May 2, 2017

ဖြူဝါပူစီ

ဖြူဝါပူစီ (သော်တာဆွေ)
-------------------------

[ ဤဝတ္ထုကို ပဒေသာ မဂ္ဂဇင်းတွင် ရေးခဲ့စဉ်က ကလောင်နာမည် "အောင်နက်" ဖြစ်သည်။

ထိုစဉ်က ကျွန်တော်တို့ ပဒေသာ ဒိုင်ခံ စာရေးဆရာများသည် ကလောင်နာမည် ကိုယ်ခွဲများဖြင့် မဂ္ဂဇင်းစာမျက်နှာ ဖြည့်ကြရလေရာ၊ ကလောင်နာမည် ကောင်းကောင်းကလေးတွေကို ရွေးမှည့်ကြ၏။ အချို့ နာမည်၌ တစ်ယောက်နှင့် တစ်ယောက်ပင် လုနေကြသေးသည်။

ကျွန်တော်ကား ဘယ်သူမျှ ကျွန်တော့် နာမည်ကို လိုက်မလုနိုင်ရန် "အောင်နက်" ဟူသော နာမည်ကို ယူပြီး အောင်နက်နှင့် တော်သော ဝတ္ထုမျိုးကို စိတ်ကူး ထုတ်ယူလိုက်ခြင်း ဖြစ်၏။

၎င်းဝတ္ထုကို ရသော အခြေခံကား အသိတစ်ယောက် အိမ်၌ ခွေးနှင့် ကြောင် သင့်သင့်မြတ်မြတ် ပွတ်သီး ပွတ်သပ် နေကြခြင်း ကို တွေ့မြင်ခဲ့ရုံမျှ ဖြစ်ပေသည်။ ]

ဤဝတ္ထု၌ ကျွန်တော်သည် ဇာတ်လိုက်မင်းသား အဖြစ်နှင့် ပါဝင်အသုံးတော် ခံတော့မည် ဖြစ်ပေရကား စာဖတ်သူများ သိအောင် ကျွန်တော့်ကိုယ် ကျွန်တော် "ဆက်လဖက်-အင်ထလို" ဆိုလား အဲ့ဒါ လုပ်ထားမှ ဖြစ်ပေတော့မည်။

မိဘမျိုးရိုး၊ မွေးသက္ကဇ်၊ ခုနှစ်နှင့် ဖော်ပြရသော် ကျွန်တော်ဘာမှ မမှတ်မိ။ ကျွန်တော့်အမေကိုလည်း ကျွန်တော် မသိ။ အဖေဆိုတာများတော့ ဝေလာဝေး။ အဲ ... ကျွန်တော့် နာမည်ကိုတော့ အခု လူများ ခေါ်နေကြ၍ ကျွန်တော် သိရပါသည်။ "အောင်နက်" တဲ့ ...။

"အောင်နက်" ဆိုတော့ မိတ်ဆွေက ကျွန်တော့်ကို ခွေးလားဟု အောက်မေ့ ကြပါလိမ့်မည်။ အထင်မမှားကြပါနှင့်။ ခွေးမှ ခွေးအစစ်။ ခြေလေးချောင်း၊ အမြီးငေါက်တောက်နှင့် မိုးကို ကျောခိုင်းလို့။ ဝုတ် ... ဝုတ် ... ဝူး ... တေးသံကျူးလေ့ ရှိပါသည်။

ကဲ ... အဘယ်ကဲ့သို့ ခွေးပေနည်း။ မေးချင်ကြပါသေး သလော။ အဲ့ဒါမှ မသိရင်ဖြင့် ခင်ဗျား လူအပဲ။

အောင်နက် ဆိုကတည်းက ဗမာနာမည်၊ ဗမာအိမ်က ဗမာခွေး၊ ဟိုဒင်းစားသော ခွေးဖြစ်ကြောင်း လယ်ပြင် ဆင်သွား သကဲ့သို့ တင်ကားကား၊ ရင်ထွားထွားနဲ့ ခင်ဗျားတို့ လူသား အပျိုကလေးများပင် သိကြပါလိမ့်။

ကဲ ... ပြောနေ ကြာရော့ ... ချောမေကညာတို့ ချစ်မှုရအောင် ကျွန်တော်အောင်နက်ရဲ့ ဝစ်ထု(ဝတ္ထု) စပါတော့မယ် ... ဂိန်။

လေနုအေးသည် ဘုရားစူး တကယ်ပဲ နော့နေဆဲကို (အလဲ့ ဂိန် ... ငါ တယ်ဟုတ်ပါလား) လှပချောမွတ်သော ငှက်ကလေး တို့သည် သစ်ပင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ သီးချင်းရေးဆရာ ရွေပြည်အေးနှင့် မြို့မငြိမ်းတို့ ရေးပေးသော သူတို့၏ အိပ်ရာဝင် သီချင်းများကို ထန်းလျက်ရည်လူးသော အသံနှင့် ကြံသကာခဲကို ဘက်ဂရောင်း ထား၍ သီဆိုနေကြပါသည် ... အဟိ။

တစ်နေ့လုံး ... တစ်နေ့လုံး ဘုရားစူးရပါစေရဲ့၊ ခရီးပန်းလာသော နေမင်းသည် ခြေထောက်ကို ရေမျှ မဆေးဘဲ သူ၏ အိပ်ရာထဲသို့ အိပ်ချင်မူးတူးနှင့် ဝင်လာလေပြီ။ ညသည် သူမ၏ မည်းနက်သော ကမ္ဗလာကို (ရောမ ခေါမက တင်ထားတာ ဆိုပဲ) တောင်ရိုး၊ တောင်တန်းတို့၏ ပခုံးများပေါ်သို့ (ခေါင်းကို မအုပ်ရဘူးတဲ့) တရိပ်ရိပ် တရေးရေးနှင့် ဖြန့်ကြဲ လွှမ်းမိုးလျက် ရှိလေသည်။ (စာပေလောက၌ သစ်လွင်သော စကားလုံးများ ဖြစ်အောင် မနည်းကြိုးစား နေရပါသည်။ ဘာသာပြန် စကားများဟု မဆိုကြပါနှင့်။ မသိချင်ယောင် ဆောင်နေကြပါ)

အမှန်မှာတော့ ကာသာဖြင့်ရင်ပဲ အမိညနေ နေဝင်ပြီးတဲ့ အချိန်ကလေးမှာပဲ လေပြည်လေညင်းက တိုက်ခတ်လို့ ကျေးငှက်တွေက အိပ်ရာနေရာ လုကျရင်း ကျွီလီ မလီနဲ့ ဆဲဆိုနေကြပါပကော ... ကျွန်တော်က ဘာတတ်နိုင် ပါသေးသလဲ၊ ဒါပဲ အတိတ်သားကောင်သည် အနာဂတ်မိခင်၏ ရင်ခွင်မှ ပစ္စုပ္ပန်သမီးပျိုကို ဂေါ်နေပါကကော (အမယ်လေး ... လက်ဝဲစားရေးဆရာ ဆိုတဲ့ လူတွေ လေသံပါအောင်သာ ကြိုးစားရေးလိုက် ရတယ်၊ အောင်နက်က သူတို့လို မတတ်တော့ တယ်ပြီး (?) ချော့ချက် ပါးဖက်နမ်းပြီး သင်ပေးခိုင်းဦးမှပဲ၊ ကဲဗျာ ... ဖားတုလို့ ခရုမခုန်တော့ပါဘူး၊ ရိုးရိုးပဲ ရေးပါတော့မယ်)

ဤလ ဤရာသီကား ချမ်းအေးခြင်းမှ ကာကွယ်ရန် ပြာများကို အိပ်ရာနေ များအတွက် သိုလှောင် ထားသင့်သော ဆောင်းရာသီ ပြာသိုလ ဖြစ်၍ ကျွန်တော်သည် တစ်နေ့သော နေဝင်ဖျိုးဖျ ညဥ့်ကာလ ရောက်ခါနီး အချိန်ကလေးတွင် ကျွန်တော်၏ မအိစက် မညက်ညောသော မြေထက်ကမ္ဗလာ ပြာမွေ့ရာပေါ်၌ အမြီးကုပ်၍ ခပ်ခွေခွေကလေး မှိန်းနေစဉ် ညင်သာသော ခြေသံကလေး တစ်ခုသည် ကျွန်တော်၏ အောက်ဘက် နားဝသို့ ကလိပါသဖြင့် အသာကလေး မျက်စိဖွင့် ကြည့်လိုက်ရာ ကျွန်တော့်တို့ အိမ်ပေါ်က ကြောင်မလေး ပူစီသည် လူကြီး မိဘများ မြင်မှာကို စိုးရိမ်နေသော ရည်းစားထားတတ်ကာစ မိန်းမပျိုကလေး၏ အမူအရာမျိုးဖြင့် လျှောက်လာ နေသည်ကို မြင်ရပါသည်။

ပူစီကလေးမှာ သူတို့၏ အခါရာသီ ဖြစ်၍ ဟိုယခင်တုန်းက တွေ့ရသည်နှင့် မတူဘဲ ဆယ့်လေးငါးနှစ် အရွယ် မိန်းမပျိုကလေး ကဲ့သို့ ကိုယ်လုံးကိုယ်ထည် ပြည့်ဖြိုး၍ အမူတစ်မျိုး ဖြစ်နေသည်ကို မြင်ရလေရာ ကျွန်တော့်မှာ ဝါသနာအလျောက် ဘာဂလိုတိုတို စိတ်ပေါက်၍ အိပ်ရာမှ လူးလဲထပြီး အမွေး၊ အလှေးတို့ကို ခါရန် သတိမရဘဲ ခြင်္သေ့ထိုင် ထိုင်ကာ နားရွက်နှစ်ခုကို စူလျက် သူ့ကို စိမ်းစိမ်းဝါးဝါးကြီး ကြည့်ရှု နေမိပါတော့သည်။ 

ကျွန်တော့် အနီးသို့ ရောက်လာသောအခါ ပူစီမှာ ရုတ်တရက် ရှက်သွေးဖြန်းသွား၍ ရှန့်ခနဲ ဖြစ်သွားကာ ကျွန်တော်တို့ ထုံးစံအတိုင်း ဟထားသော ပါးစပ်မှ သွားရည်များကို လျှာဖြင့် သုံးချက်လောက် လျက်, သိမ်းလိုက်ပြီး ...

"ပူစီရယ် ... နင် သိပ်လှလာပါလားဟ၊ ဟိုတုန်းကနဲ့ကို မတူဘူး၊ ပေါင်လုံးကြီးတွေနဲ့ တင်ပါးဆုံအုံကြီးများ တုတ်ဖီးပြီး ခါးကလေးက ကော့နေတာ၊ ငါ့စိတ်ထဲ တစ်မျိုးကြီးပဲဟယ်၊ အရင်တုန်းက ဆိုရင် နင့် ငါမြင်ရင် ကိုက်ချင်တယ် ... အခုတော့"

ပူစီသည် ကျွန်တော့်စကား မဆုံးမီ စိတ်ဆိုးသလို မျက်စောင်းကလေး ထိုးလိုက်ကာ ...

"အမယ်လေး ဘာတွေ လျှောက်ပြောနေတာလဲဟဲ့ အောင်နက်ကလဲ၊ နင်နဲ့ မဆိုင်ပါဘူး၊ တို့လ တို့ရာသီပါ၊ နင်တို့ တော်သလင်း မဟုတ်ပါဘူး" ဟု စူစူအောင့်အောင့် ပြောလိုက်မှ ကျွန်တော် သတိရမိ၍ ...

"အေး ... ဟုတ်သားပဲ၊ နို့ မယ်မင်းကြီးမက ကျုပ်အိပ်ရာနား တစ်ကိုယ်တည်း ဘာလုပ်လာတာလဲဟ ငါ့များ နင်က နွားအိုကြီးများ အောက်မေ့ နေသလား"

ကျွန်တော်က စိတ်မသိုးမသန့်နှင့် မေးလိုက်မိပါသည်။ ပူစီက မျက်လုံးကလေး တစ်ချက် လှစ်ခနဲ လှည့်လိုက်ကာ ...

"အောင်နက်ကလဲဟယ် ခွေးပါးဝလိုက်တာ၊ ကိစ္စကလေး ရှိလို့ပါဟယ်"
"ခွေးပဲဟ ခွေးပါးဝမှာပေါ့ ဘာကိစ္စတုံး"
"ငါ နင့်ဆီက အကူအညီကလေးတစ်ခု တောင်းချင်လို့ပါဟယ်၊ နင် ကူညီပေးမယ် မဟုတ်လား"
"ငါတတ်နိုင်တာ ဆိုရင်တော့ ပေးမှာပေါ့ဟယ် ... ပြောပါဦး၊ ဘယ်လို ကူညီရမလဲ"

ပူစီသည် ရှက်ရှက်ကလေး ဖြစ်နေပြီးမှ ...

