Apr 8, 2017

“ ေဆးကု၍ မရပါ ”

Zawgyi Version

“ ေဆးကု၍ မရပါ ”
စင္စစ္အားျဖင့္မူ ထိုအိမ္သို႔ သြားေရာက္ရန္ အေၾကာင္းလံုး၀မရွိ။ ထိုအိမ္သို႔ တစ္လတစ္ႀကိမ္ေသာ္လည္းေကာင္း၊ ႏွစ္လတစ္ႀကိမ္ေသာ္လည္းေကာင္း၊ ေျခာက္လတစ္ႀကိမ္ေသာ္လည္းေကာင္း၊ တစ္ႏွစ္တစ္ႀကိမ္ေသာ္လည္းေကာင္း သြားသင့္သည္။ သို႔ရာတြင္ ကၽြန္ေတာ္ သြားလိုစိတ္မရွိ။ ညီအစ္ကို အရင္းေခါက္ေခါက္ျဖစ္လ်က္ႏွင့္ ဤသို႔ လမ္းျဖတ္ထားသည္မွာ အေၾကာင္းရွိသည္။ အမွန္အတိုင္းဆိုရလွ်င္ ညီကိုလည္း မတြယ္တာမိ၊ ခယ္မျဖစ္သူကိုလည္း မခင္မင္မိ။ အလိုအေလ်ာက္ကား မဟုတ္ေခ်။ ကၽြန္ေတာ္ မႏွစ္သက္ေသာ အျပဳအမူ၊ စိတ္ထားမ်ားကို သူတို႔ကိုယ္တြင္ ေတြ႕ရေသာေၾကာင့္ ျဖစ္ေပသည္။
ယခု မသြား၍မျဖစ္။ ကၽြန္ေတာ္ သံေယာဇဥ္ရွိေနေသာ တူကေလး ေမာင္ေက်ာ္ဇံ အျပင္းဖ်ားေနသည္ဟု ညီက လာေျပာသည္။ ထိုကေလးသည္ ကၽြန္ေတာ့္ကို အေတာ္ပင္ခ်စ္သည္။ သာမန္ ေက်ာပူ ေခါင္းပူထသည့္အခါ၌ပင္လွ်င္ ကၽြန္ေတာ့္ကို တသည္။ ကၽြန္ေတာ့္ကို ေတြ႕သည္ႏွင့္တစ္ၿပိဳင္နက္ အိပ္ရာမွထေတာ့သည္။ ရႊင္ရႊင္လန္းလန္းျဖစ္လာသည္။ သည္ကေလးသည္ စိတ္ဓာတ္အလြန္ေပ်ာ့သည္။ ကိုယ္ပူရံုမွ်ႏွင့္ အိပ္ရာေပၚတြင္ လွဲေနသည္။ မွိန္းေနတတ္သည္။ ကၽြန္ေတာ္က သူ႔ ‘ အထာ ’ ကို သိသည္။ သူ႔စိတ္ဓာတ္ကို ၾကည္လင္ရႊင္ပ်ႏိုင္ေသာ စကားမ်ား၊ ပံုျပင္မ်ားျဖင့္ ျပဳျပင္ေပးသည္။ ဤအခ်က္မ်ားသည္ ကၽြန္ေတာ့္ကို ခင္တြယ္အားထားဖြယ္ရာျဖစ္သည္ ထင္၏။
ဆင္၀င္ေအာက္သို႔ ေရာက္ေသာအခါ ခယ္မျဖစ္သူက လွမ္း၍ၾကည့္၏။ ထို႔ေနာက္ ပ်ဴပ်ဴငွာငွာ ထြက္ႀကိဳသည္။
“ ကိုကို လာ…ကိုကို မနက္ကတည္းက လာမယ္ထင္လို႔ ေမွ်ာ္ေနတာ။ ကိုကို႔ဖို႔ ငါးခ်ဥ္ေတာင္ ၀ယ္ထားတယ္။ ညီမ ထမင္းပြဲျပင္လိုက္မယ္ေနာ္ ”
“ ေနပေစ၊ မျပင္နဲ႔၊ စားလာၿပီးၿပီ။ ဟိုေကာင္ေရာ ဘယ္သြားလဲ၊ ကေလးေကာ ဘယ့္ႏွယ္ေနေသးလဲ ”
“ ကိုကို႔ညီလား၊ ရွိပါတယ္။ ဧည့္သည္ေတြနဲ႔ စကားေျပာေနပါတယ္။ ေမာင္ေက်ာ္ဇံ အဖ်ားက်သြားပါၿပီ ကိုကို။ သက္သာပါၿပီ။ ကိုကို႔ကို တရရ ေမးေနတာပဲ ”
အိမ္ထဲသို႔ေရာက္ေသာ္ ညီ့ကို ေတြ႕ရသည္။ သူ႔ဧည့္သည္ႏွစ္ေယာက္ႏွင့္ စကားေျပာေနသည္။ ကၽြန္ေတာ့္ကိုျမင္၍ ႏႈတ္ဆက္သည္။
“ ကိုကို႔ကို မနက္ကတည္းက ေမွ်ာ္ေနတာ ”
“ ေအး..ငါခုမွအားလို႔ လာတာ ”
စကားဆံုးလွ်င္ဆံုးခ်င္း ေမာင္ေက်ာ္ဇံရွိရာ အိပ္ခန္းတြင္း ၀င္လိုက္သည္။ ခုတင္ေပၚတြင္ တစ္ဖက္ေစာင္းလွဲ၍ အိပ္ေပ်ာ္ေနသည္။ ခယ္မျဖစ္သူက ႏိႈးမည္ျပဳသည္သို႔ရွိ၍ တားလိုက္ရသည္။ ထို႔ေနာက္ ခုတင္ေဘးရွိ ပက္လက္ကုလားထိုင္တြင္ အသာအယာထိုင္လုိက္သည္။ ခယ္မသည္ အျပင္သို႔ ထြက္သြားသည္။
ညီႏွင့္ သူ႔မိတ္ေဆြတို႔၏ စကားေျပာသံသည္ အခန္းတြင္းသို႔ ပီသစြာ ၀င္လာသည္။
“ ဟဲဟဲ…ဒါကေတာ့ ကိုေက်ာ္ထင္ရယ္၊ ပါးနပ္ျခင္းဟာ ခ်မ္းသာႀကီးပြားျခင္းလို႔ နားလည္ေနၿပီ ကိုေက်ာ္ထင္ေရ႕ ”
