ပင်စည်ချိုး၍ မိုးသောအရိပ် (ဝတ္ထုတို)
×××××××
"ဗျို့ ဦးသာအေး။ တီဗွီနဲ့ အောက်စက် ဝယ်လာတာလား"
"အေးဟေ့။ ရန်ကုန်ကနေ ငါ့သား ပိုက်ဆံပို့လိုက်လို့"
ဦးသာအေးသည် ဆိုင်ကယ်အနောက်မှထိုင်၍ တစ်လမ်းလုံးမေးလာသမျှလူများကို မညည်းမညူဖြေလျက် ပြန်လာသည်။
"ငါ့တူ ဖြေးဖြေးမောင်းနော်"
လက်ထဲ ပွေ့ဖက်လာသော တီဗွီနှင့်အောက်စက်ကိုလည်း ထိခိုက်မိမှာ စိုးရိမ်စိတ်နှင့် တသသ။ဟုတ်ကဲ့ဟု ဖြေရပါများလာသောကြောင့် ဆိုင်ကယ်တက္ကစီသမားပင် ပြန်မဖြေချင်တော့။
သူ့ဘာသာ သွားလာနေသော လူများကိုပင် လှမ်းမမေးမှာစိုး၍ ဦးသာအေးက သူအရင် လိုက်နှုတ်ဆက်နေသေးသည်။
အိမ်ရောက်သည်နှင့် လုပ်တတ်ကိုင်တတ်သူကို ခေါ်လုပ်ခိုင်း၍ ဖွင့်ကြည့်နေလိုက်သည်မှာ သဘောတကျကျနှင့်။
"ကိုသာအေး။ သားပို့လိုက်တဲ့ပိုက်ဆံနဲ့ ဒါတွေဝယ်လာတာပေါ့လေ"
"အေးလေ ဘာဖြစ်လို့လဲ"
"ဟောတော် ရှင်ကတော့ လုပ်လာပြီ။ အရင်လတွေက သားဆီငွေပို့ဖို့လိုတုန်းက ချေးထားတဲ့ပိုက်ဆံတွေ အမမြကို ပြန်ဆပ်ရဦးမယ်လေ"
"မယ်ငွေကလည်းကွာ။အတိုးကြွေးမှ မဟုတ်တာ။ဘယ်အချိန် ဆပ်ဆပ်ပါ။ အမမြကလည်း ပြောစရာလူမှ မဟုတ်တာ။ ခုဟာက ငါ့သား ဦးဦးဖျားဖျားပို့တာလေးနဲ့ အမှတ်တရ လုပ်ထားချင်လို့ပါ"
"ရှင်တစ်ယောက်နဲ့တော့ ခက်ပါရဲ့ "
"မခက်နဲ့မယ်ငွေ။ငါတို့ တစ်နေကုန် ပင်ပန်းသမျှ ဟော ညကျတော့
ဒါလေးနဲ့ အပန်းဖြေ။ ကဲ ငါ့သားဘယ်လောက် ကုသိုလ်ရလိုက်မလဲ။
ဒီနားဝန်းကျင်မှာလည်း ဘယ်အိမ်မှ တီဗွီမရှိဘူး။ သူတို့လည်း
လာကြည့်လို့ရတာပေါ့"
"ဟွန်း ရှင့်အကြောင်း မသိရင်ခက်မယ်။ လာသမျှလူတွေကို ဒါ ငါ့သားပို့တဲ့ ပိုက်ဆံနဲ့ဝယ်ထားတာပါဆိုပြီး ကြွားချင်တာက အဓိကမဟုတ်လား"
"အဟီး ဒါကတော့ကွာ"
ဦးသာအေး ဒေါ်ငွေစကားကို ပြန်မချေပတော့ချေ။
×××××××××
တစ်နေ့တစ်နေ့ လင်မယားနှစ်ယောက် ပင်လယ်ထွက်၍ ငါးရှာလိုက် ညရောက်လျင် တီဗွီကြည့်လိုက်နှင့် ပင်ပန်းသည်မထင်။
