မဲရေ့ခ်ျအော့ဖ်လပ်ဗ် (မခင်လေး)
-------------------------------------
ဝါဆိုဝါခေါင် ရေဖောင်ဖောင်တုန်းက ပေါချင်တိုင်း ပေါခဲ့သော ငါးတို့သည် တော်သလင်းနေ ပုစွန်သေ၍ မိုးလေကင်းလွတ် သီတင်းကျွတ် ပြီးသောအခါ ငါးပိငါးခြောက် ဘဝသို့ ရောက်ကြရလေပြီ။
ကိုမာတင်ကား ရေဖောင်ချိန်က ပေါ်ခဲ့သော ငါးနှင့်တူပြီး ပေါက်စကတော့ ပုစွန်သေချိန်တွင် အလှမ်းခံရသော ငါးခြောက်နှယ် ရှိ၏။
အမာကြည်သည် သူ့ရှေ့က ဆူဆူဖြိုးဖြိုး ကကတစ်ကြီးကို ကြည့်၍ ကိုမာတင်ကို သတိရမိသလို ခပ်လှမ်းလှမ်းက ငါးခြောက်သည်ကိုလည်း မျက်စိ ရောက်ပြန်သဖြင့် ပေါက်စကိုလည်း ပြိုင်တူ တမ်းတမိလေသည်။
ဗိုက်ကြီးပူ၊ ကုပ်ပိုး အစ်တစ်တစ်နှင့် ထက်အောက်နှုတ်ခမ်း တစ်စုံလုံးကို စူဟပြီး လဲလျောင်းနေကြသော ကကတစ်ကြီးတွေကတော့ အသားပေါပြီး ချိုမှာ မလွဲ။ တချို့က ဖျာလှမ်းခြောက် ခေါ်၊ တချို့က ရေပေါ်ခြောက်၊ တချို့က ငါးတူနီ။ သူတို့အရပ်မှာတော့ မှန်ရောင်ခြောက်ဟု ခေါ်ကြသော ငါးသေးငါးမွှား ပိန်ခြောက်ခြောက်လေးတွေ ကတော့ အစပ်မှုန်နှင့် ဆားလေးဘာလေး ကူပါမှ ဟင်းရန်တစ်ခွက် ဖြစ်နိုင်ပေမည်။
အစ်ကိုတို့ဖို့ ကိုမာတင် တစ်ကောင်လောက် အဲ ကကတစ် တစ်ကောင်လောက် ဝယ်ပြီး မှန်ရောင်ခြောက် ပါးလျှပ်လျှပ်၊ ရှည်မျောမျောလေးတွေ ကိုတော့ အဝက်သားလောက် ဝယ်မည်ဟု ဆုံးဖြတ်လိုက်၏။
“ကကတစ်ကို ကြော်ပြီး ပဲငါးပိနဲ့ ကြက်သွန်နီနဲ့ နှပ်မယ်၊ ပြီးတော့ ကန်စွန်းရိုး အနီလေးတွေ ချဉ်ရည်ကျိုပြီး မှန်ရောင်ခြောက်လေးတွေကို ငရုတ်သီး ခွဲခြမ်းလေးတွေနဲ့ စပ်စပ်လေးကြော်”
ပဲငါးပိ ပါသော ကကတစ်နှပ်နှင့် ငါးခြောက် အစပ်ကြော်သည် ဘက်မကျလှသော်လည်း ကန်စွန်းရိုး ချဉ်ရည်က အလယ်တွင် ခုခံထားသဖြင့် ဟင်းစပ်တော့ တည့်ပေမည်။ ထိုအခါ အမာကြည်၏ လေးနေသော ခေါင်းသည် အတန်ငယ် ပေါ့ပါး၍ သွားလေသည်။
တကယ်တော့ ဈေးသွားရမည် ဆိုကတည်းက သူ့ခေါင်းက လေးခဲ့တာ ဖြစ်၏။ အိမ်မှာနေပြီး မမခိုင်ဝယ်လာတာကို ဒိုင်ခံချက်ပြုတ်ပေးချင်ပါသည်။ “အမာကြည်ရေ ဘာနဲ့ ဘာနဲ့ ချက်လိုက်ဟေ့” ဆိုတာမျိုး လူဘယ်လောက် မောပါစေ၊ ခေါင်းအေးအေးနှင့် လုပ်ချင်၏။ သို့သော် အမာကြည်လိုပင် ခေါင်းအေးချင်သော မမခိုင်က သူလည်း ဈေးမသွားချင်ပါတဲ့။