"ငါ ပြောရမှာတော့ ခပ်ရှက်ရှက်ပဲ"

ကျွန်တော်မှာ မသတ္တဝါ ခပ်ရှက်ရှက် ဖြစ်ရမည့် ကိစ္စမျိုးကို အလွန်ပင် သိချင်တတ်သော ဝါသနာရှိသူ လူများနည်းတူ ဖြစ်၍ ပိုမို စိတ်ဝင်စားလာကာ

"ပြောပါဟယ် နင့်နဲ့ ငါနဲ့ သူငယ်ချင်းပဲဟာ၊ ဘာရှက်စရာ ရှိလဲ ကောင်းတိုင်ပင် ဆိုးတိုင်ပင်ပေါ့"
"ဒီလိုပါဟယ်  ည ည ငါ့ဆီကို လာလည်ကြတဲ့ ငနဲတွေကို သိတယ် မဟုတ်လား"
"သိသားပဲဟ ဒေါက်တိုတို့ အိမ်က ကြောင်မွဲခြောက်ကြီးရယ် မေရီတို့အိမ်က ဝါဝီကြီးရယ်၊ ကုပ်ကြားတို့အိမ်က ဖြူရော်ကြီးရယ် ... သုံးကောင်ပြိုင်တူ လာလာ ဂေါ်နေကြတာ၊ တစ်ညလုံး တဝမ်ဝမ်နဲ့ နားကိုငြီးရော ဘာလဲ အဲဒါ နင်က ဘယ်အကောင်နဲ့ ဖြစ်နေလို့လဲ၊ သုံးကောင်စလုံးနဲ့လား"

ပူစီမျက်နှာ၌ ရှက်သွေးကလေးများ ဖျန်းသွားကာ ...

"ကြံကြံဖန်ဖန် ဟယ် ... နင်က ငါ့ကို နင့်အဆက် မေရီလိုများ အောက်မေ့နေလို့လား ..."

မေရီမှာ တော်သလင်းတုန်းက ကျွန်တော်နှင့် အဆက် ဖြစ်ဖူးသော နောက်ဖေးလမ်းရှိ ဗိုလ်ကပြားအတုတွေ အိမ်က ကပြားအတု ခွေးမလေး ဖြစ်ပါသည်။

"သိပါဘူးဟယ် ... မေရီကတော့ ကပြားအတုမို့ ဗိုလ်ဆန်တာကိုးဟဲ့၊ နို့ နင်က ဘယ်သူနဲ့လဲ"

ပူစီသည် ချက်ချင်း မဖြေသေးဘဲ မြုံစေ့စေ့ကလေး လုပ်နေသဖြင့် ကျွန်တော်က သူများရည်းစား သိချင်သော ထုံးစံအတိုင်း ...

"ပြောပါဟယ် ... ရှက်စရာ မလိုပါဘူး၊ တို့များ ထုံးစံက တစ်နှစ်မှ တစ်လတည်းပဲ၊ လူတွေလို တစ်သက်လုံး ကမြင်းကြော ထနေရတာမှ မဟုတ်ဘဲ ..."

ပူစီသည် အတန်ကြာကလေး တွေနေပြီးမှ ...

"ဝါဝီနဲ့"

ခပ်တိုးတိုးကလေး ပြောပြီး အခြားသူများ ကြားလေမလားဟု နံဘေးပတ်လည်သို့ လှည့်ကြည့် လိုက်ပါသည်။ တိရစ္ဆာန်မကလေးပင်မင့် သူ့ရည်းစားကို ပြောရမှာတော့ အရှက်သားဗျ ...။ အဟိ ... ဂိန့်။

ကျွန်တော် မျက်ခုံးချီ၍ နားရွက်နှစ်ခုကို စုလိုက်ခါ ...

"အို ဟုတ်လား၊ ဒီကောင်ကြီးက တယ်ကြမ်းတဲ့ အကောင်ကြီး ဟိုနေ့ကများ မျက်နှာ ကုတ်သွားလိုက်တာ ရဲ ကျန်ရစ်ခဲ့တာပဲ"
"အို နင် သူ့ကိုက်မယ် အောက်မေ့လို့ သူ့ကိုယ်သူ ကာကွယ်တာနဲ့ တူပါတယ်ဟယ်၊ အမှန်တော့ သူက သဘောကောင်းပါတယ်"

သူ့ရည်းစားကို ကာကွယ်လိုက်ပါသည်။

"အေး နင့်နဲ့တော့ ကောင်းမှာပေါ့လေ၊ အခု နင်တို့ချင်း ဟန်နေကြပြီပေါ့ ... ဟိဟိ ... ဟိဟိ"

ကျွန်တော့် မှာ မဆီမဆိုင်ဘဲနှင့် ပူစီကို မနာလိုသလို ကြည့်လိုက်မိပါသည်။ ပူစီမှာ ရုတ်တရက် ရှက်မွေးလေးများ ထောင်သွားကာ ...

"အောင်နက်ကလဲဟယ် ... ပြောရော့မယ်"

မျက်စောင်းကလေး ထိုးလိုက်ပါသည်။ တိရစ္ဆာန်မတောင် ဒါမျိုးတော့ ရှက်ရမှန်း သိသား၊ ကျွန်တော် ဖိုသတ္တဝါတို့၏ ဝါသနာအတိုင်း ...

"နို့ မဟုတ်ဘူးလားဟဲ့၊ တို့များ ရှက်ပါဘူး၊ ဒီကိစ္စမျိုးမှာ လူမြင် နတ်မြင်ပဲ"
"နင်တို့က ခွေးကိုး ဟဲ့၊ အမှန်တော့ တို့ချင်း တစ်ခါမှ မတွေ့ရသေးဘူး၊ သိလား ..."
"ဟင် ... ဘာကြောင့်လဲ"
"ဟို ဖြူရော်ကြီးနဲ့ မွဲခြောက်ကြီးတို့က လိုက်လိုက် ရှုပ်နေလို့ပေါ့ဟယ်၊ အဲဒါကြောင့် ငါက နင့်ဆီ အကူအညီ တောင်းတာ"
"ငါက ဘယ်လို ကူညီရမှာလဲ"
"ဒီလိုဟယ် ညကျ သူတို့သုံးကောင် လာတဲ့အခါမှာ နင်က မွဲခြောက်ကြီးနဲ့ ဖြူရော်ကြီးကို ကိုက်လွှတ်ပြီး ဝါဝီ တစ်ကောင်တည်း အိမ်ပေါ် တင်ပေးပါ"

ကျွန်တော်သည် နားရွက် တစ်ဖျပ်ဖျပ် ခါလိုက်ကာ ...

"အမယ်လေး မလုပ်ပါနဲ့ဟယ်၊ ခွေးက ကြောင် လိုက်ကိုက်တယ် ဆိုတာ လွယ်တာ မဟုတ်ဘူး၊ သူတို့က အလွယ်တကူနဲ့ ပြေးရင် တော်ပါရဲ့၊ မပြေးဘဲ ခုခံမယ်ဆိုရင် သူတို့ အရေပြား ပျော့စိစိကြိး ငါကိုက်လို့ မပေါက်ခင် ငါ့မျက်နှာတော့ သွေးချင်းချင်း စီးနေရောပဲ။ နို့ပြီး ဒီကောင်တွေက နင့်ကို ချစ်မုန်ယိုနေကြတာ ... ဘယ်နည်းနဲ့မှ လွယ်လွယ်ကူကူ ပြေးမှာ မဟုတ်ဘူး"

ပူစီ သည် စိတ်ပျက်သလို နှာခေါင်းရှုံ့ကာ ...

"နင်ကလဲဟယ် အစဦးတော့ ကူညီမယ် ပြောပြီးတော့"
"ဒါကတော့ဟယ် ... ထုံးစံအတိုင်း ပြောရတာပဲဟာ၊ သက်သက်သာသာ ဆိုရင်လဲ အချောင် ကျေးဇူးတင် ခံရအောင် ကူလိုက်တာပေါ့၊ ခုလို မလွယ်ကူတာ ကိုယ်နာမှာ ကျတော့လဲ ဘယ်ကူချင်မလဲ ဟ"

ပူစီသည် စိတ်ကောက်သလို ခြေကလေးတစ်ဖက် ဆောင့်လိုက်ပြီး

"အောင်နက်လဲ ဟယ် ... နင်တို့ရာသီတုန်းကတော့ နောက်ဖေးအိမ်က မေရီကို ငါက ရအောင် ခေါ်ပေးရတယ်" ဟု သူ့ကျေးဇူးကို ဖော်လိုက်ပါသည်။

ဟုတ်ပါသည်။ လွန်ခဲ့သော ကျွန်တော်တို့လက ပူစီကျေးဇူး ကျွန်တော့် အပေါ်မှာ ရှိပါသည်။ ရှိပုံမှာ အဆင့်အတန်း ခွဲခြားသော ကပြားတုများက ကျွန်တော့်ကို သူတို့အိမ်ဝင်းထဲသို့ အဝင်မခံ ဖြစ်နေရာ မေရီမှာ ကြောင် လိုက်ကိုက်ချင်သော စိတ်ထားရှိသူ ဖြစ်၍ ပူစီမကလေးက ကျွန်တော့်ခိုင်းချက်ဖြင့် အပြင်မှ ကိုယ်ယောင်ပြ လိုက်သဖြင့် ဝင်းအပြင်သို့ မေရီ ထွက်လာသည်တွင် သူ့သခင်များ အလစ်တွင် ကျွန်တော်နှင့် မိတ်လိုက်ရပါသည်။

သို့သော် ပူစီသည် ကျွန်တော်အပေါ် ကျေးဇူးပြုရပုံမှာ လွယ်ကူလှပါသည်။ မေရီကို ခြံဝသွား၍ ကိုယ်ယောင်ပြပြီး မေရီ ထွက်လာသော အခါ၌ ပြန်ပြေးလာရုံသာ ဖြစ်ပါသည်။ ယခု ကျွန်တော် ဆောင်ရွက်ရမည့် ကိစ္စမှာ မလွယ်ကူပါ။ ချစ်မုန်ယိုနေသော ကြောင်သိုးကြီးများနှင့် သတ်ရ ပုတ်ရမည့် အလုပ် ဖြစ်ပါသည်။ ထို့ကြောင့် စဉ်းစားနှိုင်းယှဉ်ဥာဏ် အင်မတန်ရှိသော ကျွန်တော်က

"ပူစီရာ နင့်တုန်းကတော့ အလွယ်ကလေးပဲဟာ၊ ကိုယ်ယောင်ပြပြီး ပြေးရုံကလေးရယ်၊ အခု ငါ့လုပ်ရမယ့် ကိစ္စက မလွယ်ဘူး၊ ငါ မလုပ်နိုင်ဘူးဟယ်၊ နို့ပြီး နင် စဉ်းစားကြည့်ဦးလေ၊  ဖြူရော်ကြီး ဆိုတာက ငါ့သူငယ်ချင်း ကုပ်ကြားတို့ အိမ်က ကြောင်ကြီးပဲဟ"

သူတစ်ပါး ကောင်းကျိုးအတွက် ကိုယ့်အသား အနာမခံလိုသဖြင့် မိတ်ဆွေကောင်းပီပီ ငြင်းဆန်လိုက်ပါသည်။

ပူစီသည် စိတ်ပျက်ဟန်နှင့် ခေတ္တမျှ တွေးနေပြီးမှ တစ်ခုခုကို ရုတ်တရက် စိတ်ကူးပေါက်လာဟန်နှင့် ...

"ဟေ့ အောင်နက် နင် ဆိတ်ရိုး ကိုက်မယ်လားဟေ့"

ဆိတ်ရိုး ဆိုလျှင်ပင် ကျွန်တော်မှာ လျှာဖျားမှ သွားရည် တမြားမြား ကျလာကာ

"ဆိတ်ရိုး ကိုက်ရ ဇိမ်ပေါ့ဟယ် အမဲရိုးထက်ကောင်းတာပေါ့ ... နင်တို့အိမ်မှာ ရှိလို့လား ..."
"ရှိတယ် သိလား ... အခုည စွပ်ပြုပ် သောက်ကြမလို့တဲ့၊ ဝယ်လာတာ ဗန်းကြီးထဲ ထည့်ထားတယ်"

ဤလို ဆိုလျှင်ပင် ကျွန်တော်မှာ ခွေးပီပီ ဣနြေ္ဒမဆည်နိုင်တော့ဘဲ ...

"လူတွေ မသိအောင် အောက်ကို တစ်ခု ချပေးပါလားဟင် ..."

