May 2, 2017

ဂရိတ်​​ဆော့နှင့်​​ ဒေဝစက္ခု

ဂရိတ်​​ဆော့နှင့်​​ ဒေဝစက္ခု (မင်းလူ)
_________________________

ယောက္ခမနှင့်​​ချွေးမတို့ ဖြစ်​မြဲဓမ္မတာတရားကို ​ဖောက်​ဖျက်​ကျူးလွန်​ပြီးလျှင်​ ကျွန်​​တော့်​အ​မေနှင့်​ကျွန်​​တော်​မိန်းမတို့ ညွန့်​​ပေါင်းအစိုးရဖွဲ့လိုက်​ခြင်း​ကြောင့်​ ကျွန်​​တော်​ခံလိုက်​ရပုံကို​ ပြောပါဦးမည်​။ ဤ​နေရာတွင်​ အမည်​နာမများသည်​ အ​ရေးမပါသဖြင့်​ ကျွန်​​တော့်​အ​မေနှင့်​ ကျွန်​​တော့်​မိန်းမတို့ကို အ​မေမိန်းမဟူ၍သာ သုံးနှုန်းသွားမည်​ဖြစ်​ပါသည်​။

အ​မေ မကြာခဏ​ပြောဖူးသည်​။
" ငါ့သား​တွေ မိန်းမယူတဲ့အခါ အ​မေ​ပြောသမျှ​ခေါင်​ငုံ့ခံမယ့်​​ ချွေးမမျိုး​တော့ မလိုချင်​ဘူး။ အ​မေ့ကို ပြန်​ပြီးဩဇာ​ပေးနိုင်​​လောက်​တဲ့ အရည်​အချင်းရှိတဲ့​ချွေးမမျိုးပဲ လိုချင်​တယ်​။ ဒါမှ ငါ့သား​တွေ အ​မေ့ထက်​​တော်​တဲ့မိန်းမမျိုး ရမှာ ... "

ကျွန်​​တော်​တို့ညီအကိုတ​တွေ မိန်းမယူကြ​သောအခါ အ​မေ့ဩဝါဒကို ကိုက်​ညီ​အောင်​ တမင်​​ရွေးချယ်​ပြီး ယူခဲ့ကြခြင်းမဟုတ်​​ချေ။ အ​မေ့ဩဝါဒကို သတိလည်းမရ၊ ကျွန်​​တော်​တို့ဘာသာ ကိုယ်​ကြိုက်​တာယူခဲ့ခြင်းဖြစ်​သည်​။ အမေ​က ​ပြောတုန်းကသာ​ပြောခဲ့ပြီး ​ချွေးမ​တွေတကယ်​ရ​သောအခါ သူ့စည်းကမ်းချက်​​တွေ​ မေ့သွားကာ ကြည်​ကြည်​ဖြူဖြူ လက်​ခံခဲ့​လေသည်​။

အ​ဖေက​တော့ ရှင်းသည်​။
" ငါ့သားနဲ့ညားရင်​ ငါ့​ချွေးမ "
" ဒါပဲ "

ကျွန်​​တော်​တို့မိန်းမများသည်​ အ​မေ့ကို ဩဇာပြန်​မ​ပေးကြ​ချေ။ ထို့အတူ အ​မေကလည်း သူတို့ကို ဩဇာဝင်​မ​ပေး။ ဤသို့ဖြင့်​ အ​မေ့စည်းကမ်းမှာ အလိုလိုပျက်​ပြယ်​သွားကာ အ​မေနှင့်​​ချွေးမများ ငြိမ်းချမ်းစွာ အတူယှဉ်​တွဲ​နေထိုင်​ခဲ့ကြ​လေသည်​။ တစ်​ခု​တော့ရှိသည်​။ အ​မေ့​ချွေးမများ၌ အ​မေနှင့်​တူ​သောအချက်​​တွေ ရှိ​နေကြခြင်းပင်။ အ​မေသည်​​ ကျောင်းဆရာမဖြစ်​သည်​။ ကျွန်​​တော့်​အကိုသုံး​ယောက်​တို့၏ မိ​န်းမများသည်​လည်း ​ကျောင်းဆရာမများဖြစ်​ကြ၏။ ကျွန်​​တော့်​မိန်းမက​တော့​ ကျောင်းဆရာမမဟုတ်​​ချေ။ သို့ရာတွင်​ သူ့အ​ဖေက ​ကျောင်းဆရာကြီးဖြစ်​သည်​။

