ဘွန်ဇိုင်း ( ရေအေး )
----------------------
၁
ဆောင်းကာလ ရောက်ပြီ။ နှင်းပွင့်ဖြူဖြူများသည် အုပ်လိုက်သင်းလိုက် ခုန်ဆင်းလာကြသည်။ အခါတိုင်းတွင် ဒုန်းနှင် တတ်သောလေပြင်းသည် ယခုမူအေးစက်စက် ညှင်းသွဲ့သွဲ့။ တစ်လောကလုံးသည် စွတ်စိုပြီး ထိုင်းမှိုင်းနေ၏။ သူ၏တင်းကြပ်သည့် ဥခွံမာထဲက ချောင်းကြည့်နေသည့် သစ်စေ့ငယ်သည် မနေ့ကနှင့်မတူတော့ပဲ ရုတ်တရက် ပြောင်းလဲသွားသော မြင်ကွင်းကိုငေးရင်း ရင်တဒိတ်ဒိတ်ခုန်လာ၏။
"နှင်းကိုမြင်ပြီဆိုတာနဲ့ သားရဲ့ဥခွံမာကို ချွတ်ပစ်လိုက်ပါ။ ဒါကသစ်စေ့အတွက် အသက်ပဲ။ အဲ့ဒီအလုပ်ကိုသာ ပျက်ကွက်ခဲ့ရင် အဲ့ဒီသစ်စေ့ ဘယ်တော့မှ သစ်ပင်မဖြစ်တော့ဘူး"။ သူ့အမေသစ်ပင်မနှင့် ရှိတုန်းအချိန်က နေ့စဉ်နှင့်အမျှ စိတ်မချနိုင်ဘဲ တတွတ်တွတ်မှာခဲ့တာကို သတိရ၏။ လေထန်၊ မိုးတဝုန်းဝုန်းရွာပြီး မုန်တိုင်းကျသည့်တစ်နေ့ အမေဆီက သူခုန်ဆင်းလာတုန်း ခဏမှာပဲ "သား၊မကြာခင်ပဲ ဆောင်းရာသီကျလိမ့်မယ်။ အဲ့ဒီအချိန်ဟာ အမေတို့သစ်ပင်တွေအတွက် အသက်တမျှ အရေးကြီးဆုံးအချိန်ပဲ၊ အမေမှာတာမမေ့ပါနဲ့" ဟု သူ့အမေ သစ်ပင်မသည် ဝမ်းနည်းကြေကွဲနေသော အသံနှင့် နောက်ဆုံး အော်ဟစ်မှာခဲ့သေးသည်။ယခုတော့ နှင်းတွေကျလေပြီ။
ပထမတွင် သစ်စေ့ငယ်၏စိတ်သည် ချီတုံ့ချတုံ့။ သူ့ဝတ်ရုံကြီး ချွတ်လိုက်ရင်သိပ်ချမ်းမလား၊ သူအအေးရိုက်ပြီးသေသွားမလား၊ ခရုတစ်ကောင်ကောင်က သူ့ကိုစားလိုက်မလား၊ စိတ်သည် မဝံ့မရဲ။ သူကြားဖူးသည့် သစ်စေ့တို့၏ ဘဝအကြောင်းပုံပြင်များက သူ့ကို ခြောက်ခြားစေ၏။ တစ်ချိန်တည်းပင် အကြောက်လွန်ပြီး သစ်ပင်မဖြစ်ခဲ့သော သစ်စေ့ပုံပြင်များကလည်း သစ်စေ့ငယ်၏ အတွေးထဲတွင် ရစ်ဝဲနေသည်။ သူတကာတံတွေးခွက်တွင် ပက်လက်မျောပြီး၊ သူတကာက သရော်လှောင်ပြောင်ခံရသည့် သူရဲဘောကြောင်သည့် သစ်စေ့များ။ သူသာသစ်ပင်မဖြစ်ခဲ့လျှင်လည်း "အဖြစ်မရှိတဲ့ သစ်စေ့ပုတ်ပါကွာ" ဟု ဘေးပတ်ပတ်လည်ရှိ သစ်ပင်များသည် စကားတင်းဆိုကြမည်ထင်၏။ "အမေ့ရဲ့သားက သတ္တိရှိတယ်။ ရဲရင့်တယ်။ လောကဓံကို အံတုနိုင်တယ်။ အမေ့သား အတွက်အမေဂုဏ်ယူချင်တယ်" သူ့အမေကို နောက်ဆုံး ကန်တော့နှုတ်ဆက်စဉ်က မှာကြားခဲ့သည့် စကားကိုလည်း သတိရ၏။ သစ်စေ့ငယ် မာန်တင်းလိုက်သည်။ စွန့်စားမည်။ သူ ကြီးထွားရမည်။ သူ သစ်ပင်ကြီးဖြစ်ရမည်။ ဆုံးဖြတ်ချက်ချပြီးသည့်နောက် သစ်စေ့ငယ်သည် သူ့ဝတ်ရုံမာမာအား အတွင်းကနေ ထပ်ခနဲ ထိုးခွဲ၏။ အေးစက်စက်လေတို့သည် စူးခနဲ ဓါးနဲ့ထိုးလိုက်သကဲ့သို့ သစ်စေ့ငယ်ထံတိုးဝင်လာကြသည်။ သစ်စေ့ငယ်သည် အံတင်းတင်းကြိတ်လိုက်ရင်း သူ၏ ခြေအစုံအား သူ့အောက်ခြေရှိ မြေသားမွမွထဲသို့ အသာထိုးသွင်း၏။ သူ့ရဲ့လက်နှစ်ဖက်ကို မိုးကောင်းကင်ဆီသို့ ဆန့်တန်း ချီမြှောက်လိုက်သည်။ ပြီးလျှင်မူ "ငါအလှဆုံးပန်းကိုပွင့်မယ်။အမွှေးဆုံးရနံ့ကိုလွှင့်မယ်။အချိုဆုံးဝတ်ရည်ကိုထုတ်မယ်" ဟု ဟစ်ကြွေး၏။
"သစ်ပင်စဖြစ်ပြီး မိုးမရောက်ခင်မှာ အမေတို့ရဲ့အမြစ်ကို မြေကြီးထဲ နစ်နိုင်သမျှနစ်အောင် ထိုးထည့်ထားရမယ်။ နွေကာလမှာ အိုမင်းနေတဲ့ သက်ကြီးရွက်ခြောက်တွေကို ခြွေချရမယ်၊ မိုးပေါက်တွေစကျလာပြီဆို အမေတို့အတွက် အစာချက်ပေးမယ့် သစ်ရွက်အသစ်တွေ ထွက်ရမယ်။ နေရောင်က အမေတို့ရဲ့အားအင်။ လိပ်ပြာဟာ အမေတို့ရဲ့မိတ်ဆွေတွေ"
သစ်ပင်ငယ်သည် သူ့အမေ မှာလိုက်သမျှကို မှတ်မိသလောက် ကပေါက်တိကပေါက်ချာရွတ်သည်။ တဖြည်းဖြည်း ကြီးထွားလာသည့် သူ့ကိုယ်သူလည်း ဂုဏ်ယူသလိုကြည့်၏။ တစ်ခါတစ်ခါတွင် သိပ်အားတောင့်တာပဲဟုလည်း သူ့လက်မောင်းတွေကို ညစ်ပြီးအားစမ်းသေးသည်။ ခပ်သော့သော့ လေသရမ်းက မွေ့လျှင်မူ သွေးပိုကြွကာ ကိုယ်ကိုယိမ်းနွဲ့ပြီး ကခုန်တော့သည်။ ဟိုဟိုဒီဒီ ပျံသန်းနေသည့် လိပ်ပြာများကိုလည်း အော်နှုတ်ဆက်၏။ ဘေးပတ်ပတ်လည်မှ သစ်ပင်များကိုလည်း ပေါက်ပေါက်ဖောက်သကဲ့သို့ မပြတ်တမ်း စကားလှမ်းပြောသည်။ သူသည် အရောင်တောက်တောက် အပွင့်ကားကား အလွန်လှသည့် ပန်းများကို ပွင့်စေမည့် အကြောင်း၊ သူ့ဘေးတွင် လိပ်ပြာများ ပတ်ပတ်လည်နေမည့်အကြောင်း ကြွားလုံးများထုတ်၏။
လေညင်းပျော့ပျော့ နေရောင်တောက်တောက် ပုံမှန်ညနေခင်းတစ်ခုတွင်ဖြစ်၏။ သစ်ရွက်ဆွေးများအကြား ဖြတ်လာသည့် တရှပ်ရှပ်ခြေသံနှင့် လူတစ်ယောက်သည် ပျော်ရွင်မြူးတူးနေသော သစ်ပင်ငယ်၏အနားသို့ ဖျတ်ခနဲရောက်လာခဲ့သည်။ ထို့နောက် "ဒီအပင်ပေါက်အရွယ်ကအကောင်းဆုံးပဲ" ဟု ရေရွတ်ကာ သစ်ပင်ငယ်ရဲ့အောက်ခြေမှ မြေကြီးကိုတူးဆွတော့၏။ တစ်ခါတစ်ခါတွင် သစ်ပင်ငယ်၏ခါးကို ကိုင်ပြီး နှဲ့လိုက်သေးသည်။ တဖြည်းဖြည်းယိုင်ထိုးလာသည့် သူ့ကိုယ်သူ ဟန်ချက်ထိန်းရင်းပင် သစ်ပင်ငယ် သည် "ဟာ၊ဟေ့လူ၊ဘာလုပ်တာတုံး" ဟု စူးစူးဝါးဝါးအော်၏။ ထိုလူကား သစ်ပင်ငယ်၏အော်သံကို မကြားသလို ဆက်တူးမြဲ။ ထိုသို့ဖြင့် အော်ဆဲ ဟစ်ဆဲပင် "ဗြုတ်"ခနဲ အသံနှင့်အတူ သစ်ပင်ပေါက်သည် ကုတ်တွယ်ရန် မြေပြင်မရှိတော့။ သစ်ပင်ငယ်သည် ခြေလွှတ်လက်လွှတ်နှင့် လေထဲတွင် ဟာခနဲ၊ဟိုက်ခနဲ။ လူသား၏ လက်ထဲတွင် လှည့်ပတ်အကြည့်ခံနေရင်းပင် တဖြည်းဖြည်း မူးဝေလာ၏။ ကျနေပြင်းပြင်းသည် ပိုပူသကဲ့သို့ ခံစားလာရသည်။ လူသား၏လက်များသည် သူ့အား အသာလေးထိထားသည့်တိုင် သစ်ပင်ငယ်အဖို့ နာကျင်လှပြီ။ သူသေရတော့မည် ထင်၏။ ခုနကလန်းဆန်းနေသည့် သစ်ရွက်များသည် ချက်ချင်းပင် နှုံးခွေ ပျော့ဆင်းလာသည်။ သစ်ပင်ငယ်သည် "ရေ...ရေပေးပါ" ဟု ကြောက်လန့်တကြားအော်၏။ ထို့နောက် တအီအီ စ ငို၏။ "အမေ" ဟု ညည်းတွားရေရွတ်ရင်းပင် တဖြည်းဖြည်းမှိန်ဖျော့လာသည့် သစ်ပင်ငယ်၏ အသိစိတ်သည် ဖျတ်ခနဲ ခြင်းတစ်ခုထဲသို့ ပစ်ထည့်ခံလိုက်ရသည်ကို နောက်ဆုံးသိလိုက်၏။
၂
တရွှတ်ရွှတ်အသံ၊ အေးစက်စက် အထိအတွေ့များကြောင့် သစ်ပင်ငယ်သည် ရုတ်တရက်လန့်နိုးလာ၏။ တဖောက်ဖောက် ခုန်ဆင်းလာသည့် ရေပေါက်များကြောင့် သူ့ကိုယ်ခန္ဓာတစ်ခုလုံးသည် ရွှဲရွှဲစိုနေပြီ။ မသေသေးဘူး ဆိုသည့်အသိကြောင့် သစ်ပင်ငယ်သည် ရင်ထဲ လှိုက်ခနဲဖြစ်၏။ ဘာတွေဖြစ်ကုန်ပြီလဲ ဟုလည်းတွေး၏။ မူးရစ်ရီဝေနေသည့်ကြားကပင် အနည်းငယ် နာကျင်နေသော သူ၏ ခြေလက်များကို ကွေးကြည့်ဆန့်ကြည့်၏။ ချက်ချင်းပင် နာလိုက်တာဟု ညည်းမိပြီး လက်တွေခြေတွေကို မလှုပ်မယှက် ထားမိပြန်သည်။ အခု သူမတ်တပ်ရပ်နေတာပဲဟု သတိထားမိလျှင်မူ သစ်ပင်ငယ်သည် သူ့ခြေ ထောက်များကို ခပ်ဖြည်းဖြည်းဆန့်ကြည့်၏။ မြေသားနည်းပါးသော မာကျစ်ကျစ် ကျောက်စရစ်များကြားတွင် သူ့ခြေထောက်များသည် နစ်မြုပ်နေ၏။ "အဟာရ၊အဟာရပေးပါ" သစ်ပင်ငယ်သည် ဆာလောင်မွတ်သိပ်စွာ အော်ဟစ်လိုက်၏။ တစ်ချိန်တည်း အမြစ်ထိပ်ရှိ စုပ်ခွက်များကိုဖွင့်ကာ အားပါးတရ စုပ်ယူလိုက်၏။ သို့သော် သူစုပ်ယူလိုက်သည့် အရည်များထဲတွင် ရေကလွဲပြီး ဘာမှပါမလာ။ "သစ်ပင်တွေအတွက်အားအင်" ဟု သူ့အမေပြောခဲ့သည့် နေ၏အပူသည် ယခုအခါ အားမရှိတော့သောသူအား မီးမြိုက်နေသကဲ့သို့ ပူလောင်လှ၏။ "သင်းသတ်တယ်ဆိုတာ" ဟု သူ့အမေသစ်ပင်မ ပြောပြဖူးသည့်စကားများကို ကြားယောင်ရင်း သစ်ပင်ငယ်သည် နောက်တစ်ကြိမ် အသိမဲ့သွားပြန်၏။
