#မြဆင့်ချယ်
============
ခုတော့လည်း အားလုံး ပြီးကုန်ပါပြီ။
ကိုသာအောင်လည်း ကြားတော့ ကြားဖူးတယ်။ အဲ ဖတ်ဖူးတယ်ပေါ့ လေ။ စာအုပ် တစ်အုပ်ထဲမှာ တိတိကျကျတော့ မမှတ်မိတော့ပါဘူး။ ကမ္ဘာကျော် ရုပ်တုတစ်ရုပ် အကြောင်း။ လက်တစ်ဖက်က ပြတ်နေတာ။ နှစ်ကလည်း ကြာပြီ။ ဒီလက်ပြတ်ကြီးကို ပြန်ဆက် ပြန်ထည့် ပေးကြဖို့ ဘာညာ လုပ်ကြရင်း နောက်ဆုံးတော့ သူ့နဂို တွေ့ရှိတဲ့ အတိုင်း လက်တစ်ဖက်ပြတ် မြင်ကွင်း အတိုင်းပဲ ထားလိုက် ကြရအောင် ဆိုပြီး အားလုံးက သဘောတူ သွားကြတာ။ မူရင်းလောက် ဘာမှ မကောင်းနိုင် ဘူးလေ။ သမိုင်းဝင် အတိုင်းပဲ ထားလိုက်ကြတာ။
ခုဟာက လက်မပြတ်ဘူး။ လက် ပါတယ်။ လက်တင် မကဘူး။ အကုန် ပါတယ်။ အင်္ဂါ စုံတယ်ပေါ့။ ဆိုကြပါစို့ရဲ့။ နှုတ်ခမ်းမွေးက အစ အသက်ဝင်ဝင် ပါတာ။
ခက်တာက လက်၊ မပြတ်ဘဲ ခက်နေတာ။ လက်က ရိုးရိုး မဟုတ်ဘူး။ လက်ချောင်း ကလေးတွေ ဆုပ်ထားတာ။ ဟိုလို လက်သီးဆုပ်ထားတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ တစ်ခုခုကို ဆုပ်ကိုင်ထားတဲ့ ပုံစံမျိုး။ ပြောရရင် အားပါပါ ဆုပ်ကိုင်ထားတာ။ လက် အနေအထား ကလည်း ခပ်လွှဲလွှဲ ပုံစံမျိုး၊ အသင့်ရွယ်၊ အသင့်ချိန် ထားတာ။ အဆင်သင့် အနေအထားပေါ့။
ခက်တာက လက်ထဲ ဘာကိုင်ထားမှန်း၊ ဘာဆုပ်ထားမှန်း မသိတော့ ကြည့်မြင်နေရသူက တစ်မျိုးကြီး။ ဓားမှန်း သိရင်လည်း ကြည့်ရတာ ပို အသက်ဝင်ပြီး အားမာန် ပါမယ်။ တစ်ခုခုကို ခုတ်ပစ် လိုက်တော့မယ့် ပုံစံမျိုး။ ဒါမှမဟုတ် ဘာလာလာ အသင့် ခုခံနိုင်တယ် ဆိုတဲ့ ဟန် သဏ္ဌာန်မျိုး။ နှုတ်ခမ်းမွေးနဲ့ ဓားက တော်တော်ကြီး ဟပ်သွားမှာ။
ခက်တာက လက်ထဲမှာ ကိုင်ခဲ့ ဆုပ်ခဲ့တာက ဓားလို့ ပြောလို့ မရဘူး လေ။ စပါးရိတ်တဲ့ တံစဉ်လည်း ဖြစ်နိုင်တယ်။ ပန်းပဲဆရာတွေ ထုတတ် နှက်တတ်တဲ့ တူအကြီးကြီးလည်း ဖြစ်နိုင်တယ်။ ပြောရရင် လှေလှော်တဲ့ လှော်တက်ကြီးလည်း ဖြစ်နိုင်တာပဲ။ လက်ဆိုတော့ ဘာကိုင်ကိုင် ဘာဆုပ်ထားထား ဖြစ်တာကိုး။ ဖြစ်နိုင်တာ တွေက အများကြီးပဲ။ လှံတံ အရှည်ကြီးလည်း ဖြစ်နိုင်တာပဲ။
