Feb 10, 2018

လွမ်းသလားမေပျို - ခြိမ့်သဲ

လွမ်းသလားမေပျို  - ခြိမ့်သဲ

* * *

ကို​အောင်​မြင့်​ကို ချစ်​သလားမ​မေးနဲ့။ မချစ်​ဘူး။ ဒီလိုလူမျိုးကိုသာ ချစ်​ခဲ့ရင်​ ဒီကသိမ့်​ ခု​လောက်​ဆို သားသမီး​တွေ​ တော်​​တော်​စုမိ​ဆောင်းမိဖြစ်​​နေလိမ့်မည်။ သို့ရာတွင်​ ကို​အောင်​မြင့်​က သိမ့်​ထက်​ ဆယ်​နှစ်​ ပိုပိုသာသာ ကြီးပါသည်​။

" ကျွန်​​တော်​က ခုထိ အားကစားကို ဝါသနာ ပါတုန်းပဲ။ငယ်​ငယ်​က​တော့ ဘတ်​စကက်​​ဘော ကစားခဲ့တယ်​။နောက်​ပိုင်း ခြင်းလုံးကစား​သေးတယ်​။ လွန်​ခဲ့တဲ့ငါးနှစ်​​လောက်​ကစပြီး တင်းနစ်​ရိုက်​တယ်​။ ခု​တော့ ပိန်​​ပေါင်​ပဲ ကစားဖြစ်​​တော့တယ်​။ ဒီလိုပဲ အမှုမဲ့အမှတ်​မဲ့ အားကစားနည်းတွေ ​ပြောင်းကစားခဲ့တာကို ပြန်​​တွေးကြည့်​​တော့ တဖြည်းဖြည်း အသက်​ကြီးလာတာနဲ့အမျှ အားကစားပစ္စည်းဖြစ်​တဲ့​ ဘောလုံးအရွယ်​အစားဟာ ဘတ်စကက်ဘောက နေ ပိန်​​ပေါင်​အထိ​ သေးလာတာကို​ တွေ့ရတယ်​။ ​ဩော် .. ​လူဆိုတာဟာ အသက်​ကြီးလာရင်​ ငယ်တာလေး​တွေကို ပိုသ​ဘောကျတတ်​ပါလားလို့ ခုမှ​ တွေးမိလာတယ်​ဗျာ... "

မိမိ​ရှေ့မှာပင်​ ထိကပါးရိကပါး​ ပေါက်​ပန်း​ဈေး​တွေ ဆိုလာသည်​။ သိမ့်​ကလည်း ရာဇဝင်​နှင့် သိမ့်ပါနော်။ ဘယ်တုန်းကမှ ဘာကိစ္စ​နှင့်​ဖြစ်​ဖြစ်​ သိမ့်​ အရှုံး​ပေးရရိုး ထုံးစံမရှိခဲ့။

" ဘကြီး​အောင်​​ရေ ​နောက်​ဆို ပိန်​​ပေါင်​မကစား​တော့ဘဲ ငယ်​မူပြန်​ပြီး ​ဂေါ်လီလုံးကစားဖို့ပဲ ကျန်​​တော့တယ်​ ... "

ကို​အောင်​မြင့်​ကို အသက်​ကြီးမှန်းသိသာ​အောင်​ ဘကြီး​အောင်​ဟု သိမ့်​က ဦးစွာ​ခေါ်ခဲ့သည်​။ တစ်ရုံးလုံးကလည်း သိမ့်​​ခေါ်သလို ဘကြီး​အောင်​ဟု​ ခေါ်လာကြသည်​။ ကို​အောင်​မြင့်​ဆိုသည့်​လူက ဘကြီး​အောင်အမည်​ကိုပင်​ သ​ဘောကျ​နေ​သေးသည်​။ သိမ့်ကစပြီး ချစ်​စနိုး​ခေါ်လို့ သူက သဘောကျ​နေတာတဲ့ဟု တစ်​ရုံးတည်း​နေ လုပ်​​ဖော်​ကိုင်​ဖက်​များက ​ပြော​နေချိန်​တွင်​ ဘကြီး​အောင်​အခေါ်က နှုတ်​ကျိုး​နေပြီ။ သိမ့်​​ အောင့်သက်​သက်​နှင့်​ပင်​ ဘကြီး​အောင်​အ​ခေါ်ကို ပြင်​မရမှန်းသိ၍ ဆက်​​ခေါ်​နေရ​တော့သည်​။

" ဟုတ်​လိမ့်​မယ်​။ သိမ့်​​ပြောသလိုပဲ​ ... နောက်​ဆို ​ဂေါ်လီလုံးက​လေး​တွေ ကစားချင်​စိတ်​​ပေါ်လာ​လေမလား မ​ပြောတတ်​ဘူး .. "

ရိုးပါ့၊ အပါ့။ သူ့ကို အပြစ်​​ပြော​ပြောမှန်းမသိ၊ ရွဲ့ ရွဲ့မှန်းမသိ။

" ဒါဆို ဘကြီး​အောင်​ ငယ်​မူပြန်​ဖို့နီးပြီ​ပေါ့ ... "

