ရေတွင်မြုပ်သော ဖောင်ကလေး
@~~~~~~~~~~~~~~~@
စ/ဆုံး
မစန္ဒာ
“ဘိုးဘိုး .. ဟိုဘက်အိမ်မှာ ကောင်မလေးတစ်ယောက် ရောက်နေတယ်ဗျ။ ဘိုးဘိုးရဲ့သူငယ်ချင်း ဘဘကြီးဦးဘဦးရဲ့ မြေးတော်တယ်တဲ့”
မြေးတော်မောင် မောင်ရွှေမောင်းက ဦးဘဦး၏ဘေးသို့ရောက်လာကာ နံနံက်ခင်းသတင်းများကို စတင်ကြေညာသည်။ ရွှေမောင်း၏အမည်ရင်းက ကျော်နန္ဒအောင်ဖြစ်သည်။ သို့သော် စကားတတ်ခါစကတည်းက သတင်းအသယ်အပို့ အဖြန့်အဖြူး မြန်လှသော သူ့စရိုက်ကြောင့် သူက ရွှေမောင်းဟုခေါ်ခဲ့ရာမှ၊ အိမ်မှာတင်မက အရပ်ထဲဆွေမျိုးထဲမှာပါရွှေမောင်း ဟုအမည်တွင်ခဲ့ရသူဖြစ်သည်။ ဘာပဲပြောပြော၊ လွန်ခဲ့သော သုံးရက်ကအိမ်ထဲအဝင် ရွှံရေစပ်တွင် ချော်လဲကာ ခြေပွတ်တိုင်လည်ပြီး အိပ်ရာထဲတွင် အနားယူနေရသောသူ့အတွက်တော့ မောင်ရွှေမောင်း ၏ သတင်းဦး၊ သတင်းထူးများက အပျင်းပြေစေလေသည်။
“ဘဘကြီးက သူ့သားကို ဆူနေတယ်။ မင်းက ကလေးတစ်ကောင်ကို ငါတို့ဆီမှာ လာထိုးထည့်ပြီး နောက်မယားယူဦးမလို့လား ခွေးမသားရဲ့တဲ့။ ငါတို့က အိုကြီးအိုမနဲ့ ကလေးထိန်းရအုံးမှာလားတဲ့။ ဘိုးဘိုး သားကိုလည်း သရက်သီးကျွေးဦးလေ”
ဦးဘဦးတစ်ယောက်တည်းအတွက်သာ သီးသန့်ခွဲပေးတတ်သောစိန် တစ်လုံးသရက်သီးကို ရွှေမောင်းက ထုံးစံအတိုင်းကပ်၍စားသည်။ သူ သရက်သီးစားနေတုန်း ဦးဘဦး၏အတွေးက ဟိုဟိုသည်သည် ပျံ့လွင့်သွားသည်။ ရွှေမောင်းပြောသည့် ဟိုဘက်အိမ်က ဘဘကြီးသည် ဦးဘဦး၏သူငယ်ချင်းဖြစ်ကာ အမည်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဦးဘဦးပင်ဖြစ်လေသည်။ တက္ကသိုလ်မှာတုန်းက ဘာသာတွဲလည်း အတူတူ၊ ခုံနံပတ်လည်း ရှေ့ဆင့်နောက်ဆင့်မို့ ဘဦးနှစ်ဦး ကွဲပြားစေရန် သူငယ်ချင်းများက မျက်မှန်တပ်ထားသောသူ့ကို မျက်မှန် ဘဦး ဟုခေါ်သည်။ မျက်စိမှေးသော ကိုယ့်ကိုတော့ မျက်မှေး ဘဦးတဲ့လေ။ တက္ကသိုလ်မှ ဘွဲ့အသီးသီးရပြီး ဘဝ ပင်လယ်ထဲခုန်ချကာ တံပိုးအမျိုးမျိုးကြား၌ ကူးကြ၊ ခတ်ကြ၊ ယက်ကန်ကြရင်း ကွဲကွာသွားခဲ့ကြသည်။
လွန်ခဲ့သောသုံးနှစ်ခန့်ကမှ ဘေးဘက်ခြံကို ပြောင်းလာသူမှာ မျက်မှန်ဘဦးဖြစ်နေသည်။ နှစ်ပေါင်း လေးဆယ်ခန့် ကွဲကွာသွားပြီးမှ ဒဂုံမြို့သစ်တွင် ပြန်ပြီးဆုံမိကြသည်။ သူကလည်း ဗိုက်ရွှဲရွှဲ၊ ကိုယ်ကလည်း ဗိုက်ပူပူ၊ မေးစေ့နှစ်ထပ်နှင့် ပင်စင်စား ဘူဒါးကြီးတွေ ဖြစ်နေကြပေပြီ။
“ကောင်မလေးက အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်နဲ့ လှတယ် ဘိုးဘိုးရ၊ သားနဲ့လည်း သူငယ်ချင်းဖြစ်သွားပြီ။ သူ့နံမည်က ဆွီးတီတဲ့”
“မင်းကလည်း သွက်ပါ့ကွာ”
ဦးဘဦးက မြေးတော်မောင် ရှစ်နှစ်သားကိုကြည့်ရင်း ပြုံးရိပ်ပြုံးယောင် ဖြစ်သွားသည်။ နောင်ဆယ်နှစ်လောက်နေလျှင် ဟိုဘက်အိမ်က လှတ ပတ ကောင်မလေးကြောင့် မောင်ရွှေမောင်းခမျာ အသည်းတွေဘာတွေ ဟက်တက်ကွဲနေနိုင်သည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ သူတို့အဘိုးကြီးနှစ်ဦး ပြန်ဆုံမိကြတော့ ထုံးစံအတိုင်းသားတွေ၊ သမီးတွေ အကြောင်းသာပြောဖြစ်ကြသည်။ သူ့ဘဝကတော့ရိုးစင်းသည်။ သမီး တစ်ယောက်တည်းထွန်းကားကာ ထိုသမီးက ဆရာဝန်ဖြစ်လာသည် သားမက်ကလည်း ဆရာဝန်ပင်ဖြစ်ကာ ဆေးရုံပြေးကြ၊ ဆေးခန်းပြေးကြနှင့် မိုးလင်းကမိုးချုပ် အလုပ်ရှုပ်ကြလေသည်။ မြေးကလည်း မောင်ရွှေမောင်း တစ်ဦးတည်းဖြစ်သည်။ မျက်မှန်ဘဦးကတော့ သားချည်းပဲ သုံးဦးထွန်းကားသည် ဟုဆိုသည်။
