မျောက်လောင်းကို သူ့အမေရိုက်
************************
ဆင်ဖြူကျွန်းအောင်သိန်း
ချိုးကူးသံသော်မျှ သဲ့သဲ့ကလေးသာ ကြားရပြီး ကန်စွန်းပင်လှ တစ်ရွာလုံး တိတ်ဆိတ်နေသည်။ သည်အချိန်တွင် ရွာလုံးကျွတ် ကြားလောက်အောင် ကျယ်လောင်သော အသံကြီးဖြင့် အော်ငိုလိုက်သူကား စံဝ၊ မိမှေးတို့၏ နို့ညှာသား ကျော်သူစံပေတည်း။
အကြီးမ လှလှရွှေနှင့် အလတ်ကောင် ရဲရင့်စံတို့ ကျောင်းသွားနေကြသည်။ အိမ်တွင် အမေ မိမှေး၊ နို့ညှာကောင် ကျော်သူစံနှင့် နို့စို့ကလေးသာ ရှိသည်။ စံဝလည်း လယ်ပြင်သို့ ရေမိုးကြည့်ရန် သွားနေသည်။
အိမ်ရှင်မများမှာ မည်သည့်အလုပ်ကို လုပ်ကိုင်နေရပါသည်ဟု မည်မည်ရရ ပြောစရာ မရှိငြား၊ မျက်စိနှစ်လုံး ပွင့်သည်မှ စ၍ လက်ချ မနေရ၊ အိပ်ချိန်သို့ ဆိုက်ရောက်သောကြောင့်သာ အိပ်လိုက်ရစေကာမူ လုပ်စရကား မကုန်။
မိမှေးလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။
မိမှေး၏ အဖော်အလှော်ကား ကျော်သူစံ သာဖြစ်သည်။
''သားရေ … ညီလေး ခါးပန်းနား မသွားစေနဲ့နော်''
''ဟုတ်ကဲ့''
'ဟုတ်ကဲ့' ဟု ပါးစပ်ကပြောငြား ကျော်သူစံသည် ညီလေးအား လှည့်၍သော်မျှ မကြည့်။ တိုင်၏ ပိုးထိုးပေါက်တွင် ထုံးနှင့်တူသော ရွှံ့ဖြူဖြူတွေ မံပြီး ၀င်ချည်ထွက်ချည် လုပ်နေသော နကျယ်ကောင် စိမ်းဝါကျားကို ချောင်းမြောင်းနေသည်။
နို့စို့ကလေးသည် လေးဖက် တွားမသွား ဖင်ရွှေ့ဖင်ရွှေ့ဖြင့် ခါးကိုကော့ပြီး ထိုးသွားနေသူ ဖြစ်၏။ ၀န်းရံထားသော ပူဖောင်းနှင့် ဘောလုံးကို ရိုးသွားပြီ။ ၀ါးပေါက်စိပ်ဖြင့် ကွပ်ထားသော အိမ်ခါးပန်းတွင် တင်နေသော မန်ကျည်းခက်ကို စိတ်ဝင်တစား ဖြစ်နေသည်။
''နကျယ်ကောင်ဟာ အဆိပ်ပြင်းတယ်။ သူ့ဖင်က ချွန်ချွန်ကလေးနဲ့ ထိုးလိုက်ရင် အားကြီး နာတယ်။ ချက်ချင်း ချိုင်းကြားမှာ အကြိတ်ကြီး ထွက်လာပြီး မလှုပ်နိုင်တော့ဘူး။ လက်မလှုပ်နိုင်ရင် ထမင်းလည်း မစားနိုင်၊ ကစားလည်း မကစားနိုင်တော့ဘူး …''
အမေကြီးဒေါ်ဖော့ (အဘွား) ပြောဖူးသည်ကို ကျော်သူစံ မှတ်ထား၏။ ထို့ကြောင့် အစိမ်းရောင် တောက်တောက်လွင်လွင်တွင် အ၀ါကျားထားသော နကျယ်ကောင်ကို လက်ဖြင့် အုပ်ဖမ်းချင်ပါလျက် ကျော်သူစံ မဖမ်း။ တံမြက်စည်းတံ တစ်ချောင်းဖြင့် စောင့်ဆိုင်း ချောင်းမြောင်းနေသည်။
''ဟဲ့ … ကျော်သူစံ ဘာလုပ်နေသလဲ''
အမေ့အသံ ပေါ်လာသောကြောင့် ကျော်သူစံ၏ ခေါင်းသည် နို့စို့ကလေးဘက်သို့ လည်သွား၏။ ကလေးသည် ထိုအချိန်၌ သူ၏ ရည်မှန်းချက်ဖြစ်သော မန်ကျည်းခက် ရှိရာသို့ ရောက်သွားပြီ။
''ညီလေး .. မစားရဘူး .. မစားရဘူး ..''
