အရိပ် (ဝတ္ထုတို)
×××××××
"ဗျို့ ဦးသာအေး။ တီဗွီနဲ့ အောက်စက် ဝယ်လာတာလား"
"အေးဟေ့။ ရန်ကုန်ကနေ ငါ့သား ပိုက်ဆံပို့လိုက်လို့"
ဦးသာအေးတစ်ယောက် ဆိုင်ကယ်အနောက်ကနေထိုင်ပြီး တစ်လမ်းလုံးမေးလာသမျှ
လူတွေကို မညည်းမညူဖြေရင်း ပြန်လာသည်။
"ငါ့တူ ဖြေးဖြေးမောင်းနော်"
လက်ထဲ ပွေ့ဖက်လာတဲ့ တီဗွီနဲ့အောက်စက်
ကိုလည်း ထိခိုက်မိမှာ စိုးရိမ်စိတ်နှင့် တသသ။
ဟုတ်ကဲ့လို့ ဖြေရပါများလာတော့ ဆိုင်ကယ်
တက္ကစီသမားပင် ပြန်မဖြေချင်တော့။
သူ့ဘာသာ သွားလာနေတဲ့ လူတွေတောင်
လှမ်းမမေးမှာစိုးလို့ အရင်နှုတ်ဆက်နေသေး။
အိမ်ရောက်တာနှင့် လုပ်တတ်ကိုင်တတ်သူကို ခေါ်လုပ်ခိုင်းပြီး ဖွင့်ကြည့်နေလိုက်တာများ သဘောတကျကျနှင့်။
"ကိုသာအေး။ သားပို့လိုက်တဲ့ပိုက်ဆံနဲ့ ဒါတွေ
ဝယ်လာတာပေါ့လေ"
"အေးလေ ဘာဖြစ်လို့လဲ"
"ဟောတော် ရှင်ကတော့ လုပ်လာပြီ။ အရင်လ
တွေက သားဆီငွေပို့ဖို့လိုတုန်းက ချေးထားတဲ့
ပိုက်ဆံတွေ အမမြကို ပြန်ဆပ်ရဦးမယ်လေ"
"မယ်ငွေကလည်းကွာ။အတိုးကြွေးမှ မဟုတ်တာ။ဘယ်အချိန် ဆပ်ဆပ်ပါ။ အမမြကလည်း ပြောစရာလူမှ မဟုတ်တာ။ ခုဟာက ငါ့သား ဦးဦးဖျားဖျားပို့တာလေးနဲ့ အမှတ်တရ လုပ်ထား
ချင်လို့ပါ"
"ရှင်တစ်ယောက်နဲ့တော့ ခက်ပါရဲ့ "
"မခက်နဲ့မယ်ငွေ။ငါတို့ တစ်နေကုန် ပင်ပန်းသမျှ
ညကျတော့ ဒါလေးနဲ့ အပန်းဖြေ။ ကဲ ငါ့သား
ဘယ်လောက် ကုသိုလ်ရလိုက်မလဲ။ ဒီနားဝန်း
ကျင်မှာလည်း ဘယ်အိမ်မှ တီဗွီမရှိဘူး။ သူတို့
လည်း လာကြည့်လို့ရတာပေါ့"
"ဟွန်း ရှင့်အကြောင်း မသိရင်ခက်မယ်။ လာသမျှလူတွေကို ဒါ ငါ့သားပို့တဲ့ ပိုက်ဆံနဲ့
ဝယ်ထားတာပါဆိုပြီး ကြွားချင်တာလည်း ပါတယ်မဟုတ်လား"
"အဟီး ဒါကတော့ကွာ"
×××××××××
တစ်နေ့တစ်နေ့ လင်မယားနှစ်ယောက်
ပင်လယ်ထွက်ပြီး ငါးရှာလိုက်။ ညရောက်ရင်
တီဗွီကြည့်လိုက်နှင့် ပင်ပမ်းသည်မထင်။
တံငါသည်အိမ်အများစုသာ နေထိုင်သည့်
ရပ်ကွက်ငယ် ဆိုပေမယ့် ကျိုက်ထိုမြို့ပေါ်မှာပင်
တည်ရှိသည်။ အချို့ တံငါသည်များက စက်လှေ