ပူစီသည် အကြိုက်တွေ့သွားသော မျက်နှာကလေးနှင့်

"ငါခိုင်းတာ လုပ်ပေးလေ"

ကျွန်တော်မှာ ဤကဲ့သို့ လာဘ်သပ်ပကာနှင့် ဖြားယောင်းသော ကိစ္စများ၌ လူများကဲ့သို့ ဟန်ဆောင် ပန်ဆောင် ငြင်းဆန်ခြင်း မပြုနိုင်တော့ဘဲ

"အေး ... ဒါဖြင့် နင် အခု ချပေးလေ"

ပူစီသည် ပါးနပ်သော မျက်နှာထားနှင့် ...

"အောင်မာ ... အခုတော့ ဘယ်ပေးနိုင်မလဲဟာ၊ နင် ငါခိုင်းတာ ဆောင်ရွက်ပြီးမှ ပေးမယ် သိလား၊ ငါ လူတွေ မမြင်အောင် စွပ်ပြုပ်အိုးထဲ မထည့်ခင် အရိုးကြီးကြီးကို ဝှက်ထားလိုက်မယ်၊ နင် ငါခိုင်းတာသာ လုပ်ပေး"
"အေး ကောင်းပြီလေ ကိုယ့်တာဝန်ကိုယ် ကျေပွန်တမ်းပေါ့၊ ဖြူရော်ကြီးနဲ့ မွဲခြောက်ကြီးတော့ တစ်ပွဲတစ်လမ်း စမ်းလွှတ်လိုက်ရ သေးတာပေါ့ကွာ ..."

ကျွန်တော်သည် ပူစီ ဝမ်းသာသွားအောင် အခြောက်တိုက် ကြိမ်းလိုက်ပါသေးသည်။ ပူစီ ကျေနပ်သွားကာ ...

"ကဲ ဒါဖြင့် ငါသွားမယ်၊ နောက် စိတ်ချပါရစေနော် အောင်နက်"
"အမယ်လေး စိတ်ချပါဟယ်၊ လူမှာ ကတိ (အို ... မဟုတ်ပါဘူး) ခွေးမှာ ကတိ၊ မြင်းမှာ သစ္စာပါ၊ နင်သာ နင့်ရည်းစား ဝါဝီကြီးနဲ့ တွေ့ဖို့ ပြာကလေးဘာလေး လိမ်းထားပေတော့"

ပူစီသည် စိတ်လက် ရွှင်လန်းသွားကာ အိမ်ပေါ်သို့ လျင်မြန်ပေါ့ပါးစွာ ခုန်တက် သွားပါတော့သည်။

ဪ ... အချစ် ... အချစ် ... တိရစ္ဆာန်ပျိုမ ကလေးတောင် သူ့အဖို့တော့သူ ကြံတတ်တာပဲ။

ကျွန်တော်သည် ပူစီကလေးနှင့် စကားပြောပြီးနောက် ဗိုက်က လေးလှသည်နှင့် အနီးရှိ ဝင်းတိုင်ဆီသို့ ထသွားကာ ပေါင်တစ်ဖက် မြှောက်လိုက်ပါသည်။ ပြီးလျှင် ကျွန်တော်သည် ထုံးစံအတိုင်း ဟိုပြေးသည် ပြေးနှင့် ခေါက်တုံ့ခေါက်ပြန် အညောင်းပြေ နှစ်ခေါက် သုံးခေါက်လောက် ပြေးလိုက်ပါသည်။ ၄င်းနောက် ဘယ်ကိုမျှ သွားလိုစိတ် မရှိသဖြင့် ကျွန်တော်၏ ပြာပုံဆီသို့ ပြန်လာကာ လက်ဝဲသုံးပတ် လှည့်ပြီး ခွေလိုက်ပါသည်။ ကျွန်တော် လက်ဝဲရစ်ခြင်းမှာ ယခုကာလ လက်ဝဲတွေ ခေတ်စား လာသောကြောင့် ပေါ်ပြူလာဖြစ်ရန် အဆန်းထွင်ခြင်း မဟုတ်ပါ။ ကျွန်တော် အဆင့်သင့်သလို လှည့်လိုက်ခြင်း ဖြစ်ပါသည်။

ဤသို့ အိပ်ခါနီး၌ ကျွန်တော်တို့ သုံးပတ်လှည့်ခြင်းမှာ အကြောင်းမဲ့ မဟုတ်။ "သင်အိပ်မည် ကြံလျှင် သင်အိပ်မည့် နေရာတွင် သစ်ငုတ်၊ ဆူးညှောင့်၊ ခဲလုံး၊ ပိုးမွှားကောင်များ ရှိသလော၊ သုံးပတ် လှည့်ကြည့်လိုက်ပါ၊ ပြီးမှ စိတ်ချလက်ချ တုံးလုံး လှဲလိုက်ပါ" ဟု ကျွန်တော်တို့ ရှေးခွေးကြီးသူမများ၏ ဩဝါဒကြောင့် ဖြစ်ပါသည်။

၎င်းပြင် အပေါ့စွန့်ရာ၌ မြေပြင်ပေါ်သို့ တိုက်ရိုက် မဟုတ်ဘဲ နံရံ (သို့မဟုတ်) တိုင်တစ်ခုခုပေါ်သို့ ပေါင်တစ်ဖက် မြှောက်ခြင်းမှာ မိမိ၏ ရှေ့လက်ကို ပေမှာ စိုးသောကြောင့် ဖြစ်ပါသည်။ ဤကား အခြား ခြေလေးချောင်းများထက် သာသော အချက်ပင်။

ကျွန်တော်သည် ပြာပုံတွင် ပြန်ခွေပြီးသော အခါ၌ ပူစီပေးမည့် ဆိတ်ရိုးကိစ္စကို စဉ်းစားလိုက်ရာ ကြောင်သိုးကြီး နှစ်ကောင်နှင့် ဖိုက်တင် လုပ်ရမည်ကို တွေး၍ ရင်လေးမိပါသည်။ အမှန်မှာ သူတို့ ရာသီအလျှောက် ချစ်မာန်ထသော ဤအကောင်ကြီးများကို တိုက်ခိုက် မောင်းထုတ်ရန် မလွယ်ကူလှပါ။ ကျွန်တော် တစ်ကောင်တည်းနှင့် နိုင်ချင်မှ နိုင်မည်။ ထို့ကြောင့် ကျွန်တော့်သူငယ်ချင်း ကုပ်ကြားကို သတိရမိပါသည်။ ကုပ်ကြားကား ကျွန်တော်တို့ အိမ်နှင့် တစ်အိမ်ကျော် အိမ်တွင် နေသည်။

သို့သော် ကုပ်ကြားကို အကူအညီ ခေါ်ရာ၌ သူတို့အိမ်ပေါ်က ဖြူရော်ကြီးကို ကိုက်ရမည့်ကိစ္စ ဖြစ်နေ၍ ကုပ်ကြား ဆောင်ရွက်လိမ့်မည် မဟုတ်ပါ။ ကုပ်ကြားနှင့် ဖြူရော်လည်း ကျွန်တော်နှင့် ပူစီကဲ့သို့ပင် မိတ်ဆွေများ ဖြစ်ကြပါသည်။ ဒီကိစ္စဟာ ခက်သေးတာပဲ။ ပူစီကိုလည်း "ခွေးမှာ သစ္စာ၊ မြင်းမှာ ကတိ" ဟု ကြွားလိုက်မိပြီး ဆိတ်ရိုးကိုလည်း ကျွန်တော် ကိုက်ချင်လှပြီ။

ကြောင်သိုးကြီး နှစ်ကောင်ကိုလည်း ကျွန်တော် နိုင်မည်မဟုတ်၊ နိုင်သည့်တိုင်အောင် အတော်ပင် သွေးထွက်သံယို ဖြစ်ရတော့မည်။ ပူစီ၏ ကောင်းကျိုးအတွက် ဤမျှ အနစ်နာ ခံလိုသော စိတ်ထားလည်း ကျွန်တော့်မှာ မရှိ။

ဤကိစ္စကို အသို့ ပြီးစီးစေအံ့နည်း။

ကျွန်တော်သည် သုနက်ခေါ လောက၌ ခေသူမဟုတ်။ ဦးစောကဲ့သို့ သတ်ဝံ့ ဖြတ်ဝံ့သူ မဟုတ်သော်လည်း နိုင်ငံရေးနယ်တွင် မိမိ ရာထူးရရေးအတွက် ကလိန်ဥာဏ် ရင့်သန်သူများလောက် နီးပါးမျှ မသမာဥာဏ် ရှိတန်သလောက် ရှိသူ ဖြစ်ပါသည်။

ယခု ကြည့်ပါ။ ဆိတ်ရိုးအတွက် သွားရည် တမြားမြား ကျ၍ ပြာပုံခွေကာ ခေတ္တမျှ စဉ်းစားလိုက်သည်နှင့်ပင် အကြံကောင်း ဥာဏ်ကောင်းများ ထွက်ပေါ်၍ လာပါပြီ။

သူရိယ မင်းသားကလေးသည် သတ္တဝါတို့အား တစ်နေ့သော အသက်တာကို ပေးခဲ့ပြီးနောက် သူ၏ ရည်းစားသည် မယ်စန္ဒာနှင့် ပြာသိုဆောင် စက်ခန်းတွင် ညဥ့်ဝက်မျှ အတူစက်ရမည် ဖြစ်၍ ခါတိုင်းရာသီထက် စောစီးစွာ ဂေါယာတောင်ဆွယ် လိုက်ကာကွယ်သို့ ဝင်သွားခဲ့လေပြီ။ ဤနှစ်အဖို့တွင် ရှင်ပြာသိုသည် လောကကြီးကို ဧည့်ခံသော တတိယမြောက် သီတင်းပတ် ဖြစ်၍ စန္ဒာမယ်၏ ခြွေရံ ငွေကြယ်ပျံတို့သည် သခင်မ အလာနှောင်းရမည်လားဟု ပြာမောင်းမောင်း ကောင်းကင်ငွေယံ ညီလာခံသဘင်တွင် ကြည်သာမရွှင် မှိတ်တုတ် မှိတ်တုတ်နှင့် စိတ်လုပ်နေကြသည့်နှယ် ...

အမှန်အတိုင်း ဆိုရသော် ထိုနေ့သည် လဆုတ် ၈ ရက်နေ့ ဖြစ်၍ ကောင်းကင်ယံဝယ် စန္ဒာ မရှိ။ သူ၏ ခြွေရံ ငွေကြယ်ပျံတို့သာ ကြည်လျှင်ရွှင်ပြုံး တစ်မိုးလုံး မင်းမူနေ၏။ တစ်နည်းကား မရွှေညသည် ပြိုးတိုးပြောက်တောက် ပိုးထိုးပေါက်တွေ မွမွကြဲနေသော မဲနက်ပြာ ညဥ့်လွှာရုံကို အတောမသတ်သည့် လောကဓာတ်ကြီးအား ချမ်းတုန်တုန်နှင့် လွှမ်းခြုံထားလေ၏။

ဤကား မိမိဆက်ရေးရမည့် ဇာတ်ကွက်ကို မည်သို့မျှ အထောက်အပံ့ မပေးပါဘဲလျက် စာကြောင်းရေ မရှည် ရှည်အောင် အပိုချဲ့ထွင်လိုက်ခြင်းသာ ဖြစ်ပါသည်။ ကျွန်တော် လိုရင်း ရေးရမည်ကား ညမှောင်မှောင် ကြယ်တွေ တောက်နေသော အချိန်၌ ပြာပုံမှထကာ အမွေးအလှေးခါပြီး ကုပ်ကြားတို့ အိမ်သို့ သွားပါသည်။

သူတို့ အိမ်ဝင်းထဲသို့ ရောက်မိလျှင် ကုပ်ကြားသည် သူတို့အိမ်က အပျိုမကလေးတွေ၏ အိမ်ခန်းအောက်၌ ဆောင့်ကြောင့်ကြီး ထိုင်ကာ အပေါ်သို့ ခေါင်းမော်၍ ပါးစပ်ကြီး အဟောင်းသား လျှာကြီး တွဲလောင်းနှင့် သွားရည် တမြားမြား ကျနေသည်ကို တွေ့ရပါသည်။

ကျွန်တော်သည် သူ့နားသို့ ရောက်သွားကာ ...