ခေါင်းမှာကလည်း သျှောင်ထုံးကြီးနဲ့။ ခန္ဓာကိုယ် မှာလည်း ဆေးမင်ကြောင် တွေနဲ့ ခါးတောင်းကျိုက် ထားတယ်။ ပေါင်နှစ်ဖက်မှာ ထိုးကွင်းတွေက အထပ်ထပ်။ အားလုံးက အသက်ပါပြီး လက်ကျမှ ခက်နေတာ။ လက်သီးဆုပ်ရာ ကြားမှာ ဘာမှ မပါတော့။ ကွင်းလျှော အပေါက်ကြီး ဖြစ်နေရော။ ထင်တယ်။ ဒီအရုပ်ကြီးကို ကုက္ကိုချောင် ရွာက တွေ့ခဲ့တာ ကိုသာအောင် အသက်နီးနီး ရှိပြီ။ ကိုသာအောင် လူမှန်း သိတော့ကို ဒီအရုပ်ကြီးက ဒီရွာမှာ ရှိနေနှင့်ပြီ။ ကိုသာအောင် အသက်ပဲ လေးဆယ်နား ကပ်ပြီဟာ။
ကုက္ကိုချောင် ရွာက ဥပုသ်ချောင်း ကမ်းပါးပြိုတော့ ဒီအရုပ်ကြီးက ပေါ်လာတာ။ လူ့တစ်ရပ်စာ အတိုင်းပဲ။ ကျောက်စရစ်ဖြူသားကို နုနေအောင် ထုဆစ်ထားတာ ဆိုတော့ တော်တော်ကြီးကို အသက်ပါတာ။ ရွာနီးနားချင်း တွေတောင် ညအိပ်ညနေ လာကြည့် ကြရတာ။
နောက်တော့ ရွာဘုန်းကြီးက သူ့ကျောင်းဝင်းထဲ မတ်တတ် ထောင်ထား လိုက်တယ်။ ကိုသာအောင် တစ်သက်ပဲ။ ရွာကျောင်းမှာက ကြည့်စရာ ဝံ့စရာ လက်ရာမြောက်တာ ဆိုလို့ ဒီအရုပ်ကြီးပဲ ရှိတာကိုး။ ပေါက်ပေါက်ရှာရှာ တချို့ ကိုယ်ဝန်ဆောင် တွေက ဒီလို ကျားကျားလျားလျား ယောက်ျားဘသားကြီး မွေးဖွားအောင် ဆိုပြီး သားဆုပန်လား ပန်ကြရဲ့။ အရုပ်ကြီးရှေ့ ဖယောင်းတိုင် သက်စေ့ ထွန်းလို့။ တချို့လည်း လင်သား မောင်ဖား ဖျားနာတဲ့ အခါ အမွှေးတိုင်တွေ ဘာတွေ ထွန်းပြီး ကျန်းမာ ပါစေကြာင်း ဆုတောင်းလား တောင်းရဲ့။
ခက်တာက တစ်ဖက်မှာကလည်း လူနောက် လူပြောင်တွေ၊ ကလေးတွေက ရှိသေးတာ။ ကွင်းလျှောကြီး ဖြစ်နေတဲ့ လက်သီးဆုပ် အပေါက်ထဲကို ပေါက်တတ်ကရတွေ စွပ်ထည့်ချင် ထည့်ထားတာ။ စုံတယ်။ တစ်ခါတစ်ခါ တံမြက်စည်းချောင်းကြီး ထည့်လို့။ လွှတ်ရယ်ရတာပေါ့။ ထိုးကွင်းမင်ကြောင် တွေနဲ့ သျှောင်ကြီးဗွေနဲ့ ကျားကျား လျားလျားကြီးက တံမြက်စည်းကြီး ကိုင်ထားတာ ဆိုတော့၊ ဒါ ဘုန်းကြီး မသိမချင်း တံမြက်စည်းကြီး ကိုင်လို့။