ကြီးငယ်များဖြင့် ပင်လယ်ထွက်ငါးရှာကြသည်
မှာ ဆယ့်ငါးရက်၊တစ်လ ကြာမြင့်တတ်ပေမယ့်
ဦးသာအေးတို့လို့ တစ်နိုင်တစ်ပိုင် လှေငယ်လေးများဖြင့် နီးနီးနားနားလောက်သာ
နေ့ချင်းပြန် လုပ်ကိုင်သူများလည်းရှိသည်။
ဦးသာအေးနှင့်မယ်ငွေတို့မှာ သားတစ်ယောက်သာ ထွန်းကားသည်။ သားဖြစ်သူ
အရွယ်ရောက်လာတော့ အဖော်ကောင်း၍
ရန်ကုန်လိုက်သွားသည်။ ထောက်ကြန့်နားတွင်
ဆိုင်ကယ်ပြင်ဆိုင်တစ်ခု၌ သင်လုပ်
လုပ်နေသည်ဆို၏။ ရန်ကုန်ဆိုသည်မှာ ဆိုင်ကယ်မစီးရနယ်မြေဟု ကြားဖူးသော်လည်း ထောက်ကြန့်ဘက်တွင်မူ ရံဖန်ရံခါ ဖမ်းစီးနေ
သော်လည်း စီးနင်းနေကြကြောင်း သိရသည်။
ဒီလောက်အလုပ်ကတော့ ကိုယ့်မြို့မှာလုပ်လည်း ရတာပဲလို့ ပြောချင်ပေမယ့် လူငယ်သဘာဝ နယ်မြေအသစ် စူးစမ်းလိုစိတ်ကြောင့်မတားသာ။အစပိုင်းတွင် မယ်မယ်ရရ
လုပ်အားခမရသေး။အသုံးအစွဲ မလုံလောက်ဟု
ဆိုသဖြင့် နှစ်ကြိမ်၊သုံးကြိမ်ခန့် ငွေပို့ခဲ့ရသေး
သည်။ ယခု တတ်မြောက်ကျွမ်းကျင်ပြီး ဝင်ငွေ
များလာ၍ ငွေနှစ်သိန်းပို့လိုက်သည်။ မိဘနှစ်ပါး
ပျော်မဆုံး။
တစ်ည။ အချိန်က ည ကိုးနာရီခန့်။
သားတော်မောင် မိန်းမခိုး၍ ခေါ်လာသည်။မိဘ
ဝတ္တရားအတိုင်း ပြန်အပ် ထိန်းမြားပေးရပေတော့မည်။
နေ့ခင်းဘက် ကမ်းကပ်လာတဲ့ လှေတွေပေါ်က ငါးပိစိမ်းတွေ တက်လာတဲ့အချိန်ဆို
သားတော်မောင် အမျိုးသမီးလေးက မြို့ကြီးသူ
ပီပီ နှာခေါင်းရှုံ့ သည်။ စားလက်စ
ထမင်းပန်းကန်တောင် စားမဝင်တော့ဟုဆိုကာ
ဆက်မစားတော့။ ဒေသခံတွေ အဖို့တော့ ငါးပိ
စိမ်းနံ့ဟာ ရေးကြီးခွင်ကျယ် မဟုတ်တော့။
ရန်ကုန်လိုက်သွားပြီး လက်ထပ်ပေးလိုက်
တော့ သားနှင့်ချွေးမက ကျိုက်ထိုကိုပြန်မလိုက်။
သူတို့ဒေသမှာပဲ လုပ်ကိုင်စားသောက် လိုကြသည်။ ချွေးမလေး စနက်ကြောင့်ပဲဖြစ်မည်။ ချွေးမလေးရဲ့ မိဘများကလည်း သာမန်
လက်လုပ်လက်စားဘဝ။ပြေပြေလည်လည်မဟုတ်။သားတော်မောင်က ဆိုင်ကယ်ပြင်ဆိုင်မှာပဲ ဆက်လက်မည်တဲ့။
