Apr 24, 2017

မွေးနေ့

အက်​​ဆေး(၁၄)
____________
မွေးနေ့ (ပိုင်စိုးဝေ)
-------------------

တောင်တန်းများဆီသို့ သူ ခရီးထွက်လာခြင်း အကြောင်းကို မြို့ကလူတွေ ပြောကောင်း ပြောနေကြ ပေလိမ့်မည်။

ညနေ သုံးနာရီထက် နောက်မကျဘဲ တောင်ထိပ်သို့ ရောက်ရန် ရည်ရွယ်ပြီး နံနက် လေးနာရီ တိတိက သူ အိမ်က စထွက်လာခဲ့ခြင်း ဖြစ်သည်။ သူ့ခရီးနှင့် ပတ်သက်၍ အဓိပ္ပါယ် မရှိသော အလုပ်ဟု မည်သူကမျှ မဝေဖန်ခဲ့ကြ။ သူကိုယ်တိုင်ကလည်း သူ့ခရီး၏ ရည်ရွယ်ချက်ကို အလေးအနက် ယုံကြည်မှု ရှိခဲ့သည်။ သို့တိုင် အလကား ရူးကြောင်ကြောင် အလကား အလုပ်ပါကွာဟု သူ့ကွယ်ရာတွင် တစ်စုံတစ်ယောက်က ဝေဖန်နေမည်လားဟု လမ်းခရီး၌ အတွေး ဝင်လာခဲ့သေးသည်။ သိပ် အကြာကြီးတော့ မဟုတ်။ လမ်းခရီး တစ်ဝက် မရောက်မီပင် ထိုအတွေးမျိုးကိုရော၊ မြို့က လူတွေကိုပါ သူ မေ့သွားတော့သည်။

သူ့ အိမ်အနီးမှ မြို့၏ ဆင်ခြေဖုံးထိ ဘတ်စ်ကားစီး၍ လာမည်ဆို လာနိုင်သည်။ မစီးခဲ့။ အိမ်မှ စထွက်ကတည်းက ခြေလျင် လျှောက်လာခဲ့သည်။ လမ်းလျှောက်ခြင်းသည် သူ အနှစ်သက်ဆုံး အလုပ် သုံးမျိုးထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။ လမ်းလျှောက်ရသည်မှာ ခံစားမှု အာရုံကြောများကို ပြည့်ပြည့်ဝဝ အသုံးချနိုင်သည်။ ပျော်ရွှင်မှုအတွက် ကျန်းမာမှု အတွက်ထက် ပို၍ အဓိပ္ပါယ် လေးနက်စွာ လမ်းကို သူ လျှောက်လေ့ ရှိခဲ့သည်။ ယခုလို ရက်မျိုးတွင် ပို၍ အဓိပ္ပါယ်ရှိရှိ လမ်းလျှောက်ရမည် ဖြစ်သည်။ သူ့ မွေးနေ့ မဟုတ်လား။ တောင်ထိပ်ပေါ်သို့ ခရီး ထွက်လာခြင်းမှာလည်း သူ့မွေးနေ့ အတွက်ပင် ဖြစ်သည်။ အနှစ် သုံးဆယ်မြောက် သူ့ မွေးနေ့ အထိမ်းအမှတ်ပင် ဖြစ်သည်။ သူ့မွေးနေ့ ပွဲကလေးကို အေးချမ်း ငြိမ်သက်စွာ တောင်ထိပ်ပေါ်တွင် ကျင်းပရန် ဖြစ်သည်။ သို့ရာတွင် အိမ်မှ စထွက်သော ပထမဆုံး ခြေလှမ်းသည်ပင် သူ့မွေးနေ့ အထိမ်းအမှတ်ထဲတွင် အပါအဝင် ဖြစ်စေရမည်။ ဤနေ့မှပြန်၍ ရေတွက်ခဲ့လျှင် လွန်ခဲ့သည့် အနှစ်သုံးဆယ်မှာ တစ်ထောင့်ကိုးရာ ငါးဆယ့်တစ်ခု၊ ဇွန်လ နှစ်ဆယ့်ငါးရက် ဖြစ်သည်။ ထိုနေ့မှာ သူ့အား မွေးဖွားခဲ့သည့် မွေးနေ့ ဖြစ်သည်။

ထိုနေ့သည် ကမ္ဘာ့သမိုင်း၌ ထူးခြားသော နေ့တစ်နေ့ ဖြစ်ကောင်းဖြစ်မည်။ လုံးဝ ထူးခြားမှု မရှိသော နေ့တစ်နေ့လည်း ဖြစ်နိုင်သည်။ သူသည် သမိုင်းဘာသာရပ်ကို ကျွမ်းကျင်သူ မဟုတ်။ ထိုနေ့၏ ထူးခြားမှု မထူးခြားမှုနှင့် ပတ်သက်၍ ကမ္ဘာ့သမိုင်းကို မကျွမ်းကျင်သည့်တိုင် ဗဟုသုတ ဒိုင်ယာရီစာအုပ် များစွာ၌ အလွယ်တကူ ရှာဖွေတွေ့ရှိ နိုင်ပေလိမ့်မည်။ သို့ရာတွင် သူသည် ထိုစာအုပ်များကို ဖတ်ရှုရန် ပျင်းလွန်းသူ တစ်ယောက် ဖြစ်ခဲ့ပြန်သည်။

အမှန်စင်စစ် ထိုနေ့နှင့် ပတ်သက်၍ သူတစ်ဦးတည်း အတွက်ပင်လျှင် များစွာ ထူးခြားမှု မရှိလှပါ။ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက် တစ်ခုခု၊ တမ်းတ အမှတ်ရဖွယ်ရာ တစ်စုံတစ်ရာ လုံးဝ မရှိခဲ့။ သို့ရာတွင် သူ့ဇာတာခွင်၌ ထိုနေ့အား အသေအချာ ရေးမှတ်ထားခဲ့ကြသဖြင့် ဘဝ တစ်လှောက်လုံး ထိုနေ့ကို သူ အာဂုံ ဆောင်ထားခဲ့ရပေသည်။ တစ်ထောင်ကိုးရာ ငါးဆယ့်တစ်ခု၊ ဇွန်လ နှစ်ဆယ့်ငါးရက်။

