Apr 30, 2017

အခွံချည်းကျန်သူများထံမှာ ကောက်တဲ့အခွန်

အခွံချည်းကျန်သူများထံမှာ ကောက်တဲ့အခွန်

သရ၀ဏ်(ပြည်)

ရွှေဝယ်သူများထံမှ အခွန်ကောက်တော့မည်ဆိုတော့ အားလုံးမျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားသော်လည်း စာရေးဆရာများမှာ အပြုံးမပျက်ချေ ။ ဘယ်ပျက်မလဲ စာရေးဆရာတွင်ရွှေနှင့်တူတာဆိုလို့  ဘုရားကျောင်းဆောင်ရွှေချသည့် ယိုးဒယားရွှေပင်ကောင်းကောင်းကန်းကန်းမရှိ ။အလျော့တွက်တွေ ၊ လက်ခတွေ ၊ ၁၅ ပဲရည်တွေ ၊ ၁၆ ပဲရည်တွေ ၊ကမ္ဘာ့ရွှေဈေးတွေ ဆိုတာ စာရေးဆရာနှင့်လုံးလုံးမပါတ်သက် ။ ရွေဈေးက တစ်ကျပ်သားကို ကိုးသိန်းထားဦး ရသောစာမူခ နှင့်ရွှေဝယ်ရမည်ဆိုလျှင် သူရိယအလင်းဂျာနယ်တွင် ဆောင်းပါးအပုဒ် ကိုးဆယ် ပါမှ ရွှေတစ်ကျပ်သားရမည့်ကိန်းဆိုက်နေသည် ။ ဆရာကြီးရွှေဥဒေါင်းတို့ ဆရာသော်တာတွေတို့ ခေတ်က ၀တ္တုတိုတစ်ပုဒ်၏စာမူခမှာ ရွေသုံးကျပ်သားဝယ်နိုင်သည်ဟုကြားဖူးသည် ။။ အာဂစာရေးဆရာတွေပါလား ။ ယခုကျွန်ုပ်တို့စာရေးဆရာလုပ်သောခေတ်ကြီးကား CEO တို့  အယ်ချုပ်တို့  ထောသလောက် စာရေးဆရာလူမွှေးလူတောင်မပြောင်သောခေတ်ပါတကား။ လုံးချင်းဝတ္တုတွေ ၊ဆောင်းပါးတွေဟောတစ်အုပ် ဟောတစ်အုပ် စက်နှင့်လှည့်ထုတ်သလိုရေးတာတောင် ထမင်းနပ်မှန်ရုံပင်ရှိလေ၏ ။ စာရေးဆရာဆိုတာ ရေးနေရုံနှင့်မရ ၀မ်းစာပြန်ဖြည့်ရတာတွေရှိသည် ။ စာအုပ်တွေဝယ်ရသည် ။ သမိုင်းကြောင်းတွေမှတ်ရသားရ ၀ယ်ရခြမ်းရသည် ။ ဦးကုလားရာဇ၀င် ၊မှန်နန်းရာဇ၀င် ၊ ကုန်းဘောင်ရှာပုံတော် စသည့်စာအုပ်များဈေးနှုန်းက ကြောက်ဖွယ်လိလိ ။ စာမူခရသောဖွတ်ကလိဒင်္ဂါးသည် စာအုပ်တစ်အုပ်ဝယ်လိုက်တာနှင့်ပြောင်ကျသွားသည် ။ လေ့လာမှုဆိုတာလည်း ရပ်၍ရသည်မဟုတ် ။ဖတ်ရသည် မှတ်ရသည် ။လေ့လာရသည် ။ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း၊ CNN  ၊ BBC World ၊ Fox News သတင်းတွေစုံအောင်ကြည့်ရသည် ။ ထိုအခါ သတင်းလိုင်းလေးတွေများများပါသော စကိုင်းနက်ရုပ်သံ၏ DTH အခပေးချယ်နယ်လ် လိုင်းကို တပ်ဆင်ကြည့်ရှုမိသည် ။ တစ်ခါတစ်ရံဘောလုံးပွဲကလေးဘာလေးတွေလဲ သားတွေကကြည့်ချင်သဖြင့် Package စုံစုံလေးဝယ်မိသည် ။ ကိုယ်ကလည်း World Movie တို့  HBO တို့  မှလာသော နိုင်ငံခြားရုပ်ရှင်များကိုကြိုက်သည် ။