သစ်ပင်ငယ်သည် သတိလည်တစ်ချက်၊ မလည်တစ်ချက်။ ကပ်ဆိုးကြီးတစ်ခု ဖြတ်သန်းနေရသည်နှင့် တူ၏။ အသိဝင် လာသည်နှင့် သစ်ပင်ငယ်သည် သူ့ဖြစ်အင်အတွက် မျက်ရည်တွေတွေကျ၏။ ဝမ်းနည်းပက်လက် ငို၏။ ပေါက်ပေါက်ကွဲကွဲ အော်ဟစ်၏။ ထို့နောက် သတိလစ်သွားပြန်သည်။ တစ်နေ့ပြီးတစ်နေ့ကုန်ခဲ့ပြီးနောက် လုံလောက်သောရေမရသည့် သစ်ရွက်များသည် တဖွဲဖွဲ ကြွေကျကုန်၏။ ခြေများ၊ လက်များသည် အဘိုးကြီးအိုတစ်ယောက်၏ လက်များသဖွယ် ကုပ်ကိုင်းခြောက်သွေ့ကုန်၏။ သစ်ပင်ငယ်၏ သဏ္ဍာန်သည် သေခြင်းကိုစောင့်နေသည့် လူအိုကြီးနှင့်မခြား။ အသိစိတ်များကလည်း ဝေဝေဝါးဝါး။
"ဘာဆို ဘာအဟာရမှ အမေတို့ မရတော့ဘူးဆိုရင် အရင်ဆုံး သစ်ရွက်တွေကိုခြွေပါ။ အဲ့ဒီနောက် ကိုင်းဖျားကိုင်းနားတွေကို ဖြုတ်ချပါ။ တတိယ ပိုကြီးတဲ့သစ်ကိုင်းတွေကို စွန့်ပစ်ပါ။ အမေတို့ရဲ့ရှင်သန်မှုအတွက် အရေးအကြီးဆုံးက အမြစ်ပဲသား။ အမြစ်မသေသေးသ၍ အမေ့သားမသေဘူး။ အမြစ်သေပြီဆိုတာနဲ့ အမေ့သားသေပြီ။ ဒါ မတော်တဆများ သေကောင်ပေါင်းလဲ အခြေအနေနဲ့ ကြုံလာတဲ့အခါ အမေ့သားအတွက် အသက်ရှင်သန်နိုင်မယ့် နည်းလမ်းပဲ။ စကားဦးနိမိတ်ဖြစ်မှာစိုးပေမဲ့ ဒါလေးတော့ အမေမှာပါရစေ။ ဘုရားသိကြားရဲ့ကျေးဇူးကြောင့် အမေ့သား ဘဝခရီးမှာ ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ အမေ ဆုတောင်းပေးပာတယ်ကွယ်"
အိပ်မက်မက်သည်ဟု ထင်သည်။ အဝေးတစ်နေရာက အော်နေသည့် သူ့အမေသစ်ပင်မ၏အသံကို ကြားယောင်ပြီး မှိန်းမောနေသည့် သစ်ပင်ငယ်သည် ဆတ်ခနဲတုန်၏။ ပြီးလျှင် "အမြစ်မသေသေးသ၍ အမေ့သားမသေဘူး။ အမြစ်သေရင် အမေ့သားသေပြီ။ တတိယပိုကြီးတဲ့ သစ်ကိုင်းကိုစွန့်ပစ်ပါ" ဆိုသော သူ့အမေစကားအား တုန်တုန်လှုပ်လှုပ်နှင့် အသိမဲ့စွာ တီးတိုးရွတ်၏။ ထို့နောက် သစ်ပင်ငယ်သည် မျက်စိကိုတင်းတင်းမှိတ်ပြီး ညှိုးခြောက်နွမ်းရော်နေသည့် သူ၏လက်နှစ်ဖက်အား ဆတ်ခနဲ ခြွေချလိုက်သည်။ နာကျင်မှုသည် ကျောတစ်လျှောက်စိမ့်တက်လာသည်။ သစ်ပင်ငယ်သည် အံကြိတ်ပြီး "ငါအသက်ရှင်ရမယ်" ဟု မာန်တင်း၏။ ပါးပြင်ပေါ်တွင် မျက်ရည်များသည် တွေတွေစီးနေ၏။
သစ်ပင်ငယ်သည် တဖြည်းဖြည်း နလံထူလာ၏။ ကာလအတော်ကြာ ဝေးကွာနေသည့် ကိုယ်နှင့်စိတ်သည် တဖြည်းဖြည်း ပြန်လည်တို့ထိလာ၏။ ထိုအခါ သစ်ပင်ငယ်အဖို့ မြင်မြင်သမျှသည် မျက်တောင်မခတ်နိုင်။ ထက်ရှသည့် ကတ်ကြေး၏အသွားသည် သစ်ကိုင်းသစ်ခက်များကို ဆတ်ခနဲဆတ်ခနဲ ညှပ်ချသွား၏။ မာန်တင်းထားသည့် သစ်ပင်တို့၏ ညည်းညူသံသည် ခပ်သဲ့သဲ့ ထွက်လာသည်။ ကိုယ်ထည်နှင့် ခြေလက်များကို သံကြိုးများနှင့် ရစ်ပတ်ဆိုင်းတုတ်လိုက်ကြ၏။ အခြားသစ်ပင်၏ခါးရိုးကို ကိုင်ပြီး ဗြုတ်ခနဲ အမြစ်ကိုဆွဲနုတ်လိုက်သည်။ သစ်ပင်ငယ်သည် မရဲတရဲကြည့်ရင်းရင်ထဲ ဟာခနဲ ဖြစ်၏။ အရွယ်စုံသစ်ပင်အားလုံးသည် ဒဏ်ရာ ဒဏ်ချက်များ၏ အောက်တွင် အလူးလူးအလှိမ့်လှိမ့်။ အံသြစရာကား သစ်ပင်တို့သည် သီချင်းအဆိုမပျက်ကြ။
