Apr 9, 2017
ပင်စည်ချိုး၍မိုးသောအရိပ်
ပင်​စည်​ချိုး၍ မိုး​သောအရိပ်​ (ဝတ္ထုတို)
×××××××
"ဗျို့ ဦးသာ​အေး။ တီဗွီ​နဲ့ ​အောက်​စက်​ ဝယ်​လာတာလား"
"​အေး​ဟေ့။ ရန်​ကုန်​က​နေ ငါ့သား ပိုက်​ဆံပို့လိုက်​လို့"
     ဦးသာ​အေးသည်​ ဆိုင်​ကယ်​အ​နောက်​မှထိုင်​၍ တစ်​လမ်းလုံး​မေးလာသမျှလူ​များကို မညည်းမညူ​ဖြေလျက်​ ပြန်​လာသည်​။
"ငါ့တူ ​ဖြေး​ဖြေး​မောင်း​နော်​"
    လက်​ထဲ ​ပွေ့ဖက်​လာ​သော တီဗွီနှင့်​အောက်​စက်​ကိုလည်း ထိခိုက်​မိမှာ စိုးရိမ်​စိတ်​နှင့်​ တသသ။ဟုတ်​ကဲ့ဟု ​ဖြေရပါများလာ​​သော​ကြောင့်​ ဆိုင်​ကယ်​တက္ကစီသမားပင်​ ပြန်​မ​ဖြေချင်​​တော့။
    သူ့ဘာသာ သွားလာ​နေ​သော လူ​များကိုပင်​ လှမ်းမ​မေးမှာစိုး၍ ဦးသာ​အေးက သူအရင်​ လိုက်​နှုတ်​ဆက်​​နေ​သေးသည်​။
   အိမ်​​ရောက်​သည်​နှင့်​ လုပ်​တတ်​ကိုင်​တတ်​သူကို ​ခေါ်လုပ်​ခိုင်း၍ ဖွင့်​ကြည့်​​နေလိုက်​သည်​မှာ သ​ဘောတကျကျနှင့်​။
"ကိုသာ​အေး။ သားပို့လိုက်​တဲ့ပိုက်​ဆံနဲ့ ဒါ​တွေဝယ်​လာတာ​ပေါ့​လေ"
"​အေး​လေ ဘာဖြစ်​လို့လဲ"
"​ဟော​တော်​ ရှင်​က​တော့ လုပ်​လာပြီ။ အရင်​လ​တွေက သားဆီ​ငွေပို့ဖို့လိုတုန်းက ​ချေးထားတဲ့ပိုက်​ဆံ​တွေ အ​မမြကို ပြန်​ဆပ်​ရဦးမယ်​​လေ"
"မယ်​​ငွေကလည်းကွာ။အတိုး​ကြွေးမှ မဟုတ်​တာ။ဘယ်​အချိန်​ ဆပ်​ဆပ်​ပါ။ အမမြကလည်း ​ပြောစရာလူမှ မဟုတ်​တာ။ ခုဟာက ငါ့သား ဦးဦးဖျားဖျားပို့တာ​လေးနဲ့ အမှတ်​တရ လုပ်​ထားချင်​လို့ပါ"
"ရှင်​တစ်​​ယောက်​နဲ့​တော့ ခက်​ပါရဲ့ "
"မခက်​နဲ့မယ်​​ငွေ။ငါတို့ တစ်​​နေကုန်​ ပင်​ပန်းသမျှ ​ဟော ညကျ​တော့
ဒါ​လေးနဲ့ အပန်း​ဖြေ။ ကဲ ငါ့သားဘယ်​​လောက်​ ကုသိုလ်​ရလိုက်​မလဲ။
ဒီနားဝန်းကျင်​မှာလည်း ဘယ်​အိမ်​မှ တီဗွီမရှိဘူး။ သူတို့လည်း
လာကြည့်​လို့ရတာ​ပေါ့"
"ဟွန်း ရှင့်​အ​ကြောင်း မသိရင်​ခက်​မယ်​။ လာသမျှလူ​တွေကို ဒါ ငါ့သားပို့တဲ့ ပိုက်​ဆံနဲ့ဝယ်​ထားတာပါဆိုပြီး ကြွားချင်​တာက အဓိက​မဟုတ်​လား"