မြေညီလွင်ပြင် တစ်လျှောက် လယ်ကွင်းများကို သူ ဖြတ်သန်းခဲ့ရသည်။ တောင်ခြေဆီသို့ ​ရောက်ရန် သု စိတ်က စောနေသည်။ တောင်တန်းတွေက လှမ်းခေါ်နေသည်ဟု သူ ခံစားလာရသည်။ “အလကား ပါပဲဗျာ၊ ကျုပ်တို့ မြို့က လူတွေက ဒီတောင်တန်းကြီးတွေကို အသိအမှတ် မပြုကြပါဘူး။ ဒီတောင်တန်းကြီးတွေ ရှိနေတဲ့အတွက် ဘယ်သူမှ ဂုဏ်ယူရမှန်း မသိပါဘူးဗျာ ...” မိတ်ဆွေ တစ်ယောက်က ပြောဖူးသည်။ ထိုအချိန် ကတည်းကပင် သူသည် ဤ တောင်တန်းကြီးများအား အလေးအမြတ် ပြုရန် သူ့မြို့တစ်မြို့လုံး၏ ကိုယ်စား ကျေးဇူးဆပ်ရန် လာခဲ့ပေပြီ။ “တောင်တန်းကြီးတွေ၊ ဟေး ... တောင်တန်းကြီးတွေ၊ သင်တို့ဆီ ငါလာခဲ့ပြီဟေ့” သူ့စိတ်ထဲမှ အော်ဟစ်ပြောဆို လိုက်မိသည်။ လမ်းခရီး တစ်လျှောက်တွင် တောင်သူ လယ်သမားတို့သည် ယာခင်းများထဲ၌ အသီးအနှံပင်များကို စိုက်ပျိုးနေကြသည်။ လေးနက်ကြွယ်ဝသည့် ဘဝ အဓိပ္ပါယ်ကို တောင်ထိပ်ပေါ်တွင် သူ စိုက်ပျိုးနိုင်လိမ့်မည်လား။

မြေညီလွင်ပြင် ဆုံး၍ တောင်ခြေသို့ ရောက်သောအခါ ငါးမိနစ်တိတိ သူ အနားယူလိုက်သည်။ သူ့တွင်ပါသော အစားအစာများထဲမှ အနည်းငယ်ကို ထုတ်၍ စားသည်။ တောင်ပေါ်သို့ စ၍ မတက်မီ စက္ကန့်ခြောက်ဆယ်တိတိ ငြိမ်သက်စွာ ရပ်ပြီး တောင်တန်းကြီးကို အာရုံပြုခဲ့သည်။ ထို့နောက် တောင်ခြေမှစ၍ တောင်ပေါ်သို့ တက်သည်။ တောင်ပေါ်သို့ တက်သောသူတိုင်း တောင်​ခြေမှသာ စ၍ တက်ရပေလိမ့်မည်။ တောင်တစ်ဝက်မှ စ၍ တက်သော ဖြတ်လမ်း မရှိနိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။ အနှစ်သုံးဆယ်တည်း ဟူသော အချိန်ကာလများ တစ်နှစ်ပြီး တစ်နှစ် သူ့ခန္ဓာကိုယ် ပေါ်သို့ တရွေ့ရွေ့ ဖြတ်သန်းသွားကြ သလိုပင် ဖြစ်သည်။

သူသည် မြို့ပြတွင် ကြီးပြင်းလာသော ကျေးတောသား တစ်ယောက် ဖြစ်သည်။ သူနှင့် နီးစပ်သူများထဲမှ ကျင်းပသော မွေးနေ့ အထိမ်းအမှတ် ပွဲများသို့ တက်ရောက်ဖူးသော်လည်း သူကိုယ်တိုင် တစ်ခါမျှ မကျင်းပဖူးခဲ့။ အချို့သော နှစ်များတွင် သူကိုယ်တိုင် လုံးဝ သတိမရဘဲနှင့်ပင် သူ့မွေးနေ့ရက်များမှာ ကျော်လွန်သွားခဲ့ တတ်ကြသည်။ ယခုနှစ်တော့ ထူးထူးခြားခြား နှစ်ဆန်းပိုင်း ရက်များကတည်းက သူ့မွေ'နေ့ကို အမှတ်တရ ရှိနေခဲ့သည်။ ဘဝ၏ အဓိပ္ပါယ်ကို စဉ်းစားဆင်ခြင်မိတိုင်း မွေးနေ့အကြောင်းမှာ အတွေး၌ အလိုအလျောက် ပါလာခဲ့တတ်သည်။ နောက်ဆုံးတွင် ဘဝ၏ အဓိပ္ပါယ်ကို အပြည့်အဝ ရှာဖွေ မတွေ့နိုင်သော်လည်း လူ့ဘဝထဲသို့ ပထမဆုံး ရောက်လာခဲ့သော သူ့မွေးနေ့နှင့် ပတ်သက်သည့် အတွေးများမှာ သူ့ရင်ထဲ၌ လေးနက် စူးရှစွာ ကျန်ရှိနေခဲ့မြဲ ဖြစ်သည်။

သူသည် ပညာရှိတစ်ဦး မဟုတ်သော်လည်း ဘဝဆိုတာ ဘာလဲဟူသော အများသူငါ မေးတတ်ကြသည့် ထိုမေးခွန်းကို သူ့စိတ်ထဲမှ အမြဲ ဖြေကြည့်ဖူးသည်။ သူ့ အဖြေသည် မပြည့်စုံသည့်တိုင် လုံးဝ မှားယွင်းနေလိမ့်မည် မဟုတ် သူယုံကြည်သည်။ မည်သည့် ပညာရှိကိုပင် မေးမေး ဘဝ အဓိပ္ပါယ်ကို အမျိုးမျိုး အဖြေပေးကြမည်သာ ဖြစ်သည်။ သူတို့ ဖြေသော အဖြေသည် မမှားသည့်တိုင် လုံးဝ ပြည့်စုံလိမ့်မည် မဟုတ်။ လူတစ်ယောက် သမုဒ္ဒရာ ကမ်းစပ်တွင် ရပ်မိသောအခါ သမုဒ္ဒရာကြီ: တစ်ခုလုံးကိုကား သူမြင်သည် မဟုတ်။ ထိုအတိုင်းပင် လူတိုင်း လူတိုင်း ဘဝအကြောင်းကို ပြောနေကြသည်။ ဘဝ အဓိပ္ပါယ်ကို ဖွင့်ဆိုနေကြသည်။ သူတို့သည် လုံးဝ ပြည့်စုံသော ဘဝ အဓိပ္ပါယ်ကိုကား မည်သည့်အခါမျှ ဖွင့်ဆိုနိုင်ကြလိမ့်မည် မဟုတ်ပေ။

