May 30, 2017

ကိုကို့ကို ချစ်လို့

December, 2014,Halo Magazine

"ကိုကို့ကို ချစ်လို့"

ကျွန်မရဲ့လုပ်ရပ်က မှားသွားလား။ ရူးမိုက်တယ်လို့များ ပြောကြမလား။ ကျွန်မကတော့ မှားတယ်လို့ မထင်ဘူးနော်။ အပေါ်ယံအချစ်နဲ့ ရင်ထဲက နှစ်နှစ်ကာကာ ချစ်တာက လုံးဝ မတူနိုင်ဘူးလေ။ အချစ်စစ်ဆိုတာ လောကဓံရဲ့ တိုက်စားမှုကို ကြံ့ကြံ့ခံပြီး ထာဝရ တည်မြဲရမယ့် အရာမို့လား။ ကျွန်မရဲ့ စမ်းသပ်ချက်က ထွက်ပေါ်လာမယ့် အဖြေအတွက် ကျွန်မ ကိုယ်တိုင်လည်း စိတ်လှုပ်ရှားပြီး ရင်ခုန် ရပါတယ်။ ဘာ လို့လဲဆိုတော့ ကိုကိုက ကျွန်မရဲ့ အချစ်ဦးဖြစ်ပြီး ကိုကို့ ကို လက်လွတ် ဆုံးရှုံး မခံနိုင်လို့ပါ။
###%%%%####
ကျုံးရေပြင်ကို  ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေနုအေးတွေက အေးစက်နေတဲ့ ကျွန်မ လက်ကို ပိုပြီးအေးခဲသွားစေတယ်။ လက်ဖျားတွေ အေးခဲနေသလို နှလုံးသား လေးလည်း အေးစက်နေရင် ကောင်းမယ် နော်။ ဒါပေမဲ့ ကျွန်မနှလုံးသားကတော့ ၂၆လမ်းမကြီးကို ဖြတ်သန်းသွားတဲ့ ကားသံ၊ ဆိုင်ကယ်သံတွေနဲ့အ တူ ဆူညံပြီး နွေးထွေးနေခဲ့တယ်။ နေ၀င်ချိန် ကြက်သွေးဆီရောင် အလင်းရောင် အောက်မှာ ကိုကြီးရဲ့ အကြည့်တွေက အရင်နေ့တွေထက် စူးရှနေခဲ့တယ်။ ကိုကြီးရဲ့ အကြည့်တွေကို ရင်မဆိုင်ရဲလို့ လေညှင်း ကြားမှာ တလှုပ်လှုပ်ဖြစ်နေတဲ့ ရေတမာပင်က သစ်ရွက်လေးတွေကိုပဲ ငေးကြည့်နေလိုက်တယ်။ကိုကြီးက ရေတမာပင်နား ရပ်နေရာက ကျွန်မထိုင်နေတဲ့ ကျုံးဘေး ပလတ်ဖောင်းပေါ် လာထိုင်တယ်။
"ဖြိုး ကိုကို့ ကိုအဖြေပေးတော့လေကွာ"
ကဲ ကြည့်ပါဦး။အဖြေတောင် မပေးရသေးဘူး။ ပိုင်စိုးပိုင်နင်းနဲ့ ကိုကြီးဆိုတဲ့ နာမ်စားအစား ကိုကိုလို့ ပြောင်းသုံးလိုက်ပြီ။ ဘယ်လောက်တောင် မုန်းစရာကောင်းလဲ။ ကိုကြီးနဲ့ ကျွန်မ စတွေ့ခဲ့တာ ၂၆၊၇၅လမ်း ဆုံရာ ကျုံးဘေးမှာပါ။ ကျွန်မရဲ့အဆောင်နဲ့ ကျုံးဘေးက လမ်းတစ်ပြသာ ဝေးပါတယ်။ကျွန်မက မနက်ခင်း တိုင်း ကျုံးဘေးမှာ လမ်းလျှောက်လေ့ရှိတယ်။ တစ်နေတော့ ကျုံးဘေးမှာ  ကျွန်မ လမ်းလျှောက်ရင်း ပိုက်ဆံအိတ် ပြုတ်ကျနေခဲ့တာကို  ကျွန်မအနောက်က လမ်းလျှောက်လာတဲ့ ကိုကြီးကမြင်ပြီး လှမ်းအော်ပြော ရာက အစပြုလို့ ခင်မင်သွားကြတာ။ နောက်တော့ မနက်တိုင်း လမ်းအတူလျှောက်ရင်း တစ်ယောက် အကြောင်း တစ်ယောက်သိခဲ့ရတယ်။ ကိုကြီးက ဆရာဝန်ဘွဲ့ရထားပြီး ထိုင်းနိုင်ငံမှာ သင်တန်းတစ်ခုသွား တက်ဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်။ ကျွန်မက ကွန်ပျုတာ ဒုတိယနှစ် ကျောင်းသူလို့ ပြောတော့ ကိုကြီး က "တောထဲ ကျောင်းသွားတတ်နေရတဲ့သူပေါ့"လို့ပြောပြီး တောထဲမှာဆောက်ထားတဲ့ ကျွန်မတို့ ကျောင်း ကို လှောင်ပြောင်ပြီး တဟားဟား ရယ်နေခဲ့တယ်။
"ကိုကြီးကျော်စိုးနောင်နဲ့ ညီမ စတွေ့တာ ဒီနေရာလေးနော်"
လှုပ်ရှားနေတဲ့ ကျွမ်မစိတ်ကို ထွက်ပေါက် ပေးတဲ့အနေနဲ့ စကားလမ်းကြောင်းလွှဲလိုက်တယ်။
"ဟာ.....အဲ့လို စကားမလွှဲနဲ့ကွာ။ ပြော.....ကိုကို့ ကိုချစ်တယ်မို့လား.."
ကိုကြီးက စကားပြောရင်း ကျွန်မလက်ကိုဆုပ်ကိုင်လိုက်တယ် ။ကျွန်မရဲ့လက်တွေ အေးစက်နေသလောက် ကိုကြီးလက်ကတော့ နွေးထွေး နေတယ်။အင်းလေ ကိုကြီးက ကျွန်မအတွက် အချစ်ဦးဖြစ်ပေ မယ့် ကိုကြီးအတွက်တော့ ကျွန်မက ဒုတိယမြောက်လေ။
"ဖြိုး...ပြောကွာ ။ကိုကို့ ကို ချစ်တယ်မို့လား"
"ဖြိုးလေ.....ဖြိုးလေ...ကိုကြီးကျော်စိုးနောင်ကို ချစ်ပါတယ်"
"ဟေး.....ကိုကို ပျော်လိုက်တာ ကွာ။ဖြိုးကလည်း ချစ်သူတွေ ဖြစ်နေပြီပဲ။ကိုကြီးလို့ မခေါ်တော့နဲ့ကွာ။ ကိုကို လို့ခေါ်နော်...နော်.."
ကျွန်မလည်း ခပ်ရှက်ရှက်နဲ့ပဲ ခေါင်းညိတ်ပြတော့ ကိုကြီးက ကျွန်မကို သူ့ရင်ခွင်ထဲ ဆွဲဖက်လိုက်တယ်။ကျွန်မရဲ့ ရင်ခုန်သံတွေက တဒိန်းဒိန်းနဲ့ ဆူညံနေပြီး ကျွန်မရင်ထဲမှာ ပျော်နေတာပဲ သိတော့တယ်။
@#####%%####%##
"ညီမလေး CoCoRo ထမင်းပေါင်းနှစ်ပွဲ၊ဒိန်ချဉ်နှစ်ခွက်၊ သကြားမထည့်နဲ့"
CoCoRo ဆိုင်ထဲက ခုံပုလေးပေါ် ၀င်ထိုင်ပြီးပြီချင်း စားပွဲထိုးကောင်မလေးကို ကိုကိုက လှမ်းမှာ တယ်။ ကျွန်မရဲ့ ကျောင်းပိတ်ရက်တွေတိုင်း ကိုကိုနဲ့အတူ ဒီဆိုင်လေးမှာ နေ့လည်စာ အတူစားဖြစ်ကြ တယ်။
ကိုကိုနဲ့ချစ်သူဖြစ်တာ နှစ်လကြာလာတော့ ကိုကိုက ယောက်ျားလေးတန်မဲ့ လိုတာထက်ပိုပြီး အသန့်အရှင်း ကြိုက်တာ၊အလှအပ မြတ်နိုးတာ ၊ အစားအသောက် ဇီဇာကြောင်တာတွေကို သိလာရ တယ်။ ကိုကိုနဲ့ချစ်သူဖြစ်တဲ့နေ့က စပြီး ကျွန်မသိပ်ကြိုက်တဲ့ ဆီကြော်မုန့်တွေ၊လမ်းဘေးထမင်းကြော်၊ ကြာဇံကြော်ဆိုင်တွေ၊ ၀က်သားတုတ်ထိုးဆိုင်တွေနဲ့ အကင်ဆိုင်တွေမှာ စားခွင့် မပေးတော့ဘူး။
"ကိုကိုကလည်း ဒိန်ချဉ်ထဲသကြား မထည့်မှတော့ ဘယ်အရသာ ရှိတော့မလဲ"
ကျွန်မ မျက်မှောင်ကြုတ်ရင်း  ကိုကို့ ကို စောဒကတက် လိုက်တယ်။
"ဖြိုးကလည်း သကြားကcalorie အတက် ဆုံးဆိုတာ မသိဘူးလား၊သကြားကဲတဲ့ မုန့်တွေ မစားရဘူးလို့ ကိုကိုပြော ထားတယ်လေ"
ကျွန်မက ကိုကို့ ကို မျက်စောင်းထိုးရင်း "ကို့သဘော.ကို့သဘော"လို့ပြောတော့ ကိုကိုက "အာ့ကြောင့် ဖြိုးကိုချစ်နေရတာ"လို့ ပြောတယ်။
"ကိုကို...."
"အင်း...ပြောလေဖြိုး"
"ဖြိုးကို ဘာလို့ချစ်တာလဲ"
"ဟာကွာ ဖြိုးကလည်း ချစ်သူဖြစ်တာ နှစ်လပြည့်ပြီ။ ဘာလို့ အခုမှလာမေးတာလဲ"
"မသိဘူးကွာ ဖြိုး ရုတ်တရက် သိချင်လာလို့။ပြော ဘာလို့ချစ်တာလဲ"
ကိုကိုက ပြုံးစိစိလုပ်ရင်း
"ဖြိုး..မရယ်ရဘူးနော်"
ကျွန်မကခေါင်းအမြန် ညိတ်ပြတော့ ကိုကိုက "ဖြိုးနဲ့ကျုံးဘေးမှာ  စတွေ့ကတည်းကချစ်မိခဲ့တာ။ ဖြိုးရဲ့ မျက်ဝန်းသေးသေးလေးနဲ့ အကြည့်ခံရတာကို ရင်ခုန်လို့။ဖြိုးရဲ့ `ကျေးဇူးနော်´ ဆိုတဲ့ အသံသြသြလေးကို မြတ်နိုးလို့၊ဖြိုးရဲ့အပြုံးလေး တခဏတာ မြင်ရတာတောင် ရူးမလောက်ပျော်ခဲ့တာ။ ဖြိုးသာ ကိုကို့အနားမှာ ရှိရင် တစ်သက်လုံး ပျော်မယ်ထင်လို့ ချစ်ခဲ့တာ"
ကိုကိုက စကားအရှည်ကြီးပြောပြီး ကျွန်မကို "ကျေနပ်ပြီလား "လို့မေးတယ်။
"ဟင်း....ကိုကို့ရဲ့အချစ်ကလည်း အတ္တဆန်လိုက်တာ။ ကိုကိုပျော်ဖို့ ဖြိုးကို ချစ်ခဲ့တာပေါ့"
"ဖြိုးကလည်း အဲ့လိုလည်း မဟုတ်ပါဘူး။မရစ်နဲ့ကွာ။ ကဲ ဖြိုးကရော ကိုကို့ ကို ဘာလို့ချစ်တာလဲ။ ပြောစမ်း ပါဦး"
"ဖြိုးအချစ်က ရှင်းတယ်ကိုကို။ ကိုကိုက ရုပ်ချောလို့ ၊ကိုကို ကဆရာဝန်မို့  ဆိုတဲ့ အစွဲတွေ မပါဘူး။ ချစ်ချင်လို့ကို ချစ်နေတာ။ ဖြိုး အချစ်မှာ အကြောင်းပြချက် မရှိဘူး"
ကိုကိုက မကျေမနပ်နဲ့ တစ်ခုခု ပြောဖို့ အားယူနေတုန်း စားပွဲထိုး ကောင်မလေးက ထမင်းပေါင်းနဲ့ ဒိန်ချဉ် လာချပေးတော့  စကားစပြတ်သွားတယ်။
ထမင်းပေါင်းစားရင်း ကျွန်မ စုံစမ်းထားတဲ့ ကိုကို့ အကြောင်းက ခေါင်းထဲ ရောက်လာတယ်။ ကိုကို က ကျွန်မနဲ့ ချစ်သူ မဖြစ်ခင်ကတည်းက ဆေးကျောင်းမှာ ရည်းစားတစ်ယောက် ထားခဲ့ဖူးတယ်ဆိုတာ ၀န်ခံခဲ့ပြီးသားပါ။ဒါပေမယ့် ဘာလို့ပြတ်သွားတာလဲဆိုတာ မပြောပြခဲ့ဘူး။
"ဒါနဲ့ ကိုကို့ရဲ့ ရည်းစားဟောင်းကြီးနဲ့ တွေ့သေးလား"
"ဖြိုးကလည်း အတိတ်ကဟာတွေ ထားခဲ့တော့။ ကိုယ့်ခေါင်းထဲမှာ သူမရှိတော့ဘူး"
ကိုကို့မျက်ဝန်းတွေ ကြည့်မိတော့ အနည်းငယ် မှိုင်းညို့သွားသလိုပဲ။ ရည်းစားဦးကို မြေးဦးရတဲ့ထိ မမေ့ဘူးလို့ ပြောကြတယ်မို့လား။ ကိုကိုလည်း ဘယ်မေ့သေးပါ့မလဲ။ ကျွန်မက  အတိတ် ဓာတ်ပြားဟောင်း ကိုဖွင့်ပြီး ခဏခဏပြဿနာ ရှာတတ်တဲ့ မိန်းကလေးမျိုး မဟုတ်ပါဘူး။ဒါပေမယ့် ကိုကိုနဲ့ သူ့ရဲ့ရည်စားဦး ဘာလို့ ပြတ်သွား ကြတာလဲဆိုတာတော့ သိချင်လှပါတယ်။
"ကိုကို ပြောကွာ။ဒီတစ်ခါ ကိုကို့ ရည်းစားဟောင်းကြီးအကြောင်းပြောတာ နောက်ဆုံးပဲ။ ဖြိုး ကတိပေး တယ်"
"တကယ်နော်။ နောက် မပြောရဘူးနော်"
ကိုကိုက စကားတစ်ခွန်း ပြောဖို့ အားယူနေတဲ့ပုံနဲ့ သက်ပြင်းတိုးတိုး ချတယ်။
"သူကကွာ.....သူကကွာ.. ရုပ်လှသလောက် ညစ်ပတ်တယ် ။သူ့ခေါင်းကအမြဲ ဗောက်ထနေပြီး နံနေ တယ်။ သူ့ပါးစပ်ကလည်း မကြာခဏ အာပုပ်စော် နံတယ်။ အဲ့ဒီအနံတွေကို ကိုကို မခံနိုင်ဘူး "
ဗုဒ္ဓေါ။လူတိုင်းဟာ အပုပ်ကောင်ကို ရုပ်ဆောင်ထားတာဆိုတာကို ဆရာဝန်ဖြစ်တဲ့ကိုကိုက ပိုပြီး နားလည်ရမှာမို့လား။ ပြုပြင် ပြောင်းလဲလို့ရတဲ့ အပေါ်ယံ အမှားလေးတွေအတွက်နဲ့ ကိုကိုက သူ့ရည်းစား ကို ဖြတ်ခဲ့တယ်ဆိုပဲ။ ပိုက်ဆံအိတ်ထဲက မှန်ကိုထုတ်ပြီး ကျွန်မဆံပင်တွေထဲ ဗောက်ရှိ မရှိကြည့်မိတယ်။ ကျွန်မဆံပင်တွေကို လက်နဲ့ဆွဲယူပြီး နမ်းရှိုက်ကြည့်မိတယ်။
"ဖြိုးရဲ့ဆံပင်တွေက နံနေရင်ကော ကိုကိုက ပစ်သွားမှာပဲလား"
"ဖြိုး ကိုကို့ကို မရွဲ့နဲ့ကွာ။ သူ့ကို ဖြတ်ခဲ့တာက တကယ်မချစ်တာလည်း ပါတယ်။ဖြိုးကို ချစ်လွန်းလို့ လက်ထပ်ဖို့တောင် စီစဉ်ပြီးနေပြီပဲကိုး"
ကျွန်မက ကိုကို့ကို တွေတွေကြီး စိုက်ကြည့်လိုက်တော့ ကိုကိုက
"မနေ့ညက ကိုကိုကြည့်ခဲ့တဲ့ ဟာသဇာတ်ကားအကြောင်း ပြောပြမယ်နော်"
ကိုကိုက စကားတွေ လွှဲပြီး ရယ်စရာတွေပြောပြနေပေမယ့် ကျွန်မ ဟန်ဆောင်ပြီးတောင် မပြုံးနိုင်ခဲ့ဘူး။ နောင်တစ်ချိန်မှာ ကိုကိုက အကြောင်းပြချက်တစ်ခုခုပေးပြီး ကျွန်မကို ပစ်သွားဦးမှာလား။ ကိုကိုနဲ့ အတူ ထမင်းစားပြီး အဆောင်ပြန်ရောက်တဲ့အချိန်ထိ ကျွန်မရင်တွေ မွန်းကျပ်နေခဲ့တယ်။
########%####
ကုသိုလ်တော်ဘုရားဝန်းထဲမှာ ဘုရားဖူးတွေ၊လေ့လာရေးလာတဲ့ နိုင်ငံခြားသားတွေ၊ စာလာကျက်တဲ့ကျောင်းသားကျောင်းသူတွေ၊အတွဲတွေ၊ပန်းသည်တွေနဲ့ စည်ကားနေခဲ့တယ်။နိုင်ငံခြားသား တွေက နှစ်ပေါင်း၁၅၀ကျော် ခရေပင်ကြီးကို တအံ့တသြ ကြည့်နေချိန် ကျောင်းသား ကျောင်းသူတစ်စုကတော့ ခရေ ပင်ခြေရင်းမှာ Correction penနဲ့ စာတွေရေး နေကြ တယ်။ ကိုကိုက မနက်ဖြန် ထိုင်းနိုင်ငံကို သွားပြီး DTM&H (Diploma in Tropical Medicine and Hygiene) သင်တန်းသွားတက်တော့မှာမို့  ဒီညနေ ကု သိုလ်တော်ဘုရားကို ကိုကိုနဲ့ အတူ လာကြတာ။ကိုကိုနဲ့အတူ ဘုရားရှိခိုးပြီး ခရေပင်ကြီးအောက်ကို သွား ကြတယ်။
"ဖြိုး ကိုကိုနဲ့ခွဲနေရတုန်း ပစ်စလက်ခတ်ကြီး မနေနဲ့နော်"
ခွဲခွာခါနီး ချစ်သူကို မခွဲချင် ကြောင်း၊လွမ်းနေမှာဖြစ်ကြောင်း ပြောရမဲ့ အကြင်နာစကားသံတွေအ စား ကိုကို့နှုတ်ဖျား က ထွက်ပေါ်လာတဲ့ စကားကြောင့် ကျွန်မရဲ့ စိတ်တွေ ရှုပ်ထွေးကုန်တယ်။
"အင်းပါ ကိုကိုရဲ့"
ကြွေကျနေတဲ့ ခရေပွင့်လေးတွေ ကုန်းကောက်ရင်း စိတ်မပါ တပါနဲ့ ခေါင်းညိတ်ပြီးဖြေလိုက်ပေ မယ့်  ကျွန်မစိတ် ထဲမှာတော့ အတွေးပေါင်းစုံ တွေးနေမိတယ်။ ကိုကိုက ထိုင်းမှာ သင်တန်းခြောက်လ သွားတက်ရမယ်။ ကိုကိုပြန်လာပြီး လေးလအကြာမှာ လက်ထပ်ဖို့ နှစ်ဖက်သော မိဘတွေကလည်း သဘောတူထားကြပြီ။ ဒါပေမယ့် ကိုကိုနဲ့ လက်ထပ်ရမှာကို ကျွန်မစိတ်ထဲ မတင်မကျဖြစ်လာခဲ့တယ်။ ကိုကို နဲ့ လက်ထပ်ပြီး အိမ်ထောင်မှု တာဝန်တွေအပြင် ကလေးငယ် တွေ တစ်ဖတ်နဲ့ ကျွန်မက ဗြုတ်စဗျင်းတောင်း ဖြစ်နေခဲ့ရင်ရော ကိုကိုက ပစ်သွားမှာလား။ မပစ်သွားဘူးဆိုရင်တောင် အငယ်အနှောင်း တွေများ ထားလေမလား။ ခြောက်လ။ ဟုတ်တယ်။ခြောက်လဆိုတဲ့ အချိန်က ကျွန်မကိုယ်ကျွန်မ ပြောင်းလဲပစ်လို့ရနိုင်တာပဲ။ ကိုကိုနဲ့ လက်ထပ်ပြီးမှ တစ်သက်လုံး စိတ်ဆင်းရဲနေရမယ့် ဘ၀ကို ကျွန်မ မလိုချင်ပါဘူး။
#%#%####%%##
ကိုကိုထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ကာလပတ်လုံး Facebookနဲ့ Viber ကနေသာ စကားပြော ဖြစ်ခဲ့ကြတယ်။ ကိုကိုကတော့ လွမ်းတယ်၊ချစ်တယ်ဆိုတဲ့ စကားတွေအစား လှလှပပနေဖို့၊ ကျန်းမာရေး လိုက်စားဖို့၊ စာကြိုးစားဖို့ ဆိုတဲ့ အပ်ကြောင်း ထပ် စကားတွေပဲ ဆိုလာခဲ့တယ်။ ကျွန်မစိတ်ထဲက သံသယဟာ လည်း ကြီးထွားသထက်ကြီးထွားလာပြီး ကိုကို့ကို စမ်းသပ်ဖို့ စိတ်တွေလောနေမိတယ်။
#########%%###
ကျောင်းက ပြန်လာလာချင်း ကျုံးအရှေ့ဘက် ဆိုင်ကယ်စီးလာခဲ့တယ်။ ကျွန်မစိတ်တွေကတော့ ကို ကို့ကို အဖြေပေးခဲ့တဲ့နေ့ကလို လှုပ်ရှား နေခဲ့ တယ်။ကိုကိုက ထိုင်းနိုင်ငံက ပြန်လာပြီးလို့ ဖုန်းဆက်တယ်။ "ဖြိုးကျောင်းဆင်းချိန် ကျုံးအရှေ့က အအေးဆိုင်မှာ  တွေ့ကြမယ်နော်"လို့ ကိုကိုက ပြောတော့ ကျွန်မရဲ့ စမ်းသပ်ချက်ကို အကောင်အထည် ဖော်ရတော့မှာပါလားလို့ တွေးပြီး ရင်ခုန်လှိုက်မောလာတယ် ။
ကိုကိုက လမ်းမကြီးကို ကျောပေးပြီး ဘေးတစောင်းထိုင်နေတယ်။ ကိုကို့ကျောကို ပုတ်ရင်း
`ကိုကို´
ကိုကိုက အနောက်ကို ခေါင်းမော့ ကြည့်တယ်။ ကိုကို့ရဲ့ မျက်ဝန်းတွေက ပြူးကျယ်ပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားတယ်။
"ဟမ် ။ မင်း....မင်းက  ဖြိုး ....ဖြိုးလား"
"ဟုတ်တယ်ကိုကို။ ဖြိုးလေ  ကိုကို့ကို လွမ်းလို့ စိတ်ညစ်ညစ်နဲ့ အစားတွေ ပတ်စားပစ်တာ"
ကိုကိုက ကျွန်မရဲ့ ၀တုတ်နေတဲ့ ခန္ဓာကိုယ် ကိုကြည့်ပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောနိုင်အောင် မှင်သက်နေခဲ့တယ်။ တိတ်ဆိတ်နေတဲ့ အခြေအနေ ကို ကျွန်မကပဲ ဖြိုးခွင်းလိုက်တယ်။
"ကိုကို မနက်ဖြန်အားလား။ ဖြိုးကျောင်းပိတ်ရက်မို့  လက်ထပ်ဖိတ်စာ သွားစီစဉ်ရအောင်"
ကိုကိုက ခေါင်းကိုဘယ်ညာ ခါယမ်းပြီး
"မဟုတ်ဘူးဖြိုး။ ဖြိုးရဲ့ဒီပုံစံကြီးနဲ့  ကိုကို လက်မထပ်နိုင်ပါဘူး။..........."