"အဟီး ဒါက​တော့ကွာ"
ဦးသာ​အေး ​ဒေါ်​​ငွေစကားကို ပြန်​မ​ချေပ​တော့​ချေ။
        ×××××××××
      တစ်​​နေ့တစ်​​နေ့ လင်​မယားနှစ်​​ယောက်​ ပင်​လယ်​ထွက်​၍ ငါးရှာလိုက်​ ည​ရောက်​လျင်​  တီဗွီကြည့်​လိုက်​နှင့်​ ပင်​ပန်း​သည်​မထင်​။
တံငါသည်အိမ်​အများစုသာ ​နေထိုင်​သည့်​ ရပ်​ကွက်​ငယ်​ ဆို​သော်​လည်း ကျိုက်​ထိုမြို့၏ အစွန်းကျကျ၌်​​တည်​ရှိသည်​။ အချို့ တံငါသည်​များက စက်​​လှေကြီးငယ်​များဖြင့်​ ပင်​လယ်​ထွက်​ငါးရှာကြသည်​မှာ ဆယ့်​ငါးရက်​၊တစ်​လ ကြာမြင့်​တတ်​​သော်​လည်း ဦးသာ​အေးတို့ကဲ့သို့ တစ်​နိုင်​တစ်​ပိုင်​  ​လှေငယ်​​လေးများဖြင့်​ ​နီးနီးနားနား​လောက်​သာ ​နေ့ချင်းပြန်​လုပ်​ကိုင်​သူများလည်းရှိသည်​။
  ဦးသာ​အေးနှင့်​​ဒေါ်ငွေတို့၌ သားတစ်​​ယောက်​သာ ထွန်းကားခဲ့သည်​။ သားဖြစ်​သူအရွယ်​​ရောက်​လာ​သောအခါ အ​ဖော်​​ကောင်း၍
ရန်​ကုန်​လိုက်​သွားသည်​။မှော်​ဘီနားတွင်​ ​ဆိုင်​ကယ်​ပြင်​ဆိုင်​တစ်​ခု၌ သင်​လုပ်​လုပ်​​နေသည်​ဆို၏။ ဤမျှအလုပ်​​လောက်​ကို မိမိမြို့၌ပင်
လုပ်​၍လည်း ရသည်​ပဲလို့ ​ပြောချင်​​သော်​လည်း လူငယ်​သဘာဝ နယ်​​မြေအသစ်​ ​စူးစမ်းလိုစိတ်​​ကြောင့်​ ဦးသာ​အေး မတားသာ။အစပိုင်း၌ မည်​မည်​ရရလုပ်​အားခမရ​သေး။အသုံးအစွဲ မလုံ​လောက်​ဟုဆိုသဖြင့်​ နှစ်​ကြိမ်​၊သုံးကြိမ်​ခန့်​ ​ငွေပို့ခဲ့ရ​သေးသည်​။ ယခု တတ်​​မြောက်​ကျွမ်း​ကျင်​ပြီး ဝင်​​ငွေများလာ၍ 
ငွေနှစ်​သိန်းပို့လိုက်​သည်​။ မိဘနှစ်​ပါး ​ပျော်​မဆုံး။
     တစ်​ည အချိန်​က ည ကိုးနာရီခန့်​။ သား​တော်​​မောင်​ မိန်းမခိုး၍ ​ကျိုက်​ထိုခေါ်လာသည်​။ဖြစ်​ပြီးမှ​တော့ ပြန်​ပြင်​၍မရဟု ဦးသာ​အေး​တွေးသည်။မိဘဝတ္တရားအတိုင်း ပြန်​အပ်​ထိန်းမြား​ပေးရ​ပေ​တော့မည်​။
