Apr 9, 2017

မေတ္တာမိုးလို့ လုံတဲ့အိမ်

၂၀၁၇ ​ဖေ​ဖော်​ဝါရီလထုတ်​ တက္ကသိုလ်​ရဟန်းပျိုမဂ္ဂဇင်း

မေတ္တာမိုးလို့ လုံတဲ့အိမ်​ (ဝတ္ထုတို)
(၁)
     ဘဝမှာ ခံနိုင်ရည်တွေ ညောင်းညာကိုက်ခဲလွန်းတော့လည်း ထွက်ပေါက်တစ်ခုရဲ့အဝမှာ လွတ်လွတ်လပ်လပ် ရပ်ကြည့်ချင်မိတယ်။လုံးလုံးလျားလျား ပြေးထွက်သွားမယ်လို့တော့ စိတ်မကူးမိသေး။အဲဒီမှာ လေညှင်းလေးတွေ တစ်ဝကြီးရှူမယ်။ အကြည့်တွေကို တောင်ပံတပ်ပြီး ရှုခင်းတွေထဲ ပျံသန်းခွင့်ပြုမယ်။ ပျော်ရွှင်ခြင်းရနံ့တွေထဲ သတိလက်လွတ် မိန်းမောပစ်လိုက်မယ်။ အဲ့ဒီအရပ်မှာ စိတ်ကျေနပ်အောင် ရပ်ကြည့်ပြီးမှ နောက်ပြန်လှည့်ချင် လှည့်မယ်။ဒါမှမဟုတ် အဆုံးစွန်ထိ လွင့်မျောချင် လွင့်မျောသွားလိုက်မယ်။

      အခု ထွက်ပေါက်အဝမှာ ကျွန်မရောက်နေပြီ။လူးလွန့်ခံစားနေပြီ။ ပြန်လှည့်ဝင်မလား။ ရှေ့ဆက်တိုးမလား။ ကျွန်မ....ကျွန်မ.......။

(၂)

"မီးငယ်ရေ ဒီသတင်းစာထဲမှာ အလုပ်ခေါ်စာပါတယ်။ မြန်မြန်လာကြည့်"

     မီးငယ်က အပြေးအလွှားသွားပြီး မေမေ့လက်ထဲက သတင်းစာကို ကပျာကယာ ယူကြည့်တယ်။

"ဟာ မေမေကလည်း စားပွဲထိုး အလိုရှိသည်တဲ့။ သမီးအဆင့်နဲ့ ဒီအလုပ်မျိုး လုပ်စရာလား။ ဘွဲ့ရတစ်ယောက်အနေနဲ့တော့ ဒါမျိုးကြီး
မလုပ်ချင်ပါဘူး"

"ဪ အင်းပါသမီးရယ်။ဒါဆိုလည်း ထပ်ရှာကြတာပေါ့"

      မေမေနဲ့မီးငယ်က သတင်းစာကို ဟိုလှန်ဒီလှန် လုပ်နေကြတုန်း။
ဖေဖေ တစ်ညလုံးထွေးထည့်ထားတဲ့ ထွေးခံခွက်ကို ဆေးကြောပြီး ဖေဖေ့အိပ်ရာဘေးမှာပြန်ထားနေတုန်း ကျွန်မအနားကို မီးငယ်ရောက်
လာတယ်။

"မမ....မီးငယ် ဒီနေ့ အင်တာဗျူးသွားဖြေဖို့ အဲဒါ စရိတ်ပေးဦး"

      ကျွန်မခေါင်းပေါ် ကျောက်တုံးကြီးတစ်တုံးပြုတ်ကျလာသလိုပါပဲ။
"ဟင် မီးငယ်။ ဟိုတစ်နေ့က သွားပြီးပြီလေ"

"အဲဒါက အလုပ်တစ်ခု မမရဲ့။ အလကားပါ ဂဂျီဂဂျောင်များလွန်းလို့။ ဒီနေ့က နောက်တစ်ခု"