တံငါသည်အိမ်အများစုသာ နေထိုင်သည့် ရပ်ကွက်ငယ် ဆိုသော်လည်း ကျိုက်ထိုမြို့၏ အစွန်းကျကျ၌်တည်ရှိသည်။ အချို့ တံငါသည်များက စက်လှေကြီးငယ်များဖြင့် ပင်လယ်ထွက်ငါးရှာကြသည်မှာ ဆယ့်ငါးရက်၊တစ်လ ကြာမြင့်တတ်သော်လည်း ဦးသာအေးတို့ကဲ့သို့ တစ်နိုင်တစ်ပိုင် လှေငယ်လေးများဖြင့် နီးနီးနားနားလောက်သာ နေ့ချင်းပြန်လုပ်ကိုင်သူများလည်းရှိသည်။
ဦးသာအေးနှင့်ဒေါ်ငွေတို့၌ သားတစ်ယောက်သာ ထွန်းကားခဲ့သည်။ သားဖြစ်သူအရွယ်ရောက်လာသောအခါ အဖော်ကောင်း၍
ရန်ကုန်လိုက်သွားသည်။မှော်ဘီနားတွင် ဆိုင်ကယ်ပြင်ဆိုင်တစ်ခု၌ သင်လုပ်လုပ်နေသည်ဆို၏။ ဤမျှအလုပ်လောက်ကို မိမိမြို့၌ပင်
လုပ်၍လည်း ရသည်ပဲလို့ ပြောချင်သော်လည်း လူငယ်သဘာဝ နယ်မြေအသစ် စူးစမ်းလိုစိတ်ကြောင့် ဦးသာအေး မတားသာ။အစပိုင်း၌ မည်မည်ရရလုပ်အားခမရသေး။အသုံးအစွဲ မလုံလောက်ဟုဆိုသဖြင့် နှစ်ကြိမ်၊သုံးကြိမ်ခန့် ငွေပို့ခဲ့ရသေးသည်။ ယခု တတ်မြောက်ကျွမ်းကျင်ပြီး ဝင်ငွေများလာ၍
ငွေနှစ်သိန်းပို့လိုက်သည်။ မိဘနှစ်ပါး ပျော်မဆုံး။
တစ်ည အချိန်က ည ကိုးနာရီခန့်။ သားတော်မောင် မိန်းမခိုး၍ ကျိုက်ထိုခေါ်လာသည်။ဖြစ်ပြီးမှတော့ ပြန်ပြင်၍မရဟု ဦးသာအေးတွေးသည်။မိဘဝတ္တရားအတိုင်း ပြန်အပ်ထိန်းမြားပေးရပေတော့မည်။
သားနှင့်ချွေးမ ဦးသာအေးတို့အိမ်၌နေထိုင်စဉ် နေ့ခင်းဘက်
ကမ်းကပ်လာသောလှေများထံမှ ငါးပိအစိမ်းများ အိမ်ရှေ့မှဖြတ်သန်း၍ သယ်သွားကြသည့်အချိန်များဆိုလျှင် သားတော်မောင် အမျိုးသမီးက ရန်ကုန်သူပီပီ နှာခေါင်းရှုံ့ သည်။အနံ့အသက်များကြောင့်
စားလက်စ ထမင်းပန်းကန်တောင် စားမဝင်တော့ဟုဆိုကာ
ဆက်မစားတော့။ဒေသခံများအဖို့တော့ ငါးပိအစိမ်းနံ့သည် ရေးကြီးခွင်ကျယ် မဟုတ်တော့ချေ။
ရန်ကုန်လိုက်သွား၍ လက်ထပ်ပေးပြီးနောက် သားနှင့်ချွေးမက ကျိုက်ထိုသို့ပြန်မလိုက်။သူတို့ဒေသ၌ပင် လုပ်ကိုင်စားသောက်လိုကြသည်။ချွေးမလေး စနက်ကြောင့်ပဲဖြစ်ပေလိမ့်မည်ဟု ဦးသာအေးတွေးမိသည်။ ချွေးမလေး၏ မိဘများကလည်း သာမန်လက်လုပ်လက်စားဘဝပင်။ပြေပြေလည်လည်ကားမဟုတ်။သားတော်မောင်က ဆိုင်ကယ်ပြင်ဆိုင်မှာပဲ ဆက်လက်မည်ဟုဆိုသည်။
သည်တော့ ဦးသာအေးနှင့် ဒေါ်ငွေတို့ပဲ ကျိုက်ထိုသို့ ပြန်လာရတော့သည်။
