လွမ်းသလားမေပျို - ခြိမ့်သဲ
* * *
ကိုအောင်မြင့်ကို ချစ်သလားမမေးနဲ့။ မချစ်ဘူး။ ဒီလိုလူမျိုးကိုသာ ချစ်ခဲ့ရင် ဒီကသိမ့် ခုလောက်ဆို သားသမီးတွေ တော်တော်စုမိဆောင်းမိဖြစ်နေလိမ့်မည်။ သို့ရာတွင် ကိုအောင်မြင့်က သိမ့်ထက် ဆယ်နှစ် ပိုပိုသာသာ ကြီးပါသည်။
" ကျွန်တော်က ခုထိ အားကစားကို ဝါသနာ ပါတုန်းပဲ။ငယ်ငယ်ကတော့ ဘတ်စကက်ဘော ကစားခဲ့တယ်။နောက်ပိုင်း ခြင်းလုံးကစားသေးတယ်။ လွန်ခဲ့တဲ့ငါးနှစ်လောက်ကစပြီး တင်းနစ်ရိုက်တယ်။ ခုတော့ ပိန်ပေါင်ပဲ ကစားဖြစ်တော့တယ်။ ဒီလိုပဲ အမှုမဲ့အမှတ်မဲ့ အားကစားနည်းတွေ ပြောင်းကစားခဲ့တာကို ပြန်တွေးကြည့်တော့ တဖြည်းဖြည်း အသက်ကြီးလာတာနဲ့အမျှ အားကစားပစ္စည်းဖြစ်တဲ့ ဘောလုံးအရွယ်အစားဟာ ဘတ်စကက်ဘောက နေ ပိန်ပေါင်အထိ သေးလာတာကို တွေ့ရတယ်။ ဩော် .. လူဆိုတာဟာ အသက်ကြီးလာရင် ငယ်တာလေးတွေကို ပိုသဘောကျတတ်ပါလားလို့ ခုမှ တွေးမိလာတယ်ဗျာ... "
မိမိရှေ့မှာပင် ထိကပါးရိကပါး ပေါက်ပန်းဈေးတွေ ဆိုလာသည်။ သိမ့်ကလည်း ရာဇဝင်နှင့် သိမ့်ပါနော်။ ဘယ်တုန်းကမှ ဘာကိစ္စနှင့်ဖြစ်ဖြစ် သိမ့် အရှုံးပေးရရိုး ထုံးစံမရှိခဲ့။
" ဘကြီးအောင်ရေ နောက်ဆို ပိန်ပေါင်မကစားတော့ဘဲ ငယ်မူပြန်ပြီး ဂေါ်လီလုံးကစားဖို့ပဲ ကျန်တော့တယ် ... "
ကိုအောင်မြင့်ကို အသက်ကြီးမှန်းသိသာအောင် ဘကြီးအောင်ဟု သိမ့်က ဦးစွာခေါ်ခဲ့သည်။ တစ်ရုံးလုံးကလည်း သိမ့်ခေါ်သလို ဘကြီးအောင်ဟု ခေါ်လာကြသည်။ ကိုအောင်မြင့်ဆိုသည့်လူက ဘကြီးအောင်အမည်ကိုပင် သဘောကျနေသေးသည်။ သိမ့်ကစပြီး ချစ်စနိုးခေါ်လို့ သူက သဘောကျနေတာတဲ့ဟု တစ်ရုံးတည်းနေ လုပ်ဖော်ကိုင်ဖက်များက ပြောနေချိန်တွင် ဘကြီးအောင်အခေါ်က နှုတ်ကျိုးနေပြီ။ သိမ့် အောင့်သက်သက်နှင့်ပင် ဘကြီးအောင်အခေါ်ကို ပြင်မရမှန်းသိ၍ ဆက်ခေါ်နေရတော့သည်။
" ဟုတ်လိမ့်မယ်။ သိမ့်ပြောသလိုပဲ ... နောက်ဆို ဂေါ်လီလုံးကလေးတွေ ကစားချင်စိတ်ပေါ်လာလေမလား မပြောတတ်ဘူး .. "
ရိုးပါ့၊ အပါ့။ သူ့ကို အပြစ်ပြောပြောမှန်းမသိ၊ ရွဲ့ ရွဲ့မှန်းမသိ။
" ဒါဆို ဘကြီးအောင် ငယ်မူပြန်ဖို့နီးပြီပေါ့ ... "
" ငယ်မူငယ်သွေးလေးတွေ ပိုသဘောကျလှပေါ့ သိမ့်ရယ်၊ သိမ့်လည်း ငယ်ငယ်လေးရှိသေးတယ်နော် ... "
" ဘာပြောတယ် .. "
" ဟာ .. မဟုတ်ပါဘူး။ ကျွန်တော်ပြောတာက ရိုးရိုးပါ။ သိမ့်က အသက်ငယ်သေးတာကို ငယ်သေးကြောင်း ပြောမိတာပါ "
ပျာပျာသလဲ တောင်းတောင်းပန်ပန်ပြောလာတော့လည်း သိမ့် ဘာပြောသာတော့မည်နည်း။ ဘကြီးအောင်က ဗယဝုဒ္ဓိသာမဟုတ်သေး။ ဂုဏဝုဒ္ဓိအရလည်း လေးစားရမည့်သူဖြစ်နေသည်။ သူက သိမ့်အထက်အရာရှိ။
* * *
" ဖိုင်တွဲတယ်ဆိုတာလည်း နည်းစနစ်ကျနဖို့တော့ လိုတယ်။ ခုလို အထက်အောက်ရက်စွဲ အစီအစဉ်အလိုက် စာတွဲတာကို စာအုပ်သဖွယ်စာတွဲနည်းလို့ ခေါ်တယ်။ အောက်က အထက် ရက်စွဲပြောင်းပြန် စာတွဲနည်းဆိုတာက ဟောဒီလိုပုံစံမျိုး။ ရင်ကွဲစာတွဲနည်းဆိုတာလည်း ရှိသေးတယ် ... "
" ရင်ကွဲစာတွဲနည်းတော့ သင်မပေးပါနဲ့ မမ .. "
" အယ် .. ဘာဖြစ်လို့လဲ .. "
" ကျော်ကျော် ရင်ကွဲ မခံနိုင်လို့ပါ .."
လာ လာချည်သေး။ လူက ငယ်ငယ်၊ အရွယ်က နုနု၊ အခုမှ နှစ်ဆယ်ကျော်ရုံပဲ ရှိဦးမည်။ ငယ်သေးလို့ နားမလည်တာကိုးဟု သွား အထင်မသေးနဲ့။ ဒီလောက်ကတော့ ဖြစ်မှာပေါ့လေ။ တက္ကသိုလ်မှာ လေးနှစ်လောက် ပညာသင်ခဲ့ရတာပဲ။ ပညာတွေ စုံရောပေါ့။ သိမ့်ကတော့ စာပေးစာယူနှင့် ဘွဲ့ယူခဲ့တာမို့ ကျော်ကျော်လောက် ပညာမစုံနိုင်ပါ။
ရုံးတွင် ခိုင်းလိုရာခိုင်းပါဟု သူ့အဖေက လာအပ်သောကြောင့် ကျော်ကျော် မလည်မဝယ်ပုံစံဖြင့် ရုံးရောက်လာသည်။ ကျော်ကျော်တို့မိဘမျိုးရိုးက ကုန်သည်မျိုးရိုး။ ကျောင်းပိတ်ထားတုန်း သားစိတ်လေမည်စိုး၍ စည်းလေးကမ်းလေးနှင့် နေတတ်ရန် လုပ်အားပေးအမည်ခံကာ ကလေးလာထိန်းခိုင်းပုံ ရသည်။
ရုံးဆိုတာကလည်း သာမညနှင့်တော့ မဝင်ဆန့်နိုင်။ သင်တန်းအတွေ့အကြုံ၊ လုပ်ငန်းအတွေ့အကြုံနှင့် ပေါင်းစပ်မှ ရုံးလုပ်ငန်းက အံဝင်ခွင်ကျဖြစ်နိုင်သည်။ တစ်လ နှစ်လ လုပ်အားပေးရုံနှင့်တော့ ရုံးလုပ်ငန်းခွင်ထဲ အံဝင်မည်မဟုတ်ပေ။ သာမာန် စာပို့ခိုင်းတာ၊ စာကူးခိုင်းတာ၊ ဇယားပုံစံချခိုင်းတာလောက်ပဲ ရှိမည်။
ကျော်ကျော့်ကိုတော့ သိမ့် စေတနာအရှိသား။ အသားဖြူဖြူ လူပုံချောချောမို့ စေတနာရှိချင်စရာလည်း ကောင်းသည်။ ကင်ဇိုနှင့်ဂျင်းဘောင်းဘီ အမြဲဝတ်နေကျက ရုံးအရှိန်ဖြင့် ပုဆိုးနှင့်တိုက်ပုံ ပြောင်းဝတ်လာသော ကပိုကရိုဟန်လေးက အမြင်ဆန်းစေသည်။ အရောဝင်စွာနေတတ်သည့် ကျော်ကျော့်အပြော၊ ကျော်ကျော့်သဘောထားက အပျိုကြီးသိမ့်၏ နှလုံးသားကို တံခါးလာခေါက်သည်။ ရေလာကောင်းအောင် မြောင်းသွယ်သည်အထိတော့ သိမ့်က နှုတ်လျှာမရဲ။ ဘကြီးအောင်နှင့်ဆိုလျှင် သိမ့်ကအငယ်၊ မှားမှားမှန်မှန် နှုတ်ရဲလျှာရဲပြောနိုင်သည်။ ကျော်ကျော်နှင့် ကျတော့ သိမ့်က အကြီး။ ပြောတာဆိုတာ နေတာထိုင်တာကအစ ထိန်းထိန်းသိမ်းသိမ်း ရှိလာရသည်။
"ကျော်ကျော် ဘွဲ့ရပြီးရင် ရုံးမှာ အလုပ်ဝင်မလို့လား .."