တစ်ခါ တစ်ခါကျတော့ ရေငင်ပုံးကို ကြိုးကြီး တပ်လို့။ လက်နဲ့ ကြိုးကို ဆုပ်ပြီး ရေငင်နေပုံ။ ဒါလည်း ကြည့်ရင် ရယ်စရာ ကောင်းတာပဲ။ ယောက်ျားဘသား ကြီးက ရေငင်ပုံး သေးသေးနဲ့ ရေငင် နေတော့လေ။ ဒီလက်သီးဆုပ် ကွင်းထဲမှာ လာလာထည့် လာလာစွပ် ကြတာတွေက နည်းတာ မဟုတ်ဘူး။ တစ်ခါ တစ်ခါ လုံကွင်းတောင် ပါတယ်။ ရေစို ရေဝတ်လဲ လုံကွင်းလေ။ ညှစ်ပြီးစ။ အောင်မာ အဲဒီ့ ရုပ်တုကြီး ကလည်း လုံကွင်း ရေညှစ်ပြီး ယူလာတဲ့ပုံ။ လူနောက်တွေက ဒီလို ရှိုရှိုရှာရှာ ရယ်ရအောင် လုပ်တတ်တယ်။
တစ်ခါ တစ်ခါကျတော့ ဓားမတိုချောင်းလေး ဆုပ်ကိုင်လို့။ ဘယ် လိုက်ဖက်မှာလဲ။ သျှောင်ကြီးဗွေနဲ့ ဓားမတိုတို တုံးတုံးနဲ့။ ဒီလို စွပ်တတ်ကရကိုး။ ဒီဒဏ်တွေကို ဒီရုပ်တုကြီးကို နှစ်အဆက်ဆက် ထိန်းသိမ်းလာခဲ့တဲ့ ရွာဦးကျောင်းကပဲ ဒိုင်ခံ သည်းညည်းခံရ ရှာတာကိုး။
ဒါနဲ့ပဲ ရွာဘုန်းကြီးက တစ်ရက် မောင်းတဒူဒူ ထုလို့ လူစုတော့တာ ပါပဲ။ လိုရင်း တိုရှင်းကတော့ အဲဒီ လက်သီးဆုပ်ကြီးထဲ တစ်ခုခု ထိုးထည့် ထားတော့မယ် ဆိုတာပါပဲ။ ရုပ်တုကြီးက လက်ရာမြောက်တော့ ဘုန်းကြီးက ဟိုဒီလည်း မရွှေ့ချင်ဘူး။ တိုးလျှိုပေါက်လို ဖြစ်နေတဲ့ လက်သီးဆုပ် ကြားထဲကို ဟိုဟာထည့် ဒီဟာထည့်လည်း အထည့် မခံချင်တော့ဘူး။ သူ့လက်နဲ့ ကိုက်ညီမယ့် အရာဝတ္ထု တစ်ခုခု အတည်တကျ ထည့်ထားချင်ပြီတဲ့။ ရွာဦးကျောင်း ဆရာတော်က မိန့်တယ်။
အဲဒီ အစီအစဉ်မှာ ရွာနီးချုပ်စပ်က လူကြီးသူမ သက်ကြီးဝါကြီး တွေကိုပါ ဖိတ်တယ်။ ဒီရုပ်တုကြီးကို မီသူ သိကြားလိုက်သူများ ပါမလားလို့ပေါ့လေ။ ခက်တာက အသက် ကိုးဆယ်ကျော် အဘိုးအဘွားတွေ ကလည်း မသိဘူး တဲ့။ ဒီအရုပ် ရုပ်တုကို သိမီဖူးသူ မပါတော့ လက်ထဲမှာ ဘာဆုပ်ထားမှန်း ဘယ်သူမှ အဖြေ မပေးနိုင်ဘူး။ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။