ထို့အပြင်​ အ​မေနှင့်​ကျွန်​​တော့်​မိန်းမတို့ တူ​သော​နောက်​တစ်​ချက်​ ရှိ​သေးသည်​။ အ​မေသည်​ မြန်​မာသမား​တော်​ကြီးတစ်​ဦး၏တူမဖြစ်​ပြီး ကျွန်​​တော့်​မိန်းမကား ဆရာဝန်​မတစ်​​ယောက်​နှင့်​ သူနာပြုဆရာမတစ်​ဦးတို့၏ ညီမဖြစ်​ခြင်းပင်​တည်း။ ဤသည်​ပင်​ ကျွန်​​တော်​ခံလိုက်​ရသည်​ဆို​သော အချက်​ဖြစ်​ပါသည်​။ ​ကျောင်းဆရာမလည်းဖြစ်​ သမား​တော်​ကြီး၏တူမလည်းဖြစ်​​သော အ​မေသည်​ လူနာပြုစုခြင်း၊ ​ဆေး​ဖော်​ခြင်း​၊ ဆေးတိုက်​ခြင်းများကို ဝါသနာထုံ​လေသည်​။ မြန်​မာ​ဆေးအမျိုးမျိုးကို ကိုယ်​တိုင်​လည်း 
ဖော်​သည်​။ ဦး​လေး၏​ဆေးတိုက်​မှလည်း​ တောင်းသည်​။ တခြား​ဆေးတိုက်​များမှလည်း ဝယ်​သည်​။ ထို​ဆေးများကို ပုလင်းကြီး၊ ပုလင်းငယ်​များနှင့်​ ထည့်​ထားတတ်​သည်​။

အ​မေ့လူနာများကား အ​မေ့သူငယ်​ချင်းများ၊ အိမ်​နီးချင်းများ ဖြစ်​သည်​။ ကျွန်​​တော့်​အိမ်​မှာ အဝတ်​လာ​လျှော်​သည့်​ ​ဆော်​လီမာတို့်မိသားစုဆိုလျှင်​ အ​မေ့ကို သူတို့မိသားစုဆရာဝန်​သဖွယ်​ အားကိုး​လေသည်​။ အ​မေသည်​​ ဆေး​ပေးရုံမျှမဟုတ်​။ အိမ်​နီးချင်းတစ်​​ယောက်​​ယောက်​​နေမ​ကောင်းလျှင်​ သူကိုယ်​တိုင်​ သွားကြည့်​တတ်​​သေးသည်​။ အ​မေ့​ဆေးစွမ်းကို ယုံကြည်​ကြ​သော အ​မေ့သူငယ်​ချင်းတချို့ဆိုလျှင်​ သူတို့တစ်​ခုခုဖြစ်​လျှင်​ အ​မေ့ဆီဖုန်းဆက်​ပြီး " သူငယ်​ချင်း​ရေ .. ငါကွယ်​.... မူးသလိုလို​ မောသလိုလိုနဲ့ အိပ်လည်းအိပ်​မ​ပျော်​ဘူး ... ရင်​​တွေသိပ်​တုန်​တာပဲ .. "ဆိုလျှင်​ အ​မေက " ဟဲ့ ငါ ဟိုတစ်​ခါ ပေးထားတဲ့​ သွေး​ဆေးကို ကြံရည်​နဲ့ဖြစ်​ဖြစ်​ သကြားနဲ့ဖြစ်​ဖြစ်​​ ဖျော်​​သောက်​လိုက်​ "ဟု ညွှန်​ကြားတတ်​သည်​။ တချို့ ရပ်​​ဝေးမှဓမ္မမိတ်​​ဆွေများဆိုလျှင်​ စာလှမ်း​ရေးပြီး​မေးမြန်းတတ်​သဖြင့်​ အ​မေက ဆရာဝန်​တင်​​ရွှေတို့​ ဒေါက်​တာ​မောင်​​မောင်​ညိုတို့လိုပင်​ အကြံဥာဏ်​​ပေး ပြန်​ကြားရသည်​ပင်​ရှိသည်​။ ဤသို့ဆိုလျှင်​ ရပ်​​ဝေးထိတိုင်​​အောင်​ ​ကျော်​ကြားသူဖြစ်​​လေရာ အိမ်​ကလူများအဖို့​တော့ ​ပြောစရာပင်​မလို​တော့​ချေ။