ညီ့ကို သူ႔ဧည့္သည္က ေျပာေနသည္။ ေနာက္တစ္ေယာက္က ၀င္ေျပာသည္။
“ ခင္ဗ်ား ေျပာတာမွန္လွသဗ်ာ။ ‘ ကၽြန္ေတာ္မ်ိဳး ’ ဆိုတာ မ်ားမ်ားေျပာေပး၊ ဒါမွမဟုတ္ ‘ အရွင္ဘုရား ’ လို႔ မ်ားမ်ားထူးေပး။ ဒီႏွစ္ခ်က္ဟာ ႀကီးပြားလိုသူေတြရဲ႕ က်င့္စဥ္ပဲဗ်။ ေလာကႀကီးတစ္ခုလံုးဟာ ညာေနၾကတာပါဗ်ာ။ ကၽြန္ေတာ္တို႔လည္း ညာတာပဲ။ မ်ားမ်ားညာႏိုင္ရင္ မ်ားမ်ားစားေပါက္ေခ်ာင္မယ္ဗ်။ ခင္ဗ်ားက ႏိုင္ငံေရးသမားအျမင္ကိုး။ ကၽြန္ေတာ္ကေတာ့ ကုန္သည္မို႔ ကုန္သည္အျမင္ပဲ။ ဒါေပမဲ့ တစ္ထပ္တည္း အျမင္တူေနတာေတာ့ အံ့ၾသစရာပဲ ”
ညီႏွင့္တကြ ဧည့္သည္ႏွစ္ေယာက္၏ ရယ္ေမာသံသည္ တစ္အိမ္လံုးကို လႊမ္းမိုးလ်က္ရွိ၏။ ရယ္သံသည္ မၾကာလွ၊ ညီ၏ ႏႈတ္ဆက္သံကို ၾကားရျပန္သည္။
“ ၾကြပါ မင္းကေတာ္ ၾကြပါ၊ ယဥ္ေရ…မင္းကေတာ္ကို လာၿပီးႏႈတ္ဆက္ပါဦး ”
မၾကာမီ ခယ္မ၏ ႏႈတ္ဆက္သံ၊ ရယ္ေမာသံတို႔ကို ၾကားရသည္။ ထို႔ေနာက္ ကၽြန္ေတာ္ရွိရာသို႔ ခယ္မေရာက္လာ၏။ ေကာ္ဖီႏွင့္ မုန္႔ပန္းကန္မ်ားကို ဗန္းျဖင့္လာ၍ပို႔သည္။ ထို႔ေနာက္ ထြက္သြားသည္။ ထို႔ေနာက္ မင္းကေတာ္ဆိုသူ အမ်ိဳးသမီးႀကီး၏ စကားသံမ်ား ၾကားရသည္။
“ မမစိန္နားကပ္ကိုမ်ား ယဥ္ကသေဘာက်တယ္ ရွိေသးတယ္။ ဒါကသိပ္တန္လွတာ မဟုတ္ဘူး။ ေလးေထာင္ေလာက္ ေစ်းရွိတာ။ မမသမီးပန္တာမွ ယဥ္က မေတြ႕ဖူးေသးဘဲ။ တစ္ေသာင္းရွစ္ေထာင္ေပးရတာ။ အရည္က ခဲသားက်ၿပီး လဲ့ေနတာပဲ။ အရည္ကိုလည္ေနတာပဲ။ ဒါထက္ ကေလးေကာ သက္သာရဲ႕လား ”
ထို႔ေနာက္ ႏိုင္ငံေရးသမားႏွင့္ ေလေပးေျဖာင့္ေနသည္။ ကုန္သည္ႏွင့္လည္း အကၽြမ္းတ၀င္ရွိဟန္တူ၏။ သိေဟာင္းကၽြမ္းေဟာင္းေတြ ထင္၏။ ထို႔ေနာက္ မင္းကေတာ္က သူ႔ေယာက္်ားရာထူးတိုးမည့္အေၾကာင္း၊ ျခံ၀ယ္ေၾကာင္း၊ တစ္သိန္းခြဲတန္တိုက္ေဆာက္ေနေၾကာင္း၊ သားအႀကီးသည္ အီလီႏိြဳက္တကၠသိုလ္တြင္ ဘြဲ႕ႀကီးတစ္ခုရယူရန္ ပညာသင္ၾကားေနေၾကာင္းမ်ား ေျပာေနသည္။ ထို႔ေနာက္ သူတို႔သံုးဦးသည္ ညီႏွင့္ စကားလက္ဆံုက်ေနၾကသည္။
ေကာ္ဖီပူပူ ေသာက္လုိက္ရသျဖင့္ ေခၽြးျပန္လာ၏။ ထို႔ေၾကာင့္ ျပတင္းေပါက္အနားသို႔ ကုလားထိုင္ကိုေရႊ႕ကာ လြယ္အိတ္ထဲမွ စာအုပ္တစ္အုပ္ကို ထုတ္၍ ဖတ္ေနလိုက္သည္။
စာထဲတြင္ အာရံုမစြဲေခ်။ စကားသံ၊ ရယ္သံတို႔ကလာ၍ ေႏွာင့္ယွက္ေန၏။ ထို႔ေၾကာင့္ စာအုပ္ကို ခ်ထားလိုက္သည္။ ထိုဧည့္သည္တို႔ လႈပ္ရွားပံုကို တည့္တည့္ျမင္ေနရ၏။ သူတို႔ႏွင့္ ကၽြန္ေတာ့္အၾကားတြင္ အခန္း၀မွ ဇာခန္းဆီးသာလွ်င္ ျခားေနသည္။ ဇာခန္းဆီးကို ေလတိုးလိုက္လွ်င္ သူတို႔ကိုျမင္ရသည္။
အတန္ၾကာေသာအခါ အသံစိမ္းတစ္ခုကို ၾကားလိုက္ရျပန္သည္။ ဧည့္သည္တစ္ေယာက္ ေရာက္လာျခင္းျဖစ္သည္။ လူပံုကိုျမင္လိုက္ရသည္။ ၀၀ဖိုင့္ဖိုင့္၊ ျဖဴျဖဴေခ်ာေခ်ာ၊ ခန္႔ညားစြာ ၀တ္ဆင္ထားသည္။
