဲလေးတွေရှိတာကိုး ဒီတော့မိဘလိုပုဂ္ဂိုလ်တွေ သတိရမိတာပေါ့လေ”
တင်ပါဘုရား”
တပည့်တော် သားငယ်ကိုပြောပြီးပြီ ဘုရား ပြီးခဲ့တဲ့ဂေါပကအစည်းအဝေးအကြောင်းပါပြောထားတယ်ဟုတ်ပါ့ဗျာ ကျူပ်လဲ လူတွေကိုအပူမကပ်ချင်တော့ဘူး ဘုရားပြီးအောင်တောင် မနည်းစိတ်ပင်ပန်းကြရတာ ဂေါပကတွေကတော့ ဒကာတွေစီးပွားရေးအခြေအနေ ကျုပ်ထက်ပိုသိမှာပေါ့လေ”
ကျောင်းရှိရင်စေတီရှိမှဆိုတဲ့စိတ်နဲ့ဝိုင်းကြ၀န်းကြတာကိုး ဒီလောက်အထမြောက်တာပဲ ကျေးဇူကြီးလှပါပြီ ဟိုဒကာပြောသလိုပေါ့ လူတွေကိုဝန်ထုတ်ဝန်ပိုးမထပ်စေချင်တော့ပါဘူး.. ကဲပါလေ ဒါတွေထားလိုက်ပါဦး ဒကာကြီးအခြေအနေရော ပြောပါဦး။ ကျူပ်ကဒကာကြီးကိုသိတယ် မြင်လဲမြင်ဘူးတယ် ဒကာကြီးကကျောင်းတစ်ဖက်နဲ့ အဖေ့ခြံဝင်လိုက်ထွက်လိုက်လုပ်နေတုန်းက ကျုပ်..ကိုရင်ပဲရှိသေးတာကိုး ဆရာတော်ကြီးပျံလွန်တော်မူမှ ကျောင်းထိုင် ဖြစ်လာတာ အခုရော စီးပွားရေးဘယ်လိုတုန်း..မိသားစုရော
တပည့်တော် ရန်ကုန်မှာစာအုပ်ချုပ်လုပ်ငန်းလေးလုပ်နေတယ်ဘုရား သားတစ်ယောက်ရှိတယ် အမျိုးသမီးက ကုမ္ပဏီဝန်ထမ်းပေါ့ အခုဒီလာတာလည်း အဖေ့ခြံကွက်ကလေးလာရောင်းတာဘုရား
ကဲ ကဲ ဒကာကြီးလဲလုပ်စရာရှိတာလုပ်ပါဦး ရောက်တုန်းရောက်ခိုက် နှုတ်ဆက်ရဦးမှာတွေနဲ့ အချိန်ပိုမှာ မဟုတ်ဘူး”
ဆရာတော်ကိုနှုတ်ဆက်ပြီးပြန်လာသောခရီးတွင် တွေဝေမှုကလွှမ်းမိုးသည်။ အာရုံခံတန်ဆောင်းအောက်က စိန်ဖူးတော်နှင့်ထီးတော်များကိုသတိရမိလျှင် သက်ပြင်းသာရှိုက်မိရလေသည်။ စိန်ဖူးလှူခြင်း၊ထီးလှူခြင်းက မြတ်သတဲ့လား။ မြတ်ခြင်း၊မမြတ်ခြင်း နှင့် နောင်ဘ၀ ယခုဘ၀ ချိန်ထိုးလှူဒါန်းသူများကို သူနားမလည်။
မိထ္ထီလာကဦးလေးတို့နေခဲ့တဲ့ရပ်ကွက်ဘေးကစေတီလည်း ကဆုန်လပြည့်နေ့ထီးတင်မှာကွ ဒါပေမယ့် ဒီမှာလိုတစ်ဦးတည်းအလှူရှင်မဟုတ်ဘူး ဟိုဆရာတော်ကြီးက တကယ့်သက်တော်ရှည်ဆရာတော်ကြီးကိုး ထီးကို အများကောင်းမှုပဲလုပ်ခိုင်းတာ တစ်ဦးတည်းလှူတာခွင့်မပြုဘူးကွ ဒီမှာကဆရာတော်ကလည်းငယ်ငယ် ရပ်ရွာဆိုတာ ကလည်း မင်းသိတဲ့အတိုင်း လူဟောင်းတွေ ပြောင်းကုန်ပြီ။ လူသစ်တွေဆိုတော့ သိပ်တော့အစီးမကပ်ကြဘူးပေါ့ကွာ”
ဦးလေးတော့မင်းကိုတောင်းပန်ချင်တာပဲ ကိုယ့်အဖေလှူထားတဲ့မြေနေရာပဲကွာ သူများနောက်လိုက်ရတယ် မအောင်းမေ့နဲ့ အများကုသိုလ်အနားသတ်ရတယ်လို့တွေးပါ။ ထီးတင်ပွဲကုန်ကျစရိတ် နဲ့ ကြွေပြားခင်းတာ မင်းတတ်နိုင် သလောက်လှူပါကွာ..လူတွေကလည်းခက်တယ် ကြွေပြားခင်းဖို့ပန်းရန်တွေ၊ အလုပ်သမားတွေလဲရှိပြီးသား။ လုပ်အား လှူမယ့်သူတွေရှိတယ်ကွာ ကြွေပြား၊ဘိလပ်မြေပဲလိုတာ။ စိန်ဖူးတော်၊ ထီး၊ မုခ်ဦးလေးခုလုံး ၊ လှိုဏ်ထဲက ရုပ်ပွားတော်တွေ လှူလိုက်ကြတာ အလုအယက်ပဲ။ ကြွေပြားခင်းဖို့နဲ့ထီးတင်ပွဲကုန်ကျငွေကြတော့ ဘယ်လိုမှ အလှူခံလို့မရဘူး…ဆရာတော်လဲစိတ်ညစ်နေပြီ။ ပြီးခဲ့တဲ့ ဂေါပကအစည်းအဝေးများ မင်းတက်စေချင်တယ် လူတွေပင်ပန်းနေပြီ ထပ်အလှူမခံပါနဲ့ ဆိုပြီး အဆုံးသတ်တာပဲ”
ဦးလေးစကားအဆုံး ယောင်ယမ်း၍မော့ကြည့်မိလျှင် သာသနာ့အလံကား လေနှိုက်တလူလူလွင့်ဆဲပင်တည်း။ အဖြစ်အပျက်ကားရယ်ရမလို ငိုရမလို။ စိန်ဖူးတော် နှင့် ထီးတော်များပင့်ဆောင်ပြီးခဲ့သည်မှာ လ ချီခဲ့ပြီဟု သိရသည်။ စေတီရုပ်လုံးပေါ်၍ဆေးသုတ်ပြီးခဲ့သည်မှာပင် တစ်လကျော်ပြီဆိုလေတော့ သူ့ကိုအချိန်ကိုက်လွှတ်လိုက်သည့် ကံကြမ္မာကိုသာအံ့သြမိတော့သည်။ လာရင်းရည်ရွယ်ချက် နှင့် ပန်းစုံတောကိုသတိရမိလျှင် သူ အသက် ရှုမ၀လေတော့။
( ၄)
ပန်းစုံတောသို့ သူရောက်နေခဲ့ပါသည်။
သူ၏အပေါင်းအသင်းများနှင့်စုဖွဲ့ထားသောပရဟိတအဖွဲ့လေးရှိသည်။ လူငယ်လေးများကို သူဦးဆောင်တော့ အားလုံး၏တက်ကြွသော စိတ်ဓါတ်ခွန်အားများ သူ့ဆီကူးစက်ခဲ့လေပြီ။ သူတို့အဖွဲ့မှာ တစ်လသုံးထောင်နှုန်းနှင့် လစဉ်ကြေးလို အလှူငွေကိုထည့်ဝင်ကြသည်။ နီးစပ်ရာကလစဉ်မဟုတ်ပဲ ပါဝင်လှူဒါန်းငွေများကို လက်ခံသည်။ သုံးလ တစ်ခါ ပရဟိတကျောင်းများသို့ အလှူထွက်ကြသည်။
