Mar 12, 2017

ဖေဖေက ငါးကိုကြည့်တယ်

" ဖေဖေက ငါးကိုကြည့်တယ် "
======================

ကျောင်းကဆင်းလာပြီး လွယ်အိတ်ကလေးကို တိုင်မှာချိတ်လိုက်တဲ့ အငယ်ထွေးရဲ့လက်တွေဟာ ကျောင်းစိမ်းဂါဝန်ကလေးကိုပါ ချွတ်ပြီး တန်းမှာ အသာကလေး လွှားလိုက်ပါတယ်။ ပြီးတော့ ရေချိုးခန်းဆီတန်းသွား၊ သူ့ကိုယ်ကလေးပေါ်ကို ရေနှစ်ခွက်လောက် ဖြည်းဖြည်းကလေး လောင်းချ၊ ဆပ်ပြာမွှေးကို ဖွဖွကလေးယူ၊ ခန္ဓာကိုယ်အနှံ့ ပွတ်တိုက်ပြီး နောက်ထပ် ရေသုံးလေးခွက်လောင်းပြီးတာနဲ့ အငယ်ထွေး ရေချိုးခြင်းကိစ္စ ပြီးသွားပါပြီ။
မျက်နှာသုတ်ပုဝါဟောင်းတစ်ခုနဲ့ ရေတွေ စင်အောင်သုတ်ပြီး ဖိုးဝသနပ်ခါးကို မျက်နှာအနှံ့ လိမ်းကျံပြီးတဲ့အခါ လျှော်ထားတဲ့ ဂါဝန်ဟောင်းကလေးတစ်ထည်ကို တောင်းထဲက ရှာဖွေဝတ်လိုက်ပါတယ်။ မီးဖိုထဲ တန်းဝင်သွားလို့ သံပန်းကန်ကြားပေါ်မှာ ထမင်းထည့်၊ ပအုန်းရည်နှင့် ငါးဘာသီပြုတ်တစ်ကောင်ကို ပန်းကန်နှုတ်ခမ်းမှာတင်၊ ငါးပိထောင်းကလေးနည်းနည်း လက်ညှိုးကလေးနဲ့ ကော်ယူ၊ အလင်းရောင်ရှိတဲ့ အပြင်ခန်းမှာထိုင်ပြီး တစ်ယောက်တည်း ငြိမ်ငြိမ်လေး ထမင်းစားနေတော့တယ်။
မမဇာခြည်က…

အငယ်ထွေးရေ… ငါတို့မှာ အမေမရှိတော့ဘူးဟ။ အမေ မရှိတော့ ပိုက်ဆံလည်း မရှိဘူးပေါ့ဟယ်။ အရင်လို မနေရ မစားရတော့ဘူး။ ချွေတာရမယ်။ ချွေတာတယ်ဆိုတာ သိလား။ ကျောင်းစာအုပ်တွေ မစုတ်မပြဲအောင် ကိုင်၊ ခဲတံတွေ မပျောက်အောင် သတိထား၊ ကျောင်းအင်္ကျီကို နှစ်ရက်မှ တစ်ထည်လဲ၊ ရေချိုးလည်း ရေကိုချွေတာ၊ ဆပ်ပြာကိုချွေတာ၊ ဘာမဆို မကုန်အောင်သုံးနော်”တဲ့။
တကယ်ဆို မေမေရှိရင် အငယ်ထွေးအတွက် တစ်ခုခု စီစဉ်ပေးထားမှာပါ။ ပုစွန်ကြော်လေးဖြစ်ဖြစ်ပေါ့။ အခု မေမေမရှိတော့ အဲဒီ အထူးအခွင့်အရေးတွေလည်း မရတော့ပါဘူး။ ကိုယ့်ဘာသာကိုယ် ကျောင်းကပြန်လာ၊ ရေမိုးချိုး၊ ရှိတာကလေး နယ်ဖတ်စားပြီး တိတ်တိတ်ဆိတ်ဆိတ် မေမေ့ကို လွမ်းနေရတာလေ။

အငယ်ထွေး ထမင်းစားနေပြီလား”
အိမ်ထောင့်မှာ ငါးပုံးတွေနဲ့ အလုပ်ရှုပ်နေတဲ့ ဖေဖေက ပါးစပ်နဲ့ လှမ်းမေးပြီး ဘာနဲ့စားလဲတောင် လာချောင်းကြည့်ဖော် မရပါဘူး။ အငယ်ထွေး သိတတ်သလောက် ပြန်တွေးကြည့်ရင် ဖေဖေဟာ ဘယ်သမီးကိုမှ ကြင်နာယုယနေတာ မမြင်ရဖူးပါ။ မေမေရှိစဉ်က သမီးတွေအားလုံး မေမေ့အနားသာ ကပ်ပြီး လိုအပ်ချက်တွေကိုလည်း မေမေကသာ ဖြည့်ဆည်းပေးခဲ့တာလေ။
ဖေဖေက သမီးတွေကို ဂရုမစိုက်ဘဲ စီးပွားရေး လုံးပန်းနေသလား ဆိုတော့လည်း ဒီလိုမဟုတ်ပြန်ဘူး။ ဖေဖေ ဘာစီးပွားရေးမှ မလုပ်လို့ မေမေနဲ့ တကျက်ကျက်ဖြစ်တာ အငယ်ထွေးသိသားပေါ့။ အရင်ကတော့ သမီးတွေ ကျောင်းစာရေးပြီး ကျန်တဲ့ ဗလာစာအုပ်နောက်ကျောတွေမှာ ဂဏန်းတွေတွက်လိုက်တာမှ သဲကြီးမဲကြီး။ အိမ်ဦးခန်းမှာထိုင်ပြီး အဲဒီဂဏန်းရွှေ့တဲ့ အလုပ်ဟာ ဖေဖေရဲ့ နေ့စဉ်အလုပ်ပါပဲ။ ဒါဟာ အလုပ် လုပ်နေတာပဲလို့ သူ့ကိုယ်သူ ခံယူထားလေ့ရှိတယ်။
ဟော… အငယ်ထွေးမွေးပြီးတော့ ဖေဖေ့အလုပ်က အပြောင်းအလဲ နည်းနည်းရှိလာတယ်။ ဘယ်က ဘယ်လိုအစရလာတယ် မသိဘူး။ အိမ်မှာ အလှငါးမွေးမယ် ဖြစ်ပါရော။ မေမေက သဘောမတူဘူး။

ငါးမွေးတာ လွယ်သလား။ ငါးတစ်ကောင် ဘယ်လောက်အောက်မေ့လို့လဲ” ဆိုပြီး ကန့်ကွက်ပါရော။
ဖေဖေက မေမေ့စကား နားထောင်လေ့ရှိသူမဟုတ်။ သူလုပ်ချင်တာ သူလုပ်တာဆိုတော့ တစ်သောင်းခွဲနဲ့ ဝယ်လာပါတော့တယ်။