ကမ်းကပ်​လာ​သောလှေ​များထံမှ ငါးပိအစိမ်း​များ အိမ်​​ရှေ့မှဖြတ်​သန်း​၍ ​သယ်​သွားကြသည့်​အချိန်​များဆိုလျှင်​ သား​တော်​​မောင်​ အမျိုးသမီး​က ရန်​ကုန်​သူပီပီ နှာ​ခေါင်းရှုံ့ သည်​။အနံ့အသက်​များ​ကြောင့်
စားလက်​စ ထမင်းပန်းကန်​​တောင်​ စားမဝင်​​တော့ဟုဆိုကာ
ဆက်​မစား​တော့။ဒေသခံ​များအဖို့​တော့ ငါးပိအစိမ်းနံ့သည်​ ​ရေးကြီးခွင်​ကျယ်​ မဟုတ်​​တော့​ချေ။
       ရန်​ကုန်​လိုက်​သွား၍ လက်​ထပ်​​ပေးပြီး​နောက်​ သားနှင့်​​ချွေးမက ကျိုက်​ထိုသို့ပြန်​မလိုက်​။သူတို့​ဒေသ၌ပင်​ လုပ်​ကိုင်​စား​သောက်​လိုကြသည်​။ချွေးမ​လေး စနက်​​ကြောင့်​ပဲဖြစ်​​ပေလိမ့်​မည်​ဟု ဦးသာ​အေး​တွေးမိသည်​။ ​ချွေးမ​လေး၏ မိဘများကလည်း သာမန်​လက်​လုပ်​လက်​စားဘဝပင်​။ပြေ​ပြေလည်​လည်​ကားမဟုတ်​။သား​တော်​​မောင်​က ဆိုင်​ကယ်​ပြင်​ဆိုင်​မှာပဲ ဆက်​လက်​မည်​ဟုဆိုသည်​။
     သည်​တော့ ဦးသာ​အေးနှင့်​ ​ဒေါ်ငွေတို့ပဲ ကျိုက်​ထိုသို့ ပြန်​လာရ​တော့သည်​။
"မယ်​​ငွေ ငါတို့ ရန်​ကုန်​​ပြောင်းရ​အောင်​"
"ဘယ်​လို"
"ငါတို့​ချွေးမက ငါတို့ဆီလာ​နေမှာမဟုတ်​ဘူး။ငါတို့ပဲ သွား​နေရ​အောင်​။ ​မြေးချီရ​အောင်​​လေကွာ"
"ရှင်​က ငါးပဲဖမ်းတတ်​တာ​လေ။ ဟိုမှာ ဘာလုပ်​စားမှာလဲ။ မဖြစ်​နိုင်​ပါဘူး ကိုသာ​အေးရယ်​"
       သို့​သော်​ ​ဒေါ်ငွေစကားက အရာမထင်​ခဲ့​ချေ။
ရှိသမျှ​တွေ ​ရောင်းချလို့ ရန်​ကုန်​တက်​ခဲ့ပြီ။ပိုင်​ဆိုင်​သမျှ၌ ချောင်​ကျကျ ​မြေကွက်​​လေးတစ်​ကွက်​သာ ကြိုက်​​ဈေးမရ၍  မ​ရောင်းဘဲ ကျိုက်​ထို၌
ကျန်​ခဲ့သည်​။
   သား​တော်​​မောင်​ကို ဆိုင်​ကယ်​အပိုပစ္စည်းဆိုင်​နှင့်​ ပြင်​ဆိုင်​ တွဲဖွင့်​​ပေးလိုက်​သည်​။ ပါလာသည့်​​ငွေတို့ကား တက်​တက်​​ပြောင်​ခဲ့​လေပြီ။ ဦးသာ​အေးက သားဆီမှာပဲ​တောက်​တိုမည်​ရ ကူ​ပေးရင်း ဆိုင်​ကယ်​ဝိုင်းပြင်​သည်။ သားက လုပ်​အားခသ​ဘောမျိုး ပြန်​​ပေးသည်​။