ကျော်သူစံ အော်ပြောရင် ပြေးသွားသော်ငြား မမီလိုက်တော့ပါ။ နို့စို့ကလေးသည် အရွက်ဆယ်ရွက်ခန့်ပါသော မန်ကျည်းခက် အကြွေကို ပါးစပ်ထဲသို့ ထည့်ပြီး သွားချေပြီ။
သည်ကဲ့သို့သော အရာမျိုးကို မျိုချမိပါက လျှာခင်တွင် ငြိနေကြောင်းကို ကျော်သူစံ သိသည်။ လည်ချောင်းထဲတွင် တောင်မရောက် မြောက်မရောက် နင် နေတတ်သည်မှာလည်း လက်တွေ့။
''ထွေး … ထွေး … ဖီ လို့ ထွေးပစ် …''
ကလေးသည် အစ်မ သင်ထားသဖြင့် ထီကနဲ ထွေးတတ်၏။ သို့သော် လိုအပ်ချိန်ဝယ် မထွေး။
''ဟ … ဟ …''
ကျော်သူစံသည် ကလေး၏ အဟကို မစောင့်၊ အတင်း ပါးစပ်ဖြဲပြီး လက်ညှိုးဖြင့် ထိုးကော်၏။ ကျော်သူစံ၏ လက်ညှိုးသည် မန်ကျည်းခက်ကို မကော်မိ။ ကြေးညှော်တွေ ထူထပ် ပြည့်လျှံနေသော လက်သည်းဖြင့် ပါးစောင်ကို ထိုးမိလေ၏။
ကလေးသည် ကျော်သူစံ၏ ညီ ပီပီ အသံကျယ်ကြီးဖြင့် အော်ငိုသည့် ခဏ၀ယ် မိမှေး ဘွားကနဲ ပေါ်လာသည်။
''ညီလေး … တိတ် .. တိတ် …''
ကလေး မတိတ်ပါ။ ကလေး အငို မတိတ်သောအခါ ကျော်သူစံသည် ကလေး၏ အောက်မေးကို တွန်းပြီး ပါးစပ်ကို စေ့ထားလေ၏။
''တိတ်နော် … ညီလေး … တိတ် .. တိတ် …''
ကလေးက လှုပ်ရှား ရုန်းကန်ရင်း အိအိအအ မြည်သည်။ ကျော်သူစံသည် အမေ ကြားသွားပြီလောဟု လှည့်ကြည့်သည်။ ဒေါင်ခနဲ မြည်အောင် ခေါက်မည်ဟု လက်ရွယ်လျက် ချဉ်းကပ်လာသော အမေ့ကို မြင်သည်။
ကျော်သူစံ လှစ်ခနဲ အိမ်ပေါ်မှ ခုန်ချသည်။
''ညီလေး .. ညီလေး .. မန်ကျည်းကိုင်းကြီး မျိုချလို့ အမေရဲ့'' ဟု သတင်းပေးသည်။
မိမှေးကလည်း ကလေး၏ ပါးစပ်ထဲသို့ မသန့်ပြန့်သော လက်ညှိုးကြီး ထိုးပြန်ပြီ။
''မန်ကျည်းကိုင်းကို ကလေး ကောက်မစားခင်တုန်းက နင်က ဘယ်သွားနေလဲ''
မိမှေး၏ စကားမဆုံးမီ၊ သွားဖုံးနှင့် နှုတ်ခမ်းကြား၌ ညှပ်နေသော မန်ကျည်းခက်သည် မိမှေး၏ လက်ညှိုးထိပ်၌ ပါလာ၏။
''ကြည်စမ်း .. နည်းတာကြီး မဟုတ်ဘူး''