"ဟေ့ ကုပ်ကြား၊ ဘာများ သရေကျနေတာလဲကွ"
"ရှီး …"

ကုပ်ကြားသည် ကျွန်တော့်ကို အသံကျယ်ကျယ် မမြည်ရန် အရိပ်အခြည်ပြပြီး သူ့အနားသို့ ဖြည်းဖြည်း လာရန် အမူအရာ ပြပါသည်။

ကျွန်တော်လည်း ဘယ်လိုဟာများ ထူးထူးဆန်းဆန်း မြင်ရမှာလဲ၊ သိချင်ဇောနှင့် သူ့အနားသို့ ကပ်ထိုင်လိုက်ပြီး အသံ တိုးတိုးကလေးနှင့်

"ဘာများလဲကွ ကုပ်ကြားရ"

သူက လေသံဖြင့် …

"နားထောင်ကွ၊ ငါတော့ နက်ဖြန် ဘဲရိုး ကိုက်ရတော့မယ် ထင်တယ်၊ ကောင်မကလေးတွေ 'ဘဲ' တွေ ချည်း အထပ်ထပ် ပြောနေကြတယ်၊ သူတို့ ဘဲ အများကြီး ဝယ်ချက်လိမ့်မယ် ထင်တယ်"

ကျွန်တော် ခေတ္တမျှကြာအောင် နားစွင့်လိုက်ပါသည်။ ကျွန်တော် ရယ်မိသည်။ အမှန်မှာ ကုပ်ကြားတို့ အိမ်ပေါ်က နှုတ်ခမ်းနီမကလေးတွေ စာဖတ်နေကြခြင်း ဖြစ်ပါသည်။ ကုပ်ကြားက ကျွန်တော် ရယ်သည်ကို …

"ဟေ့ … အောင်နက်၊ မင်းက ဘာရယ်တာလဲကွ"
"ရယ်မှာပေါ့ကွ၊ မင်း သေသေချာချာ နားထောင်ကြည့်ပါဦး၊ ဘယ်ကလာ ဘဲတွေ ဝယ်ဖို့ ပြောနေကြတာ ဟုတ်ရမလဲ … သူတို့ ဝတ္ထု ဖတ်နေကြတာကွ"

ကုပ်ကြား မျက်နှာမှာ အမ်းခနဲ ဖြစ်သွားကာ …

"ဟေ့ … ဟုတ်လားကွ၊ ဘယ့်နှယ်လဲ သူတို့ဝတ္ထုတွေကလဲ 'ဘဲ' တွေချည်း ပါလားကွ၊ အရင်တုန်းက ဒီလို မဟုတ်ပါဘူး"
"အခု သူတို့စာပေထဲမှာ 'ဘဲမော်တီကောင်' ဆိုတဲ့ စာရေးဆရာ တစ်ယောက်က သစ်လွင်သော စကားလုံးတွေ ထွင်နေတယ်လေ၊ သူ ရေးလိုက်ရင် 'ဘဲတွေ တစ်အုပ်တစ်မ' ကြီးနဲ့ချည်းပဲ။ မင်းက 'ဘဲ' ဆို တာ ကြားတိုင်း စားတဲ့ ဘဲ ချည်း အောက်မေ့ နေတာကိုးကွ"

ကုပ်ကြားမှာ ရှက်သယောင် ဖြစ်သွားကာ

"ငါ မသိပါဘူးကွာ" ဟု ဆိုပြီး သူ့သွားရည်များကို လျှာနှင့် သိမ်းပစ်လိုက်ပါသည်။

"ကဲ … ကုပ်ကြား မစားရမယ့်ဟာတွေကို မျှော်မှန်း မနေနဲ့၊ အခု ငါတို့ စားပေါက်တစ်ခု ဖြစ်လာတယ်ကွ၊ လာ … လာ … ငါတို့ ဟိုခြံထောင့်သွား တိုင်ပင်ရအောင်"

ခြံထောင့်သို့ ရောက်သောအခါ …

"ဒီမှာဟေ့ … ကုပ်ကြား မင်းတို့အိမ်က ဖြူရော်ကြီးက တို့အိမ်က ပူစီကို ကြိုက်နေတယ် မဟုတ်လား"

ကုပ်ကြားသည် မျက်နှာကြီးကို ရှုံ့မဲ့လိုက်ကာ

"ဟာ … ဒီကောင်ကြီးတော့ မပြောပါနဲ့တော့ကွာ၊ ကြိုက်လိုက်တာမှ တဝမ်ဝမ် မြည်နေတာပဲ၊ နို့ပြီး ရအောင်လဲ မခေါ်နိုင်ဘူးကွ၊ အလကား ဂေါ်မစွံ ကောင်ကြီးပါကွာ"
"အေး ဟုတ်ပြီ၊ ဒီကောင်ကြီး ပူစီကို ရအောင်ဆိုရင် အိမ်ပေါ်က စားစရာ တစ်ခုခု တို့ကို ချပေးပါ့မလား"
"ဟာ … ပေးပြီးလားကွာ၊ ဒီကောင်ကြီးက ပေါချာချာကြီးပဲကွ၊ သူတွေ့တာ အကုန်ပေးမှာပဲသာ မှတ်ထား၊ ဘာလို့လဲ … မင့်ပူစီက ဖြူရော်ကို ကြိုက်တယ် ပြောလို့လား"
"မဟုတ်ဘူးကွ၊ ဝါဝီနဲ့ ကြိုက်နေတာ"

ကုပ်ကြားက စိတ်ပျက်ဟန်ဖြင့် …

"ဟာ … ဒါဖြင့် မင့်ဟာက"
"ဟေ … ကုပ်ကြားရ၊ ငါက အကွက်ကောင်းတစ်ခု တိုးထားလို့ကွ၊ ငါ ပြောပြမယ်၊ မင်း သေသေချာချာ နားထောင်စမ်း" ဟု အစချီပြီး ပူစီနှင့် ကျွန်တော် ပြောကြသော စကားကို သူ့အား အကုန် ပြောပြပါသည်။ ကျွန်တော် နောက်ဆက်တွဲ စိတ်ကူးထားသည်ကို မဆက်မီ စကားပြော လောကြီးသော ကုပ်ကြားက …

"ဟာ … မင်းဟာက ပူစီဆီက ဆိတ်ရိုးကလေး ရမှာကလေးနဲ့ ငါ့အိမ်က ဖြူရော်ကြီးကို ကိုက်ရမှာလား"
"အေးလေ … ပူစီကတော့ ဒီအတိုင်း ပြောတာပဲ။ ဒါပေမဲ့ ငါက ဘယ်ဒီလို လုပ်မလဲကွ၊ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်၊ ပူစီ့ဆီက ဆိတ်ရိုးလည်း ရ၊ ဖြူရော်ကြီးဆီက တစ်ခုခုလည်း ရအောင် ထွင်မှာပေါ့ကွ"
"ဘယ်လို ထွင်မှာလဲ"
"ပူစီနဲ့ ဖြူရော်ကြီး အိုကေသွားအောင် ပေါ့ကွ"
"ဟာ … မဖြစ်နိုင်တာကွာ၊ ပူစီက ဝါဝီမှ ကြိုက်ပါတယ် ဆိုနေတာကို၊ တို့ကောင်ကြီးကမှ မစွံတာပဲကွ"
"တယ် … ကုပ်ကြားရ၊ မင်းက တယ်နသေးတာပဲကွာ၊ သေသေချာချာ နားထောင်စမ်း၊ ငါ ကြံတာကို ပြောပြမယ်၊ မင့်ဖြူရော်ကြီးက ကြောင်အဖြူကြီး မဟုတ်လား၊ အဲဒီ အဖြူကြီးကို နနွင်း သုတ်ပေးလိုက်ရင် ဝါဝီလို ကြောင်အဝါကြီး ဖြစ်သွားရော မဟုတ်လားကွ၊ ဒီတော့မှ ဝါဝီ အဖြစ်နဲ့ ဖြူရော်ကြီးကို ပူစီဆီ တင်ပေးလိုက်မယ်၊ ဝါဝီနဲ့ မွဲခြောက်ကြီးတို့ကိုတော့ တို့က ကိုက်လွှတ်ပေါ့ကွ၊ ဟန်မကျဘူးလား … အဲဒီအကြောင်း မင့်ဖြူရော်ကြီးကို ခေါ်ပြောပြီး သူ့ဆီက စားစရာ တစ်ခုခု တောင်းပေါ့ကွ၊ ဒါမှ မင်းနဲ့ ငါနဲ့ ခုညအဖို့ ဆိတ်ရိုးနဲ့ ဘာနဲ့ ဇိမ်တိုးမှာကွ … သိရဲ့လား"

ကုပ်ကြားသည် ရုတ်တရက် သဘောပေါက်သွား၍ …

"အေး … ဟုတ်ပြီဟေ့၊ ဟန်ကျပြီ၊ ဪ … ဒါထက် တို့ဘယ်က နနွင်းမှုန့် ရမှာလဲကွ"
"အောင်မယ် ပေါလွန်းလို့ကွာ၊ ဟိုလမ်းထိပ် ကုလားဆိုင်ထဲကို မင်းနဲ့ ငါနဲ့ နောက်ဖေး တို့တိုးပေါက်က ဝင်ပြီး နို့ဆီခွက် နဲ့ ခပ်ယူရုံပေါ့ကွ"

ကုပ်ကြားက ဝမ်းသာသွားကာ …

"ဟေ … ဟုတ်ပြီ၊ မင်း တယ်အကြံဉာဏ် ကောင်းတဲ့ ကောင်ပဲကွ" ဟု ချီးမွမ်းပြီးမှ တစ်ခုခုကို တွေးမိဟန်ဖြင့် …

"ဒါပေမဲ့ကွာ … ဖြူရော်ကြီး နနွင်း လူးသွားရုံနဲ့ ဖြစ်ပါ့မလား၊ ကောင်မလေးက မသိတော့ဘူးတဲ့လား၊ အဲဒါ နည်းနည်း စိုးရိမ်ရတယ်"
"အောင်မာ … ဒါလောက် စိုးရိမ်မနေပါနဲ့ကွာ၊ တို့ တိရစ္ဆာန် မပြောနဲ့၊ လူတွေတောင် တစ်ခါတစ်လေ ဒီလိုပဲ ပုံမှားတင်နေကြသေးတာပဲ၊ နို့ပြီး ပူစီက အစိမ်းသက်သက် မဒန်းမကလေးကွ၊ ဒီနှစ်မှ အပျိုဖြစ်တာ၊ သူ့ရည်းစား အနားရောက်လာရင် ဘယ်သေသေချာချာ စစ်ဆေးနိုင်မလဲကွာ၊ ဘာခေါ်လဲ လူတွေ ပြောကြတဲ့ ဒိန်းဒလိန်းနတ် ဖမ်းနေမှာပေါ့ကွ၊ မင့် ဖြူရော်ကြီးသာ ဟန်နဲ့ပန်နဲ့ ရဲရဲရင့်ရင့် သွားပါစေ။ ဒီကောင်ကြီးက ရွံ့တွန့်တွန့်နဲ့ ဣနြေ္ဒပျက်နေမှာသာ စိုးရတယ်"

ကုပ်ကြားသည် အားရလေဟန်ဖြင့် …

"အမယ် … ဖြူရော်ကြီးက ဒါမျိုးတော့ စိတ်ချရတယ်ကွ၊ ပေါချာချာ မိုက်ကန်းကန်းကြီးကွ၊ အခု ဒါများ ပြောလိုက်ရင် 'ခုလား' လို့ လုပ်မယ့် ကောင်ကြီးကွ"
"ကဲ … ဒါဖြင့် မင့်ကောင်ကြီး ခေါ်ပြီး ပြောကြရအောင်၊ သူ့ဆီက တစ်ခုခုရမှ ဖြစ်မယ်ကွ၊ ပူစီနဲ့တော့ အသေအချာ ပြောပြီးသား၊ ဖြူရော်ကို နနွင်းသုတ် တင်ပေးလိုက်ပြီး တစ်ခါတည်း တောင်းရုံပဲ ဟား … ဟား … ကုပ်ကြားရ ဟိုဘက်ချုံဆီက ချိုးချိုးချွတ်ချွတ်နဲ့ … ဘာလဲဟ"

ကျွန်တော်သည် စကားပြောနေရာမှ သစ်ရွက်ခြောက်တွေ လှုပ်ရှားသံ ကြားမိသဖြင့် နားစွင့်လိုက်ကာ …

"ဟေ့ … ကုပ်ကြား သွားကြည့်ရအောင်" ဟု ဆိုပြီး နှစ်ကောင်သား ချုံဆီသို့ သွားကြသည်တွင် ပြေးသွားသော ခွေးတစ်ကောင်ကို မြင်လိုက်ရပါသည်။