ဘယ်ခေတ် ဘယ်အချိန်က ရုပ်တုမှန်းကို မသိတာကိုး။ ကုက္ကိုချောင်ရွာ ဥပုသ်ချောင်း ကမ်းပါး ပြိုလို့သာ ပေါ်လာတာကိုး။ ဇာတ်လမ်း ဆုံးတော့ လက်ထဲမှာ ဘာဆုပ်ထားမှန်း အဖြေ မရကြဘူး။ အခမ်းအနား တက်လာတဲ့သူတွေကို "ကဲ လက်ဆုပ်ထဲ ဘာထည့်မလဲ" မေးတော့ အမျိုးမျိုးပဲ။ တကယ့်ကို အမျိုးမျိုး။ ပုဆိန် တဲ့။ လူတွေက ဝါးခနဲ ရယ်ကြတာပေါ့။
တချို့ အုန်းဆံကြိုးခွေ တဲ့။ မိုးခေါင်ရင် လွန်ဆွဲခိုင်းမယ် ဆိုပဲ။ အောင်မာ ... စပါးကြီးမြွေ ဆိုတာက ပါသေး။ မုဆိုးက အရှင်ဖမ်းနိုင်ခဲ့တာတဲ့။ စုံပါတယ်။ ဒူးလေး၊ ဓား၊ လှံ၊ ဒိုင်း ...။ ပေါက်ပေါက်ရှာရှာ တွေက ရွှေကြိမ်လုံး တဲ့။ မုဆိုးက နှင်တံကိုင်တဲ့ နွားကျောင်းသား ဖြစ်သွားရော။
ဒီလိုပေါ့လေ။ တစ်ယောက် တစ်မျိုး။ ကိုယ် ထင်ရာမြင်ရာ ဆိုတော့ ရုပ်တုကြီးခမျာ သူရဲကောင်း ဖြစ်လိုက်၊ မုဆိုး ဖြစ်လိုက်၊ နွားကျောင်းသား ဖြစ်လိုက်။ ဆင်စွယ်ကို လက်နဲ့ ဆုပ်ထိန်းလို့ ထမ်းပိုး လာခဲ့တာ တဲ့။
ဒါက ဟုတ်တုတ်တုတ်။ မုဆိုးပုံ ပေါက်နေတဲ့ ရုပ်တုကြီး ဆိုတော့ ဆင်စွယ် ထည့်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ခက်တာက ဘယ် ... ဆင်စွယ်အစစ် ဆိုတာ ရှာနိုင်ကြပါ့မလဲ။
ဆိုကြပါစို့ရဲ့၊ နောက်ဆုံးတော့ အဲဒီ လက်သီးဆုပ်ကြီးထဲ ဘာမှ မထည့် ဖြစ်ကြသေးဘူး။ ထောက်ခံ ကန့်ကွက်တွေက များတော့ လက်သီးဆုပ်ကြီး ကြားမှာ အပေါက်ကြီး ဖြစ်တုန်းပဲ။
အဲဒီ မနက် ကိုသာအောင်တို့ ကုက္ကိုချောင် တစ်ရွာလုံး ကျွက်ကျွက်စီလို့။ ရုပ်တုကြီး လက်ထဲမှာ ရွာကျောင်း ဆရာတော်က ကိုင်စရာ ထည့်ထား လိုက်ပြီတဲ့။ ကျောင်းဝင်းထဲ လူတွေ ပြည့်လို့။
ဒါနဲ့ ကိုသာအောင်လည်း ရွာဦးကျောင်းကို ပြေးတယ်။ ပြန်ခဲ့တဲ့ သူတွေနဲ့ လမ်းမှာ ဆုံတော့-
"ဆရာတော်က ဘာထည့် ထားတာလဲဗျ"