သားအကြီးနှစ်ယောက်က သူ့အိမ်ထောင်နှင့်သူ သူ့စီးပွား နှင့် သူအဆင်ပြေကြသည်။ အငယ်ဆုံးသားက ကျောင်းမပြီးခင် မိန်းမခိုးပြေးသည် ဟုဆိုသည်။ ပထမတော့ သူ့မိန်းမကို မိဘအိမ်ခေါ်လာသည်။ ဘာသာမတူ၊ စရိုက်မတူတော့ အဆင်မပြေလှချေ။ ချွေးမချောကဈေးထဲမှ ငါးအရှင်တွေ ဝယ်လာပြီးချက်ခါနီးကျမှ၊ ကိုယ်တိုင်ထုသူဖြစ်လေသည်။ ကြက်ဆိုလျှင်လည်း ပံ့သကူသားမကြိုက်၊ ကြက်ခြင်းထဲမှကြိုက်သော အကောင်ကိုလက်ညိုးထိုးဝယ်ကာ မျက်စိရှေ့တွင်သတ်ခိုင်းပြီး အမွေးနုတ်နေသည်ကို အေးအေးဆေးဆေး ထိုင်စောင့်တတ်သူဖြစ်သည်။ နောက်တော့လည်း ချွေးမနှင့်ယောက္ခမတည့်ကြတော့ အမြဲတကျက်ကျက်စကားများကာ အိမ်ခွဲဆင်းသွားသည်ဟု ဒေါ်မြမြက ရင်ဖွင့်ပြီး ပြောပြဖူး၍ သူ့မိန်းမ မှတစ်ဆင့် ဦးဘဦးကသိထားပြီးဖြစ်သည်။ အိမ်ခွဲ ပြီးသည့်နောက်ပိုင်း သမီး မိန်းကလေး တစ်ယောက်မွေးကြောင်းသိရသော်လည်း ချွေးမရော၊ သား ကပါ မိဘဆီသို့ အဝင်အထွက်မလုပ်ကြဟု ဝမ်းနည်းစကားပြောခဲ့ဖူးလေသည်။
ယခုတော့သားဖြစ်သူက ကလေးတစ်ကောင်နှင့် မိဘဆီပြန် ရောက်လာသည်ဆိုတော့ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်လာခဲ့ကြောင်းသိသာ ထင်ရှားလှလေသည်။
“အင်း...အိုကြီး အိုမနဲ့ မြေးထိန်းရတယ်ဆိုတာ အဘိုး၊ အဘွားတွေရဲ့ နိယာမပဲလေ။ အဲဒီလိုထိန်းနေရလို့လည်း ဘဝမှာ မျှော်လင့်ချက်အသစ်၊ ရောင်ခြည် အသစ်ကလေးတွေ လင်းပြီး နေပျော်နေတာမဟုတ်လား”
ကိုယ့်ဟာကိုယ် ဟိုတွေးသည်တွေး တွေးနေမိစဉ် မောင်း သတင်း ရပ်သွားသည်။ မောင်ရွှေမောင်းကိုလှမ်းကြည့်လိုက်တော့ အနားမှမရှိတော့ချေ သရပ်သီးလည်း ကုန်သွားပြီဖြစ်လေသည်။
“မြမြတို့ မြေးလေးက ငါးနှစ်သမီးလောက်ရှိပြီ ချစ်စရာလေး။ ဒါပေမဲ့လည်း ဘာအကြောက်အရွံ့မှ မရှိဘူး အဖေကြီးရေ။ မြမြ တဟဲ့ဟဲ့အော်နေတဲ့ကြားက ခြံထဲကဖားပြုတ်ကို ခဲနဲ့အတင်းလိုက်ထုနေတယ် ....”
မိန်းမ က သူ့ခြေထောက်ကို တရုပ်ဆေးလိမ်းပေးရင်း တဆင့်သတင်းကို သယ်ဆောင်လာပြန်သည်။
“ကျွန်မတို့မှာ သမီးငယ်လေးတစ်ယောက်ပဲ မွေးထားပေမယ့် အထောက်အကူ အပြည့်ရတယ်။ သမီးကလည်းလိမ္မာ၊ သမက်ကလည်းသိတတ် လို့ကုသိုလ်သိပ်ကောင်းတာနော်၊ မြမြခမျာ သုံးယောက်တောင်မွေးထားတာ တစ်ယောက်မှ မိဘကိုမသိတတ်ဘူးတဲ့။ အခုဒီကြားထဲမှာ ကလေး တာဝန်တက်လာပြန်ပြီ။ သူတို့သားကလည်း နောက်အိမ်ထောင်ပြု မယ့်ရုပ်ပါပဲ”
“ကလေး အမေကရော”
“ဪသာ် .... နောက်ယောင်္ကျားတောင် ယူသွားပြီတဲ့။ ငယ်ကလည်းငယ်၊ ချောကလည်း ချောတော့ တစ်ခုလပ်တစ်လင်ကွာပေမယ့်လည်း ဝိုင်းဝိုင်းကို လည်လို့ဆိုပဲ၊ အဲဒါကိုမခံချင်လို့ကလေးအဖေကလည်း နောက်မိန်းမယူဖို့ အပြင်းအထန်ကြိုးစားနေတာတဲ့”
“ကောင်းကွာ”
မိန်းမက ….