ကုပ်ကြားသည် ဂရုမစိုက်သော အမူအရာဖြင့် …

"အလကား … ဟို ခွေးသူခိုး ဝဲစားကလေးပါကွာ၊ သူ ဒီချုံထဲအိပ်ရင်း ဝဲယားလို့ ကုတ်တဲ့ အသံပါ။ အခု တို့ လာတာ မြင်တာနဲ့ ပြေးပြီး၊ ဒီကောင်လေး ငါ့ကို သိပ်ကြောက်နေတယ်ကွ၊ လာ … လာ တို့ ဖြူရော်ဆီ သွားကြမယ်"

ကျွန်တော်တို့သည် ကုပ်ကြားတို့ အိမ်ဆီသို့ လာခဲ့ကြပါသည်။ မီးဖိုဆောင် အောက်သို့ ရောက်လျှင် ကုပ်ကြားက အပေါ်သို့ မော်ကြည့်၍ ဖြူရော်ကို မြင်သောအခါ ခဏ အောက်ဆင်းလာရန် ခေါ်လိုက်၏။

ဖြူရော် ပေါချာကြီးသည် ကျွန်တော်တို့ နှစ်ကောင်ကို ငုံ့ကြည့်ကာ

"ဘာလဲဟေ့ … မင်းတို့နှစ်ကောင်က ငါ့ကို အောက်ခေါ်ပြီး ကိုက်ကြမလို့လား"

ကုပ်ကြားက "မဟုတ်ပါဘူးကွာ၊ မင်း ပူစီကလေးနဲ့ အိုကေရအောင် ဒီမှာ အောင်နက် လာပြောလို့ပါကွ၊ လာပါ ဆင်းခဲ့ပါ ကွ၊ တိုးတိုး တိုင်ပင်ရအောင်"

"ပူစီ" ဆိုသော အသံကို ကြားရလျှင်ပင် ဖြူရော် ဂေါ်ငနဲကြီးသည် သုတ်သုတ် သုတ်သုတ်နှင့် ကြမ်းပြင်သို့ လျှောက်သွားပြီး အောက်သို့ ခုန်ချလာပါသည်။ အနီးသို့ ရောက်လျှင် ကျွန်တော့်ကို ကြည့်၍ …

"ဘာလဲဟေ့ … အောင်နက်၊ မင့်အိမ်က ပူစီကလေးက ငါ ညက သီချင်းဆိုပြီး ကြူလိုက်တာနဲ့ ကိုကိုဖြူကို ကြိုက်နေပြီ ခေါ်ပေးပါလို့ ပြောလိုက်တာလားကွ၊ ငါကလဲ မှတ်ထား … ညကဖြင့် ကြူလိုက်တာ … တစ်ညလုံး လိုလိုပဲ"

ကျွန်တော့်မှာ ခပ်ပြုံးပြုံးနှင့် ပါးစပ်တစ်ခြမ်း မဲ့မိကာ …

"ဘာလဲကွ … ညက မင်း တစ်ညလုံး တဝမ်ဝမ်နဲ့ လုပ်နေတာဟာ ပူစီကို သီချင်းနဲ့ ကြူနေတာလားကွ"

ဖြူရော်ကြီးက အားရပါးရ မျက်နှာထားနှင့်

"အေးပေါ့ကွ"
"အေး … မင်း သီချင်း ကြူတာကလဲကွာ … ငါဖြင့် နားငြီးလို့ တစ်ညလုံးကို အိပ်မပျော်ဘူး"
"အေးပေါ့ကွာ၊ လူတွေ ပြောကြသလို ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်မှာသာ တည်တယ် ဆိုသလိုပေါ့၊ မင်းတော့ နားငြီးမှာပေါ့"

သူကပင် ကျွန်တော့်ကို နှိပ်လိုက်ပါသေးသည်။ သို့သော် ပြန်လည် ချေပခြင်း မပြုတော့ဘဲ ကျွန်တော်တို့ နှစ်ကောင် တိုင်ပင်ထားသည့် ကိစ္စကို သူ့အား သေသေချာချာ ပြောပြလိုက်ပါသည်။

ကျွန်တော့်စကား ဆုံးသောအခါ၌ ကုပ်ကြားက …

"ကဲ … ဖြူရော်ကြီး မင်း ရိုးရိုးတန်းတန်း ဂေါ်လို့တော့ စွံမှာ မဟုတ်ဘူး၊ အဲဒီတော့ မရ ရအောင်လုပ်မယ် ဆိုတဲ့ လက်ဝဲနည်းနဲ့ပဲ တွယ်ပေရော့"

ဖြူရော်ကြီးသည် စိတ်ကြီး မာန်ကြီး အံကြိတ်လိုက်ကာ …

"ဪ… မိပူစီက ဝါဝီ နနွင်းဘူးကို ကြိုက်နေတာကိုးကွ၊ ဒီလိုဆိုတော့ ငါက ဘယ်ချမ်းသာ ပေးလိမ့်မလဲကွာ၊ မင်းတို့ ပြောတဲ့အတိုင်း လုပ်ပေါ့၊ ငါဖြင့် မျှော်လင့်ချက်ကြီးနဲ့ ညည သီချင်းဆိုပြီး ကြူလိုက်ရတာ အမော"

ကျွန်တော်က ဖြတ်၍ …

"အေး … မင့်သီချင်းသံ တဝမ်ဝမ်ကြီးလဲ ရပ်ပါတော့ကွာ၊ ကျေးဇူးပါပဲ၊ ငါတို့ ပြောသလိုသာ လုပ်ပါ၊ မင်း ဟန်ရင် ငါတို့ ဆောင်ရွက်ခ ဘာစားစရာနဲ့ ကျေးဇူးဆပ်မလဲသာ ပြောပေတော့"

ဖြူရော်ကြီးသည် ပေါချာချာ မျက်နှာကြီးနှင့် …

"အို … ငါ ပူစီသာ အိုကေရရင်တော့ကွာ၊ တို့ ကျပ်ခိုးစင်ပေါ်မှာ ဆွဲထားတဲ့ ငါးခြောက်ပြားကြီးတွေ ကိုက်ချပေးမှာပဲဟေ့ စိတ်ချ"
"အေး … ဒါဖြင့်လဲ ကောင်းပြီ၊ တို့ နနွင်းမှုန့် သွားခိုးချေဦးမယ်၊ မင်း အဲဒီကသာ စောင့်နေပေတော့၊ တို့ အသံပေးလိုက်ရင် လာခဲ့ သိလား"

ဖြူရော်ကြီးသည် နှုတ်ခမ်းမွေး တစ်ချက် နှစ်ချက် သပ်ရင်း ခေါင်းညိတ်ရင်း အမြီးကြီးတန်းတန်းနှင့် အိမ်ပေါ်သို့ ပြန်တက်သွားလေသည်။ ကျွန်တော်နှင့် ကုပ်ကြားသည် ဗမာ့ရပ်ကွက်၌ စီးပွားရေး ဖြတ်လမ်း လိုက်တတ်သူတို့ကို ကြောက်ရွံ့သဖြင့် စောစောစီးစီး တံခါးပိတ်သော ကုလား ကုန်စုံဆိုင်သို့ လစ် ခဲ့ပါတော့သည်။

ဝုတ် … အူ … ဝေါ်

ကျွန်တော်သည် ကုလားဆိုင်ထဲမှ နနွင်းမှုန့်များ ယူခဲ့ပြီး၍ ကုပ်ကြားက ဖြူရော်ကို ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ ဤအသံကိုပင် နားစွင့်နေမည် ဖြစ်သော ဖြူရော်ကြီးသည် အလျှင်အမြန် ဆင်းလာပြီး ကျွန်တော့်ဆီ ရောက်လာကာ …

"ဟေ့ … နနွင်းမှုန့်တွေ ရခဲ့ပြီလားကွ၊ ဟာ … အောင်နက် လက်ထဲက တံမြက်စည်းကလေးက ဘာလုပ်ဖို့လဲကွ"

ကျွန်တော်သည် လက်ထဲက ဘရပ်ရှ်ကို ထောင်ပြကာ …

"ဟာ … ဒါ တံမြက်စည်း မဟုတ်ဘူးကွ၊ မင့်အမွေးကို နနွင်းမှုန့် ရေဖျော်ပြီး သုတ်ဖို့ ဘရပ်ရှ်ကွ"

ဖြူရော်သည် သူ့နှုတ်ခမ်းမွေးကြီးကို လက်နှင့်သပ်ကာ …

"ငါ သိပါဘူးကွာ၊ မင်းတို့ပဲ သင့်လျော်အောင် စီမံပေးကြတော့၊ ငါဖြင့် ကောင်မလေးနဲ့ တွေ့ရမှာကို တွေးပြီး ရင်တထိတ်ထိတ်နဲ့ ဟီဟိ"

ငနဲကြီးမှာ အတော် အူမြူးနေပါသည်။

"ကဲ … ကဲ လာ … လာ ရေဘုံဘိုင်ကို သွားကြမယ်၊ အစဦးဆုံး မင့်ကိုယ်ကို ရေချိုးပစ်မှ ဖြစ်မယ်၊ နို့ မဟုတ်ရင် မင့်ကိုယ်က ပြာတွေ ဘာတွေနဲ့ နနွင်းသုတ်လို့ ရမှာ မဟုတ်ဘူး"

ကျွန်တော်က ဤသို့ ပြောသည်ကို ကုပ်ကြားက ပြူးကလာ ပျာကလာနှင့် …

"ဟ … အောင်နက်ရ သူ့ ရေချိုးပေးလို့ ဖြစ်ပမလားကွ၊ ကြောင်ရေချိုးရင် မိုးရွာတယ်လို့ လူတွေက ပြောကြတယ်ကွာ၊ ခုနှယ် မိုးရွာလို့ကွာ လယ်တွေ ရိတ်သိမ်းတဲ့ အချိန်ကြီးမှာ သောင်းကျန်းသူတွေက နှောင့်ယှက်ရတဲ့ အထဲ မိုးဖျက်လို့ တို့တိုင်းပြည်က လူတွေ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးကြီး ဆိုက်နေပါဦးမယ်"

ကုပ်ကြားကြီးက စိုးရိမ်တကြီး ပြောလိုက်ရာ ချစ်မုန်ယိုနေသော ဖြူရော်ကြီးက …

"လူတွေ ငတ်လို့ သေသေကွာ၊ ငါနဲ့ ပူစီ အိုကေဖို့သာ အရေးကြီးပါတယ်၊ ဟေ့ … အောင်နက် မင်း သင့်တော်တယ် ထင်ရင် လုပ်သာ လုပ်ကွ" ဟု တစ်ဇွတ်ထိုးသံကြီးနှင့် ပြောလိုက်ရာ အစိုးရိမ်ကြီးသော ကုပ်ကြားက "ဟေ့ ဖြူရော်ရ လူတွေ စားစရာ မရှိတော့ တို့ပါ ငတ်မှာကွ သိရဲ့လား"
"အမယ်လေး … ကုပ်ကြားရာ တို့က ဘာငတ်စရာ ရှိလဲကွ၊ လူက မကျွေးရင် ကြွက်ခုတ် စားနေမှာပေါ့ကွ၊ မင်းတို့ရော ငါတို့လို ကြွက်စားပါလားကွ၊ သိပ်ကောင်းတာပဲ"
"အို … ကြွက်သား စားတာက တောက ခွေးတွေပါကွာ၊ တို့တော့ မစားချင်ပါဘူး။ ရွံစရာက ကောင်းနဲ့"

ဖြူရော်ကြီးက မခံချင်သော အသံနှင့်

"မင်းတို့စားတဲ့ လူ့ချေးကတော့ ရွံစရာ မကောင်းဘူးလား ကဲ"

ကုပ်ကြားက မျက်နှာရှုံ့မဲ့ကာ …

"အောင်မာ ဟေ့ ဖြူရော်ရ … မင်း တစ်ခါလောက် မြည်းကြည့်စမ်းကွာ၊ ဘယ်လောက် အနံ့အရသာနဲ့ ပြည်စုံသလဲ ဆိုတာကို သိရအောင်၊ ဟင်း ... တစ်ခါ စားမိရင် ဟို ဒေါက်တိုတို့အိမ်က ပေါက်ဖော်ကြီး ပြောသလို 'အီပျိုကြီး ဘိန်းရှား ယူမိတာလို ဖစ်စွားပီ' ဆိုတာ ဖြစ်သွားမယ် သိရဲ့လား"
"ဟေ့ … မင့်သွား သွားချေးများတိုင်း ဘာပြောပြောကွာ၊ သူများ စွန့်ပစ်တဲ့ အညစ်အကြေးတော့ စက်ဆုပ်စရာ အကောင်းဆုံးကွ"