“သွားစမ်းပါ အမာကြည်ရယ်၊ ဈေးဝယ်ရတာ ငါးဦးနှောက်စားလွန်းလို့ပါ”
ဒီတော့ အိမ်၏အရှင် မမခိုင်က ကြက်သွန်သင်၊ ငရုတ်သီးထောင်း ကျန်ရစ်ကာ သူက ဈေးခြင်းဆွဲ၍ ထွက်ခဲ့ရသည်ပေါ့။ တကယ့် မမခိုင်ပါပဲ။
သည်လိုတွေးမိတော့ သူ့အပေါ် မိသားစုအရင်းအချာလိုသာ သဘောထားသော အစ်ကိုတို့ မမခိုင်တို့၏ အရိပ်အာဝါသအောက်မှာ သူ့ဘဝသည် ဘယ်တုန်းကမှ မညှိုးငယ်ခဲ့ပေ။
“ဒါ တောက ခိုင့်ညီမ ဝမ်းကွဲ” မမခိုင်က လူတွေရှေ့ ဆိုမြဲ။ သည်တော့လည်း မမခိုင်တို့ စိတ်ချမ်းသာဖို့ အရေးသည် သူ့အရေးပါပဲ။ ဒါကြောင့်လည်း မမခိုင် ခေါင်းခြောက်မခံချင်သောကိစ္စကို သူက မီးတောက်အောင် စဉ်းစားကာ ဖြည့်တင်းရပေမည်။
တကယ်လည်း ဈေးဝယ်ရသည့်အလုပ်မှာ မလွယ်ကူလှပေ။ ခြောက်ယောက်ရှိသော အိမ်သားတွေအတွက် အလုပ်ဖြစ်အောင် စဉ်းစားရသည်မှာ တကယ်မလွယ်ပါ။ မေမေကြီး၊ အစ်ကိုနှင့် ကလေးနှစ်ယောက်အတွက် တစ်ဘရိတ်တည်း ပြီးနိုင်မည့် ဟင်းမျိုးကို ခေါင်းခြောက်အောင် စဉ်းစားရ၏။ သွေးတိုးရှိသော မေမေကြီးနှင့် သင့်ဖို့ လိုသလို အဆီနှင့် အရိုးကြောက်သော အစ်ကိုနှင့် ကလေးတွေကြိုက်ဖို့လည်း လိုပေမည်။ မမခိုင်နှင့် သူ့အတွက်ကတော့ ဘာအရေးလဲ။ အရိုးဖယ်ဖို့ လွယ်သည့် ကကတစ်ကြော်နှပ်သည် အစ်ကိုနှင့်ကလေးတွေအတွက် ဖြစ်ပြီး မမခိုင်နှင့် သူကတော့ ခေါင်းလေး အမြီးလေး စုပ်ရလျှင် ပြီးသည်ပေါ့။ ပင်တိုင်ပါမည့် အရည်သောက် ဟင်းတစ်ခွက်နှင့် အရန်ဟင်းကတော့ ပေါပေါများများမို့ အားလုံးစားလောက်ပေမည်။ ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ မမခိုင်တို့ မြိန်မြိန်ရှက်ရှက် လောက်လောက်ငင စားရသည်ဆိုလျှင် သူစားရသလိုပါပဲ။ သို့သော် ပေးလိုက်သော ဈေးဖိုးနှင့်တော့ စဉ်းစဉ်းစားစား သုံးစွဲရသည်ပေါ့၊ ပဲငါးပိပါမည့် ကကတစ်ကြောင့် မေမေကြီးအတွက် ငါးကြင်းဖြူ အဝက်သားလောက် ထပ်ဝယ်ပြီးသောအခါ ခေါင်းပေါ်ကအထုပ်ကြီးသည် ဘုတ်ခနဲ ပြုတ်ကျ၍ သွားကာ လက်ကျန်ငွေနှင့်လည်း ကွက်တိမို့ ခေါင်းတစ်ခုလုံးသည် အေး၍ သွားလေသည်။ ထို့ကြောင့်လည်း ဈေးခြင်းတောင်းကို စွေ့ခနဲ ကောက်ကိုင်၍ အိမ်ပြန်ခဲ့ရသည်မှာ ခြေလှမ်းတို့သည်လည်း ပေါ့ပါးသွက်လက် လှပါဘိခြင်း။
* * *
