Apr 9, 2017

သင့်တော်ရာမှာ သာတဲ့လ

သင့်တော်ရာမှာ သာတဲ့လ (ဝတ္ထုတို)
........

   "ကဲ...သားတို့၊သမီးတို့ရေ။ ဆရာမ နောက်ဆုံးတစ်ခေါက်တိုင်ပေးမယ်။ နောက်ကနေ
ညီညီလေးလိုက်ဆိုကြနော်"

"ဟုတ်ကဲ့ပါ ဆရာမ"

   ကျွန်မတိုင်ပေးတဲ့အတိုင်း ကလေးများက
လိုက်ဆိုကြပြီး ကျောက်သင်ပုန်းပေါ်က
စာတွေကို ကူးရေးနေကြလေပြီ။
  မြို့နဲ့ အတန်ငယ်အလှမ်းဝေးတဲ့ကျေးရွာမူလတန်းကျောင်းဖြစ်လေတော့
ခန်းနားထည်ဝါလှတဲ့ ကျောင်းတစ်ကျောင်းတော့
မဟုတ်ပေ။ ရွာနေမိသားစုတွေက အများအားဖြင့် ကြေးရတက်
လူချမ်းသာတွေ မဟုတ်ကြပဲ တံငါအလုပ်ကိုသာ
မှီခိုအားထားနေကြရတာဆိုတော့ ကျောင်းကို
စာသင်ဖို့ရောက်လာကြတဲ့ ကလေးတွေမှာ
လည်း တောက်တောက်ပြောင်ပြောင်
သိပ်မရှိလှ။
အဝတ်အစားညစ်နွမ်းနွမ်းနဲ့ ချို့တဲ့သူတွေသာ
ခပ်များများများလေ။

"နွယ်"

"ဪ..မငယ်။လာလေ"

  မငယ်ဆိုတာက ကျွန်မတို့ကျောင်းက တတိယတန်းပြ ဆရာမတစ်ဦးပါ။ မငယ်က
ကျွန်မစားပွဲနားရောက်တော့

"ပြောစရာရှိလို့ နွယ်"

"ဟုတ်ကဲ့။ ပြောလေ"

"ငါ မနေ့ညနေက မိုးဦးနဲ့တွေ့ခဲ့တယ်"

  ကျွန်မရင်ထဲမှာ ဖျတ်ခနဲတစ်ချက် ခုန်သွားတယ်။ ဒါပေမယ့် အဲဒီ ရင်ခုန်မှုရဲ့နောက်မှာ
စိတ်အလိုမကျစရာတွေက တဆက်တည်း
ဝင်လာပြန်ရော။ ငြိမ်သက်နေတဲ့ အပင်တစ်ပင်ကို လေပြည်တစ်ချက်ဝင်တိုက်ပြီးမှ လေပြင်းနဲ့
မွှေ့လိုက်သလို ထင်ပါရဲ့။

"သူက နင့်အတွက် စာထည့်ပေးလိုက်တယ်"

   မငယ်က ပြောရင်းနှင့် စာထုတ်ပေးနေလေပြီ။
ကျွန်မရဲ့ စိတ်မသက်မသာအမူအရာကိုမြင်တော့

"သူဘာပြောချင်သလဲမှ မသိတာ။ သေချာ
ခေါင်းအေးအေးနဲ့ စဉ်းစားပေါ့ဟာ။ ငါသွားပြီ နွယ်"

  ကျွန်မနှင့် မိုးဦးတို့၏ဇာတ်လမ်းကို မငယ်က
အားလုံးနီးပါးသိသည်။ ကျွန်မရင်ထဲမှာ မွန်းကြပ်
လာတိုင်း မငယ်ကို ဖွင့်ဟတိုင်ပင်စမြဲကိုး။
  နေ့လည် ထမင်းစားကျောင်းဆင်းချိန်ရောက်တော့ စာကို ဖွင့်ဖတ်လိုက်တယ်။