ကုပ်ကြားမှာ မခံချင်သလို ဖြစ်သွားကာ …

"အောင်မာ ဟေ့ … တို့စားတာက ဘာမှ အကုသိုလ် မဖြစ်ဘူး၊ မင်းတို့ ကြွတ်ခုတ်ရတဲ့ အလုပ်သာ အလကားသက်သက် အကုသိုလ် အလုပ်ကြီးကွ၊ ငရဲအိုး ဇောက်ထိုးဆင်းမယ့် ကောင်ကွ" ဟု မဆီမဆိုင် ဘုမှုတ်လိုက်ရာ ဖြူရော်က ထပ်ဆင့်၍ …

"ဟေ့ … ဘာလို့ တို့က ငရဲကြီးရမှာလဲကွ၊ တို့အမျိုး ထုံးစံကွ"
"တို့ ချေးစားတာလည်း တို့အမျိုးထုံးစံ မဟုတ်လို့ ဘာလဲကွ၊ မင်းက စက်ဆုပ်စရာ အကောင်းဆုံးလေး ဘာလေးနဲ့ ဘာ ကြောင်ပါးဝတာလဲ"

ကုပ်ကြားကလည်း ဘုတောလိုက်ရာ ဖြူရော်ကပါ စိတ်ဆိုးလာပြီး

"မင်းကရော ဘာ ခွေးပါးဝတာလဲကွ၊ ဟား … ဟား … မင်းတို့ ထုံးစံကလဲ လူ့ချေး စားရတယ်လို့ပဲ ဟီး ဟီး"

ဖြူရော်ကြီး က ရယ်သွမ်းသွေးလိုက်ရာ ကုပ်ကြားက ရုတ်တရက် သွားဖြဲလိုက်သဖြင့် သူတို့နှစ်ကောင်သည် အချင်းချင်း စကားနိုင်လုရင်း ရန်ဖြစ်ကြတော့မည်ကို သိသောကြောင့်

"ကဲ … ဟေ့ တော်ကြပါကွာ၊ တစ်ကောင်နဲ့ တစ်ကောင် စကားနိုင်လုရင်းနဲ့ မျိုးရိုးထုံးစံတွေ ရောက်သွားကြပြီ။ တစ်ဖက်နှင့် တစ်ဖက် အမျိုးဘာသာ မတူတာကို ထိခိုက် မပြောရဘူးကွ၊ အရင်တုန်းက ကုလား ဗမာ ရိုက်ကျတာဟာ ဒီလိုကိစ္စမျိုးပေါ့ကွ၊ တော်ကြာ မင်းတို့နှစ်ကောင်နဲ့ အမှိုက်ကစ တံမြက်စည်း မီးလောင် ဆိုတာလို ငါတို့တိုင်းပြည်မှာ အစိုးရနေရာလုရင်း ဆူပူသတ်ဖြတ်နေကြတဲ့အထဲ ခွေးနဲ့ကြောင် အဓိကရုဏ်းကြီး ဖြစ်နေဦးမယ်ကွာ၊ ဖြူရော်ကလဲ တော်ဟေ့ … ကုပ်ကြားကလဲ ပါးစပ်မဟနဲ့"

ကုပ်ကြားက မကျေနပ်သံဖြင့် …

"ဟုတ်ပါဘူးကွာ၊ ငါက ပြောတာက တိုင်းပြည်အတွက် စိုးရိမ်လို့ သူ့ကို ရေမချိုးဖို့ အကောင်း ပြောတာပါကွာ"
"အေး … ဟုတ်ပါတယ်ကွာ၊ ကြောင် ရေမချိုးဘူး ဆိုရင် ဖြူရော်ကို ရေလောင်းတယ်၊ ရေဆွတ်တယ်ပေါ့ကွ၊ စကားလှည့်သုံး ဖြစ်တာပဲ၊ ကဲ … လာ လာ ရေဘုံဘိုင် သွားကြမယ်"

ကုပ်ကြားနှင့် ဖြူရော်မှာ တစ်အိမ်တည်းနေ မိတ်ဆွေပင် ဖြစ်ကြသော်လည်း ခဏခဏ စကားနိုင်လုရင်း ရန်ဖြစ် တတ်ကြပါသည်။ ခါတိုင်းလို ဆိုလျှင် ဖြူရော်က ဤမျှနှင့် မလျှော့၊ ယခုမှ သူ့ကိစ္စအတွက်မို့ ကျွန်တော် ပြောသည်နှင့်ပင် ပြီးငြိမ်းကာ ရေဘုံဘိုင်သို့ ရှောရှောရှူရှူ လိုက်ခဲ့ပါသည်။

ရေဘုံဘိုင်သို့ ရောက်လျှင် ကုပ်ကြားနှင့် ကျွန်တော်သည် ဖြူရော်၏ကိုယ်မှ ပြာတွေ ဖုန်တွေ စင်သွား အောင် ရေလောင်း၍ (ရေချိုးတာ မဟုတ်ဘူးနော်) ဘရပ်ရှ်နှင့် တိုက်ပေးကြပါသည်။

"ဟေ့ … ဖြူရော် မချမ်းဘူးလား"

ကျွန်တော်တို့မှာ သူ့အား ရေလောင်း ပေးနေရင်းပင် ချမ်းလှသဖြင့် မေးလိုက်ရာ ဖြူရော်ကြီးက မေးခိုက်ခိုက်တုန်သံကြီးနှင့်ပင် …

"ချမ်းချမ်းကွာ … ကိစ္စမရှိပါဘူး၊ စီစီကလေးနှင့် တွေ့တော့ နွေးသွားမှာပေါ့၊ မြန်မြန်သာ ပြီးအောင် လုပ်ကြပါ"

သူ့ကိုယ် စင်ကြယ်သွားသော အခါ၌ နနွင်းကို ရေနှင့်ဖျော်၍ ဘရပ်ရှ်နှင့် သုတ်ပေးကြပါသည်။

ဖြူရော်ကြီးသည် ကျွန်တော်တို့ လုပ်သမျှ ငြိမ်ခံနေရာမှ…

"ဟေ့ … အောင်နက်ရ၊ နနွင်း သုတ်ပြီးတာနဲ့ ငါနဲ့ ဝါဝီနဲ့ သေသေချာချာ တူပါ့မလားကွ၊ သူ့အမွေး ဝါပုံ ကွက်ပုံတွေ အတိုင်း ကျကျနန သုတ်နော်"
"အမယ် စိတ်ချပါကွ၊ ငါ ဒရိုက်တာ ဦးဘရှင်ကြီးအိမ်က ခွေးမ ယောဂီရောင်ကလေးကို သွားသွား ဂေါ်ရင်းနဲ့ ဦးဘရှင်ကြီးရယ် ရုပ်ရှင်ရိုက်ဖို့ ဇာတ်လိုက်တွေကို မိက်ကပ်လုပ်တာ မြင်ဖူးတယ်ကွ၊ ငါ သူ့နည်းအတိုင်း မင့်ကို ဝါဝီနဲ့ မတူတူအောင် ကျကျနန လုပ်ပေးပါ့မယ်ကွာ"

တစ်ကိုယ်လုံး သုတ်ပြီးသော အခါ၌ ကုပ်ကြားက

"ဟေ့ ဖြူရော်ရေ … မင်းတော့ ရဲဘော်အဝါ ဖြစ်သွားပြီကွ"
"အမယ်လေး … မပြောကောင်း ပြောကောင်း၊ မလုပ်ပါနဲ့ကွာ၊ ရဲဘော်အဖြူနဲ့ တွေ့ရင် ငါ့ကို ဆော်နေပါဦးမယ်၊ ဪ … ဒါထက် ငါ့ကိုယ်က တော်တော်နဲ့ သွေ့ပါ့မလားဟေ့၊ စိုနေရင် ဘယ့်နှယ် လုပ်မလဲ"
"သွေ့ပါတယ်ကွာ၊ မင်းတို့ ကြောင်ကိုယ်က အင်မတန် အပူများတာပဲ၊ မင်းလဲ အခုသွားရဦးမှာ မဟုတ်သေးပါဘူး၊ တို့ မွဲခြောက်ကြီးနဲ့ ဝါဝီကို လိုက်ကိုက်ပစ်ရဦးမှာပဲ၊ မင်းက ဟောဒီမှာ တောခိုပြီး နေရစ်ခဲ့၊ ငါတို့က ဟိုနှစ်ကောင်ကို တို့အိမ်က သခင်က အခုညအဖို့ ဘယ်ကြောင်မှ အိမ်ကို လာတာ လက်မခံရဘူး ဆိုတဲ့ အမိန့်ထုတ်လို့ လိုက်ကိုက်ရတယ်လို့ ပြောပြီး ဆော်မယ် … သိရဲ့လား"

ဖြူရော်ကြီးက အတော် သဘောတွေ့နေရာမှ အကြံကြီး တစ်ခုကို သဘောပေါက်ဟန်ဖြင့် …

"ဟေ့ … ဒီမှာဟေ့ … အောင်နက်နဲ့ ကုပ်ကြား၊ ငါ တစ်ခု ပြောမယ်ဟေ့။ မင်းတို့ ငါ ပြောတာကို လုပ်ပေးမယ်လား"
"ဘာတုံး"
"ဒီမှာကွာ … နည်းနည်းတော့ ဆိုးတယ်၊ ဝါဝီကြီးကို အသေဖြစ်ဖြစ် ပူစီ စိတ်ပျက်လောက်အောင် ရုပ်ပျက်ဆင်းပျက် မရှုမလှဖြစ်ဖြစ် ကိုက်ပစ်ကြကွာ၊ ဒီကောင်ကြီး မရှိတော့မှ ငါနဲ့ ပူစီနဲ့ အစဉ်ဟန်သွားမှာကွ၊ အဲဒီလိုဆိုရင် မင်းတို့ကို ငါ နေ့တိုင်း စားစရာ ချပေးမယ် … သိလား"

ဖြူရော်ကြီး၏ အကြံ မှာ ရက်စက်လွန်းလှသဖြင့် ကျွန်တော်သည် ကုပ်ကြား၏ မျက်နှာကို ကြောင်၍ ကြည့်နေမိပါသည်။

ဤတွင် ကုပ်ကြားကပါ …

"အေး … ငါလဲ ဝါဝီကြီးတော့ အမုန်းကြီး မုန်းနေတာပဲ၊ ဘာလဲကွ တော်သလင်းလတုန်းက တို့က သူတို့ အိမ်က မေရီကို သွားဂေါ်တော့ အမယ် … ဒီဗမာခွေးတွေနဲ့ မေရီနဲ့ မတန်ဘူးလေး ဘာလေးနဲ့ အိမ်ပေါ်ကနေ စွာနေတာ၊ ငါ အဲဒီတုန်းကတည်းက သူ့ကို ဆော်ချင်နေတာ"

ဤတွင် ကျွန်တော်ကပါ စိတ်ပေါက်ပေါက် ရှိလာ၍ …

"အမယ် … သူက တို့ကို ဗမာခွေး ဆိုတော့ သူက ဘာကြောင်မို့လဲကွ"

"သူ့ကိုယ်သူ ဆိုင်းယမ်းမီးကက် ဆိုလား၊ ယိုးဒယားကြောင် ဆိုလား ပြောတာပဲကွ" ဟု ဖြူရော်ကြီးက ထောက်ခံလိုက်ရာ ကုပ်ကြားက …

"ဟာ … ဒါဖြင့် တို့ဗမာကြောင် မဟုတ်တဲ့ အကောင်၊ အလစ်ဆော်မယ်ကွာ၊ လာ သွားကြ စို့ … အောင်နက်၊ ဟေ့ ဖြူရော်တော့ ဒီမှာ နေခဲ့၊ တို့ ကိစ္စပြီးမှ လာခေါ်မယ်" ဟု ဆိုကာ ကျွန်တော်တို့ နှစ်ကောင် ထွက်ခဲ့ကြပါသည်။

ဖြူရော်ကြီးကား ချုံတစ်ခု အောက်၌ ထိုင်၍ ကျန်ခဲ့ပါသည်။

"ဟေ့ အောင်နက်ရေ … တို့ရဲဆေးကလေး နည်းနည်း တင်ရအောင်ကွာ"

လမ်းတွင် ကုပ်ကြားက ပြောလိုက်သဖြင့် ကျွန်တော်က …

"ဒီအချိန်ကြီး ဘယ်မှာ ရမှာလဲကွ"
"ဟို စိမ်ရည်ဆိုင် နောက်ဖေးက ကစော်ဖတ်တွေပေါ့ကွ၊ ညနေတုန်းကမှ ထုတ်တာ၊ တရုတ်တွေ ဝက်စာအတွက် လာမယူကြသေးဘူး၊ အဲဒါ တို့ သွားတွယ်လိုက်ရရင် ဆောင်းတွင်းကြီး အချမ်းလဲ လုံမယ်၊ ကြောင်တွေနဲ့ ကိုက်ရ ခဲရတော့လဲ သွေးရဲအောင်ပေါ့ကွာ"

