မနက်တုန်းဆီက(မင်းလူ)
____________________
မျိုးမြင့်လွင်နှင့်ထားတို့သည် မနက်ကပင် မင်္ဂလာဆောင်ခဲ့ကြသည်။ မင်္ဂလာဆောင်ဆိုသော်လည်း ကြီးကြီးကျယ်ကျယ် ခမ်ခမ်းနားနား ပြုလုပ်ခဲ့ကြခြင်းမဟုတ်ချေ။ ထားတို့အိမ်ရှေ့မှာ စားပွဲကလေး လေး ငါး ဆယ်လုံး ခင်း၊ ရပ်ကွက်ထဲက လူကြီး နည်းနည်းပါးပါးနှင့် အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ပြီး လက်ဖက်ရည်နှင့်မုန့်တို့ဖြင့် ဧည့်ခံသော အကျဉ်းချုံးမင်္ဂလာဆောင်ဖြစ်သည်။
မျိုးမြင့်လွင်၏အလိုအတိုင်းဆိုလျှင် ထိုမျှလောက်ပင် ပြုလုပ်ချင်သူမဟုတ်။ ရုံးတက်လက်မှတ်ထိုးတာလောက်ဖြင့်သာ ပြီးချင်သူဖြစ်၏။ သူ့မိဘတွေက ထားတို့ဘက်ကိုလည်း ထည့်တွက်ဦးလေဟု သတိပေးသည်။ ထားတို့အဖေကလည်း သိပ်အကျယ်မချဲ့ပါနဲ့လို့ ပြောထားသားပဲဟု ဆင်ခြေပေးပြန်၏။ နောက်ဆုံး သူ့အဖေနှင့်အမေက မင်းမလုပ်ချင်နေ၊ ငါတို့လုပ်မယ်ဟု အတင်းစီစဉ်သောကြောင့် ဤမျှလောက် လုပ်ဖြစ်သွားခြင်းဖြစ်၏။ ထို့ကြောင့်လည်း မင်္ဂလာဆောင် ဧည့်ခံစရိတ်သည် ထိုတစ်နေ့ညက သူ့သူငယ်ချင်းတွေနှင့် လူပျိုညလုပ်ရာတွင် သောက်ကြစားကြသောငွေလောက်ပင် မကုန်ခဲ့ခြင်းဖြစ်သည်။
မျိုးမြင့်လွင်သည် အနုပညာသမားဖြစ်သည်။ တက္ကသိုလ်မှာတုန်းက ပန်းချီသင်တန်းတက်ဖူးသည်။ ဘွဲ့ရပြီးနောက် ပြင်ပစာပေလောက ပန်းချီလောကတွင် ဝင်နိုင်အောင် ကြိုးစားသည်။ နောက် မဂ္ဂဇင်းတစ်ခုနှင့် အဆက်အသွယ်ရသည်။ မဂ္ဂဇင်းမှာ လက်ထောက်အယ်ဒီတာတစ်ပိုင်း၊ ကြော်ငြာတာဝန်ခံတစ်ပိုင်း၊ စာပြင်ဆရာတစ်ပိုင်း ဝင်လုပ်ရင်း လိုအပ်သော ပန်းချီဒီဇိုင်းများလည်း ဝင်ဆွဲခွင့်ရလာသည်။
သူသည် အနုပညာသမားပီပီ သူများတကာနှင့်မတူသော အချက်လက်ကလေး နည်းနည်းပါးပါးတော့ ရှိသည်။ အခြားလူတွေလို မင်္ဂလာဧည့်ခံပွဲကို အသင့်အတင့်လောက်တောင် မလုပ်ပဲ အကျဉ်းဆုံးပြုလုပ်ခဲ့သည်။ ပြီးတော့ မင်္ဂလာဦးပျားရည်ဆမ်းခရီးကို ငပလီတို့ ဘာတို့ သွားဖို့စိတ်မကူး။ သွားလည်း မသွားနိုင်။ သူ့မှာ ငွေသိပ်မရှိ။ သူ့စိတ်ကူးက