သို့

မောင့်ရဲ့နွယ်
မောင်တို့နှစ်ယောက်အတွက် ဒီတစ်ခါနောက်ဆုံးအခွင့်အရေးပဲ
နွယ့်ကို လုံးဝအဆုံးရှုံးမခံနိုင်ဘူး
လာမယ့်တနင်္ဂနွေဆို မောင် နိုင်ငံခြားသွားရတော့မယ်
သူငယ်ချင်းတွေကိုနှုတ်ဆက်ချင်လို့ဆိုပြီး
မေမေ့ဆီမှာ အတင်းခွင့်တောင်းထားလို့
စနေနေ့ည အပြင်ထွက်ခွင့်ရတယ်
အဲဒါ စနေနေ့ည ၈နာရီ နွယ်တို့ရွာထိပ်က
ဇရပ်မှာ အဆင်သင့်စောင့်နေပေးပါ
မောင်လာခေါ်မယ်

   နွယ့်ကိုအရမ်းချစ်တဲ့
  မောင်

  စာကိုပြန်ခေါက်ပြီးသိမ်းနေတဲ့ ကျွန်မလက်တွေက တဆက်ဆတ်တုန်နေတာကို သတိထား
မိလိုက်တယ်။ ကျွန်မနဲ့မောင်ရဲ့ အချစ်ဇာတ်လမ်းက တစ်ခန်းရပ်မှာလား၊အခန်းဆက်မှာလား။ အလှည့်အပြောင်းတစ်ခုက ကျွန်မလက်ထဲကို ပိပိရိရိ ရောက်လာခဲ့ပြီပဲ။
   မောင်က မိဘရဲ့ဩဇာအာဏာအောက်က
နှစ်ဆယ့်ငါးနှစ်အရွယ်
သားအလိမ္မာလေးတစ်ယောက်။ အခုတော့
အချစ်တစ်ခုအတွက် ပထမဆုံး အာဏာဖီဆန်ဖို့
ကြိုးစားခြင်းပေါ့။ မောင့်ရဲ့မိဘတွေက မျိုးရိုးစဉ်
ဆက် ချမ်းသာခဲ့ပြီး စီးပွားရေးအမြင်တစ်ခုသာ
အလေးထားကြသူတွေ။ အခုလည်း သူတို့သားကို နိုင်ငံခြားလွှတ်ပြီး စီးပွားရေးဆိုင်ရာတွေ ပညာသင်စေလွှတ်မလို့ပေါ့။ ကျွန်မလို မဝရေစာ သာမာန်ကျောင်းဆရာမတစ်ယောက်နဲ့ လုံးဝကို သဘောမတူဘူးလေ။ ကျွန်မတို့နှစ်ယောက်အကြောင်း သိပြီးကတည်းက
လုံးဝရှေ့ဆက်မတိုးဖို့ သူတို့သားကို အမိန့်ထုတ်ပြီးသား။
   ကျွန်မကတော့ မြို့မှာရှိတဲ့ ကျွန်မရဲ့အိမ်အိုလေးကို အဒေါ်ဖြစ်သူနဲ့ထားပြီး တာဝန်ကျတဲ့
ရွာလေးမှာ ရသလောက်နဲ့ရောင့်ရဲတင်းတိမ်တတ်တဲ့ နှယ်ဆယ့်ငါးနှစ်အရွယ် ဆရာမတစ်ယောက်။ ကျွန်မငယ်ငယ်ကတည်း စွဲထင်ခဲ့တဲ့
အိပ်မက်တစ်ခုက ကြီးလာရင်ဆရာမတစ်ယောက်ဖြစ်ဖို့။
ကျွန်မတို့က အဖိုး၊အဖွားတွေလက်ထက်မှာ ကြွယ်ဝချမ်းသာခဲ့ပါတယ်။ ဒါပေမယ့် အဖိုးအဖွား တွေက ကျွန်မဖေဖေကို
ပညာကောင်းကောင်း မသင်ပေးခဲ့ဘူးလေ။
အဖိုး၊အဖွားတွေ မရှိတော့တဲ့နောက်ပိုင်း ပညာမတတ် ဗဟုသုတနည်းပါးခဲ့တဲ့ ဖေဖေဟာ
ကျန်ခဲ့တဲ့ အမွေတွေကို တိုးတက်ကြီးပွားဖို့
နေနေသာသာ တည်တန့်အောင်တောင် မလုပ်နိုင်ခဲ့ဘူး။ တစစနဲ့ ယုတ်လျော့လာတဲ့စီးပွားရေး
မှာ တပည့်လက်သားတွေကလည်း ချယ်လှယ်
ချင်သလိုချယ်လှယ်၊ လိမ်လည်ပြီး ပျော်ပျော်ပါးပါး သုံးစွဲလိုက်ကြတာ လက်ရှိကျွန်မရထားတဲ့
အိမ်အိုလေးတစ်လုံးသာ နောက်ဆုံးလက်ကျန်လေ။ မေမေကလည်း ဖေဖေ့လို ကျေးတောသူ နုံနုံအအဆိုတော့ ဖေဖေ့ကို ဘာမှမကူညီနိုင်ခဲ့ဘူး။ စီးပွားရေးပြိုလဲတဲ့စိတ်နဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဖေဖေနဲ့မေမေဆုံးပါးသွားတော့
၁၃နှစ်အရွယ်ကျွန်မဟာ ဆွေမျိုးနီးစပ် အဒေါ်တစ်ယောက်သာ မှီခိုရာဖြစ်ခဲ့တယ်။ အဲဒီလို
ပညာမတတ်လို့ ဆုံးရှူံးမှုတွေမဖြစ်အောင် ပညာမတတ် ဗဟုသုတနည်းပါးတဲ့ ကျေးလက်တောရွာတွေကို ကူညီချင်တာ ကွန်မရဲ့ဆန္ဒပါ။
  အခုတော့ ကျွန်မဆန္ဒတွေ ပြည့်ဝခဲ့ပါပြီ။ ဒါပေ
မယ့် ဦးနှောက်ရဲ့အလိုဆန္ဒ ပြည့်ဝခဲ့သလောက်
နှလုံးသားအဟာရ ချို့တဲ့နေခဲ့ရတယ်လေ။ ချိန်ခွင်နှစ်ဖက်လို တစ်ဖက်မြင့်ဖို့ တစ်ဖက်နှိမ့်ပေးရစတမ်းဆို ကျွန်မအတွက်တော့ တစ်ခုခုကို
ဆုံးရှူံးခံဖို့က သေချာသလောက်ဖြစ်ခဲ့ပြီပဲ။
  မိနွယ်ရေ စဉ်းစားပေတော့။ စနေနေ့ည ရှစ်နာရီမတိုင်ခင်။
......

