May 13, 2017

လှသန်းကဗျာများပေါင်းချုပ်.(၁)


လှသန်းကဗျာများပေါင်းချုပ်.(၁)
( လှသန်းပေါင်းချုပ်ဝယ်မရတဲ့ နယ်ကကဗျာချစ်သူများအတွက်)
==========================================

မိုးတိမ်မဖြစ်သေးတဲ့ရေခိုးရေငွေ့ များ
-----------------------
(လှသန်း )
၁၃ နှစ်သားလောက်က
ပုဂံစာအုပ်တိုက်ကိုအားကျ
စာအုပ်တိုက်တစ်တိုက် တည်ထောင်ချင်ခဲ့တယ်
၁၆ နှစ်သားမှာ
ရှုမ၀ ၊  မိုးဝေ မဂ္ဂဇင်းတွေကိုသဘောကျ
မဂ္ဂဇင်းတစ်အုပ် ထုတ်ချင်တဲ့စိတ် ပြင်းပြခဲ့တာပေါ့
၁၈ နှစ်သားမှာ
သတင်းစာတစ်စောင် ထုတ်ရရင်ကောင်းမလား
စိတ်ကူးတွေ ထွားကြိုင်းခဲ့ပြန်ပေါ့  တစ်ခါ
အသက်အစိတ်မှာ
ကိုယ်ပိုင်အသံလွှင့်ရုံ တစ်ရုံ ရှိချင်တဲ့စိတ်နဲ့
အိပ်လို့တောင်မပျော်ခဲ့ဘူး
အခုအချိန်မှာ
“ ဂျိန်း ဖွန် ဒါ”  ရဲ့  ယော ကျာင်္း “တက်ဒ်တာနာ ” တို့လို
CNN ရုပ်သံလွင့်ကုမဏီ ကြီး ပိုင်ဆိုင်ချင်ပြန်ရဲ့ 

ကဲ   ဘယ့် နှယ်လုပ်မလဲ
ဒါတွေဟာမဖြစ်နိုင်မှန်းလည်း သိပါတယ်
အဲဒီကြားထဲက
၂၀ ရာစုမကုန်ခင်မှာ
ကဗျာရှည်တစ်ပုဒ်ကို
အင်တာနက်ကနေ ထုတ်လွှင့်ချင်ပြန်သတဲ့
တယ်ခက်ပါလား ... ။
လှသန်း
(သေတ္တာထဲက အနုပညာ  လက်ေ၇းကဗျာစာအုပ်ထဲမှကောက်နှုတ်ဖေါ်ပြပါသည် )
**************************************************

ပြက္ခဒိန်မှာ အနီရောင်နဲ့ ပုံနှိပ်ထားတဲ့နေ့ (လှသန်း)
----------------------------------------------
ဘတ်စ် မှတ်တိုင်မှာ  ဟာလာဟင်းလင်း
လမ်းပေါ်မှာ ယာဉ်အသွားအလာ ရှင်းလို့
ဘုရားကျောင်းကခေါင်းလောင်းသံ
ကြည်နူးဖွယ်ရာ လွင့်ပျံဆဲ

စက်ရုံအလုပ်ရုံတွေ တံခါးပိတ်
စာသင်ခန်းတွေ တံခါးပိတ်
ရုံးခန်းတွေ တံခါးပိတ်
အရေပြားကချွေးပေါက်တွေ တံခါးပိတ်
ပြက္ခဒိန်မှာ အနီရောင်နဲ့ ပုံနှိပ်ထားတဲ့နေ့

နာနတ်သီးတစ်စိတ်
စီးကရက် တစ်လိပ်နဲ့
အရိပ်ကောင်းကောင်းသစ်ပင်အောက်မှာ
ဘာဇောမှကပ်ငြိမှုမရှိ
တစ်ယောက်ထဲ အေးချမ်းမှုအတိ

ရက်သတ္တ တစ်ပတ်မှာ
တစ်ရက်သာရတဲ့အခွင့်အရေး
ဘုရားသခင်ပေးသလား
ကျေးဇူးတော် အန  န္တ
ဘ၀ရဲ့ အရေးကြီးတဲ့နေ့တွေထဲက
အရေးအကြီးဆုံးနေ့
ပြက္ခဒိန်မှာ အနီရောင်နဲ့ ပုံနှိပ် ထားတဲ့နေ့  ။

လှသန်း
**************************************************

ညရထား
--လှသန်း---
---------------------------
လယ်ကွင်းတွေ ပိုးလိုးပက်လက်
ပြက်ချော်ချော် လရောင်အောက်မှာ
လေပြင်းအော်သံကို မြင်ရတယ်။
ချောင်းမြောင်းတွေ တွန့်လိမ်ကွေ့ကောက်
မွဲခြောက်ခြောက်မျက်နှာ
သွေးဆုတ်နေတာကို ကြားရတယ်။
ဘာမှမတွေးနဲ့ ရွာငယ်တို့
အိပ်ရေး၀၀အိပ်ကြ
သွားကြိတ်သံတွေကို မြင်ပါတယ်။
လက်တွဲမဖြုတ်နဲ့ ဓာတ်တိုင်များ
ကြွက်သားတွေကို ညှစ်ထုတ်
လှုပ်ရှားမှုကို ကြားရတယ်။
အငွေ့တထောင်းထောင်းနဲ့
အတောမသပ် ခုတ်မောင်း
အားကောင်းမောင်းသန်
ငါ့အသက်ရှူသံကိုရော တွေ့ကြလား။ ။
**************************************************

ပြီး ပြည့် စုံတဲ့ က မ္ဘာ
_______________________
မှုန်နေတဲ့မျက်လုံးတွေအတွက်
မျက်မှန်အကောင်းစားတွေရှိခဲ့ပြီ
ပိတ်နေတဲ့နှာခေါင်းတွေအတွက်
ဟင်းခတ်အမွှေးအကြိုင်တွေရှိခဲ့ပြီ
လေးနေတဲ့နားတွေအတွက်
ဥသြဆွဲသံတွေရှိခဲ့ပြီ
အဆီပြန်မျက်နှာတွေအတွက်
ရေခဲစိမ်မျက်နှာသုတ်ပုဝါတွေရှိခဲ့ပြီ
နံစော်နေတဲ့ခန္ဓာကိုယ်တွေအတွက်
ကမ္ဘာကျော်ရေမွှေးတွေရှိခဲ့ပြီ
ညောင်းညာနာကျင်ကိုက်ခဲမှုတွေအတွက်
ပြည်တွင်းဖြစ်ဒါဏ်ကြေလိမ်းဆေးတွေရှိခဲ့ပြီ
မှိုတက်နေတဲ့သီချင်းတွေအတွက်
ဓါတ်ပြားအသစ်တွေရှိခဲ့ပြီ
လိမ်ညာနေတဲ့ကဗျာတွေ၊၀တ္ထုတွေအတွက်
မသမာတဲ့စာမျက်နှာတွေရှိခဲ့ပြီ
ဖုံတက်နေတဲ့သတင်းစာတွေအတွက်
လျှာထွက်နေတဲ့ချိန်ခွင်တွေရှိခဲ့ပြီ
အညောင်းမိနေတဲ့ဦးနှောက်တွေအတွက်
ဘက်လိုက်တတ်တဲ့ကွန်ပျူတာတွေရှိခဲ့ပြီ
စိတ်ကူးတွေထင်ရာစိုင်းးဖို့အတွက်
နောက်ခံသမိုင်းအချက်အလက်တွေရှိခဲ့ပြီ
ပုတ်သိုးတဲ့ခန္ဓာကိုယ်တွေအတွက်
လတ်ဆတ်တဲ့အစားအစာတွေရှိခဲ့ပြီ
မစင်ကြယ်တဲ့အာရုံတွေအတွက်
ဝိပဿနာတရားတွေရှိခဲ့ပြီ
မလွတ်မြောက်နိုင်တဲ့ဘ၀တွေအတွက်
မဂ္ဂင်ရှစ်ပါးရှိခဲ့ပြီ ။
#လှသန်း
**************************************************