တောင်ထိပ်သို့ ရောက်ရန် ခရီး တစ်ဝက်ကျော်၌ ဒုတိယအကြိမ် အဖြစ် သူ အနားယူ ပြန်သည်။ မြို့တော်ဘက်သို့ ပြန်ကြည့်မိသည်။ စက်ရုံတစ်ခု၏ ထိပ်ဖျားမှ မီးခိုးများ ထွက်နေသည်။ မြို့၏ အဓိကရ အဆောက်အဦများကို မှုန်ဝါးစွာ မြင်ရသည်။ တောင်ထိပ်ပေါ်သို့ ညဉ့်အိပ်သွားမည့် အကြောင်းကို မိတ်ဆွေ နှစ်ဦး သုံးဦးအား သူ ပြောဖြစ်ခဲ့သည်။ ယခုလောက်ဆို လူတော်တော်များများပင် သိကြရော့မည်။ အစက မည်သူ့ကိုမျှ မပြောဘဲ ထွက်ခဲ့ဖို့ စိတ်ကူးသေးသည်။ သို့ရာတွင် လျှို့ဝှက်လောက်သည့် ကိစ္စ မဟုတ်ဟု ယုံကြည်၍ သူ ပြောမိခဲ့ခြင်း ဖြစ်သည်။ တမင် ပြောခဲ့ခြင်းပင် မဟုတ်။ လက်ဖက်ရည်ဆိုင်တွင် စကားစပ်မိ၍ ပြောခဲ့ခြင်း ဖြစ်သည်။ လက်ဖက်ရည်ဖိုး ပိုက်ဆံရှင်းဖို့ အလုအယက် ဖြစ်နေချိန်တွင် “မနက်ဖန် ကျွန်တော့် မွေးနေ့ပဲဗျို့၊ အဲဒီအတွက် ကျုပ် ပြုစု ပါရစေဗျာ” ဟုဆိုမှ အားလုံး လက်ရှောင်သွား ကြတော့သည်။ မနက်ဖန်တွင် သူ့မွေးနေ့ ဖြစ်ကြောင်း၊ ဤမြို့ပေါ်၌ ရှိလိမ့်မည် မဟုတ်ဘဲ ခရီးထွက်မည် ဖြစ်ကြောင်း၊ သူ့ခရီးမှာ အခြားမဟုတ် တောင်ထိပ်ပေါ်သို့ ညဉ့်အိပ်သွားမည် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

“မွေးနေ့ အထိမ်းအမှတ်နဲ့ တောင်ပေါ်သွား အရက်သောက်မယ် ဆိုပါတော့၊ ကြယ်တာရာတွေနဲ့ ပိုနီးပြီး ဆွဲအား ပိုပြင်းတော့ ပိုမူးတာပေါ့ဗျာ၊ မရဘူးဗျို့ ... ကျုပ်တို့လဲ လိုက်သောက်ရမယ်”

ထိုမိတ်ဆွေများအား မနက်ဖန်အတွက် အရက်ဖိုး ပေးခဲ့သည်။ သူသည် မိတ်ဆွေများနှင့် အရက်သောက်ရခြင်းကို ပျော်ပါသည်။ သို့ရာတွင် သူ့မွေးနေ့၌ အရက်သောက်ခြင်းထက် အဓိပ္ပါယ် ရှိစေချင်သည်။ အရက်သောက်ဖြစ်စေဦး၊ အရက်သောက်ခြင်းထက် ပို၍ အဓိပ္ပါယ် ရှိနေစေလိုသည်။

အမောအပန်းဖြေရင်း နားနေစဉ်၌ လည်းကောင်း၊ တောင်ပေါ်သို့ တက်နေစဉ်၌ လည်းကောင်း သူသည် သူ့မွေးနေ့ အကြောင်းကို တွေးမိခဲ့သည်။ တစ်လှမ်းပြီး တစ်လှမ်း ကျောက်တုံးများ ပေါ်သို့ တက်နင်းလာချိန်တွင် သူ့အာရုံကြောများ အားလုံး ကြည်လင်သန့်ရှင်းနေသည်။ တက်ကြွ ရွှင်လန်းလွန်းခြင်းမျိုးလည်း မဟုတ်၊ လေးလံ ထိုင်းမှိုင်းမှုလည်း မ၇ှိခဲ့။ လေးနက်ခိုင်မာသော အတွေးများဖြင့် သူ့မွေးနေ့အား စိတ်အာရုံ တစ်ခုတည်းတွင် မြှုပ်နှံပြီး ကြည်လင်စွာ ခံစားနေရခြင်းမျိုး ဖြစ်သည်။

လူတစ်ယောက်အတွက် သူ့အား မွေးဖွားခဲ့သော နေ့အကြောင်း ပြန်တွေးရသည်မှာ မျက်မမြင် တစ်ယောက် သူကိုယ်တိုင် လျှောက်ခဲ့သော လမ်းအကြောင်း ပြန်တွေးရသည်နှင့် တူပေလိမ့်မည်။ သူသည် လူတော်တော်များများအား ထိုနေ့ကို အကြိမ်များစွာ ရွတ်ပြခဲ့ရဖူးသည်ကို အမှတ်ရပြီး ပြုံးမိသည်။ ထိုသို့ သူ့မွေးနေ့ကို ရွတ်ပြရာတွင် တာဝန်အရ ပြောပြရသည်များ၊ လူမှုရေးအရ ပြောပြရသည်များ ရှိခဲ့သည်။ ဤသို့ဖြင့် သူ့ဘဝ တစ်လျှောက်လုံးတွင် ထိုနေ့မှာ အရေးကြီးသော နေ့တစ်နေ့ ဖြစ်ခဲ့ရသည်။ သို့ရာတွင် သူ့အသက်ကို အမြဲတမ်း အမှန်အတိုင်း ပြောပြခဲ့သည်ကား မဟုတ်။ ကျောင်းဝင်စဉ်၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ပြုလုပ်စဉ်နှင့် အလုပ် ဝတ္တရားအရ ပြောပြရစဉ် အခါများမှာသာ အမှန်အတိုင်း ပြောခဲ့ခြင်း ဖြစ်၍ များသောအားဖြင့် သူ့အသက်ကို လျှော့ပြောခဲ့သည်သာ ဖြစ်သည်။ သူ မညာဘဲ အမှန်အတိုင်း ပြောရသူများမှာ ဗေဒင်ဆရာများသာ ဖြစ်သည်။ ဗေဒင်ဆရာများကိုတော့ အမြဲတမ်းပင် အမှန်အတိုင်း ပြောခဲ့ရသည်။ သူတို့ဘက်က မှန်အောင် ဟောသည်ဖြစ်စေ၊ မဟောသည် ဖြစ်စေ၊ သူ့ဘက်က မှန်အောင် ပြောရမည်သာ ဖြစ်သည်ဟု သူ ယုံကြည်သည်။

ယခု သူ့အသက် သုံးဆယ် ပြည့်ခဲ့ပြီ။ စာအုပ် အနည်းငယ်ကို ဖတ်ရှုပြီးခြင်းမှ တစ်ပါး များများစားစား သင်ကြား တတ်မြောက်ပြီ:သား သိပ်မရှိလှ။ သူ့အဖေက သူ့အား ဘုန်းကြီးတစ်ပါး ဖြစ်စေချင်ခဲ့သည်။ သူကိုယ်တိုင်မှာမူ မည်သည့် ရည်ရွယ်ချက်မျှ ပြင်းပြင်းထန်ထန် မရှိခဲ့။ အလိုအလျောက်ပင် သူ့ ငယ်ဘဝများကို ကျော်လွန်လာစေခဲ့သည်။ လူကြီး တစ်ယောက်အတွက် ကလေးဘဝများသည် အမှတ်တမဲ့ စွန့်ပစ်ခဲ့ရာ အချိန်ကာလ၏ သင်္ချိုင်းများသာ ဖြစ်သည်။ ထိုသို့ဖြင့်ပင် လူတိုင်း လူတိုင်းသည် သူတို့ ကိုယ်တိုင်၏ မွေးနေ့များမှ ပို၍ ဝေးသော နေ့များဆီသို့ တရွေ့ရွေ့ လှမ်းနေကြရသူများ ဖြစ်သည်။ လူအားလုံးပင် သူတို့အား မွေးဖွားပေးခဲ့သော ထိုနေ့များဆီ ဘယ်တော့မှ ပြန်မရောက်နိုင်ခြင်းမှာ ကြေကွဲစရာ ကောင်းလှချည်ဟု သူတွေးနေမိသည်။

သူ့အား လူ့လောကထဲသို့ ပု့ဆောင်ပေးခဲ့သော မွေးနေ့မှာ ရှည်လျား ဝေးကွာလွန်းသော အတိတ်တစ်ခု မဟုတ်သော်လည်း မှုန်ဝါးလွန်းလှသည်။ သူကိုယ်တိုင် ဘာဆို ဘာမျှ မမြင်နိုင်။ ဆီးနှင်း အထပ်ထပ် ဖုံးလွှမ်းနေသော တောင်တန်းများ၏ အခြားတစ်ဖက်တွင် ရှိသော မြင်ကွင်းတစ်ခုကို မှန်းဆ ကြည့်ရသည်နျင့် တူလှပေသည်။ တမလွန် ဘဝတစ်ခု မဟုတ်သော်လည်း ထိုအရာနှင့် ထိစပ်နေသော နှုတ်ခမ်းသား တစ်ခုသာ ဖြစ်တော့သည်။

ယနေ့ ဇွန်လ နှစ်ဆယ့် ငါးရက်။ လွန်ခဲ့သော အနှစ်သုံးဆယ်က ဇွန်လ နှစ်ဆယ့်ငါးရက်တွင် မိုးသားတို့ အုံ့ဆိုင်း မနေခဲ့လျှင် အပူသည် တလှပ်လှပ် ခုန်ကြွ၍ လှိုင်းထ နေပေလိမ့်မည်။ ယခု ရောက်ရှိနေသော တောင်ပေါ်မှ မိုင်ပေါင်း တစ်ရာ့ငါးဆယ့်သုံးမိုင် ဝေးသော ကျေးတော လယ်ကွင်းပြင်အနီး တဲခေါင်မိုးပေါ်တွင် နေရောင်ခြည် လုံးဝ မမြင်ရသော နေ့တစ်နေ့ ဖြစ်ကောင်းဖြစ်မည်။ မိုးစက်များ တဖွဲဖွဲ ရွာချနေသော နေ့တစ်နေ့ ဖြစ်ကောင်းဖြစ်မည်။ ငှက်များ ကာင်းကင်တွင် ပျံသန်းနေလိမ့်မည်။ စာကလေး တစ်ကောင်သည် တံခါးဝ၌ လာနားပြီး လှစ်ခနဲ ပျံပြေးသွားလိမ့်မည်။ ထို စာသူငယ်သည် ယခု ရှိနိုင်တော့မည် မဟုတ်။ သတင်းစာများတွင် အရေးကြီးသော ကမ္ဘာ့သတင်း တစ်ခုခုကို တွေ့ရှိနိုင်ပေလိမ့်မည်။ လူ့လောကထဲသို့ ပထမဆုံး ရောက်လာခဲ့သော ထိုနေ့က သူငိုခဲ့သည့် အကြောင်းကို မည်သူကမျှ သူ့အား မပြောပြခဲ့။ သို့ရာတွင် အမှန်တကယ်ပင် သူငိုခဲ့မည်မှာ သေချာပေသည်ဟု သူ တွေးမိသည်။