  "ဟင်! ဒါဆိုရင် နွယ့်ကိုသူချိန်းထားတာ
ဒီည ၈နာရီပေါ့"

  မငယ်အမေးကို ကျွန်မပြန်မဖြေပဲ ခေါင်းကိုပဲ
ခပ်လေးလေးညိမ့်ပြလိုက်တယ်။

"အခု ခုနှစ်နာရီခွဲပြီလေ။ နွယ်ဘယ်လိုဆုံးဖြစ်ထားလဲ"

ကျွန်မ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်တယ်။

"မငယ်ရယ်။ ကျွန်မလေ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး။ သူနဲ့လိုက်သွားရင်တော့
ကျွန်မချစ်တဲ့ဘဝခရီးဖော်နဲ့ လက်တွဲနိုင်ပြီပေါ့။
ဒါပေမယ့်လေ
ကလေးတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ ကျောင်းဆရာမတစ်ယောက်က ယောင်္ကျားလေးမိဘတွေ သဘောမတူတဲ့ကြားက ခိုးရာလိုက်ပြေးသွားတယ်ဆိုရင် ကလေးတွေအတွက် မှားယွင်းတဲ့လမ်းပြမှုဖြစ်သွားပြီ။
ကျွန်မ ရည်မှန်းဖြစ်တည်လာတဲ့
ကျောင်းဆရာမဘဝဆိုတာလည်း ပြန်ရဖို့ခဲယဉ်း
သွားပြီလေ။ ဒါဆို ပညာလမ်းပြမှုဆိုတဲ့ ကျွန်မရဲ့
အိပ်မက်ခရီး အဆုံးသတ်သွားတော့မှာပေါ့"