“ ဦးခင္ေမာင္ေငြတို႔မ်ား ခုမွေပၚလာေတာ့တယ္ ”
ညီ့အသံ ျဖစ္သည္။
“ ခုမွပဲ အားတယ္ဆိုပါေတာ့ဗ်ာ။ အာ…ဒီမွာ လူစံုတက္စံုပါလားဗ်။ မစၥတာေလ်ာင္းကပါ ဒီေရာက္ေနတာကိုး ”
ကုန္သည္ဆိုသူ၏ ေျဖသံကထြက္လာ၏။
“ ဦးခင္ေမာင္ေငြနဲ႔ ကၽြန္ေတာ္မေတြ႕ရတာေတာင္ အေတာ္ၾကာေနၿပီေနာ္။ သတိရပါတယ္ ဦးခင္ေမာင္ေငြ။ ဒါထက္ ဟိုကိစၥေတြ မျဖစ္တာလည္း အေတာ္ၾကာၿပီေနာ္ ”
“ ျဖစ္သားပဲ မစၥတာေလ်ာင္းရဲ႕။ မၾကာခင္ တင္ဒါေရာ ေလလံပစ္စရာေရာ ရွိပါတယ္။ ဒါေတြ ခဏဖယ္ထားရတယ္။ ေလာေလာဆယ္က ကၽြန္ေတာ္အုပ္ခ်ဳပ္ေနရတဲ့စက္ရံုက အလုပ္သမားျပႆနာပဲဗ် ”
အရာရွိႀကီးတစ္ဦး ျဖစ္လိမ့္မည္။ ေဒါနဲ႔ေမာနဲ႔ ေျပာေနသည္။
“ ဟုတ္တယ္ ဦးခင္ေမာင္ေငြ ” ဟု ညီက၀င္ေျပာသည္။
ဤတြင္ အလုပ္သမားဆိုသူေတြ ည့ံေၾကာင္း၊ ရိုင္းေၾကာင္း၊ ပညာမဲ့ေၾကာင္း၊ အေရာမ၀င္သင့္ေၾကာင္းမ်ားကို သူတို႔ေျပာၾက ရယ္ၾကသည္။
နာရီ၀က္မွ်ၾကာေသာအခါ ဧည့္သည္ႏွစ္ေယာက္ေရာက္လာၾကသည္။ သူတို႔ဆက္ဆံပံုမွာ သူငယ္ခ်င္းဆက္ဆံေရးလည္းမဟုတ္၊ သမီးရည္းစား ဆက္ဆံေရးလည္းမဟုတ္။ သို႔ေပသည့္ ျမန္မာမိန္းကေလးႏွင့္ ေယာက္်ားေလးတို႔၏ဆက္ဆံေရးမ်ိဳးႏွင့္ျခားနား သည္ကား သိလြယ္၏။ ေယာက္်ားေလးသည္ ေဘာင္းဘီရွည္၀တ္ထား၏။ ႏိုင္ငံျခားျဖစ္ စပို႔ရွပ္၀တ္ထားသည္။ ဦးေခါင္းသည္ ဆံရွည္ကိုယ္ေတာ္ကဲ့သို႔ ျဖစ္၏။ ေကြးေကာက္ထားသည္။ မိန္းကေလး၏ ဦးေခါင္းသည္လည္း ဤနည္းတူျဖစ္၏။ အက်ၤီခ်ိဳင္းျပတ္၀တ္ထားသည္။ ပါးလႊာသည္။ ဘရာစီယာသည္ မို႔ေမာက္ကာ ေငါထြက္ေန၏။ ခါးသည္ ေသးေသးသိမ္သိမ္။ ထဘီကိုတင္းေနေအာင္ အရမ္းဆြဲ၀တ္ထားဟန္တူ၏။ တင္သည္ ၾကည့္မေကာင္းေအာင္ ကားထြက္ေနသည္။ စကားေျပာသည့္အခါ ႏႈတ္ခမ္းနီသည္ ရဲခနဲ ရဲခနဲ။ မ်က္ႏွာသည္ ေဆးေရာင္စံုျခယ္ထား၍ ကေလးေတြကစားသည့္ မ်က္ႏွာဖံုးစကၠဴခ်ပ္ႏွင့္ တူေနသည္။
“ ကၽြန္ေတာ္ေတာ့ ဗမာရုပ္ရွင္ေတြကို နည္းနည္းမွၾကည့္လို႔မရဘူး။ အေမရိကားကလာတဲ့ ကားေတြနဲ႔စာရင္ ဘာမွအဆင့္အတန္းမရွိဘူး။ ခုတစ္ေလာလာတဲ့ ဂ်ပန္ကားေတြကလည္း အလကားပဲ။ ဘိုင္ႏိုက္ေတြကို မမီပါဘူး။ ဘားဒိုးကို မီမွမမီပဲ ”
မိန္းကေလးက အားက်မခံ ျပန္ေျပာသည္။
“ ဒါက ယူ႔အျမင္ကိုး။ အိုင္တို႔ေတာ့ ပရက္စေလမွ ပရက္စေလပဲ၊ ကလစ္ရစ္ခ်ပ္ေတာင္ သိပ္မႀကိဳက္ခ်င္ဘူး ”
သူတို႔စကား၀ိုင္းသည္ အလြန္စည္ပင္လွစြာနွင့္ ရွိေခ်၏။ တစ္ခါတစ္ရံ တိုးတိုး၊ တစ္ခါတစ္ရံ က်ယ္က်ယ္ေလာင္ေလာင္၊ တစ္ခါတစ္ရံ ေကာင္မေလး၏ ၿပီတီတီရယ္သံ၊ တစ္ခါတစ္ရံ ဦးခင္ေမာင္ေငြက ရိတိတိေျပာလုိက္ေသာ စကားသံ၊ တစ္ခါတစ္ရံ အားလံုး၏ ပြဲက်ေသာ ရယ္သံ၊ မင္းကေတာ္၏ ခုႏွစ္ေသာင္းတန္ကားအေၾကာင္းက ႀကိဳၾကားႀကိဳၾကားထြက္လာ၏။ ညီျဖစ္သူက သူ႔ကုမၸဏီတိုးခ်ဲ႕မည့္ အေၾကာင္းလည္း ထြက္လာသည္။ မစၥတာေလ်ာင္း၏ အျမတ္ေတာ္ေၾကးမေပးေသာ လိမ္နည္း၊ လာဘ္ထိုးနည္း၊ ညွစ္နည္းသည္ စကား၀ိုင္းကို လႊမ္းမိုးသြားတတ္ျပန္သည္။