ထိုအဖွဲ့လေးကား ခြောက်နှစ်သက်တမ်းရှိခဲ့လေပြီ။ ရန်ကုန်အနီးဝန်းကျင်သို့နှံ့အောင်သွားသည်။ တစ်ခေါက် နှင့်တစ်ခေါက်နေရာမတူအောင်သွားသည်။ ရည်မှန်းချက်ကား ကလေးများအတွက်ပညာရေးသာတည်း။ ပညာတတ်မှ ကောင်းခြင်း၊ဆိုးခြင်းကိုဆုံးဖြတ်နိုင်မည်။ အတန်းပညာဆိုသည်ထက် အသိပညာကိုပိုပေးချင်သည်။ ထိုခွန်အားနှင့်ပင် စာအုပ်စာတမ်းများ၊ စာရေးကိရိယာများကို အဓိကထားလှူဖြစ်ခဲ့ပါသည်။ ထိုသို့လှည့်ပတ်သွားလာရင်း ကျောင်းငယ်လေးမှ ကျောင်းကြီးဖြစ်သွားသည်များကြုံခဲ့ဖူးသလို ၀ါးကြမ်းခင်းလေးသော်မှမပြင်နိုင်သည့် ပရဟိတကျောင်းများစွာ တွေ့ခဲ့ ရသည်။
အဓိက ကတော့ပြည်ပအလှူရှင်များနှင့်ချိတ်ဆက်မိလျှင် ကလေးတို့အနာဂတ်စိတ်အေးရသည်ပင်။ သူတို့အဖွဲ့ သုံးခေါက်လောက်သွားဖြစ်ခဲ့သည့် ရွှေပြည်သာသီလရှင်ကျောင်းဆိုလျှင် ယခုကျောင်းကြီး ဟည်းဟည်းထ နေခဲ့ပြီ။ အပူမလို၍ သီလရှင်ဝတ်ခဲ့သူများ တစ်နိုင်ငံလုံးမှကလေးခြောက်ရာကျော်နှင့် ပူပင်ခဲ့ရသမျှ ငြိမ်းချမ်းစပြုပြီ။ သို့သော်..
ထိုသို့အလှူရှင်မတွေ့ ပရဟိတစိတ်ဇောတစ်ခုတည်းနှင့်ရပ်တည်နေကြသည့် ကျောင်းပေါင်းများစွာ။ အသက်မဲ့၍သော်လည်းကောင်း၊အသက်ရှိလျှက်သော်လည်းကောင်း အမိအဘတို့ပစ်ခဲ့သမျှ ခါးစည်းဒုက္ခခံကြလေသည့် မေတ္တာရှင်များစွာသည် ဖြစ်သမျှပြသာနာရင်ဆိုင်ဖြေရှင်းလျှက် ကြံ့ကြံ့ခံရပ်တည်ဆဲပင်။
အခွင့်သင့်သလိုလှည့်ပတ်သွားလာရင်းပင် ပန်းစုံတောသို့ ရောက်ခဲ့ပါသည်။ လှည်းကူးမြို့အစွန်ရှိ လယ်ကွင်း များအလယ်တွင်ထီးထီးတည်ရှိလေသော ခနော်ခနဲ့ဝါးသက်ကယ်မိုးအဆောက်အဦလေးကား ရာသီဥတုကို..ကုန်ဈေး နှုန်းကို..ကမ္ဘာမြေ၏လျစ်လျှူရှုမှုကိုအံတုလျှက် ခရိုးခရိုင်ရပ်နေခဲ့သည်။ သူတို့အဖွဲ့ရောက်သွားတော့ ထုံးစံအတိုင်း ကလေးတွေဝိုင်းလာလေပြီ။ ချိုချဉ်လေးများဝေပေးပြီး ကာတွန်းဖတ်ပြတော့ မော့မော့ကလေးငေးကြသည်။ သူတို့ အဖွဲ့မှပင်တိုင်သရုပ်ဆောင်မောင်နှမများ၏ သရုပ်ဆောင်မှုမှာ မျောပါကြသည်။ ပထမတော့ ရွံ့တွန့်တွန့် ဖြစ်ကြကာ အငယ်လေးတွေက အကြီးလေးတွေနောက်သို့ မျက်နှာဝှက်သည်။ အကြီးလေးတွေက သူ့ထက်ကြီးသူကို လက်လှမ်းသည်။ ဂေဟာမှူးမိသားစု၏နောက်တွင် ရွှေစွန်ညိုကစားသလို ခိုဝင်မှီတွယ်ကြသည်။ နောက်အခေါက်…. နောက်အခေါက် အခေါက်ပေါင်းများစွာသွားဖြစ်ခဲ့သည်က သူကလေးတို့၏ အားငယ်မှေးမှိတ်သော မျက်ဝန်းကလေးများ ယုံကြည်ကိုးစားမှုဖြင့် တောက်ပလာခဲ့သော အပြောင်းအလဲဖြစ်စဉ်ကြောင့်ပင်။