"ဘဝက ××× နာကျင်ခြင်း၊ ဒုက္ခက ××× ပင်လယ်ပဲ။ ကူး ××× ကူး ××× ကူးဖြတ်မယ်။ သောက ××× တောင်တန်းကို ကျော်ပစ်လိုက် ×××။ မင်းမောပန်းတဲ့အခါ ××× မင်းတွေးပေါ့။ မင်းပန်းပွင့်တွေနဲ့ လှမယ့် ကမ္ဘာ ×××။ မင်းအနားဝဲပျံနေမဲ့လိပ်ပြာများ ×××။ တွေးကြည့်လိုက် ×××။ မျှော်လင့်ချက်က မင်းရဲ့အဖော် ×××"
သစ်ပင်ငယ်သည် စိတ်ထဲမှ တီးတိုးလိုက်ဆိုကြည့်၏။ ထိုသီချင်းကို အော်ဟစ်နေရင်းပင် သစ်ပင်တို့၏ သွေးစိမ်းရှင်ရှင် ဒဏ်ရာများသည် သစ်ပင်ငယ်၏ ရှေ့တွင်ပင် အနာဖေးတက်လာကြပြန်၏။ ဘယ်လိုစိတ်ခွန်အားတွေများ သူတို့နှလုံးသားထဲ ဝင်ခိုနေပါလိမ့်။ သစ်ပင်ငယ်၏စိတ်တွင် အံ့သြမှင်တက်ခြင်းသည် အဆုံးမရှိ။ လအနည်းငယ်မျှ ကြာလျှင် သစ်ပင်ငယ်သည် အဆီအသားမဲ့သည့် ပန်းအိုးထဲတွင် အသားကျလာ၏။ အနည်းအကျဉ်းမျှ ထည့်ပေးသည့် အာဟာရကို စနစ်တကျ သုံးစွဲတတ်လာ၏။
နေရောင်တောက်ပသည့် မနက်ခင်းတစ်ခုတွင် အောင့်သက်သက်ခံစားချက်ကြောင့် သစ်ပင်ငယ်သည် အိပ်မောကျနေရာမှ ဆတ်ခနဲ လန့်နိုးလာ၏။ စိတ်ထဲတွင် တစ်ခုခုသည် သူ့ကိုယ်ကိုဖောက်ပြီး အထဲက ထွက်လာသည်ထင်၏။ အရွက်မဲ့ ရိုးတံပြိုင်းပြိုင်းကိုယ်ကြီးကို စေ့စေ့ကြည့်လျှင် ဖုဖောင်းနေသည့် နေရာအချို့ကိုမြင်လိုက်သည်။ သစ်ပင်ငယ်သည် ရုတ်တရက် နာကျင်မှုကိုမေ့ကာ "ဟေး"ခနဲ အော်မိ၏။ သူ့ကိုယ်တွင် ပုရစ်ဖူးတွေ စို့လာပြီ။ မကြာမီ ရွက်သစ်ဝေတော့မည်။ သစ်ပင်ငယ်၏ ပျော်ရွှင်ခြင်းသည် ပတ်ပတ်လည်ရှိ သစ်ပင်အုပ်စုကြီးထဲသို့ လေနှင့်အတူ ရုတ်ချည်းပင် ပျံ့နှံ့သွား၏။ "သေမင်းတောင်ကုန်းကို ကျော်လွန်နိုင်ခဲ့ပြီ။ ဂုဏ်ယူပါတယ်ကောင်လေး" သံကြိုးနှင့်ဆိုင်းခံထားရသည့် မလှမ်းမကမ်းရှိ အရွက်ဖြာဖြာနှင့် စိန်ပန်းပင် ပုညှက်ညှက်က အော်ဟစ်နှုတ်ဆက်၏။ "ငရဲအဝကို တစ်ယောက်ရောက်လာပြန်ပေါ့" သွေးစက်စက်ကျနေသည့် ညောင်ပင်ပုသေးသေးတစ်ပင်က တီးတိုးရွတ်၏။ တစ်ယောက်တစ်ပေါက် အော်သံ ၊ဟစ်သံ ၊ နှုတ်ဆက်သံများသည် ရုတ်ချည်းဆူညံလာ၏။ သစ်ပင်ငယ်သည် ဘာပြန်ပြောရမည်မသိ။ နောက်ဆုံး "အဖွဲ့ဝင်အသစ်ကို ကြိုဆိုတဲ့အနေနဲ့ သီချင်းဆိုကြစို့" ဟူသည့် ဆော်သြသံနှင့်အတူ သီချင်းသံသည် ဟီးထွက်လာလေ၏။
"ဘွန်ဇိုင်း ××× ရဲရဲတောက် ××× တို့ဘွန်ဇိုင်း ××× ဘွန်ဇိုင်း ××× ဒူးမထောက်တဲ့ ××× တို့ဘွန်ဇိုင်း ××× ဘွန်ဇိုင်း ××× လက်မမြှောက်တဲ့ ××× တို့ဘွန်ဇိုင်း ××× ဘွန်ဇိုင်း ×××"
၃
အသွားထက်ထက်ကတ်ကြေးသည် တရွှပ်ရွှပ် ညှပ်ချလိုက်သည်။ သစ်ပင်ငယ်၏ အသား၊ အရိုးနှင့် အရွက်များသည် တစ်မုဟုတ်ချင်း ပဲ့ကျသွား၏။ ကတ်ကြေးတစ်ချက် ပြတ်သွားတိုင်း သစ်ပင်ငယ်သည် အားခနဲ ညည်းညူ၏။ ကိုယ်ကို ဆတ်ခနဲ တွန့်လိမ်ပြီး ရုန်းကန်၏။ "တောင့်ထား ကိုအပင်ရေ့" ဟူသော ဘေးနားမှအားပေးစကားသံကို သူ၏နားတွင် မကြားတစ်ချက်၊ ကြားတစ်ချက်။ ပြတ်တောက်သွားသည့် လက်ဖျားခြေဖျားတို့တွင် ဖြူပြစ်ပြစ်သွေးများ ဒလဟော စီးဆင်းလာ၏။ သစ်ပင်ငယ်သည် "ဒါ ငါးကြိမ်မြောက် အဖြတ်ခံရတာလား၊ ဒါမှမဟုတ် ခြောက်ကြိမ်မြောက်လား" ဟု တွေးရင်းပင် "ရက်စက်တဲ့လူသား၊ မြန်မြန်သေပါစေ" ဟု သူ၏ခြေ၊ လက်များကို ဆဆပြီး ဖြတ်နေသူအား ကျိန်ဆဲ၏။ မာန်တင်းထားသည့်ကြားကပင် နာကျင်မှုကြောင့် မျက်ရည်သည် စိုဆင်းလာသည်။ "အားတင်းလိုက်စမ်း" သစ်ပင်ငယ် ရေရွတ်၏။ တစ်ရက်နှစ်ရက်ဆိုလျှင် သွေးတွေတိတ်သွားမည်။ သုံး၊ လေး ရက်ဆိုလျှင် အနာတွေကျက်လာမည်။ တစ်ပတ်ခန့်ကြာလျှင် ရွက်သစ်များ ပြန်ဝေလာလိမ့်မည်။ နှစ်ပတ်ကုန်သွားလျှင် ခြေအသစ်၊ လက်အသစ်များ ပြန်ထွက်လာလိမ့်မည်။ "ရှုံးပြီလို့ မတွေးမချင်း အမေ့သား မရှုံးသေးဘူး" သူ့အမေစကားကို တတွတ်တွတ်ရွတ်၏။ သစ်ပင်ငယ်သည် မျက်စိစုံမှိတ်ပြီး သီချင်းကိုဟစ်၏။ ပြီးလျှင် နာကျင်နေသည့်ကိုယ်ကို အတင်းယိမ်းထိုးပြီးကာ ကခုန်၏။ "နာစမ်း၊ နာလိုက်စမ်း၊ နာချင်သလောက်နာလိုက်စမ်း" ဟု ဒေါသတကြီးအော်၏။ လက်ဖဝါးပြင် နှစ်ဖက် အဖြတ်ခံထားရသည့် သူ့လက်ငုတ်တိုနှင့် ဖြောင်းခနဲ ဖြောင်းခနဲနေအောင် လက်ခုပ်တီး၏။ မျက်နှာကား ထီမထင်သလို မဲ့မဲ့ကြီး ပြုံးလျက်ရှိသည်။
၎
ကွေးကောက်ကောက် သံကြိုးများသည် သစ်ပင်ငယ်အား တုပ်နှောင်ထား၏။ ခြေထောက်နှင့် လက်များသည် လှုပ်ရှား၍ မရတော့။ ကိုယ်ခန္ဓာသည် စောင်းကန်းကန်းနှင့် တောင့်တောင့်ကြီးဖြစ်နေသည်။ သို့သော် သစ်ပင်ငယ်၏ စိတ်ဓါတ်သည် ကျဆင်းဟန်မရှိ။ သီချင်း ပိုဆိုလာ၏။ ဟာသများ ပိုပြောလာသည်။ မပြောတာကြာသည့် ပန်းပွင့်နှင့် လိပ်ပြာများအကြောင်းကို တတွတ်တွတ်ပြော၏။ "မင်းကို သူတို့က အငတ်ထားမယ်။ ရေဖြတ်မယ်။ အမြစ်တွေကိုလည်းဖြတ်မယ်" ဟု သူ့ဘဝတွင် ဖြတ်သန်းခဲ့သည့် ဆင်းရဲဒုက္ခများကို တစ်ခုပြီးတစ်ခု ဆို၏။ ပြီးလျှင် "မင်းဒုက္ခကို ကျော်နိုင်ခဲ့လိုသာ၊ အသက်မသေခဲ့လို့သာ မင်းအကြောင်းပြောနေကြတာ။ မင်းသာသေသွားခဲ့ရင် ဘယ်သူမှမမှတ်မိတော့ဘူး" ဟု အသစ်ရောက်လာသည့် သစ်ပင်ငယ်များကို အော်ကြီးဟစ်ကျယ် ပြော၏။ "လောကကို အလှဆင်မယ်" ဟုလည်း တတွတ်တွတ် ရေရွတ်သည်။ ပြီးလျှင် မကြာခဏ အကြောင်းမဲ့ ဟားတိုက်ပြီး ရယ်သည်။ လွတ်လပ်နေသည့် စိမ်းဖန့်ဖန့်သစ်ရွက်များကို လေပြေအလွင့်တွင် တဖျပ်ဖျပ်ခါယမ်းနေသည့် သစ်ပင်ငယ်သည် အရင်ကကဲ့သို့ နုနုနယ်နယ် မဟုတ်တော့ ။ သစ်ပင်ဖလံ ကိုယ်ခန္ဓာသည် အဖုဖု၊ အထစ်ထစ်များနှင့် တကယ့် သစ်ပင်ရင့်မာကြီးနှင့် တူလာသည်။ ခပ်ညစ်ညစ် သစ်ခေါက် အပွေးများသည် သူ့ကိုယ်ပေါ်တွင် တဖြည်းဖြည်း အသားတက်စပြုလာ၏။ စကားအဆုံးတွင် "ဟက်"ခနဲ ရယ်လိုက်သည်ကပင် လောကကြီးအား သရော်လှောင်ပြောင်ချင်ဟန်အပြည့် ဖြစ်လာသည်။
၅
ရွှေရောင်ပန်းပွင့်များသည် သစ်ပင်ငယ်၏လက်တံပေါ်တွင် စီစီရီရီ ဖူးပွင့်လာကြပြီ။
သိပ်လှသတဲ့။ သစ်ပင်ငယ်၏ အနား တရစ်ဝဲဝဲပျံနေသည့် လိပ်ပြာငယ်တို့သည် အပြန်အလှန်အော်ဟစ်နေကြ၏။ သစ်ပင်ငယ်သည် "ဟက်"ခနဲ ရယ်ရင်း "တကယ်လား"ဟု မယုံသလိုလေသံနှင့် ပြန်မေး၏။ ပြီးလျှင် "ကျေးဇူးပါ၊ ကျေးဇူးတင်ပါတယ်" ဟု တမင်ချိုအီထားသည့် အသံနှင့်ပြန်ပြော၏။ "ကျွန်တော့်ရဲ့ပိုင်ရှင်က အချိန်ယူပြုပြင်ပေးခဲ့လို့ပါဗျာ" ဟူသော ကျေးဇူးစကားကိုလည်း တတွတ်တွတ်ပြော၏။ ဂုဏ်ယူဝံ့ကြွားနေသည့် မျက်နှာသည် နာကျင်ခဲ့သည့် အချိန်များကို သတိရဟန်မတူတော့။
"အချစ်ရေ မင်းရဲ့ ဝတ်ရည်ချိုတွေကို ကိုယ် သောက်သုံးပါရစေလား"
အတင့်ရဲသည့် လိပ်ပြာအချို့သည် သစ်ပင်ငယ်အနားကို ထိကပါးရိကပါး ပျံရင်းအော်ဟစ်ကြ၏။ သူ၏ အပွင့်များပေါ်မှာ ရပ်နားလိုက်တော့မလိုလို၊ သူတို့၏ ဝတ်ရည်စုပ်တံများကို သစ်ပင်ငယ်၏ ပန်းပွင့်များထဲ ထိုးစိုက်လိုက်တော့မလိုလို ဟန်ပန်များနှင့် ဖြစ်သည်။ သစ်ပင်ငယ်သည် "မလုပ်ပါနဲ့အစ်ကိုတို့ရယ်" ဟု ခပ်သွက်သွက် ငြင်း၏။ မျက်နှာသည် အရှက်သည်းသလို နီမြန်းမြန်း။ သူ့အလှတွင် သွက်သွက်ခါနေသည့် လိပ်ပြာများအပေါ် အူမြူးဟန်သည် အထင်သား။ မွှေးပျံ့သည့် ရနံ့ကိုလည်း ထောင်းထောင်းထသည်အထိ သူ၏ကိုယ်တွင် လိမ်းကျံလိုက်သေးသည်။ "မူးလိုက်ကြစမ်း၊ ရူးလိုက်ကြစမ်း" ဟုလည်း စိတ်တွင် ဟစ်၏။
"လိပ်ပြာတွေဟာ အမေတို့ ဝတ်ရည်တွေစုပ်သောက်ရင်းပဲ အမေတို့ရဲ့ဝတ်မှုန်တွေကို အခြားပန်းပွင့်တွေဆီ သယ်ဆောင်သွားလိမ့်မယ်"
ဝတ်မှုန်ကူးရတော့မည်အချိန်ရောက်လေပြီ။ နှုတ်ဖျားမှ အငြင်းစကားကို တွင်တွင်ဆိုနေသည့် သစ်ပင်ငယ်သည် စိတ်ထဲမှ အလှဆုံးလိပ်ပြာကို ရွေးချယ်နေ၏။ နောက်ဆုံး အဝါ၊ အစိမ်း၊ အနီ အရောင်တောက်တောက်၊ ကိုယ်လုံးသွယ်သွယ် လိပ်ပြာလေး သူ့ကိုခွင့်ပန်လာချိန်တွင် သစ်ပင်ငယ်သည် ဖျတ်ခနဲပြုံးပြီး သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။ ဘုရား...နောက်ဆုံးတွင် သူ့ဝတ်ရည်များ သောက်သုံးခံရတော့မည်။ လှစ်ခနဲခိုနားလာသည့် လိပ်ပြာလေး၏ အနမ်းတွင် သစ်ပင်ငယ်သည် ရုတ်ချည်း မှိန်းမူးလာ၏။ ဒီကာလကြီး ကျော်လွန်ပြီးလျှင် သူသည် သား၊ သမီးများနှင့် လူလား မြှောက်သည့် သစ်ပင်ကြီးဖြစ်ရတော့မည်။ ထို့နောက် သစ်ပင်ငယ်သည် တဒိတ်ဒိတ်ခုန်နေသော နှလုံးကို ဖိထားပြီး သူ့ဝတ်ရည်ဘူးးအား လိပ်ပြာငယ်အတွက် ဆတ်ခနဲ ဖွင့်ပေးလိုက်၏။
"ထွီ...ပေါ့ရွှတ်ရွှတ်နဲ့ အလကားပဲ၊ အပြင်ပန်းသာ လှတာ၊ အနှစ်သာရက နတ္တိ"
လိပ်ပြာငယ်သည် သစ်ပင်အား ဆတ်ခနဲတွန်းဖယ်လိုက်၏။ လဲပြိုလုလု ယိမ်းယိုင်သွားသည် သစ်ပင်ငယ်သည် "အမြင် သာလှတာ၊ အပေါစားဟေ့၊ အထင်မကြီးနဲ့" ဟု အော်ဟစ်နေသည့် လိပ်ပြာကိုကြည့်ရင်း စိတ်ထဲအောင့်ခနဲ ခံစားချက်နှင့်အတူ ဒေါသသည် ထောင်းခနဲထွက်၏။ ထို့နောက် "သစ်ပင်တစ်ပင် ဘယ်လိုဘဝကို ဖြတ်ပြီးရှင်သန်ခဲ့ရတယ်ဆိုတာကို မစဉ်းစားဘဲ ဝတ်ရည်မချိုတာကိုပဲမြင်တဲ့ လိပ်ပြာယုတ်၊ ဘယ်တော့မှ ငါ့ဝတ်ရည်လာမသောက်နဲ့" ဟု စူးစူးဝါးဝါး အော်ဟစ်ပြီး သူ၏ဝတ်ရည်အိုးကို ဝုန်းခနဲ ပိတ်ချလိုက်သည်။ ပြီးလျှင် "ငါ့ဝတ်ရည်နဲ့ မတန်တဲ့ အကောင်" ဟု မျက်နှာထားကို မော့ချီထားလိုက်၏။ တစ်ချိန်တည်းပင် သစ်ပင်ငယ်သည် လိပ်ပြာ၏ခြေထောက်များနှင့် သူ၏ပွင့်ချပ်များတွင် အပြန်အလှန် ကူးလူးကျန်ခဲ့သည့် ဝတ်မှုန်များအတွက် စိတ်ထဲတွင် အူလှိုက်သည်းလှိုက် ကျိတ်ရယ်လိုက်ရင်းပင် အခြားမအူမလည် လိပ်ပြာတစ်ကောင်ကို ဆွဲဆောင်ရန်အတွက် သူ၏ စိမ်းဖန့်ဖန့်ဝတ်ရုံနှင့် ဆန့်တန်းထားသော လက်တံနှစ်ဖက်ပေါ်မှ ရွှေရောင်ပန်းပွင့်များကို လှသထက်လှအောင် ဖြန့်ခင်းလိုက်၏။
---------------------- ရေအေး
ရွှေအမြုတေမဂ္ဂဇင်း နိုဝင်ဘာလ ၂၀၁၆
No comments:
Post a Comment