        မီးငယ်ရဲ့ မျှော်လင့်ချက်အကြည့်တွေကိုမြင်တော့ လက်လေးလုံးစာလောက်ရှိတဲ့ ပိုက်ဆံအိတ်အသေးလေးကို ကျွန်မ ယောင်ရမ်းပြီး ဖိကိုင်ထားလိုက်မိတယ်။

      ဖေဖေက ဝင်လေကို ခပ်ကြမ်းကြမ်းရှူသွင်းလိုက်ရင်းနဲ့ ကျွန်မကို ငေးကြည့်နေတယ်။

     ဖေဖေ့မျက်ဝန်းထဲမှာရော ဘယ်လိုအဓိပ္ပါယ်တွေ ပါနေပါသလဲ။ အားနာရိပ်တွေလား။ သနား ရိပ်တွေလား။မီးငယ်ဘက်ကကူပြီး တောင်းပန်ရိပ်တွေလား။တစ်ခုခုတော့ ရှိနေတာ အသေအချာ။

     မီးငယ် ကျွန်မကိုပြောခဲ့ဖူးတယ်။

"မီးငယ် မြန်မြန်အလုပ်ရမှ မမလည်း
သက်သာမှာ" တဲ့လေ။

     ကျွန်မရဲ့ ပိုက်ဆံအိတ်သေးသေးလေးထဲ ကျစ်ကျစ်ပါအောင် လိပ်ထားတဲ့ထဲက ငါးထောင်တန်တစ်ရွက် ထုတ်ပေးလိုက်တော့
လက်ကျန် ငါးထောင်တန်တစ်ရွက်က အားငယ်စွာနဲ့ ပြန်ကြည့်နေသလိုပဲ။

"ဟာ..မမကလည်း လမ်းစရိတ်နဲ့ မုန့်စားမှာနဲ့
ဒီတစ်ရွက်တည်းဖြစ်မလား။ခြေဖော်လက်ဖော် ဟိုတစ်ရွက်ပါပေး"

ထောင်မြင်ရာစွန့်လို့ခေါ်မလား။ငါးထောင်တန်နှစ်ရွက်ကတော့ အလုပ်တစ်ခုရဖို့ စတေးပေဦးပေါ့။

      ကျွန်မ အလုပ်သွားရာ လမ်းတစ်လျှောက်လုံး မျက်လုံးထဲ မြင်ယောင်နေမိတာက လမ်းထိပ်အထည်ဆိုင်က ဝမ်းဆက်လှလှလေး။ကပ်ထားတဲ့ စက္ကူလေးပေါ်က တစ်သောင်းဆိုတဲ့ ကိန်းဂဏန်းငါးလုံးက ကျွန်မမျှော်လင့်ချက်တွေကို ခပ်ကြမ်းကြမ်း ပြန်တွန်းထုတ်နေသလိုပဲ။

  ခွင့်လွှတ်ပါ သူငယ်ချင်းရယ်။နင့်မင်္ဂလာဆောင်မှာလည်း အရင်ဝတ်နေကျအတိုင်း ထူးမခြားနားပေါ့။မပြောင်းသေးတဲ့ အဟောင်းလေးပဲဝတ်ရင်းအပေါစားပါဆယ်တစ်ထုပ်နဲ့ လာရောက်အသိအမှတ်ပြုပါဦးမယ်။

(၃)
      ကျွန်မရဲ့ လစာငွေထည့်ထားတဲ့ စာအိတ်ကလေးကလည်း အစဉ်အလာမပျက် အိမ်မရောက်ခင် ဖွင့်ဖောက်လို့ပေါ့။