“သမီးလေးလိမ္မာလို့ ကျွန်မတို့ကံကောင်းတယ်” ဟူသော စကားကိုထပ်၍ ပြောပြန်သည်။
သူ့မိန်းမက ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့တော့ စာသင်ကောင်းသည်။ သမီးကိုညတိုင်း ဆုံးမတတ်သည်။ ငါးရာ့ငါးဆယ်ပုံပြင်မှအစ ဘုရားနိပါတ်တော်များကိုပါပြောပြပြီး သင်ခန်းစာလေးတွေကို ထုတ်နှုတ်ပြလေ့ရှိတော့ သမီး၏ နှလုံးသားထဲမှာရော။ ဦးနှောက်ထဲမှာပါ ဘာသာရေးအသိနှင့် ထုံမွှမ်းပြီး နူးညံ့သိမ်မွေ့ခဲ့ရသည်။ တချို့ပုံပြင်များကိုတော့ သူပင်မသိ၍ သမီးနှင့်အတူရောပြီး နှစ်သက်စွာ နားထောင်ခဲ့ရဖူးသည်ကို သတိရမိသည်။
“သမီးလိမ္မာတာ အမေလိမ္မာလို့ပါကွာ”
သူကပြောတော့ သူ့မိန်းမက ရယ်မောရင်း……
“အမေလိမ္မာတာလည်း အဘွားလိမ္မာလို့ပါ အဖေကြီးရယ်” ဟုပြောလေသည်။ နေ့ခင်းကျတော့ မောင်ရွှေမောင်းက နေ့လယ်နေ့ခင်း သတင်းများကို ကြေငြာရန် ရောက်လာပြန်သည်။
“သား ... ကျောင်းက ပြန်လာတော့လေ၊ ဆွီးတီကို ခြံထဲမှာတွေ့တယ် ဘိုးဘိုးရဲ့၊ သူက တီကောင်တူး နေတာတဲ့”
“ဘာပြောတယ် ........”
“တီကောင်လေ။ ဘိုးဘိုးကလည်း သူက မိန်းကလေးပေမယ့် တီကောင်ကို မကြောက်ဘူး။ မြေကြီးထဲက ဆွဲထုတ်ပြီး ဟောဒီလိုတန်းလန်း ကိုင်ထားတယ်”
အတော်လေးစေ့စေ့စပ်စပ်ကြည့်ထားပုံရသော မောင်ရွှေမောင်း က အမူအရာတွေ ဘာတွေလုပ်ပြ နေသည်။
“နောက်ပြီးတော့ တီကောင်လေးကိုအုတ်ခဲပေါ်တင်ပြီး တဒုတ်ဒုတ်နဲ့ထုလိုက်တာ တီကောင်လေး တစ်ပိုင်းပြတ်သွားရော”
“ဟောဗျာ”
ဦးဘဦးခမျာ သောက်လက်စကော်ဖီပင် နင်ပြီး သီးသွားသည်။
“တီကောင် တစ်ပိုင်းပြားလေးက လိမ်ဖယ်လိမ်ဖယ် ဖြစ်နေတာကိုကြည့်ပြီး သဘောတွေကျနေတယ်၊ သားက သူ့ကို “ဟဲ့ မလုပ်နဲ့၊ နင် ငရဲ ကြီးလိမ့်မယ်” လို့ပြောတော့ “လုပ်တော့ဘာဖြစ်လဲ တီကောင်တွေ့တိုင်း ငါ သတ်နေကျတဲ့” နောက်ထပ် တီကောင်တစ်ကောင်ကို ကောက်ကိုင်ပြီး နှစ်ပိုင်းဆွဲဖြတ်လိုက်တယ်။ ပြီးတော့ သားကို မျက်စောင်းထိုးကြည့်ပြီး “နင့်ငရဲ ငါမကြောက်၊ ဆေးတံကြီးနဲ့ခေါက်၊ ဂေါက်... ဂေါက်” လို့လည်းပြော သေးတယ်”
အတော်ကြီးပင် စိတ်မချမ်းမသာဖြစ်လာပုံရသော မောင်ရွှေမောင်းက ဦးဘဦးဆီမှ စတော်ဘယ်ရီယိုသုတ်ထားသော ပေါင်မုန့်ကင်ကိုပင် ခါတိုင်းလို တောင်းမစားတော့ချေ။ ဦးဘဦး၏ရင်ထဲတွင်လည်း မကောင်း၊ ကုသိုလ်နှင့် အကုသိုလ်ကိုပင် ခွဲခြားပြီးသိဦးမည်မဟုတ်သည့် ကလေးမလေး အတွက်ဖြစ်သည်။ သူ၏မိခင်ကလည်း သူ့အသက်ကိုသတ်သည့် ပါဏာတိပါတာကံကို ရှောင်သင့်၊ ရှားသင့်ကြောင်း ဆုံးမသွန်သင်ခဲ့မည် မဟုတ်သည်က သေချာသည်။
“အကုသိုလ်ဆိုတာ ဘာလဲသိလား၊ သားလေး”
“ သိပါတယ် ဘွားဘွားရ၊ သူများအသက်သတ်တာ၊ ခိုးတာ၊ လိမ်တာ အရက်သောက်တာ၊ နောက်ပြီး သူများမိန်းမကိုကြိုက်တာ”
ရွှေမောင်းက အသက်ရှစ်နှစ် သာရှိသေးသော်လည်း အဘွား၏သွန် သင်ဆုံးမမှုနှင့် နားရည်ဝနေပြီဖြစ်သည်။
“ဒီလိုဆိုရင် အကုသိုလ်ကို အကုသိုလ်မှန်းသိလျက်နဲ့ လုပ်တဲ့သူနဲ့ မသိလို့လုပ်တဲ့သူ ဘယ်သူကပိုပြီး အပြစ်ကြီးမယ်ထင်သလဲ၊ စဉ်းစားကြည့်စမ်း”
“သိလျက်နဲ့ လုပ်တဲ့သူက ဆိုးတာပေါ့”
“မဟုတ်ဘူး သားရဲ့။ မသိလို့လုပ်တဲ့သူက ပိုပြီးဆိုးတယ်၊ ပိုပြီး အပြစ်ကြီးတယ်”
ဦးဘဦးသည် သူ့မိန်းမကိုငေးကြည့်ရင်း တစိမ့်စိမ့် ကျေးဇူး တင်နေမိသည်။ သူ့မိန်းမသည် အပျိုဘဝက အသားညိုညို၊ ပုပု လုံးလုံးကလေး ဖြစ်သည်။ မျက်နှာလေးက နူးညံ့ချိုသာသော်လည်း မိန်းမချော၊ မိန်းမလှတို့ ၏စာရင်းကို အနားပင်မသီနိုင်ခဲ့ရှာပေ။ အခုတော့ သူ့ခမျာအသက်က ခြောက်ဆယ်နီးပါး ဖြစ်နေရှာပြီမို့ ဝ၀လုံးလုံးကြီးဘဝသို့ ရောက်နေပြီဖြစ်သည်။ တစ်ခါတစ်ရံတော့ သူ့မိန်းမကိုကြည့်ရင်း မန်ကျည်း ဖျော်ရည်ဖျော်သော ထန်းလျက်ခဲကြီးနှင့် တူသည်ဟုတွေးကာပြုံးမိရတတ်သည်။ ထိုမည်းမည်း လုံးလုံး ထန်းလျက်ခဲကြီးက အမြင်မလှသော်လည်း မန်ကျည်းနှစ် ချဉ်ချဉ်ကိုပင် ချိုအောင်ပြုလုပ်နိုင်စွမ်းရှိသည်။ အဖိုးတန်လှသည်ဟု တွေးကာကျေနပ်ရမြဲဖြစ်သည်။