ဘုရားရေ… ကိုဆွေ ဘာတွေလုပ်နေတာလဲ”
ဆန်အိုးထဲ ဆန်မရှိတဲ့အိမ်က အလှမွေးငါးတစ်ကောင် တစ်သောင်းခွဲ ပေးလာတာဆိုတော့ မေမေကြမ်းတော့တာပေါ့။ ဖေဖေက အေးဆေးပဲ။ သူ့ကိစ္စ သူ ဆက်လုပ်နေတယ်။ ငါးပုံးထဲ ငါးစာကျွေးတာ၊ ရေလဲတာတွေကို သူကိုယ်တိုင် စိတ်ရှည်လက်ရှည် လုပ်တယ်။ အငယ်ထွေးတို့ ညီအစ်မတွေလည်း အစပထမတော့ အထူးအဆန်းဆိုပြီး ငါးပုံးကို အုံကြည့် စပ်စုကြတာပေါ့။ ကြာကြာ ဘယ်သူမှ မကြည့်နိုင်ကြပါဘူး။ အိမ်ကိစ္စ၊ ကျောင်းကိစ္စတွေနဲ့ ငါးပုံးနားက တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားတော့တယ်။
အခုဆို ငါးပုံးတစ်ပုံးကနေ နှစ်ပုံး၊ သုံးပုံးဖြစ်လာပြီ။ ရွှေငါးလေးတွေ၊ အမြီးဖွားဖွားနဲ့ တစ်ချိန်လုံး ဆတ်ဆလူးခါနေတဲ့ ငါးကလေးတွေ လေးငါးခြောက်ကောင် တိုးလာပြီ။ ဖေဖေကတော့ ပထမဦးဆုံးမွေးတဲ့ လပ်ကီးဖစ်ဆိုတဲ့ ငါးကြီးကို အချစ်ဆုံး၊ ဂရုအစိုက်ဆုံး၊ သံယောဇဉ်အရှိဆုံး။
" ငွေတိုးပွားရေ .... ငွေတိုးပွားရေ " လို့ နာမည်မှည့်ပြီး ခဏခဏခေါ်သေးတာ။
လက်တစ်ဝါးအရွယ် ငါးကလေးက တစ်တောင်လောက်အရွယ် ငါးကြီးဖြစ်နေပြီ။ ငွေတိုးပွားကလည်း ဖေဖေ့ဆိုရင် သိတယ်။ အစာကျွေးတဲ့လူမို့လားမသိ၊ နာမည်ခေါ်ပြီး ကိုင်ရင် ငြိမ်ပြီး အကိုင်ခံနေရော။ ဒါနဲ့ပဲ ဖေဖေက ဒီကောင်ကြီးကို ဖေ့သားကြီး လုပ်နေတာလေ။
အငယ်ထွေး ထမင်းစားပြီးတော့ မှောင်နေပြီ။ ကျောင်းမှာ အချိန်ပိုတက်ပြီးလို့ ပြန်လာတဲ့ အငယ်ထွေးအထက်က မမဇာခြည်တောင် မီးဖိုထဲ အိုးတွေခွက်တွေ ဆေးကြောနေပြီ။ မမလတ်ကေသီကတော့ ဟိုဘက်ကမ်း အအေးခန်းစက်ရုံမှာ အိုဗာတိုင်ရှိတဲ့ညတွေဆို ညဥ့်နက်မှ ရောက်လိမ့်မယ်။ အခု မီတာခတွေ ဈေးတက်လို့ ဘုရားစင်က မီးတစ်ပွင့်ရယ်၊ ငါးပုံးတွေမှာ မီးနှစ်ပွင့်ရယ် ဒါပဲ ထားနိုင်တော့တယ်။ ညရောက်တော့ ဘုရားစင်က မီးနဲ့ပဲ ညီအစ်မနှစ်ယောက် ကျောင်းစာတွေ လုပ်ကြတယ်။ မမဇာခြည်က လေးတန်းဆိုတော့ စာများတယ်။ တော်ရုံနဲ့ မအိပ်ဘူး။ အငယ်ထွေးကတော့ သူငယ်တန်းဆိုတော့ အိမ်စာလုပ်ပြီးတာနဲ့ အိပ်ဖို့ပြင်ရော။
နေတာ စားတာ ပြဿနာမရှိပေမဲ့ အိပ်ရင်တော့ နည်းနည်း ပြဿနာရှိတယ်။ အငယ်ထွေးက သမီးအငယ်ဆုံးဆိုတော့ အမေ မက်တယ်။ အိပ်ခါနီး မေမေ့ချိုချိုကို မစို့ရချင်နေ ကိုင်ပြီးအိပ်ရမှ။ အခု မေမေ မရှိကတည်းက အိပ်ရာဝင်တော့မယ်ဆို အဆင်မပြေတော့ဘူး။ တစ်ညတော့ အငယ်ထွေးတစ်ယောက်တည်း အိပ်ရာထဲမှာ ကျိတ်ရှိုက်နေလို့ မမဇာခြည်က အငယ်ထွေး နို့ဖြတ်တုန်းကစို့တဲ့ နို့ဘူးချိုလိမ်ကလေးကို လက်ထဲလာထည့်ပေးတယ်။ မေမေ့ချိုချိုလို မပျော့ပျောင်းပေမဲ့ ခပ်ဆင်ဆင်တူတဲ့ ချိုလိမ်မာမာကြီးကိုပဲ လက်ထဲမှာ တင်းတင်းဆုပ်လို့ အိပ်ပျော်အောင် အိပ်ခဲ့ရတယ်။ အခု အိပ်တော့မယ်ဆိုမှ ချိုလိမ်က ပျောက်နေပြန်ပြီ။
ဒီအချိန်မှာ ဖေဖေက ဘာလုပ်နေလဲ သိလား။ ဖေဖေက ငါးကြည့်နေတာပေါ့။
***********************************
မနက်မိုးလင်းရင် အစောကြီးမထချင်တာ ဇာခြည့်အကျင့်လို့ ပြောရမယ်ထင်တယ်။ နိုးရင်လည်း အိပ်ရာထဲ နှပ်နေချင်တာလေ။ မေမေရှိစဉ်ကတော့ မနက်စောစောထပြီး မီးဖိုချောင်ဝင်ရတာ ဇာခြည့် အလုပ်မဟုတ်ပါဘူး။ မေမေကပဲ အစစအရာရာ လုပ်သွားတာပါ။ ညဘက် ဘယ်လောက်ပဲ သီးနှံကြိုရတာ ညဥ့်နက်ညဥ့်နက်၊ မနက်စောစောမထဘဲ မေမေ မနေဘူး။ ကျောင်းမသွားခင် စားသွားဖို့ ထမင်းကြမ်းနဲ့ ငါးခြောက်ဖုတ်ပဲဖြစ်ဖြစ်၊ အဆင်ပြေအောင် တစ်ခုခုတော့ စီစဉ်ပေးလေ့ရှိတယ်။
အခုတော့ မနက်လင်းရင် အိပ်ရာထဲ နှပ်မနေနိုင်တော့ပါဘူး။ မီးဖိုထဲ ရောက်တော့ မမကေသီက မလှမ်းမကမ်းကဈေးကို သွားနေပြီး အလုပ်ချိန်အမီ၊ ကျောင်းချိန်အမီ ချက်ပြုတ်နိုင်ဖို့ ဟင်းချက်စရာ ဝယ်ခြမ်းနေရောပေါ့။ ဇာခြည့်အဖို့တော့ မီးသွေးမီးဖို မီးမွှေးရတာ စိတ်ညစ်စရာ အကောင်းဆုံးပါပဲ။ ဇာခြည်တို့ဆီမှာ မီးမွှေးရင် ထင်းခေါင်းကို သေးသေးမြွှာပြီး မီးပျိုးယူရတာလေ။ အခု ထင်းခေါင်းမဝယ်နိုင်လို့ ကျောင်းဝင်းထဲက ထင်းခြောက်တွေ ကောက်မွှေးရတော့ မီးခိုးတွေအူပြီး မီးကမစွဲဖြစ်နေတော့ မီးခိုးလုံးကြားထဲ ဇာခြည်မှာ မျက်ရည်တွေ ထွက်ရတာ မကြာခဏ။
မီးစွဲတာနဲ့ ရေနွေးအိုးကို မီးဖိုပေါ်တင်၊ ထမင်းအိုးကို အဆင်သင့် ဆေးထား၊ ရေနွေးပွက်ပွက်ဆူတော့ လက်ဖက်ခြောက်ခတ်ပြီး ဓာတ်ဘူးထဲ အဆင်သင့်ထည့်ထား၊ ဖေဖေ နိုးလာလို့ ဓာတ်ဘူးထဲ ရေနွေးအသင့်မရှိရင် "နင်တို့က ဒါလေးတောင် အဖြစ်မရှိဘူးလား " ဆိုပြီး ဆူရော။ မမကေသီ ဈေးကပြန်လာရင်တော့ အကြော်နဲ့ ထမင်းကြမ်းစားမယ်။ ပြီးရင် ဓာတ်ဘူးထဲက ရေနွေးကြမ်းကို တစ်ခွက်ပြီး တစ်ခွက် သောက်ပါလိမ့်မယ်။
ဇာခြည် ထမင်းအိုး ငှဲ့ပြီးချိန်လောက် မမကေသီ ဈေးကပြန်ရောက်လာလေ့ရှိတယ်။ သူလည်း ဟိုဘက်ကမ်း အလုပ်ရုံကို ကူးဖို့ ဖယ်ရီဂိတ်ကို ရှစ်နာရီခွဲအရောက် ပြေးရမှာဆိုတော့ စားစရာတွေကို ဘယ်တော့မှ ဖွယ်ဖွယ်ရာရာ မချက်စားဖြစ်ပါဘူး။ ဝယ်စရာငွေကြေး မပြေလည်တာလည်းပါတာပေါ့။
ပိုက်ဆံကိစ္စ စဉ်းစားရင် ဇာခြည် စိတ်ညစ်တယ်။ မေမေ့ကို သတိရတယ်။ ကျောင်းက စာအုပ်ဖိုး၊ ဝါဆိုကန်တော့ပွဲ အလှူငွေတွေ ကောက်နေတာ အတန်းထဲမှာ ဇာခြည် နောက်ဆုံးမှ ပေးရလေ့ရှိတာ စိတ်အညစ်ဆုံးပါပဲ။ ဝတ်တာကိုလည်း ချွေတာလို့ရတယ်။ စားတာကိုလည်း ချွေတာလို့ရတယ်။ တစ်ပြိုင်နက်တည်း ပေးရမယ့်ငွေကျတော့ မပေးမဖြစ် နောက်ကျလို့ မရဘူး။ အိမ်မှာ ဘာကိစ္စပေါ်ပေါ် မမကေသီနဲ့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး မတတ်တတတ်စီစဉ်ရတာ အဆင်ပြေတဲ့အခါပြေ၊ မပြေတဲ့အခါ မပြေပေါ့။ မပြေရင် မေမေ့ကို အရမ်းသတိရတယ်။ မေမေ ဘာလို့ ဇာခြည်တို့ကို ထားသွားလဲ မသိဘူးနော်။
မေမေထွက်သွားတဲ့နေ့ကို ဇာခြည် ဘယ်တော့မှ မမေ့ဘူး။ အဲဒီနေ့က ညဘက် ကမ်းနားမှာ သီးနှံကြိုပြီး ခါတိုင်းအချိန် အိမ်ပြန်မလာတော့မှ မေမေ ဇာခြည်တို့ကို ထားသွားမှန်း သိရတော့တယ်။ အချိန်တန်လို့ မေမေ ရောက်မလာတော့ ခေါင်းရင်းအိမ်က အိမ်နီးနားချင်း ကြီးကြီးစောကို ပြေးခေါ်ရတာပေါ့။ ကြီးကြီးစောက ကမ်းနားကို လိုက်ဆင်းစုံစမ်းပေးတဲ့အခါ ဇာခြည်တို့ မကြားချင်တဲ့ မေမေ့သတင်းဆိုးကြီး ကြားရတော့တာပဲ။
မေမေလေ… မေမေ သူ့ရဲ့ သီးနှံတင်ဖောက်သည် ဆိုက်ကားသမားကြီးနောက် လိုက်သွားပြီတဲ့။ အဲဒီဆိုက်ကားသမားကြီးကို ဇာခြည်သိပါတယ်။ လူက ရှိုးကောင်းကောင်း၊ ဗလတောင့်တောင့်၊ မေမေ့ သီးနှံတောင်းတွေ ဖျတ်ဖျတ်လတ်လတ် ကူဟယ်မဟယ် လုပ်ပေးနေကျ လူ။ မေမေ့ဖောက်သည် ဆိုက်ကားဆရာကြီးပေါ့။