ပန်းစုံတောကို ဦးဆောင်သူက ခရစ်ယာန်ဘာသာဝင်ဆိုသော်လည်း ဗုဒ္ဓဘာသာကလေးများလည်း ရှိသည်။ မလှမ်းမကမ်းဘုန်းကြီးကျောင်းသို့သွားခွင့်ပြုသည်။ ချင်း၊ကရင်၊ရခိုင် နှင့် ဗမာကလေးငယ်များကား ပန်းရောင်စုံ ပွင့်သည့်နှယ်။ ဒါ့ကြောင့်ပင် ပန်းစုံတောဟု နာမည်တပ်မိသည်။ သူကလေးတို့ အချင်းချင်းသွေးစည်း ကြသည်ကို တစ်ဦးတည်းသောသားဖြစ်သူကအံ့သြငေးမောသည်။ နောက်ပိုင်းတွင်မတော့ သူ့အဖွဲ့နှင့်သာမဟုတ် မိသားစုများ၊ မိတ်ဆွေများနှင့်ပါ ရောက်ဖြစ်ခဲ့ပြီ။
သူကနောက်ဆုံးရောက်တာလေ မနက်ကြီးမိုးမလင်းသေးဘူး ဟိုးသစ်ပင်အောက်ကငိုသံကြားလို့သွားကြည့် တော့ သူ့ကိုတွေ့တာပေါ့..နို့ဆီဂျပ်ဖာထဲမှာပုဆိုးလေးနဲ့ပတ်ထားတာ ငိုလိုက်တာလေ နောက် မောလွန်းမက မောတော့မှ ရပ်သွားတာ”
ဂေဟာမှူးကတော်ကိုတင်းတင်းကျပ်ကျပ် တွယ်ဖက်ထားသောလက်ကလေးက သားပေးသောချိုချဉ်ကို တုန်တုန်ချိချိလက်လှမ်းသည်။ အစပိုင်းတော့ သားကိုယ်တိုင်ကရွှံတွန့်တွန့်။ လှမ်းသောလက်ကလေး၏ ပိန်ပါးမှုနှင့်အရေပြားပေါ်ကယားနာများကို ငေးမောရင်း၊ ထုတ်လိုက်သွင်းလိုက်လုပ်နေသော နှာခေါင်းမှနှပ်များကို မျက်မှောင်ကုတ်ကြည့်ရင်း အချိန်တိုအတွင်းမှာ နေသားကျသွားခဲ့ပုံပင်။
မအားလို့သူ့အစ်မတွေထိန်းခိုင်းလဲခဏပဲ ကျမကိုမတွေ့မချင်းလိုက်ရှာတော့တာ ငယ်သေးတယ်မလား”
ခဏနေတော့ အငယ်လေးထက်နည်းနည်းကြီးပုံရသောကလေးတစ်ဦး အနားသို့မယောင်မလည်ရောက်လာ သည်။ သူ့ကိုယ်လုံးလေးထက်ကြီးသော အကျီင်္ဖားဖားကြီးကို ၀တ်ထားသည်။ ခြေထောက်ကဗလာ။ ဂေဟာမှူး ကတော်လက်မှ ကလေးကိုစွေစောင်းကြည့်သည်။ နောက်သူတို့အဖွဲ့ကိုပတ်ချာလှည့်သည်။ ညာဘက်ဘေး သို့လျှောက်သည်။ ရပ်ပြီးဘယ်ဘက်ဘေးမှ ချောင်းကြည့်ပြန်သည်။ နောက်တော့ မစောင့်နိုင်သည့်အလား ဂေဟာမှူးရှေ့သို့တိုးဝင်ကာ လက်ကမ်းသည်။ ဂေဟာမှူးကကောက်ချီလိုက်စဉ် မော်မော်ကြွားကြွားပြုံးလိုက်သော အပြုံးက မြင်ရသူကြည်နူးစဖွယ်။