သမီးကို လိမ္မာစေခဲ့သလို၊ သူ၏တပည့်လေးများကိုလည်း ယဉ်ကျေးစေခဲ့သလို၊ အခုတော့လည်း မြေးကလေးကို ဘာသာရေး အသိနှင့် ထုံမွှမ်းပြီး ယဉ်ကျေးလိမ္မာစေရန် ဆုံးမပဲ့ပြင်လို့ နေပြန်ချေပြီ။
“ဟောဒီ မီးခဲကြီးတစ်ခဲချထားမယ်။ သားကို သွားကိုင်စမ်းလို့ ခိုင်းရင် ကိုင်မှာလား”
“ဟင့်အင်း”
ရွှေမောင်းက မျက်နှာလေးရှုံ့ကာ ခေါင်းခါသည်။
“ဘာဖြစ်လို့လဲ”
“ဟာ ... ဘွားကလည်း၊ ပူမှာပေါ့လို့”
“အေးပေါ့၊ အကုသိုလ်ဆိုတာ မီးခဲနဲ့တူတယ်။ ပူမှန်းသိတဲ့သူက ဘယ်ကိုင်မှာလဲ။ မတတ်သာလို့ ကိုင်ရရင်လည်း အပူသက်သာအောင် ဖွဖွလေးပဲ ကိုင်မှာပေါ့ ဟုတ်လား”
ရွှေမောင်းက ခေါင်းညိတ်သည်။သူ့စိတ်ကူးထဲတွင် မီးခဲကြီးကိုမပူအောင် ကိုင်ကြည့်ရင်း စိတ်ရှုပ်ထွေးနေဟန်ရှိသည်။
“ပူမှန်းမသိတဲ့ သူကတော့ ကိုင်မည်ဆိုရင် အတင်းဆုပ်ပြီးကိုင်ပစ်လိုက်မှာပဲ။ ဒီတော့ပိုပြီးပိုပြီးပူတာပေါ့။ အဲဒီလိုပဲ အကုသိုလ် ကို အကုသိုလ် မှန်းမသိတဲ့သူက ပိုပြီးရက်ရက်စက်စက်၊ နှစ်နှစ်သက်သက် ပြုတတ်ကြ တယ်တဲ့။ ဒီတော့ တန်ပြန်လာပြီး ရိုက်ခတ်တဲ့အပြစ်ကလည်းပို ပြီးကြီးတယ်တဲ့”
ရွှေမောင်းက အဘွားကို အတန်ကြာအောင်ငေးကြည့်နေပြီးမှ တိုးတိုးလေး ပြောသည်။
“ဒီလိုဆိုရင် ဆွီးတီက မီးခဲကြီးကို အတင်းဆုပ်ကိုင် ထားတာလားဟင်၊ အဘွား”
“ဘွားရဲ့မြေးက ဥာဏ်ကောင်းလိုက်တာ၊ ချက်ချင်းတန်းပြီး မြင်တာပဲ”
အဘွားက ရွှေမောင်း၏ဆံပင်လေးများကို ပွတ်သပ်ပေးပြီး ကျေနပ်ပြုံးလေး ပြုံးနေသည်။ ရွှေမောင်းကတော့ မပြုံးနိုင်၊ မျက်နှာလေးပျက် တက်တက်နှင့် မသာမယာ ဖြစ်နေသည်။ ညအိပ်ခါနီး အဘိုး၊ အဘွားကို လာကန်တော့ပြီး ကျန်းမာသက်ရှည်စေရန် ဆုပေးသောအခါကျမှ…..
“ ဆွီးတီကို မီးမလောင်ပါစေနဲ့လို့၊ သိပ်မပူပါစေနဲ့လို့ ဆုတောင်းပေးပါ ဘွားဘွားရာ” ဟု
ပြောရှာသည်။
ရွှေမောင်း၏ သူငယ်ချင်းဆွီးတီနှင့် ဦးဘဦးလည်း မကြာမီ ရင်းနှီးခဲ့ရသည်။ မောင်ရွှေမောင်းက အဘိုး၏အိပ်ရာဘေး အထိခေါ်လာကာ မိတ်ဆက် ပေးခဲ့သောကြောင့် ဖြစ်သည်။ အသားဖြူဖြူ ဆံပင်လိမ်ကောက်ကောက်ကလေး နှင့် ချစ်စရာ ကလေးမလေးသည် မျက်နှာလည်းချိုလှသည်မို့ ဦးဘဦးတို့ ဇနီးမောင်နှံကလည်း မချစ်ဘဲမနေနိုင်။
“အိမ်က ဖေဖေကြီး(အဘိုး) က သမီးကို ထနထနအော်တယ်။ နောက်ပြီး နရဲဂျာမလေး၊ နရဲဂျာမလေးလို့လည်း ထော်တယ်”
“သူ့ကို ဘဘကြီးက “ငရဲစာမလေး’ လို့ခေါ်တယ်လို့ပြောတာ ဘိုးဘိုးရ”
မောင်ရွှေမောင်းက ဆွီးတီ၏စကားကို ဘာသာပြန်ရသည်။ နဂိုကမှ စကားကမပီရသည့်အထဲ ၊သွားကျိုးလေထွက်နေတော့ သူပြောသည့် စကားကို ဦးဘဦး နားမလည်ချေ။
“ဟုတ်လား ... သမီးကိုဘာလို့ ငရဲစာမလေးလို့ ခေါ်တာလဲ”
“အကောင်တွေ တတ်လို့တဲ့”
“ဒီလိုဆို ... အကောင်တွေ မသတ်နဲ့တော့ပေါ့၊ ဟုတ်ဘူးလား”
“ဟင့်အင်းတတ်မှာပဲ၊ တတ်ချင်တယ်၊ မာမီလည်း တတ်တာပဲ၊ မာမီ့ ကိုလည်း နရဲဂျာမလေးလို့ ထော်ပါဘူး”
ဆွီးတီက ခေါင်းလေးတစ်ခါခါနှင့်နှုတ်ခမ်လေးစူကာ မကျေမနပ်ပြောသည်။ ဦးဘဦးကတော့ ချစ်စဖွယ် ကလေးမလေးကို ငေးကြည့်ရင်း
“ဒါကြောင့်မို့လို့လည်း မြတ်စွာဘုရားကမဂ္ဂင်ရှစ်ပါးမှာ သမ္မာဒိဋ္ဌိကို ရှေ့
တန်း တင်ခဲ့တာဖြစ်မှာပဲ” ဟုတွေးနေမိသည်။
သူ၏မိန်းမကတော့……
“ကလေးပဲကွယ်။ အဖေအမေ လုပ်တယ်ဆိုရင် အကောင်းထင်ပြီး လိုက်လုပ်တာပေါ့ နောင်ကျတော့လည်း တဖြည်းဖြည်း ဆုံးမရင် သိလာမှာပါ။ မြမြကိုအိမ်မှာရှိတဲ့ ငါးရာငါ့းဆယ်ပုံဝတ္တုတွေ ပေးဖတ်ရဦးမယ်။ ကလေးကို ပြောပြရအောင်” ဟုပြောသည်။
ရွှေမောင်းကတော့ သူ့အဘွားကို …..