သူ့ခြေထောက်များ၊ သူ့လက်များ၊ သူ့အတွေးများကို အသုံးပြုလျက် တက်ခဲ့ရာ နှစ်နာရီ လေးဆယ့်ငါးမိနစ်တွင် တောင်ထိပ်သို့ သူ ရောက်ခဲ့သည်။ ကောင်းစွာ အနားယူနိုင်သော နေရာတစ်ခုကို သူ ရွေးသည်။ အိပ်ရန် နေရာတစ်ခုကိုပါ ရှင်းလင်းပြီးနောက် စီးကရက် သောက်သည်။ အရက် နှစ်ပုလင်း ယူလာခဲ့သော်လည်း သောက်ချင်စိတ် မရှိ၍ မသောက်။ အစကပင် အရက်သောက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သောက်ချင်စိတ် ရှိခဲ့လျှင် သောက်နိုင်ရန် ယူလာခဲ့ခြင်းသာ ဖြစ်သည်။ ငါးနာရီ တိတိတွင် ညစာ စားလိုက်သည်။ ပေါင်မုန့်ငါးလုံးကို ရအောင် ဝယ်ခဲ့ခြင်းအတွက် အဆင်ပြေလှသည်။ ထောပတ်ဘူး ပါသော်လည်း ငါးသေတ္တာဘူးကိုသာ ဖောက်၍ အချဉ်ရည်နှင့် တို့စားခဲ့သည်။ အရက် နှစ်ပုလင်းမှာ အနားတွင် ထောင်လျက် ရှိသည်။ သောက်ချင်စိတ် မရှိ၍ မသောက်။ သောက်ချင်စိတ် ရှိလာလျှင် သောက်မည်။ သောက်ချင်စိတ် ရှိလာမည်လားဟု အရက် နှစ်ပုလင်းကို စောင့်ကြည့်မိသေးသည်။ သို့ရာတွင် သောက်ချင်စိတ်က ရှိမလာ။ ထို့ကြောင့် သူ မသောက်။ ညဉ့်နက်ပိုင်းကျမှ ကော်ဖီခါးတစ်ခွက် ဖျော်၍ ပေါင်မုန့် ထောပတ် သုတ်စားမည်ဟု စိတ်ကူးထားသည်။

သူ ညစာ စားနေစဉ်မှာပင် မြို့ဘက်မှ မီးရောင်များ စ၍ လင်းလာသည်။ ညစာ စားပြီးသောအခါ ဖယောင်းတိုင်ကို ထွန်း၍ တောင်ထိပ်တွင်ရှိသည့် စေတီငယ်အား မီးပူဇော်သည်။ ထို့နောက် တစ်နာရီတိတိ ဘုရားဝတ်ပြုသည်။

ကောင်းကင်တွင် ကြယ်များ လင်းလက်နေသည်။ တောင်၏ တစ်ဘက်တွင် မြို့မှ အလင်းရောင်ကို မြင်ရသည်။ အခြားတစ်ဘက်တွင်ကား လုံးဝမည်းမှောင်နေသည်။ အိပ်ရန် ပြင်ထားသော ဂူဝနှင့် သိပ်မဝေးသည့် ကျောက်တုံး တစ်တုံးမှာ မြို့ဘက်သို့ ကြည့်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။ လက်နှိပ်ဓာတ်မီးတစ်လက် ပါသော်လည်း တတ်နိုင်သမျှ အသုံးမပြုမိအောင် ကြိုးစားသည်။ သူ့ ပတ်ဝန်းကျင်တွင် လုံးဝ မည်းမှောင်နေသည်။ အမှောင်ထဲတွင် ကြာနိုင်သမျှ ကြာကြာနေချင်သည်။ အတွေးအားလုံးကို အဝေးဆုံး တစ်နေရာထိ ပစ်လွှတ်ပြီး တိတ်ဆိတ်သော အမှောင်ထုထဲတွင် အကြာကြီး ထိုင်နေချင်သည်။ ဤသည်ပင် သူ့မွေးနေ့အတွက် သူရရှိခံစားလိုသော ဆန္ဒဖြစ်သည်။ ဆိတ်ငြိမ်မှုကြောင့် ကြည်လင်ချမ်းမြေ့သော ဘဝအရသာကို သူခံစားနေရသည်။ မြို့ထဲဘက်သို့ မပြန်ဘဲ ဤတောင်ပေါ်၌ တစ်သက်လုံး နေသွားရလျှင် ကောင်းမည်လားဟုပင် သူ တွေးမိသည်။ သို့ရာတွင် မဖြစ်နိုင်ကြောင်း သူ သိသည်။ ဤမြို့တွင် သူ့မိတ်ဆွေများ ရှိသည်။ ပျော်ရွှင်စရာ ပွဲလမ်းသဘင်တွေ ရှိသည်။ ရုပ်ရှင်ရုံများ၊ ဈေးများ ရှိသည်။ သူ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာလည်း ဤမြို့တွင်း၌သာ ဖြစ်သည်။ ဤမြို့သည် သူ့ဘဝ တစ်ခုလုံး ဖြစ်၍ တောင်ထိပ်ပေါ်မှ အမှောင်ဖုံးလွှမ်းထားသော ဤကျောက်တုံးမှာ တစ်ဘဝလုံး၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ အမှန်တကယ်ပင် ဤမြို့နှင့် ဤမြို့မှလူများကို သူချစ်သည်သာ ဖြစ်သည်။ သူသည် ဘဝကို ပင်ပန်းငြီးငွေ့နေသူ မဟုတ်။ လူတွေမှာပင် သူ နေချင်သည်။ လူတွေထဲမှာပင် သူ သေချင်သည်။ ဤတောင်ထိပ်သို့ သူ ထွက်လာခြင်းမှာ ဘဝတစ်ခုလုံးအတွက် ထွက်ပေါက်ရှာခဲ့ခြင်း မဟုတ်။ သူ့မွေးနေ့ကို ထိုက်ထိုက်တန်တန် အသိအမှတ်ပြုရန်သာ ဖြစ်သည်။ တစ်ဘဝလုံးထဲမှ အစိတ်အပိုင်း တစ်ခုကို ရှာကြံရန်သာ ဖြစ်သည်။