           မကြာမီရက်ပိုင်းက စကိုင်းနက်ရုပ်သံကြည့်နေရင်းပေါ်လာသောစာတမ်းတစ်ခုကို မြင်မိသည် ။ စကားလုံးအတိအကျကိုတော့မမှတ်မိ ။ သူတို့ ပြောလိုသောစာသားအဓိပါယ်က နောင်တွင် စကိုင်းနက်ရုပ်မြင်သံကြား သက်တမ်းတိုးသူများသည် ပုံမှန်ကျသင့်ငွေအပြင် အခွန်အဖြစ် ၅ ရာခိုင်နှုန်းထပ်မံပေးဆောင်ရမည်ဆိုသည့်သဘောဖြစ်သည် ။ Sky Net သည် ရောင်းချသူဖြစ်သည် ။ ပြည်သူလူထုသည် စားသုံးသူ Customer ဖြစ်သည် ။ ကျွန်တော်တို့ သမာအာဇီဝဖြင့်ရခဲ့သော ၀င်ငွေများသည်လည်း တစ်နှစ်ဝင်ငွေ သိန်းနှစ်ဆယ်ကျော်သူဆိုလျှင် အစိုးရမှအခွန်ကောက်ခဲ့ပြီးပြီ ။ အခွန်ဆောင်ပြီး၍ကျန်သည့်ငွေဖြင့် အပန်းဖြေရန်အလို့ ငှာ ရုပ်သံ လိုင်းတစ်ခုကိုဝယ်ယူကြည့်ရှုသည် ။ ထိုရုပ်သံလိုင်းကပဲငွေတွေအများကြီးရသည် ။ ဘယ်လောက်ဝင်ငွေရ၍ ဘယ်လောက်မြတ်မှန်းပင်မသိနိုင်လောက်အောင်ဝင်ငွေတွေ ရကြသည် ။ သူတို့ မြတ်သောလုပ်ငန်းတွင် သူတို့ ၀င်ငွေထဲမှ အခွန်ဆောင်ရမည်မဟုတ်ပါလား ။ အဘယ်ကြောင့်မရှိမဲ့ရှိမဲ့နှင့် အပန်းဖြေကြည့်ရှုသော ပြည်သူလူထုဆီက ငွေထပ်ကောက်ရပါသနည်း ။ ထိုကိစ္စသည် အခွန်ဌာနက ဖိအားပေးကောက်ခံခိုင်းသည်လား ။ သို့ မဟုတ် Sky Net ရုပ်သံဌာနကပဲလူလယ်ကျတာလား ။ မခွဲခြားတတ်တော့ပေ ။ နိုင်ငံတကာတွင် အခွန်ကောက်ခံသောစနစ်မှာ လူအများစုကြီးထံမှနည်းနည်းစီကောက်ခံခြင်းဖြစ်သည် ။ တစ်ယောက်နည်းနည်းနှင့် လူသန်းပေါင်းများစွာ စုလိုက်သောအခါ ဒေါ်လာ သန်းပေါင်းများစွာ နိုင်ငံတော်တွင် ၀င်ငွေရသလို ပေးရသူများမှာလည်း ပေးရမှန်းပင်မသိလောက်သော (၀င်ငွေနှင့်နှိုင်းယှဉ်လျှင် ခံသာသော )နှုန်းထားဖြင့် ကောက်ခံကြစမြဲဖြစ်သည် ။ဝင်ငွေနည်းသူကို အခွန်အနည်းငယ်သာကောက်ပြီးဝင်ငွေများသူ သူဌေးများကို ၀င်ငွေ၏ရာခိုင်နှုန်း ၄၀ ခန့်အထိ ကောက်ခံသောစနစ်ကိုကျင့်သုံးကြပါသည် ။