မန်ကျည်းခက် တစ်လှည့်၊ ကျော်သူစံ တစ်လှည့် ကြည့်ရင်း ပြောရာက မိမှေး စိတ်ဆိုးလာသည်။ ခုနတုန်းက ခေါက်ရန် ကြံစည်သော်လည်း အထမမြောက်။ ယခုရိုက်ရန် ခေါက်ရန် ကြိုးစားလျှင်လည်း ထွက်ပြေးဦးမည်။ ဟဲ့ လာခဲ့ ခေါ်လျှင် ကျော်သူစံ လာပါသည်။ ခြေပါးစောင်း (ခြေဖ၀ါးစောင်း) ချင်းပွတ်လျက် တုံ့နှေးစွာ လာမည်။ သူ ရောက်သည်အထိ လူကြီးက စောင့်ဆိုင်း မနေနိုင်သောကြောင့် ဒေါသ ပြယ်ရသည်။
ယခုလည်း ဟင်းချိုအိုး တည်ပစ်ခဲ့သည်။
ဟင်းချိုအိုး ဝေလျှင် ဆီနှင့် ဟင်းခပ်များ ဝေကျရာသို့ ပါကုန်မည်။ သို့သော် စိတ်ကလည်း ဆိုးနေသည်။
"ငါ ပစ်လိုက်ရမလား .."
ဆွဲမိဆွဲရာ မိမှေး လှမ်းဆွဲသည်။ ဆွဲမိသော အရာမှာ ညောင်ရေအိုးတစ်လုံး၊ ကျော်သူစံမှာ အမေ့ရှေ့တွင် ဆက်ပြီး မနေရဲတော့ပါ။ စိမ်းချေဝါချေ တောက်ပနေသော နကျယ်ကောင်လည်း အာရုံထဲမှ ပျောက်ကွယ်သွားကာ နွားတင်းကုပ်ဘက်သို့ လျှောက်လာသည်။ တကွပ်ကွပ်မြည်ပြီး ၀ဲလှည့်နေသော ကြက်သားအုပ်မနှင့် တိုးသည်။
မြုံထဲမှာ ဆင်းလာသည်မှာ သုံးရက်သာ ရှိသေးသော ကြက်သားအုပ်မသည် အမွှေးဖွား အတောင်ကားလျက် မာန်ဖီသည်။ ကြက်မ၏ ရင်အုပ်အောက်ရှိ ကြက်ပေါက်စလေးတွေမှာလည်း လက်ပံသီးကြွေထဲမှ ထွက်လာကာစ မှို့လုံးကလေးတွေလား မှတ်ရသည်။ တစ်ကောင်လောက် ကိုင်ကြည့်ရမူ ကောင်းလေစွဟု ကျော်သူစံ စိတ်ကူးဆဲတွင် ကြက်သားအုပ်မသည် ကျော်သူစံအား ခွပ်လေပြီ။
ကျော်သူစံ ကြောက်အားလန့်အား အော်ငိုရင်း ပြေးသည်။
မိမှေးသည် ကလေးကို ရင်ခွင်ထဲထည့်ကာ နို့တိုက်ရင်း ဟင်းချိုအိုးဘေး၌ ရောက်နေသည်။ မျက်စိဖြင့် မမြင်ရငြား သူ့သားကို ကြက်သားအုပ်မ ခွပ်ပြီဟု သိသည်။ ကြက်သားအုပ်မနား မသွားနဲ့ မှာထားပါလျက်က သွားသည့်အတွက် “ကောင်းတယ် .. ကောင်းတယ်” ဟူ၍ပင် လှမ်းအော်သေး၏။
ကျော်သူစံ အော်ငိုခြင်းမှာလည်း နာကျင်၍ မဟုတ်။ လန့်ပြီး ငိုခြင်းသာ ဖြစ်ရကား နွားတင်းကုပ်ထဲသို့ ရောက်ချိန်၌ အငို တိတ်ပြီ။ အလှည့်နွားကြီးထံ အာရုံရောက်သွားသောကြောင့်လည်း ဖြစ်သည်။