ဆိုတော့ ဘယ်သူမှ မဖြေကြပါဘူး။ ဟိုကျ သိလိမ့်မယ်တဲ့။ ပြုံးစိစိနဲ့။
ကိုသာအောင် ပိုစိတ်ဝင်စားတာပေါ့။ ရပ်ရွာနဲ့ ညှိလို့ မရလို့ ဆရာတော်က သူ စိတ်ကူးပေါ်ရာ တစ်ခုခု ရုပ်တုကြီး လက်ထဲမှာ ထည့်လိုက်ပြီပေါ့။ ဆရာတော်က လောကီရော လောကုတ်မှာပါ ခေတာ မှတ်လို့။ အဲဒီ ရုပ်တုကြီးနဲ့ သင့်တော်ရာ ထည့်ထားနိုင်မှာပဲလို့ ကိုသာအောင် ယုံကြည်တယ်လေ။
ရွာဦးကျောင်း ရောက်တော့ လူတွေက ပြည့်နေတာ။ ရုပ်တုဘေးမှာ ကလေးတွေက ဆောင့်ကြောင့် ထိုင်လို့။ လူကြီးတွေက ဝိုင်းချာ ပတ်လို့။ ကျောင်းပေါက်ဝက လှမ်းကြည့် လိုက်တော့ ရုပ်တုကြီး လက်ထဲမှာ ဘာမှ မမြင်ရပါဘူး။ ဝိုးတိုးဝါးတားပဲ။ အနီးရောက်မှ ရှင်းတော့တယ်။
ဆရာတော် မဟုတ်ဘူး ဆိုတော့ ဘယ်သူက လာဝန်ခံတော့မှာလဲ။ အဲဒီ မနက်စောစော ဆရာတော်က ဘေးရွာက အရုဏ်ဆွမ်း ပင့်လို့ လိုက်ကြွသွားတာ။ ဆရာတော် ပြန်ကြွလာတော့ အဖြေက ရှင်းရော။ ဒါပေမဲ့ ဆရာတော်က ဒါကြီးကို ပြန်ဖြုတ်ခိုင်း မနေတော့ပါဘူး။
"ကဲ ... သူ့လက်ထဲမှာ တစ်ခုခု ရှိနေရင် ပြီးတာပဲ" တဲ့။
"အဓိကက ကြည့်ပျော်ရှုပျော် ရှိနေရင် ပြီးတာပဲ" တဲ့။
ဆရာတော် ကတောင် သဘောတူ နေတော့ ဘယ်သူမှ ငြင်းမနေ ကြတော့ပါဘူး။
ရွာကလည်း ဟေးဟေးဝါးးဝါးနဲ့ ပြီးသွားတာပဲ။ ကိုသာအောင်တို့ ရွာက 'ဆန်စပါးပဲ' ဆိုတာ ဝမ်းစာပဲ ရတာ။ အသက်မွေး ကြတာက တံငါလုပ်ငန်း လေ။ အင်းတွေ လွှတ် ပေါတာကိုး။ ဒါဆိုတော့ ဟုတ်ပြီလို့ ရှိကြမှာပေါ့။ ဒါပေမဲ့ ဒီရုပ်တုက တံငါသည် ရုပ်တု မဟုတ်ဘူးလေ။
ရေလုပ်ငန်းနဲ့ ဘာမှ မဆိုင်တဲ့ ရုပ်တု။ အနိမ့်ဆုံး ဖြစ်ချင်းဖြစ် မုဆိုးလောက်ပေါ့။ မုဆိုးဆိုတော့ သားကောင်မကိုင် မထမ်းနိုင်တောင် ဓားလေး လှံလေးကတော့ ဆုပ်ကိုင်ထားနိုင် ရမှာပေါ့။
ဘယ် ... ခုဟာက ... ငါးဖမ်းတဲ့ ပိုက်ကွန် အစုတ်ကြီး။
မြဆင့်ချယ်
ရွှေအမြုတေ၊ နိုဝင်ဘာလ၊ ၂၀၀၂။
No comments:
Post a Comment