“အဘွားဖတ်ခိုင်းလည်း ဘွားမြက ဖတ်နိုင်မှာမဟုတ်ဘူး၊ အားရင် သိုးမွှေးခြုံတွေထိုးနေတာပဲ၊ အဲဒါတွေ ဈေးမှာရောင်းပြီး ဆွီးတီအတွက် လိုတာတွေဝယ်ရဦးမှာတဲ့” ဟု ခပ်တိုးတိုး သတင်းပို့သည်။
အဘိုးကြီး၊ အဘွားကြီး နှစ်ယောက် ပင်စင်လစာလေးနှင့် ခြစ်ခြစ်ခြုတ်ခြုတ် စားနေရသည့်အထဲတွင် မြေးတစ်ယောက် တာဝန်တက်လာတော့ အတော်ကြီး ကသီလင်တဖြစ်နေပုံရသည်ကို တွေးကြည့်ရင်း ဦးဘဦးစိတ်မကောင်း ဖြစ်မိသည်။ ဆွီးတီ၏အဖေကလည်း အစိုးရအလုပ်ကို ထွက်လာသိလိုလို၊ ကုမ္ပဏီအလုပ်ပဲ ဝင်လုပ်တော့မလိုလို၊ နိုင်ငံခြားပဲ ထွက်တော့မလိုလိုနဲ့ ကလေးတာဝန်သာမက သူ့တာဝန်ကိုပါ မိဘပခုံးပေါ်သို့လာပြီး ဖိတင်ထားပုံ ရလေသည်။ ငွေလိုလာသော ဦးဘဦးကတော့ ထီဘက်လှည်ကာ ထီဖိထိုးသည်။ သို့သော် တစ်ခါမျှပေါက်သည်ဟု မကြားရ။
‘ကွဲပြန်ပြီကွာ’ ‘လွဲပြန်ပြီကွာ’ နှင့် သူ့နဖူးသူရိုက်ပြီး ရေရွတ်နေတတ်သည်ဟု ဆွီးတီက ရွှေမောင်းဆီသို့ သတင်းပို့လေသည်။
အခုတော့ ဦးဘဦး၏ခြေထောက်လည်း ပြန်ကောင်းလာကာ သွားနိုင်လာနိုင်လာပြီ ဖြစ်သည်။ ဆွီးတီတစ်ယောက် ဒဂုံမြို့နယ်သူ ဖြစ်နေသည်မှာလည်း လေး ငါး ခြောက်လရှိပြီဖြစ်သည်။ နေ့ခင်းကျောင်းဆင်းလာလျှင် ရွှေမောင်းဆီသို့ ရောက်လာတတ်သည်။ အဘွားကျွေးသော မုန့်ကို ရွှေမောင်းနှင့်အတူ စကားကာ ရွှေမောင်းနှင့်အတူ အရုပ်ကားချပ် ဆက်လိုက်၊ အိမ်ဆောက်လိုက်၊ြွေမနှင့်လှေကား ကစားလိုက်နှင့်ပျော်နေ တတ်သည်။ အိမ်ပေါ်ပျင်း၍ အိမ်အောက်ဆင်းကြလျှင်တော့ တီကောင် ထုလိုက်၊ ဖား ရိုက်လိုက်၊ ပုတ်သင်ညိုကို ကျောက်ခဲနှင့်ပေါက်လိုက်နှင့် ထင်ရာလုပ် တော့သည်။
တစ်ခါတော့ ကင်းလိပ်ချောကို ကျောက်ခဲနှင့်ပေါက်သတ်ပြီး မသေမရှင်ကြီး ကောက်ကိုင်ကာ ရွှေမောင်းဆီပစ်ပေး လိုက်သည်။ သူ့ပေါင်ပေါ် ဘုတ်ခနဲကျလာသော ကင်းလိပ်ချောကြီးကို ငုံ့ကြည့်ရင်း ရွှေမောင်းခမျာ အာခေါင်ခြစ်ပြီးအော်လိုက်သည်မှာ အသံတွေပင် ပြာသွားသည်။ ထို့နောက်တော့ ဆွီးတီကို မခေါ်ဘဲ သုံးရက်ခန့် မျက်နှာကြီး ပုပ်သိုး နေလေသည်။ ထို့နောက် ဆွီးတီကို မခေါ်ဘဲ သုံးရက်ခန့်မျက်နှာကြီးပုပ် နေလေသည်။
“သူက ရိုးရိုးကစားရတာကို မပျော်ဘူး၊ အကောင် သတ်တမ်းပဲ ကစားချင်နေတာ၊ တကယ့်ကို ငရဲစာမလေး၊ သရဲမလေး”
ရွှေမောင်းက စိတ်ဆိုနေသည်။ လေးရက်မြောက်နေ့တွင်တော့ ပြန်ခေါ်ကြသည်။
ဆွီးတီက….