ခင်ဖြူရေ… ရက်စက်လှချည်လား။ ကလေးတွေမျက်နှာ မထောက်၊ မိုက်လုံးကြီးလှပါဘိ။ နင်တစ်ယောက်တည်း လွတ်လမ်းရှာသွားတာလား။ အသည်းနှလုံးမရှိတဲ့ မိန်းမ။ မိခင်စိတ်မရှိတဲ့ မိန်းမ။ နင်ရှာလိုက်တဲ့ထွက်ပေါက်က နင့်အတွက်လည်း မကောင်း၊ ကလေးတွေအတွက်လည်း မကောင်း၊ လုပ်သူက လုပ်သွားပေမဲ့ မြင်ရတဲ့သူ အူအသည်းစပ်လှပါဘိ”
ကြီးကြီးစော ငိုပြော ပြောနေတော့ ဇာခြည်ရော အငယ်ထွေးပါ မနေနိုင်တော့ဘူး။ "မေမေရေ " ဆိုပြီး အော်ငိုကြတာ အိမ်မှာ ပွက်လောရိုက်သွားတာပဲ။ ဒီတုန်းက မမကြီးအေမီ ရန်ကုန်မသွားသေးဘူး။ မမကြီးနဲ့ မမလတ်ကတော့ မငိုဘူး။ အံတွေ ကြိတ်ပြီး တင်းခံနေကြတယ်။ အိမ်နီးနားချင်းတွေကလည်း အလိုက်မသိ အားမနာ ဝင်လိုက်ထွက်လိုက်၊ သတင်းမေးလိုက်၊ စုပ်သတ်လိုက်။ နောက်ယောက်ျားယူသွားတဲ့အမေ့ရဲ့ သမီးတွေကို မမြင်ဖူးသလို လာကြည့်လိုက်။ အရပ်ထဲမှာ သတင်းထူး သတင်းဆန်းကြီးကို ဖြစ်လို့။
မေမေ ဘာဖြစ်သွားတာလဲ။ ဖေဖေရှိရက်နဲ့ ဟိုဆိုက်ကားဆရာကြီးကို ဘာလို့ စိတ်ကူးရတာလဲ။ အဲဒီလူကြီးနောက် လိုက်သွားရင် ဇာခြည်တို့နဲ့ ခွဲနေရမယ်ဆိုတာ မသိဘူးလား။ မေမေ ခွဲနေနိုင်လား။ သမီးတို့တော့ မခွဲနိုင်ဘူး။ မေမေ ပြန်လာပါ။ သမီးတို့မှာ မေမေ မရှိရင် မဖြစ်လို့ပါ။ ဇာခြည် ဘယ်လောက် လွမ်းလွမ်း၊ ဘယ်လောက် ငိုငို မေမေ ပြန်မလာတော့တာ သေချာသွားတဲ့အခါ မေမေ့အလုပ်တွေ ခွဲဝေပြီး လုပ်ရုံရှိတော့တာပေါ့။ ဘာမှ သိပ်မသိသေးလို့ နားမလည်နိုင်သေးတဲ့ အငယ်ထွေးကိုလည်း ချော့ရတာ အမောပါပဲ။
အငယ်ထွေးက ကျောင်းကပြန်လာရင် မေမေ့မျက်နှာ မြင်ရမှ။ မေမေ့ပေါင်ပေါ် ပြေးထိုင်ရမှ။ အငယ်ဆုံး အထွေးဆုံးဆိုပြီး အခွင့်ထူးယူတယ်ဆိုပြီး ဟိုတုန်းက အမြင်ကတ်ပေမဲ့ အခုတော့ အငယ်ထွေးကို သနားတယ်။ မမကေသီက အလုပ်ခွင်ထဲမှာ နေရချိန်များတော့ ဇာခြည်ပဲ အမေလုပ်နေရတာပေါ့။ ညနေ ကျောင်းပြန်လာရင် တစ်အိမ်လုံးဝတ်ပြီးသား အဝတ်တွေ ကျုံးလျှော်ရသေးတာ။ မမကေသီ ဟိုတုန်းက လုပ်တဲ့အလုပ်တွေပေါ့။ ဟိုတုန်းက မမကေသီ ကျောင်းသူပဲ ရှိသေးတော့
ဒါတွေလုပ်နိုင်တယ်လေ။ အခု အလုပ်ခွင်ထဲရောက်သွားတော့ အိုဗာတိုင်ဆင်းနေရတာနဲ့ အိမ်ပြန်မိုးချုပ်ပြီး အိမ်အလုပ်တွေ မလုပ်နိုင်တော့ဘူး။
ဇာခြည့်မှာ အဝတ်လျှော်တဲ့နေ့ လျှော်၊ မလျှော်တဲ့နေ့ မီးပူတိုက်။ ညနေ ဟင်းနွှေးပြီး ပိုတဲ့မီးခဲတွေ မီးပူအိုးထဲ ထည့်၊ အင်္ကျီလုံချည်တွေ ပြန့်အောင်တိုက်တဲ့အလုပ်ဟာ ဘာမှ မခက်ပါဘူး။ ဖေဖေ့အင်္ကျီတွေ တိုက်ရတာပဲ စိတ်ညစ်တယ်။ ခေါက်ပုံခေါက်နည်းက မမှန်လို့၊ အင်္ကျီသားက မပြန့်လို့ဆိုပြီး မကြာခဏ ပြန်တိုက်ခိုင်းတော့ စိတ်ညစ်တယ်။ ဒီလောက်တောင်ဖြစ်လှ ဖေဖေလေ ကိုယ့်အင်္ကျီ ကိုယ်တိုက်ဝတ်ရင် ပြီးရော။ အခုတော့ ဇာခြည့်မှာ ကျောင်းတစ်ဖက် အချိန်ပိုတစ်ဖက်၊
ဒီနှစ် လေးတန်းဆိုတော့ စာတွေကလည်း များလာ၊ ဒီကြားထဲ မမကေသီ ပုစွန်ခေါင်းချိုးလုပ်တဲ့ ဝင်ငွေနဲ့ တစ်လလုံး စားမလောက်တဲ့အခါ ကြီးကြီးစောတို့ဆီက ချေးရ၊ မေမေချန်ထားခဲ့တဲ့ စတီးချိုင့်တို့၊ ဒန်အိုးတို့ကို အပေါင်ခံတဲ့အိမ် ပို့ရ။
ဒါမျိုးကျ မမကေသီက အပျိုလေးမို့ ရှက်သတဲ့။ အပျိုမဖြစ်သေးတဲ့ ဇာခြည်ကရော မရှက်ရဘူးလား။ ရှက်တာတွေ၊ မရှက်တာတွေ အသာထား။ ဒီနည်းနဲ့လုပ်မှ ကိုယ့်အိမ်မှာ ပြေလည်မယ်ဆို ဇာခြည်တော့ လုပ်လိုက်တာပဲ။ ကိုယ့်မှာမရှိလို့ ချေးငှားစားတာ၊ ကိုယ့်မှာ မပြေလည်လို့ အိမ်မှာရှိတဲ့ပစ္စည်း အပေါင်ခံတဲ့အိမ်ပို့တာ ဘယ်သူ့ဆီ ပါမစ်ခံရဦးမှာလဲနော့။ ချေးငှားဖို့၊ ပေါင်နှံဖို့ ဘယ်သူ့ဆီ ဘယ်နှခေါက် သွားရသွားရပေါ့။ ဒီအချိန်မှာ ဖေဖေက ဘာလုပ်နေသလဲ သိလား။ ဖေဖေက ငါးကြည့်နေတာပေါ့။
***********************************