ကျွန်​​တော်​သည်​ အ​မေနှင့်​အမြဲ​နေခဲ့သူဖြစ်​သဖြင့်​ အ​မေ့​ဆေး​တွေ အများဆုံး​သောက်​ခဲ့ရသူ ဖြစ်​နိုင်​​လောက်​ပါသည်​။ ကျွန်​​တော်​တို့ငယ်​ငယ်​က​ တော်​တန်​ရုံဖျားနာ​လောက်​တာဆိုလျှင်​ ဆရာဝန်​ဆီ သွားစရာမလို။ အ​မေ့ဘကြီးဆရာ​မောင်​၏ ​ဆေးနီလုံး၊​ဆေးနီမှုန့်​​သောက်​ ​စောင်​ခြုံပြီး​ ချွေးထုတ်​လိုက်​လျှင်​​ ပျောက်​သွားတတ်​သည်​ပင်​ဖြစ်​သည်​။ အသက်​က​လေး နည်းနည်းကြီး ပညာက​လေး နည်းနည်းတတ်​လာ​သောအခါ ထုံးစံအတိုင်း ကိုယ့်​ကိုယ်​ကို အရာထားတတ်​လာခြင်းဖြစ်​ချင်​ဖြစ်​မည်​။ အ​မေက အိုလာ​သော​ကြောင့်​ ​ခေတ်​လွန်​ပြီဟုထင်​လာခြင်းလည်း ဖြစ်​ချင်​ဖြစ်​မည်​။ အ​မေ့​ဆေးများအ​ပေါ်​ စောဒကတက်​ချင်​လာသည်​။

ကျွန်​​တော်​ဖျားသလိုလိုဖြစ်​လို့ အ​မေက " ဟဲ့​ နေမ​ကောင်းဘူးလား။ ဒါဆို ... "ဟု​ ပြောရုံရှိ​သေး၊ " ​အေဘီစီ​ သောက်​ထားတယ်​ "၊ တခါတ​လေ အ​မေက ငန်း​ဆေးပုလင်း​လေးကိုင်​ပြီး အခန်းထဲဝင်​လာလျှင်​ " ကိုးတက်​ဘလက်​​ သောက်​မလို့ "ဟု အလျဉ်​ဦး​အောင်​ ဆီးပြီး​ပြောတတ်​လာသည်​။

အသိသာဆုံးမှာ အ​မေ၏ပြုစုမှုများကို တစတစ ငြင်းပယ်​လို​သောအရိပ်​အ​ယောင်​များ ပြလာခြင်းပင်​ဖြစ်​သည်​။ အ​မေက အ​နွေးထည်​​လေးဝတ်​​ပေး၊ ​စောင်​ခြုံ​ပေး၊ ပြတင်း​ပေါက်​​တွေ​လျှောက်​ပိတ်​ လုပ်​​သောအခါ " ဒီ​လောက်​​လှောင်​ပိတ်​​နေရင်​​ လေ​ကောင်း​လေသန့်​​တွေ ဘယ်​ရ​တော့မလဲ၊ အပူ​ငွေ့​တွေနဲ့ လုံပြီး အဖျားကျ​တော့မှာမဟုတ်​ဘူး "ဟု ဆင်​​ခြေ​ပေးတတ်​လာသည်။

ငယ်​ငယ်​ကဖျားလျှင်​​ စောင်​ခြုံပြီး အ​မေ့ရင်​ခွင်​ထဲမှာ ငြိမ်​ငြိမ်​က​လေး​နေရသည်​ကို သ​ဘောကျခဲ့သည်​။ ထိုအခါမျိုးတွင်​ အ​မေက​ ခေါင်းကို အုန်းဆီထည့်​​ပေး၊ ​ချွေးစို့​နေ​သောနဖူးက​လေးကို လက်​ဖြင့်​ အသာသပ်​ပြီး ဘုရားစာရွတ်​​သောအခါ ချက်​ချင်းလို ကိုယ်​ပူကျသွားသည်​ဟု ထင်​ခဲ့သည်​။