" ဖေဖေကတော့ အရောင်းအဝယ်ပဲ လုပ်ခိုင်းမှာပါ။ ကျော်ကျော်က အရောင်းအဝယ်ဝါသနာ မပါဘူး မမရဲ့။ ဒါကြောင့် ရုံးမှာလုပ်အားပေးချင်တယ်လို့ အတင်း ပူဆာခဲ့တာ။ လုပ်အားပဲ ပေးရမယ်၊ အမြဲတော့ မလုပ်ရဘူးဆိုတဲ့ ခံဝန်မှတ်ချက်နဲ့ မမတို့ရုံးကို ရောက်လာတာပါ။ အောင်စာရင်းလည်း မထွက်သေးတော့ ဘာလုပ်ရမှန်း မသိသေးပါဘူး .."
" ရုံးမှာ ကြာလာရင် ကျော်ကျော် ငြီးငွေ့သွားမှာပါ "
" တခြားရုံးဆိုရင်တော့ ငြီးငွေ့မှာသေချာတယ် "
" မမတို့ရုံးကျ ... ဘာဖြစ်လို့လဲ "
" မမတို့ရုံးမှာက မမရှိတယ်လေ "
" ဟော သူပဲ အပြောကောင်း "
ဘကြီးအောင်တုန်းကတော့ သိမ့်က အလည်၊ သိမ့်က အနပ်။ ကျော်ကျော်နှင့်ကျမှ သိမ့်က ခပ်တုံးတုံး စာရင်းဝင် ဖြစ်သွားသည်။ ရင်တုန်ပန်းတုန်ဖြစ်လို့။
" ဩော် .. သိမ့်က ခုတော့ ပိန်ပေါင်ဘော်လုံးကစားဖို့ ကြံနေပြီကိုး ... "
ကျော်ကျော်နှင့်အရောတဝင်နေသည်ကို ဘကြီးအောင်က နေစိမ့်ဟန်မတူ။
" ဘာတွေလာပြောနေတာလဲ၊ ဘာပိန်ပေါင်မှ မကစားဘူး ... "
သိမ့် အငေါ်တူးလိုက်တော့လည်း " ရယ်စရာပြောတာပါဗျာ "ဟု မျက်နှာညိုညိုဖြင့် ပြောကာ ရှောင်သွားလေသည်။
* * *
ရုံးစာတစ်ထပ်ကြီးထဲ ပါလိုပါငြား လိုက်ရှာသည်။ သိမ့်ရှာသော စာက မပါမြဲ မပါ။ ရုံးသို့ စာဝင်လာတိုင်း သိမ့်က ခုလိုရှာမြဲ၊ ရှာတိုင်းလည်း မပါမြဲ။ ကြာတော့ သိမ့် ကိုယ့်လိပ်ပြာ ကိုယ်မလုံတော့။ အထူးသဖြင့် ဘကြီးအောင်ရှိနေလျှင် ပို၍မလုံခြုံ။ ဘကြီးအောင်ကိုများ အရေးစိုက်လို့။ စိတ်ကိုသာ တင်းရသည်။ဘကြီးအောင်များ ကြည့်နေလေမလား ဟူသော သံသယဖြင့် ဘကြီးအောင်ဘက် တလှည့်ကြည့်ကြည့် လုပ်မိသည်။ ဘကြီးအောင်ပင် တစ်မျိုးတစ်မည်တွေးပြီး သူ့ကိုယ်သူ အထင်ကြီးလောက်သည်။ "ငါကွ .. ငါကွ "ဟု လက်မထောင် ခေါင်းမော့ ရင်ကော့နေမှဖြင့်။ သိမ့်အတွေးနှင့် သိမ့် တပြုံးပြုံး။
" သိမ့် ဘာရှာနေတာလဲ "
ဟဲ့ သောက်ပလုတ်တုတ်ဟု အော်မိတော့မလို့။ ဘကြီးအောင်အကြောင်း တွေးရုံရှိသေး။ ဘကြီးအောင်က အနားရောက်လာသည်။
" အရေးတကြီးလုပ်ရမယ့်စာများ ပါသလားလို့ "
ချော်လဲရောထိုင် အဆင်ပြေသလို ကြည့်ပြောလိုက်ရသည်။