ကျွန်တော်လည်း အကြိုက်တွေ့သွားကာ (အင်း … သော်တာဆွေတို့များ ခွေးဖြစ်တာတောင် …)

"အင်း … ဒါဖြင့် သွားကြမယ်"

ကျွန်တော်တို့သည် မကြာမီ၌ တရုတ်စိမ်ရည်ဆိုင် နောက်ဖေးတွင် စားပွဲထိုင်လျက် ရှိကြပါသည်။ တဖြည်းဖြည်း မူးလာသောအခါ ဖြူရော်ဆီက နေ့စဉ် စားစရာ ရမှာနှင့် အမျိုးရေး ခွဲခြားသော ဝါဝီ၏ အကြောင်းကို ပြောရင်းဖြင့် ဝါဝီကို အသေကိုက်ရန် ဆုံးဖြတ်လိုက်ကြ ပါတော့သည်။

ပြာသိုလ နှင်းငွေရည်သည် ဝေ့လည် ဝေ့လည်နှင့် ကူးလူးလျက်။
တစ်နှစ် တစ်ရာသီ ကြောင်လောကီသည် တညောင်ညောင်… တဝမ်ဝမ်နှင့် မူးရူးလျက်။

နှစ်ကောင်သား ထန်းရေမူး ကြက်ခိုးပေါ် (ကျုပ်တို့ခွေးက ကျွဲတော့ မခိုးနိုင်ဘူးဗျ၊ ဟုတ်လား) ဆိုသကဲ့သို့ ထွေရာလေးပါး ပြောကြရင်းမှ တော်သလင်းလက အဖြစ်အပျက်ကို ရောက်သွားလေ၍ ဝါဝီက သူတို့အိမ်က မေရီနှင့် ကျွန်တော်တို့ ဗမာခွေးတွေ မတူမတန်ကြောင်း ဝင့်ကြွားခဲ့သော စကားကို ရောက်ရှိသွားပြန်ကာ ကစော်ဖတ်ရှိန်ကလည်း သွေးထိုးနေပြီ ဖြစ်သဖြင့် ဝါဝီကို အသေကိုက်ရန် ထပ်မံဆုံးဖြတ်ချက် ချလိုက်ပြန်ပါသည်။

"ကဲ ပြောနေကြာတယ် … လာ အောင်နက်၊ ဒီကောင်ကို လိုက်ရှာကြစို့"

ကုပ်ကြားက ပြောလိုက်သည်တွင် ကျွန်တော်ကလည်း အတော်ထွေနေပြီ ဖြစ်၍ …

"လာ … သွားမယ်၊ ဒီကောင် တို့အိမ်နား တွေ့မှာပါပဲဟာ၊ ဟေ့ ဂုတ်ကြား ငါ မူးရင် ဘယ်လိုလဲ ဆိုတာ မင်း သိတယ် မဟုတ်လားကွ၊ ကြောင်အသက် ပုရွက်ဆိတ်လောက်တောင် မအောက်မေ့ဘူးကွ"
"ဟေ့ … ငါကရောကွ၊ မိုက်ပြီဆိုရင် တူးတူးခါးခါး မိုက်တယ်၊ အေး … လိမ္မာပြီ ဆိုရင်တော့ သူများနဲ့ မတူဘူးကွ"

ကျွန်တော်တို့သည် ကြောင်နံ့ခံကာ ဒုန်းပြေးရင်း ကိုယ်ရည်သွေးခဲ့ကြပါသည်။

ကျွန်တော်တို့ အိမ်အနီး ပိန္နဲပင်အောက်သို့ ရောက်လျှင် …

"ဟေ့ … တွေ့ပြီဟေ့၊ ဟိုမှာ … လိုက်ကွာ ဆော်ကွာ"
"ဂွမ် … ဂွီ … ဝမ် … ဝမ် … ဝမ် … ဝမ် …"

ကျွန်တော်တို့ လိုက်ကိုက်ပုံကလည်း အလွန်မြန်လှ၍ ဝါဝီမှာလည်း ခါတိုင်း ကျွန်တော်တို့က ကိုက်လေ့ မရှိသဖြင့် အမှုမဲ့ အမှတ်မဲ့တွင် အမိခံရခြင်း ဖြစ်လေသည်။

"အမယ် ပြန်ကုတ်တယ်၊ ကိုက်တယ်၊ ဆော်ကွာ ... ဆော် အောင်နက်၊ အသေဆော်ကွ"

ကုပ်ကြားမှာ ကြောင်၏ ရှေ့ပိုင်းမှ ကိုက်ရမည် ဖြစ်၍ ပြန်ကုတ်ခြင်း ကိုက်ခြင်းကို ခံရလေသည်။ ကျွန်တော်မူကား မူးပင် မူးသော်လည်း ခွေးအမူးပါး ဖြစ်၍ ကြောင်၏ ခါးရိုးနှင့် နောက်ပိုင်းတို့ကိုသာ ခဲလေသဖြင့် ကုပ်ကြားကဲ့သို့ မခံရပါ။

"ဝမ် … ဝမ် … ဝမ် … ဝမ် … ဝမ် …"

တဝမ်ဝမ် အော်သံသည် တဖြည်းဖြည်း တိမ်၍ တိမ်၍ သွားပြီး နောက်ဆုံး၌ အသံပြတ်သွားတော့သည်။

"ဟေ့ … ကုပ်ကြား၊ တော်တော့ကွ … သေပြီ"

ကုပ်ကြားသည် ခဲထားသော လည်မျိုကို လွှတ်လိုက်ကာ …

"အေး ဟုတ်ရဲ့လား … သေမယ့် သေတော့လည်း မြန်လိုက်တာကွာ၊ ငါ ကိုက်လို့တောင် အားမရသေးဘူး"
"ကဲ ကဲ လာဟေ့ နောက်တစ်ကောင် လိုက်ရဦးမှာပဲ။ မွဲခြောက်ကြီးကို ရှာကြဦးစို့"

ကျွန်တော်တို့ အိမ်ပတ်လည်၌ မွဲခြောက်ကြီးကို လိုက်၍ ရှာကြသည်။ သို့သော် မတွေ့ရပါ။ အသံလည်း မကြား ရပါ။ ထို့ကြောင့် ကျွန်တော်တို့ "ခြေလျှော့" လိုက်ကာ …

"ကဲ … ကုပ်ကြားရေ … မွဲခြောက်ကြီး အခုည မလာဘူး ထင်တယ်ကွ၊ သူတို့အိမ်ကများ သေတ္တာထဲ ထည့်ပိတ်ထားသလား မသိဘူး"
"အေး… မလာလဲ တစ်ရန် အေးတာပေါ့ကွာ၊ လာဟေ့ … တို့ဖြူရော်ကြီး ပြန်ခေါ်ပြီး မင်းတို့အိမ်ပေါ် တင်ပေးလိုက်ကြစို့"
"အေးဟေ့ … ပူစီကလေးကဖြင့် အခု ကိုက်သံ ခဲသံတွေ ကြားရတော့ သူမှာတဲ့အတိုင်း ငါက ဖြူရော်ကြီးနဲ့ မွဲခြောက်ကြီးကို ကိုက်လွှတ်နေပြီ အောက်မေ့ပြီး အတော် ဝမ်းသာနေမှာပဲကွ"
"ဝမ် … ဝမ် … ဝမ်"
"ဟေ့ … ရှေ့က ကြောင်ကို ခွေးကိုက်သံပါလားဟေ့၊ ဘယ်အကောင်ကို ဘယ်အကောင်ကများ ဆော်နေသလဲ မသိဘူး၊ လာဟေ့ မြန်မြန်ပြေးကြစို့"

ကျွန်တော်သည် စကား တပြောပြောနှင့် ဖြူရော်ကြီးကို ထားခဲ့သော နေရာသို့ လေးဘက်မှန်မှန် ပြေးလာရင်းမှ ကြောင်အော်သော အသံကို ကြားရသဖြင့် ကဆုန်စိုင်း၍ ပြေးသွားကြပါသည်။

မလှမ်းမကမ်းသို့ ရောက်လျှင် …

"ဟေ့ … ဟေ့ ဒေါက်တိုနဲ့ ကြန်စုံရယ်၊ တို့ ဖြူရော်ကြီးကို ဆော်နေတာပါလားကွ"

ကုပ်ကြားသည် သူတို့ဆီသို့ တစ်ဟုန်ထိုး ပြေးသွားရင်း …

"ဟေ့ … ဟေ့ ဒေါက်တိုနဲ့ ကြန်စုံ တို့အိမ်က ဖြူရော်ကြီးကို ဘာလုပ် မတရား လုပ်နေကြတာလဲကွ"
"ဘယ်ကလာ … မင်းတို့အိမ်က ဖြူရော်ကြီး ဟုတ်ရမှာလဲကွ၊ သေသေချာချာ ကြည့်ပါဦး၊ ဟို ဗိုလ်ကပြားအိမ်က ဝါဝီပါကွ"

ကုပ်ကြားသည် ကမူးရှူးထိုး အသံနှင့် …

"မဟုတ်ဘူး၊ တော်ကြ တော်ကြ၊ တို့ ဖြူရော်ကြီးကို နနွင်း သုတ်ထားတာကွ"
"ဟိုက် … ဒါကြောင့် နနွင်းစော် နံတာကိုးကွ၊ ဘာသဘောလဲကွ၊ မင်းတို့ဟာက"
"ဘာသဘောလဲတော့ ကိုယ် နောက်မှ ပြောပြမယ်၊ ဖြူရော်ကြီးကို ထူလိုက်ကြပါဦး၊ ဟေ့ … ဖြူရော် … ဖြူရော်၊ ထကွ … အတော် နာသွားလား"

ဒေါက်တိုတို့၏ သွားချက်ဖြင့် နနွင်းရောင် ကွက်တိကွက်ကြား ဖြစ်နေသော ဖြူရော်ကြီးသည် ပက်လက် လဲနေရာမှ ထကာ

"နာပြီလားကွ … သူတို့က အသေကိုက်ကြ မလို့တဲ့၊ မင်းတို့ အလာ စောပေလို့ပေါ့ကွာ"

ဤတွင် ကျွန်တော်က

"ဟေ့ … ဒေါက်တို၊ မင်းတို့က ဘာပြုလို့ သူ့ကို အသေကိုက်ရမှာလဲကွ"
"သူ့ကို မဟုတ်ဘူးကွ၊ ဝါဝီကို အသေကိုက်ရမှာ၊ အခု သူက ဝါဝီ အယောင်ဆောင် နေတာကိုးကွ၊ ဟီ … ဟီ ငါတော့ ရယ်ချင်လှတယ်ကွာ၊ ငါ့အိမ်က မွဲခြောက်ကြီး အကြံနဲ့ တူနေပြီ ထင်တယ်"

ကျွန်တော်တို့မှာ အံ့အားသင့်မိကာ

"ဘယ်လိုလဲ … သူ့အကြံက"

ဒေါက်တိုတို့သည် ရွှန်းပြက်ပြက် မျက်နှာနှင့်

"တခြား ဟုတ်ပါရိုးလားကွ၊ မင်းတို့အိမ်က ပူစီက ဝါဝီကို ကြိုက်နေတာ သိလို့ သူ့ကို ဝါဝီနဲ့ တူအောင် လုပ်ပေးပါ ဆိုလို့ ငါတို့က ဟို ပန်းချီဆရာအိမ်က ရေဆေးအဝါတွေ ခိုးပြီး ခြယ်ပေးလိုက်ရ ပါရောလားကွ"
"ဟိုက်"
"ဟိုက်"

ကုပ်ကြားနှင့် ကျွန်တော်မှာ တစ်ယောက်တစ်ခွန်း အော်ရင်း မျက်လုံးပြူးသွားကာ ကျွန်တော်က …

"ဟေ့ … ကုပ်ကြား … တို့ ကိုက်တုန်းက ဆေးစော် မနံဘူးလားကွ"
"အေး … နံတယ်ကွ၊ မင့်ကို ငါ ပြောမယ်တောင် ကြံမိသေးတယ်"

ဤတွင် ဒေါက်တိုနှင့် ကြန်စုံတို့ မျက်လုံးပြူးကာ …

"ဟေ့ မင်းတို့ မွဲခြောက်ကြီးကို ကိုက်ခဲ့ကြတယ်"
"ဝါဝီရယ်လို့ ကိုက်ထာပဲကွ၊ ဟုတ် မဟုတ်တော့ မသိသေးဘူး၊ သေတော့ သေပြီ"

ဒေါက်တို ထခုန်ကာ…

"ဟိုက် … ဘယ်နေရာမှာလဲကွ၊ လာ သွားကြည့်ကြရအောင် မွဲခြောက်ကြီးများ ဖြစ်နေရင် ဒုက္ခ"