ကြီး​သောအခါ ကျွန်​​တော့်​ကို က​လေးတစ်​​ယောက်​လို ပြုစုတာမျိုး လက်​မခံချင်​​တော့​ချေ။ ပြီး​တော့ ကျွန်​​တော်​​နေမ​ကောင်းဖြစ်​ပြီဆိုလျှင်​ နား​အေးပါး​အေး တစ်​​ယောက်​တည်း​နေချင်​သည်​။ ​ကျောင်းသားဘဝက ဖျားလျှင်​​ ကျောင်းမတက်​ရသဖြင့်​ ​ပျော်​သည်​။ ကြီးလာ​တော့ အလုပ်​မှာ ​ဇောကပ်​​နေသဖြင့်​​ တော်​တန်​ရုံအနားမယူဖြစ်​။ ဖျားပြီဆိုမှ​တော့ ကိုယ့်​စိတ်​ကို ကိုယ့်​ဘာသာ​ဖျောင်းဖျပြီး နားနား​နေ​နေ​ နေရသည်​။ ထိုအခါတွင်​ အိပ်​ရာထဲလှဲပြီး စာဖတ်​ချင်​ဖတ်​၊ ဝတ္ထုဇာတ်​လမ်း​လေး​တွေ စဉ်းစား၊ ကဗျာ​လေး​တွေ စိတ်​ထဲကစပ်​ရင်း မှိန်းချင်​မှိန်း​နေ၊ တစ်​ခါတစ်​ရံ​ နေမ​ကောင်းဖြစ်​​နေရင်းက အလွန်​​ကောင်း​သော ဝတ္ထုတစ်​ပုဒ်​၊ ကဗျာတစ်​ပုဒ်​ရခဲ့သည်​ကို ကြုံခဲ့ဖူးသည်​။ ထို့​ကြောင့်​ ဖျားလျှင်​ အနားယူရသည်​ကို ​ပျော်​သလို​တောင်​ဖြစ်​မိတတ်သည်​။ ထိုအခါမျိုးမှာ အ​မေ​ရောက်​ရှိလာပြီး " ဟဲ့​ နေမ​ကောင်းဘူးလား၊ ဘာ​ဆေး​သောက်​လဲ၊ အင်္ဂလိပ်​​ဆေး​သောက်​ချင်​လည်း​ သောက်​၊ အ​မေ့စပ်​​ဆေး​လေးလည်း​ ကောင်းတာပဲ၊ ထမင်းမစားနဲ့၊ ဆန်​ပြုတ်​​သောက်​ပါလား၊ ​လော​လောဆယ်​​ ကော်​ဖီ​သောက်​ထားရင်​​ ကောင်းမယ်​ထင်​တယ်​ "ဟူ၍ လာလာ​ပြော​နေသဖြင့်​ အ​တွေးပျက်​ရသည်​။

အဆိုးဆုံးက နဖူးကို မကြာခဏ လာစမ်းခြင်းပင်​ဖြစ်​သည်​။ ဖျား​နေသူမှာ ကိုယ်​ပူရှိန်​မြှင့်​တက်​​နေသဖြင့်​​ နေ​ကောင်းသူတို့၏ သာမာန်​အပူရှိန်​ရှိ​သော အသားနှင့်​ထိလျှင်​​ အေးသည်​ဟုထင်​ရသည်​။ အ​မေ့လက်​များကား မီးဖိုထဲမှာ ​ရေကိုင်​ဘာကိုင်​နှင့်​ဆို​တော့ ပို၍ပင်​​အေး​နေသည်​။ ဤသို့လျှင်​ လက်​​အေးကြီးနှင့်​ နဖူးကို မကြာခဏအစမ်းခံရလျှင်​ ဘယ်​​လောက်​အခံရခက်​​ကြောင်း ဖျားဖူးသူတိုင်း သိကြပါလိမ့်​မည်​။ ပြီး​တော့ ချက်​ရင်းပြုတ်​ရင်းက လာရ​သော​ကြောင့်​ အ​မေ့လက်​က ကြက်​သွန်​နံ့၊ သားငါးနံ့ ကပ်​ပါလာတတ်​​သေးသည်​။ ဒီကြားထဲ အ​မေ့သူငယ်​ချင်းအဖွားကြီး​တွေက လမ်းကြုံရင်​ ဝင်​ဝင်​စမ်းသွားတတ်​​သေးသည်​။