သမီးတို့အမေ ခင်ဖြူဟာ တစ်ချိန်တုန်းက သိပ်လှတဲ့မိန်းမတစ်ယောက်ပါ။ အဲဒီ ချောမောလှပမှုကပဲ စောစောစီးစီး အိမ်ထောင်ရေးတွင်းနက်ကြီးထဲ ကျစေတာလားတော့ မသိဘူး။ ကြီးကြီးစောတို့အရပ်ကို ခင်ဖြူရောက်လာတော့ ဆယ်တန်းကျောင်းသူအရွယ်၊ မနူးမနပ်ကလေးပေါ့။ အသားကလေးကလည်း ဖြူ၊ ကိုယ်လုံး ကိုယ်ပေါက်ကလေးကလည်း လှ၊ မျက်နှာကလေးကလည်း ချစ်စရာဆိုတော့ ကြိုက်သမားတွေ ဝိုင်းဝိုင်းလည်နေတဲ့ ကြားကပဲ တောကနေ ဆယ်တန်းလာဖြေတဲ့ မောင်မောင်ဆွေနဲ့ လိုက်ပြေးသွားပါရော။ မောင်မောင်ဆွေက တောသားသာ ဆိုတယ်။ လက်ကြောမတင်းတဲ့ တောသား။ မိဘလက်ငုတ်လက်ရင်း လယ်ယာကိုင်းအလုပ်ကို အလုပ်မထင်တဲ့ တောသား။ အိမ်ထောင်ကျတော့လည်း အချိုးမပြောင်း။
မြို့မှာ ဘိုးဘွားပိုင် အမွေဆိုင်အိမ်ကလေးရှိလို့ တော်သေး။ အခု သမီးတို့နေတဲ့အိမ်ဟာ မောင်မောင်ဆွေ့ဘက်က မိဘမောင်နှမတွေ ပိုင်တဲ့အိမ်ပေါ့။ သူတို့မကန့်ကွက်လို့ သမီးတို့ အနေချောင်နေတာ မဟုတ်လား”
ကေသီက ကြီးကြီးစောမျက်နှာကို ငေးကြည့်ရင်း ကြီးကြီးစော ပြောစကားတွေကို နားထောင်နေရာက ဖေဖေနဲ့ မေမေတို့ရဲ့ ငယ်ဘဝဆီ စိတ်ရောက်သွားတော့တယ်။ မေမေက သိပ်ချောတဲ့မိန်းမဆိုတာ ကေသီယုံတယ်။ အခုတောင် မေမေ ချောတုန်းပဲဟာ။ ဓာတ်ပုံဟောင်းတွေများ ပြန်ကြည့်ရင် မေမေ့အလှက အားကျဖွယ် ကောင်းလှတယ်။ ဖေဖေကတော့ သာမန်ပါပဲ။ ရုပ်အချောကြီးလည်း မဟုတ်၊ အရုပ်ဆိုးတာလည်း မဟုတ်။ အင်း… ကေသီ့မျက်လုံးထဲတော့ ဖေဖေဟာ ကိုယ်လုံးကိုယ်ထည် ကျစ်ကျစ်လျစ်လျစ်နဲ့ မချောပေမဲ့ ခပ်ဖြောင့်ဖြောင့် ယောက်ျားတစ်ယောက်ပေါ့။