တစ္နာရီခန္႔အၾကာတြင္ ကားတစ္စီးထိုးရပ္သံၾကားရ၏။ ဧည့္သည္ သံုးေယာက္၀င္လာၾကသည္။ ထိုဧည့္သည္မ်ားကို ေတြ႕ေသာအခါ ေဘာင္းဘီရွည္၀တ္ထားေသာ ေကာင္ေလးက ထခုန္၏။
“ ဟာ…အဆင္သင့္ပဲဗ်ာ။ ကိုစိန္ခဲကို ေတြ႕ခ်င္တာၾကာလွၿပီဗ်။ စပို႔ရွပ္ေတြမရေတာ့ဘူးလား။ ျပင္သစ္မီးျခစ္တစ္လံုးလည္း ရွာေပးပါဦးဗ်ာ။ ရရင္ တစ္ရာေပးရ ေပးရ၊ ႏွစ္ရာေပးရ ေပးရ ယူမယ္ဗ်ာ။ ဂ်ာကင္ေကာ ေနာက္ထပ္လာေသးလား။ တစ္ေလာတုန္းက ေမွာင္ခိုကုန္ေတြမိတယ္ ဆိုတာ ၾကားေတာ့ ခင္ဗ်ားပစၥည္းေတြအတြက္ ပူလိုက္ရတာဗ်ာ ”
ေနာက္ဆံုးမွ၀င္လာေသာ ဧည့္သည္ကို မင္းကေတာ္က ျပံဳးျပသည္။ မစၥတာေလ်ာင္းက သူ႔ေဘးမွ ဆိုဖာအလြတ္တြင္ထိုင္ရန္ လက္ညႊန္သည္။ ထိုဧည့္သည္က မစၥတာေလ်ာင္းကို ျပံဳးျပသည္။ “ ေနေကာင္းရဲ႕ေနာ္၊ မစၥတာေလ်ာင္း ” ဟု ႏႈတ္ဆက္သည္။
“ ဘယ့္ႏွယ္ ကိုသီလ…ျပင္သစ္ကို ထုတ္လိုက္တဲ့ပုလဲေတြ ေစ်းေကာင္းေကာင္းရရဲ႕ေနာ္ ”
ကၽြန္ေတာ့္ညီက ေမးသည္။
“ မဆိုးပါဘူး၊ ဒါေပမဲ့ ထင္သေလာက္ မက်န္ပါဘူး ”
“ ထင္သေလာက္ဆိုတာ သိန္းတစ္ရာေလာက္ မက်န္လို႔လား ”
ဦးခင္ေမာင္ေငြက ျပံဳး၍ေမးသည္။
“ ဟာ မဟုတ္ပါဘူး ဦးခင္ေမာင္ေငြ၊ ငါးသိန္းေလာက္ပဲ က်န္တာပါဗ်ာ၊ သိပ္အထင္ႀကီးစရာ မဟုတ္ပါဘူး ”
ေခတၱမွ် ၿငိမ္သက္သြားသည္။ ဦးသီလေဘးတြင္ ရပ္လ်က္ရွိေသာ မုတ္ဆိတ္ေမြးႏွင့္ လူတစ္ေယာက္ကို ၀ိုင္း၀န္းႏႈတ္ဆက္ၾကသည္။ ညီအပါအ၀င္ ဧည့္သည္အားလံုးက ရိုရိုက်ိဳးက်ိဳးဆက္ဆံၾကသည္။ ၀တ္စားထားသည္မွာ စုတ္စုတ္ျပတ္ျပတ္ ျဖစ္သည္။ အိမ္ဦးခန္းဆိုဖာတြင္ ထိုင္ေနေသာ ႏိုင္ငံေရးသမားကပင္ ေနရာဖယ္ေပးသည္။
မင္းကေတာ္၏ အားကိုးယံုၾကည္စြာေသာ အသံထြက္လာသည္။
“ ဆရာ….ကၽြန္မအတြက္ေရာ၊ ကၽြန္မေယာက္်ားအတြက္ပါ ဇာတာျပန္စစ္ေပးေစခ်င္ပါတယ္ ဆရာ ”
“ ရပါတယ္ ”
ဦးခင္ေမာင္ေငြက ရိုေသစြာ ေမး၏။
“ ကၽြန္ေတာ္ ရာထူးတိုးဖို႔ကိစၥ ဆရာေဆာင္ရြက္ေပးဖို႔ အခ်ိန္က်လာပါၿပီလား ဆရာ ”
“ ဆရာ စစ္ေဆးၾကည့္ဦးမယ္ေလ ”
မ်က္ႏွာကို အလွျခယ္ထားေသာ ေကာင္မေလးက ဆရာဆိုသူ၏ ေပါင္ေပၚတြင္ လက္၀ါးဖိကာ ေမး၏။
“ ရိုဇာ့ကို လာၿပီး အင္ေဂ့ခ်္လုပ္တဲ့ အတြင္း၀န္ဦးဘရဲ႕သား ဒယ္နီယယ္နဲ႔၊ ဗိုလ္မွဴးဘၾကဴးရဲ႕သား ၀ီလွ်ံဘၾကဴးတို႔ ႏွစ္ေယာက္ထဲက ဘယ္သူဟာ ရိုဇာ့ကို သိပ္အလိုလုိက္ႏိုင္မွာလည္း ဆရာ။ အဲဒါ ဆရာက တြက္ေပးမယ္ဆိုၿပီး…. ”
ညီကလည္း သူ႔အလုပ္အကိုင္အတြက္ ေမးသည္။ ဆရာဆိုသူသည္ ရက္ခ်ိန္းမ်ားေပးေနသည္။ ထို႔ေနာက္ သူတို႔အားလံုး စကား၀ိုင္းဖြဲ႕မိၾကျပန္သည္။ သူတို႔စကား၀ိုင္းသည္ ျပန္လည္စည္ကားလာျပန္သည္။ ရယ္ေမာသံသည္ လြင့္၍လာ၏။ သူတို႔အားလံုူးသည္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္၊ လႈပ္လႈပ္ရွားရွား၊ ဆူဆူညံညံ၊ ညဳသံခရာသံ အၾကည္ဆိုက္သံတို႔ျဖင့္…..