"ကိုသာ​အေး။ ရှင့်​အလုပ်​နဲ့ရှင်​​တော့ ဟုတ်​​နေတာပဲ​နော်​"
"ငါ့တို့အတွက်​မှ မလို​တော့တာပဲ မယ်​​ငွေရယ်​။ဟော အခုဆို ငါ့သားလည်း
အ​ခြေကျ။ ငါတို့လည်း အနီးကပ်​​နေရ။မကြာခင်​ ​မြေးလည်းချီရ​တော့မယ်​ကွ"
   ဤသို့နှင့်​  တဖြည်းဖြည်း ဆူထွက်​လာ​သော ​ချွေးမ​၏ဗိုက်​ကိုကြည့်​ရင်း ဦးသာ​အေးတစ်​​ယောက်​ ​ပျော်​တပြုံးပြုံး။
     တစ်​​နေ့ ဆိုင်​၌ လူကျချိန်​။ ထမင်းစားချိန်​လည်း ​ကျော်​​နေခဲ့ပြီ။ ဦးသာ​အေးက​တော့ မည်​မည်​ရရ အလုပ်​မရှိသူမို့ ​ဒေါ်ငွေလာပို့​သော ထမင်းချိုင့်​ဖြင့်​ စားပြီး​နေ​​သော်​လည်း သား​တော်​​မောင်​ကိုကြည့်​ပြီး စိတ်​မ​ကောင်း။ သား​တော်​​မောင်​က ဆိုင်​ကယ်​ပိုင်​ရှင်​​တွေ ​လော​နေ၍ ပြင်​စရာ​တွေ တသီကြီးနှင့်​မို့ စားချိန်​မရ​သေး​ပေ။
"သား အ​ဖေ ဘာကူလုပ်​​ပေးရမလဲ"
"ရတယ်​အ​ဖေ။ ဒါ​တွေက အ​ဖေမလုပ်​တတ်​ဘူး"
"ဟိုဘီးက ဘာလုပ်​ရမှာလဲ"
"ကာဘာဖြုတ်​ပြီးမှ ပြင်​ရမှာ"
"ဒါဆို အ​ဖေဖြုတ်​​ပေးထားမယ်​​လေ။ကာဘာ​လောက်​​တော့ ဖြုတ်​တတ်​ပါတယ်​"
"ဟုတ်​ကဲ့အ​ဖေ။ဒါဆိုလည်း ​သေချာ​တော့လုပ်​​နော်​"
     ဦးသာ​အေးတစ်​​ယောက်​ လက်​စွမ်းပြ​လေပြီ။မကြာလိုက်​​ချေ
ဂွပ်​ခနဲအသံနှင့်​အတူ ဆိုင်​ကယ်​ပိုင်​ရှင်​ ထ​အော်​​လေပြီ။
"ဟာ ဦး​လေး သွားပါပြီဗျာ။ မူလီ​တွေ ကုန်​​အောင်​မဖြုတ်​ပဲနဲ့
အတင်းဆွဲခွာ​တော့ ကာဘာကွဲပြီ​ပေါ့။ဒါ ​ရောင်းဖို့ဆိုင်​ထားတဲ့ဘီးဗျ​လျော်​ဗျာ"
     သား​တော်​​မောင်​ကလည်း ကပျာကယာ ​ပြေးကြည့်​ပြီး အသံတိတ်​သွားသည်​။ချွေးမဖြစ်​သူက ​ဒေါသတကြီး​လေသံဖြင့်
"ဟာ အ​ဖေတို့လုပ်​လိုက်​ရင်​ တလွဲကြီးပဲ။ဟို​နေ့ကလည်း တစ်​ခါဖြစ်​ပြီးပြီ။အခုဟာက ပိုဆိုးတယ်​ ယိုးဒယားဘီး။ ယိုးဒယားပစ္စည်းဆိုတာ ဒီနားမှာ လွယ်​လွယ်​လိုက်​ရှာလို့ ရတာမဟုတ်​ဘူး။လုပ်​မတတ်​ရင်​လည်း ​အေး​အေး​ဆေး​ဆေး​နေပါ။မကူညီချင်​ရင်​​နေ မ​နှောင့်​ယှက်​ပါနဲ့။ တကယ်​ပဲ"