ထို့​ကြောင့်​​ တော်​တန်​ရုံဖျားလျှင်​ အ​မေ့ကို အသိမ​ပေး​တော့ပါ။ သို့တိုင်​​အောင်​ အ​မေက သိသိသွားတတ်​​သေးသည်​။ ထိုအခါ လက်​​အေးကြီးနှင့်​​ တွေ့ရပြန်​သည်​။ ထို့​ကြောင့်​ " ကျွန်​​တော့်​ဘာသာ​ အေး​အေး​ဆေး​ဆေး​ နေစမ်းပါရ​စေအ​မေရယ်​ "ဟု ​ပြောလွှတ်​ရ​တော့သည်​။ ဒီ​တော့မှ အ​မေလည်း အခန်းထဲ ဝင်​မလာ​တော့​ချေ။ သို့ရာတွင်​ အ​မေသည်​ ညကျ​တော့ အခန်းထဲ​ ခြေသံမကြား​အောင်​ တိတ်​တိတ်​က​လေး ဝင်​လာတတ်​ပြန်​သည်​။ အတန်​ကြာအကဲခတ်​ပြီးမှ ကျွန်​​တော်​အိပ်​​ပျော်​​နေပြီအထင်​ဖြင့်​ နဖူးကို ဖွဖွက​လေး လာစမ်းသည်​။ ရင်​ဘတ်​ကို​ ချွေးရွှဲ​နေ မ​နေ စမ်းကြည့်​ပြီး ​စောင်​အသာပြန်​ခြုံ​ပေးသည်​။ ထိုအခါကျ​တော့လည်း ကျွန်​​တော် ဘာမျှမ​ပြောရက်​​တော့။ အသာငြိမ်​ပြီး အိပ်​ချင်​​ယောင်​​ဆောင်​​နေလိုက်​ရ​သည်​။

မိန်းမကျ​တော့ အ​မေ့တုန်းကလို​ အော်​​ငေါက်​မရ​တော့​ချေ။ " ငါ့ဘာသာ​ အေး​အေး​နေစမ်းပါရ​စေ "ဆိုလျှင်​ သူက " ဘာလဲ ကျောမှာ ​ချွေး​တွေရွှဲ​နေတာ မလဲလို့ဘယ်​ဖြစ်​မလဲ။ ​ချွေးအ​အေးပတ်​သွားရင်​ နမိုးနီးယားဝင်​တတ်​တယ်​ "ဟု ပညာပြန်​​ပေးတတ်​​လေသည်​။ ကျွန်​​တော်​မိန်းမရ​သောအခါ အ​မေ၏စမ်းသပ်ခြင်းမှ အ​တ်ာအတန် လွတ်လပ်ခွင့်ရသွားပါသည်။ ​​​​​​မိန်းမတစ်​​ယောက်​အ​နေဖြင့်​ ကိုယ့်​​ယောက်ျားကို လွတ်​လွတ်​လပ်​လပ်​ ပြုစုချင်​လိမ့်​မည်​ဟု အ​မေနားလည်​သည်​။ ထို့​ကြောင့်​ ​တော်​ရုံကိစ္စတွင်
ဝင်​​ရောက်​စွက်​ဖက်​ခြင်း မပြု​တော့။