" ရပါတယ်၊ ကျွန်တော် ကြည့်စီစဉ်လိုက်ပါ့မယ်။ ဒါနဲ့ ဟို .. ကျော်ကျော်ဆိုတဲ့ကောင်လေးဆီကစာကော မလာဘူးလား .. "
ကိုယ့်ကိုယ်ကို လုံလှပြီအထင်ဖြင့် ဣနြေ္ဒဆယ်ကာမှ မလုံသည့်အိုးမို့ တုတ်မိုးရုံဖြင့် ကွဲချေပြီ။ ဘကြီးအောင်လည်း ရိပ်စားမိမှာပါပဲလေ။ သိမ့်အရိပ်အခြည်ကို မပြတ်တမ်း ကြည့်နေသူပဲလေ။
" ဘာလို့လာရမှာလဲ "
သိမ့်က မာနကြီးတစ်ခွဲသားနှင့် တင်းမာစွာ ဆိုလိုက်သည်။
" ဒီလိုပါ။ ကျော်ကျော်က သိမ့်ကို ခင်တယ်မဟုတ်လား။ ကောင်လေးက ကွာလီဖိုင်းဖြစ်ပြီး ဂုဏ်ထူးတန်း ဆက်တက်နေတော့ မာကြောင်းသာကြောင်းလေးများ ရေးမလားလို့ပါ "
" ကျော်ကျော်က သိမ့်ကို ဒီလောက်ခင်တာမဟုတ်ပါဘူး ဘကြီးအောင်ရယ် ... "
သိမ့်လေသံက အင်အားမဲ့နေသည်။ ကျော်ကျော်ဆိုသည့်ကောင် ပြောတုန်းကတော့ မိုးလားကဲလား။ အိမ်က ကျောင်းဆက်တက်ပါဆိုလို့သာ တက်ရတာပါ။ ကျော်ကျော်က မမတို့ရုံးမှာပဲပျော်တယ်လေး ဘာလေးနှင့် ယုံအောင် ချွဲသွားသေးသည်။ ခုဆို ကျော်ကျော် တက္ကသိုလ်ရောက်နေတာ သုံးလတောင်ပြည့်တော့မည်။ စာကလေးတစ်စောင် ရေးဖော်မရ။
" ကျွန်တော်တော့ ဝမ်းသာတယ် "
" ဘာ ဝမ်းသာတာလဲ "
အရင်းမရှိ အဖျားမရှိ ဝမ်းသာကြောင်းပြောလာတော့ သိမ့် မကျေနပ်။ သူများစိတ်ဆင်းရဲရတာကို သူက ဝမ်းသာသတဲ့လား။ သွားစမ်းပါ။
" ဩော် .. သိမ့်လည်း ကျွန်တော်ခံစားရသလို ခံစားတတ်လာလို့ ဝမ်းသာမိတာပါ .. "
" ဘာမှမခံစားရဘူး။ မဆိုင်တာလာမပြောနဲ့ "
" သူများကိုတော့ လိမ်လို့ရချင်ရမယ်၊ ကိုယ့်ကိုယ်ကိုယ်တော့ လိမ်လို့မရပါဘူးသိမ့်ရယ် ... "ဟုပြောကာ သူ့စားပွဲရှိရာသို့ ရုံးစာတွေယူပြီး ထွက်သွားသည်။
သိမ့် နှုတ်ခမ်းတလံ ပန်းတစ်လံဖြင့် ရန်မတွေ့ဖြစ်။ ဘာ့ကြောင့်ရယ်မသိ၊ အသက်ဆယ်နှစ်ကျော် ကွာခြားသည်ဆိုသော်လည်း မပြတ်ကစားနေ၍လား မပြောတတ်။ သိမ့်နှင့် ရွယ်တူလိုဖြစ်နေသော ဘကြီးအောင်ကို ဘကြီးအောင်လို့ခေါ်ရမှာ ပထမဆုံးအကြိမ်အဖြစ် အားနာလာမိသည်။
* * *
ခြိမ့်သဲ
ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၈၉။
credit - ကျော်ထွေးအောင် FB account
No comments:
Post a Comment