တောင်ဥက္ကလာဘက်တွင် သူ့အဖေပိုင်သော ခြံကလေးတစ်ခြံရှိသည်။ ပေလေးဆယ် ပေခြောက်ဆယ်ခန့်ရှိ ခြံငယ်ကလေး။ သူ့အဖေ အငြိမ်းစားယူပြီးလျှင် အေးအေးချမ်းချမ်းနေဖို့ ရည်ရွယ်ပြီး ဝယ်ထားခြင်းဖြစ်သည်။ လောလောဆယ် အိမ်မဆောက်ရသေး။ တဲကလေးတစ်လုံးသာရှိသည်။ အစောင့်တစ်ယောက်နေသည်။ ကျောက်မြောင်းရှိ သူတို့ အခုနေနေသော အိမ်မှာက အဖေရယ်၊ အမေရယ်၊ ညီနှစ်ယောက်ရယ်၊ ညီမတစ်ယောက်ရယ်၊ သူတို့ညားခါစ လင်မယားနှစ်ယောက်အဖို့ အိမ်မှာ သိပ်မလွတ်လပ်ဟု ဆိုနိုင်သည်။ ထို့ကြောင့် မင်္ဂလာဦးရက်များကို တောင်ဥက္ကလာပခြံကလေးထဲမှာ ကုန်လွန်စေဖို့ မျိုးမြင့်လွင် စီစဉ်သည်။
သူစီစဉ်ထားပုံက ခြံထဲက တဲကလေးကို မူလအတိုင်းထားသည်။ ဘာမျှ ပြင်ဆင်မွမ်းမံမှုမလုပ်။ အိပ်ရာခမ်းနားတွေကိုလည်း ကျောက်မြောင်းကအိမ်မှာ ထားခဲ့သည်။ တဲကလေးအတွင်းမှာ တကယ့်နဂိုအတိုင်း ထားသည်။ ဒါမှ သဘာဝကျမည် မဟုတ်လား။ မျိုးမြင့်လွင်၏အစီအစဉ်ကို ထားကလည်း လက်ခံခဲ့သည်။ ထားအနေဖြင့် သူကိုယ်တိုင် အနုပညာသမား မဟုတ်သော်လည်း အနုပညာသမားတွေကို လေးစားသည်။ အနုပညာကို မြတ်နိုးသည်။ သူ မျိုးမြင့်လွင်ကို ချစ်ခဲ့ရသည့်အကြောင်းကပင် အနုပညာသမားဖြစ်သောကြောင့်ဖြစ်၏။ ထားအနေဖြင့် မျိုးမြင့်လွင်စီစဉ်သော ကိစ္စတစ်ခုသည် တစ်နည်းနည်းနှင့်တော့ အနုပညာမြောက်လိမ့်မည်ဟု ယုံကြည်သည်။
*********************
ခြံကလေးဆီသို့ သူတို့ရောက်သွားသောအချိန်မှာ ညနေစောင်းဖြစ်သည်။ သူတို့ကိုလိုက်ပို့သော သူငယ်ချင်းတွေက ကားရပ်ရပ်ချင်း ခုန်ဆင်းပြီး ခြံပေါက်ဝကို ပိတ်ဆို့ထားကြသည်။ ခဲဖိုးတောင်းကြခြင်းဖြစ်လေသည်။ ငွေငါးဆယ် ပေးလိုက်ရသည်။ ဆူညံစွာ အော်ဟစ်နောက်ပြောင်ပြီး ကားထွက်သွားရာသို့ မျက်စိတဆုံးကြည့်နေပြီးမှ သူတို့နှစ်ယောက် လက်ချင်းဆုပ်ကိုင်၍ တဲကလေးဆီသို့ လာခဲ့ကြ၏။ တဲကလေးမှာ ဝါးထရံကာ၊ ဓနိမိုး၊ သုံးပင်နှစ်ခန်းသာရှိ၏။ အဖီကလေးထုတ်၍ မီးဖိုချောင်လုပ်ထားသည်။ ပြတင်းပေါက်က ကဲလားဟုခေါ်သော အပေါ်ကို တွန်းတင်ပြီး တုတ်နှင့်ထောက်ထားရသည့် ပြတင်းပေါက်မျိုး။ တဲကလေးထဲသို့ ဝင်ကြသည်။ မျိုးမြင့်လွင်က အိမ်ရှေ့ဝါးကြမ်းခင်းပေါ်သို့ အဝတ်အစားသေတ္တာနှင့် စားစရာတွေထည့်ယူလာသော ခြင်းတောင်းကို တင်လိုက်သည်။ ထားက သူ့နောက်မှာ ရပ်နေသည်။