နွားတစ်ရှဉ်းမှာ စပါးခြွေစက်ကောင်းမှုကြောင့် တအိအိ လှည့်ပတ်သွားပြီး စပါး မနယ်ရငြား၊ ထွန်စက်ကောင်းမှုကြောင့် နွေစပါး ထွန်ရေး မလုပ်ငြား၊ ထွန်ခဲကား ချေရသေးသည်။ ထိန်စိပ် မဆွဲမဖြစ်၊ ကြမ်းပေါင် မရိုက်၍ မဖြစ်။ ပင်ပန်းတကြီး မဟုတ်သော်လည်း ညောင်းသည်။
ယခု နွေစပါး ထွန်တုံးပိတ်စတွင် ခြေပစ်လက်ပစ် အိပ်နေကြသည်။ အလှည့်နွားကြီး အသက်ရှုထုတ်လိုက်တိုင်း နှာခေါင်းဝ မြေပြင်မှ ဖုန်တွေ ထောင်းခနဲ ထောင်းခနဲ ထသွားသည်။
ကျော်သူစံသည် နွားကြီး၏ ဦးခေါင်းနှင့် တစ်တောင် အကွာတွင် ဆောင့်ကြောင့်ထိုင်လျက် စိတ်ပြေနပြေ ကြည့်သည်။
ကြည့်ရင်းကြည့်ရင်းဖြင့် ကျော်သူစံ သဘောပေါက်သွား၏။ နွားကြီး၏ နှားခေါင်းပေါက်ထဲမှ ထွက်လာသော လေကြောင့် ဖုန်တွေ ထောင်းခနဲ ထောင်းခနဲ ထလာခြင်းပါတကား။
ကျော်သူစံသည် တစ်ခုခု လုပ်ချင်လာ၏။ သို့ကြောင့် အုန်းတံမြက်စည်းတံ အကျိုးတစ်ချောင်းကို ကောက်ယူသည်။ နွားကြီး၏ နှာခေါင်းပေါက်ကို ထိုးလိုက်သည်။ နှာခေါင်းပေါက်သည် ကျယ်ချေကျဉ်းချေဖြင့် ပွစိပွစိ ဖြစ်လာ၏။ ကျော်သူစံ အသံထွက်အောင် ရယ်မောသည်။ နွားကြီးသည် အခံရခက်သဖြင့် ပါးစပ် ဟစိဟစိ လုပ်စသည်။ ကျော်သူစံ ပို၍ မနောခွေ့ နေစဉ် နွားကြီး ကုန်းထ၏။
နွားများသည် လူနှယ် ရုတ်တရက်ချည်း မထနိုင်ပါ။ အချို့လူများမူ ကိုင်စရာရှိမှ ထရန် လွယ်ကူ၏။ အချို့သော်ကား ကိုယ့်ဒူးပေါ်တွင် လက်ထောက် အားပြုပြီး ထရ၏။ ယခု အလှည့်နွား ငနီကြီးလည်း ကိုယ်ကို ရှေ့သို့ တွန်းပြီးမှ အရှိန်ဖြင့် ထရရာ ကျော်သူစံကို နှုတ်သီးဖြင့် ထိုးမိလေ၏။
''အမေရေ … ငနီ ဝှေ့တယ်ဗျ .. ဟီး ဟီး …''
ပက်လက်လန် လဲရာက လူးလဲထရင်း ကျော်သူစံ အော်ငို၏။ မိမှေးသည် ကလေးကို ကပြင်တွင် ပစ်ချထားခဲ့သည်။ နှစ်တောင်ခန့် ရှည်သော ၀ါးခြမ်းပြားတစ်ချောင်း ကိုင်ဆွဲလျက် အပြေးဆင်းလာသည်။
''သူ့လည်း ဘာမှ မလုပ်ဘဲ ခွေ့တယ်ဗျ …''
''ငါ မြင်တယ်ဟဲ့ … အိပ်နေတဲ့ နွားရဲ့ နှာခေါင်းကို တုတ်နဲ့ ထိုးတာ မြင်တယ်ဟဲ့။ ကဲ့ .. လုပ်ဦး .. လုပ်ဦး ..''
လက်ကို မိမိရရ ကိုင်ပြီးမှ သေသေချာချာ ရိုက်ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ချိုးကူသံသော်မျှ မျှင်မျှင်သဲ့သဲ့ကလေး ကြားရလောက်အောင် တိတ်ဆိတ်နေသော ကန်စွန်းပင်လှ တစ်ရွာလုံးကို ဖုံးလွှမ်းသွားသည့် အသံပြဲကြီး ပေါ်လာ၏။
''ကြံကြံဖန်ဖန် ဆော့ဦးမလား …''
''မဆော့တော့ပါဘူးခင်ဗျာ့''
''မအေကို ပြောင်ချော်ချော် လုပ်ဦးမလား …''
''မလုပ်တော့ပါဘူးခင်ဗျာ့''
ယဉ်ယဉ်ကျေးကျေးဖြင့် ခင်ဗျာ့ ထည့်သုံးပါလျက် မိမှေး အရိုက် မရပ်။ မေးလိုက်ရိုက်လိုက် လုပ်နေရာက 'ငါ့ကို ကြောက်ရဲ့လား' ဟု မိမှေး မေး၏။
လျှပ်တစ်ပြက်အတွင်း ကျော်သူစံ စဉ်းစားသည်။ အခြားကလေးတွေ အရိုက်ခံရသောအခါ ကြောက်ပြီ ကြောက်တယ် ကြောက်ပါပြီ အမေရဲ့ အော်သော်ငြား အရိုက်မရပ်။ ယခုလည်း အမေသည် ဖျန်းခနဲ ရိုက်သံနှင့် အတူ မေးပြန်ပြီ။
''ပြောဟဲ့ ကြောက်ပြီလား''
''မကြောက်ပါဘူးခင်ဗျာ့''
မိမှေး ဆက် မရိုက်နိုင်။ ၀ါးခြမ်းပြားကို ပစ်ချပြီး တဟားဟား ရယ်မောမိလေ၏။ အခြားကလေးတွေမှာ ကြောက်ပြီလား မေးလျှင် ကြောက်ပါပြီ ဖြေစမြဲ။ ယခု ထူးဆန်းစွာ မကြောက်ပါဘူးခင်ဗျာ့။
သို့သော် ရိုက်သံငိုသံသည် အရယ်အမောဖြင့် ပွဲ မသိမ်း။
''ဟဲ့ မိထွေးမ ကလေးကို ဒါလောက် သည်းကြီးမည်းကြီး ရိုက်မယ့်အစား သတ်ပစ်လိုက်ပါတော့လား ..''
''အမေ …''
မိမှေးတို့ အဖီချကာ မှီခိုနေရသော အိမ်မကြီးပိုင်ရှင် အမေ၊ ဒေါ်ဖော့။
မြေးလေးယောက်အနက် သည်ကောင့်ကို အနည်းငယ်မျှ အထိမခံသော ဒေါ်ဖော့သည် မြေးကို ပြေးပွေ့၏။
မိမှေးမှာ မိထွေး ဟု အခေါ်ခံရသောကြောင့် ရင်ထဲ၌ ကျင်ခနဲ ဖြစ်သွားငြား မော့ မကြည့်ရဲ။ နို့စို့ကလေး ချထားခဲ့ရာ ကြမ်းပြင်သို့ အလျင်အမြန် သွားသည်။ ကလေးကို ကောက်ချီစဉ် မျက်ရည်ပေါက်ကြီးတွေ တလိမ့်လိမ့် စီးကျလာ၏။
''ကြည့်စမ်း … နည်းတဲ့ အရှိုးရာတွေလား …''
ဒေါ်ဖော့သည် မြေး၏ အင်္ကျီကို လှန်ကြည့်ရင်း ကပြင်နားသို့ ကလေးကို ဆွဲခေါ်လာသည်။
''ဒါလောက် ရိုက်ရအောင် ငြိုးသူရန်ဖက်လား ဟင် …''
''အမေ့မြေး ဆိုတာတော့ အမေ မပြောဘူး .. ကျုပ်ကိုချည်း မဲပြီး …''
''ငါ့ကို ခံပြောတယ် ဟုတ်လား …''
ဒေါ်ဖော့သည် ပစ်စရာ ခတ်စရာ ရိုက်စရာ နှက်စရာ ရှာ၏။ အမေ လက်သံပြောင်ပုံကို မိမှေး ကောင်းစွာ သိသည်။ သို့ကြောင့် တဲထဲသို့ သုတ်ခနဲ ပြေးဝင်ရသည်။
''တကတဲတော် .. ရိုက်လိုက်တာ ကလေးနဲ့ မလိုက်ဘူး''
ကျော်သူစံမှာ ဘွားအေ ရောက်လာကတည်းက အငို တိတ်ပြီ။ သို့သော် မိမှေးမှာမူ ရင်ကို ဖိထားရပြီး 'ရိုက်လိုက်တာ ကလေးနဲ့ မတန်ဘူး' ဟူသော စကားကြောင့် ရင်ကို ဖိမိ၊ စိုးရိမ် ထိတ်လန့်ဖြစ်မိခြင်း ဖြစ်သည်။
ငါ ရိုက်လိုက်တာ တကယ်ပဲ များသွားသလား။ နာနာကျည်းကျည်းကော ရိုက်မိသလား။
ဒေါသဖြင့် ရိုက်မိသည်ကား အမှန်ပင် ဖြစ်သည်။ အချက်ရေ ဆယ်ချက် ကျော် မကျော် မမှတ်မိသောအခါ 'ငါ့သားလေး … တော်တော်များ နားသွားသလား မသိဘူး' ဟူသော စိုးရိမ်စိတ်ဖြင့် နို့စို့ကလေးကို ဖက်လျက် ငိုမိသည်။ မိထွေးမဟု အခေါ်ခံရသောကြောင့် ဖြစ်ပေါ်လာသော ၀မ်းနည်းမှုအား သားအတွက် စိုးရိမ်စိတ်က လွှမ်းမိုးသွားပြီ။
''သားက ဆိုးလွန်းတာကိုး၊ ဘာပဲဖြစ်ဖြစ် နောက်ကို အမေ မရိုက်တော့ပါဘူး …''
သို့ရာတွင် မအေကသာ ၀မ်းပန်းတနည်း ဖြစ်နေငြား၊ ငမျောက်မှာမူ ဘွားအေ ချပေးသော ပဲကြီးလှော်ဘူးကို ဖြစ်စေ၊ ထန်းလျက်အိုးကို ဖြစ်စေ ကားရားခွထိုင်လျက် အကြိုက်တွေ့နေမည်မှာ သေချာသည်။
ဆင်ဖြူကျွန်းအောင်သိန်း
၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ။
မျက်ရှု အွန်လိုင်းမဂ္ဂဇင်း ဝက်ဘ်ဆိုဒ်ကနေ ကူးယူပါတယ်။ မျက်ရှုကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့ (ကျော်ဇင်လတ်)
share by မွန်းလေးဖေဖေ
No comments:
Post a Comment