“အဲဒီလို မလုပ်တောပါဘူး” ဟုကတိပေးသော်လည်း ရွှေမောင်းကတော့ မယုံမရဲနှင့် သွေးလန့်နေဟန်ရှိလေသည်။
“ဘဝ သံသရာဆိုတာ ကမ်းမမြင်၊ လှမ်းမမြင်ရတဲ့ ပင်လယ်ကြီးနဲ့တူတယ် ကလေးတို့ရဲ့၊ လူ့ဘဝဆိုတာလည်း အင်မတန်ရခဲတယ်”
တစ်နေ့က နေ့လယ်ပိုင်းတွင်တော့ ကလေးနှစ်ယောက်ကို ရွှေကန်စွန်းဥပြုတ် ကျွေးရင်း အဘွားက တရားဟောရန် ကြိုးစားလေသည်။
“အဲဒီပင်လယ်ကြီးထဲမှာ အဘွားတို့က ဖောင်တစ်စီးနဲ့ မျောနေကြရတာတဲ့။ အဘွားရဲ့ ဖောင်ဟာ သစ်ဖောင်လား၊ ဝါးဖောင်လား၊ သေးလား၊ ကြီးလား အဘွားလည်း မသိဘူး၊ ဖောင်ပေါ်မှာ ကျောက်ခဲတွေ ရှိနေသေးသတဲ့။ အဲ့ဒီကျောက်ခဲတွေက ဘယ်လောက်ကြီးတဲ့ ကျောက်တုံးကြီးတွေ ဖြစ်ပြီး ဘယ်လောက်များနေသလဲ၊ ဖောင်ဆိုတာ ကုသိုလ်ဖြစ်ပြီး၊ အပေါ်က ကျောက်ခဲတွေက အကုသိုလ်တွေနဲ့တူတယ်တဲ့။ ဒီဘဝမှာ ကုသိုလ်များများ လုပ်ရင် ဖောင်ကပိုပြီး တောင့်တင်းခိုင်မျာလာမှာဖြစ်ပြီး အကုသိုလ်များများ လုပ်ရင်တော့ ကျောက်ခဲတွေ ထပ်တင်နေတာနဲ့တူတယ်တဲ့”
သည်တစ်ခါ မိန်းမပြောသည်က ဆွီးတီမပြောနှင့် ရွှေမောင်းပင် နားလည်ဟန်မတူချေ။ ပင်လယ်ရော၊ ဖောင်ရော၊ ကျောက်တုံးတွေရော ရှုပ်နေတော့ မောင်ရွှေမောင်းက မနည်းလိုက်စဉ်းစားရင်း မျက်လုံးလေး ပေကလပ်၊ ပေကလပ်ဖြစ်နေသည်။
“ကျောက်ခဲတွေ ထပ်ထပ်ပြီးတင်ထားတာများနေရင် နောက်ဆုံး ကုသိုလ်ဖောင်က မခံနိုင်ဘဲပျက်သွားတတ်တယ်၊ ကျောက်တုံးတွေနဲ့လေးပြီးရေထဲမှာ မြှပ်သွားတတ်တယ်။ ကဲ ... သမီးလေး ...ဆွီးတီပြောစမ်း၊ သမီးရဲ့ဖောင်ပေါ်ကို ကျောက်တုံးတွေ တင်ချင်သလား”
“ဟုတ်ကဲ့”
ဆွီးတီက မျက်နှာချိုချိုလေးနှင့် ခေါင်းညိတ်သည်။
“ဟင် ... ဘာဖြစ်လို့လဲသမီးရဲ့”
“ဘွားကရဲ ...ဖောင်ကြီးမုတ်တွားမှ ရေထဲချင်းကူးလို့ရမှာပေါ့၊ တမီးက ရေကူးချင်တာ”
“ကောင်းပါရောဗျာ”
သူက တဟားဟား ထရယ်မိသည်။ စိတ်ညစ်လက်ညစ်နှင့် အမောကြီး မောသွားဟန် ရှိသော သူတို့အဘွားကိုကြည့်ရင်း ရွှေမောင်းနှင့်ဆွီးတီ တို့ကလည်း တခစ်ခစ်ရယ်နေကြသည်။
“မိန်းမရေ ... သူငယ်တန်းကို ဆယ်တနုးစာမသင်နဲ့လေကွာ။ မင်းရဲ့ လေကို နည်းနည်းလျှော့မှပေါ့၊ ကလေးတွေ ဘယ်နားလည်မလဲ”
သူပြောတော့မှ သူ့မိန်းမကယဲ့ယဲ့လေးပြုံးကာ………
“ဆန္ဒတွေ စောသွားလို့ပါကွယ်” ဟုခပ်တိုးတိုးပြန်ပြောသည်။
ဆွီးတီကလေး ကုသိုလ်နှင့် အကုသိုလ်ခွဲခြား သဘောမပေါက်ခင် အကုသိုလ်ကံက အရင်ဦးအောင် အကျိုးပေးသွားမည်ကို သူ့မိန်းမစိုးရိမ်နေကြောင်း သူလည်း သိပါသည်။ ရွှေမောင်းကလေးကတော့ ညတိုင် အဘိုး၊ အဘွားကို ကန်တော့လေတိုင်း ……
“ဆွီးတီကိုင်ထားတဲ့မီးခဲကြီးက သူ့ကိုမလောင်ပါစေနဲ့လို့လည်း ဆုတောင်းပေးဦးနော်” ဟုပြောလေ့ရှိသည်။
သူတို့ကလည်း ဆုတောင်းမြဲဖြစ်လေသည်။ သို့သော် အကုသိုလ်ကံ အကျိုးပေးဟူသည်မှာ ကလေး၊လူကြီး အသက်အရွယ်ကို မလိုက်တတ်၊ မရွေးတတ်ကြောင်း၊ ဆုတောင်းပေးတိုင်း လည်း ပြန်လှည့်မသွားတတ်ကြောင်း သူတို့သိခဲ့ရသည်။
-----------××××××----------
တစ်နေ့ကတော့ ဆွီးတီအပြင်းဖျားသည်။ ရွှေမောင်းက ……..