မြို့ထဲမှ သူ့မိတ်ဆွေများအကြောင်း တွေးမိသောအခါ တစ်ချိန်တုန်းက မိတ်ဆွေ တစ်ယောက်၏ မွေးနေ့တွင် အရက်သောက်ခဲ့ကြသည့် အကြောင်း အမှတ်ရမိသည်။ ထိုအချိန်က သူတို့အားလုံး အမှန်တကယ်ပင် ပျော်ရွှင်ခဲ့ကြသည်။ အားလုံး မူးနေကြသော်လည်း ဆူညံရမ်းကားခြင်း မပြုဘဲ မွေးနေ့ပွဲကလေးကို အောင်မြင်စွာ ပြီးဆုံးစေခဲ့သည်။ စားပွဲထိုးများအား ချေငံစွာ ပြောဆိုဆက်ဆံ နိုင်ခဲ့ကြသည်။ အခြားစားပွဲမှ လူများ အနှောက်အယှက် ဖြစ်လောက်အောင် ဆူညံစွာ အော်ဟစ်ပြောဆိုခြင်းမျိုးကို ရှောင်ကြဉ်နိုင်ခဲ့ကြသည်။ မွေးနေ့ရှင်ဖြစ်သော သူငယ်ချင်းကို အားနာ၍ တမင်စောင့်စည်းနေခြင်းမျိုး မဟုတ်ဘဲ အားလုံး၏ ရင်ထဲ ကြည်နူးမှုကလေးများ ပြိုကွဲ ပျက်စီးသွားမည်ကို အားနာခဲ့ခြင်းသာ ဖြစ်သည်။ ငွေသိမ်းကောင်တာမှ ဆွဲဆောင်မှု ပြည့်ဝသော မိန်းကလေး၏ လိုက်လျောမှုကို ငြင်းဆန်နိုင်ခဲ့ကြသည်။ မူးမနေသော အချိန်မျိုးတွင် ထိုကဲ့သို့ လိုက်လျောသော မိန်းကလေးမျိုးဆို အနည်းဆုံး လက်ကလေးဖြစ်ဖြစ် ဆွဲနမ်းပစ်လိုက်မိမည်။ ထိုအချိန်က သာမန်ထက် ထူးခြားစွာ အမူးရည် ဖောက်နေသော ကာလမျိုးဖြစ်၍ အထူး စောင့်စည်းခဲ့ရခြင်း ဖြစ်သည်။

သူတို့သည် လွယ်ကူပေါ့ပါးသော အကြောင်းအရာတို့ဖြင့် တစ်ဦးဦးအား ပစ်မှတ်ထားပြီး ရယ်စရာ စကားဝိုင်းတစ်ခုအဖြစ် ဖန်တီး ပြောဆိုခဲ့ကြသည်။ သူတို့အားလုံး ဖတ်ပြီးသော စာအုပ်အချို့မှ အစွန်းအစတို့ကို ဆွဲထုတ်၍ ထိုအချက်ဖြင့် တစ်ဦးဦးအား ချည်နှောင်ပြီး ရယ်စရာ ပြုလုပ်ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့ထဲမှ တစ်ဦးဦးသည် ရောင်းအကောင်းဆုံး စာအုပ်များမှ ရယ်စရာကောင်းသော ဇာတ်လိုက်များအဖြစ် လည်းကောင်း၊ ယုတ္တိရှိမှုကို အပန်းတကြီး ပြုလုပ်ထားသော စာအုပ်များမှ ထုံထိုင်း အ,နနေသော ဇာတ်ကောင်များအဖြစ် လည်းကောင်း သူ့ကိုယ်သူ သရုပ်ဆောင် ပြရတော့သည်။ ဤသို့ဖြင့် ထိုမိတ်ဆွေ၏ မွေးနေ့ပွဲကလေးမှာ ပျော်စရာ ကောင်းခဲ့သည်။

သူသည် မြို့ဘက်သို့ မျှော်ကြည့်နေရာမှ ကျောက်တုံးပေါ် ပက်လက်လှန် အိပ်လိုက်သည်။ ကောင်းကင်တွင် စောစောကထက်ပို၍ ကြယ်တွေ များနေသည်။ အများကြီး ဖြစ်သည်။ ကြယ်များကို လိုက်၍ ရေတွက် နေမိသည်။ ကြယ်ဆိုတာ မရေကောင်းဘူး၊ အူပြတ်တတ်တယ်ဟူသော သူငယ်ငယ်က အမေ့ပြောစကားကို အမှတ်ရမိသည်။ ထိုကြယ်များသည် ဤကမ္ဘာကြီးထက် အဆများစွာကြီး၍ အနီးဆုံးကြယ်သည်ပင် မိုင်ပေါင်း သန်းနှစ်ဆယ် ဝေးသည်ဟု ဆိုသည်။ သူသည် ဗုဒ္ဓဝါဒအရ လည်းကောင်း၊ သိပ္ပံပညာအရ လည်းကောင်း၊ ဤစကြာဝဠာကြီး အကြောင်းကို စကားလုံး အဖြစ်ပင် ပြည့်ပြည့်စုံစုံ ကြားဖူးသူ မဟုတ်သဖြင့် နက်နဲစွာ တွေးတောနိုင်စွမ်း မရှိပေ။ သို့ရာတွင် အမှောင်ထဲ၌ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော ကြယ်များကိုကြည့်၍ အံ့ဩမဆုံး ဖြစ်နေမိသည်။ တောင်ထိပ်က ကျောက်တုံးတစ်တုံးပေါ်တွင် အိပ်နေသော သူ့အား အခြားကမ္ဘာမှ ဂြိုဟ်သားတစ်ဦးဦးက မြင်တွေ့နေရမည်လားဟု မလုံမလဲ ဖြစ်နေမိသည်။