" ထိုင်လေ ထား "
ထားသည် ကြမ်းပေါ်မှာ ကျုံ့ကျုံ့ကလေး ဝင်ထိုင်သည်။
" လွတ်လွတ်လပ်လပ်နေပါ ထားရယ်။ ကိုယ်တို့အိမ်ပဲဥစ္စာ "
ထားက ပြုံးပြီး ခေါင်းငြိမ့်ပြသည်။ အိမ်ရှေ့ခန်းနှင့် အိပ်ခန်းကို ဝါးထရံဖြင့် ခြားထားသည်။ အခန်းဆိုလို့လည်း ဒီနှစ်ခန်းသာရှိ၏။
မျိုးမြင့်လွင်က အိပ်ခန်းဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး " ထား ဝင်ကြည့်ပါဦးလား "
" ဟင့်အင်း ... နောက်မှ ကြည့်တော့မယ်။ နေရောင်ရှိတုန်း ခြံထဲလျှောက်ကြည့်ရအောင်နော် "
မျိုးမြင့်လွင်က ရယ်လိုက်သည်။
" ကောင်းသားပဲ .. လာလေ "ဟု ပြောပြီး ထားလက်ကို ဆွဲ၍ထူလိုက်သည်။
" ကိုတို့ဖေဖေက ကို့လိုပဲ တော်တော်စိတ်ကူးကောင်းတာပဲနော်၊ ပင်စင်ယူပြီးရင် ဒီနေရာမှာ လာနေမယ်ဆိုတော့ ကျန်းမာရေးအတွက် တကယ်သင့်တော်တဲ့နေရာပဲ "
" ဟုတ်တယ် ထားရဲ့၊ ကျောက်မြောင်းမှာက ရပ်ကွက်ကတော့ လူတွေသန့်ပါတယ်။ ဒါပေမယ့် မြေနေရာကျဉ်းတော့ နေရတာ မလွတ်လပ်ဘူး "
" ဒီမှာ အိမ်တော့ အသစ်ဆောက်ရမှာပဲ "
" ဆောက်ရမှာပေါ့။ ဖေဖေက ပင်စင်ယူပြီးရင် ရုံးကရမယ့် ငွေရယ်၊ သူစုထားတဲ့ ငွေရယ် ပေါင်းပြီး ဒီခြံထဲမှာ အိမ်သေးသေးလေးတစ်လုံး ဆောက်ပြီး မေမေနဲ့ နှစ်ယောက်တည်း လာနေမယ်တဲ့။ ကိုယ်တို့လို ဟန်းနီးမွန်းပေါ့ "
ထားက ရယ်သည်။ မျိုးမြင့်လွင်သည် ထားပခုံးကို ဖက်လိုက်သည်။ ထားက လူတွေ မြင်ပါမယ်ဆိုပြီး လက်ကို ဖယ်ချလိုက်၏။ စကားပြောရင်း လမ်းလျှောက်ရင်း မျိုးမြင့်လွင်က ခြံဝင်းအတွင်း လိုက်ပြနေသည်။ ချစ်သူတွေဘဝက ဒီခြံထဲ တစ်ခါ လာခဲ့ကြဖူးသည်။ ထိုစဉ်က ခိုးကြောင်ခိုးဝှက်မို့ ခုလို ခြံထဲ ဆင်းမလျှောက်ဖြစ်ကြချေ။
" ဟိုဟာ ဘူးပင် မဟုတ်လား "
ထားက မေးသည်။
" ဟုတ်တယ်လေ "
" မသီးသေးဘူးလား ဟင်"
" ဒီအချိန် ဘယ်သီးဦးမလဲ ထားရဲ့၊ အခုမှ အညွန့်တက်ခါစ ရှိသေးတယ်၊ ဆောင်းဝင်မှ သီးလိမ့်မယ်ထင်တယ် "
ခြံထဲက ရေတွင်းကလေးနား ရောက်လာသည်။ ဝါးပိုးဝါးမောင်းတက်ဖြင့် ခပ်ရသော ရေတွင်း။ မျိုးမြင့်လွင်က ရေတစ်ပုံး ခပ်ယူလိုက်သည်။
ထားက ပုံးထဲရှိ ရေထဲသို့ လက်နှိုက်ကြည့်ပြီး " အေးစိမ့်နေတာပဲနော်။ ကြည်လည်း ကြည်တယ်၊ ဒါကြောင့် တွင်းရေက ကောင်းတယ်လို့ပြောတာ "
မြို့လယ်ကောင်ရှိ တိုက်ခန်းမှာနေသော ထားအဖို့ မောင်းတက်ရေတွင်ကလေးသည် အထူးအဆန်းဖြစ်နေသည်။ ထားက လက်မှာစိုနေသော ရေများဖြင့် မျိုးမြင့်လွင်၏မျက်နှာကို တောက်လိုက်သည်။
မျိုးမြင့်လွင်က " ပုံးလိုက် လောင်းမှာနော် "
" အမလေး .. သင်္ကြန်က အဝေးကြီး လိုသေးတယ် "
သူတို့ တဲကလေး၏အနောက်ဘက်ဆီ ဆက်လျှောက်လာကြ၏။ စပယ်ရုံတွေနား ရောက်လာသည်။
" ဒီမှာ စပယ်တွေ သိပ်ဖြစ်တာ။ တစ်ခါတစ်ခါ ပွင့်ပြီဆို သိပ်ရောင်းရတယ် "
" နှင်းဆီရော မရှိဘူးလားဟင် "
" ရှိတာပေါ့၊ ဟိုမှာ "ဟု ပြောရင်း မျိုးမြင့်လွင်သည် ရုတ်တရက် မျက်မှောင်ကုတ်သွားသည်။ မျိုးမြင့်လွင် အခုလို အမူအရာဖြစ်သွားလျှင် တစ်ခုခု မကျေနပ်စရာတွေ့လို့ ဖြစ်ကြောင်း ထား သိပြီးသား။ မျိုးမြင့်လွင်စိုက်ကြည့်နေရာသို့ ထား ကြည့်လိုက်သောအခါ ငန်းနှစ်ကောင်သည် နှင်းဆီပန်းအိုးထဲက မြေကြီးတွေကို နှုတ်သီးများဖြင့် ထိုးဆွနေသည်ကို တွေ့လိုက်ရသည်။
" ဘယ်က ငန်းတွေလဲ မသိဘူး "
မျိုးမြင့်လွင်က ပြောပြောဆိုဆို ခဲတစ်လုံးကို ကောက်ကိုင်လိုက်သည်။
ထားက " မပစ်ပါနဲ့ ကိုရဲ့၊ မတော်တဆ ထိသွားရင် စကားများနေရဦးမယ် "
" ထိအောင် မပစ်ပါဘူး၊ ခြောက်ရုံပါပဲ "
မျိုးမြင့်လွင်က ခဲလုံးနှင့်ပစ်ပြီး လှန့်လိုက်သည်။ ငန်းတွေက တကွီကွီအော်ရင်း တစ်ဖက်ခြံထဲ ပြေးဝင်သွားသည်။
" ဟိုဘက်ခြံက ငန်းတွေပဲ "
တစ်ဖက်ခြံမှာ မွေးမြူရေးလုပ်သောခြံ ဖြစ်ပုံရသည်။ ခြံစည်းရိုးအစပ်က တဲမှာ ကြက်တဲဖြစ်နိုင်သည်။ အလျင်က အဲဒီခြံမှာ ဘာမျှမရှိသေး။ ခု တစ်လ နှစ်လ မျိုးမြင့်လွင်မရောက်ဖြစ်သော ရက်အတွင်းကျမှ ရှိလာခြင်းဖြစ်သည်။ သူ့စိတ်က နည်းနည်းတော့ ကသိကအောက် ဖြစ်သွားသည်။
" ဟိုဘက်ခြံက ပိုင်ရှင်ကို သွားပြောရင် ကောင်းမယ်ထင်တယ် "
" အို ... ကိုကလည်း၊ တော်ကြာ စကားများနေပါဦးမယ်၊ ခုလို မင်္ဂလာဦးအချိန်မှာ ရန်ဖြစ်ရင် မကောင်းပါဘူး "
ထားက တားသောကြောင့် သူ မသွားဖြစ်။ အတန်ကြာသည်အထိတော့ တဲဘက်ကို ခါးထောက်ကြည့်နေမိသည်။
**************
သူတို့နှစ်ယောက်သည် အိပ်ခန်းကလေးထဲမှာ ထိုင်နေကြသည်။ ဖန်မီးအိမ်က မီးရောင်သည် မှိန်မှိန်ကလေး တစ်ယောက်မျက်နှာတစ်ယောက် မြင်သာရုံသာရှိ၏။ ညသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ နှစ်ယောက်စလုံး စိတ်လှုပ်ရှားနေသောကြောင့် စကားမပြောမိကြ။ ထို့ကြောင့် ပို၍တိတ်ဆိတ်နေသည်။ မျိုးမြင့်လွင်သည် ကျောက်မြောင်းမှာလို လူသံသူသံ၊ ကလေးငိုသံ၊ ကားသံတွေ မဆူညံသောကြောင့် ကျေနပ်နေမိသည်။ ညနေက ငန်းနှစ်ကောင်ကိုတောင် သတိမရတော့။
အေးချမ်းငြိမ်သက်ခြင်းကို အရသာခံနေခိုက် တစ်ဖက်ခြံဆီမှ ကွီခနဲ ထိုးအော်လိုက်သောငန်းအော်သံကို ကြားလိုက်ရသောအခါ ရုတ်တရက် လန့်သွားမိသည်။ တဆက်တည်းလိုလိုပင် ကြက်မတွေ ကတော်ကတော်အော်သံ၊ ဝက် ညည်းသံတွေ ဆူညံစွာ ထွက်ပေါ်လာသည်။ သူ စိတ်ပျက်သွားရပြန်သည်။ ထိုအသံများသည် သဘာဝအသံများဖြစ်သည်မှာ မှန်သည်။ သူသည် အနုပညာသမားဖြစ်သောကြောင့် သဘာဝတရားကို နှစ်သက်မြတ်နိုးတာလည်း မှန်သည်။ သို့ရာတွင် သူစိတ်ကူးခဲ့တုန်းက ခုလိုမဟုတ်။
ညဆိုလျှင် တိတ်ဆိတ်ငြိမ်သက်နေမည်။ တစ်ခါတစ်ခါမှ ပိုးမွှားတို့အော်မြည်သောအသံ ပျပျကလေး ကြားရမည်။ မနက်အာရုံတက် ရောင်နီပျို့လာလျှင် ကြက်ဖကြီးက သာယာစွာ တွန်ကျူးမည်။ ငှက်ကလေးတွေကလည်း စိုးစီစိုးစီ။ ထိုအခါ သူတို့ဇနီးမောင်နှံသည် နှင်းဆီပန်းကလေးတွေ၊ စပယ်ပန်းကလေးတွေနှင့်အတူ အိပ်ရာမှ ထမည်။ သူစဉ်းစားခဲ့စဉ်က ခုလို ကတော်ကတော်ဆိုသော ကြက်အော်သံတွေ၊ လူနာညည်းသံကဲ့သို့သော ဝက်အော်သံတွေ၊ ပန်းနာရောဂါသည် ချောင်းဆိုးသံနှင့်တူသော ငန်းအော်သံတွေ မပါခဲ့။ ဒါတွေက သဘာဝကျလွန်းအားကြီးနေပြန်တော့လည်း တိတ်ဆိတ်ခြင်းတွင် ကြည်နူးနေသောအရသာ ပျက်သွားသည်။
အခန်းကလေးထဲတွင် လှောင်နေသောကြောင့် အိုက်စပ်လာသည်။ ကဲလားပြတင်းပေါက်ကို တွန်းတင်၍ တုတ်ဖြင့် ထောက်မည် ပြုလိုက်သည်။ သူက တွန်းအဖွင့်တွင် လေအဝှေ့နှင့် ကြုံလို့ပဲလားမသိ။ တစ်ဖက်ခြံဆီမှ ကြက်ချေးနံ့၊ ဝက်စာနံ့၊ ကြက်စာနံ့တို့ရောနေသော အနံ့ဆိုးကြီးသည် သူ့နှာခေါင်းထဲသို့ စူးခနဲ ဝင်ရောက်လာသည်။ တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်ရသည်။ သူ လွှတ်ခနဲ ပြောမိသည်။
" မဖြစ်ဘူး၊ မနက်ကျရင်တော့ ဟိုဘက်ခြံကို သွားပြောရမယ် "
ထားသည် မျိုးမြင့်လွင်ကို လှမ်းကြည့်လိုက်သည်။
" ကို ဒေါသဖြစ်နေသလားဟင် "
ထိုအခါကျမှ မျိုးမြင့်လွင် မျက်နှာထားကို ပြင်လိုက်ပြီး " ဆောရီးပဲ ထားရယ်၊ ရုတ်တရက်မို့ပါ။ ပြီးတော့ ဒီမှာနေရတာ အဆင်မပြေဖြစ်မှာလည်း စိုးတယ်၊ စိတ်ညစ်သွားသလား .. ထား .. ဟင်"
ထားက ခေါင်းခါပြသည်။
သူတို့အိပ်ရာသည် ရိုးရိုးကလေး ပြင်ဆင်ထားသည်။ ဝါးကြမ်းခင်းကလေးပေါ်မှာပင် မွေ့ရာပါးပါးကလေးပေါ်တွင် အိပ်ရာခင်းနှင့် ခေါင်းအုန်းကလေးတွေက ခပ်နွမ်းနွမ်းကလေးတွေ၊ ခြေရင်းမှာ အညာဂျပ်စောင်ကလေးနှစ်ထည်။ တဲအိမ်ကလေးနှင့် လိုက်ဖက်ညီလှသည်။ ထားသည် တစ်ခါတုန်းကအကြောင်းကို သွားသတိရမိသည်။ သူတို့နှစ်ယောက် ချစ်သူဘဝက ဒီတဲကလေးကို တစ်ခါလာဖူးသည်။ မျိုးမြင့်လွင်က သူ ပန်းချီကားတွေ လာလာဆွဲသည့်နေရာဆိုပြီး ခေါ်လာခြင်းဖြစ်သည်။ ဒီရောက်တော့ မျိုးမြင့်လွင်က ထားဆီက အခွင့်ရေးတစ်ခု တောင်းခံသည်။ ထားက ငိုပြီး မင်္ဂလာဦးညကျမှကွယ်ဟု တောင်းပန်ထားခဲ့သည်။
" ထား "
ထား ဆတ်ခနဲ တုန်သွားရှာသည်။
" ဒီနေ့ မင်္ဂလာဦးနေ့နော် .. ထား "
ထား ခေါင်းငုံ့သွားသည်။ သူ ရှက်နေသည်။
********************
မျိုးမြင့်လွင် အိပ်ရာကနိုးသောအခါ သူ့အနားမှာ ထား မရှိတော့။ အိပ်ရာမှထပြီး မီးဖိုချောင်ထဲ ဝင်သွားသောအခါ ရေနွေးအိုးတည်နေသောထားကို တွေ့ရသည်။
ထားက " ကို အခုလို စောစောနိုးမယ်မှန်းမသိလို့၊ သိရင် ထား ဒိထက်စောစော ထပါတယ် "
" ဘာဖြစ်လို့လဲ ထားရဲ့ "
" အဲဒါမှ စောစောရေနွေးဆူရင် ကို အိပ်ရာက နိုးတဲ့အခါ ကော်ဖီအဆင်သင့် ဖြစ်နေမှာပေါ့ "
" ကြည့်စမ်း .. အဲဒါကြောင့် ထားကို... "
မျိုးမြင့်လွင်သည် ထားနဖူးနားသို့ မျက်နှာကပ်သွားသည်။
ထားက " ဟင်း ... မျက်နှာသွားသစ်ဦး "
မျိုးမြင့်လွင်သည် မျက်နှာသစ်ရန် အောက်သို့ဆင်းလိုက်ပြီး ... ဟော .. သူ မျက်မှောင်ကြုတ်ပြန်ပြီ။ မျိုးမြင့်လွင် မီးဖိုချောင်ထဲ ပြန်ဝင်လာပြီး ထင်းချောင်းခပ်ကြီးကြီးတစ်ချောင်းကို ဆွဲယူ၍ ပြန်ဆင်းသွားသည်။ ထားလည်း လိုက်ဆင်းရသည်။ သူတို့ခြံဝင်းထဲမှာ နွားကြီးတစ်ကောင် ဝင်နေသည်။ အခုမှ တလူလူတက်ခါစဖြစ်သော ဘူးပင်က အညွန့်ကလေးတွေကို ကျကျနန ဝါးစားနေသည်။ ထား လှမ်ဆွဲဖို့ပင် အချိန်မရလိုက်ပါ။ မျိုးမြင့်လွင်က ထင်းချောင်းဖြင့် တအား ပစ်ပေါက်လိုက်သည်။
နွားကြီး လန့်ပြီးပြေးသည်။ နှင်ဆီပန်းအိုးကို ခလုတ်တိုက်သွားသည်။ ပန်းအိုး လဲသွားသည်။ စပယ်ပင်တွေကို ဖြတ်နင်းပြီး ပြေးသည်။ ခြံစည်းရိုးကို အတင်းတိုးပြီး တစ်ဖက်ခြံထဲ ဝင်သွားသည်။ ဆွေးနေသောခြံတိုင်တစ်တိုင် ကျိုးကျသွားသည်။
" တောက် ! ဒါတော့ တရားလွန်သွားပြီကွ၊ သွားပြောမှ ဖြစ်မယ် "
ထားက မျိုးမြင့်လွင်လက်မောင်းကို လှမ်းဆွဲထားသည်။
" နောက်တော့ အေးအေးဆေးဆေးပြောတာပေါ့ ကိုရယ်၊ တော်ကြာ ခြံနီးချင်းတွေ ရန်ဖြစ်နေပါဦးမယ် "
မျိုးမြင့်လွင်က ထား၏လက်ကို အသာဆွဲဖယ်သည်။ ထိုအချိန်မှာပင် တစ်ဖက်ခြံစည်းရိုးတွင် ကုလားလေးတစ်ယောက် လာရပ်ပြီး သူ့ကို ပြုံးပြနေသည်ကို တွေ့လိုက်ရ၏။ ကုလားလေးဆီသို့ သူ ခြေလှမ်းကျဲဖြင့် လျှောက်သွားသည်။ ထားကလည်း နောက်က လိုက်သွားရ၏။
" အတော်ပဲကွ၊ မင်းခြံပိုင်ရှင်ရော "
မျိုးမြင့်လွင်က မရောက်ခင်ကပင် အော်မေးလိုက်သည်။
ကုလားလေးသည် သူနှင့်မျက်နှာချင်းဆိုင်မှာ မျိုးမြင့်လွင်လာရပ်တော့မှ " ကျွန်တော်တို့ခြံပိုင်ရှင် မနက်အစောကြီးကတည်းက အပြင်ထွက်သွားပါတယ်၊ အစ်ကို့အတွက် စာတစ်စောင်ပေးသွားလို့ ကျွန်တော်လာပေးတာပါ "ဟု ဆိုပြီး စာတစ်စောင်ကို လှမ်းပေးသည်။
မျိုးမြင့်လွင်မျက်နှာထား တင်းမာနေသောကြောင့်လည်း အနည်းငယ်ကြောက်ရွံ့နေပုံလည်းရသည်။ မျိုးမြင့်လွင်သည် စာကိုယူပြီး ဖွင့်ဖတ်ကြည့်သည်။ ထားကလည်း ဘေးကနေ ဝင်ဖတ်နေသည်။
ကြင်စဦးမိတ်ဆွေဇနီးမောင်နှံခင်ဗျား
_________________________
ကျွန်တော်က မိတ်ဆွေတို့နှင့် ခြံချင်းကပ်လျက်က မွေးမြူရေးခြံပိုင်ရှင်ဖြစ်ပါတယ်။
မိတ်ဆွေတို့ ဒီမှာ မင်္ဂလာဦးရက်တွေမှာ လာနေမယ်ဆိုတာ မိတ်ဆွေတို့ရဲ့ခြံစောင့်ဆီကတစ်ဆင့် ကျွန်တော်သိရပါတယ်။
မင်္ဂလာဦးလက်ဆောင်အဖြစ် ကျွန်တော့်ခြံထွက် ကြက်ဥနဲ့နွားနို့ကို ကျွန်တော့်တပည့် ဂျွန်ဒေးဗစ်အပ္ပနားကို ပေးခိုင်းလိုက်ပါတယ်။
နောက်နေ့တွေမှာလည်း မနက်တိုင်း လာပို့ပါလိမ့်မယ်။
ကျွန်တော့်ရဲ့မင်္ဂလာဦးလက်ဆောင်ကို လက်ခံဖို့ အနူးအညွတ် တောင်းပန်ပါတယ်။
ညနေကျရင် မိတ်ဆွေတို့ကြင်စဦးဇနီးမောင်နှံကို ကျွန်တော် လာပြီး နှုတ်ဆက်ပါဦးမယ်ခင်ဗျား
ခင်မင်ရင်နှီးလျက်/
ကျော်သောင်း
မျိုးမြင့်လွင်သည် စာကိုဖတ်ပြီး ကုလားလေးကို ကြောင်ပြီးကြည့်နေမိသည်။ ကုလားလေးဂျွန်ဒေးဗစ်အပ္ပနားလည်း ကြက်ဥတွေနှင့် နွားနို့ပုလင်းထည့်ထားသော ခြင်းတောင်းကို လှမ်းပေးသည်။ သူလည်း လှမ်းယူလိုက်မိသည်။ ဂျွန်ဒေးဗစ်အပ္ပနား နှုတ်ဆက်ပြီး ထွက်သွားသည်။ မျိုးမြင့်လွင်က ထားကို လှမ်းကြည့်သည်။ သူ့ကိုပြုံးကြည့်နေသည်ကို တွေ့ရသည်။ ခြင်တောင်းကို ထားအား လှမ်းပေးလိုက်သည်။
ထားက " ရေနွေးဆူပြီ ထင်တယ်။ ကော်ဖီသွားဖျော်ဦးမယ် " ဆိုပြီး လှည့်ထွက်သွားသည်။ မျိုးမြင့်လွင်သည် ယောင်ကြောင်ပြီး ရပ်နေရာမှ " ကော်ဖီဖျော်ရင် နွားနို့နဲ့ဖျော်ကွာ "ဟု လှမ်းပြောလိုက်မိသည်။
----------------------------------
(မင်းလူ)
ရုပ်ရှင်မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၈၁။
No comments:
Post a Comment