စစ် (သို့မဟုတ်) မျက်ရည်ဆုံရာမြစ်
(ဝတ္ထုတို)
.....
"ဒိုင်း..ဒိုင်း"
"ဒက်..ဒက်..ဒက်..ဒက်"
"ဝုန်း..ဒုန်း.."
"အား!..."
စစ်မြေပြင်အတွင်း တစ်ဖက်နှင့်တစ်ဖက် အဆက်မပြတ် ပစ်ခတ်နေကြသည့် သေနတ်သံများ၊ လက်နက်ကြီးသံများ၊ပေါက်ကွဲသံများက ဆူညံစွာဖြင့်။
ကျည်ဆန်၊ဗုံးဆန်များ ထိမှန်၍ အော်ဟစ်ငြီးတွား
နေကြသည့် စစ်သားတချို့များမှာမူ ခြေလက်များ ပြတ်ကာ သွေးသံတရဲရဲနှင့် မြင်မကောင်း။ တချို့မှာမူ တစ်စစီလွင့်စင်ထွက်ကာ အသားစိုင်များ ဖရိုဖရဲနှင့်
ခန္ဓာကိုယ်ပင် အစရှာမရတော့ချေ။
"ဖေ..ဖေဖေ..သား..သားကြောက်တယ်"
သားငယ်က သူ့ထိုင်ခုံမှထကာ ကျွန်တော့်ဘေးနားသို့ ပြောင်းထိုင်သည်။
"ဘာလို့ကြောက်တာလဲ သားရဲ့။ တကယ်မှ မဟုတ်တာပဲ။ ဒါက ရုပ်ရှင်ကားလေ"
"ဟင့်အင်း..မသိဘူး။ သား ကြောက်တာပဲသိတယ်
အီး..ဟီး"
ပြောရင်းဆိုရင်းနှင့်ပင် သားငယ်မှာ ငိုလေပြီ။
ကျွန်တော်လည်း မနေသာတော့ပဲ ကြည့်လက်စ
ရုပ်ရှင်ဇာတ်ကားကို ပိတ်ပစ်လိုက်သည်။
"ကြည့်စမ်းပါဦးကွာ..သားက ငိုနေလိုက်တာ မျက်ရည်တွေပါကျလို့။ တိတ်တော့နော် ဖေဖေပိတ်လိုက်ပြီ"
ငါးနှစ်အရွယ်သာရှိသေးသော သားငယ်ကို ကျွန်တော့်ရင်ခွင်ထဲ ပွေ့ချီထားလိုက်သည်။ ခဏအကြာ၌ ဆက်မငိုတော့ပဲ တိတ်သွားလေသည်။ ကျွန်တော့်မျက်နှာကို မော့ကြည့်ကာ
သားငယ်က
"ဖေဖေ...ဦးဦးကရော အဲဒီလိုပဲ စစ်တိုက်ရတာပဲလား" လို့ မေးသည်။
"ဒါပေါ့..သားရဲ့" လို့
အသံခပ်လေးလေးဖြင့် ဖြေလိုက်သည်။
"ဘယ်မှာ တိုက်တာလဲဟင်"
"တောထဲမှာ တိုက်ကြတာလေ"
"ဟင်!..ဘာဖြစ်လို့ တောထဲထိ သွားတိုက်ကြတာလဲ။
မတိုက်ပဲနဲ့ သားတို့လို မြို့ပေါ်မှာပဲနေပေါ့"
"လူဆိုးကြီးတွေက တောထဲမှာနေတာလေ သားရဲ့။
သူတို့နေရာထိ သွားမတိုက်ရင် သူတို့က မြို့ပေါ်လာတိုက်မှာပေါ့။ အဲဒါဆိုရင် ဖေဖေတို့၊သားတို့တွေလည်း ကောင်းကောင်းမနေရတော့ဘူးပေါ့"
"လူဆိုးကြီးတွေက ဘာဖြစ်လို့တိုက်တာလဲ ဖေဖေ"
"သားကငယ်သေးတော့ ဖေဖေရှင်းပြရင်လဲ နားလည်မှာ မဟုတ်ဘူး။ အဲဒီတော့ သားမှတ်
ထားရမှာက ဖေဖေတို့တိုင်းပြည် ငြိမ်းချမ်းရေးမရသေးလို့ပဲ။ ငြိမ်းချမ်းရေးရရင် တိုက်စရာမလိုတော့ဘူးပေါ့။ အဲဒါပဲ"
"ဖေဖေတို့ဟာက ဘာကြီးမှန်းလဲ မသိဘူး။ သားက
ကြီးလာရင် ဦးဦးလို စစ်ဗိုလ်ကြီးလုပ်မလို့။ တော်ပြီ။ သားကြောက်တယ်။ မလုပ်တော့ဘူး"