သူတို့ မလိမ်မိုးမလိမ်မာနဲ့ လိုက်ပြေးကြတော့ နှစ်ဖက်မိဘတွေက ခွဲတာခွာတာလည်း မလုပ်ခဲ့ကြပါဘူး။ မောင်မောင်ဆွေ့မိဘတွေက သားနဲ့ချွေးမကို ရွာပြန်ခေါ်ပြီး သူတို့ရဲ့ လယ်တွေကို လုပ်စားဖို့ ခွဲဝေပေးရှာတယ်။ ဘယ်တုန်းကမှ လယ်နားမကပ်ခဲ့တဲ့ မောင်မောင်ဆွေဟာ ထွန်ဖို့ယက်ဖို့ ရိတ်သိမ်းဖို့ကိစ္စတွေအပေါ်မှာ စိတ်မပါရှာဘူး။ ဒီအလုပ်မျိုးက ခါးချိုးပြီးလုပ်မှ အောင်မြင်တာလေ။ မကြာခင် ခင်ဖြူတစ်ယောက် အိမ်ဆိုင်ရောင်းတဲ့ဆီ ရောက်ပါလေရော။ နောက် ကလေးတစ်ယောက်ရတော့ ရွာမှာ မနေချင်၊ မြို့မှာပဲဖြစ်သလို လုပ်စားမယ်ဆိုပြီး တက်ခဲ့ကြတာလေ။ မြို့ရောက်ကတည်းက ခင်ဖြူမှာ လုပ်လိုက်ရတဲ့အလုပ်။ စုံတကာစေ့လို့။ နောက်ဆုံး ကုန်စိမ်းရောင်းတဲ့အလုပ်ကျမှ အနည်ထိုင်တော့တယ်”
ကြီးကြီးစောက သူပြောချင်တာတွေ ပြောနေရလို့လားမသိဘူး။ အာပေါင်အာရင်းသန်သန်နဲ့ အရှိန်ကောင်းနေတော့တယ်။ တကယ်တော့ ကြီးကြီးစောဟာ ကေသီတို့ရဲ့ အိမ်နီးချင်းကောင်းတစ်ယောက်ပါပဲ။ ဘာမဆို ဖွင့်ဟတိုင်ပင် အကူအညီတောင်းလို့ ရတယ်။ ကြီးကြီးစောယောက်ျား ဦးလေးကြည်ဆိုရင်လည်း ဘုဘုဘောက်ဘောက် ပြောတတ်တာကလွဲလို့ စိတ်ရင်းကောင်းရှာတယ်။ ကေသီတို့ကိုလည်း တူမလေးအရင်းတွေလို စောင့်ရှောက်ပါတယ်။
ကြီးကြီးစောပြောမှ ကေသီ မေမေ့ကို ပိုသတိရလာတယ်။ ဟုတ်တယ်။ ကေသီမှတ်မိသလောက် မေမေ နားနားနေနေ နေတာ တစ်ခါမှ မတွေ့ခဲ့ရဖူးဘူး။ အိမ်ရဲ့လိုအပ်ချက်တွေ မေမေ့အပေါ်မှာ စုပုံနေခဲ့တာ ကေသီတို့ တစ်သက်ပါပဲ။ ဖေဖေဟာ ဒီနှစ်ကာလအပိုင်းအခြားတွေမှာ ဘာတွေလုပ်နေသလဲ။

မောင်မောင်ဆွေ့စိတ်ဓာတ်များ အံ့သြတယ်ကွယ်။ တကယ် စောစောပိုင်းတုန်းက မိုးလင်းမိုးချုပ် သူမို့ မညောင်းမညာ အိမ်ဦးခန်းမှာ တကုပ်ကုပ် တွက်နိုင်လွန်းတယ်။ ထိထိရောက်ရောက် ငွေစကြေးစရတယ်လို့လည်း မကြားဖူးပေါင်ကွယ်။ မွဲဆေးဖော်နေတာလေ။ မိန်းမနဲ့ ဒိုးတူပေါင်ဖက် မလုပ်စားရုံ မဟုတ်။ မိန်းမရှာသမျှ မိန့်မိန့်ကြီး ထိုင်ဖြုန်းနေတာတော့ နည်းလမ်းမကျသေးပါဘူး။ အဲဒါကိုပဲ စောစောပိုင်းက ခင်ဖြူမှာ ကျေနပ်နှစ်သိမ့်လို့လေ။ အရက်မသောက်၊ ဖဲမရိုက်၊
မိန်းမမှုမပွေတဲ့ လင်သူတော်ကောင်းကြီးတဲ့”

နောက်ပိုင်းတော့ လင်သူတော်ကောင်းကနေ လင်ကျောက်တုံး၊ လင်ကျောက်ချ ဖြစ်သွားရော မဟုတ်လား”
တစ်ချိန်လုံးတိတ်နေတဲ့ ဦးလေးကြည် ဝင်ပြောလိုက်တဲ့စကားကြောင့် ကေသီတောင် ပြုံးယောင်ယောင် ဖြစ်သွားတယ်။