ညေနေစာင္းမွ လူစုကြဲသြားၾကသည္။
ကၽြန္ေတာ့္နားသည္ ေအးသြားသည္။ စိတ္ညစ္လည္း ေျပသြားသည္။ သို႔ေသာ္ ရင္ထဲတြင္ တင္းက်ပ္ေနသည္ကမူ မေျပေသးေခ်။ မည္သည့္အခါမွ်လည္း ေျပႏိုင္မည္မထင္ေသး။ သူတို႔စကား၀ိုင္းကို ၾကည့္၍ သူတို႔စကားကို ၾကား၍ ကၽြန္ေတာ္တစ္ခုကိုသတိရမိသည္။
ျမန္မာဖတ္စာအုပ္ထဲမွ စာပိုဒ္တစ္ပုဒ္ျဖစ္၏။
ၿငိမ္းေက်ာ္
ျမန္မာစာမဂၢဇင္း အမွတ္(၅)၊ ဇြန္လ၊ ၁၉၆၈

Unicode Version

“ ဆေးကု၍ မရပါ ”

စင်စစ်အားဖြင့်မူ ထိုအိမ်သို့ သွားရောက်ရန် အကြောင်းလုံးဝမရှိ။ ထိုအိမ်သို့ တစ်လတစ်ကြိမ်သော်လည်းကောင်း၊ နှစ်လတစ်ကြိမ်သော်လည်းကောင်း၊ ခြောက်လတစ်ကြိမ်သော်လည်းကောင်း၊ တစ်နှစ်တစ်ကြိမ်သော်လည်းကောင်း သွားသင့်သည်။ သို့ရာတွင် ကျွန်တော် သွားလိုစိတ်မရှိ။ ညီအစ်ကို အရင်းခေါက်ခေါက်ဖြစ်လျက်နှင့် ဤသို့ လမ်းဖြတ်ထားသည်မှာ အကြောင်းရှိသည်။ အမှန်အတိုင်းဆိုရလျှင် ညီကိုလည်း မတွယ်တာမိ၊ ခယ်မဖြစ်သူကိုလည်း မခင်မင်မိ။ အလိုအလျောက်ကား မဟုတ်ချေ။ ကျွန်တော် မနှစ်သက်သော အပြုအမူ၊ စိတ်ထားများကို သူတို့ကိုယ်တွင် တွေ့ရသောကြောင့် ဖြစ်ပေသည်။
ယခု မသွား၍မဖြစ်။ ကျွန်တော် သံယောဇဉ်ရှိနေသော တူကလေး မောင်ကျော်ဇံ အပြင်းဖျားနေသည်ဟု ညီက လာပြောသည်။ ထိုကလေးသည် ကျွန်တော့်ကို အတော်ပင်ချစ်သည်။ သာမန် ကျောပူ ခေါင်းပူထသည့်အခါ၌ပင်လျှင် ကျွန်တော့်ကို တသည်။ ကျွန်တော့်ကို တွေ့သည်နှင့်တစ်ပြိုင်နက် အိပ်ရာမှထတော့သည်။ ရွှင်ရွှင်လန်းလန်းဖြစ်လာသည်။ သည်ကလေးသည် စိတ်ဓာတ်အလွန်ပျော့သည်။ ကိုယ်ပူရုံမျှနှင့် အိပ်ရာပေါ်တွင် လှဲနေသည်။ မှိန်းနေတတ်သည်။ ကျွန်တော်က သူ့ ‘ အထာ ’ ကို သိသည်။ သူ့စိတ်ဓာတ်ကို ကြည်လင်ရွှင်ပျနိုင်သော စကားများ၊ ပုံပြင်များဖြင့် ပြုပြင်ပေးသည်။ ဤအချက်များသည် ကျွန်တော့်ကို ခင်တွယ်အားထားဖွယ်ရာဖြစ်သည် ထင်၏။
ဆင်ဝင်အောက်သို့ ရောက်သောအခါ ခယ်မဖြစ်သူက လှမ်း၍ကြည့်၏။ ထို့နောက် ပျူပျူငှာငှာ ထွက်ကြိုသည်။
“ ကိုကို လာ…ကိုကို မနက်ကတည်းက လာမယ်ထင်လို့ မျှော်နေတာ။ ကိုကို့ဖို့ ငါးချဉ်တောင် ဝယ်ထားတယ်။ ညီမ ထမင်းပွဲပြင်လိုက်မယ်နော် ”
“ နေပစေ၊ မပြင်နဲ့၊ စားလာပြီးပြီ။ ဟိုကောင်ရော ဘယ်သွားလဲ၊ ကလေးကော ဘယ့်နှယ်နေသေးလဲ ”
“ ကိုကို့ညီလား၊ ရှိပါတယ်။ ဧည့်သည်တွေနဲ့ စကားပြောနေပါတယ်။ မောင်ကျော်ဇံ အဖျားကျသွားပါပြီ ကိုကို။ သက်သာပါပြီ။ ကိုကို့ကို တရရ မေးနေတာပဲ ”
အိမ်ထဲသို့ရောက်သော် ညီ့ကို တွေ့ရသည်။ သူ့ဧည့်သည်နှစ်ယောက်နှင့် စကားပြောနေသည်။ ကျွန်တော့်ကိုမြင်၍ နှုတ်ဆက်သည်။
“ ကိုကို့ကို မနက်ကတည်းက မျှော်နေတာ ”
“ အေး..ငါခုမှအားလို့ လာတာ ”
စကားဆုံးလျှင်ဆုံးချင်း မောင်ကျော်ဇံရှိရာ အိပ်ခန်းတွင်း ဝင်လိုက်သည်။ ခုတင်ပေါ်တွင် တစ်ဖက်စောင်းလှဲ၍ အိပ်ပျော်နေသည်။ ခယ်မဖြစ်သူက နှိုးမည်ပြုသည်သို့ရှိ၍ တားလိုက်ရသည်။ ထို့နောက် ခုတင်ဘေးရှိ ပက်လက်ကုလားထိုင်တွင် အသာအယာထိုင်လိုက်သည်။ ခယ်မသည် အပြင်သို့ ထွက်သွားသည်။