အိမ်အပြန်လမ်းတွင် ခြင်းတောင်းထဲမှ ကကတစ် ဝဝကြီးသည် ကြွပ်ကြွပ်အိတ် ကြားမှ ခေါင်းပြု၍ ထွက်ကာ မျက်စိကြီး ပြူးပြီး သူ့ကို ကြည့်နေလေရာ အမာကြည့် ခေါင်းသည် ခပ်နောက်နောက် ဖြစ်သွားလေသည်။
“ဟင်း ကိုမာတင့် မျက်လုံးနဲ့ပဲ တူတူသေးတော့”
နောက်လာသော ခေါင်းထဲမှာ တရိပ်ရိပ် ပေါ်လာ၏။ ဖက်နှင့် ထုပ်ထားသော မှန်ရောင်ခြောက် ငါးသေးသေးလေးတွေ ကတော့ ကကတစ်ကြီး အောက်တွင် ပိညပ်ကာ နေကြလေသည်။ ကကတစ်ထုပ်ကို အောက်ပို့လိုက်ပြီး ငါးခြောက်ထုပ်ကို ဆွဲတင်လိုက်တော့ လက်သန်းလောက် ရှိသည့် သေးသေးကွေးကွေး ပိန်ပိန်ရှည်ရှည် ငါးခြောက်လေး တစ်ကောင်က ဖက်ရွက်ကြားမှ လျှောခနဲ ထွက်ကျလာသည်။
ကကတစ်နှင့် မှန်ရောင်ခြောက် ကွာသလို ကိုမာတင်နှင့် ပေါက်စတို့သည်လည်း ကွာချင်တိုင်း ကွာပါလေရော။ သူတို့ အကြောင်းကို သူတို့ ကိုယ်ခန္ဓာကိုယ် နှစ်ခုက အသီးသီး ဖော်ပြ၍ နေလေသည်။
ကိုမာတင်ကား ဘိုကပြားရုပ်။ မျက်လုံးက ပြာတာတာ၊ ရီဝေဝေ၊ အသား နီစပ်စပ် အဘိုးတွေ အဖေတွေက အင်္ဂလိပ်ခေတ်ကတည်းက အရေးပိုင်တွေ နယ်ပိုင်တွေ အိမ်မှာ ကားမောင်းခဲ့ကြသည်။ သည်မျိုးရိုးက ဆင်းသက်လာသော ကိုမာတင်ကလည်း ဒီဘက်ခေတ်တွင် ကားမောင်းသည်ပဲပေါ့။ ကိုမာတင့် အဖေက ရွှတ်ရွှတ်ရှက်ရှက်နှင့် အင်္ဂလိပ်လို မှုတ်နိုင်သေးသည်။ မာတင် ဆိုတာကိုက အင်္ဂလိပ်နာမည် ဆိုပဲ။ သူက ကိုမာဒင်ဟု ခေါ်တော့ “မာဒင် မဟုတ်ဘူး။ မာတင် မာတင်” တဲ့။ မာတင် ဖြစ်ဖြစ်၊ မာဒင် ဖြစ်ဖြစ် လူက သန်သန်မာမာ ဒေါင်ဒေါင်ဒင်ဒင် ရှိသည့် ပုံမျိုး။ ခုဆို သန်မာရုံပင် မဟုတ်။ လူက ဆူဆူဖြိုးဖြိုး စိုစိုပြည်ပြည်။ ဗိုက်ပင် ထွက်ချင်ချင်မို့ ခြင်းထဲက ကကတစ်ကြီး အတိုင်းပေ။
အစ်ကိုကပင် “ကိုမာတင် ခင်ဗျားက အလျားလိုက်ပါ ဖွံ့ဖြိုး လာပါလားဗျ။ အဆင်ပြေပုံ ရတယ်” ဟု ခပ်နောက်နောက် ပြောလျှင် ကိုမာတင်ကလည်း ပြုံးဖြဲဖြဲနှင့် “ဟုတ်တယ်ဆရာ၊ ဒါကြောင့် မိန်းမလေး ဘာလေး ယူမလားလို့ ဟဲ ဟဲ ဟဲ” ဆိုကာ သူ့ထံ မျက်လုံး ဝေ့ဝဲလာမြဲ။