မငယ်က ကျွန်မပြောသမျှကို ခေါင်းတဆတ်ဆတ်ညိမ့်လို့ နားထောင်ပေးရှာတယ်။

"ဒါပေမယ့် တစ်ဖက်ကပြန်စဉ်းစားကြည့်တော့
ကျွန်မရင်ထဲက နှစ်နှစ်ကာကာ ချစ်ရတဲ့ချစ်သူ။
ကျွန်မကိုလည်း အရမ်းချစ်တဲ့သူ။ ၅နှစ်လောက်
ခိုင်မြဲခဲ့တဲ့ သံယောဇဉ်ကြိုးက ကျွန်မနှလုံးသား
ကို ချုပ်နှောင်ထားပြီးပြီ။ ကျွန်မ သူနဲ့ဝေးရမှာကို
စဉ်းစားကြည့်ရုံနဲ့ ရင်ထဲမှာ တဆတ်ဆတ်နာတယ် မငယ်ရယ်"

"ငါတော့ ဘာမှမပြောတတ်တော့ပါဘူးဟယ်"

ကျွန်မတို့နစ်ယောက်ကြားမှာ စကားသံတွေ
ပြန်လည်တိတ်ဆိတ်သွားတယ်။ ညရဲ့တိတ်ဆိတ်မှုမှာ နာရီစက္ကန့်ရွေ့သံကသာ စည်းချက်ညီညီ ထွက်ပေါ်လို့ပေါ့။
ငါးနှစ်တာကာလအတွင်း မောင့်ရဲ့ ကြင်နာယုယမှုတွေ၊ ကျွန်မနဲ့မောင်ရဲ့ချစ်ခြင်းအမှတ်တရတွေ၊ မောင့်ပခုံးလေးပေါ်
ခေါင်းမှီရင်း ကြည်နူးရင်ခုန်ခဲ့တာတွေကို ပြန်စဉ်းစား
ကြည့်တော့ နှလုံးသွေးတွေက ဆူပွက်လာခဲ့ပြန်ပါပြီ။ နှစ်ယောက်ချိန်းတွေ့လေတိုင်း ကျွန်မရဲ့ပါးနှစ်ဖက်ပေါ်ကို ဖွဖွကလေးနမ်းတတ်တဲ့ မောင်ရဲ့အကြင်နာအနမ်းတွေက အခုထိနွေးနေသယောင်။ သူ့မိဘတွေရဲ့ အမိန့်တွေကို
တသွေမတိမ်းလိုက်နာတတ်တဲ့မောင်ဟာ ကျွန်မကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အရာရာကိုရင်ဆိုင်ဖို့
ဆုံးဖြတ်လိုက်ပြီဆိုတော့ ကျွန်မကရော တွေဝေနေတာ တရားပါ့မလား။ အတွေးတစ်ခုနဲ့အတူ ကျွန်မမျက်စိက အိမ်ထောင့်က အဝတ်အစားအိတ်ကို ကြည့်မိလျက်သားဖြစ်သွားတယ်။ တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့
၇နာရီ ၅၀မိနစ် တိတိ။ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်တော့မယ်လို့ စိတ်ကူးမိချိန်မှာပဲ အိမ်ရှေ့က ဆူဆူညံညံအသံတွေ
ထွက်ပေါ်လာတယ်။

"ဆရာမ..ဆရာမ"

"ကလေးတွေအသံပါလား ငါသွားကြည့်လိုက်ဦးမယ် နွယ်"

