ညမွှေးပန်းကလေးရဲ့နွမ်းလွင့်ရာသီ
*********************************
ဒီနေရာမှာ ရပ်နေတာ
ီဒီအရိပ်မှောင်ရဲ့ စာကြောင်းတွေအပေါ်
သာယာနေတယ်လို့ ထင်လား။
တွန့်ကွေးနေတဲ့ အရေပြားပေါ်မှာ
ဆာလောင်မှုတွေ အာသာဖြေမယ့် နာရီအတွက်
နောက်ဆက်တွဲ ဆာလောင်မှုတွေ ငြိမ်းစေမယ်။
သုံးဆယ့်နှစ်ကောဋ္ဌာသအမြှောက် ခြောက်
ညီမျှခြင်းထိုးထိုးပေးဖို့
ညရဲ့မီးက လမ်းမှာ မှိန်နေရမယ်လေ။
လေချွန်သံတွေရဲ့အလိုက်ကို နံပါတ်ဖတ်နို်င်မှ
မနက်ဖြန်မှာ နေသာမယ်။
ဖိနပ်ကို ရှပ်တိုက်ပြီး အမြန်လျှောက်မယ်။
မဆိုးချင်ဘဲ ချောင်းမကြာခဏဆိုးမယ်။
အပေါစားရေမွှေးတွေ မိတ်ကပ်တွေ
ဒရိုင်းရှဲလ်ဒိုးလိုင်နာတွေ ရောင်စုံခြယ်မယ်။
ထမီကို မကြာခဏပြင်ဝတ်မယ်။
အခမဲ့ဖောက်သည်တွေကို အဆစ်ပေးရမယ်။
အာရုံတွေရဲ့ ကျက်စားမှုကို
တစ်ဆယ်လား ခုနစ်လား အပွင့်ဆွဲတတ်မှ
လာဘ်တစ်ပါးတိတ်နေတဲ့
နောက်ဆက်တွဲအာရောဂျံအတွက်
မနက်ဖြန် ဝါးခထဲ ဆေးဖိုးအလိုက် ထည့်နိုင်မယ်။
တွေတွေငေးငေးဆို စီမံကိန်းခရီးနဲ့နီးမယ်။
အပေးအကမ်းအရက်အရောနဲ့
အပိုင်စားတွေနဲ့ပလဲနံပသင့်အောင်ပေါင်းရတယ်။
နောက်မှာရပ်နေတဲ့ အသက်ရှုသံက များတော့
မဖျားမနာအောင် ညကို ဂရုစိုက်ရတယ်။
ပြောခဲ့ပြီးပါပြီကော...
အခြေခံသင်ယူရေးက
သုံးရာသီ အိမ်ကွင်းမှာပြီးတယ်။
ဥတုမမှန်တဲ့ မိသားစုဂရပ်ဖ်မှာ
ကျန်တဲ့ရာသီများက
ရေကုန်ရေခမ်းအဝေးကွင်းတွေပဲ။
မိသားစုအိပ်မက်ကို သွေးသစ်လဲဖို့
အပျိုပေါက်အရွယ်နဲ့
ရန်ကုန်တောနက်ထဲ ဟင်းသီးဟင်းရွက်လာခူးတယ်။
ကူညီရေးကျားတွေရဲ့ မျက်နှာဖုံးက
သေသပ်တိကျတယ်။
ကျောတချစာနေရာထဲ
စက်မှုဇုံရဲ့ ဖယ်ရီတွေကြား
ကူးချည်သန်းချည်နဲ့ ညနက်ခဲ့တယ်။
ရော်....ခက်ပါပြီကော
အစစအရာရာ " မဦး "ဆိုတော့
အင်ဂျင်ခန်းမှာ အံကြိတ်စက်မောင်းခဲ့ရတယ်။
အရေးသုံးပါးရဲ့လှိုင်းကကြမ်းတော့
သိသာသိ မြင်မကြည့်မိစေနဲ့ပေါ့
ဆက်သွယ်ရမယ့်ဖုန်းက တစ်ခါခေါ် ငါးရာ
အလုပ်ဖြစ်မှ ဆက်ဆက်ခေါ်။
အမြဲတမ်းနေ့ နေရပ်က
တောင်ဒဂုံ ဆယ့်နှစ်ပေပတ်လည် တစ်လသုံးသောင်း
ဒီစာကြောင်းမှာ ကျောက်ချရပ်ရင်း
ဟိုအကြောင်း..ဒီအကြောင်းနဲ့
သောင်းပြောင်းထွေလာ ရင်မောစရာဘဝပဲ။
အခုလား။
မတွေ့ဖြစ်တာ သုံးနှစ်ရှိပြီ။
အလွမ်းသား .....သတိရသား
ဘဝပေးကံက ကောင်းမှမကောင်းတာ
အငယ်လေးဆို
ကျွန်မကို တော်တော်တွယ်တာတယ်။
အမေကတော့ မျက်ရည်တွေနဲ့
ငါ့သမီးကြီးသေပြီလို့ ပြောထားတယ်။
တွေ့ချင်တာပေါ့
နောက်ဆုံး လေရှုပုံလေးမကွဲခင်
အမေရေလို့ အားရပါးရဖက်ပြီး ငိုလိုက်ပါရစေ။ ။
ကေဇော်မိုး
May 27, 2017
ညမွှေးပန်းကလေးရဲ့နွမ်းလွင့်ရာသီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment