ဂရိတ်ဆော့နှင့် ဒေဝစက္ခု (မင်းလူ)
_________________________
ယောက္ခမနှင့်ချွေးမတို့ ဖြစ်မြဲဓမ္မတာတရားကို ဖောက်ဖျက်ကျူးလွန်ပြီးလျှင် ကျွန်တော့်အမေနှင့်ကျွန်တော်မိန်းမတို့ ညွန့်ပေါင်းအစိုးရဖွဲ့လိုက်ခြင်းကြောင့် ကျွန်တော်ခံလိုက်ရပုံကို ပြောပါဦးမည်။ ဤနေရာတွင် အမည်နာမများသည် အရေးမပါသဖြင့် ကျွန်တော့်အမေနှင့် ကျွန်တော့်မိန်းမတို့ကို အမေမိန်းမဟူ၍သာ သုံးနှုန်းသွားမည်ဖြစ်ပါသည်။
အမေ မကြာခဏပြောဖူးသည်။
" ငါ့သားတွေ မိန်းမယူတဲ့အခါ အမေပြောသမျှခေါင်ငုံ့ခံမယ့် ချွေးမမျိုးတော့ မလိုချင်ဘူး။ အမေ့ကို ပြန်ပြီးဩဇာပေးနိုင်လောက်တဲ့ အရည်အချင်းရှိတဲ့ချွေးမမျိုးပဲ လိုချင်တယ်။ ဒါမှ ငါ့သားတွေ အမေ့ထက်တော်တဲ့မိန်းမမျိုး ရမှာ ... "
ကျွန်တော်တို့ညီအကိုတတွေ မိန်းမယူကြသောအခါ အမေ့ဩဝါဒကို ကိုက်ညီအောင် တမင်ရွေးချယ်ပြီး ယူခဲ့ကြခြင်းမဟုတ်ချေ။ အမေ့ဩဝါဒကို သတိလည်းမရ၊ ကျွန်တော်တို့ဘာသာ ကိုယ်ကြိုက်တာယူခဲ့ခြင်းဖြစ်သည်။ အမေက ပြောတုန်းကသာပြောခဲ့ပြီး ချွေးမတွေတကယ်ရသောအခါ သူ့စည်းကမ်းချက်တွေ မေ့သွားကာ ကြည်ကြည်ဖြူဖြူ လက်ခံခဲ့လေသည်။
အဖေကတော့ ရှင်းသည်။
" ငါ့သားနဲ့ညားရင် ငါ့ချွေးမ "
" ဒါပဲ "
ကျွန်တော်တို့မိန်းမများသည် အမေ့ကို ဩဇာပြန်မပေးကြချေ။ ထို့အတူ အမေကလည်း သူတို့ကို ဩဇာဝင်မပေး။ ဤသို့ဖြင့် အမေ့စည်းကမ်းမှာ အလိုလိုပျက်ပြယ်သွားကာ အမေနှင့်ချွေးမများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြလေသည်။ တစ်ခုတော့ရှိသည်။ အမေ့ချွေးမများ၌ အမေနှင့်တူသောအချက်တွေ ရှိနေကြခြင်းပင်။ အမေသည် ကျောင်းဆရာမဖြစ်သည်။ ကျွန်တော့်အကိုသုံးယောက်တို့၏ မိန်းမများသည်လည်း ကျောင်းဆရာမများဖြစ်ကြ၏။ ကျွန်တော့်မိန်းမကတော့ ကျောင်းဆရာမမဟုတ်ချေ။ သို့ရာတွင် သူ့အဖေက ကျောင်းဆရာကြီးဖြစ်သည်။
ထို့အပြင် အမေနှင့်ကျွန်တော့်မိန်းမတို့ တူသောနောက်တစ်ချက် ရှိသေးသည်။ အမေသည် မြန်မာသမားတော်ကြီးတစ်ဦး၏တူမဖြစ်ပြီး ကျွန်တော့်မိန်းမကား ဆရာဝန်မတစ်ယောက်နှင့် သူနာပြုဆရာမတစ်ဦးတို့၏ ညီမဖြစ်ခြင်းပင်တည်း။ ဤသည်ပင် ကျွန်တော်ခံလိုက်ရသည်ဆိုသော အချက်ဖြစ်ပါသည်။ ကျောင်းဆရာမလည်းဖြစ် သမားတော်ကြီး၏တူမလည်းဖြစ်သော အမေသည် လူနာပြုစုခြင်း၊ ဆေးဖော်ခြင်း၊ ဆေးတိုက်ခြင်းများကို ဝါသနာထုံလေသည်။ မြန်မာဆေးအမျိုးမျိုးကို ကိုယ်တိုင်လည်း
ဖော်သည်။ ဦးလေး၏ဆေးတိုက်မှလည်း တောင်းသည်။ တခြားဆေးတိုက်များမှလည်း ဝယ်သည်။ ထိုဆေးများကို ပုလင်းကြီး၊ ပုလင်းငယ်များနှင့် ထည့်ထားတတ်သည်။
အမေ့လူနာများကား အမေ့သူငယ်ချင်းများ၊ အိမ်နီးချင်းများ ဖြစ်သည်။ ကျွန်တော့်အိမ်မှာ အဝတ်လာလျှော်သည့် ဆော်လီမာတို့်မိသားစုဆိုလျှင် အမေ့ကို သူတို့မိသားစုဆရာဝန်သဖွယ် အားကိုးလေသည်။ အမေသည် ဆေးပေးရုံမျှမဟုတ်။ အိမ်နီးချင်းတစ်ယောက်ယောက်နေမကောင်းလျှင် သူကိုယ်တိုင် သွားကြည့်တတ်သေးသည်။ အမေ့ဆေးစွမ်းကို ယုံကြည်ကြသော အမေ့သူငယ်ချင်းတချို့ဆိုလျှင် သူတို့တစ်ခုခုဖြစ်လျှင် အမေ့ဆီဖုန်းဆက်ပြီး " သူငယ်ချင်းရေ .. ငါကွယ်.... မူးသလိုလို မောသလိုလိုနဲ့ အိပ်လည်းအိပ်မပျော်ဘူး ... ရင်တွေသိပ်တုန်တာပဲ .. "ဆိုလျှင် အမေက " ဟဲ့ ငါ ဟိုတစ်ခါ ပေးထားတဲ့ သွေးဆေးကို ကြံရည်နဲ့ဖြစ်ဖြစ် သကြားနဲ့ဖြစ်ဖြစ် ဖျော်သောက်လိုက် "ဟု ညွှန်ကြားတတ်သည်။ တချို့ ရပ်ဝေးမှဓမ္မမိတ်ဆွေများဆိုလျှင် စာလှမ်းရေးပြီးမေးမြန်းတတ်သဖြင့် အမေက ဆရာဝန်တင်ရွှေတို့ ဒေါက်တာမောင်မောင်ညိုတို့လိုပင် အကြံဥာဏ်ပေး ပြန်ကြားရသည်ပင်ရှိသည်။ ဤသို့ဆိုလျှင် ရပ်ဝေးထိတိုင်အောင် ကျော်ကြားသူဖြစ်လေရာ အိမ်ကလူများအဖို့တော့ ပြောစရာပင်မလိုတော့ချေ။
ကျွန်တော်သည် အမေနှင့်အမြဲနေခဲ့သူဖြစ်သဖြင့် အမေ့ဆေးတွေ အများဆုံးသောက်ခဲ့ရသူ ဖြစ်နိုင်လောက်ပါသည်။ ကျွန်တော်တို့ငယ်ငယ်က တော်တန်ရုံဖျားနာလောက်တာဆိုလျှင် ဆရာဝန်ဆီ သွားစရာမလို။ အမေ့ဘကြီးဆရာမောင်၏ ဆေးနီလုံး၊ဆေးနီမှုန့်သောက် စောင်ခြုံပြီး ချွေးထုတ်လိုက်လျှင် ပျောက်သွားတတ်သည်ပင်ဖြစ်သည်။ အသက်ကလေး နည်းနည်းကြီး ပညာကလေး နည်းနည်းတတ်လာသောအခါ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကို အရာထားတတ်လာခြင်းဖြစ်ချင်ဖြစ်မည်။ အမေက အိုလာသောကြောင့် ခေတ်လွန်ပြီဟုထင်လာခြင်းလည်း ဖြစ်ချင်ဖြစ်မည်။ အမေ့ဆေးများအပေါ် စောဒကတက်ချင်လာသည်။
ကျွန်တော်ဖျားသလိုလိုဖြစ်လို့ အမေက " ဟဲ့ နေမကောင်းဘူးလား။ ဒါဆို ... "ဟု ပြောရုံရှိသေး၊ " အေဘီစီ သောက်ထားတယ် "၊ တခါတလေ အမေက ငန်းဆေးပုလင်းလေးကိုင်ပြီး အခန်းထဲဝင်လာလျှင် " ကိုးတက်ဘလက် သောက်မလို့ "ဟု အလျဉ်ဦးအောင် ဆီးပြီးပြောတတ်လာသည်။
အသိသာဆုံးမှာ အမေ၏ပြုစုမှုများကို တစတစ ငြင်းပယ်လိုသောအရိပ်အယောင်များ ပြလာခြင်းပင်ဖြစ်သည်။ အမေက အနွေးထည်လေးဝတ်ပေး၊ စောင်ခြုံပေး၊ ပြတင်းပေါက်တွေလျှောက်ပိတ် လုပ်သောအခါ " ဒီလောက်လှောင်ပိတ်နေရင် လေကောင်းလေသန့်တွေ ဘယ်ရတော့မလဲ၊ အပူငွေ့တွေနဲ့ လုံပြီး အဖျားကျတော့မှာမဟုတ်ဘူး "ဟု ဆင်ခြေပေးတတ်လာသည်။
ငယ်ငယ်ကဖျားလျှင် စောင်ခြုံပြီး အမေ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်ကလေးနေရသည်ကို သဘောကျခဲ့သည်။ ထိုအခါမျိုးတွင် အမေက ခေါင်းကို အုန်းဆီထည့်ပေး၊ ချွေးစို့နေသောနဖူးကလေးကို လက်ဖြင့် အသာသပ်ပြီး ဘုရားစာရွတ်သောအခါ ချက်ချင်းလို ကိုယ်ပူကျသွားသည်ဟု ထင်ခဲ့သည်။
ကြီးသောအခါ ကျွန်တော့်ကို ကလေးတစ်ယောက်လို ပြုစုတာမျိုး လက်မခံချင်တော့ချေ။ ပြီးတော့ ကျွန်တော်နေမကောင်းဖြစ်ပြီဆိုလျှင် နားအေးပါးအေး တစ်ယောက်တည်းနေချင်သည်။ ကျောင်းသားဘဝက ဖျားလျှင် ကျောင်းမတက်ရသဖြင့် ပျော်သည်။ ကြီးလာတော့ အလုပ်မှာ ဇောကပ်နေသဖြင့် တော်တန်ရုံအနားမယူဖြစ်။ ဖျားပြီဆိုမှတော့ ကိုယ့်စိတ်ကို ကိုယ့်ဘာသာဖျောင်းဖျပြီး နားနားနေနေ နေရသည်။ ထိုအခါတွင် အိပ်ရာထဲလှဲပြီး စာဖတ်ချင်ဖတ်၊ ဝတ္ထုဇာတ်လမ်းလေးတွေ စဉ်းစား၊ ကဗျာလေးတွေ စိတ်ထဲကစပ်ရင်း မှိန်းချင်မှိန်းနေ၊ တစ်ခါတစ်ရံ နေမကောင်းဖြစ်နေရင်းက အလွန်ကောင်းသော ဝတ္ထုတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ရခဲ့သည်ကို ကြုံခဲ့ဖူးသည်။ ထို့ကြောင့် ဖျားလျှင် အနားယူရသည်ကို ပျော်သလိုတောင်ဖြစ်မိတတ်သည်။ ထိုအခါမျိုးမှာ အမေရောက်ရှိလာပြီး " ဟဲ့ နေမကောင်းဘူးလား၊ ဘာဆေးသောက်လဲ၊ အင်္ဂလိပ်ဆေးသောက်ချင်လည်း သောက်၊ အမေ့စပ်ဆေးလေးလည်း ကောင်းတာပဲ၊ ထမင်းမစားနဲ့၊ ဆန်ပြုတ်သောက်ပါလား၊ လောလောဆယ် ကော်ဖီသောက်ထားရင် ကောင်းမယ်ထင်တယ် "ဟူ၍ လာလာပြောနေသဖြင့် အတွေးပျက်ရသည်။
အဆိုးဆုံးက နဖူးကို မကြာခဏ လာစမ်းခြင်းပင်ဖြစ်သည်။ ဖျားနေသူမှာ ကိုယ်ပူရှိန်မြှင့်တက်နေသဖြင့် နေကောင်းသူတို့၏ သာမာန်အပူရှိန်ရှိသော အသားနှင့်ထိလျှင် အေးသည်ဟုထင်ရသည်။ အမေ့လက်များကား မီးဖိုထဲမှာ ရေကိုင်ဘာကိုင်နှင့်ဆိုတော့ ပို၍ပင်အေးနေသည်။ ဤသို့လျှင် လက်အေးကြီးနှင့် နဖူးကို မကြာခဏအစမ်းခံရလျှင် ဘယ်လောက်အခံရခက်ကြောင်း ဖျားဖူးသူတိုင်း သိကြပါလိမ့်မည်။ ပြီးတော့ ချက်ရင်းပြုတ်ရင်းက လာရသောကြောင့် အမေ့လက်က ကြက်သွန်နံ့၊ သားငါးနံ့ ကပ်ပါလာတတ်သေးသည်။ ဒီကြားထဲ အမေ့သူငယ်ချင်းအဖွားကြီးတွေက လမ်းကြုံရင် ဝင်ဝင်စမ်းသွားတတ်သေးသည်။
ထို့ကြောင့် တော်တန်ရုံဖျားလျှင် အမေ့ကို အသိမပေးတော့ပါ။ သို့တိုင်အောင် အမေက သိသိသွားတတ်သေးသည်။ ထိုအခါ လက်အေးကြီးနှင့် တွေ့ရပြန်သည်။ ထို့ကြောင့် " ကျွန်တော့်ဘာသာ အေးအေးဆေးဆေး နေစမ်းပါရစေအမေရယ် "ဟု ပြောလွှတ်ရတော့သည်။ ဒီတော့မှ အမေလည်း အခန်းထဲ ဝင်မလာတော့ချေ။ သို့ရာတွင် အမေသည် ညကျတော့ အခန်းထဲ ခြေသံမကြားအောင် တိတ်တိတ်ကလေး ဝင်လာတတ်ပြန်သည်။ အတန်ကြာအကဲခတ်ပြီးမှ ကျွန်တော်အိပ်ပျော်နေပြီအထင်ဖြင့် နဖူးကို ဖွဖွကလေး လာစမ်းသည်။ ရင်ဘတ်ကို ချွေးရွှဲနေ မနေ စမ်းကြည့်ပြီး စောင်အသာပြန်ခြုံပေးသည်။ ထိုအခါကျတော့လည်း ကျွန်တော် ဘာမျှမပြောရက်တော့။ အသာငြိမ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်ရသည်။
မိန်းမကျတော့ အမေ့တုန်းကလို အော်ငေါက်မရတော့ချေ။ " ငါ့ဘာသာ အေးအေးနေစမ်းပါရစေ "ဆိုလျှင် သူက " ဘာလဲ ကျောမှာ ချွေးတွေရွှဲနေတာ မလဲလို့ဘယ်ဖြစ်မလဲ။ ချွေးအအေးပတ်သွားရင် နမိုးနီးယားဝင်တတ်တယ် "ဟု ပညာပြန်ပေးတတ်လေသည်။ ကျွန်တော်မိန်းမရသောအခါ အမေ၏စမ်းသပ်ခြင်းမှ အတ်ာအတန် လွတ်လပ်ခွင့်ရသွားပါသည်။ မိန်းမတစ်ယောက်အနေဖြင့် ကိုယ့်ယောက်ျားကို လွတ်လွတ်လပ်လပ် ပြုစုချင်လိမ့်မည်ဟု အမေနားလည်သည်။ ထို့ကြောင့် တော်ရုံကိစ္စတွင်
ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့။
ဒါတောင်မှ ကျွန်တော်ဖျားပြီဆိုလျှင် အမေ မနေနိုင်။ ကိုယ်ထိလက်ရောက် ဝင်မပြုစုရတော့သော်လည်း အကြံဥာဏ်ပေးတာမျိုးတော့ မသိမသာလုပ်သေးသည်။ ကျွန်တော်တို့၏အခန်းအပြင်မှာ မသိမသာလာရပ်ရင်း
" သမီးရေ ဘာဆေးတိုက်ထားသလဲ "
" ပါရာစီတမော တိုက်ထားတယ်အမေ "
" အေး အေး ... ကောင်းပါတယ်၊ ရေကျက်အေး ယူဦးမလား .... ဩော် .. အေး .. အေး ... များများသာတိုက်ကွယ်။ တော်ရုံတန်ရုံကတော့ ဆီးများများသွားလိုက်ရင် ကောင်းသွားတာပါပဲ "ဟူ၍လည်းကောင်း၊ တစ်ခါတစ်ရံကျတော့ " အင်္ဂလိပ်ဆေးလည်းကောင်းပါတယ်ကွယ်။ ကွမ်းရွက်ပြုတ်ရည်တိုက်တာတော့ မမှားနိုင်ဘူး "ဟု သူ့ကိုယ်သူပြောသလို ပြောတတ်သည်။
ကျွန်တော့်မိန်းမသည် အစ်မများဖြစ်သော သူနာပြုဆရာမနှင့် ဆရာဝန်တို့နှင့် နေခဲ့ရသဖြင့် နိုင်ငံခြားဆေးများအကြောင်းကို အတန်အသင့် ကျွမ်းကျင်နားလည်နေသည်။ သူ့အစ်မတွေဆီက တောင်းထားတာရော ဝယ်ထားတာပါ အိမ်မှာ ဘီပီအိုင်ဆေးအတော်စုံစုံ ရှိလေသည်။ တော်ရုံဖျားတာနာတာလောက်ဆိုရင် ဆေးတိုက်သွားစရာမလို၊ သူ့ဘာသာ ကုနိုင်သည်။ ထို့အပြင် သူသည်လည်း အမေ့လိုပင် လူနာပြုစုရာတွင် ဝါသနာပါလေ၏။ သူသည် အမေ့ထက်ပင် အခွင့်အရေးတစ်ခု ပိုရထားသေးသည်။ အမေသည် ကျွန်တော်ချွေးတွေရွှဲနေသလား၊ စောင်လွတ်နေလား၊ ကြည့်ရှုလိုလျှင် ကျွန်တော့်အခန်းသို့ တကူးတကလာရသည်။ မိန်းမကျတော့ တစ်အိပ်ရာထဲ အတူတူအိပ်ရသောကြောင့် အချိန်မရွေး ထစမ်းခွင့်ရလေသည်။ နဖူးကို။
ထို့ကြောင့် ကျွန်တော်သည် အမေ့လက်မှ လွတ်ခဲ့သော်လည်း သူ့လက်တွင်းသို့ သက်ဆင်းခဲ့ရရှာပေတော့သည်။ ကျွန်တော့်မိန်းမသည် ကျွန်တော့်လို ဘုဆတ်ဆတ်မလုပ်တတ်ဘဲ ဘီပီအိုင်ဆေးများ၏အာနိသင်များ၊ နောက်ဆုံးပေါ်ကုသနည်းများ
အကြောင်းကို အမေ့အား စိတ်ရှည်လက်ရှည်နှင့် ရှင်းပြတတ်သည်။ အမေကလည်း တိုင်းရင်းဆေးများထက်မြက်ပုံ၊ ပွဲတွေ့ကုထုံးများအကြောင်း ပြန်လည်ပြောပြတတ်သည်။ သို့ဖြင့် သူတို့နှစ်ယောက် ပူးပေါင်းမိကြလေ၏။ အမေသည် ဘာမီတွန်၏ အစွမ်းသတ္တိကို ယုံကြည်လာသလို သူကလည်း ကွမ်းရွက်ပြုတ်ရည်၏အာနိသင်ကို လက်ခံသည်။ သူသည် အေးအေးဆေးဟုခေါ်သော မြန်မာ့တိုင်းရင်းဆေး နှစ်မျိုးသုံးမျိုးကိုပင် အသင့်ဝယ်ဆောင်ထားလာခဲ့သည်။
အမေနှင့်သူ သဘောတူညီမှုတစ်ခုကိုလည်း ရရှိခဲ့ဟန်တူသည်။ အနောက်တိုင်းနည်းနှင့် တိုင်းရင်းကုထုံးတို့ ပူးပေါင်း၍ စမ်းသပ်ကြည့်ရန်ဖြစ်လေ၏။ သူတို့ဖက်ကတော့ အဆင်သင့်ဖြစ်ပြီး လူနာသာလိုတော့သည်။ ထို့ကြောင့် ကျွန်တော်သည် ဖျားပေးရလေတော့သည်။ တစ်နေ့တွင် နေပူထဲမှာ တစ်နေ့လုံးလျှောက်သွားနေတုန်း ဗြုန်းဆို မိုးရွာချသဖြင့် မိုးမိပြီး အပူရှပ်သွားသည်။ အဖျားသိပ်မရှိသော်လည်း ချောင်းဆိုးပြီး ရင်ကတော်တော်ကျပ်နေသည်။ ကျွန်တော့်မိန်းမက အဖျားအတွက် ပါရာစီတမော၊ ဆာလဖာနှင့် ဘာမီတွန်တိုက်ပြီး ချောင်းဆိုးရင်ကျပ်အတွက် အေးအေးဆေးတိုက်သည်။ သူရုံးသွားသောအခါ တစ်ယောက်တည်း အေးအေးနေရပြီး တွေးချင်ရာတွေးရပြီမှတ်တုန်း အမေ အခန်းထဲသို့ ဝင်လာပြီး နဖူးကိုစမ်းလေတော့သည်။
သူတို့နှစ်ယောက် နားလည်မှုယူထားသည့်အတိုင်း မိန်းမက သူမရှိတုန်း ဂျူတီလွှဲပေးသွားခြင်းဖြစ်ပါသည်။ နေ့လည်တွင် အမေက ကွမ်းရွက်၊ ဇီယာ၊ ခွေးသေးပန်းရွက်တို့ကို ရော၍ပြုတ်ပြီး မဒဲမြင့်မိုဆိုသည့်ဆေးနှင့် တိုက်သည်။ မိန်းမ ရုံးကပြန်လာပြီး ညဂျူတီပြန်ဝင်သည်။ သူ့ဆေးတွေ တိုက်ပြန်သည်။ လည်ချောင်းယားလာလျှင် အမေ၏မဒဲကို လျက်ရသည်။ ညအိပ်ကာနီးတော့ ကော်မက်သာဇင်သောက်ရသည်။ ဘယ်ဆေး၏အစွမ်းကြောင့်လည်းမသိ။ နောက်တစ်နေ့မနက် အိပ်ရာမှနိုးသောအခါ အဖျားမရှိတော့ချေ။ ချောင်းသုံးလေးကြိမ်ဆိုးပြီး သလိပ်တွေက အခဲလိုက်ထွက်လာကာ ရင်ထဲကချောင်ပြီး သက်သာသွားသည်။ အမေနဲ့သူလည်း ဘယ်ဆေးကို ဘယ်လိုတိုက်လိုက်လို့ ခုလိုသက်သာသွားတာဆိုပြီး ဝမ်းသာအားရ အပြန်အလှန်ပြောနေကြလေသည်။ သို့ရာတွင် သူတို့တိုက်ခဲ့သည်မှာ ဆေးပူတွေချည်းဖြစ်သဖြင့် အပူတွေကန်ပြီး လည်ချောင်းတွေနာ၊ လျှာတွေကွဲ၊ သွားဖုံးမှာ အဖုတွေပေါက်လာသည်။
ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိလာသဖြင့် " အမေတို့နှစ်ယောက်ဟာ လိုက်လည်းလိုက်တယ်။ လူမမာပြုစုရတာကို တော်တော်ဝါသနာထုံပုံရတယ်။ ကျွန်တော့်မှာ ဖျားပြီဆိုရင် ငါ့စိတ်ကြိုက်ပြုစုခွင့် ရပဟဲ့ဆိုပြီး ဝမ်းသာနေကြသလား မသိဘူး "ဟု ငေါ့တော့တော့ပြောလိုက်သည်။
ကျွန်တော်သည် အခုလိုပင် ခွကျကျပြောတတ်ကြောင်းသိသဖြင့် အမေက ဘာမျှပြန်မပြောဘဲ ရယ်နေသည်။ မိန်းမကတော့ " အံမယ် အဲဒီလို အမေနဲ့ ကိုယ်ဖိရင်ဖိပြုစုခဲ့လို့ တစ်ရက်တည်းနဲ့ နေကောင်းသွားတာမဟုတ်လား "ဟု ပြောပြန်သည်။
" အေး နေတော့ကောင်းသွားပြီ။ ဒါပေမယ့် ဆေးပူတွေသောက်ရလွန်းလို့ လည်ချောင်းတွေနာ၊ လျှာတွေကွဲ၊ သွားဖုံးမှာ အဖုတွေပေါက်ကုန်ပြီ "
" ဟင် ဟုတ်လား။ ဒါဆို ဂရိတ်ဆော့သောက်ပြီး ဝမ်းနုတ်လိုက်ရင် ကောင်းမယ် "ဟု မိန်းမက ပြောသည်။
အမေကလည်း "အမလေး သားရယ်၊ အပူကန်တာလောက်တော့ အမေ့ဒေဝစက္ခုလေးသာ သောက်လိုက်၊ သုံးလေးခါလောက် ဝမ်းသွားလိုက်ရင် ကောင်းသွားမှာပဲ "
နှစ်ယောက် တစ်ယောက်ဖြစ်နေသောကြောင့် ဆက်ပြောနေလျှင် ကျွန်တော်ပဲရှုံးမည်ကိုသိ၍ ဘာမျှ ထပ်မပြောတော့ဘဲ အသာလှည့်ထွက်လာခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သူတို့ပြောသော ဆေးနှစ်မျိုးအနက် တစ်မျိုးကိုတော့ ထပ်သောက်ရပေဦးမည်။ သူတို့သမီးယောက္ခမနှစ်ယောက်ကတော့ ဂရိတ်ဆော့နှင့် ဒေဝစက္ခု မည်သည့်ဆေးက ပို၍သင့်လျော်မည့်အကြောင်းကို ဆွေးနွေးညှိနှိုင်းနေကြဆဲ။
-----------------------------
(မင်းလူ)
ပေဖူးလွှာ၊ ဒီဇင်ဘာ၊ ၁၉၈၃။
No comments:
Post a Comment