အေးလေ။ သူ့ဟာက မပြုပြင်တဲ့အပြင် ပိုတောင်ဆိုးလာသေးရဲ့။ ငါတို့က မနေနိုင်မထိုင်နိုင် မင်းမိန်းမ ဈေးကြိုတဲ့ဆီလိုက်ပြီး ကူစမ်းပါလားလို့ တိုက်တွန်းဖူးပါရဲ့။ ခင်ဖြူက ဘာပြန်ပြောလဲ သိလား။ မမစောရေ ကမ်းနားကို သူ လိုက်မဆင်းတာမှ ကောင်းဦးမယ်။ သူက ကမ်းနားလိုက်ရတော့မယ်ဆို အင်္ကျီမီးပူကျနဲ့ ပေါင်ဒါနံ့တသင်းသင်းနဲ့ဆိုတော့ ဘယ်နားမှာ ခိုင်းရမှာလဲ။ တော်ကြာနေ ဆာလို့ဆိုပြီး လက်ဖက်ရည်တို့၊ ခေါက်ဆွဲကြော်တို့ မှာစားနေတာ။ သူပါရင် စရိတ်စက မတတ်နိုင်ဘူး။ အိမ်မှာနေတာကမှ ခပ်ကောင်းကောင်း တဲ့လေ။ နင်တို့အဖေ လက်ကြောမတင်းတဲ့ကိစ္စ နင်တို့အမေ အားပေးအားမြှောက်တာလည်း ပါလိမ့်မယ်”

နောက်ပိုင်းတော့ ဘာမဟုတ်တာတွေနဲ့ အငြိမ်ကြီး ငြိမ်သွားပြန်ရော မဟုတ်လား။ အလကား အဆံချောင်လူ။ ထွီ”
ဦးလေးကြည်က ဖေဖေ့လုပ်ရပ်ကို ကြည့်မရသူ ထင်ပါရဲ့။ ပါးစပ်က ဆေးတံချွတ် ထွီခနဲ လုပ်လိုက်တာ ကေသီတောင် လန့်သွားတယ်။ ဖေဖေကလည်း ဖေဖေပါပဲလေ။ အဲဒီငါးအလှတွေ ပေါ်လာကတည်းက အာရုံက ငါးဘက်ရောက်သွားတာ တခြားဘာတစ်ခုမှ စိတ်ဝင်စားဖော် မရတော့ဘူး။ သူမို့လို့ မညည်းမညူ ဒီငါးတွေကို ကြည့်နေနိုင်တယ်။
ဒီအကြောင်းတွေ တွေးရင် ကေသီ ရယ်ချင်တာတစ်ခု ရှိနေတယ်။ အငယ်ထွေးလေ အငယ်ထွေးကို ကျောင်းအပ်တော့ မေမေမအားတာနဲ့ ကေသီပဲ အစ်မကြီးလုပ်ပြီး အပ်ရတာပေါ့။ ကျောင်းဝင်ခွင့် ပုံစံတွေဖြည့်ရတော့ ဆရာမက ဖခင်အလုပ်အကိုင်မှာ ရေးဖို့ "အဖေ ဘာလုပ်လဲ" တဲ့။ ကေသီ့မှာ ဖေဖေ့အလုပ်အကိုင်ကို သင့်လျော်တာတစ်ခုခု ထည့်ဖို့ အပြေးအလွှား စဉ်းစားနေမိတယ်။ ကုန်သည်လို့ထည့်ရင် ကောင်းမလား၊ လယ်လုပ် ဆိုရင်ကော။ ကေသီနှုတ်နှေးနေတာနဲ့ အသွက်မ
အငယ်ထွေးဝင်ပြီး ဖျိုးဖျိုးဖျတ်ဖျတ် ဖြေလိုက်ပုံက ဖေဖေ ငါးကြည့်တယ်တဲ့။ ဆရာမလည်း ရယ်၊ ကေသီလည်း ရယ်လိုက်ရတာ။ အခုတော့ အဲဒီလို ဖေဖေ ငါးကြည့်နေတာနဲ့ပဲ မေမေ သမီးတို့ကို ပစ်သွားတာလား မသိဘူးနော်။

သမီးလေးယောက်၊ လင်မယားနှစ်ယောက် ခြောက်ယောက်စာအိုး၊ ကလေးတွေ ကျောင်းစရိတ်၊ အိမ်ရဲ့လိုအပ်ချက်၊ ဒါတွေအားလုံး ကျိန်စာသင့်နေသလို သူ့အပေါ်ပဲ စုပုံကျနေလေတော့ နီးစပ်ရာ သာယာသွားတဲ့သဘော ထင်တယ်။ သူ့အပေါ် နားလည်တဲ့ ကူညီနေတဲ့လူအပေါ် အထင်ကြီး အားကိုးသွားတာလည်း ပါမှာပေါ့။ ခင်ဖြူ ထွက်ပေါက်ရှာသွားပေမဲ့ ဒီထွက်ပေါက်က မှန်ကန်တဲ့ ထွက်ပေါက် မဟုတ်ဘူး”

ဒီမှာ မယ်စောရဲ့။ ငါတော့ ခင်ဖြူကို အပြစ်မတင်ချင်ပေါင်။ တော်ရုံမိန်းမ ဒီဒဏ်ဘယ်ခံနိုင်မလဲ။ နှစ်တွေကြာလှမင့်ဟာ။ ပြေးတာတောင် နည်းသေး။ ဟိုကောင်သောက်သုံးမကျလို့ အားလုံး ဒုက္ခလေပွေတွေ့ရတာ။ သူ့တာဝန် သူသိတတ်ရင် ဒီပြဿနာမျိုးတွေ ဖြစ်လာမလား တောက်”
စကားတွေပြောရင်း ကြီးကြီးစောနဲ့ ဦးလေးကြည်တောင် အငြင်းလုပြီး ရန်ဖြစ်တော့မလို့ စကားလုံးတွေ အရှိန်ကောင်းလာကုန်ပြီ။

သူ ဒီလို ဖြေရှင်းတော့ရော ပြေလည်သလား ပြော။ ကိုကြည့်နှယ်… ကျုပ် ကမ်းနားဆင်း လိုက်သွားတော့ သူတို့သတင်းက ပွနေပြီ။ ဟော… နောက်တစ်ပတ်ကြာတော့ သတင်းကတစ်မျိုး ဖြစ်နေပြန်တယ်။ သူနဲ့လိုက်မယ့် ဆိုက်ကားဆရာကို မိန်းမကြီးက ရိပ်မိပြီး ထိန်းသိမ်းလိုက်လို့ အစီအစဉ်ပျက်သွားတယ် မဟုတ်လား။ ခင်ဖြူမှာ ရှက်ရှက်နဲ့ အိမ်ပြန်လို့လည်း မဖြစ်၊ ကော့သောင်တန်းဆင်းပြီး အရှက်ပြေ သွားနေလိုက်ရတယ်။ အခုယူထားတာက မရွယ်ဘဲနဲ့ စော်ကဲမင်းဖြစ်တဲ့ အခြားတစ်ယောက်”
တော်ပါတော့ ကြီးကြီးစောရယ်။ တော်ကြပါတော့။ ကေသီ့မေမေရဲ့ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ၊ ဆင်ခြင်တုံတရားနည်းမှုတွေကို တဆိတ်လောက် ကျေးဇူးပြုပြီး ကေသီ့ရှေ့မှာ မပြောကြပါနဲ့ရှင်။ ကေသီ မကြားပါရစေနဲ့။ ကေသီ မေမေ့ကို လွမ်းပဲလွမ်းပါရစေ။ မနာကျင်ပါရစေနဲ့။ မေမေ ဘယ်ဘဝရောက်ရောက် သမီးတို့အတွက် မေမေဟာ အချိန်တိုင်း လိုအပ်နေပါတယ်။ မေမေမရှိတော့ ကေသီလည်း ရှစ်တန်းနဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်ရ၊ လုပ်ပေမဲ့ ဒီဝင်ငွေနဲ့ မိသားစုအခက်အခဲကို မဖြေရှင်းနိုင်တဲ့အခါ ကိုယ်လွတ်ရုန်းသွားတဲ့ မမအေမီကို ကေသီ စိတ်နာတယ်။
*************************************