‘ဆွီးတီ ဖျားနေတယ်’ ဟုပြောသော်လည်း ခပ်ပေါ့ပေါ့ပင် သဘောထားမိသည်။
မိန်းမကတော့ ဒေါ်မြမြကို ………
“သွေးလွန်တုပ်ကွေးသာ စိုးရိမ်ရတာပါ။ သမီးပြန်လာရင် လာပြီးစမ်းခိုင်းလိုက်မယ်” ဟုလှမ်း၍ ပြောသံကိုကြားရသည်။ သို့သော် ဆေးရုံမှနေပြီး ဆေးခန်းသို့တန်းသွားသော သမီးနှင့်သမက်တို့ ပြန်လာတော့လည်း မိုးချုပ်နေပြီမို့ တစ်ဖက်ခြံကို မသွားခိုင်းဖြစ်တော့ပေ။ မနက်ကျတော့လည်း အချိန်လုကာ အပြေးအလွှား ထွက်ခွာရသူများကို
“ဆွီးတီကလေး ဖျားနေတယ်။ သွားကြည့်ကြပါဦးကွယ်” ဟုမပြောဖြစ် လိုက်တော့။ သူတို့ခမျာ ရေချိုးအပြီး ထမင်းကြမ်းကြော်ကလေးပင် မစားနိုင်။ ဆရာဝန်ကြီးက ရှစ်နာရီခွဲရောင်းလှည့်တတ်၍ မီအောင်မနည်းပြေး ကြရသည်။ သည်လိုနှင့်ပင် ဆွီးတီကို ပါရာစီတမောလေးတိုက်လိုက် ကွမ်းရွက်ပြုတ်ရည်လေး တိုက်လိုက်၊ မိဂသီလေး လိမ်းပေးလိုက်နှင့် လေး ငါးရက် ကြာသွားသည်။ စနေနေ့ကျတော့ ဆွီးတီကလေး ခြေထောက်နာ၍ ငိုနေသည်ဆိုသော အခါ သမီးက သူ၏သားတော်မောင် မောင်ရွှေမောင်းနှင့် အတူ တစ်ဘက် အိမ်ကိုကူးသွားဖြစ်သည်။ ခဏနေတော့မောင်ရွှေမောင်းက သူ့အဖေကိုလာ ပြန်ခေါ်သည်။
“ကလေးဘာများ ဖြစ်လို့ပါလိမ့်”
ဦးဘဦးက စိတ်ထဲတွင် အနည်းငယ်ထင့် သွားသည်။
“ကိုယ်တွေလက်တွေနာတယ်ဆိုတော့ ရိုးရိုးတုပ်ကွေးပဲဖြစ်မှာပါရှင်”
သူ့မိန်းမကတော့ ခပ်အေးအေးပင်ပြောသည်။ သူကတော့ သွေးလွန်တုပ်ကွေး တစ်ခုကိုသာ ကြောက်စရာကောင်းသည်ဟု ထင်ထားသူ ဖြစ်လေသည်။
သို့သော် ဆွီးတီကလေးတွင် သွေးလွန်တုပ်ကွေးထက် ကြောက်စရာကောင်းသော ရောဂါဖြစ်နေကြာင်း မကြာမီသိခဲ့ရသည်။
“ဘာ .... ပိုလီယို ... ဟုတ်လား”
ဦးဘဦးက အထိတ်တလန့်မေးမိသည်။
“ဟုတ်တယ်ဖေဖေ။ ရောဂါလက္ခဏာတွေအရတော့ အဲဒါဖြစ်ဖို့များ နေတယ်”
သူ၏သမက်က အသံပျော့ပျော့နှင့်ပြောသည်။ စိတ်မကောင်းဖြစ်ပြီး မျက်နှာလည်း ညိုနေသည်။
ပိုလီယို(ခေါ်)အရိုးပျော့ရောဂါဖြစ်ပါက ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းတော့ဘဲ ဒုက္ခိတဖြစ်ကြရသည်ကို သိထားတော့ ဦးဘဦး၏ရင်ထဲတွင် သားသမီးချင်း၊ မြေးချင်း စာနာစိတ်နှင့် တရှိန်ရှိန်ပူလာသည်။
“အမှန်ကတော့ ပိုလီယိုဆိုတာ အခုအချိန်မှာဖြစ်ရမယ့်ရောဂါကို မဟုတ်တော့ဘူး၊ နိုင်ငံနှင့်အဝန်းစီမံကိန်းချပြီး ကာကွယ်ဆေးတွေ တိုက်ပေးနေတာ ကြာလှပြီဖေဖေရဲ့”
“ဟ ... ဒါဆိုရင် ဘာလို့ဖြစ်ရတာလဲ”
“ကာကွယ်ဆေး မတိုက်ခဲ့လို့ဖြစ်တာပေါ့ ဖေဖေရယ်”
သမီးက မချိတင်ကဲပြောသည်။ မျက်လုံးတွေနီပြီး မျက်ရည်လည်းဝဲ နေသည်။
“ကလေး တစ်နှစ်မပြည့်ခင် ကာကွယ်ဆေးကို သုံးခါတိုက်ရတယ်။ ကျန်းမာရေးဌာနက နှိုးဆော်ပြီး ရပ်ကွက်ဒေသန္တရဆေးခန်းတွေမှာ အလကား လိုက်တိုက်ပေးနေတာပဲ ဖေဖေရယ်၊ ကလေးမိဘတွေအနေနဲ့ ဆေးတိုက်မယ့်နေ့မှာ ကိုယ့်ကလေးကို ကိုယ်ခေါ်လာပြီး ဆေးအတိုက်ခံလိုက်ရုံပဲ၊ ဘာဆိုဘာမှ ပင်ပန်းတာမဟုတ်ဘူး။ တစ်ပြားတစ်ချပ်မှလည်း မကုန်ဘူး အဲ့ဒါကို”
“အေးလေ၊ အဲဒါကို ဘာဖြစ်လို့ မတိုက်ခဲ့တာတဲ့တုံး”
သူ့မိန်းမက ခပ်လောလောမေး သည်။ ဆွီးတီလေးကို သနားစိတ်နှင့် ပြိုးပြိုးပျာပျာဖြစ်ပြီး အသံတွေအက်နေသည်။