     ဈေးထဲရောက်တာနဲ့ အကြွေးနဲ့ယူထားတဲ့ဆန်အိတ်ဖိုး၊ ကုန်ခြောက်ဆိုင်မှာယူထားတဲ့တစ်လလုံးစာ စာရင်းဇယား၊ နာတာရှည်ရောဂါသည် ဖေဖေ့အတွက် ဆေးဝါးအစုံအလင်၊ အိမ်
မှာမကပ်တာ ကြာပြီဖြစ်တဲ့ မီးငယ်အကြိုက်ဆိတ်သား၊မေမေ့အကြိုက် ပန်းသီး။အထူတစ်ဝက်လောက်လျော့သွားတဲ့ စာအိတ်လေးကိုကိုင်
လာရင်း ဒီလိုနေ့ရက် အိမ်ထဲမဝင်ပဲ ဖြတ်ကျော်သွားခွင့်မရှိတဲ့ ကျွန်မတို့မိသားစုငှါးနေတဲ့ အိမ်ပိုင်ရှင်ရဲ့အိမ်။ပေးစရာရှိတာ ပေးရသေးတာပေါ့။ပြီးမှ အိမ်ဆက်ပြန်။

"ဟေး...မမပြန်လာပြီ ဆိတ်သားပါလာတယ်မဟုတ်လား။ မှန်း...ဟာ ပါတယ် ဒါကြောင့်မမကိုချစ်တာ"

    မီးငယ်ရဲ့ အနမ်းတစ်ချက်က ကျွန်မရဲ့နွမ်းနယ်မှုတွေကို တစ်ဝက်လောက်တော့ သက်သာသွားလိမ့်မယ်ထင်တယ်။
"မီးငယ်က သမီးကိုမျှော်နေတာ"တဲ့။
အမေ့ရဲ့ ခရီးဦးကြိုစကား။

     ကျွန်မလက်ထဲက အထုတ်တွေကိုယူနေရင်း
ပန်းသီးထုပ်ကလေးမြင်သွားတော့ ဝင်းလက်သွားတဲ့ မေမေ့မျက်နှာမှာ ကျွန်မအပျော်တွေငြိပါသွားပါတယ်။

"သမီးကိုမျှော်နေတာ မေမေလည်းပါတယ်မဟုတ်လား"လို့ စိတ်ထဲကတော့ ပြောဖြစ်လိုက်ပါသေးရဲ့။

     ဖေဖေ့အနားကိုသွားပြီး ဆေးထုပ်ကလေးတွေချပေးတော့ ဖေဖေက ခပ်နွမ်းနွမ်း ပြန်ပြုံးပြတယ်။

"ဖေဖေ နေကောင်းလား"

       ဖေဖေက ခေါင်းလေးလှုပ်ရုံ ညိမ့်ပြတယ်။  မီးဖိုချောင်ထဲဝင်သွားတဲ့ မေမေ့ပါးပြင်ဘက်ဘေးစောင်းအနေအထား ကြည့်မိတော့ ကျွန်မရင်ထဲ ဒိန်းခနဲ။

      မေမေ့အနောက်ကို လိုက်သွားရင်း ဖေဖေမကြားလောက်အောင် ခပ်တိုးတိုး မေးလိုက်တယ်။

"မေမေ နားကပ်ရော"

      ပျက်သွားတဲ့မေမေ့မျက်နှာ ပြန်ပြင်ချိန်မရလိုက်။

"ဟို...ဟိုလေ အကြွေးပေးစရာရှိလို့ ပေါင်ထားတယ်သမီးရဲ့။ ဆယ်ရက်လောက်တောင် ရှိနေပြီ။ သမီးသတိမထားမိလို့ပါ။ အဲ့ဒီရက်တွေတုန်းက တော်တော်ကျပ်တည်းလို့"

    ဒါက နောက်လတွေ ကျွန်မ ဖြေရှင်းရမယ့် အပူသစ်တစ်ခုပေါ့။
      ကျွန်မသူငယ်ချင်း ကျွန်မကို သတိပေးခဲ့ဖူးပါတယ်။