ကောင်းကင်တွင် လှည့်ပတ်သွားလာနေသည့် နက္ခတ်တာရာများက လူသားတို့၏ ကံကြမ္မာကို ဖန်တီးနိုင်သည်ဟု ဆိုကြသည်။ ထိုသို့ဖြစ်လျှင် သူ့မွေးနေ့၌ မည်သည့် နက္ခတ်တာရာများနှင့် ယှဉ်ခဲ့သည်။ ဘယ်နေ့သေမည်၊ ဘယ်အချိန် ကြီးပွါးချမ်းသာမည် စသည်တို့ကို သိပ်စိတ်မဝင်စားလှ သော်လည်း ထိုနက္ခတ်တာရာတို့က လူတစ်ယောက်၏ စိတ်ဓာတ်ရေးရာ အခြေအနေကို ပြုပြင်ဖန်တီးနိုင်သည် ဆိုသော အချက်ကို သူ စိတ်ဝင်စားမိသည်။ ဗေဒင်ပညာရှင်များသည် လူတစ်ယောက်၏ ကံကြမ္မာ ထိုလူ၏ စိတ်အခြေအနေတို့ကို စကြာဝဠာအတွင်းရှိ အခြားဂြိုဟ်၊ နက္ခတ်တာရာများဖြင့် တွက်ချက်တတ်ကြသည်။ သူ ကိုယ်တိုင် မည်သို့မျှ ပြုပြင်ဖန်တီး မရနိုင်သော အခြားကမ္ဘာမှ အရာဝတ္ထု တစ်ခုခုနှင့် သူ့မွေးနေ့တွင် မတော်တဆ တိုက်ဆိုင်ခဲ့မှုကြောင့် ထိုသူသည် လူသတ်သမားတစ်ယောက် မတော်တဆ ဖြစ်သွားနိုင်သည်။ အရူးတစ်ယောက် ဖြစ်သွားနိုင်သည်ဟု ဆိုလျှင် လူတစ်ယောက်အတွက် ထို့ထက် ကြေကွဲစရာကောင်းသော အဖြစ် မရှိနိုင်တော့ပြီ။

တောင်ထိပ်ပေါ်တွင် အအေးဓာတ်များ ဝင်ရောက်လာသည်။ သူ့မျက်လုံးထဲတွင် ကြယ်များ တဖြည်းဖြည်း သေး၍ သေး၍ သွားကြသည်။ မကြာမီပင် ကြယ်များအားလုံး သူ့မြင်ကွင်းမှ ပျောက်ကွယ် သွားကြတော့မည်လားဟု ဝမ်းနည်းစွာ တွေးနေမိသည်။ သူ့စိတ်အလျဉ်ထဲတွင် လွန်ခဲ့သည့် အနှစ်သုံးဆယ်က မွေးနေ့ဆီသို့ ရောက်နေပြန်သည်။ သူနှင့် အခြားစကြာဝဠာမှ အရာဝတ္ထု တစ်ခုခုတို့ ထိုနေ့က မည်သို့ တိုက်ဆိုင်ခဲ့မည်နည်း။ မည်သို့ပင် ဖြစ်စေ သူသည် ဤကမ္ဘာလောက၌ အနှစ်သုံးဆယ်တိတိ ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ထိုအနှစ်သုံးဆယ်သည် သူ့ဘဝအစနှင့် မျက်မှောက်ကာလ၏ အတိုင်းအတာတစ်ခု ဖြစ်သည်။ သူ့အား မွေးဖွားခဲ့သော ထိုရက်မှ တဖြည်းဖြည်း ရွေ့လျားလာခဲ့သော အကွာအဝေးတစ်ခု ဖြစ်သည်။ အချိန်နာရီများ၊ ပြက္ခဒိန်များ၊ ရက်၊ လများသည် ထိုနေ့နှင့် ဝေးရာသို့ တဖြည်းဖြည်း ဦးတည်၍ သွားနေကြပေလိမ့်မည်။

ဤကမ္ဘာမြေပြင်တွင် သူ့အား မွေးဖွားခဲ့သည်။ သူ တကယ် ရှိနေသည်။ သို့ရာတွင် ရှိနေခဲ့လိမ့်မည်ဟု ပြောရန်ကား ခက်ခဲလှပေသည်။ အနှစ်သုံးဆယ်မြောက် မွေးနေ့အဖြစ် ဤတောင်ထိပ်သို့ ယနေ့ သူ တက်ရောက်နိုင်ခဲ့သည်။ နောက်လာမည့် အနှစ်သုံးဆယ်တွင် အနှစ်ခြောက်ဆယ်မြောက် မွေးနေ့အဖြစ် ဤတောင်ထိပ်သို့ နောက်တစ်ကြိမ် သူတက်နိုင်လိမ့်ဦးမည်လား။ ထိုအချိန်တွင် လူ့ဘဝ၌ သူရှိချင်မှ ရှိတော့မည်။ ရှိစေဦး၊ အနှစ်ရှစ်ဆယ် အနှစ်တစ်ရာထိ ရှိစေဦး၊ သူသည် တစ်နေ့နေ့တွင် လူ့ဘဝမှ ကွယ်ပျောက်သွားမည်သာ ဖြစ်သည်။

သူကိုယ်တိုင် မရှိတော့သည့် ဤကမ္ဘာတွင် သူဆိုတာ မည်မျှ ရှိနေနိုင်ဦးမည်နည်း။ သူမွေးဖွားခဲ့သော သား သမီးများ၊ ထို သား သမီးများမှ မွေးဖွားလာသော သား သမီးများ စသည်ဖြင့် သူ့မျိုးဆက် သုံးလေးဆက်ထိ သူ့အမည်သည် ရှိကောင်း ရှိနေပေလိမ့်မည်။ နှစ်သက်တမ်းအားဖြင့် အလွန်ဆုံး တစ်ရာကျော်၊ ထိုအချိန်များမှ တဖြည်းဖြည်း ဝေးကွာလာသော ကာလများတွင် သူ့အမည်၊ သူမွေးဖွားခဲ့သည့် သက္ကရာဇ်၊ သူနှင့် ပတ်သက်ခဲ့သမျှ အရာအားလုံး တဖြည်းဖြည်း ပျောက်ကွယ်သွားကြမည်သာ ဖြစ်သည်။ သူသည်ပင် သူ့အဖိုးကို အမည်သိရုံမျှ သိခဲ့၍ တစ်ခါမျှ မမြင်ဖူးခဲ့။ သူ လူ့ဘဝသို့ မရောက်မီပင် သူ့အဖိုးသည် လူ့လောကမှ ထွက်ခွါသွားခဲ့ပြီ။ သူ့ဘဝ သက်တမ်းတလျှောက်၌ သူ့အဖိုး အမည်ကို သတိရသော အချိန်ဟူ၍ မရှိသလောက်ပင် ဖြစ်ခဲ့သည်။ သူ့ သား သမီးတို့ခေတ်၌ ဤကမ္ဘာမြေကြီးပေါ် သူ့အဖိုး ရှိခဲ့ဖူးသည့် အဖြစ်ကို မည်သူမျှ သိကြတော့မည် မဟုတ်ပေ။