ကျမက အငယ်လေးကိုချီရင် သူကဆရာ့ကိုချီခိုင်းတာ ။ သူတို့နှစ်ယောက်က အငယ်ဆုံးတွေလေ”
သူ့ရင်နှိုက် စွဲထင်လေသည့်အဖြစ်အပျက်ပင်။ ဂေဟာမှူးဆရာနှင့်သူ့အမျိုးသမီးကား သားသမီးနှင့်မခြား ပြုစုခဲ့ မှန်းသိလိုက်ရပြီ။ တာဝန်တစ်ခုနှယ်သဘောမထား သွေးရင်းသားရင်းနှယ်ပြုစုစောင့်ရှောက်ခဲ့သည့် သာဓက။ ကလေးငယ်က ရဲရဲဝံ့ဝံ့လက်လှမ်းရဲအောင် မေတ္တာဖြင့်လုံခြုံစေခဲ့သည့် အဖြစ်။ ကြည်နူးစိတ်သည် သွေးကြောအနှံ့စိမ့်ဖြာ လျှက် ရည်မှန်းချက်ကို ခိုင်မာစေခဲ့ပြီ။ သို့နှင့်ပင် ပန်းစုံတောသည် သူ၏နှလုံးအိမ်နှိုက် ခိုဝင်ငြိတွယ်နေခဲ့တော့သည်။
ပြီးခဲ့သည့်နှစ်စပိုင်းက သူနေမကောင်း။ ဆေးကုရင်း၊နားနေရင်းပင် ပန်းစုံတောကိုသတိရနေခဲ့ပါသည်။ သူကောင်းကောင်းသွားလာနိုင်သည့်အခါ ခြေဦးလှည့်မိသည်က ပန်းစုံတောသို့ပင်။ သူမသွားဖြစ်သည့်လပိုင်းအတွင်း ကျောင်းကလေးက အေးအေးလူလူတိုးတက်နေခဲ့သည်။ ၀ါးကျောင်းလေး၏ဘေးဆောက်လက်စအုတ်ကျောင်းဆောင် ကား မြေကြီးထဲမှရုန်းထွက်နေခဲ့ပြီ။ နံရံအချို့ကို အုတ်စီလက်စတွေ့ရသည်။
ပြီးခဲ့တဲ့လပိုင်းက အလှူတွေစိတ်တယ်ဆရာရေ နေ့တိုင်းနီးပါးအလှူလာတော့ အမေရိကားက တစ်လ ဒေါ်လာငါးရာလှူတာကို အားလုံးနီးပါးစုလိုက်နိုင်တယ်။ အရင်ပိုတဲ့ငွေတွေရော ဒေါ်လာ၂၀၀၀လောက်ရလာတော့ အဆောက်အဦလေးအကောင်အထည်ဖော်လိုက်တာ။ ဆရာမြင်တဲ့အတိုင်း ကလေး၊လူကြီး ၇၇ယောက်ဆိုတော့ အဆောက်အဦကလိုလာပြီ။ ဒါတောင် ဂေဟာမှူးက ကလေးတွေထပ်လက်ခံချင်နေတာ ခဏစောင့်ပါဦးလို့ တားထားရတယ်… မဆိုးပါဘူးဆရာရယ် မြေပေါ်တက်လာတော့ အုတ်လှူမယ့်သူ၊သစ်လှူမယ့်သူတွေ ရောက်လာ တယ်။ ဒါပေမယ့်အလှူရှင် ပုံမှန်မရှိတော့စားစရိတ်ထဲပါသွားပြန်ရော… မိုးမကျခင်ကို အမိုးမိုးချင်တာပဲ မနှစ်ကမိုးတွင်းတုန်းက အပေါ်ကမိုးယို အောက်ကရေတက် ကလေးတွေဖျားကြတာသောက်သောက်လဲ”