မေမေ အဓိပ္ပာယ်မရှိတဲ့အလုပ်တွေ လျှောက်လုပ်နေတာ ပြဿနာကို ဖြေရှင်းတဲ့နည်းလား”
အဲဒီနေ့က ဖေဖေ ငြိမ်နေသလောက် မမအေမီ ပေါက်ကွဲနေတယ်။ ဒီအိမ်မှာ မမအေမီက ဆယ်တန်းအောင်ထားတော့ လူကြီးဆန်ဆန် တွေးခေါ်တတ်တယ်။ သူ့ရုပ်ရည်က ဖေဖေ့အရပ်အမောင်းနဲ့ မေမေ့မျက်နှာကို ရထားလို့ ကေသီတို့ညီအစ်မတွေထဲမှာ မမအေမီဟာ အချောဆုံးပေါ့။ သူက ချောမောလှပသလို ပညာလည်းတတ်တော့ စိတ်ကို မြင့်မြင့်ထားလေ့ရှိတယ်။ အဖေတို့အမေတို့ လက်ထက်မှာ တဲနဲ့နေရပေမဲ့ ငါကြီးလာရင် တိုက်နဲ့နေရအောင် ကြိုးစားမယ်တဲ့။ ဒါက မမအေမီရဲ့ လက်သုံးစကား။
မေမေ ဒီလိုလုပ်တော့ အရှက်အသည်းဆုံးက သူပါပဲ။ ဖေဖေ့လက်ကနေ ထွက်ပြေးဖို့ ကြိုးစားတာက တစ်ယောက်၊ တကယ် လက်ထပ်ပေါင်းသင်းတာက တစ်ယောက်ဆိုတော့ မမအေမီ သောင်းကျန်းတော့တာပေါ့။ မေမေနဲ့ ဟိုလူကြီးကို သွားခွဲမယ် တကဲကဲ လုပ်လို့ မနည်းဘဲ ထိန်းသိမ်းလိုက်ရတယ်။ သူလုပ်ချင်တာ မလုပ်ရတော့ ဒီမှာမနေဘူး ဖြစ်ပြန်ရော။ ရန်ကုန်က မေမေ့အစ်မဝမ်းကွဲ ရောက်လာတော့ ဟိုမှာ တက္ကသိုလ်ဆက်ထားမယ် စီစဉ်တဲ့အခါ ထည့်လိုက်ရတော့တယ်။ ရန်ကုန်က ကြီးကြီးမြိုင်ဆိုတာ မင်္ဂလာဈေးမှာ အထည်ဆိုင်ကြီး ဟီးနေအောင် ရှိတာတဲ့။ မမအေမီကို အရောင်းအဝယ်သင်ပြီး ဆိုင်ထိုင်ခိုင်းမှာတဲ့။ မမအေမီက ရုပ်ချောတော့ ဆိုင်မှာရောင်းတဲ့ ဇာစတွေကို ချုပ်ဝတ်ပြပြီး ကြော်ငြာတဲ့လုပ်ငန်းမှာလည်း သုံးမှာတဲ့။
ကြီးကြီးမြိုင်ရဲ့ မစားရဝခမန်း အပြောတွေကြားမှာ မျောပြီး ပါသွားတာလေ။ အခု နှစ်ပေါက်တော့မယ်။ စာကလေးတစ်စောင်တောင် ရေးဖော်မရ။ သူ့ဆီက ထောက်ပံ့ကြေးတော့ ဝေလာဝေးပေါ့။
အိမ်မှာလည်း ကြာလေခန်းခြောက်လေ။ လက်တွေ ပဲကြီးခွံတွန့်အောင် ပုစွန်ခေါင်းချိုးရတဲ့ ကေသီ့အလုပ်က ရပါလှ နှစ်သောင်းပေါ့။ ဒီမြို့က စားစရိတ်ကြီးပါဘိသနဲ့။ ဆယ့်ငါးရက်ကျော်ရင် အိမ်မှာ ငွေပြတ်နေပြီ။ ဖေဖေကလည်း ဘာမှ ဆွေးနွေးတိုင်ပင်လို့ မရ။ နေခြည်နဲ့ အငယ်ထွေးကိုလည်း ငါးပြုတ်တစ်လှည့်၊ ငါးကင်တစ်လှည့် ချော့ကျွေးနေရတာ အားနာလှပြီ။ ငါးပေါတဲ့အရပ်မို့ တော်သေးရဲ့။ ခရမ်းချဉ်သီးတို့၊ အာလူးတို့များ အနားကို မသီနိုင်။ ဒီနှစ် ကျောင်းမှာ (စုံညီပွဲတော်) ပျော်ပွဲရွှင်ပွဲကရှိတော့ ကလေးတွေအတွက်လည်း ငွေလိုတယ်။ ဒါကြောင့် ဒီနေ့အလုပ်ပိတ်တုန်း ဖေဖေမသိအောင် တစ်ခုခုလုပ်ဖို့ စဉ်းစားထားတယ်။
***********************************
အငယ်နှစ်ယောက်နဲ့ တိုင်ပင်တော့ သူတို့လည်း စိတ်ဓာတ်တက်ကြွနေတယ်။ မနက်စောစောတော့ ဇာခြည်ကို အိမ်အလုပ်တွေ လုပ်ခိုင်းထားပြီး ခါတိုင်းလို ဈေးသွားသလိုလိုနဲ့ အငယ်ထွေးလက်ဆွဲပြီး မေမေရှိတယ်ဆိုတဲ့ ကန်ဖျားဈေးဘက် ညီအစ်မနှစ်ယောက် ပြေးပါရော။ ကန်ဖျားဈေးက တော်တော်ဝေးတာမို့ မောလိုက်တာလေ။ အငယ်ထွေးလေး သနားပါတယ်။ သူ့မှာ မေမေ့တွေ့ချင်လို့သာ လိုက်လာတယ်။ ကလေးခြေလှမ်းနဲ့မို့ မရောက်နိုင်တော့ဘူး။
ကန်ဖျားဈေးက ကေသီတို့နဲ့ စိမ်းတယ်။ ဈေးရောက်တော့ ကုန်စိမ်းတန်းကို အရင်ရှာရတယ်။ တော်ရုံနဲ့ မတွေ့ဘူး။ သတင်းရထားတာ အတိအကျပါ။ ဒီဈေးထဲ မေမေ ရှိကိုရှိရမယ်။ ဟော… ဟိုမှာ ပျံကျဈေးသည်တွေ ရောင်းတဲ့နေရာမှာ မေမေရယ်လေ… ပိန်သွားလိုက်တာ။ အငယ်ထွေးက မေမေ့ဆီ ပြေးသွားဖက်လိုက်တာ ကံကောင်းလို့ ဈေးဗန်းတွေ မမှောက်ကုန်တာ။