ဒီတော့ ဦးသာအေးနှင့် မယ်ငွေတို့ပဲ ကျိုက်ထိုသို့ ပြန်လာရတော့သည်။
ချွေးမလေး ကိုယ်ဝန်ရှိပြီကြားတော့ ဦးသာအေး မနေနိုင်မထိုင်နိုင်ဖြစ်ပြီ။ မြေးဆိုတဲ့အသိ
ဝင်ကတည်းက လှုပ်လှုပ်ရွရွ။
"မယ်ငွေ ငါတို့ ရန်ကုန်ပြောင်းရအောင်"
"ဘယ်လို"
"ငါတို့ချွေးမက ငါတို့ဆီလာနေမှာ မဟုတ်ဘူး။
ငါတို့ပဲ သွားနေရအောင်။ မြေးချီရအောင်လေကွာ"
"ရှင်က ငါးပဲဖမ်းတတ်တာလေ။ ဟိုမှာ ဘာလုပ်
စားမှာလဲ။ မဖြစ်နိုင်ပါဘူး ကိုသာအေးရယ်"
သို့သော် မယ်ငွေစကားက အရာမထင်။
ရှိသမျှတွေ ရောင်းချလို့ ရန်ကုန်တက်ခဲ့ပြီ။
ချောင်ကျကျ မြေကွက်လေးတစ်ကွက်သာ ကြိုက်ဈေးမရ၍ ကျန်ခဲ့သည်။
သားတော်မောင်ကို ဆိုင်ကယ်အပိုပစ္စည်းဆိုင်
နှင့် ပြင်ဆိုင် တွဲဖွင့်ပေးလိုက်သည်။ ပါလာတဲ့ငွေ
တက်တက်ပြောင်။ ဦးသာအေးက သားဆီမှာပဲ
တောက်တိုမည်ရ ကူပေးရင်း ဆိုင်ကယ်ဝိုင်းပြင်
သည်။သားက လုပ်အားခသဘောမျိုး ပြန်ပေးသည်။
"ကိုသာအေး။ ရှင့်အလုပ်နဲ့ရှင်တော့
ဟုတ်နေတာပဲနော်"
"ငါ့တို့အတွက်မှ မလိုတော့တာပဲ မယ်ငွေရယ်။
ဟော အခုဆို။ ငါ့သားလည်း အခြေကျ။ ငါတို့လည်း အနီးကပ်နေရ။မကြာခင် မြေးလည်း
ချီရတော့မယ်ကွ"
တဖြည်းဖြည်း ဆူထွက်လာတဲ့ ချွေးမလေးရဲ့
ဗိုက်ကိုကြည့်ပြီး ဦးသာအေးတစ်ယောက် တပြုံးပြုံး။
တစ်နေ့။ဆိုင်မှာ လူကျချိန်။ ထမင်းစားချိန်
လည်း ကျော်နေပြီ။ ဦးသာအေးကတော့ မည်မည်ရရ အလုပ်မရှိသူမို့ မယ်ငွေလာပို့တဲ့ ထမင်း
ချိုင့်နဲ့ စားပြီးနေပေမယ့် သားတော်မောင်ကိုကြည့်ပြီး စိတ်မကောင်း။ သားတော်မောင်က
ဆိုင်ကယ်ပိုင်ရှင်တွေ လောနေသည်မို့ ပြင်စရာ
တွေ တသီကြီးနှင့် မစားရသေး။
"သား အဖေ ဘာကူလုပ်ပေးရမလဲ"
"ရတယ်အဖေ။ ဒါတွေက အဖေမလုပ်တတ်ဘူး"
"ဟိုဘီးက ဘာလုပ်ရမှာလဲ"
"ကာဘာဖြုတ်ပြီးမှ ပြင်ရမှာ"
"ဒါဆို အဖေဖြုတ်ပေးထားမယ်လေ။ ကာဘာလောက်တော့ ဖြုတ်တတ်ပါတယ်"
"ဟုတ်အဖေ။ သေချာတော့လုပ်နော်"
ဦးသာအေးတစ်ယောက် လက်စွမ်းပြလေပြီ။
မကြာပါဘူး။ဂွပ်ခနဲအသံနှင့်အတူ ဆိုင်ကယ်ပိုင်ရှင် ထအော်လေပြီ။