       ဦးသာ​အေး မျက်​နှာငယ်​​လေးနှင့်​ အသံတိတ်​​နေသည်​။ထိုဆိုင်​ကယ်​ကာဘာမျိုးက တကယ်​လည်း ရှာဝယ်​၍မရခဲ့။ ​လျော်​​ပေးရ​လေ၏။ ​ချွေးမက ဦးသာ​အေးကို စကားမ​ပြော​တော့။
     ထိုညက ဦးသာ​အေး ​တော်​​တော်​နှင့်​ အိပ်​မ​ပျော်​။
"ကျိုက်​ထိုပြန်​​နေရ​အောင်​ ကိုသာ​အေးရယ်​။ ဟိုမှာ​မြေတစ်​ကွက်​ ရှိ​သေးတာပဲ။ ဖြစ်​သလို လုပ်​ကိုင်​စားကြတာ​ပေါ့။ ရှင်​ အခုလို
အ​ပြောခံရ​တော့ ကျွန်​မရင်​ထဲ မ​ကောင်းလိုက်​တာ"
    ဦးသာ​အေး အတန်​ကြာ ငြိမ်​သက်​သွားပြီးမှ
"ငါ မနက်​ဖြန်​ ကျိုက်​ထိုသွားမယ်​။ ​လေးငါးရက်​​လောက်​​တော့ ကြာမယ်​ထင်​တယ်​"
ထိုညက ဦးသာ​အေး​ရော ​ဒေါ်ငွေပါ ​တော်​​တော်​နှင့်​ အိပ်​မ​ပျော်​ကြ။ ​နောက်​​နေ့ မိုးလင်းအ​စောကြီး ဦးသာ​အေး ကျိုက်​ထိုသို့ ထထွက်​သွားသည်​။
     ဆယ်​ရက်​​ခန့်​ကြာပြီး​နောက်​ ဦးသာ​အေး ​ငွေထုတ်​ပိုက်​၍ ပြန်​​ရောက်​လာသည်​။
"ဟင်​ ရှင်​ ရှင်​ ဒီ​ငွေ​တွေက ဘာလုပ်​လာခဲ့ပြန်​ပြီလဲ"
"ကျန်​ခဲ့တဲ့​မြေကွက်​ကို ရတဲ့​ဈေးနဲ့ ​သွားရောင်းလိုက်​တာ​လေ။
ဟို​နေ့က ဆိုင်​ကယ်​ပိုင်​ရှင်​ကို ခခယယ​တောင်းပန်​​နေရတဲ့
ငါ့သားမျက်​နှာ မျက်​စိထဲကကို မထွက်​ဘူး။ငါ့ရင်​ထဲ မ​ကောင်းလိုက်​တာ မယ်​​ငွေရယ်​။ အဲဒီယိုးဒယားပစ္စည်း ငါ့သားဆိုင်​မှာသာ
တင်​ရောင်းထားရင်​ ဘာ​အောက်​ကျစရာလိုလဲ။ ပြန်​လဲ​ပေးလိုက်​ရုံပဲ​လေမဟုတ်​ဘူးလား။ပြီး​တော့ ပစ္စည်းစုံစုံတင်​ထား​တော့ ငါ့သားလည်း  ​စီးပွား​ရေးလုပ်​ရတာ ပိုအဆင်​​ပြေတာ​ပေါ့။ဟောဒါက ငါ့သားအတွက်​ အရင်းအနှီး​ငွေ
ယိုးဒယားပစ္စည်းတင်​​ရောင်းဖို့"
"​ဟော​တော်​"
နတ်​​စောင်း(ကျိုက်​ထို)
သီတဂူဆရာ​တော်ဘုရားကြီး၏ သက်​​တော်​ ၈၀ ပြည့်​ အထိမ်းအမှတ်
ပတ္တမြားရတု ​မော်​ကွန်းစာအုပ်
No comments:
Post a Comment