အသက်ရှုမ၀သော သူ့အတွက် ထွက်ပေါက်ရှိနေခဲ့သည်။ အဖေထားရစ်ခဲ့သောမြေကွက်ရောင်းရလျှင် သိန်းငါးဆယ်လောက်ရနိုင်လေမလား။ ထိုမြေကွက်က သူ့အတွက် မတို့မထိလိုသော အမှတ်တရ ရတနာတစ်ပါးပင်။ အဖေ့ကိုလွမ်းဆွတ်သတိရခြင်းများဖြင့် အဖေ့အမွေကို သူမရောင်းရက်။ စာအုပ်ချုပ်သည့်လုပ်ငန်း နှင့် မိန်းမ၏လခက သူ့မိသားစုကို လုံလောက်ရုံမကပိုလျှံခဲ့သည်။ သားကိုပညာအမွေပေးနိုင်သည်။ လစဉ်လှူနိုင်သည်။ ကျန်းမာရေး စုဆောင်းငွေရှိသည်။ သား၏ပညာသင်စရိတ်အဖြစ် လစဉ်ဘဏ်သို့ ငွေသွင်းနိုင်သည်။ သို့သော် အဆောက်အဦ ဆောက်လှူနိုင်လောက်အောင် ငွေလုံးငွေခဲမရှိ။
အဖေထားရစ်သောမြေကွက်ကို အဖေသက်ရှိထင်ရှားရှိနေသယောင် ခံစားစိတ်ထင်ခဲ့သောသူ့အတွက် ပြတ်သားသောဆုံးဖြတ်ချက်တစ်ခု ချရမည့်အချိန်ဆိုက်ရောက်လာခဲ့ပြီတည်း။
မြေကွက်ကိုရောင်းမည်။ ကျောင်းအမိုးအတွက် အလှူပါဝင်မည်။ အဖေသိလျှင်ကောင်းချီးပေးပေလိမ့်မည်။ အဖေချန်ရစ်ခဲ့သော ငှက်ပျောတော၏စိမ်းမြပုံရိပ်သည် သူ့ဆုံးဖြတ်ချက်၏နမိတ်ပုံဖြစ်ခဲ့ပါပြီ။ ဦးလေး၏ဖုန်းနံပတ်ကို နှိပ်နေသောသူ့လက်တို့ တုန်ရင်နေခဲ့လေသည်။
( ၅ )
သားငယ်ရေ ဦးယုကြိုင်တို့လာကြပြီဟေ့
ငှက်ပျောတောသည် တောင်စောင်းလေးတွင်တည်ရှိသည်။ အဖေ့ဆုံးစဉ်မှယခုချိန်ထိ ထိန်းသိမ်းစောင့်ရှောက် ခဲ့သူဦးလေးတို့မိသားစုအတွက် နောက်ဖက်ခြမ်းကိုပိုင်း၍ပေးခဲ့ပြီးပြီ။ ရှေ့ပိုင်းမြေကို ယနေ့ရောင်းမည်။ ဤအရပ်နှင့် နောက်ဆုံးချိတ်ဆက်နေသောကြိုးတစ်ချောင်းကို ဖြတ်ရပေတော့မည်။ သူမှန်းထားသည်က သိန်းငါးဆယ်ဆိုသော်လည်း တကယ်ရောင်းတော့ သိန်းလေးဆယ်သာရသည်။ ဦးလေးက အလျှင်မလိုနဲ့ဟု ဟန့်သည်။ သို့သော် မိုးမကျခင် ငွေလိုနေတော့ သူအချိန်မစောင့်နိုင်။
ရန်ကုန်မှထွက်လာသည့်အချိန်အထိ သူ့အာရုံကရာသီကိုပဲ တွက်ဆနေခဲ့သည်။ ရန်ကုန်ကမိုးဦးစောသည်။ သင်္ကြန်မတိုင်ခင် အမိုးပြီးမှဖြစ်မည်။ တကယ်တော့အမိုးတင်မဟုတ် ကလေးတွေအိပ်ဖို့ကွပ်ပျစ်ကလေးတွေ လိုသေး သည်။ အဆောက်အဦဆောက်ရာမှ ပိုသောသစ်ကြမ်းများကို ဆင့်များ၊တန်းများသုံးလျှင် အမိုးမှပိုငွေကို အခင်းအတွက် ငါးထပ်သားများဝယ်ရမည်။ တကူးတကအလှူမခံသော်လည်း မိတ်ဆွေတစ်ချို့ ၀ိုင်းဝန်းကြသည့် အလှူငွေတချို့ လက်ခံထားပြီးပြီ။ မြေကွက်ရောင်းရငွေမှန်သမျှ သူတစ်ပြားတစ်ချပ်မှမသုံးပဲ ပန်းစုံတောသို့ပုံအပ်မည်။