"ဟာ ဦးလေး။ သွားပါပြီဗျာ။ မူလီတွေ ကုန်အောင်မဖြုတ်ပဲနဲ့ အတင်းဆွဲခွာတော့ ကွဲပြီပေါ့။
ဒါ ရောင်းဖို့ဆိုင်ထားတဲ့ဘီး။ လျော်ဗျာ"
သားတော်မောင်ကလည်း ကပျာကယာ ပြေး
ကြည့်ပြီး အသံတိတ်သွားသည်။
ချွေးမဖြစ်သူက ဒေါသတကြီးလေသံဖြင့်
"ဟာ အဖေတို့လုပ်လိုက်ရင် တလွဲကြီးပဲ။ဟိုနေ့
က တစ်ခါဖြစ်ပြီးပြီ။ အခုဟာက ပိုဆိုးတယ်။
ယိုးဒယားဘီး။ ယိုးဒယားပစ္စည်းဆိုတာ ဒီနားမှာ
လွယ်လွယ်လိုက်ရှာလို့ ရတာမဟုတ်ဘူး။
လုပ်မတတ်ရင်လည်း အေးအေးဆေးဆေးနေ။
မကူညီချင်ရင်နေ မနှောင့်ယှက်ပါနဲ့။ တကယ်ပဲ"
ဦးသာအေး မျက်နှာငယ်လေးနှင့် အသံတိတ်နေသည်။ထိုဆိုင်ကယ်ကာဘာက တကယ်လည်း ရှာဝယ်၍မရခဲ့။ လျော်ပေးရလေ
၏။ ချွေးမက ဦးသာအေးကို စကားမပြောတော့။
ထိုညက ဦးသာအေး တော်တော်နှင့် အိပ်မပျော်။
"ကျိုက်ထိုပြန်နေရအောင် ကိုသာအေးရယ်။ ဟိုမှာမြေတစ်ကွက် ရှိသေးတာပဲ။ ဖြစ်သလို လုပ်ကိုင်စားကြတာပေါ့။ ရှင် အခုလို အပြောခံရတော့ကျွန်မရင်ထဲ မကောင်းလိုက်တာ"
ဦးသာအေး အတန်ကြာ ငြိမ်သက်သွားပြီးမှ
"ငါ မနက်ဖြန် ကျိုက်ထိုသွားမယ်။ လေးငါးရက်
လောက်တော့ ကြာမယ်ထင်တယ်"
ထိုညက ဦးသာအေးရော မယ်ငွေပါ တော်တော်နှင့် အိပ်မပျော်ကြ။ မိုးလင်းအစောကြီး ဦးသာအေး ကျိုက်ထိုသို့ ထထွက်သွားသည်။
ဆယ်ရက်ခန့်ကြာပြီးနောက် ဦးသာအေး
ငွေထုတ်ပိုက်၍ ပြန်ရောက်လာသည်။
"ဟင် ရှင် ရှင် ဘာလုပ်လာပြန်ပြီလဲ"
"ကျန်ခဲ့တဲ့မြေကွက်ကို ရတဲ့ဈေးနဲ့ သွား
ရောင်းလိုက်တာလေ။ဟိုနေ့က ဆိုင်ကယ်ပိုင်ရှင်ကို ခခယယတောင်းပန်နေရတဲ့
ငါ့သားမျက်နှာ မျက်စိထဲကကို မထွက်ဘူး။
ငါ့ရင်ထဲ မကောင်းလိုက်တာ မယ်ငွေရယ်။
အဲဒီယိုးဒယားပစ္စည်း ငါ့သားဆိုင်မှာသာ
တင်ရောင်းထားရင် ဘာအောက်ကျစရာလိုလဲ။ ပြန်လဲပေးလိုက်ရုံပဲလေ မဟုတ်ဘူးလား။ ဟောဒါက ငါ့သားအတွက် အရင်းအနှီး။
ယိုးဒယားပစ္စည်းတင်ရောင်းဖို့"
"ဟောတော်"
နတ်စောင်း(ကျိုက်ထို)
၂၄ ဇန်န၀ါရီ ၂၀၁၆
No comments:
Post a Comment