အမိဝေးငါ့သမီး ငါ့သမီးအထွေးလေး” ဆိုပြီး မေမေလေ အငယ်ထွေးကို ဖက်ပြီးနမ်းနေလိုက်တာ မဆုံးတော့ဘူး။ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျပြီး ရပ်နေတဲ့ကေသီ့ကိုတော့ နောက်မှမြင်တယ်။ မေမေ ဈေးဗန်းပစ်ပြီး ကေသီတို့ကို လက်ဖက်ရည်ဆိုင် ခေါ်သွား၊ မုန့်တွေကျွေးပေမဲ့ ဘယ်သူမှ ဟုတ်တိပတ်တိ မစားနိုင်ကြဘူး။ မမအေမီအကြောင်း၊ ဇာခြည်အကြောင်းတွေလည်း မေးတယ်။ မေမေ မမေးတာတွေလည်း ကေသီတို့က အစီအစဉ်မကျဘဲ အလုအယက်ပြောကြတယ်။ ဘာတွေပြောမိမှန်းတောင် မသိဘူး။
မေမေကလည်း မမေး၊ ကေသီတို့ကလည်း မပြောတဲ့အကြောင်းကတော့ ဖေဖေ့အကြောင်းပါ။ အဓိကပြောဖြစ်တာကတော့ အိမ်မှာ မပြေလည်တဲ့အကြောင်းတွေပေါ့။ မေမေက ကေသီလက်ထဲ ငွေတစ်သောင်းထည့်ပေးပြီး အိမ်မှာချက်စားဖို့ ကြက်သားတစ်ခြမ်း ဝယ်ပေးလိုက်တယ်။ ကြက်သားငတ်နေတဲ့ အငယ်ထွေးလည်း အပျော်ကြီးပျော်လို့ပေါ့။ ခဏကြာတော့ ကေသီတို့အနားကို လူကြီးတစ်ယောက် လာရပ်တယ်။ မမေးဘဲနဲ့ မေမေ့လူကြီးဆိုတာ သိလိုက်ပါပြီ။ လူကြီးက မျက်နှာထားချိုချိုနဲ့ သဘောကောင်းတဲ့ ပုံကြီးပါ။ ကေသီတို့ကိုလည်း မလိုလားဟန် မပြပါဘူး။
ပြန်ဖို့လုပ်တော့ မေမေက အငယ်ထွေးကို မလွှတ်ဘဲ ဖက်ထားပြန်တယ်။ အရေးထဲ အငယ်ထွေးက မေမေအိမ်ပြန်လာခဲ့ပါဆိုပြီး ငိုနေလို့ မနည်းချော့ခဲ့ရတယ်။ ကလေးဆိုတော့ သိပ်မသိတတ်ဘူးလေ။ မေမေက တစ်လတစ်ခါ ဒါမှမဟုတ်
အားရင်အားသလို လာခဲ့ကြဖို့၊ လာတိုင်း ငွေရေးကြေးရေး နိုင်သလောက်ပေးမယ်ဆိုပြီး အထပ်ထပ်မှာရှာတယ်။
အပြန်လမ်းမှာတော့ မေမေ ဒီလူကြီးနဲ့ ပျော်နေသလားလို့ ကေသီတွေးနေမိတယ်။ ဖေဖေကတော့ ထားပါတော့။ ကေသီတို့ ညီအစ်မလေးယောက်နဲ့ လဲထားရလို့ မေမေပျော်မှ အရင်းကျေမှာလို့ ကေသီ ဈေးတွက် တွက်နေမိတယ်။
အိမ်ရောက်တော့ ကြက်သားတစ်ဝက်ကို အာလူးလေးနဲ့ရောပြီး ချက်၊ တစ်ဝက်ကို မနက်ဖြန်အတွက် ပြုတ်ကြော်ကလေးလုပ်ထား၊ မီးဖိုထဲမှာ ချက်ရင်းပြုတ်ရင်း ဇာခြည်တစ်ယောက် မေမေ့သတင်း မေးလို့မဆုံးဘူး။ နောက်တစ်ခါကျရင် ဇာခြည်နဲ့ အငယ်ထွေး မေမေနဲ့ သွားတွေ့ပေါ့လို့ ပြောလိုက်လို့ အပျော်ကြီးပျော်သွားတော့တယ်။ မေမေ့ကို အရင်ကလို အချိန်ပြည့် မပိုင်ရပေမဲ့ အချိန်ပိုင်းကလေးတွေ့ရလည်း ကေသီတို့ ကျေနပ်ပါတယ်။ ဘယ်လိုအနေအထားဖြစ်ဖြစ် ကေသီတို့အမေဆိုတာ ကေသီတို့အမေပဲ မဟုတ်လား။ ဒါကို ပြောင်းပစ်လို့ရတာမှ မဟုတ်တာ။
ထမင်းဝိုင်းကျတော့ ဖေဖေရယ်လေ ထူးထူးခြားခြား ထမင်းမြိန်နေလိုက်တာ။ ကေသီတို့လည်း ကြက်သားဆို အသံတောင် မကြားရတာကြာလို့ ထမင်းစားကောင်းကြတာ ခေါင်းမဖော်နိုင်အောင်ပါဘဲ။ ဖေဖေက ထူးထူးခြားခြား ကြက်သားဘယ်ကရသလဲ မမေးဘူး။ သမီးတွေ ဘယ်ပုံဘယ်နည်း အိမ်ကိစ္စ ဖြေရှင်းနေသလဲ မစပ်စုဘူး။ မမအေမီ ရန်ကုန်လိုက်သွားတော့လည်း မတားဘူး။ ကေသီ ကျောင်းထွက်ပြီး အလုပ်လုပ်တော့လည်း အသံတိတ်နေတယ်။ အိမ်မှာ အိုးပေါင်ခွက်ပေါင် ဖြစ်တော့လည်း ဘာသိဘာသာ နေနိုင်ပုံများ ပြောပါတယ်။
စားလို့လည်းပြီးရော အမွှေးတိုင်လက်ကျန်ရိုးနဲ့ သွားကြားထိုးပြီး သူထိုင်နေကျ ငါးပုံးရှေ့က ပက်လက်ကုလားထိုင်ဆီ ရောက်သွားတော့တာပေါ့။ မကြာခင် ဖေဖေရဲ့ "ငွေတိုးပွားရေ…ငွေတိုးပွားရေ" ဆိုတဲ့ ခေါ်သံက မီးဖိုထဲအထိ လွင့်ပျံလာတော့တယ်။ ဖေဖေ့ငါးကြီးက တကယ်ပဲ ငွေတွေတိုးပွားအောင် လုပ်ပေးနိုင်ရင် သိပ်ကောင်းမှာလို့ ကေသီတွေးနေမိတယ်။ ဒီအချိန်မှာ ကြက်သားဟင်းစားရလို့ အူရွှင်နေတဲ့ ဇာခြည့်ဆီက သီချင်းသံလေး ပေါ်ထွက်လာပါတော့တယ်။
🎵🎶🎼ဖေဖေက ငါးကြည့်တယ် 🎵🎶🎼 ဇာခြည်က ပန်းကန်ဆေးတယ် 🎵🎶🎼အငယ်ထွေးက တံမြက်စည်းလှည်းပါကွယ် 🎵🎶🎼
မိချမ်းဝေ
မဟေသီရုပ်စုံမဂ္ဂဇင်း - သြဂုတ်- ၂၀၀၆။

No comments:

Post a Comment