သို့သော် ဘာကြောင့်မှန်းတော့ မသိ။ အစ်ကို့လိုပင် ကိုမာတင် ဆရာကလည်း ရုံးတစ်ရုံးမှာ လုပ်တာချင်း အတူတူ ကားတွေ ဘာတွေ ရှိကာ အဆင်ပြေပုံ ရလေသည်။ ပြီးတော့ ဒီကားကိုလည်း ကိုမာတင်ကပဲ မောင်းပြီး သူ့ဆရာကတော်ကို ဈေးနေ့တိုင်း ပို့လေ့ရှိရာ အဆင်ပြေမှန်း သိသာလှပေသည်။ ဒရိုင်ဘာ ဆိုတာက ဆီကျန်လျှင် ငွေကျန်သည် ဆိုသော လူမျိုး။ သူ့ဆရာက အဆင်ပြေသည် ဆိုမှတော့ ကိုမာတင်လည်း အဆင်ပြေမည် ဆိုတာလောက်တော့ အမာကြည် နားလည်ပြီးသား ဖြစ်၏။ ပေါက်စနှင့်တော့ ၃ နှင့် ၄၊ ၅ နှင့် ၆ လို ရှေ့နောက် ထက်အောက် ပြောင်းပြန်ချည်းသာ ဖြစ်လေသည်။
* * *
ပေါက်စအကြောင်း တွေးမိလေတော့ သူ့နှလုံးသားသည် ကြိုးတစ်ချောင်းနှင့် ဆွဲချည်ထားသလို မပြတ်တောက်နိုင်ဘဲ နှောင်တည်းတည်း ကျပ်၍ ရှိရလေသည်။ ပေါက်စကား နာမည် စီးလေရော့သလား မသိပေ။ ပေါက်စမှ တကယ့်ပေါက်စ သာတည်း။ စီးမည့်သာ စီးရပေမည့် ပေါက်စဆိုသော နာမည်သည် သူဝယ်လာသော ငါးခြောက်ထုပ်လောက်ပင် လေးမည့်ပုံ မပေါ်ပေ။ “ပညတ်သွားရာ ဓာတ်သက်ပါ” ဟု တွေးမိပြန်တော့ ပိန်ခြောက်ခြောက် ကိုယ်လေးကို ယို့ယို့လေးရပ်ကာ ခပ်လှမ်းလှမ်းမှ တွေတွေလေး ကြည့်နေတတ်သော ပေါက်စသည် သနားစဖွယ် ညှိုးငယ်၍ နေပြန်လေသည်။ ထိုအခါ လင်ရယ်၊ သားရယ် ဖြစ်လာလျှင်တော့ ရိုရိုသေသေ ကိုပေါက်လို့ ခေါ်ရမည်ဟုပင် တွေးပြန်ကာ နှစ်သိမ့်ချင်စိတ်တွေ ပေါ်ပေါက်လာမိသည်။ သို့သော် တစ်ရုံးလုံးကတော့ အမည်ရင်း လှညွန့်ကို ဖျောက်ကာ ပေါက်စဟာ ပေါက်စပါပဲ။
ဖြစ်ရပြန်တော့ ပေါက်စသည် အစ်ကို့ရုံးမှာ စာရေးပေါက်စတဲ့။ စာရေးထဲမှာပင် စာရေး ကြီးကြီးမားမား မဖြစ်ရဘဲ စာရေးပေါက်စ ဖြစ်နေရသေးသည့် ပေါက်စကို အမာကြည်သည် နည်းနည်းမှ အားမရပေ။ သူ့ကို ကြည့်ရသည်မှာလည်း ဝပ်ရှော့ထဲ ထိုးထားသည့် ဘီးတွေ၊ မှန်တွေ၊ ကိုယ်ထည်တွေ၊ ပြုတ်ထွက် ကျိုးပျက်ပြီး အမိုးတန်း သံကိုင်းတွေနှင့် ဘေးကာ နည်းနည်းပါးပါးသာ ယိုင်တိယိုင်နဲ့ ကျန်ရစ်သော ဘော်ဒီ မရှိတော့သည့် ကားပျက်လေးနှင့် တူပေသည်။ မမခိုင်ကပင် “ပေါက်စ၊ နင့်ကို ကြည့်ရတာ အသားမပါဘူး၊ ဖရိမ်ချည်းပဲ” ဟု ပြောယူရလေသည်။
ပြီးတော့ မမခိုင်က ပြောသေးသည်။
“နင့်အစ်ကို နေရာက မမိုက်ဘူးဟဲ့။ ခွင်မရှိဘူး”