ကျွန်တော်တို့ နိုင်ငံတွင် အခွန်နှုန်းထားများသည် မတည်ငြိမ်ပါ ။ တစ်နှစ်တစ်ခါ လွှတ်တော်မှအကောက်ခွန်ဥပဒေဟုသတ်မှတ်နေခြင်းမှာလည်း မူဝါဒ တစ်နှစ်တစ်ခါပြောင်းသလိုဖြစ်နေပြီး အခွန်နှုန်းအမျိုးမျိုးဖြစ်နေသဖြင့် တည်ငြိမ်သော ၊ တွက်ရလွယ်သော ၊ရိုးရှင်းသောစနစ်ဖြစ်ဖို့  နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကထောက်ပြကြပါသည် ။ မြန်မာနိုင်ငံ၏အခွန်စနစ်မှာရှုပ်ထွေးပါသည် ။ အခွန်နှစ်ထပ် သုံးထပ်ဖြစ်နေတာတွေလည်းရှိသည် ။ နိုင်ငံခြားသားများကိုပို့ဆောင်နေသောခရီးသွားကုမ္မဏီများထံမှ အခွန်များကောက်သည် ။ ထိုငွေအားလုံးကို ကုမ္မဏီကအသားတင်ရလိုက်သည်မဟုတ် ။ ထိုဝင်ငွေထဲမှ ဟိုတယ်ခရှင်းပေးရသည် ။ ထိုအခါ ဟိုတယ်ကလည်းထပ်မံအခွန်ဆောင်ရပြန်သည် ။ ပြီးနောက် အခွန်ဆောင်ထားသောငွေဖြင့် လေယာဉ်လက်မှတ်ဝယ်သည် ။ လေကြောင်းလိုင်းထံမှလည်းအခွန်ထပ်ကောက်ပြန်သည် ။ ကျန်သောငွေကို ဧည့်လမ်းညွှန်ငှားရမ်းသည် ။ အစိုးရက ဂိုဒ်ထံမှလည်း အခွန်ကောက်ပြန်သည် ။ နိုင်ငံခြားသားအတွက်ကားငှားရမ်းသုံးစွဲသောအခါ ကားပိုင်ရှင်ထံမှ အခွန်ကောက်ပြန်သည် ။ တိုးးရစ်အတွက် စာသောက်ဆိုင်တွင် ထမင်းကျွေးသောအခါ စားသောက်ဆိုင်ကအခွန်ပေးရပြန်သည် ။ ခရီးသွားလုပ်ငန်းသည် နိုင်ငံတကာတွင်တော့ ဘယ်လိုနှုန်းထားနှင့် အခွန်ကောက်သည်မသိ ၊ မြန်မာနိုင်ငံတွင်တော့ ပေးပြီးရင်းပေးရင်းဖြစ်နေရာ ခရီးသွားလာခစားရိတ်များသည် အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံကဈေးအကြီးဆုံးဖြစ်နေပါသည် ။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များထင်သလောက်မ၀င်သည့်အကြောင်းရင်းထဲတွင်  အစစအရာရာခရီးစဉ် ဈေးကြီးလွန်းတာလည်း အဓိကအကြောင်းဖြစ်သည် ။ နိုင်ငံခြားတွင်အလုပ်လုပ်နေသောမြန်မာများသည် ဧည့်သည်နိုင်ငံကိုလည်း အခွန်ဆောင်ရသည် ၊ မိခင်နိုင်ငံကိုလည်းအခွန်ပေးရသော အခွန်နှစ်ထပ်စနစ်တွေလည်း ကြုံခဲ့ကြရဖူးသည် ။ ပြည်တွင်းမှာတော့ ကောက်သည့်လူကိုကောက်သည်။ လွတ်တဲ့သူတွေ လွတ်ကြသည် ။ ခံသာသောဈေးနှုန်းနှင့် လူများစုဆီမှ နည်းနည်းစီကောက်ခံကြဖို့ သင့်သည် ။ အခွန်ရုံးမှ ၀န်ထမ်းများရော အခွန်ဆောင်ကြပါသလားဆိုတာသိခွင့်ရလျှင်သိချင်သည် ။ ရာထူးကြီးသူများဆိုလျှင် ပို၍ဆောင်ကြဖို့ ကောင်းသည် ။ စကိုင်းနက်ရုပ်သံကြည့်သူများထံက အခွန်ကောက်လိုက် ၊ ဒံပေါက်ဆိုင်မှာ မရှိမဲ့ရှိမဲ့ဖြင့် လာစားသူထံမှအခွန်ကောက်လိုက်လုပ်နေခြင်းကား အောက်ခြေမှ အခွံချည်းကျန်သူများထံမှ ကြံရည်ကြိတ်သလို နှိပ်စက်နေကြခြင်းဖြစ်သည် ။

    ကမ္ဘာပေါ်ရှိမည်သည့်တိုင်းပြည်မဆိုအခွန်စနစ်ဖြင့်တိုင်းပြည်ဘတ်ဂျက်ကိုလည်ပါတ်ရကြောင်း မကြာခနပြောကြရေးကြ ၀ါဒဖြန့်ကြသဖြင့် ကြားဖူးပါသည် ။ လက်သင့်လဲခံသည် ။ သို့ သော် မြန်မာနိုင်ငံအဓိကမွဲပြာကျနေရသောအကြောင်းတွင် တိုင်းပြည်ဘဏ္ဍာငွေများ တိုင်းပြည်ဘတ်ဂျက်ထဲမရောက်ပဲ ၀န်ထမ်းကြီးများ၊ အာဏာပိုင်များပေါ့ကက်ထဲသို့ ထည့်ကြသောကြောင့်ဖြစ်သည် ။ လောလောဆယ် မကွေးတိုင်းမှ ငွေ ၇ဘီလျံကျပ် ကွာဟမှုကြီးကသက်သေဖြစ်ပါသည် ။ အိတ်ပေါက်တွေကိုဖာထေးလိုက်လျှင် ပလိုင်းထဲသို့ ဖားများပိုမိုရောက်ရှိလာပါမည် ။ အိပ်ပေါက်ကို မပြူပြင်ပဲ ပြည်သူလူထုဟူသောဖားများကိုသာ ပွဲကြည့်လဲအခွန်ကောက် ၊ ရုပ်ရှင်ကြည့်လဲအခွန်ကောက် ၊ ရုပ်မြင်သံကြားကြည့်လဲအခွန်ကောက် ရွေကလေး သုံးပဲသားလောက်သားဝယ်လည်းအခွန်ကောက် ၊ဖုန်းဘေလ်ဖြည့်လဲအခွန်ကောက် ဘာမဆိုကောက်ခံနေကြပါက တုန်းအောက်ကဖား ပြားသထက်ပြားဖို့ သာရှိပါတော့သည် ။
နောင်တွင် ကိုလိုနီ နယ်ချဲ့အစိုးရခေတ်ကလို လူခွန်ပါကောက်ခံဖို့ အစီအစဉ်ရှိမရှိမေးမြန်းရတော့မည်ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)
 
သူရိယအလင်းဂျာနယ်
၁.၅.၂၀၁၇

No comments:

Post a Comment