ဒါ​တောင်​မှ ကျွန်​​တော်​ဖျားပြီဆိုလျှင်​ အ​မေ မ​နေနိုင်​။ ကိုယ်​ထိလက်​​ရောက်​ ဝင်​မပြုစုရ​တော့​သော်​လည်း အကြံဥာဏ်​​ပေးတာမျိုး​တော့ မသိမသာလုပ်​​သေးသည်​။ ကျွန်​​တော်​တို့၏အခန်းအပြင်​မှာ မသိမသာလာရပ်​ရင်း
" သမီး​ရေ ဘာ​ဆေးတိုက်​ထားသလဲ "
" ပါရာစီတ​မော တိုက်​ထားတယ်​အ​မေ "
" ​အေး​ အေး​ ... ကောင်းပါတယ်​​၊ ရေကျက်​​အေး ယူဦးမလား​ .... ဩော်​​ .. အေး​ .. အေး ... များများသာတိုက်​ကွယ်​​။ တော်​ရုံတန်​ရုံက​တော့ ဆီးများများသွားလိုက်​ရင်​​ ကောင်းသွားတာပါပဲ "ဟူ၍လည်း​ကောင်း၊ တစ်​ခါတစ်​ရံကျ​တော့ " အင်္ဂလိပ်​​ဆေးလည်း​ကောင်းပါတယ်​ကွယ်​။ ကွမ်းရွက်​ပြုတ်​ရည်​တိုက်​တာ​တော့ မမှားနိုင်​ဘူး "ဟု သူ့ကိုယ်​သူ​ပြောသလို​ ပြောတတ်​သည်​။

ကျွန်​​တော့်​မိန်းမသည်​ အစ်​မများဖြစ်​​သော သူနာပြုဆရာမနှင့်​ ဆရာဝန်​တို့နှင့်​​ နေခဲ့ရသဖြင့်​ နိုင်​ငံခြား​ဆေးများအ​ကြောင်းကို အတန်​အသင့်​ ကျွမ်းကျင်​နားလည်​​နေသည်​။ သူ့အစ်​မ​တွေဆီက ​တောင်းထားတာ​ရော ဝယ်​ထားတာ​ပါ အိမ်​မှာ ဘီပီအိုင်​​ဆေးအ​တော်​စုံစုံ ရှိ​လေသည်​။ ​တော်​ရုံဖျားတာနာတာ​လောက်​ဆိုရင်​ ​ဆေးတိုက်​သွားစရာမလို၊ သူ့ဘာသာ ကုနိုင်​သည်​။ ထို့အပြင်​ သူသည်​လည်း အ​မေ့လိုပင်​ လူနာပြုစုရာတွင်​ ဝါသနာပါလေ၏။ သူသည် အ​မေ့ထက်​ပင်​ အခွင့်​အ​ရေးတစ်​ခု ပိုရထား​သေးသည်​။ အ​မေသည်​ ကျွန်​​တော်​​ချွေး​တွေရွှဲ​နေသလား​၊ စောင်​လွတ်​​နေလား၊ ကြည့်​ရှုလိုလျှင်​ ကျွန်​​တော့်​အခန်းသို့ တကူးတကလာရသည်​။ မိန်းမကျ​တော့ တစ်​အိပ်​ရာထဲ အတူတူအိပ်​ရ​သော​ကြောင့်​ အချိန်​မ​ရွေး ထစမ်းခွင့်​ရ​လေသည်​။ နဖူးကို။

ထို့​ကြောင့်​ ကျွန်​​တော်​သည်​ အ​မေ့လက်​မှ လွတ်​ခဲ့​သော်​လည်း သူ့လက်​တွင်းသို့ သက်​ဆင်းခဲ့ရရှာ​ပေ​တော့သည်​။ ကျွန်​​တော့်​မိန်းမသည်​ ကျွန်​​တော့်​လို ဘုဆတ်​ဆတ်​မလုပ်​တတ်​ဘဲ ဘီပီအိုင်​​ဆေးများ၏အာနိသင်​များ၊ ​နောက်​ဆုံး​ပေါ်ကုသနည်းများ
အ​ကြောင်းကို အ​မေ့အား စိတ်​ရှည်​လက်​ရှည်​နှင့်​ ရှင်းပြတတ်​သည်​။ အ​မေကလည်း တိုင်းရင်း​ဆေးများထက်​မြက်​ပုံ၊ ပွဲ​တွေ့ကုထုံးများအ​ကြောင်း ပြန်​လည်​​ပြောပြတတ်​သည်​။ သို့ဖြင့်​ သူတို့နှစ်​​ယောက်​ ပူး​ပေါင်းမိကြ​လေ၏။ အ​မေသည်​ ဘာမီတွန်​၏ အစွမ်းသတ္တိကို ယုံကြည်​လာသလို သူကလည်း ကွမ်းရွက်​ပြုတ်​ရည်​၏အာနိသင်​ကို လက်​ခံသည်​။ သူသည်​​ အေး​အေး​ဆေးဟု​ခေါ်​သော မြန်​မာ့တိုင်းရင်း​ဆေး နှစ်​မျိုးသုံးမျိုးကိုပင်​ အသင့်​ဝယ်​​ဆောင်​ထားလာခဲ့သည်​။