မမခိုင် စကားကို ရေရေရာရာတော့ နားမလည်။ အဆင်မပြေဘူး ဆိုတာကိုတော့ အမာကြည် ကောင်းကောင်း သဘောပေါက်၏။ ထို့ကြောင့် အစ်ကို့တပည့် ပေါက်စကို ယူလျှင် သူလည်း မမခိုင်လိုပင် ဦးနှောက်စားမှာ ကြောက်ရမည် ဆိုတာကိုလည်း ကောင်းကောင်းပင် သဘောပေါက်၏၊ မမခိုင်ထက် ဆိုးမှာက ပေါက်စက မအေအိုကြီးကို လုပ်ကျွေးရသေး၊ နှမ လုပ်သူကလည်း ပန်းနာသည် ဆိုလား။ အေးစေချင်၍ တရားနာ ပူဆာဇာတ်နှင့် ညားဆိုလား မသိ၊ သူ ကြားဖူး၏။ လူအိုလူမင်းကိုတော့ ကုသိုလ်ရအောင် ပြုစုချင်ပေသည့် ပန်းနာသည်နားကိုတော့ အကပ်မခံနိုင်ပေ။
သူ့ရင်ထဲက အရှုပ်အထွေးကို မမခိုင်က ရိပ်မိနေသလား မသိ။
“အိမ်ထောင်ပြုတယ် ဆိုတာလည်း ဦးနှောက် စားတာပဲဟ သိလား၊ အင်္ဂလိပ်လို ပြောရရင်တော့ မဲရေ့ခ်ျအော့ဖ်လပ်ဗ် တဲ့၊ မဲရေ့ခ်ျအော့ဖ် ကော်န်ဗီးနီးယန့်စ် တဲ့၊ ချစ်၍ လက်ထပ်ခြင်း တဲ့၊ အဆင်ပြေ၍ လက်ထပ်ခြင်း တဲ့။ ချစ်လည်း ချစ်ရမယ်၊ အဆင်လည်း ပြေရမယ် ဆိုတာက နှစ်မျိုးလုံး တစ်ပြိုင်တည်း ဖြစ်ဖို့က တော်တော် ဦးနှောက်စားတာဟ”
မမခိုင်၏ စကားတွေ သတိရလာတော့ အမာကြည်၏ ခြေလှမ်းတွေလည်း တင်းခံထားသော နှလုံးသားလိုပင် လေးလံ၍ သွားလေသည်။
သူ့အဖို့ ငါးဝယ်သလို ချိန်ခွင် တစ်ဖက်တစ်ချက်တွင် ကိုမာတင့်ကို တစ်ဖက်၊ ပေါက်စကို တစ်ဖက် ထည့်ကြည့်လိုက်တိုင်း ကကတစ်နှင့် ငါးခြောက်သေးမွှားလေး ကွာချင်တိုင်း ကွာသလို ကိုမာတင့်ဘက်သို့သာ ဇောက်ထိုးချည်း သာသွားမြဲ ဖြစ်လေသည်။
သို့သော် တစ်ဖက် မြောက်တက်သွားသော ချိန်ခွက်ထဲမှ မှန်ရောင်ခြောက် ငါးလေးတွေ၏ မျက်လုံးလေးတွေလို ပေါက်စ၏ မျက်လုံး သေးသေးလေးတွေက သူ့ကို ငေးရီ၍ ပေကလပ်၊ ပေကလပ် ကြည့်လို့ နေရှာသည်။ ပြီးတော့ သည်မျက်လုံး သေးသေးလေးတွေကပဲ သူ့ရင်ကို ကြီးစွာ တုပ်ဆိုင်း ချုပ်နှောင်၍ ထားသည် မဟုတ်လား။
သည်တော့လည်း အမာကြည်ခေါင်းသည် ရှုပ်ထွေး တင်းကျပ်လာကာ မမခိုင်တို့ အရိပ်မှာ ခိုနားရင်း အပူမရှာဘဲ တစ်သက်လုံး နေသွားတာက အကောင်းဆုံး ကဖစ်မည်ဟု တွေးမိပြီး နှောင်ရစ်လာသော ကြိုးတစ်ချောင်းကို ရက်စက်စွာပဲ ဖြတ်တောက်မိပြန်သည်။
“အေးပါလေ ခုလည်း ဘယ်သူကမှ ဘာမှ ပြောကြသေးတာ မဟုတ်ဘဲ”
ကိုမာတင်ရော ပေါက်စကပါ ဘာမှတော့ ပြောကြသေးသည် မဟုတ်။ သည်လိုကျတော့ သူတို့ မျက်လုံးတွေကို ကြည့်ပြီး အဓိပ္ပါယ် ရှာဖွေနေမိသော အမာကြည်သည် သူ့ဘာသာ ရှက်သွေးဖြာလျက် ပြုံးချင် ရယ်ချင် ရှိလာ၏။
သို့သော် ညနေ ရောက်လာလျှင် ဂေါက်ကွင်းသွားမည့် ကိုမာတင်တို့ ကားပေါ်က ကိုမာတင့် ညီမလေးက ယောင်းမဟု မကြားတကြား စသွားတတ်လျှင် “ညီမလေးက အပြင်မထွက်နိုင်လို့ မမာကြည်ကို သိပ်တွေ့ဖူးချင်တာ” ဟု တိုးတိုးဖွဖွ ပြောတတ်သော ပေါက်စအသံသည် သူ့နားထဲမှာ ကျယ်လောင်စွာ ပေါ်လာတတ်မြဲ။
ကိုမာတင့် ညီမလေးက ကယ်ဒီမလေးပီပီ သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိပုံရသဖြင့် စိတ်ထဲက ချစ်မိပြန်လျှင် ပျော့တိပျော့ခွေနှင့် နွမ်းဖတ်ဖတ် ရှိပုံရသော ပေါက်စညီမ ပန်းနာသည်မလေး ကိုလည်း ကရုဏာ မကင်းနိုင်ပေ။
“အင်း ငါ့အဖြစ်ကလည်း မမခိုင် ပြောတဲ့ ချစ်၍ လက်ထပ်ခြင်းလား၊ အဆင်ပြေ၍ လက်ထပ်ခြင်းလား၊ ဘာများ ဖြစ်မလဲ မသိဘူး” ရင်ကိုမကာ သက်ပြင်းတစ်ချက် ခိုးရှိုက်လိုက်မိသည်။
တကယ်တော့ အမာကြည် တွေးသလို ကိုမာတင်နှင့် ပေါက်စတို့ သည်လည်း သူတို့အဖြစ်ကို သူတို့ မဲရေ့အော့ဖ်လပ်ဗ်လား၊ မဲရေ့အော့ဖ် ကော်န်ဗီးနီးယန့်စ်လားဟု စဉ်းစားနေကြသည် ဆိုတာကိုတော့ အမာကြည် တစ်ယောက် တွေးမိရှာမည် မဟုတ်ပေ။
“သူများအိမ်မှာ နေတယ် ဆိုပေမယ့် အိမ်ဖော်ရယ်လို့မှ မဟုတ်တာ။ သွေးဝင်သားဝင် ရင်းရင်းချာချာ ရှိကြသားပဲ။ ရုပ်ရည်က သန့်သန့်ပြန့်ပြန့်၊ ဘယ်မှာ အိမ်ဖော်နဲ့ တူလို့လဲ၊ ချက်ရေးပြုတ်ရေး အိမ်မှုကိစ္စကတော့ လှည့်ကြည့်စရာ မလိုဘူး။ မိဘတွေလည်း မရှိ၊ တစ်ကောင်ကြွက် တစ်မျက်နှာ ဆိုတော့ ကိုယ်ပဲ သခင်၊ ကိုယ်ပဲ လင်။ ရွာမှာ မနေချင်လို့သာ မြို့ကြီးပြကြီးမှာ အရိပ်လာခိုတာ၊ လယ်တွေ ဘာတွေတောင် ကျန်ခဲ့သေးလို့ စပါးလေး ပဲလေးရပြီး တစ်နှစ် ကိုးထောင်တစ်သောင်း စုမိသေးတယ် ဆိုပါလား။ ရောင်းရေး ဝယ်တာလည်း သင်ပေးရင် တတ်မယ့်ပုံပါ။ အသက်က သုံးဆယ်ဆိုတော့ နည်းနည်းတော့ ဟိုင်းပြီပေါ့။ အို ဒါလည်း ကိစ္စမရှိပါဘူး။ ခုခေတ်မှာ ဒီလိုပဲ မွေးကြ ဖွားကြတာပဲ၊ အရေးကြီးတာက”
တွေးရင်း ငေးရင်း အိမ်ပြန် ရောက်လာသော အမာကြည်ကတော့ ကကတစ်ကြီးကို အကြေးနွှာ ဗိုက်ဖောက်အူထုတ်ကာ၊ ငါးခြောက် သေးသေးလေးတွေကို ဖုန်သဲ ကင်းစင်အောင် ရေဖွားဖွားဆေးရန် ပြင်ဆင်ရလေသည်။
---------
မခင်လေး
ဗြူတီ မဂ္ဂဇင်း၊ ဩဂုတ်၊ ၂ဝ၁၁။
No comments:
Post a Comment