နှစ်လခန့် ဖုန်းဖြင့်အပြန်အလှန်ဈေးစကားဆိုကာအခြေအတင်ဈေးဆစ်ကြပြီးပြီ။ ဖေဖော်ဝါရီကား အကုန်မြန် သော လ ပင်တည်း။ မတ်လထဲရောက်လျှင်အချိန်သိပ်မကျန်တော့။ နောက်ဆုံးတော့ အရောင်းအ၀ယ်စားရိတ်ဝယ်သူခံ အသားတင်သိန်းလေးဆယ်နှင့်ပင် ခေါင်းငြိမ်ခဲ့မိသည်။
ထိုသိန်းလေးဆယ် အပုံအထပ်သည် ယခုပင်သူ့ရှေ့သို့ရောက်လာခဲ့လေပြီ။ ရောင်းသူနေရာတွင် လက်မှတ်ထိုးကာနီး အဖေ့ကိုသတိရသည်။ ပန်းစုံတောကို သတိရသည်။ တက်ကြွခဲ့သော သူ့ရည်မှန်းချက်များ၊ သုံးလနီးပါးအချိန်ယူအကောင်အထည်ဖော်ခဲ့ရသည့် စိတ်ကူးယဉ်မှုများ၊ မိန်းမနှင့်သား၏ပါရမီဖြည့်မှုများ၊ ကလေးငယ် တို့၏ ဖြူစင်သောအပြုံးများ…..
ယောင်ရမ်း၍လက်ကိုပြန်ရုတ်မိသည်။ ဦးလေးကြည့်နေသည်ကို မျက်ဝန်းထောင့်ကမြင်သည်။ သို့သော် အကြည့်ခြင်း မဆုံဝံ့။ တစ်စုံတစ်ရာကို ဆုံးဖြတ်ရန်မ၀ံ့စားသော သူ့အတွက် ဦးလေးအကြည့်ကို ရင်မဆိုင်လိုသေး။ သူမိန်းမောဆဲမှာပင် ၀ယ်သူကငွေထုတ်ကိုဖြည်သည်။
အခုပဲ ဘဏ်ကထုတ်လာတာ တစ်ရွက်ခြင်းမရေတော့နဲ့ အထုတ်ပဲရေလိုက်တော့နော်
တွေဝေဆဲသူ့ကိုလောဆော်မှန်း သူသိသည်။ ဆောင်းနှောင်းနေ့လယ်ခင်းသည် ပူပူကျက်ကျက်နိုင်လွန်းလှ၏။ အိမ်အပြင်တွင်အပူငွေ့များသည် တံလျှပ်ရောင်ပြန်များဖြင့် တရှိန်ရှိန်တောက်ပလျှက်။ ငှက်ပျောရွက်များကိုကျော်၍ စေတီထိပ်ပိုင်းကိုဖူးမြင်ရသည်။ အိမ်အတွင်းနှိုက်လည်း လေလုံသဖြင့်ပူအိုက်ကာချွေးဒီးဒီးကျနေခဲ့သည်။ အားနာစိတ်ဖြင့် ဘောပင်ကိုကိုင်ကာ စာချုပ်ပေါ်သို့ငုံ့ကိုင်းကြည့်လိုက်လျှင် အပူတံလျှပ်တို့ကို ကြာတောင်းကြာရှည် ကြည့်ခဲ့မိ၍ထင့် စာလုံးတို့ကိုမမြင်ရပဲ မျက်လုံးအစုံက ပြာဝေနေခဲ့လေသည်။ ။
#အဖြူရောင်(ရွှေ)
၂၀၁၆ခုနစ်၊ မေလထုတ် ရွှေအမြုတေမဂ္ဂဇင်း
၂၀၁၆ခုနစ်အတွက် ရွှေအမြုတေစာပေဆုရ ၀တ္ထုတို
No comments:
Post a Comment