“သူ့အဖေမေးကြည့်တော့လည်း ဘာမှ ဂဃနဏ မသိဘူး မေမေရဲ့၊ တစ်ခါတုန်းကတော့ ကာကွယ်ဆေးတိုက်ဖို့ ကလေးခေါ်ပြီးလာဖို့ရပ်ကွက် ထဲလှည့်အော်တာ မှတ်မိတယ်တဲ့၊ ဒါပေမဲ့ အဲဒီတုန်းက သူ့မိန်းမက သူနဲ့ ရန်ဖြစ်ပြီး ကလေးကိုခေါ်ပြီး အိမ်ပေါ်က ဆင်းသွားတဲ့အချိန်မို့ အိမ်မှာ ကလေးမရှိဘူးတဲ့၊ သူနဲ့သူ့မိန်းမက ခဏခဏရန်ဖြစ်ပြီး ခဏခဏ အိမ်ပေါ်ကဆင်းနေတော့ ကလေးကို ကာကွယ်ဆေး တိုက်တာတွေ၊ ထိုးတာတွေကို ဘာမှ သတိမထားမိဘူးတဲ့ မေမေရ၊ ကောင်းကြရော”
“တော်ပါတော့ကွာ်”
ပြောရင်း ပြောရင်းဒေါသဖြစ်လာပြီး အသံကျယ်လာသော သမီးကို သမက်က တားသည်။ တစ်ဖက်အိမ်က ကြားသွားမည်ကို အားနာစိုးရိမ်သော ကြောင့်ဖြစ်လေသည်။
“သူတို့တွေလည်း မိဘတွေပဲ၊ ဒီဆေးဟာ ဒီလောက်အရေးကြီးမှန်း မသိလို့ ပေါ့ဆမိတာပေါ့ကွယ် ... သိရင်တော့ ဘယ်သူနေမှာလဲ”
“အဲဒီလို မသိတာကို စိတ်ဆိုးတာပေါ့၊ ကလေးတွေမွေးထားရင် သိတတ်ရမှာပေါ့။ အလကားမိဘတွေ၊ အခုတော့ ကလေးခမျာ တစ်သက်လုံး ဒုက္ခိတ”
သမီးက ပြောလက်စကားကို ဆက်မပြောတော့ဘဲ ခေါင်းငုံ့ လိုက်သည်။ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အသက်ပြင်းပြင်းရှုရင်း သူ့စိတ်ကို သူထိန်းနေသည်။
“နောက်ဆုံးတော့ ကံပေါ့ကွယ်၊ ကံစီမံရာဖြစ်ကြရတာ မဟုတ်လား ကလေးရဲ့ ကုသိုလ်ကံကိုက ဆိုးတယ်ထင်ပါရဲ့”
ဦးဘဦးက တရားသံနှင့်ပြေရာပြေကြောင်းပြောသည်။ သူငယ်ငယ်တုန်းက ကံကို ယုံသူမဟုတ်ခဲ့ပေ။ သို့သော် အခုတော့ ကံကိုတော်တော်ကြီး ယုံမိနေပြန်သည်။ ကံဟူသည်မှာ အလုပ်ပင်ဖြစ်သည်မို့ မိမိအလုပ် အကျိုးဆက်ကို မိမိသာလျှင်ခံစားရမည်ဖြစ်ကြောင်း သဘောပေါက်နေပြီ ဖြစ်လေသည်။ ရုတ်တရက်ပြောစရာစကား ကုန်သွားသလို အားလုံးကအတွေး ကိုယ်စီနှင့် ငြိမ်သက်နေကြသည်။ အင်မတန် အမေးအမြန်းထူကာ စကားများလှသော ရွှေမောင်းကလေးပင် အခန်းထောင့်က ကြိမ်ကုလားထိုင်လေး ပေါ်တွင် ငြိမ်ငြိမ်ကုပ်ကုပ်လေး ထိုင်နေရှာလေသည်။
“သားလေး၊ ငြိမ်လှချည်လား။ ဘာတွေစဉ်းစားနေလဲ”
တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုဟန်ရှိသော သူ၏သမက်က သူ့သားတော် မောင်ရွှေမောင်းကလေးဆီ လျှောက်သွားသည်။ အနားရောက်တော့ ဆံပင်ပျော့ပျော့ ကလေးများကို ချစ်စနိုးဖွကစားရရင်း
“ဆွီးတီ အကြောင်းတွေးပြီး စိတ်မကောင်းဖြစ်နေတာလား ... ဟင်” ဟု ခပ်တိုးတိုးထပ်၍မေး
သည်။
သူ့ဖခင်ကို မော့ကြည့်သော ရွှေမောင်း၏မျက်လုံးထဲတွင် မျက်ရည်တွေ ပြည့်နေသည်။
“ဆွီးတီကို သနားတယ် ဖေဖေ”
ရွှေမောင်းက တုန်တုန်ခိုက်ခိုက်လေးပြောရင်း မျက်ရည်တွေ စီးကျလာသည်။ ထို့နောက် သူ့ဖခင် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာလှုပ်ယမ်းရင်း ရှိုက်သံလေးနှင့် မေးနေသည်။
“သူဘာလို့ ဒီလိုဖြစ်ရတာလဲဟင်။ သူ့ကျမှ ဘာလို့ဖြစ်ရတာလဲ။ မေမေ ခုနတုန်းက ပြောသလို သူ .... သူ ...တစ်သက်လုံး ...ဒုက္ခိတ...”
သူ့ဖခင်က ဘာမျှပြန်မပြောဘဲ တုန်တုန်ယင်ယင်ဖြစ်နေသော သူ့ကိုယ်လုံးလေးကိုသာ ရင်ခွင်ထဲသွင်းပြီး တင်းတင်းကျပ်ကျပ် ဖက်ထားသည်။
.
.
.
.
.
ကုက္ကိုပင်ထက် မှ ဥဩလေးကတော့ လွမ်းစဖွယ်အော်မြည် နေရှာသည်။
##~~~~~@@@~~~~~##
မစန္ဒာ
မေတ္တာစမ်းရေမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀ဝ၂-ခုနှစ်။
ဝတ္ထုတိုများ(၇)။
ကျွန်တော်ချစ်သောစာအုပ်များမှ…
No comments:
Post a Comment