ဆူးလေလမ်းရာဇဝင်
____________________
ဆူးလေလမ်းဟာ
အိပ်ရာက နိုးပြီဆို
ဗဟိုမီးသတ်ကို နှုတ်ဆက်
' လက်ရွေးစင် ' မှာ
လက်ဘက်ရည်တခွက်သောက်လိုက်တယ် ။
ဆူးလေလမ်းဟာ
အမောင်းကြမ်းတဲ့
' ဒတ်ဆန်း ' ကားတွေကို
ကျိန်ဆဲနေတတ်တယ် ။
ဆူးလေလမ်းဟာ
နိုင်ငံခြားပစ္စည်းတွေကို
အငမ်းမရငေးကြည့်တတ်တယ် ။
ဆူးလေလမ်းဟာ
ဆယ်တန်းကျောင်းသားတွေနဲ့ အတူ
ကျူရှင်တက်တယ် ။
ဆူးလေလမ်းဟာ
ရေတမာပင်တန်းအောက်က
လက်ကိုင်ပဝါအနွမ်းလေးတထည်
ကောက်ရခဲ့ဖူးတယ် ။
ဆူးလေလမ်းဟာ
' ဗန္ဓုလပန်းခြံ ' ထဲမှာ
ဆိုးသွမ်းလူငယ်တွေနှင့်အတူ
ဆေးခြောက်ရှူဖူးတယ် ။
ဆူးလေလမ်းဟာ
မာကြူရီအလင်းတန်းအောက်မှာ
ခရေပန်းကောက်တဲ့ ကလေးတသိုက်
ကားတိုက်ခံရမှာစိုးရိမ်နေတယ် ။
ဆူးလေလမ်းဟာ
ဆူးလေဘုရားပွဲမှာ
' လပ်ကီးဆဲဗင်း ' လဲကစားဖူးတယ် ။
ဆူးလေလမ်းဟာ
ဗန္ဓုလပန်းခြံစက္ကူပန်းရုံနား
လမ်းဘေးလက္ခဏာဆရာဆီမှာ
အနာဂတ်အတွက်
လက္ခဏာကြည့်နေပြန်ပါရော ……… ။
#လှသန်း
(မောင်လှသန်းကလောင်အမည်ဖြင့်
မိုးဝေစာပေမဂ္ဂဇင်း ၁၉၈၂
လှသန်း ၏ ပထမဆုံးပုံနှိပ်ကဗျာ)
**************************************************
ပါပါရာဇီဘူဘူဇီလာဂျာဘူလာနီ နှင့်
က မ္ဘာဖလားဘောလုံးပွဲ ပြီးသွားသောအခါ
__________________________________
ဂစ်တာတီးတတ်တော့
ဘောလုံးကန်တာကိုရပ်
ကဗျာစပ်တတ်တော့
ဂစ်တာတီးတာကိုရပ်
စာအုပ်တွေ အများကြီးဖတ်မိတော့
ကဗျာစပ်တာကိုရပ်
ခရီးတွေ မကြာခဏထွက်ဖြစ်ပြန်တော့
ကဗျာပြန်ရေးချင်လာမိ
သူများမြေပေါ် ရှူးဖိနပ်နဲ့ ခြေချမိတော့
အိမ်အလွမ်းစိတ် အထီးကျန်ဝေဒနာနဲ့
ကဗျာတွေ ပြန်ရေးဖြစ်ပေါ့
၂၀၁၀ က မ္ဘာဖလားမှာဘောလုံးသမားတွေစီးတဲ့
ဖိနပ်တွေ အားလုံးကိုသဘောကျတယ်
အားကစားကိုဝါသနာမပါပေမယ့်
က မ္ဘာဖလားဘောလုံးပွဲတော်တော်များများကိုကြည့်ဖြစ်တယ်
( လေးနှစ်တကြိမ်ကျင်းပတာမို့ )
ညဥ့်နက်ပွဲတော်တော်များများ ကြည့်ဖြစ်
( အိပ်မပျော်လို့ … )
ဘောလုံးပွဲကြည့်နေရင်း
သူငယ်ချင်းဇော်ထွဋ်နိုင် ကိုအထူးသတိရမိ
က မ္ဘာဖလားမှာနာမည်ကြီးဘောလုံးသမားတွေ
တယောက်မှ ခြေစွမ်းမပြနိုင်ဘူး
( မက်ဆီစီရော်နယ်ဒိုရွန်းနီ )
မဆီမဆိုင် ရေဘဝဲကအစွမ်းပြသွားတယ်
အောင်ခိုင်မြတ်ကတော့ တန်ပါတယ်
ရှာကီယာနဲ့ အိပ်မက်ထဲတညတွေ့တယ်တဲ့ ။
( ဝါကာဝါကာ )
This time for အောင်ခိုင်မြတ်
အစ်ကို့သားလေးကိုဘူဘူဇီလာဝယ်ပေးချင်တာ
ကလေးကစားစရာဆိုင်မှာဘူဘူဇီလာမရှိ
ညီရဲ့သားအငယ်ကောင်ကို
ဂျာဘူလာနီဝယ်ပေးချင်တာလည်းဒီမှာမရှိအလကားလျှောက်ပြောနေတာ
ကိုယ့်ဟာကိုယ်တောင်
အာဂျင်တီးနားဂျာစီအင်္ကျီတထည်မဝယ်နိုင်
က မ္ဘာ့ဖလား ပြီးသွားတော့ ညဘက်ဘာလုပ်ရမှန်းမသိ
အိပ်လို့မပျော် ကြောင်တောင်တောင်
အဲဒါနဲ့ လေဒီဂါဂါ ရဲ့ ပါပါရာဇီကိုပြန်ကြည့်မိ
က မ္ဘာ့ဖလားပြီးတော့
ကြည့်ဇော်အေးခြေဖဝါးကွဲသွားတယ်
တောရက်စ် အစားသူကခြေစွမ်းပြတာ
ပုလင်းကိုတန်ဖိုးမထားမလေးစားတဲ့ကောင်
ဘယ်လိုလုပ်ကြီးပွါးမှာလဲ
ပုလင်းကိုရိုက်ခွဲရင်
မင်းလည်းအသည်းကွဲမှာပဲ ။
#လှသန်း
**************************************************

ငါ့ဆီကနေငါထွက်ပြေးတာ
ပေါ့သေးသေးကိစ္စမဟုတ်ဘူး
________________________
ငါ့အကြံအစည်က
ငါ့ကိုယ်ငါ ချန်ထားခဲ့ပြီး
ငါနဲ့ဝေးရာငါထွက်ပြေးဖို့ပဲ
တိုင်ကပ်နာရီအိုကြီးထဲမှာ
ငါ့ကိုယ်ငါ ချန်ထားခဲ့မယ်
ခြင်ထောင်အဟောင်းကြီးထဲမှာ
ငါ့ကိုယ်ငါ ချန်ထားခဲ့မယ်
ခေါင်းမာတတ်တဲ့ ငါ့ဦးခေါင်းကို
ငါ ချန်ထားခဲ့မယ်
မြောက်လေလိုသရမ်းတတ်တဲ့
ငါ့ရဲ့လက်တွေကိုငါ ချန်ထားခဲ့မယ်
ရောက်တဲ့နေရာကနေဂိုးအောင်ကန် တတ်တဲ့
ငါ့ရဲ့ခြေထောက်တွေကိုငါချန်ထားခဲ့မယ်
ပစိပစပ်များတတ်တဲ့ငါ့ရဲ့ပါးစပ်တွေကို
ဖိနပ်ချွတ်မှာငါချန်ထားခဲ့မယ်
ငါ့နေ့စွဲတွေနဲ့ငါလမ်းခွဲခဲ့ပြီ
ငါထွက်ပြေးခဲ့တာ
ငါ့ခံစားမှုကနေငါ့ပညာဥာဏ်ရှိရာကိုလား
ငါ့နှလုံးသားနဲ့ငါ့ဦးနှောက်ကိုပင့်တင်ရင်း
ငါ့ဆီကနေငါလွင့်စင်မယ်
ငါလွတ်လပ်ချင်လို့ငါငြိမ်းချမ်းချင်လို့
ငါထွက်ပြေးခဲ့တာ
ငါညင်သာပါတယ်ကွာ
ငါ့ကိုယ်ငါ စွန့်လွှတ်ကြောင်းကြေငြာဖို့
သတင်းစာတိုက်ကိုငါထွက်လာခဲ့တယ်။
#လှသန်း
**************************************************
လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း(၃)
_____________________
ဖြစ်နိုင်ရင်
အံသွားအသစ်လဲချင်တယ်
အဆုပ်အသစ်လဲချင်တယ်
ဦးနှောက်နဲ့ အသည်းနှလုံးကို ဒီအတိုင်းထားလိုက်ပါတော့
နှစ်နှစ်ခြိုက်ခြိုက် မှားခဲ့ပြီပဲ
အရသာခံတယ်
ကင်တာကီကြက်ကြော်ကို အရသာခံတယ်
စကော့ခ်ျဝီစကီကို အရသာခံတယ်
ဟောလီးဝုဒ်ရုပ်ရှင်တွေကို အရသာခံတယ်
ပုံနှိပ်စာလုံးတွေကို အရသာခံတယ်
ဆန့်ကျင်ဘက်လိင်ကို အရသာခံတယ်
ငွေစက္ကူတွေကို အရသာခံတယ်
အာသာမပြေဘူး
အင်းစတန့်အစားအစာတွေနဲ့ အာသာမပြေဘူး
ခပ်ညံညံ ဘီယာတွေနဲ့ အာသာမပြေဘူး
အပေါစားအိပ်ရာတွေနဲ့ အာသာမပြေဘူး
သွေးပြန်ကြောထဲ တိုက်ရိုက်မရောက်တဲ့ အနုပညာနဲ့
အာသာမပြေဘူး
သံဆူးကြိုးပတ်ထားတဲ့ ဖယောင်းတိုင်အလင်းနဲ့
အာသာမပြေဘူး
ကာကီရောင်မိုးဥတုနဲ့ အာသာမပြေဘူး
အာသာမပြေဘူး
အာသာမပြေဘူး
သင်္ဘောမြုပ်မှာကို ကြိုသိနေတဲ့ ကြွက်တစ်ကောင်
စာရွက်တစ်ရွက်လို ဆုပ်ဖြဲခံရခြင်းများ
ရွဲ့စောင်းသွားတဲ့ အာရုံမြင်လက်ရေး
လည်ချောင်းထဲ နင်နေတဲ့အိပ်မက်
ထွေးထုတ်လို့မရတဲ့ သက္ကရာဇ်
ရင်ဘတ်ပေါ် ပြုတ်ကျလာတဲ့ ကြယ်တစ်ပွင့်
သော့တူတစ်ချောင်းလို ပရိယာယ်
ကွယ်လွန်သွားပြီဖြစ်သော လပြည့်ည
ဒါတွေဟာ ငါတွေ့ခဲ့ရတဲ့ မီးခိုးလုံးတွေ
မိုးတိမ်တွေ အရည်ဖျော် ခေါင်းလျှော်ပြီးပြီ
နားထင်ရောက်နေတဲ့ သွေးနဲ့ခြေဆေးဖို့
ကမ္ဘာ့မြို့ကြီးအားလုံးကို အကြောင်းကြားလိုက်ပါတယ်
မွေးမြူရေး ငါးတစ်ကောင်မဟုတ်ခဲ့တာကို
ဂုဏ်ယူပါရစေ။ ။
#လှသန်း

**************************************************
လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း(၂)
____________________
ညနေစောင်း ထိုင်ခုံပေါ်မှာ
သရုပ်ဆောင်ကောင်းတဲ့နားရွက်တစ်စုံနဲ့
ဝါရှင်တန်ကို နားထောင်တယ်
လန်ဒန်ကို နားထောင်တယ်
ရန်ကုန်ကို နားထောင်တယ်
ခုံမင်စရာကောင်းတဲ့ ကမ္ဘာကြီးပေါ်မှာ
ပြင်းထန်တဲ့ယုံကြည်ချက်တွေရှိနေရဲ့
ရေစီးကြောင်းတွေကို
ပြောင်းပြန်လှန်ကြည့်ရတာ
အရသာမတွေ့ဘူးလား
နှလုံးသားထဲက သမိုင်းအတွက်
ဦးနှောက်ထဲက သမိုင်းအတွက်
လှိုင်းလုံးကြီးတွေ တည်ဆောက်ကြည့်တယ်
မဟာတံတိုင်းကြီးကိုလည်း ခေါင်းနဲ့ပြေးဆောင့်မိတယ်
တစ်ခါက အဆောက်အဦးသုတေသနဌာနမှာ
ငါဟာ အလုပ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်
အဆောက်အဦးတွေရဲ့ အတွင်းရေးကို
သိသင့်သလောက်တော့ သိခဲ့ပါရဲ့
ခုတော့ ငါဟာ လက်မရွံ့ကဗျာဆရာ
လူနာတွေမရှိဘဲ ဆရာဝန်တွေရှိပါ့မလား
ဘဏ်တိုက်တွေမရှိဘဲ ဘဏ်ဓားပြတွေရှိပါ့မလား
ဟောဒီကျောက်နံရံထက်မှာ
ငါတို့မျိုးဆက်ရဲ့အသံကို ထွင်းထုလိုက်မယ်
တစ်ချိန်ချိန်မှာ မတန်မဆ အနစ်နာခံမှုတွေ
ကြီးမြတ်လှပစွာ ရှင်ပြန်ထမြောက်လာမယ်
ငါ့ကိုယ်ငါ သရဏဂုံတင်ပြီးပြီ
ကိုဖော်ဝေးကို သစ္စာခံဖို့
ခေတ်ပေါ်ကဗျာစေတီမှာ ထီးတော်သစ်တင်လှူပူဇော်ဖို့
မြန်မာကဗျာတွေကို ပထမဆုံးအကြိမ် သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။ ။
#လှသန်း
**************************************************

လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း(၁)
____________________
လက်တစ်ကမ်းမှာ
အောင်မြင်မှု၊ သေခြင်းတရားနဲ့
မှုန်ဝါးဝါးရာစု အသစ်တစ်စု ရှိနေရဲ့
မိန်းမတစ်ယောက်က ကျွန်တော့်ကိုစောင့်နေတာလား
ကျွန်တော်က မိန်းမတစ်ယောက်ကို စောင့်နေတာလား
ခြေလှမ်းတွေမှာ အပြစ်မရှိ
သိပြီးသားကိစ္စတွေပါ
လိုအပ်နေတာက ခရက်ဒစ်ကတ်လဲမဟုတ်
ဇိမ်ခံကားလည်းမဟုတ်
ကွန်ဒိုမီနီယမ်လည်းမဟုတ်
ဒီနေ့လိုအပ်နေတာက
လွတ်လွပ်မှုနဲ့ ထိမ်းမြားလက်ထပ်ဖို့သာ
ဒါပေမယ့် စေ့စပ်ကြောင်းလမ်းခြင်းတောင် မအောင်မြင်
ခက်တာက
ဘုရားသခင်ကလည်း ကိုယ်ဘက်မှာမရှိ
ရာသီဥတုကလည်း ကိုယ်ဘက်မှာမရှိ
ဖြစ်နေပုံက မချိမဆန့်
ဒါပေမယ့် လိပ်ပြာသန့်ခဲ့တယ်
ရထားက ဘူတာရုံကို လိုက်ရှာနေတာလား
ဘူတာရုံက ရထားကို လိုက်ရှာနေတာလား
သံလမ်းတွေမှာ ခံစားချက်မရှိ
ပူပြင်းတဲ့ခေါင်းစဉ် ကိုသယ်ထမ်းရင်း
ဘယ်နှစ်ယောက်လောင်ကျွမ်းခဲ့ပြီလဲ
ကိန်းဂဏန်းအတိအကျ မဖော်ပြနိုင်
“ပြုတ်မကျစေနဲ့ . . .
ပြုတ်မကျစေနဲ့ . . . ”တဲ့
ငါ့ကို ဆွဲမထားတဲ့အရာက ဘာများပါလိမ့်
ငြီးငွေ့မှုတွေက စခဲ့တာလား
တပ်မက်မှုတွေက စခဲ့တာလား
ဒီဘ၀အတွက် မလေးရှားမှာ ကားရေဆေးတယ်
နောက်ဘ၀အတွက် ကဗျာရေးတယ်
ဒါဟာ ကျွန်တော်နဲ့ လောကကြီးရဲ့ ဆက်ဆံရေးပါပဲ
သွေးကြောထဲက ကြေငြာချက်မှာ
လက်ရှိ ပွဲတော်တွေကို ငြင်းတယ်
လက်ရှိ ဆိုင်းဘုတ်တွေကို ငြင်းတယ်
လက်ရှိ ဦးထုပ်တွေကို ငြင်းတယ်
ရှင်းရှင်းလေးပါပဲ
အနာဂတ်ကို သင် မစဉ်းစားခဲ့ရင်
သင့်ကိုလည်း အနာဂတ်က စဉ်းစားမှာမဟုတ်ဘူး။ ။
#လှသန်း
**************************************************

ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ
_____________________________
ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့
ခုလို အခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကို သတိထားနေရ
ခုံကလည်းလှုပ်လှုပ်
မြင်းကလည်းလှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာ သစ္စာတရား
ကျွန်တော့်ရဲ့ မိုက်မဲမှုများ
လောကကြီးက အလိုက်သိပါ့မလား
ရေပြင်ရဲ့ မာယာကိုမုန်းတယ်
ပိုက်ကွန်ထဲက ငါးတွေကိုသနားတယ်
ထောင်ချောက်ကို လိုက်ရှာနေတဲ့ သားကောင်ဆိုတာ ရှိပါ့မလား
ပျော်ရွှင်မှုဆိုတာ လှောင်အိမ်ထဲမှာ မမွေးဖွားဘူး
ပြိုင်ကားတစ်စီးလို ဓာတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလို အသုံးဝင်ချင်တယ်
ရော့ခ်အင်ရိုးလ်တစ်ခေတ်လုံးကို နားထောင်ခဲ့တယ်
ပွင့်လင်းတဲ့ လူ့ဘောင်ကို မျှော်လင့်မိတယ်
ကဗျာနဲ့ ဘ၀ကို ချည်နှောင်ထားခဲ့တယ်
သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်
အသက်တစ်ချောင်းလုံး ဆုံးရှုံးမယ်ဆိုရင်
နာမည်တစ်လုံးတော့ အဖတ်တင်ချင်တယ်
ချောက်ကမ်းပါးစွန်းကလူကို
တွန်းအားမပေးကြပါနဲ့
ပြေးစရာ မြေမရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ။ ။
#လှသန်း
**************************************************

နာမည်များနဲ့ နေ့တစ်နေ့
_________________________
မှောင်ရီပျိုး မိုးချုပ်တာနဲ့
ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိတယ်
“ဒီနေ့ကို မိမိရရ ဆုပ်ကိုင်မိရဲ့လား . . . . .”လို့
လက်ထဲက အရက်ခွက်ရေ
မင်း ငါ့ကို ပြက်ရယ်ပြုနိုင်ပါတယ်
တကယ်တမ်းကျတော့လည်း
ပြောစရာစကားက မယ်မယ်ရရ မရှိလှ
“ကူရိုဆာဝါ . . . ”တဲ့
“ကက်သရင်းဒင်းနျုဗ် . . . ”တဲ့
“ထရူးမင်းကပို့တ် . . . ”တဲ့
“အင်ဒီ ၀ါးဟိုး . . . ”တဲ့
လွယ်လွယ်လေးမှားလိုက်ကြ
ပန်းချီဆရာကပြောတယ်
“မဲလ်ဂစ်ဘဆင်နဲ့ ငါက အသက်အတူတူ . . . ”တဲ့
လွယ်လွယ်လေး မှားလိုက်ကြ
ချာတိတ်မက ပြောတယ်
“ကျွန်မ ဖြစ်နေပြီ . . . ”တဲ့
လွယ်လွယ်လေး မှားလိုက်ကြ
မိတ်ဆွေက ပြောတယ်
“ကိုယ့်နံရိုးနဲ့ ကိုယ်ပြန်ရိုက်ခံရတာလောက်
နာတာမရှိဘူး . . . ”တဲ့
မြစ်တွေဟာ မဖြောင့်မတ်သလို
ကံကြမ္မာဆိုတာ ဒေါင့်ဖြတ်မျဉ်းတစ်မျိုးပ
ဆိုက်ဗေးရီးယား ကျောရိုးမဟုတ်ပါဘူး
ဒဏ္ဍာရီဆန်ဆန် မာကြောမှုမျိုးကို ပြသ
ပင်ကိုဗီဇနဲ့ စိတ်အားထက်သန်
သြော် . . . ဂျင်မော်ရစ္စဆန်လဲသေခဲ့ပြီ
ခု ကာ့တ်ကိုဘိန်းလည်း သေသွားပြန်ပြီ
ပျင်းပျင်းရှိတိုင်း
ရှုခင်းတွေ ပြတင်းပေါက်ထဲ ထည့်ဖျော်သောက်
ကြောက်ရွံ့နေမိတယ်
ခင်ဗျားအိပ်ယာထဲကို
ဆီလ်ဗီယာလာ့သ် ရောက်ဖူးလား
မာရီလင်မွန်ရိုး ရောက်ဖူးလား
ဂျင်းနစ္စ ဂျိုပလင် ရောက်ဖူးလား
(အဲဒီ မိန်းမသုံးယောက်စလုံ)
ကိုယ့်ကိုယ်ကို သတ်သေသွားတာ . . .
ကောင်းပြီ
ဟောဒီ အမှောင်ထဲမှာ
ဘာမဆိုဖြစ်နိုင်တယ်
ဒါပေမယ့် ချစ်နိုင်စွမ်းကို မြှင့်တင်ကြ။ ။
#လှသန်း
**************************************************

ရမ္မက်
_______
ကဗျာက
ငါ့ရဲ့ လက်ဝါးကပ်တိုင်
ဝတ္ထုတွေက
ငါ့ရဲ့ သမ္မာကျမ်းစာ
သီချင်းတွေက
ငါ့ရဲ့ တမန်တော်
ရုပ်ရှင်ရုံက
ငါ့ရဲ့ ဘုရားကျောင်း
ငွေစက္ကူတွေက
ငါ့ရဲ့ ဆူးခက်သရဖူ။
**************************************************

#လှသန်း
လူ့ပြည်လူ့ရွာအတွက်
လူတစ်ယောက်ရေးတဲ့ကဗျာ
စာရွက်ပေါ်မှာစပြီး
စာရွက်ပေါ်မှာဆုံးတဲ့ကဗျာမျိုးကို
ငါမရေးဘူး
စာရွက်ပေါ်မှာရေးပြီး
လူတွေထဲမှာရှင်တဲ့ကဗျာမျိုးအတွက်
ငါအသင့်ပြင်ထားတယ်
လူသားတိုင်းသာ
လူ့အခွင့်အရေးကြေညာစာတမ်းမှာပါသလို
လူ့အခွင့်အရေးတွေအပြည့်အဝရခဲ့ရင်
လူ့လောကအနှံအပြားမှာ
အလန့်တကြားပြဿနာတွေမြင်ရကြားရမှာမဟုတ်ဘူး
မစဉ်းစားချင်တဲ့လူများစုအတွက်
လူနည်းစုကစဉ်းစားခဲ့ကြလို့
လူ့လောကကြီးမပျက်စီးသေးတာ
လူကိုလူကစာနာကြ
လူကိုလူကညှာတာကြ
လူကိုလူကထောက်ထားကြ
လူကိုလူကကူညီကြ
လူအချင်းချင်းကူညီခြင်း
ကမ္ဘာကျော်သီချင်းဖြစ်ပါစေ
လူအချင်းချင်းစောင့်လျှောက်ခြင်း
စကြဝဠာမှာပေါက်တဲ့သီချင်းဖြစ်ပါစေ။ ။
လှသန်း
**************************************************

နေပူထဲကခွေးရူးတစ်ကောင် ( အပိုင်း - က )
ရူးသွပ်မိုက်မဲမှုလို့ ထင်ရတဲ့
မိမိကိုယ်ကို ကဲ့ရဲ့ခြင်းများ
အရေပြားများ ယားယံ
လက်ဖက်ရည် သောက်သလို သာမန်ကိစ္စ
တစ်ကိုယ်ကောင်းဆန်တယ် ဆိုတာ
လွယ်တာမှတ်လို့ ။
လျှပ်တစ်ပြက် ပြောင်းလဲခြင်းမှာ
အလောင်းတစ်လောင်းလို အေးစက်တောင့်တင်း
မဖြောင့်မတ်ပေမဲ့
အတ္တစင်ရုံမျှ
ဘယ်တုန်းကမှ မရှိခဲ့တဲ့ လူသားတစ်ဦး
တိုးလျှိုပေါက် နယ်ထဲကို ပူးကပ်ဝင်ရောက်ခဲ့ ။
နားထောင်နေရတဲ့ သီချင်းတွေကလည်း
လည်ပင်းကို လာစွပ်တဲ့ ကြိုးကွင်းတွေလို
ကိုယ့်တွင်း ကိုယ် တူးပြီးပါပြီ
ကိုယ့်တွင်း ကိုယ် တူးပြီးပါပြီ ။
ခံတွင်းပျက်နေတဲ့ ကြောင်နဲ့
အတောင်ပံကျိုးနေတဲ့ ဆက်ရက်
တကယ့်အဖြစ်အပျက်တွေလို ပြင်းထန်
သံသယတွေ ခြောက်လှန့်
လက်ဝါးဖြန့်ဖို့ကို စဉ်းစား
ရိုးသားမှုနဲ့ အချိန်ကာလက
ဘဝတွေကို ပြုပြင်မွမ်းမံပေးနိုင်မလား ။
ခုတော့
တစ်ယောက်က ဘဝမှာ နောက်ကျော မလုံသူ
တစ်ယောက်က ဘဝမှာ နောက်ကျော် ဓားထိုးခံရဖူးသူ
နေ့စဉ် မြင်ကြမှာပါ
ဟောဒီ ကားစင်ပေါ်မှာ
အရှင်လတ်လတ် မီးတင်ရှို့ခံနေရတာ
ငါပဲ ။
လှသန်း
**************************************************

နေပူထဲကခွေးရူးတစ်ကောင် ( အပိုင်း - ခ )
အဆင်သင့် မဖြစ်သေးတဲ့ ကာလ
ပိုက်ဆံ နည်းနည်းပါးပါးနဲ့ မိန်းမတစ်ယောက်ကို မျှော်လင့်
နောက်ထပ် တစ်ကြိမ် ယစ်မူးခွင့်
အဲဒီပန်းပွင့် ဘယ်တော့ ပွင့်မှာလဲ
အဲဒီပန်းပွင့် ဘယ်တော့ ပွင့်မှာလဲ ။
လက်ဖက်ရည် ဂါလန်များစွာ
ဆာလောင်မွတ်သိပ်စွာ မျိုချ
တစ်လပြီး . . . တစ်လ
နောက်တစ်လ
ရုန်းမရနိုင်တဲ့ ကျော့ကွင်း
ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲနေရတာ
ဟေ့ကောင် . . . မင်း မပျင်းဘူးလား ။
နူးညံ့ပျော့ပျောင်းတဲ့ တေးဂီတတွေ
ငါ့ဘဝမှာ ရှိမှရှိပါ့မလားလို့ ဆိုတဲ့
သံသယတွေနဲ့
ငါ မပြောဖြစ်သေးတဲ့ စကားတွေ . . .
ငါ မမက်ရဲသးတဲ့ အိပ်မက်တွေ . . .
လျှို့ဝှက်စွာ သိမ်ငယ်ခဲ့ရ
မပြေလည်မှု နေ့ရက်များရဲ့
ကြေညာချက်တစ်စောင် မထုတ်ပြန်မီ . . . ။
ခွင့်လွှတ်ပါကွာ
ခုလိုအခါမှာ ကိုယ့်အထုပ် ကိုယ် ဖြည်ပြရတာ
နည်းနည်းတော့ ရှက်စရာ ကောင်းပါတယ် ။
သင်းခွေချပ် တစ်ကောင်လို
နေတတ်ခဲ့ရင် အကောင်းသား . . . ။
ခုတော့ ငါ့ကိုယ်ငါ ပိတ်လှောင်ထားတာပဲ
ပိုချစ်စရာ ကောင်းမလားလို့ ။ ။
လှသန်း
**************************************************

ဒီပရင်္ဂ
-----

ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တခု
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့နှစ်ပေါင်း
၇၀၀ကျော်ထဲက ရှိတဲ့မြို့တမြို့
သမိုင်းဝင်မြို့တမြို့။

ဒီမြို့ကို
ဂတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ
ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန်
မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ကို ဒီနာမည်တွင်ခဲ့ရတယ်။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးမဝေးမှာ မူးမြစ်
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်
သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့
စီးပွါးကူးသန်းသွားလာဘို့ လွယ်ကူ
ဘိုးတော်ဘုရားလက်ထက်စစ်တမ်းတွေအရ
အစည်အကားဆုံးမြို့၁၂ မြို့ထဲက
မြို့တမြို့။

အလောင်းဘုရားလက်ထက်မှာ
အိမ်ရှေ့စံနောင်တော်ကြီး
ဒီမြို့ကို အစားရတယ်
စစ်သူကြီးမဟာဗန္ဒုလ
နေမျိုးသူရရဲခေါင်ဘွဲ့နဲ့
ဒီမြို့ရဲ့ မြို့ဝန်။

ဘုံနန်းမြို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီးမဟာဗန္ဒုလ
မင်းတိုင်ပင် အရှင်ဝံသ
အတုလ ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဘူးတယ်။
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်။
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။
ဒီမြို့မှာ
သစ္စာဖေါက်တွေ အတောင်ပေါက်ခဲ့ကြတယ်။
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ်ကျပျောက်ခဲ့ရတယ်။
ဒီမြို့မှာ
အမျိုးသမီးတယောက်
သေကံမရောက် သက်မပျောက်
ဖြစိခဲ့ရ,တယ်။
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။

တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါသမယမှာ
မိုးရွာဘို့မဆိုထားနဲ့
မိုးအုံ့ဖို့တောင်အကြောင်း မရှိပေမယ့်
ရုတ်တရက်မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်အောင်ရွာတဲ့မိုးမို့
အညာအခေါ်
ဆင်ရာမိုးတိမ် တဲ့လေ။

မုံရွာ ရေဦးကိုဖြတ်သန်းရင်း
ဒီမြို့ကို
လှမ်းကြည့်လိုက်တဲ့အခါ
အတိတ်တစ္ဆေက
ငါ့ကို ခြောက်လှန့်နေလေရဲ့။

**************************************************

“လွမ်းရသော လွတ်လပ်ရေး”
-----------------------

၁၉၄၈ ခုနှစ်မှာ
မြန်မာပြည်မှာ လွတ်လပ်ရေး ရတယ်
ကမ္ဘာမှာ လူ့ အခွင့်အရေးကြေညာစာတမ်း စ တယ်

မြန်မာပြည်မှာ
လွတ်လပ်ရေးရခဲ့တာ
၆၃ နှစ် ကြာခဲ့ပါပြီ

ငါတို့ က လူ့ အခွင့်အရေးရဖို့  ကြိုးစားနေတုန်း

ကမ္ဘာကြီးမှာက
လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့  …
လူသားဖြစ်မှုတွေကို ဆန့် ကျင်မှုတွေနဲ့  … ။ ။

**************************************************

“သိက္ခာရှိသော ပန်းတစ်ပွင့်”
------------------------

လှသော ပန်းများနှင့်
မွှေးသော ပန်းများနှင့်
သစ္စာရှိသော ပန်းများနှင့်
ရိုးရိုးသားသား ရဲရဲရင့်ရင့်
အလံကိုတော်ကိုလွှင့်
သိက္ခာရှိသော ပန်းတစ်ပွင့်။
**************************************************

“မိခင်မုဆိုးမ”
----------

လင်ယောင်္ကျားကို သံယောစဉ်မထား
အမှန်တရားကို အားကိုးရှာသူ
သားသမီးတွေနဲ့ မပက်သက်
အနာဂတ်နဲ့ ဆက်ဆံချင်သူ
မြေးကလေးတွေကို တွေ့ချင်စိတ်ထိန်း
ငြိမ်းချမ်းရေးကို မျှော်လင့်နေသူ။

**************************************************

“သတ္တိရှိတဲ့ မိန်းမသား”
-------------------

တနေ့လာလည်း ဒီနေရာ
တနေ့လာလည်း ဒီနေရာ
ဒါပေမဲ့ သူ့ရုပ်သွင်မြင်ရုံနဲ့
လူတကာက တလေးတစား
ကမ္ဘကျော်တဲ့ မကြောက်တရားတွေနဲ့
သတ္တိရှိတဲ့ မိန်းမသား။

#လှသန်း
**************************************************

နာမကျန်းသော နေ့ရက်များ
ပြန်ဖို့ရာ အိမ်အဆင်သင့်
သွားဖို့ရာ သံသရာအဆင်သင့်
နာဖို့ရာ ခန္ဓာကိုယ် အဆင်သင့်

နာခြင်းပင်လယ်ကို ရွက်လွှင့်ပြီးမှ
ပြန်လည် ရှင်သန်ခြင်းကမ်းခြေမှာ အပန်းဖြေရမှာလား
ဒါမှမဟုတ်
သေခြင်းကျွန်းစုမှာ ဆိုက်ကပ်မှာလား

လောလောဆယ်မှာ
စိတ်ဓာတ်က ဘယ်လိုရှိပါသလဲ

ရုပ်ကသာ ဆေးရုံပေါ်မှာ
စိတ်က ဘရော့ဒ်ဝေးဇာတ်ခုံပေါ်ရောက်နေ

ရုပ်ကသာ လူနာကုတင်ပေါ်မှာ
စိတ်က တိန်အန်မင်ရင်ပြင်ရောက်နေ

ရုပ်ကသာ အိပ်ယာပေါ်မှာ
စိတ်က ကားလ် ပေါ့ပါးရဲ့ စာအုပ်ထဲမှာ

ရုပ်ကသာ ပြိုလဲကျနေ
စိတ်က လွတ်လပ်ရေးကျောက်တိုင်လို မားမားမတ်မတ်

ငုတ်တိုင်ကကြိုး မပြတ်သေးသရွေ့
ကျွန်တော်မြှာ သတ္တိရှိပါတယ်။
လှသန်း
**************************************************

#လူသားဆန်ချင်တာတရားတယ်
----------------------------------------------
မြစ်တစ်စင်းနဲ့ အတူပူးချည်
စွန့်စွန့်စားစား စီးဆင်းခဲ့တယ်
တစ်ခါမှ မမြင်ဖူးတဲ့ နေ့တွေကို မြင်ချင်လွန်းလို့ပါ
မြေပုံမှာ မပါတဲ့ ကျွန်းတွေ
ပင်လယ်ထဲမှာ အများကြီး ရှိတယ်
ရေထဲက ငါးကို
လေထဲမှာ ပျံနေတဲ့ သိမ်းငှက်က ဖမ်းယူစားတယ်
ဒါ သဘာဝပဲလား
နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားရင်
ဘာတွေကို မြင်ရဦးမလဲ
ကမ္ဘာပေါ်မှာ
မနက်ဖြန်ကို မြင်ရတဲ့ နေရာတွေလည်း ရှိ
မနက်ဖြန်ကို မမြင်ရတဲ့ နေရာတွေလည်း ရှိ
ကိုယ် ရောက်နေတဲ့ နေရာကို
ကိုယ့်ဟာကိုယ်သိဖို့ အရေးကြီးရဲ့ ။
မိတ်ဆွေတစ်ယောက် ပြောတာ သတိရမိတယ်
အခန်းတစ်ခန်း လိုချင်တယ်တဲ့
အေးအေးဆေးဆေး ဘုရားရှိခိုးဖို့
အမူးလွန်တဲ့အခါ ထိုးအန်ဖို့
အမျိုးသမီး တစ်ယောက်ကို ဧည့်ခံဖို့တဲ့
အိုး . . . လူသားဆန်လှချည်လား
ကျွန်တော်ကရော ဘာထူးလို့လဲ
အာဇာနည်တွေကို လေးစားမယ်
ကိုယ်ဟန်ပြမယ်တွေကို ပြစ်မှားမယ်
ထမင်းဝဝ စားချင်တယ်
ဒါလည်း လူသားဆန်ခြင်းတစ်မျိုး ဖြစ်နိုင်ရဲ့
ဒါပေမဲ့ ရှေ့မှာ
ဂျူးလူမျိုး ခြောက်သန်းကျော် သေခဲ့ပြီးပြီ
ကမ္ဘောဒီးယားပြည်သူ တစ်သန်းကျော် သေခဲ့ပြီးပါပြီ
ဘဝပေါင်းများစွာကို လျှော်ဖွပ်ဖို့
လွတ်လပ်မှုရှိမှ ဖြစ်မယ်
မျှော်လင့်ချက်တွေဟာ လုပ်ကြံခံလိုက်ရတယ်
အနာဂတ်ကတော့ အသက်ငင်နေဆဲ
မကြာခင် ရှင်ပြန်ထမြောက်လေမလား
စိတ်ဓာတ်ကျစရာ အကြောင်းမရှိ
နောင်တရစရာ အကြောင်းမရှိ
ဟောဒီ ညတစ်ညရဲ့ လိုအပ်ချက်ဟာ
‘ မ ’ ဓာတ် ဖြစ်နေတာ သေချာခဲ့ပြီပဲ ။ ။
#လှသန်း
**************************************************

နိဂုံး၏ နောက်ဆက်တွဲ
_________________ လှသန်း
ရေမြွေတစ်ကောင်လို နေနိုင်ခဲ့ရင်တော့ အကောင်းသား
မိကျောင်းတစ်ကောင်ဖြစ်နေတာ ခက်တယ် ။
လောလောဆယ် နေ့ရက်တွေကတော့
ဗွက်အိုင်တွေထဲမှာပါပဲ
ဒါတောင်မှ သွေးမပျက်တတ်သေးတာ
မိုက်တွင်းနက်တယ် ဆိုမလားပဲ ။
ကိုယ့် ပျော့ညံ့ချက်တွေအတွက်
ကိုယ့်ကိုယ်ကိုယ် ကန့်ကွက်
ဘာကိုမှ မိမိရရ မဆုတ်ကိုင်ဖြစ်သေးတဲ့ လက်ချောင်းတွေနဲ့
တစ်ရက်ပြီးတစ်ရက် ကြက်ခြေခတ်ခဲ့ရ
ညပေါင်းများစွာ ....
`စတေးရမယ် ...
စတေးရမယ် ...´
အဲဒီလို တွေးမိပြန်တော့
လောင်ကစားသမားရဲ့ ပုံအောမှုမျိုးကို
ကိုးကွယ်သူတစ်ယောက်အနေနဲ့
နည်းနည်းချင်းတော့ ဖဲ့မပေးနိုင် ။
မေ့လျော့ခြင်းကို အပြစ်မတင်ပါနဲ့
ဘဝကို နာကြည်းငြီးငွေ့စွာ
တစ်ယောက်က ပြောတော့
`ဘဝဟာ မသေချာတော့ဘူး ...´တဲ့
ဒုက္ခတောအုပ်ထဲမှာ
မင်းဘဝလေး မိုးမချုပ်စေလိုတဲ့ စေတနာ
ခွင့်လွှတ်ပါကွာ ... ။
စကားလုံးတွေကို အားပြုနေရတာ
ရွံစရာကောင်းလှပါတယ်
လောကရဲ့ ရွဲ့စောင်းမှု ထုသွင်ကြီးထဲမှာ
စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ဖတ်
မိမိရဲ့ ကြောင်တောင်ကန်း စိတ်ဓာတ်ကို ပြက်ရယ်ပြု
ယုံကြည်မှုဆိုတာ တစ်ခုတည်းနဲ့
ဟောဒီ ကမ္ဘာကြီးပေါ်က
တစ်စုံတစ်ရာကို ရယူချင်မိတာပါ ။ ။
**************************************************