သူသည် သာမန်လူတစ်ယောက် မဟုတ်ဘဲ အများကောင်းကျိုး ဆောင်ရွက်ခဲ့သူ၊ သူ့တိုင်းပြည်အတွက် အသက်စွန့်ခဲ့သူ၊ လူသား ကောင်းကျိုးအတွက် တစ်စုံတစ်ခုအား တီထွင်ခဲ့သူ၊ နက်ရှိုင်းသော ဘဝအသိကျု ပေးသည့် ဂန္ထဝင်စာပေလက်ရာ တစ်ခုခုကို ပြုစုရေးသားခဲ့သူ စသည်ဖြင့် တစ်ဦးဦး ဖြစ်ခဲ့လျှင်ကား သူ့အမည်၊ သူ့အား မွေးဖွားခဲ့သော ခုနှစ် သက္ကရာဇ်တို့အား နှစ်ပေါင်းများစွာထိ ဆက်လက် သယ်ဆောင်သွားကြ ပေလိမ့်မည်။ သို့ရာတွင် နောက်ဆုံး၌ မေ့ပစ်လိုက်ကြမည်သာ ဖြစ်သည်။

ထိုအဖြစ်များဖြင့် ရစ်ပတ်၍ လူသားမျိုးဆက်ကို ထူထောင်ခဲ့သည်။ ဤကမ္ဘာမြေကြီး၏ လမ်းမများပေါ်တွင် သူ အမှန်တကယ် လျှောက်ခဲ့သည်။ ခေတ်ပြိုင်များ၏ ဘဝကို သူ့နှလုံးသားဖြင့် ခံစားနိုင်ခဲ့သည်။ တရားဓမ္မတို့၌ သင့်တင့်စွာ နှလုံးသွင်းနိုင်ခဲ့သည်။ သူ တကယ်ရှိသည်၊ အမှန်ပင် ရှိခဲ့သည်။ သို့ရာတွင် နောင်လာမည့် နှစ်သန်းပေါင်းများစွာ၌ ထိုအရာအားလုံးကို မည်သူ သိနိုင်တော့မည်နည်း။ ဤကမ္ဘာမြေကြီးပေါ် သူရှိခဲ့ဖူးခြင်းအကြောင်းကို မည်သူ သိနိုင်တော့မည်နည်း။ အနှစ်သုံးဆယ်မြောက် မွေးနေ့အဖြစ် မှောင်မည်းသော ညတစ်ည၌ တောင်ထိပ်က ကျောက်တုံးတစ်တုံးပေါ်မှာ သူ အိပ်ခဲ့ဖူးခြင်းအကြောင်းကို မည်သူ သိနိုင်တော့မည်နည်း။

အရာအားလုံးမှာ နောက်ဆုံးတွင် အမေ့ခံကြရမည်သာ ဖြစ်သည်။ တောင်ထိပ်ပေါ်မှ လျောကျလာခဲ့သော ကျောက်တုံးတစ်တုံးသည် နောက်ဆုံးတွင် သဲပွင့်တစ်ပွင့်အဖြစ် ရေလွှာထု၏အောက် သမုဒ္ဒရာ ကြမ်းပြင်အထိ ကျရောက်သွားပေလိမ့်မည်။ ထိုသဲပွင့်ပေါ်သို့ အခြားသဲပွ၍့်များက တဖြည်းဖြည်း ဖိ၍ ဖိ၍ သွားဖြင်းဖြင့် ထိုသဲပွင့်မှာ အလှမ်းဝေးကွာလွန်းသော နက်ရှိုင်းမှုထဲသို့ ကျရောက်သွားမည်သာ ဖြစ်သည်။ ထိုအတိုင်းပင် ဤကမ္ဘာမြေကြီးပေါ် သူ ရှိခဲ့ဖူးခြင်းနှင့် သူ့အား မွေးဖွားခဲ့သော သူ့မွေးနေ့တို့မှာ တရစ်ရစ် တက်လာသော ခုနှစ် သက္ကရာဇ်တို့ အောက်တွင် တူးဖော် မရနိုင်အောင် တဖြည်းဖြည်း နစ်မြုပ်သွားပေလိမ့်မည်။ ဗုဒ္ဓမြတ်စွာ၏ ဥပမာစကားဖြင့် ပြောရလျှင် ဂင်္ဂါဝါဠုတို့၌ရှိသော သဲပွင့်တို့ထက်မက အရေအတွက် များပြားလှသော ခုနှစ် သက္ကရာဇ်များထဲမှ တစ်စုံတစ်ခုသော နေ့တစ်နေ့မှာ သူနှင့် သက်ဆိုင်ဖူးကြောင်း မည်သူ တွေးတောနိုင်တော့မည်နည်း။

“ငါ့ကို မွေးဖွားခဲ့တယ်၊ ငါ ရှိခဲ့ဖူးတယ်။ တစ်ထောင်ကိုးရာ ငါးဆယ့်တစ်၊ ဇွန်လ နှစ်ဆယ့်ငါးရက်၊ အဲဒါဟာ ငါ့မွေးနေ့ပဲဟေ့ ...”

တိတ်ဆိတ်နေသော အမှောင်ထုထဲတွင် သူ့အသံသည် တောင်တန်းများ၊ လယ်ကွင်းများအား ဖြတ်သန်း၍ အခြားသော စကြာဝဠာတစ်ခု၏ ကမ်းစပ်သို့ ရိုက်ခတ်သွားသည်ဟု သူ ထင်လိုက်မိသည်။ အမှန်စင်စစ် သူ့အသံသည် သူ့ရင်ထဲမှ ခုန်တက်၍ လည်ချောင်းတွင် တစ်ဆို့ပြီး အပြင်သို့ လုံးဝ တိုးထွက် မလာဘဲ သူ့ နှလုံးအိမ်ထဲ၌သာ ကျယ်လောင်စွာ မြည်ဟီးနေခြင်း ဖြစ်သည်။

တောင်ထိပ်ပေါ်တွင် လုံးဝ မှောင်မည်းနေသည်။

သူ ရှိနေသည့် အဖြစ်ကို သူကိုယ်တိုင်ပင် မသိနိုင်လောက်အောင် တိတ်ဆိတ်မှောင်မည်း နေသည်။

---------
ပိုင်စိုးဝေ
မြန်​မာpageမှ ကူးယူ​ဖော်​ပြသည်

No comments:

Post a Comment