ညီနှင့် သူ့မိတ်ဆွေတို့၏ စကားပြောသံသည် အခန်းတွင်းသို့ ပီသစွာ ဝင်လာသည်။
“ ဟဲဟဲ…ဒါကတော့ ကိုကျော်ထင်ရယ်၊ ပါးနပ်ခြင်းဟာ ချမ်းသာကြီးပွားခြင်းလို့ နားလည်နေပြီ ကိုကျော်ထင်ရေ့ ”
ညီ့ကို သူ့ဧည့်သည်က ပြောနေသည်။ နောက်တစ်ယောက်က ဝင်ပြောသည်။
“ ခင်ဗျား ပြောတာမှန်လှသဗျာ။ ‘ ကျွန်တော်မျိုး ’ ဆိုတာ များများပြောပေး၊ ဒါမှမဟုတ် ‘ အရှင်ဘုရား ’ လို့ များများထူးပေး။ ဒီနှစ်ချက်ဟာ ကြီးပွားလိုသူတွေရဲ့ ကျင့်စဉ်ပဲဗျ။ လောကကြီးတစ်ခုလုံးဟာ ညာနေကြတာပါဗျာ။ ကျွန်တော်တို့လည်း ညာတာပဲ။ များများညာနိုင်ရင် များများစားပေါက်ချောင်မယ်ဗျ။ ခင်ဗျားက နိုင်ငံရေးသမားအမြင်ကိုး။ ကျွန်တော်ကတော့ ကုန်သည်မို့ ကုန်သည်အမြင်ပဲ။ ဒါပေမဲ့ တစ်ထပ်တည်း အမြင်တူနေတာတော့ အံ့သြစရာပဲ ”
ညီနှင့်တကွ ဧည့်သည်နှစ်ယောက်၏ ရယ်မောသံသည် တစ်အိမ်လုံးကို လွှမ်းမိုးလျက်ရှိ၏။ ရယ်သံသည် မကြာလှ၊ ညီ၏ နှုတ်ဆက်သံကို ကြားရပြန်သည်။
“ ကြွပါ မင်းကတော် ကြွပါ၊ ယဉ်ရေ…မင်းကတော်ကို လာပြီးနှုတ်ဆက်ပါဦး ”
မကြာမီ ခယ်မ၏ နှုတ်ဆက်သံ၊ ရယ်မောသံတို့ကို ကြားရသည်။ ထို့နောက် ကျွန်တော်ရှိရာသို့ ခယ်မရောက်လာ၏။ ကော်ဖီနှင့် မုန့်ပန်းကန်များကို ဗန်းဖြင့်လာ၍ပို့သည်။ ထို့နောက် ထွက်သွားသည်။ ထို့နောက် မင်းကတော်ဆိုသူ အမျိုးသမီးကြီး၏ စကားသံများ ကြားရသည်။
“ မမစိန်နားကပ်ကိုများ ယဉ်ကသဘောကျတယ် ရှိသေးတယ်။ ဒါကသိပ်တန်လှတာ မဟုတ်ဘူး။ လေးထောင်လောက် ဈေးရှိတာ။ မမသမီးပန်တာမှ ယဉ်က မတွေ့ဖူးသေးဘဲ။ တစ်သောင်းရှစ်ထောင်ပေးရတာ။ အရည်က ခဲသားကျပြီး လဲ့နေတာပဲ။ အရည်ကိုလည်နေတာပဲ။ ဒါထက် ကလေးကော သက်သာရဲ့လား ”
ထို့နောက် နိုင်ငံရေးသမားနှင့် လေပေးဖြောင့်နေသည်။ ကုန်သည်နှင့်လည်း အကျွမ်းတဝင်ရှိဟန်တူ၏။ သိဟောင်းကျွမ်းဟောင်းတွေ ထင်၏။ ထို့နောက် မင်းကတော်က သူ့ယောက်ျားရာထူးတိုးမည့်အကြောင်း၊ ခြံဝယ်ကြောင်း၊ တစ်သိန်းခွဲတန်တိုက်ဆောက်နေကြောင်း၊ သားအကြီးသည် အီလီနွိုက်တက္ကသိုလ်တွင် ဘွဲ့ကြီးတစ်ခုရယူရန် ပညာသင်ကြားနေကြောင်းများ ပြောနေသည်။ ထို့နောက် သူတို့သုံးဦးသည် ညီနှင့် စကားလက်ဆုံကျနေကြသည်။
ကော်ဖီပူပူ သောက်လိုက်ရသဖြင့် ချွေးပြန်လာ၏။ ထို့ကြောင့် ပြတင်းပေါက်အနားသို့ ကုလားထိုင်ကိုရွှေ့ကာ လွယ်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်၍ ဖတ်နေလိုက်သည်။
စာထဲတွင် အာရုံမစွဲချေ။ စကားသံ၊ ရယ်သံတို့ကလာ၍ နှောင့်ယှက်နေ၏။ ထို့ကြောင့် စာအုပ်ကို ချထားလိုက်သည်။ ထိုဧည့်သည်တို့ လှုပ်ရှားပုံကို တည့်တည့်မြင်နေရ၏။ သူတို့နှင့် ကျွန်တော့်အကြားတွင် အခန်းဝမှ ဇာခန်းဆီးသာလျှင် ခြားနေသည်။ ဇာခန်းဆီးကို လေတိုးလိုက်လျှင် သူတို့ကိုမြင်ရသည်။
အတန်ကြာသောအခါ အသံစိမ်းတစ်ခုကို ကြားလိုက်ရပြန်သည်။ ဧည့်သည်တစ်ယောက် ရောက်လာခြင်းဖြစ်သည်။ လူပုံကိုမြင်လိုက်ရသည်။ ၀၀ဖိုင့်ဖိုင့်၊ ဖြူဖြူချောချော၊ ခန့်ညားစွာ ဝတ်ဆင်ထားသည်။
“ ဦးခင်မောင်ငွေတို့များ ခုမှပေါ်လာတော့တယ် ”
ညီ့အသံ ဖြစ်သည်။
“ ခုမှပဲ အားတယ်ဆိုပါတော့ဗျာ။ အာ…ဒီမှာ လူစုံတက်စုံပါလားဗျ။ မစ္စတာလျောင်းကပါ ဒီရောက်နေတာကိုး ”
ကုန်သည်ဆိုသူ၏ ဖြေသံကထွက်လာ၏။
“ ဦးခင်မောင်ငွေနဲ့ ကျွန်တော်မတွေ့ရတာတောင် အတော်ကြာနေပြီနော်။ သတိရပါတယ် ဦးခင်မောင်ငွေ။ ဒါထက် ဟိုကိစ္စတွေ မဖြစ်တာလည်း အတော်ကြာပြီနော် ”
“ ဖြစ်သားပဲ မစ္စတာလျောင်းရဲ့။ မကြာခင် တင်ဒါရော လေလံပစ်စရာရော ရှိပါတယ်။ ဒါတွေ ခဏဖယ်ထားရတယ်။ လောလောဆယ်က ကျွန်တော်အုပ်ချုပ်နေရတဲ့စက်ရုံက အလုပ်သမားပြဿနာပဲဗျ ”
အရာရှိကြီးတစ်ဦး ဖြစ်လိမ့်မည်။ ဒေါနဲ့မောနဲ့ ပြောနေသည်။
“ ဟုတ်တယ် ဦးခင်မောင်ငွေ ” ဟု ညီကဝင်ပြောသည်။
ဤတွင် အလုပ်သမားဆိုသူတွေ ညံ့ကြောင်း၊ ရိုင်းကြောင်း၊ ပညာမဲ့ကြောင်း၊ အရောမဝင်သင့်ကြောင်းများကို သူတို့ပြောကြ ရယ်ကြသည်။
နာရီဝက်မျှကြာသောအခါ ဧည့်သည်နှစ်ယောက်ရောက်လာကြသည်။ သူတို့ဆက်ဆံပုံမှာ သူငယ်ချင်းဆက်ဆံရေးလည်းမဟုတ်၊ သမီးရည်းစား ဆက်ဆံရေးလည်းမဟုတ်။ သို့ပေသည့် မြန်မာမိန်းကလေးနှင့် ယောက်ျားလေးတို့၏ဆက်ဆံရေးမျိုးနှင့်ခြားနား သည်ကား သိလွယ်၏။ ယောက်ျားလေးသည် ဘောင်းဘီရှည်ဝတ်ထား၏။ နိုင်ငံခြားဖြစ် စပို့ရှပ်ဝတ်ထားသည်။ ဦးခေါင်းသည် ဆံရှည်ကိုယ်တော်ကဲ့သို့ ဖြစ်၏။ ကွေးကောက်ထားသည်။ မိန်းကလေး၏ ဦးခေါင်းသည်လည်း ဤနည်းတူဖြစ်၏။ အကျၤီချိုင်းပြတ်ဝတ်ထားသည်။ ပါးလွှာသည်။ ဘရာစီယာသည် မို့မောက်ကာ ငေါထွက်နေ၏။ ခါးသည် သေးသေးသိမ်သိမ်။ ထဘီကိုတင်းနေအောင် အရမ်းဆွဲဝတ်ထားဟန်တူ၏။ တင်သည် ကြည့်မကောင်းအောင် ကားထွက်နေသည်။ စကားပြောသည့်အခါ နှုတ်ခမ်းနီသည် ရဲခနဲ ရဲခနဲ။ မျက်နှာသည် ဆေးရောင်စုံခြယ်ထား၍ ကလေးတွေကစားသည့် မျက်နှာဖုံးစက္ကူချပ်နှင့် တူနေသည်။
“ ကျွန်တော်တော့ ဗမာရုပ်ရှင်တွေကို နည်းနည်းမှကြည့်လို့မရဘူး။ အမေရိကားကလာတဲ့ ကားတွေနဲ့စာရင် ဘာမှအဆင့်အတန်းမရှိဘူး။ ခုတစ်လောလာတဲ့ ဂျပန်ကားတွေကလည်း အလကားပဲ။ ဘိုင်နိုက်တွေကို မမီပါဘူး။ ဘားဒိုးကို မီမှမမီပဲ ”
မိန်းကလေးက အားကျမခံ ပြန်ပြောသည်။
“ ဒါက ယူ့အမြင်ကိုး။ အိုင်တို့တော့ ပရက်စလေမှ ပရက်စလေပဲ၊ ကလစ်ရစ်ချပ်တောင် သိပ်မကြိုက်ချင်ဘူး ”
သူတို့စကားဝိုင်းသည် အလွန်စည်ပင်လှစွာနှင့် ရှိချေ၏။ တစ်ခါတစ်ရံ တိုးတိုး၊ တစ်ခါတစ်ရံ ကျယ်ကျယ်လောင်လောင်၊ တစ်ခါတစ်ရံ ကောင်မလေး၏ ပြီတီတီရယ်သံ၊ တစ်ခါတစ်ရံ ဦးခင်မောင်ငွေက ရိတိတိပြောလိုက်သော စကားသံ၊ တစ်ခါတစ်ရံ အားလုံး၏ ပွဲကျသော ရယ်သံ၊ မင်းကတော်၏ ခုနှစ်သောင်းတန်ကားအကြောင်းက ကြိုကြားကြိုကြားထွက်လာ၏။ ညီဖြစ်သူက သူ့ကုမ္ပဏီတိုးချဲ့မည့် အကြောင်းလည်း ထွက်လာသည်။ မစ္စတာလျောင်း၏ အမြတ်တော်ကြေးမပေးသော လိမ်နည်း၊ လာဘ်ထိုးနည်း၊ ညှစ်နည်းသည် စကားဝိုင်းကို လွှမ်းမိုးသွားတတ်ပြန်သည်။
တစ်နာရီခန့်အကြာတွင် ကားတစ်စီးထိုးရပ်သံကြားရ၏။ ဧည့်သည် သုံးယောက်ဝင်လာကြသည်။ ထိုဧည့်သည်များကို တွေ့သောအခါ ဘောင်းဘီရှည်ဝတ်ထားသော ကောင်လေးက ထခုန်၏။