ကျွန်တော်တို့သည် အားလုံး ပြေးသွားကြရာ ကိုက်ခဲ့သော နေရာသို့ ရောက်လျှင် ကြောင်သေကို မတွေ့ရသဖြင့် …

"ဟေ့ ကုပ်ကြား တို့ သေပြီရယ်လို့ ထားခဲ့တာ၊ ဒီအသေကောင်က ဘယ်များ ထပြေးပါလိမ့်"

ဤတွင် မလှမ်းမကမ်းရှိ အကွယ်တစ်ခုမှ …

"ဟေ့ … ငါ မသေဘူးကွ၊ ရေကူးတတ်တယ်၊ အယ် … ဟုတ်ပါဘူး၊ ဒီမှာ လာကြည့်ကြဦး၊ ဒေါက်တိုတို့ ကြန်စုံတို့ရာ၊ အောင်နက်နဲ့ ကုပ်ကြားရယ် ငါ့ကို ဆော်သွားကြတာ" ဟူသော ညောင်နာနာအသံ ထွက်ပေါ်လာသဖြင့် ဒေါက်တိုက ပြေးသွားကာ …

"ဟေ့ … မွဲခြောက်ကြီး ဘယ့်နှယ် နေသေးသလဲဟ"

အားလုံး ပြေးလိုက်သွားကြပြီး မွဲခြောက်ကြီးကို ဝိုင်းဝန်း ပြုစုကြပါသည်။ ကျွန်တော်မှာ စိတ်မချမ်းမသာ ဖြစ်လှ၍ …

"ကဲ … မွဲခြောက်ကြီးရယ်၊ ငါတို့ တောင်းပန်ပါတယ်ကွာ … အမှန်က ဝါဝီမှတ်ပြီး ဖြစ်ရတာကွ၊ တို့ဖြူရော်လဲ နနွင်း သုတ်မိလို့ မင့် ဒေါက်တိုတို့ ဆော်လိုက်ကြတာကွ … ငါတို့ အရောက် စောသွားလို့သာပဲ"
"နို့ မင်းကော ငါတို့ သေပြီလို့ ထားခဲ့တာ၊ မင်း မသေသေးဘူး၊ အတော် အသက်ပြင်းတဲ့ အကောင်"

ဤတွင် မွဲခြောက်ကြီးက မသက်မသာသော အသံဖြင့် …

"ဟာ … ငါ အကြံရလို့ပေါ့ကွာ၊ နို့မဟုတ်ရင် သေမှာပဲ၊ မင်းတို့က အသေကိုက်မယ်လို့ ပြောသံ ကြားတာနဲ့ ငါက သေချင်ယောင် ဆောင်လိုက်တာကွ"
"အေး … မင်းက ဉာဏ်ကောင်းလို့ တော်ပါသေးရဲ့ကွာ …၊ ကဲ ဖြစ်ပုံ ပျက်ပုံများလည်း  ပြောကြပါဦး" ဟု အစချီပြီး တစ်ဖက်နှင့် တစ်ဖက် ရှင်းလိုက်ကြသောအခါ သူတို့အကြံမှာလည်း ကျွန်တော်တို့အကြံ အတိုင်းပင် ဖြစ်၍ ငိုအားထက် ရယ်အားသန်ကြ ပါတော့သည်။

စကားအဆုံး၌ ဉာဏ်ကြီးရှင် ကုပ်ကြားက …

"ကဲ … ကဲ ဖြူရော်နဲ့ မွဲခြောက် မင်းတို့တော့ အကြံတူ ဉာဏ်တူချင်း ဖြစ်နေကြပြီ။ သို့သော် လူတွေလို အကြံတူ ရန်သူလို့ သဘောမထားကြဘဲ အချင်းချင်း လက်ဆွဲ နှုတ်ဆက်ကြကွ" ဟု ခွေးလည် လုပ်၍ ပြောလိုက်ရာ ကြောင်နှစ်ကောင်လည်း အူကြောင်ကြောင်နှင့် လက်ဆွဲမည် အပြုတွင် ဒေါက်တိုက …

"ဟေ့ … ဟေ့ နေကြပါဦး၊ သူတို့ချင်း ဘာမှ ဖြစ်ကြတာမှ မဟုတ်ဘဲကွ၊ ဖြစ်တာက ငါတို့က သူတို့ကို ကိုက်ကြတာပဲကွ"

ဤတွင်မှ ကုပ်ကြားက သတိရကာ …

"အို … ဒေါက်တိုနဲ့ ကြန်စုံက ဖြူရော်ကိုပေါ့၊ မင်းနဲ့ ငါက မွဲခြောက်ကြီးကိုပေါ့ကွ" ဟု ရှင်းလိုက်မှ အားလုံး နားလည်ကြကာ တစ်ဖက်နှင့် တစ်ဖက် လက်ဆွဲ နှုတ်ဆက်လိုက်ကြ ပါတော့သည်။

ဤတွင် ကုပ်ကြားက …

"ကဲ … အဝါရောင်သုတ်တဲ့ ကြောင်နှစ်ကောင်တော့ ဒုက္ခရောက်ကြပြီ၊ ဟိုကြောင်ဝါ အစစ်က ဘယ်မှာ ရောက်နေမလဲ"

ကောက်ကာ ငင်ကာ မေးလိုက်ရာ ဖြူရော်ကြီးက စိတ်ပျက်သံကြီးနှင့် …

"မင်းတို့ ငါတို့ အလုပ် များနေကြတုန်း သူ ပူစီဆီ ရောက်ပြီး အိုကေ နေမှာပေါ့ကွ၊ ငါတို့သာ ကြံသာကြံ ကံမလိုက်လို့ မသေရုံ ခံလိုက်ရတယ်၊ ဟီး" ဟု ငိုချင်း ချလိုက်ပါသည်။ မွဲခြောက်ကြီးကလည်း ထို့အတူပင်။

"အမယ်လေး အကြောင်းမလှလိုက်ပုံက … ဆောင်းလ ဤပြာသို၌၊ မဒီကညာကို ကြင်လိုဇောရယ်နဲ့၊ ကြင်လို … ကြင်လိုဇောရယ်နဲ့"

ကျွန်တော် နားညည်းလာ၍

"ဟေ့ … တော်စမ်းပါကွာ၊ ကြောင် ငိုချင်းချတယ် ရယ်လို့လဲ မရှိပါဘူး"

ထိုအခါ၌ ကျွန်တော်သည် ပူစီ့ဆီက ဆိတ်ရိုးကို သတိရလေပြီ။ ဝါဝီသည် ပူစီဆီသို့ ကောင်းမွန်စွာ ရောက်ရှိနေပြီ ဖြစ်၍ ကျွန်တော် စွမ်းဆောင် ပေးလေဟန်ဖြင့် ဆိတ်ရိုးကို အချောင်သွား၍ တောင်းရမည်။ ထို့ကြောင့် ကျွန်တော်သည် ခွေးစု ကြောင်စုကို ဝမ်းနည်းနှင့် အမြန်ခွဲလိုက်ကာ ကုပ်ကြားကို လက်တို့ ၍ ခေါ်ခဲ့ပါသည်။

ကျွန်တော် အိမ်အောက်သို့ ရောက်သောအခါ အိမ်ပေါ်မှာ တဂျစ်ဂျစ်နှင့် ကြမ်းကို ကြောင်ခြေသည်း ခြစ်သံများ ကြားရပါသည်။ ကျွန်တော်က အသံတိုးတိုးနှင့် …

"ဟေ့ … ကုပ်ကြား ပူစီနှင့် ဝါဝီ တွေ့နေကြပြီကွ"
"အေး … မင်း ဆိတ်ရိုးသာ တောင်းပေတော့"
"ဟေ့ … ပူစီ၊ ပူစီ"

ကျွန်တော်သည် အပေါ်သို့ မော်၍ မော်၍ ခေါ်လိုက်ပါသည်။ ခြေသည်းကုတ်သံများ ရပ်သွားကာ "နေဦး နေဦး ကိုကိုဝီ … ခဏ" ဟူသော  ပူစီ၏ အသံကလေးကို ကြားရပြီးနောက် ပူစီသည် ကြမ်းပေါက် တစ်ခုမှ ခေါင်းပြူလာကာ …။

"ဟေ့ … ဘာတုံးဟေ့၊ အောင်နက် အရေးထဲမှာ"
"နင့်အတွက် ဆောင်ရွက်ပေးပြီးပြီ ငါ့ကို ဆိတ်ရိုး ပေးတော့လေ"

ပူစီ၏ မျက်နှာမှာ ရုတ်တရက် အံ့အားသင့်သွားကာ …

"ဟေ့ … နင့် ငါပေးပြီးပြီ မဟုတ်လားလို့၊ ကိုကိုဝီ အိမ်ပေါ် ရောက်ရောက်ချင်းပဲ၊ နင်က အောက်က စောင့် နေလို့ ဟောဒီ အပေါက်ကပဲ ငါ ချပေးလိုက်တာပဲဟ"

ကျွန်တော့် ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားကာ …

"ဟေ … နင် တကယ် ချပေးလိုက်ပြီလား"

ပူစီသည် စိတ်မရှည်နိုင်သဖြင့်

"တကယ် မဟုတ်လို့ နင့်ပဲ ငါ ဒီအချိန်မျိုးမှာ အချိန်ကုန်ခံပြီး အပိုစကားကြော ရှည်အောင် ပြောနေရမလား ဟ"
"ဟေ … ဒါဖြင့် နင် ခွေးမှားပြီး၊ ငါ ဒီဆိတ်ရိုးကို မရဘူး"
"ဘာလဲ … အောင်နက်၊ နင် အခု မူးလာသလား၊ နင်မှ အစစ်ပါဟယ်၊ နင့်ကျော နက်နက်ကြီးကို ငါ မြင်လိုက်ပါတယ် …၊ တော်ဟယ်၊ နင် မူးတိုင်း ငါ့တို့ကို လာနောက်မနေနဲ့၊ ငါတို့ အေးအေးဆေးဆေး ချစ်နေပါရစေ" ဟု ဆိုပြီး ခေါင်းပြန်ဝင်၍ သွားပါတော့သည်။

ကျွန်တော့်မှာ အစဉ်းစားရကျပ်ကာ

"ဟေ့ … ကုပ်ကြား၊ ပူစီကတော့ လိမ်ပြောမှာ မဟုတ်ဘူးကွ၊ ဘယ်အကောင်များ ငါ့အယောင် ဆောင်ပြီး ဘုံးသွားပါလိမ့်"

ကုပ်ကြားသည် ရုတ်တရက် သတိရလာဟန်နှင့် …

"တခြားကောင် ဟုတ်ရိုးလားကွာ၊ ငါတို့ ပြောနေကြတုန်းက ချွတ်ခနဲ ကြားလို့ သွားကြည့်တော့ သုတ်ခြေတင်ပြေးတဲ့ ဟို ခွေးသူခိုး ဝဲစားကလေး ဖြစ်မှာပေါ့ဟ"

ဤတွင်မှ ကျွန်တော် သတိရကာ …

"အေး ဟုတ်ပြီ ဟုတ်ပြီ၊ ငနဲကလေး ငါတို့ပြောနေတာကို အကုန်ကြားမယ်ကွ၊ ဒါကြောင့် သူ ငါတို့ အလုပ်များနေတုန်းမှာ ဝါဝီနောက်က နောက်ယောင်ခံ လိုက်သွားပြီး တစ်ခါတည်း တောင်းတာနဲ့ တူတယ်ကွ၊ ဟေ့ ဒါပေမဲ့ ဒီကောင်ကလေးဟာ ခွေးနီကလေး မဟုတ်လားကွ၊ ပူစီက ပြောတော့ ငါ့ကျောပြင် မည်းမည်းကြီးပဲ မြင်လိုက်သတဲ့"

ကုပ်ကြားက ကျွန်တော့်ကုပ်ကို တစ်ချက် ပုတ်လိုက်ကာ …

"မင်းကလဲ တယ်ညံ့သေးတာပဲ၊ မင်း ဖြူရော်ကိုတော့ အဝါဖြစ်အောင် နနွင်းသုတ်တတ်ပြီး ခွေးနီ ကျောမည်းအောင် အိုးမဲနဲ့ ပွတ်မှာကို မတွေးမိတော့ဘူးလားကွ"

ကျွန်တော် ငိုင်ကျသွားတော့သည်။

အိမ်ပေါ်က ပူစီနှင့် ဝါဝီတို့ကား ဂျိုးဂျိုးဂျစ်ဂျစ်နှင့် …။

------------
သော်တာဆွေ

Credit to shwezinu.blogspot.com

No comments:

Post a Comment