သူ့ဦးလေးဖြစ်သူ၊ ကျွန်တော့်ညီ စစ်ဗိုလ်ဖြစ်သည်ကိုမြင်၍ အားကျကာ
သားသားကြီးလာရင် စစ်ဗိုလ်ကြီးလုပ်မယ်ဟု တဖွဖွ
ပြောတတ်သော သားငယ်မှာ ယခုမူ စစ်၏ဆိုးကျိုးကို
အနည်းငယ်သာ သိရုံဖြင့် လုပ်လိုစိတ်မရှိတော့ဟု
ဖွင့်ဟလေပြီဖြစ်သည်။
"ဖေဖေ..ဦးဦး ဒီတစ်ခါသွားတာ ကြာလိုက်တာနော်။
ဦးဦးပြန်လာရင် စစ်ဗိုလ်ကြီးမလုပ်ခိုင်းတော့ဘူး။ အိမ်မှာပဲ သားတို့နဲ့ အတူတူနေခိုင်းတော့မယ်။
နော်..ဖေဖေ..နော်"
"ဪ..အင်း..အင်းပါ သားရယ်"
ဘာမှ မသိနားမလည်သေးသော သားငယ်ရဲ့မျက်နှာကို ရင်ဘတ်ထဲ အပ်ထားလိုက်သည်။
ကျွန်တော့်အကြည့်က အိမ်ရဲ့ နံရံမှာ ချိတ်ဆွဲထားသော စစ်ဝတ်စုံအပြည့်ဖြင့် ခန့်ညားလျက်ရှိသည့်
ကျွန်တော့်ညီ၏ ဓာတ်ပုံဆီသို့။
ကြည့်ရင်းနှင့်ပင် မျက်ရည်များက ရစ်သိုင်းလာကာ
အမြင်များ ဝေဝါးလာသည်။စိတ်ထဲတွင်မူ
" ညီလေးရေ...
မင်းသိပ်ချစ်ရှာတဲ့ မင်းရဲ့တူလေး၊
မင်းကိုသိပ်ချစ်ရှာတဲ့ မင်းရဲ့တူလေးက ပြောနေပြီလေ။
ဒီတစ်ခေါက်ပြန်လာရင် စစ်မတိုက်ခိုင်းတော့ဘူးတဲ့။
အိမ်မှာပဲ နေခိုင်းတော့မယ်တဲ့။
ဒါတွေကိုမင်းကတော့ ဘယ်သိနိုင်ပါ့တော့မလဲကွာ။
မင်းအရမ်းဖြစ်ချင်တဲ့ စစ်ဗိုလ်ဘဝနဲ့ပဲ လောက်ကိုင်ဒေသရဲ့
မြေအောက်တစ်နေရာ ထာဝရအိပ်စက်နေပြီပဲလေ။
တကယ်တော့ ညီလေးရာ..
စစ်ဆိုတာကြီးက မျက်ရည်ဆုံရာ မြစ်ကြီးပါကွာ။
ခုပဲကြည့်လေ..
တကယ်မဟုတ်တဲ့ စစ်ကားရုပ်ရှင်ကြည့်တာတောင်
ကြောက်အားလန့်အားနဲ့ မင်းတူလေး မျက်ရည်ကျရတယ်။
အခု ငါလဲ မင်းကိုလွမ်းတဲ့စိတ်နဲ့ မျက်ရည်ကျရပြီ။
ပြီးတော့ မင်းကိုလွမ်းတဲ့စိတ်နဲ့ မေမေလဲ နေ့စဉ်ရက်
ဆက် မျက်ရည်ကျပြီးမှ လောကကြီးက ထွက်ခွာသွားခဲ့ပြီ။
မင်းကိုယ်တိုင်ကရော ဒဏ်ရာတွေနဲ့ သေအံ့ဆဲဆဲမှာ
နာကျင်မှု၊ ဝမ်းနည်းမှုတွေနဲ့ မျက်ရည်ကျသွားခဲ့တယ်
မဟုတ်လား။ တခြားသူတွေမှာရော စစ်ကြောင့်ကျတဲ့ မျက်ရည်တွေ ဘယ်လောက်တောင် များခဲ့ပြီလဲ။
ဒီလိုမျိုးမျက်ရည်တွေ ဟောဒီကမ္ဘာကြီးမှာ
နောက်ထပ်မကျရအောင်လို့ စစ်ပွဲတွေ အပြီးတိုင်
ရပ်တန့်နိုင်ကြပါစေကွာ" လို့
ဆုတောင်းရင်း ရင်ခွင်ထဲမှ သားငယ်ကို တင်းတင်း
ကြပ်ကြပ်ဖက်ကာဖြင့် မျက်ရည်ဖြိုင်ဖြိုင် ကျနေမိပါ
တော့သည်။
နတ်စောင်း(ကျိုက်ထို)
၁၅.၇.၂၀၁၅
No comments:
Post a Comment