ချွေးမလေး ကိုယ်ဝန်ရှိပြီကြားတော့ ဦးသာအေး မနေနိုင်မထိုင်နိုင်ဖြစ်ရပြီ။ မြေးဆိုသည့်အသိဝင်လာကတည်းက လှုပ်လှုပ်ရွရွ။
"မယ်ငွေ ငါတို့ ရန်ကုန်ပြောင်းရအောင်"
"ဘယ်လို"
"ငါတို့ချွေးမက ငါတို့ဆီလာနေမှာမဟုတ်ဘူး။ငါတို့ပဲ သွားနေရအောင်။ မြေးချီရအောင်လေကွာ"
"ရှင်က ငါးပဲဖမ်းတတ်တာလေ။ ဟိုမှာ ဘာလုပ်စားမှာလဲ။ မဖြစ်နိုင်ပါဘူး ကိုသာအေးရယ်"
သို့သော် ဒေါ်ငွေစကားက အရာမထင်ခဲ့ချေ။
ရှိသမျှတွေ ရောင်းချလို့ ရန်ကုန်တက်ခဲ့ပြီ။ပိုင်ဆိုင်သမျှ၌ ချောင်ကျကျ မြေကွက်လေးတစ်ကွက်သာ ကြိုက်ဈေးမရ၍ မရောင်းဘဲ ကျိုက်ထို၌
ကျန်ခဲ့သည်။
သားတော်မောင်ကို ဆိုင်ကယ်အပိုပစ္စည်းဆိုင်နှင့် ပြင်ဆိုင် တွဲဖွင့်ပေးလိုက်သည်။ ပါလာသည့်ငွေတို့ကား တက်တက်ပြောင်ခဲ့လေပြီ။ ဦးသာအေးက သားဆီမှာပဲတောက်တိုမည်ရ ကူပေးရင်း ဆိုင်ကယ်ဝိုင်းပြင်သည်။ သားက လုပ်အားခသဘောမျိုး ပြန်ပေးသည်။
"ကိုသာအေး။ ရှင့်အလုပ်နဲ့ရှင်တော့ ဟုတ်နေတာပဲနော်"
"ငါ့တို့အတွက်မှ မလိုတော့တာပဲ မယ်ငွေရယ်။ဟော အခုဆို ငါ့သားလည်း
အခြေကျ။ ငါတို့လည်း အနီးကပ်နေရ။မကြာခင် မြေးလည်းချီရတော့မယ်ကွ"
ဤသို့နှင့် တဖြည်းဖြည်း ဆူထွက်လာသော ချွေးမ၏ဗိုက်ကိုကြည့်ရင်း ဦးသာအေးတစ်ယောက် ပျော်တပြုံးပြုံး။
တစ်နေ့ ဆိုင်၌ လူကျချိန်။ ထမင်းစားချိန်လည်း ကျော်နေခဲ့ပြီ။ ဦးသာအေးကတော့ မည်မည်ရရ အလုပ်မရှိသူမို့ ဒေါ်ငွေလာပို့သော ထမင်းချိုင့်ဖြင့် စားပြီးနေသော်လည်း သားတော်မောင်ကိုကြည့်ပြီး စိတ်မကောင်း။ သားတော်မောင်က ဆိုင်ကယ်ပိုင်ရှင်တွေ လောနေ၍ ပြင်စရာတွေ တသီကြီးနှင့်မို့ စားချိန်မရသေးပေ။
"သား အဖေ ဘာကူလုပ်ပေးရမလဲ"
"ရတယ်အဖေ။ ဒါတွေက အဖေမလုပ်တတ်ဘူး"
"ဟိုဘီးက ဘာလုပ်ရမှာလဲ"
"ကာဘာဖြုတ်ပြီးမှ ပြင်ရမှာ"
"ဒါဆို အဖေဖြုတ်ပေးထားမယ်လေ။ကာဘာလောက်တော့ ဖြုတ်တတ်ပါတယ်"
"ဟုတ်ကဲ့အဖေ။ဒါဆိုလည်း သေချာတော့လုပ်နော်"
ဦးသာအေးတစ်ယောက် လက်စွမ်းပြလေပြီ။မကြာလိုက်ချေ
ဂွပ်ခနဲအသံနှင့်အတူ ဆိုင်ကယ်ပိုင်ရှင် ထအော်လေပြီ။
"ဟာ ဦးလေး သွားပါပြီဗျာ။ မူလီတွေ ကုန်အောင်မဖြုတ်ပဲနဲ့