အ​မေနှင့်​သူ သ​ဘောတူညီမှုတစ်​ခုကိုလည်း ရရှိခဲ့ဟန်​တူသည်​။ အ​နောက်​တိုင်းနည်းနှင့်​ တိုင်းရင်းကုထုံးတို့  ပူး​ပေါင်း၍ စမ်းသပ်​ကြည့်​ရန်​ဖြစ်​​လေ၏။ သူတို့ဖက်​က​တော့ အဆင်​သင့်​ဖြစ်​ပြီး လူနာသာလို​တော့သည်​။ ထို့​ကြောင့်​ ကျွန်​​တော်​သည်​ ဖျား​ပေးရ​လေ​တော့သည်​။ တစ်​​နေ့တွင်​ ​နေပူထဲမှာ တစ်​​နေ့လုံး​လျှောက်​သွား​နေတုန်း ဗြုန်းဆို မိုးရွာချသဖြင့်​ မိုးမိပြီး အပူရှပ်​သွားသည်​။ အဖျားသိပ်​မရှိ​သော်​လည်း ​ချောင်းဆိုးပြီး ရင်​က​တော်​​တော်​ကျပ်​​နေသည်​။ ကျွန်​​တော့်​မိန်းမက အဖျားအတွက်​ ပါရာစီတ​မော၊  ဆာလဖာနှင့်​ ဘာမီတွန်​တိုက်​ပြီး ​ချောင်းဆိုးရင်​ကျပ်​အတွက်​​ အေး​အေး​ဆေးတိုက်​သည်​။ သူရုံးသွား​သောအခါ တစ်​​ယောက်​တည်း​ အေး​အေး​နေရပြီး ​တွေးချင်​ရာ​တွေးရပြီမှတ်​တုန်း အ​မေ အခန်းထဲသို့ ဝင်​လာပြီး နဖူးကိုစမ်း​လေ​တော့သည်​။

သူတို့နှစ်​​ယောက်​ နားလည်​မှုယူထားသည့်​အတိုင်း မိန်းမက သူမရှိတုန်း ဂျူတီလွှဲ​ပေးသွားခြင်းဖြစ်​ပါသည်​။ ​နေ့လည်​တွင်​ အ​မေက ကွမ်းရွက်​၊ ဇီယာ၊ ​ခွေး​သေးပန်းရွက်​တို့ကို​ ရော၍ပြုတ်​ပြီး မဒဲမြင့်မိုဆိုသည့်​​ဆေးနှင့်​ တိုက်​သည်​။ မိန်းမ ရုံးကပြန်​လာပြီး ညဂျူတီပြန်​ဝင်​သည်​။ သူ့​ဆေး​တွေ တိုက်​ပြန်​သည်​။ လည်​​ချောင်းယားလာလျှင်​ အ​မေ၏မဒဲကို လျက်​ရသည်​။ ညအိပ်​ကာနီး​တော့ ​ကော်မက်​သာဇင်​​သောက်​ရသည်​။ ဘယ်​​ဆေး၏အစွမ်း​ကြောင့်​လည်းမသိ။ ​နောက်​တစ်​​နေ့မနက်​ အိပ်​ရာမှနိုး​သောအခါ အဖျားမရှိ​တော့​ချေ။ ​ချောင်းသုံး​လေးကြိမ်​ဆိုးပြီး သလိပ်​​တွေက အခဲလိုက်​ထွက်​လာကာ ရင်​ထဲက​ချောင်​ပြီး သက်​သာသွားသည်​။ အ​မေနဲ့သူလည်း ဘယ်​​ဆေးကို ဘယ်​လိုတိုက်​လိုက်​လို့ ခုလိုသက်​သာသွားတာဆိုပြီး ဝမ်းသာအားရ အပြန်​အလှန်​​ပြော​နေကြ​လေသည်​။ သို့ရာတွင်​ သူတို့တိုက်​ခဲ့သည်​မှာ ​ဆေးပူ​တွေချည်းဖြစ်​သဖြင့်​ အပူ​တွေကန်​ပြီး လည်​​ချောင်း​တွေနာ၊ လျှာ​တွေကွဲ၊ သွားဖုံးမှာ အဖု​တွေ​ပေါက်​လာသည်​။