"နင့်အမေလေ ရပ်ကွက်ထဲမှာ နှလုံးထီတွေထိုးနေတာ အရမ်းပဲ"တဲ့။

     အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့တဲ့အပြင် လူလားမြောက်အောင် ကျွေးမွေးပြုစုခဲ့တဲ့ မေတ္တာအပြည့်ကျေးဇူးရှင်မိခင်ကြီးမို့
မပြောရက်မပြောထွက်ခဲ့ပဲ ဘုရားစင်ဆွမ်းတော်ပန်းကန်အောက်က နှစ်လုံးထီဘောက်ချာတွေကိုကြည့်ရင်း သက်ပြင်းတွေခိုးခိုးချနေတာ ကြာခဲ့ပြီကောသူငယ်ချင်းရယ်။

(၄)
       ဒီနေ့ကျမှ လိုင်းကားတိုးမစီးချင်တာနဲ့ မြို့ပတ်ရထားစီးဖို့ မောင်နဲ့ကျွန်မ ဘူတာကြီးဘက် ထွက်ခဲ့တယ်။

"မောင် ကျွန်မကို လူရှင်းတဲ့တစ်နေရာ ခဏခေါ်သွားပေးပါ"

"ဟင်...ဘာဖြစ်လို့လဲဟင်"

"ကျွန်မပြောတာပဲ လိုက်လျောပေးပါနော်"

       လူနည်းနည်းရှင်းတဲ့နေရာရောက်တာနဲ့ ထိန်းမထားနိုင်တဲ့အဆုံး မောင့်ရင်ခွင်ထဲတိုးပြီး အားရပါးရ ငိုချပစ်လိုက်တယ်။

"ဘာဖြစ်တာလဲ ချစ်ရယ်။ မောင့်ရင်တွေ ပူလိုက်တာ"  

      ကျွန်မ ဘာမှပြန်မပြောချင်။မျက်စိထဲမှာ
မီးငယ်နဲ့ကောင်လေးတစ်ယောက် လက်ချင်းချိတ်ပြီး ရုပ်ရှင်ရုံထဲက ထွက်လာတဲ့မြင်ကွင်းပဲထပ်ကာထပ်ကာ။

မနက်ကပဲ မီးငယ်ကျွန်မဆီက နောက်တစ်ကြိမ် ငွေတောင်းသွားသေးတယ်။ အင်တာဗျူး သွားဖြေဖို့တဲ့။မီးငယ် မြန်မြန်အလုပ်ရမှ မမသက်သာမှာတဲ့လားကွယ်။

"ချစ်ဘာမှမပြောပေမယ့် ချစ်မိသားစုအကြောင်းဆိုတာ မောင်ရိပ်မိတယ်။ချစ်စိတ်ဆင်းရဲနေတာ မကြည့်ရက်တော့ဘူး။ မောင်လက်ထပ်ခွင့် တောင်းထားတာ ကြာပြီပဲ။မောင့်ဘဝထဲဝင်
ပြီး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နားခိုလှည့်ပါတော့ကွယ်။ မပြန်နဲ့တော့နော်။မောင်နဲ့ တစ်ခါထဲ လိုက်ခဲ့တော့"

     မောင့်ရင်ခွင်ထဲတိုးဝှေ့ရင်း၊မောင့်အယုအယတွေမှာ သာယာရင်း၊ မောင့်ချော့မြူသံတွေ စိမ့်ဝင်ရင်းနဲ့ ရင်ထဲကသောကတွေက တဒင်္ဂ လွင့်စင်သွားသလိုပဲ။

      ကျွန်မ အခုထွက်ပေါက်အဝမှာ ရပ်နေတယ်။လေညှင်းတွေ ရှူရှိုက်နေတယ်။သင်းပျံ့တဲ့ရနံ့တွေထဲ သာယာမိန်းမောနေတယ်။ စိမ်းလန်းလှပတဲ့ ရှုခင်းတွေထဲ အကြည့်တွေပျံဝဲနေတယ်။

     ထွက်ပေါက် ဟုတ်တယ် ဒါဟာထွက်ပေါက်။
ဒါပေမယ့် ကျွန်မအတွက်တော့မဟုတ်ဘူး။ ကျွန်မအတွက်တော့ ဒါဟာ လတ်တလော လေညှင်းခံရာ ပြတင်းတစ်ခုမျှသာ။ပြီးရင် ပြတင်းတံခါးပိတ် အိပ်စက်ရပေဦးမယ်။

    ကျွန်မပုခုံးပေါ်မှာ အိမ်လေးတစ်လုံးရှိနေသေးတယ်လေ။ မေတ္တာအပြည့်ဖြင့်စီချယ်အပ်သော အိမ်ကလေးပေါ့။ကျွန်​မ မျက်​ရည်​​တွေကို သုတ်​ပစ်​လိုက်​ရင်းနှုတ်​ခမ်းကို ​ကွေးရုံမျှနဲ့ ပြုံးကြည့်​လိုက်​​တော့ ရင်​ထဲ နည်းနည်း​တော့ ​ပေါ့သွားသလိုပါပဲ။

    ရယ်စရာမဂ္ဂဇင်းထဲက ကဗျာတစ်ပုဒ်ကို ရုတ်​တရက်
အမှတ်ရမိသွားတယ်။ခေါင်းစဉ်က` အစ်မကြီး´တဲ့။

အစ်မကြီး
.....
အဖေ့ကိုအားနာရင်း
အမေ့ကိုသနားရင်းနဲ့
တာဝန်တွေအောက် ပုခုံးဝင်ခံ
လွတ်လပ်မှုကို ရေမလောင်း ပေါင်းမသင်ခဲ့။

အငယ်ကောင်က ဒါနဲ့လိုက်တယ်
အထွေးလေးက ဒါနဲ့လှမှာ
အထည်ဆိုင်မှာ မကြာမကြာဝင်ရွေး
အဝတ်နွမ်းကလေးနဲ့လေ။

အငယ်တွေနဲ့ ယှဉ်သွားရင်
မနုပျိုတဲ့ ရုပ်ရည်ကြောင့်
`ဟယ် အားနာလိုက်တာ
ကျမထင်တာ အမေမှတ်လို့´ဆိုပြီး
မသိတဲ့သူတွေ တောင်းပန်နေကျ
မှန်ထဲကြည့်ပြီး ငိုဖို့အကြံ
အမေနှစ်သိမ့်ပြန်တော့
မျက်ရည်တွေ ပြန်ဝင်သွားတယ်
`ငါ့သမီးက ကလေးလေးလိုပဲ´တဲ့။

အိပ်ရာဘေးမှာ ခေါင်းအုံးတစ်လုံးတိုးဖို့ထက်
ထမင်းဝိုင်းမှာ ဟင်းအမည်မရိုးဖို့ ဂရုစိုက်ရင်း
အပျိုကြီးဂုဏ်ပုဒ်ဟာ
တဖြည်းဖြည်းအရွယ်ရောက်လာတယ်။

အငယ်တွေအချစ်ရေးမှာ
ပထမ အတိုင်ပင်ခံ
ဒုတိယ ကန်တော့ခံ
တတိယ အပစ်ပယ်ခံ
ခံရင်းနဲ့ ကျန်ခဲ့ပေါ့။

သူနားလည်တယ်
မိဘတွေရဲ့ မျက်ဝန်းအဓိပ္ပါယ်နဲ့
အသံမဲ့ ဘာသာစကားကို
အသံတိတ်အပြုံးနဲ့ ဖြေကြားခဲ့။

အခုတော့
ဝါဝင်မှာလည်း မစိုးရိမ်
သီတင်းကျွတ်လည်း ရင်မခုန်
ဆယ့်နှစ်ရာသီ တည်ငြိမ်စွာနဲ့
ဘယ်တော့စားရမလဲ အမေးခံရတိုင်း
မဝံ့မရဲ ဖြေရှာတယ်
`တစ်နေ့နေ့ပေါ့´တဲ့။

နတ်စောင်း (ကျိုက်ထို)
၂၀၁၇ ​ဖေ​ဖော်​ဝါရီလထုတ်​ တက္ကသိုလ်​ရဟန်းပျို ဓမ္မမဂ္ဂဇင်း

No comments:

Post a Comment