အတင်းဆွဲခွာတော့ ကာဘာကွဲပြီပေါ့။ဒါ ရောင်းဖို့ဆိုင်ထားတဲ့ဘီးဗျလျော်ဗျာ"
သားတော်မောင်ကလည်း ကပျာကယာ ပြေးကြည့်ပြီး အသံတိတ်သွားသည်။ချွေးမဖြစ်သူက ဒေါသတကြီးလေသံဖြင့်
"ဟာ အဖေတို့လုပ်လိုက်ရင် တလွဲကြီးပဲ။ဟိုနေ့ကလည်း တစ်ခါဖြစ်ပြီးပြီ။အခုဟာက ပိုဆိုးတယ် ယိုးဒယားဘီး။ ယိုးဒယားပစ္စည်းဆိုတာ ဒီနားမှာ လွယ်လွယ်လိုက်ရှာလို့ ရတာမဟုတ်ဘူး။လုပ်မတတ်ရင်လည်း အေးအေးဆေးဆေးနေပါ။မကူညီချင်ရင်နေ မနှောင့်ယှက်ပါနဲ့။ တကယ်ပဲ"
ဦးသာအေး မျက်နှာငယ်လေးနှင့် အသံတိတ်နေသည်။ထိုဆိုင်ကယ်ကာဘာမျိုးက တကယ်လည်း ရှာဝယ်၍မရခဲ့။ လျော်ပေးရလေ၏။ ချွေးမက ဦးသာအေးကို စကားမပြောတော့။
ထိုညက ဦးသာအေး တော်တော်နှင့် အိပ်မပျော်။
"ကျိုက်ထိုပြန်နေရအောင် ကိုသာအေးရယ်။ ဟိုမှာမြေတစ်ကွက် ရှိသေးတာပဲ။ ဖြစ်သလို လုပ်ကိုင်စားကြတာပေါ့။ ရှင် အခုလို
အပြောခံရတော့ ကျွန်မရင်ထဲ မကောင်းလိုက်တာ"
ဦးသာအေး အတန်ကြာ ငြိမ်သက်သွားပြီးမှ
"ငါ မနက်ဖြန် ကျိုက်ထိုသွားမယ်။ လေးငါးရက်လောက်တော့ ကြာမယ်ထင်တယ်"
ထိုညက ဦးသာအေးရော ဒေါ်ငွေပါ တော်တော်နှင့် အိပ်မပျော်ကြ။ နောက်နေ့ မိုးလင်းအစောကြီး ဦးသာအေး ကျိုက်ထိုသို့ ထထွက်သွားသည်။
ဆယ်ရက်ခန့်ကြာပြီးနောက် ဦးသာအေး ငွေထုတ်ပိုက်၍ ပြန်ရောက်လာသည်။
"ဟင် ရှင် ရှင် ဒီငွေတွေက ဘာလုပ်လာခဲ့ပြန်ပြီလဲ"
"ကျန်ခဲ့တဲ့မြေကွက်ကို ရတဲ့ဈေးနဲ့ သွားရောင်းလိုက်တာလေ။
ဟိုနေ့က ဆိုင်ကယ်ပိုင်ရှင်ကို ခခယယတောင်းပန်နေရတဲ့
ငါ့သားမျက်နှာ မျက်စိထဲကကို မထွက်ဘူး။ငါ့ရင်ထဲ မကောင်းလိုက်တာ မယ်ငွေရယ်။ အဲဒီယိုးဒယားပစ္စည်း ငါ့သားဆိုင်မှာသာ
တင်ရောင်းထားရင် ဘာအောက်ကျစရာလိုလဲ။ ပြန်လဲပေးလိုက်ရုံပဲလေမဟုတ်ဘူးလား။ပြီးတော့ ပစ္စည်းစုံစုံတင်ထားတော့ ငါ့သားလည်း စီးပွားရေးလုပ်ရတာ ပိုအဆင်ပြေတာပေါ့။ဟောဒါက ငါ့သားအတွက် အရင်းအနှီးငွေ
ယိုးဒယားပစ္စည်းတင်ရောင်းဖို့"
"ဟောတော်"
နတ်စောင်း(ကျိုက်ထို)
သီတဂူဆရာတော်ဘုရားကြီး၏ သက်တော် ၈၀ ပြည့် အထိမ်းအမှတ်
ပတ္တမြားရတု မော်ကွန်းစာအုပ်
No comments:
Post a Comment