ကျွန်​​တော်​လည်း စိတ်​​ပေါက်​​ပေါက်​ရှိလာသဖြင့်​ " အ​မေတို့နှစ်​​ယောက်​ဟာ လိုက်​လည်းလိုက်​တယ်​။ လူမမာပြုစုရတာကို​ တော်​​တော်​ဝါသနာထုံပုံရတယ်​။ ကျွန်​​တော့်​မှာ ဖျားပြီဆိုရင်​ ငါ့စိတ်ကြိုက်ပြုစုခွင့် ရပဟဲ့ဆိုပြီး ​​​ဝမ်းသာ​နေကြသလား မသိဘူး​ "ဟု ​ငေါ့​တော့​တော့​ပြောလိုက်​သည်​။

ကျွန်​​တော်​သည်​ အခုလိုပင်​ ခွကျကျ​ပြောတတ်​ကြောင်းသိ​သဖြင့်​ အ​မေက ဘာမျှပြန်​မ​ပြောဘဲ ရယ်​​နေသည်​။ မိန်းမက​တော့ " အံမယ်​ အဲဒီလို အ​မေနဲ့ ကိုယ်​ဖိရင်​ဖိပြုစုခဲ့လို့ တစ်​ရက်​တည်းနဲ့​ နေ​ကောင်းသွားတာမဟုတ်​လား "ဟု​ ပြောပြန်​သည်​။

" ​အေး​ နေ​တော့​ကောင်းသွားပြီ။ ဒါ​ပေမယ့်​ ​ဆေးပူ​တွေ​သောက်​ရလွန်းလို့ လည်​​ချောင်း​တွေနာ၊ လျှာ​တွေကွဲ၊ သွားဖုံးမှာ အဖု​တွေ​ပေါက်​ကုန်​ပြီ "

" ဟင်​ ဟုတ်​လား။ ဒါဆို ဂရိတ်​​ဆော့​သောက်​ပြီး ဝမ်းနုတ်​လိုက်​ရင်​​ ကောင်းမယ်​ "ဟု မိန်းမက ​ပြောသည်​။

အ​မေကလည်း  "အမ​လေး သားရယ်​၊ အပူကန်​တာ​လောက်​​တော့ အ​မေ့​ဒေဝစက္ခု​လေးသာ ​သောက်​လိုက်​၊ သုံး​လေးခါ​လောက်​ ဝမ်းသွားလိုက်​ရင်​​ ကောင်းသွားမှာပဲ "

နှစ်​​ယောက်​ တစ်​​ယောက်​ဖြစ်​​နေ​သော​ကြောင့်​ ဆက်​​ပြော​နေလျှင်​ ကျွန်​​တော်​ပဲရှုံးမည်​ကိုသိ၍ ဘာမျှ ထပ်​​မပြော​တော့ဘဲ အသာလှည့်​ထွက်​လာခဲ့ရသည်​။ ဘာပဲဖြစ်​ဖြစ်​ သူတို့​ပြော​သော ​ဆေးနှစ်​မျိုးအနက်​ တစ်​မျိုးကို​တော့ ထပ်​​သောက်​ရ​​ပေဦးမည်​။ သူတို့သမီး​ယောက္ခမနှစ်​​ယောက်​က​တော့ ဂရိတ်​​ဆော့နှင့်​​ ဒေဝစက္ခု မည်​သည့်​​ဆေးက ပို၍သင့်​​လျော်​မည့်​အ​ကြောင်းကို ​ဆွေး​နွေးညှိနှိုင်း​နေကြဆဲ။

-----------------------------

(မင်းလူ)
ပေဖူးလွှာ၊ ဒီဇင်​ဘာ၊ ၁၉၈၃။

No comments:

Post a Comment