နေပူထဲက ခွေးရူးတစ်ကောင် (အပိုင်း - ခ)
_________________________ လှသန်း
အဆင်သင့် မဖြစ်သေးတဲ့ ကာလ
ပိုက်ဆံ နည်းနည်းပါးပါးနဲ့ မိန်းမတစ်ယောက်ကို မျော်လင့်
နောက်ထပ် တစ်ကြိမ် ယစ်မူးခွင့်
အဲဒီပန်းပွင့် ဘယ်တော့ ပွင့်မှာလဲ
အဲဒီပန်းပွင့် ဘယ်တော့ ပွင့်မှာလဲ ။
လက်ဖက်ရည် ဂါလန်များစွာ
ဆာလောင်မွတ်သိပ်စွာ မျိုချ
တစ်လပြီး .... တစ်လ
နောက်တစ်လ
ရုန်းမရနိုင်တဲ့ ကျော့ကွင်း
ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲနေရတာ
ဟေ့ကောင် .... မင်း မပျင်းဘူးလား ။
နူးညံ့ပျော့ပျောင်းတဲ့ တေးဂီတတွေ
ငါ့ဘဝမှာ ရှိမှရှိပါ့မလားလို့ ဆိုတဲ့
သံသယတွေနဲ့
ငါ မပြောဖြစ်သေးတဲ့ စကားတွေ
ငါ မမက်ရဲသေးတဲ့ အိပ်မက်တွေ
လျှို့ဝှက်စွာ သိမ်ငယ်ခဲ့ရ
မပြေလည်မှု နေ့ရက်များရဲ့
ကြေညာချက်တစ်စောင် မထုတ်ပြန်မီ .... ။
ခွင့်လွှတ်ပါကွာ
ခုလိုအခါမှာ ကိုယ့်အထုတ် ကိုယ်ဖြည်ပြရတာ
နည်းနည်းတော့ ရှက်စရာကောင်းပါတယ် ။
သင်းခွေချပ်တစ်ကောင်လို
နေတတ်ခဲ့ရင်တော့ အကောင်းသား....။
ခုတော့ ငါ့ကိုယ်ငါ ပိတ်လှောင်ထားတာပဲ
ပိုချစ်စရာ ကောင်းမလားလို့ ။ ။
**************************************************

ဆောင်းရာသီရဲ့နော့က်နေ့များ (အပိုင်း - ခ)
_________________________ လှသန်း
လွှတ်မချရဲပေမဲ့
ဘယ်နှခါ လွတ်ကျခဲ့ပြီလဲ ။
လွှတ်မချရဲပေမဲ့
ဘယ်နှခါ လွတ်ကျခဲ့ပြီလဲ ။
နွေထွေးလုံခြုံတဲ့ တွင်းတစ်တွင်း
ပြင်းပြစွာ တောင့်တ
စောင့်နေရတာ မပျင်းဘူးလား
မစဉ်းစားရဲတာကိုက
အားနည်းချက် တစ်ခုပဲ ။
`ချစ်ခြင်း´ကို မျော်လင့်
တရားသဖြင့် တွေးခေါ်
ပျော်ရွှင်မှုတွေဟာ အသေအချာ ရှိခဲ့ပါတယ် ။
ဒီလိုနဲ့ ညနေဆို
လက်ဖက်ရည်ဆိုင်ထဲ ဝင်ခွေနေတတ်တဲ့
မြွေပွေးတစ်ကောင်
အဆိပ် မရှိချင်ယောင်ဆောင်လို့ ။
မိုးတိမ်တွေ အောက်မှာ
တစ်ယောက်နဲ့တစ်ယောက် စိုးရိမ်မကင်း ဖြစ်နေရတာ
ရှက်စရာ မကောင်းဘူးလား ။
လောကကြီးကလည်း
သူမရဲ့ ပေါင်တံလှလှပေါ်မှာ
ဟန်ဆောင်မှုတွေကို တင်လို့
သူကလည်း သူ့ကိုယ်သူ ဖုံးကွယ်လို့
ငါကလည်း ငါ့ကိုငါ ဖုံးကွယ်လို့
ရှုံးမယ်ဆိုတာ သိပြီးသားပါ ။
ညကတော့ ပြည့်လုဆဲဆဲ လရောင်အောက်မှာ
ကိုယ့်အရိပ်ကိုယ် ကြေကွဲစွာ တိမ်းရှောင်ရင်း
ကြေကွဲစွာ တိမ်းရှောင်ရင်း .....
တိမ်းရှောင်ရင်း ......
**************************************************

ကိုယ့်အတ္တပေါ်ကိုယ်ပြန်ချော်လဲခြင်း
_______________________ လှသန်း
အတောင်ညောင်းနေတဲ့ လင်းတတစ်ကောင်
အရက်ဆိုင်မှာ ထိုင်ဟောင်နေတယ်
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ကိုယ့်ကိုယ်ကိုယ် လွှတ်မချချင်စမ်းပါနဲ့ ။
ယမကာတစ်ခွက်ကို တပ်မက်နှစ်ခြိုက်
အကြီးစား မိုက်မဲမှုတစ်မျိုး
ငါက
ကမ္ဘာ့ဝင်ရိုးစွန်းတွေကို ဖြတ်ကျော်သွားမယ့်
အာကာသ လွန်းပျံယာဉ်တစ်စင်း
မင်းက အဆိပ်ပြင်းတဲ့ နှင်းဆီတစ်ပွင့်
ပါးပျဉ်းထောင်တတ်တဲ့
ဟန်ဆောင်မှုတွေ ကြားထဲ
ကျယ်လောင်စွာ အပြုစားခံခဲ့ရတယ် ။
ဘာကို ယုံရမှာလဲ
`လုခြုံမှု....´တဲ့
`ဘဝ အာမခံချက်....´တဲ့
လူတစ်ယောက်ရဲ့ ဘဝကို
ဘယ်လိုအရာမျိုးက
အာမခံချက် ပေးနိုင်မှာလဲ ။
အချစ်ကို ယုံလို့
မြစ်ထဲ ခုန်ချခဲ့တာပဲ
ဒါ စုံလုံးကန်း ဝါဒတဲ့လား
ဖြေရှင်းမပြနိုင်တာ ခွင့်လွှတ်ပါ ။
မရှိတဲ့ တရားကို
အသိမှားတွေနဲ့
မဟားဒယား တွန်းရှာ
အဆုံးမှာ ကိုယ့်အမည် ကိုယ်ပြန်သတိရ
ဒီ့ထက် စိတ်ချရတာ ဘာရှိသေးလို့လဲ ။
ဒီလိုနဲ့ သူဟာ
သီချင်းတွေကို ချစ်ခဲ့တယ်
သူငယ်ချင်းတွေကို ချစ်ခဲ့တယ်
လက်ဖက်ရည်ကို ချစ်ခဲ့တယ်
`.... .... .... .... ....´ကို ချစ်ခဲ့တယ် ။ ။
**************************************************

မထူးဇာတ်
______________ လှသန်း
သူမရဲ့ မျက်ဝန်းမှာ
ဟာလာဟင်းလင်း ဖြစ်လို့ ။
သီချင်းက
မြင်းတစ်ကောင်လို ဒုန်းစိုင်း
အုတ်တံတိုင်းကို ခုန်ကျော်တက်လာတယ် ။
စကားလုံး ပေါ့ပေါ့တွေနဲ့
ဆော့ကစားဖို့ရာ
အပေါစား အိပ်ရာထဲ
ဒီထက် စိတ်ချမ်းသာစရာကောင်းတဲ့ နေရာ
ဘယ်မှာ ရှိမလဲ ။
ဟုတ်ပြီ
အေးစက်စက် ပန်းချီကားတစ်ချပ်ကို
ပါးစပ်နဲ့ သေသေချာချာ ချိန်ထား
တံခါးကို သွားပိတ်တော့လေ
နောက်တစ်နေ့ အစီအစဉ်ဆိုတာ
ရုပ်မြင်သံကြား မျက်နှာပြင်ပေါ်မှာပဲ ရှိရဲ့ ။ ။
#လှသန်း
၁၉၈၇ ။
(မိုဃ်းဇော် ၊ ဝင်းမြင့်တို့နှင့်တွဲ၍
မထုတ်ဖြစ်ခဲ့သော`အချွန်ကလေး သုံးခု´စာအုပ်မှ)
********************************************************************

အာရှတိုက်ရဲ့တစ်နေရာ

-----လှသန်း-------

အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ

မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ

အဝေးပြေးလမ်းမကြီးရဲ့ပခုံးပေါ်မှာ

လေးထပ်တိုက်တစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ

အာရှတိုက်ရဲ့တစ်နေရာလို့ဆိုပါစို့

အဲဒီရွာရဲ့ အဋ္ဌမမြောက်အခန်းတစ်ခန်းထဲမှာ

အင်ဒိုနီးရှားလူငယ်လေးယောက်

(နှစ်ယောက်က ညီအစ်ကို)

ဘင်္ဂလားဒေရှ့်လူရွယ်တစ်ယောက်

ပြီးတော့ ငါတို့နှစ်ယောက်

ဓာရဏပရိတ်၊ ကိုအန်ကျမ်း၊ ရော့ခ်သီချင်း

ဂျင်းဘောင်းဘီ၊ ၀ါယာကြိုးခွေများနဲ့

အမျိုးအမည်မသိ အလှမွေးငှက်နှစ်ကောင်

တစ်အိုးတစ်အိမ်ထူထောင်လို့နေကြ

သူတို့ဘ၀တွေဟာ အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က

အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့

ခပ်ဆင်ဆင်တူနေရဲ့

နာရီစက်သံကြောင့်

အထိတ်တလန့်နိုးထ

အိပ်ရေးမ၀တဲ့မျက်လုံးထဲမှာ

နှင်းတွေအတုံးအရုံးကျနေတဲ့ မနက်ခင်း

ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့

အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ

တစ်နေကုန် မြို့တော်ကြီးဆီကိုသွား

မြင့်မားတဲ့အဆောက်အအုံခေါင်းမိုးတွေပေါ်တက်

ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ

ချွေးတွေ သံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ

အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမယ့်
“ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ”လို့

ဘင်္ဂလားဒေရှ်လူရွယ်က မှတ်ချက်ချတယ်

နေ၀င်ရီတရောမှာ

ကျောပေါ်အမောတွေထမ်းပြီးပြန်လာကြ

ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ

ဒါဟာနိစ္စဓူဝကိစ္စ

ညကျ

တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ

ဒေသရဲ့ရိုးရာထမင်းကြော်ကိုစားရင်း

စကားစမြည်ဆိုကြ

ကျိုးပဲ့နေတဲ့ဘာသာစကားနဲ့ပ

ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း

လေးညှင်းနံ့သင်းတဲ့ စီးကရက်ကို ဖွာရှိုက်

ဂျက်ဂွာကားတစ်စီးရဲ့နောက်ကို ပြေးလိုက်သွားတဲ့စိတ်ကူးတွေ

သဘာဝကျပါတယ်လေ

စားသောက်ဆိုင်ကအပြန်

လမ်းဘေးအများသုံးဖုန်းကနေ

ကိုယ့်တိုင်းပြည်ကို ဖုန်းဆက်သူဆက်

တိုက်ပေါ်ပြန်တက်ပြီး ရေဒီယိုကို နားထောင်သူနားထောင်

နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူတရုတ်မလေးတွေကို

စိတ်ကူးယဉ်သူယဉ်

အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်

ကရုဏာသက်သူသက်

နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်

ဘုရားဝတ်ပြုသူကပြု

သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ

နေ့စဉ်နဲ့အမျှ

ကျွဲလိုနွားလို အလုပ်လုပ်ရ

အခန့်မသင့်ရင် ခွေးသေ၀က်သေ သေသွားကြ

နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့

အလုအယက်ကြိုးစားရင်း

အာရှတန်ဖိုးဆိုတာဘာလဲ

ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာဘာလဲ

ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ

ဂုဏ်ယူရမလား

အာရှတိုက်ကြီးကတော့

အပျိုပေါက်တစ်ယောက်လိုခြယ်သ

ဂျပန်၊ ဥရောပနဲ့အမေရိကကို မျက်စပစ်နေလေရဲ့

ပြန်လည်ဆန်းစစ်ကြည့်တော့

ငါတို့ဟာ စက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့

ငါတို့ဟာ ကုမ္မဏီတစ်ခုမဖြစ်နိုင်ခဲ့

ငါတို့ဟာ ဘဏ်တိုက်တစ်ခုမဖြစ်နိုင်ခဲ့

ငါတို့ဟာ ဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့

ငါတို့ဟာ ဈေးပေါတဲ့ ကုန်ကြမ်းတွေသာဖြစ်တယ်

အာရှတိုက်ရဲ့တစ်နေရာမှာ စတေးခံဘ၀များစွာ

ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ

ငါတို့ရဲ့ဘ၀ဟာ ဘာမှ မသေချာလှ

အဲဒီလို မသေချာမှုတွေထဲကပဲ

သေချာတဲ့ဘ၀ကို တည်ဆောက်ယူရတာ

တို့လူသားတွေရဲ့ မွေးရာပါတာဝန်ပဲ မဟုတ်လား

(၀ဋ်ကြွေးလည်း ဖြစ်နိုင်ရဲ့)

ခုမှ ငါ့ရဲ့ ကိုယ်ပိုင်ကောင်းကင်မှာ

ကြယ်ရောင်မှိန်ပျပျ

မြင်ရရုံပဲ ရှိပါသေးတယ်

တစ်ခါတစ်လေ နံရံပေါ်က ကမ္ဘာ့မြေပုံကို ကြည့်ရင်း

ငါလွမ်းနေမိရဲ့

ငါလွမ်းနေခဲ့တာ

ပီဇာနဲ့ ဟမ်ဘာဂါတွေကို မဟုတ်ဘူး

ဟာဒ်ရောခ်ကဖေးကို မဟုတ်ဘူး

“နိုင်ငံကူးလက်မှတ်” လို့ အမည်ရတဲ့

ဝီစကီပုလင်းလှလှကို မဟုတ်ဘူး

အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့

ကျွန်းတစ်ကျွန်းကို မဟုတ်ဘူး

မီရှယ်ယိုဆိုတဲ့ ရုပ်ရှင်မင်းသမီးကို မဟုတ်ဘူး

ငါလွမ်းနေခဲ့တာ

ကံခေပေမယ့်

ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ

လေပြင်းထန်တဲ့ကမ်းခြေက

ငါ့ရဲ့ ခြေတံရှည်အိမ်လေးကိုပါ

“အမျိုးသားက နိုင်ငံခြားမှာလေ……”ဆိုပြီး

ရပ်ကွက်ထဲမှာ တစ်ချို့ဇနီးမယားတွေ ပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့

ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ

မိအိုဖအိုတွေရှိနေစဉ်မှာ

အဆင်ပြေပြေ အကြွေးကင်းကင်း ရှိနေစေချင်တာအတွက်

ငါ့ဆန္ဒတွေကို ကွက်မျက်ခဲ့ရတာပါ

မိသားစုနဲ့ အိမ်ကို ခွဲခွါခဲ့

သူငယ်ချင်းများနဲ့တိုင်းပြည်ကို ခွဲခွါခဲ့

အဲဒီအတွက်ရမယ့် ဆုလာဘ်ဟာ

စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ

အသားမာတက်နေတဲ့လက်နဲ့

ပြက္ခဒိန်ပေါ်က နေ့တွေကို ရေတွက်ရင်း

“လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်”လို့ ညည်းမိ

ဒါပေမယ့် သုဝဏ္ဏသျှံမဟုတ်တော့……….

ခုတော့

အာရှကျားတွေရဲ့ပါးစပ်ထဲက

အမဲသားတစ်ဖက်

သွားကြားညပ်ခဲ့ရင်ခွင့်လွှတ်ပါ

ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး

အာရှတိုက်ရဲ့တစ်နေရာက

မြုံနေတဲ့အနာတွေပါ

ရင်းနေတဲ့အနာတွေပါ။ ။

လှသန်း

**************************************************

No comments:

Post a Comment