“ ဟာ…အဆင်သင့်ပဲဗျာ။ ကိုစိန်ခဲကို တွေ့ချင်တာကြာလှပြီဗျ။ စပို့ရှပ်တွေမရတော့ဘူးလား။ ပြင်သစ်မီးခြစ်တစ်လုံးလည်း ရှာပေးပါဦးဗျာ။ ရရင် တစ်ရာပေးရ ပေးရ၊ နှစ်ရာပေးရ ပေးရ ယူမယ်ဗျာ။ ဂျာကင်ကော နောက်ထပ်လာသေးလား။ တစ်လောတုန်းက မှောင်ခိုကုန်တွေမိတယ် ဆိုတာ ကြားတော့ ခင်ဗျားပစ္စည်းတွေအတွက် ပူလိုက်ရတာဗျာ ”
နောက်ဆုံးမှဝင်လာသော ဧည့်သည်ကို မင်းကတော်က ပြုံးပြသည်။ မစ္စတာလျောင်းက သူ့ဘေးမှ ဆိုဖာအလွတ်တွင်ထိုင်ရန် လက်ညွှန်သည်။ ထိုဧည့်သည်က မစ္စတာလျောင်းကို ပြုံးပြသည်။ “ နေကောင်းရဲ့နော်၊ မစ္စတာလျောင်း ” ဟု နှုတ်ဆက်သည်။
“ ဘယ့်နှယ် ကိုသီလ…ပြင်သစ်ကို ထုတ်လိုက်တဲ့ပုလဲတွေ ဈေးကောင်းကောင်းရရဲ့နော် ”
ကျွန်တော့်ညီက မေးသည်။
“ မဆိုးပါဘူး၊ ဒါပေမဲ့ ထင်သလောက် မကျန်ပါဘူး ”
“ ထင်သလောက်ဆိုတာ သိန်းတစ်ရာလောက် မကျန်လို့လား ”
ဦးခင်မောင်ငွေက ပြုံး၍မေးသည်။
“ ဟာ မဟုတ်ပါဘူး ဦးခင်မောင်ငွေ၊ ငါးသိန်းလောက်ပဲ ကျန်တာပါဗျာ၊ သိပ်အထင်ကြီးစရာ မဟုတ်ပါဘူး ”
ခေတ္တမျှ ငြိမ်သက်သွားသည်။ ဦးသီလဘေးတွင် ရပ်လျက်ရှိသော မုတ်ဆိတ်မွေးနှင့် လူတစ်ယောက်ကို ဝိုင်းဝန်းနှုတ်ဆက်ကြသည်။ ညီအပါအဝင် ဧည့်သည်အားလုံးက ရိုရိုကျိုးကျိုးဆက်ဆံကြသည်။ ဝတ်စားထားသည်မှာ စုတ်စုတ်ပြတ်ပြတ် ဖြစ်သည်။ အိမ်ဦးခန်းဆိုဖာတွင် ထိုင်နေသော နိုင်ငံရေးသမားကပင် နေရာဖယ်ပေးသည်။
မင်းကတော်၏ အားကိုးယုံကြည်စွာသော အသံထွက်လာသည်။
“ ဆရာ….ကျွန်မအတွက်ရော၊ ကျွန်မယောက်ျားအတွက်ပါ ဇာတာပြန်စစ်ပေးစေချင်ပါတယ် ဆရာ ”
“ ရပါတယ် ”
ဦးခင်မောင်ငွေက ရိုသေစွာ မေး၏။
“ ကျွန်တော် ရာထူးတိုးဖို့ကိစ္စ ဆရာဆောင်ရွက်ပေးဖို့ အချိန်ကျလာပါပြီလား ဆရာ ”
“ ဆရာ စစ်ဆေးကြည့်ဦးမယ်လေ ”
မျက်နှာကို အလှခြယ်ထားသော ကောင်မလေးက ဆရာဆိုသူ၏ ပေါင်ပေါ်တွင် လက်ဝါးဖိကာ မေး၏။
“ ရိုဇာ့ကို လာပြီး အင်ဂေ့ချ်လုပ်တဲ့ အတွင်းဝန်ဦးဘရဲ့သား ဒယ်နီယယ်နဲ့၊ ဗိုလ်မှူးဘကြူးရဲ့သား ဝီလျှံဘကြူးတို့ နှစ်ယောက်ထဲက ဘယ်သူဟာ ရိုဇာ့ကို သိပ်အလိုလိုက်နိုင်မှာလည်း ဆရာ။ အဲဒါ ဆရာက တွက်ပေးမယ်ဆိုပြီး…. ”
ညီကလည်း သူ့အလုပ်အကိုင်အတွက် မေးသည်။ ဆရာဆိုသူသည် ရက်ချိန်းများပေးနေသည်။ ထို့နောက် သူတို့အားလုံး စကားဝိုင်းဖွဲ့မိကြပြန်သည်။ သူတို့စကားဝိုင်းသည် ပြန်လည်စည်ကားလာပြန်သည်။ ရယ်မောသံသည် လွင့်၍လာ၏။ သူတို့အားလုံူးသည် ပျော်ပျော်ရွှင်ရွှင်၊ လှုပ်လှုပ်ရှားရှား၊ ဆူဆူညံညံ၊ ညုသံခရာသံ အကြည်ဆိုက်သံတို့ဖြင့်…..
ညနေစောင်းမှ လူစုကွဲသွားကြသည်။
ကျွန်တော့်နားသည် အေးသွားသည်။ စိတ်ညစ်လည်း ပြေသွားသည်။ သို့သော် ရင်ထဲတွင် တင်းကျပ်နေသည်ကမူ မပြေသေးချေ။ မည်သည့်အခါမျှလည်း ပြေနိုင်မည်မထင်သေး။ သူတို့စကားဝိုင်းကို ကြည့်၍ သူတို့စကားကို ကြား၍ ကျွန်တော်တစ်ခုကိုသတိရမိသည်။
မြန်မာဖတ်စာအုပ်ထဲမှ စာပိုဒ်တစ်ပုဒ်ဖြစ်၏။

ငြိမ်းကျော်
မြန်မာစာမဂ္ဂဇင်း အမှတ်(၅)၊ ဇွန်လ၊ ၁၉၆၈

No comments:

Post a Comment