မငယ်က ပြောပြောဆိုဆို ထသွားပြီး တံခါးဖွင့်ပေးလိုက်တော့ ကလေးငါးယောက်လောက်ကို
တွေ့လိုက်ရတယ်။

"ဆရာမဒေါ်မိုးနွယ် ရှိလားဟင်။သားတို့က စာမေးပွဲနီးနေလို့ ဆရာမဒေါ်မိုးနွယ်ဆီမှာ စာလာသင်တာပါ"

  မငယ်က တံခါးပေါက်နားကနေပြီး ကျွန်မကို
အဓိပ္ပါယ်တစ်မျိုးနဲ့ လှမ်းကြည့်တယ်။
  ကျွန်မတို့ရွာက ကလေးတွေက ဒီလိုပဲ။ တစ်ခါ
တစ်လေ လေးငါးယောက်အုပ်စုဖွဲ့ပြီး ကျွန်မတို့
နေတဲ့အိမ်မှာ စာလာကျက်လေ့ရှိတယ်လေ။
အခုလာတဲ့ကလေးတွေက ကျွန်မသင်ကြားပေးရတဲ့ ဒုတိယတန်းက ကလေးတွေပေါ့။

"လာကြလေ သားတို့။ ဆရာမ ဒီမှာရှိပါတယ်"

  ကျွန်မ အသံပေးလိုက်တော့ အိမ်ထောင့်မှာ ခပ်ခွေခွေလေးထိုင်နေတဲ့ကျွန်မကို မြင်သွားကြ
ပြီး ဟေးဟားအော်လို့ အိမ်ပေါ်ကို ပြေးတက်လာကြတယ်။ဒီကလေးတွေကို မြင်လိုက်ရပြန်တော့ ကျွန်မဦးနှောက်ရဲ့ အချက်ပေးသံက
နှလုံးသားတောင့်တသံထက် ကျယ်လောင်နေတယ်ဆိုတာ ကျွန်မ မငြင်းနိုင်တော့ပါဘူး။
ဒီတော့လဲ

"ကဲ စာအုပ်တွေထုတ်ကြ"

"ဆရာမ။ သားကို ဒီစာ ဆိုပြပါလား"

  ကလေးတစ်ယောက် ထိုးပြလာသော စာကို
ငုံ့ကြည့်လိုက်တော့ မျက်ရည်ပေါက်တွေက
စာအုပ်ပေါ် ကျသွားပါလေရော။

"ဟင်! ဆရာမ ငိုနေတယ်။ ဘာဖြစ်လို့လဲဟင်"

"ဘာ...ဘာမှမဟုတ်ပါဘူး သားရဲ့။ ဆရာမမျက်စိထဲ ခုနက ပိုးကောင်ဝင်သွားလို့ပါ။
နေဦးနော်။ ဆရာမ မျက်နှာသွားသစ်လိုက်ဦးမယ်"

  တဖြည်းဖြည်း တုန်ယင်လာတဲ့ အသံတွေကို
ကလေးတွေရိပ်မိသွားမှာစိုးလို့ နောက်ဖေးဘက်
ထွက်လာခဲ့တော့ မငယ်က စိတ်မကောင်းဟန်နဲ့
လှမ်းကြည့်နေသေးတယ်လေ။
  ပြိုဆင်းလာတဲ့ မျက်ရည်စက်တွေကြောင့် ကျွန်မ ဘာကိုရွေးချယ်လိုက်ပြီဆိုတာ ကျွန်မကိုယ်ကျွန်မ သိလိုက်ပါပြီ။
  ကလေးတွေနားပြန်ရောက်လို့ နာရီကိုလှမ်းကြည့်လိုက်တော့ ၈နာရီ၁၀မိနစ်။ကျွန်မတို့အိမ်လေးမှာလည်း စာဆိုသံတွေ ကြွက်ကြွက်ညံလို့ပေါ့။

နတ်စောင်း(ကျိုက်ထို)
၁၅.၁၀.၂၀၁၅
၁၀း၅၁

No comments:

Post a Comment