ကျွန်မရဲ့ ခေါင်းက အိုးထိန်းစက် လို ချာချာလည်သွားတယ်။အားအင်တွေ ကုန်ခန်းပြီး ကိုကိုထပ်ပြီး ပြောလာတဲ့ စကားတွေကို ကျွန်မ မကြားရတော့ဘူး။ ကိုကို့ဘေးကနေ ဆိုင်အပြင်ကို ပြေးထွက်လာ ပြီး ဆိုင်ကယ်အမြန်မောင်း ထွက်လာတယ်။ ကိုကိုက ကျွန်မထင်တဲ့ အတိုင်းပဲ။ ချစ်ခြင်းမေတ္တာထက် စပါး တစ်ထောက်စာ အပေါ်ယံ အရေပြား အလှတွေကို ကိုးကွယ်တဲ့သူလေ။ ကျွန်မပါးမှာ မျက်ရည်တွေ စီးကျ လာတယ်။ ဒီနေ့တော့ ကျွန်မ ၀အောင်ငိုပစ်လိုက်မယ်။
ကိုကိုက ကျွန်မ ဖုန်းကို ဆက်တိုက် ခေါ်ပေမဲ့  စက်ပိတ် ပစ်လိုက် တယ်။ ကိုကိုက ကျွန်မရဲ့ အဆောင်ထိ လိုက်လာပြီး အဆောင်မှူးကို ခေါ်ခိုင်းပေမယ့် ကျွန်မ ဆင်းပြီး မတွေ့ခဲ့ဘူး။
##%%##########
ကိုကိုက ဇွဲမလျော့ပဲ မနက်အစောကြီး အဆောင်ကို ထပ်လာတယ်။ ကိုကို့ကို ဆင်းတွေ့ချင်နေတဲ့ ကျွန်မစိတ်ကို အတင်း ထိန်းချုပ်ထားရတယ်။ တညလုံး ကိုကို့ကို မုန်းမေ့ဖို့ ကြိုးစားပေမယ့် ပိုပိုပြီး ချစ်လာ ခဲ့တယ်။ ဝေးရမယ်ဆိုတဲ့ အတွေးနဲ့တင် ကျွန်မနှလုံးသားက အရည်ပျော်ပူလောင်နေခဲ့တယ်။ ဒါပေမယ့် ကိုကို့ရဲ့ "လက်မထပ်နိုင်ပါဘူး"ဆိုတဲ့ စကားသံကို ကြားယောင်ပြီး ကျွန်မနှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ရင်း ဆင်းတွေ့ဖို့ ပြင်ဆင် နေတဲ့ ကျွန်မခြေလှမ်းတွေကို ရပ်တန့် ပစ်လိုက်တယ်။ ပြတင်းပေါက်ကွယ်ရာကနေ ကိုကို့ပြန်သွားတဲ့အချိန်ထိ ခိုးကြည့်ရင်း ရှိုက်ကြီးတငင် ငိုကြွေးပစ်တယ်။
တစ်မနက်လုံး ငိုကြွေးပစ်တော့ ကျွန်မမျက်ခွံတွေ မို့အစ်လာတယ်။ မွန်းကျပ်နေတဲ့ ကျွန်မစိတ်ကို ဖြေလျှော့ဖို့ ကျုံးဘေးကို ထွက်လာခဲ့တယ်။ မွန်းတည့် နေမင်းကြီးအောက်မှာ ကျုံးရေပြင်က တလျှပ်လျှပ် တောက်ပနေတယ်။ ဒီကျုံးဘေးမှာပဲ  ကိုကိုနဲ့စတွေ့ခဲ့တယ်။ ဒီကျုံးဘေးမှာပဲ ကိုကို့ကို အဖြေပေးခဲ့တယ်။ ကိုကို့ကို သတိရပြီး ကျွန်မပါးမှာ မျက်ရည်တွေ စီးကျလာပြန်တယ်။
"ဖြိုး"
ကိုကို့ကို စွဲလမ်းစိတ်ကြောင့်ထင်ရဲ့။ကျွန်မနားထဲမှာ ကိုကို့ခေါ်သံကို ကြားလိုက်သလိုပဲ။
"ဖြိုး"
နောက်ထပ်ခေါ်သံကြားတော့ ကျွန်မနောက်လှည့်ပြီး ကြည့်မိတယ်။ ကိုကိုက ဆိုင်ကယ်ပေါ်က ပြေးဆင်းလာပြီး ကျွန်မကို တင်းတင်းကျပ်ကျပ် ဖက်တယ်။
"ကိုကို့ကို ခွင့်လွှတ်ပါဖြိုးရာ။ ကိုကိုလေ ဖြိုးနဲ့မခွဲနိုင်ဘူး။ဖြိုးဘယ်လိုဖြစ်ဖြစ် ကိုကိုလက်ထပ်မယ်"
ကိုကိုက တင်းကျပ်စွာ ဖက်ထားလို့ ကျွန်မ အသက်ရှူကျပ်နေပေမယ့် ကျွန်မ ပျော်နေမိတယ်။ ကိုကို့ကို ချက်ချင်း ခွင့်မလွှတ်ရဘူးလို့ ဦးနှောက်က သတိပေးပေမယ့် တကယ်တမ်းကျတော့
"သွား...ဘာအခုမှ လက်ထပ်မှာလဲ"
ကိုကို့ရင်ခွင်ကို ခပ်ဖွဖွထုရင်း လမ်းဘေးက ခရီးသွားတွေကို မရှက်နိုင်ဘဲ ခပ်တင်းတင်း ပြန်ဖက်လိုက်မိတယ်။ကိုကိုက ကျွန်မကို တကယ်အချစ်စစ်နဲ့ ချစ်တာပါလားလို့တွေးမိတော့ ကျွန်မဖြင့်ပြန် ပြောမ ပြတက်အောင်ကို ပျော်ပါတယ်။
"လာ..ဖြိုး...ဖြိုးကိုချော့တဲ့အနေနဲ့  12PanNa မှာ နေ့လည်စာလိုက်ကျွေးမယ်"
"ဟွန်း အဲ့လောက်နဲ့ မကျေနပ်နိုင်ပါဘူး"
"ဘယ်လိုလုပ်မှ ဖြိုးက ကျေနပ်မှာလဲ"
"အခု နေ့လည်စာ စားပြီး စစ်ကိုင်လမ်းမှာ ဘူးသီးကြော်သွားစားမယ်။ ညနေကျ စန္ဓာမေက ဖက်ထုတ်ပေါင်းစားမယ်။ ညကျရင် မိန်းထဲက အကင်ဆိုင်မှာ စားမယ်"
"အာ့ဆို တော်ပြီလား"
"မတော်သေးပါဘူးနော်။မနက်ဖြန် ကျ မနက်စာကို ဗထူးမြီးရှည်စားမယ်။ နေ့လည်ကျ ဦးပိန်သွားပြီး ငါး ကင်စား....."
ကိုကိုက ကျွန်မကို စကားဆုံး အောင် ပြောခွင့်မပေးဘဲ
"တော်ပါတော့ဖြိုးရယ်။ ဖြိုးကြိုက်သလောက် စား။ ဖြိုး ဒီထက်ပိုဝလာလည်း ကိုကိုက လက်ထပ်မှာပဲ။ ကိုကိုက ဖြိုးကိုတစ်သက်လုံး ချစ်သွားမှာ။ လာ သွားကြရအောင်"
ကိုကိုက စကားပြောရင်း သူ့ဆိုင်ပေါ်တက်ကာ မောင်းဖို့ပြင် တယ်။ကျွန်မလည်း ကိုကို့ခါးကို ခပ်တင်းတင်း ဖတ်ပြီး ဆိုင်ကယ်အနောက် တက်လိုက် တယ်။ နေပူတောက်တောက် အောက်မှာ တောင် ၇၈ လမ်းမကြီးမှာ ကားတွေ၊ဆိုင်ကယ် တွေက ပျားပန်းခပ်မျှ ရှုပ်ထွေးနေတယ်။
"ဖြိုး ကိုကိုလေ ဖြိုးကိုပြောစရာရှိလို့"
"အင်း..ပြောလေ"
"ကိုကိုတို့ လက်ထပ်ဖို့ လေးလပဲလို တော့တာနော်"
"အင်း...ဟုတ်တယ်လေ။ဘာဖြစ်လို့လဲ"
"ဟိုလေ၊ ဖြိုးသူငယ်ချင်းတွေကပြောတယ်။ ဖြိုးက ကိုကို့အချစ်ကို စမ်းသပ်ချင်လို့ မ၀ ၀အောင် ကြိုးစားခဲ့ တာဆို"
"အင်း..."
"ဟိုလေ....အဲ့ဒါ..ဟို..."
"အာ...ပြောပါဆို"
"ဟိုလေ၊ ကိုကိုနဲ့ဖြိုး လက်မထပ်ခင် လေးလအတွင်း အရင်လို Slimလေးဖြစ်အောင် Gym ပြန်ကစားပါ့ လား။ နော်..ဖြိုး"
ကိုကို့ခါးကို ကျွန်မဆွဲလိမ်ရင်း
"ကိုကိုနော်....ဖြိုးပြန်ပြီး စိတ်ကောက်လိုက် မှာ"
"ဟား.....ဟား....ကိုကိုက စသလိုနဲ့အတည်တောင်းဆိုတာနော်....ဟား....ဟား..."
ကိုကိုရဲ့ ရယ်သံတွေက ဆိုင်ကယ်သံ ကားသံတွေနဲ့အတူ လေထုထဲ ပျံ့လွင့်သွားတယ်။ ကျွန်မကတော့ ညနေကစပြီး Gym မှာ ပုံမှန်ပြန်ကစားဖို့ အစီအစဉ် ချမိတော့တယ်။

ဟမ်စိုင်း(ဆေး-မန်း)
Halo fashion magazine. Dec,2014

No comments:

Post a Comment