" ငယ်​မူငယ်​​သွေး​လေး​တွေ ပိုသ​ဘောကျလှ​ပေါ့ သိမ့်ရယ်​၊ သိမ့်​လည်း ငယ်​ငယ်​​လေးရှိ​သေးတယ်နော်​ ... "

" ဘာ​ပြောတယ်​ .. "

" ဟာ .. မဟုတ်​ပါဘူး။ ကျွန်​​တော်​​ပြောတာက ရိုးရိုးပါ။ သိမ့်​က အသက်​ငယ်​​သေးတာကို ငယ်​​သေး​ကြောင်း ​ပြောမိတာပါ "

ပျာပျာသလဲ ​တောင်း​တောင်းပန်​ပန်​​ပြောလာ​တော့လည်း သိမ့်​ ဘာ​ပြောသာ​တော့မည်​နည်း။ ဘကြီးအောင်​က ဗယဝုဒ္ဓိသာမဟုတ်​​သေး။ ဂုဏဝုဒ္ဓိအရလည်း​ လေးစားရမည့်​သူဖြစ်​​နေသည်​။ သူက သိမ့်​အထက်​အရာရှိ။

* * *

" ဖိုင်​တွဲတယ်​ဆိုတာလည်း နည်းစနစ်​ကျနဖို့​တော့ လိုတယ်​။ ခုလို အထက်​​အောက်​ရက်​စွဲ အစီအစဉ်​အလိုက်​ စာတွဲတာကို စာအုပ်​သဖွယ်​စာတွဲနည်းလို့​ ခေါ်တယ်​။ ​အောက်​က အထက်​ ရက်​စွဲ​ပြောင်းပြန်​ စာတွဲနည်းဆိုတာက ​ဟောဒီလိုပုံစံမျိုး။ ရင်​ကွဲစာတွဲနည်းဆိုတာလည်း ရှိ​သေးတယ်​ ... "

" ရင်​ကွဲစာတွဲနည်း​တော့ သင်​မ​ပေးပါနဲ့ မမ .. "

" အယ်​ ..  ဘာဖြစ်​လို့လဲ .. "

" ​ကျော်​​ကျော်​ ရင်​ကွဲ မခံနိုင်​လို့ပါ .."

လာ လာချည်​​သေး။ လူက ငယ်​ငယ်​၊ အရွယ်​က နုနု၊ အခုမှ နှစ်​ဆယ်​ကျော်ရုံပဲ ရှိဦးမည်။ ငယ်သေးလို့ နားမလည်တာကိုးဟု သွား အထင်မသေးနဲ့။ ဒီလောက်ကတော့ ဖြစ်မှာပေါ့လေ။ တက္ကသိုလ်မှာ လေးနှစ်လောက် ပညာသင်ခဲ့ရတာပဲ။ ပညာတွေ စုံရောပေါ့။ သိမ့်ကတော့ စာပေးစာယူနှင့် ဘွဲ့ယူခဲ့တာမို့ ကျော်ကျော်လောက် ပညာမစုံနိုင်ပါ။

ရုံးတွင် ခိုင်းလိုရာခိုင်းပါဟု သူ့အဖေက လာအပ်သောကြောင့် ကျော်ကျော် မလည်မဝယ်ပုံစံဖြင့် ရုံးရောက်လာသည်။ ကျော်ကျော်တို့မိဘမျိုးရိုးက ကုန်သည်မျိုးရိုး။ ကျောင်းပိတ်ထားတုန်း သားစိတ်လေမည်စိုး၍ စည်းလေးကမ်းလေးနှင့် နေတတ်ရန် လုပ်အားပေးအမည်ခံကာ ကလေးလာထိန်းခိုင်းပုံ ရသည်။

ရုံးဆိုတာကလည်း သာမညနှင့်​တော့ မဝင်ဆန့်နိုင်။ သင်​တန်းအ​တွေ့အကြုံ၊ လုပ်​ငန်းအ​တွေ့အကြုံနှင့်​​ ပေါင်းစပ်​မှ ရုံးလုပ်​ငန်းက အံဝင်​ခွင်​ကျဖြစ်​နိုင်​သည်​။ တစ်​လ နှစ်​လ လုပ်​အား​ပေးရုံနှင့်​​တော့ ရုံးလုပ်ငန်းခွင်ထဲ အံဝင်​မည်​မဟုတ်​​ပေ။ သာမာန်​ စာပို့ခိုင်းတာ၊ စာကူးခိုင်းတာ၊ ဇယားပုံစံချခိုင်းတာ​လောက်​ပဲ ရှိမည်​။

ကျော်​​ကျော့်​ကို​တော့ သိမ့်​​ စေတနာအရှိသား။ အသားဖြူဖြူ လူပုံ​ချော​ချောမို့​ စေတနာရှိချင်​စရာလည်း​ ကောင်းသည်​။ ကင်​ဇိုနှင့်​ဂျင်း​ဘောင်းဘီ အမြဲဝတ်​​နေကျက ရုံးအရှိန်​ဖြင့်​ ပုဆိုးနှင့်​တိုက်​ပုံ​ ပြောင်းဝတ်​လာ​သော ကပိုကရိုဟန်​​လေးက အမြင်​ဆန်း​စေသည်​။ ​အရောဝင်​စွာ​နေတတ်​သည့်​​ ကျော်​​ကျော့်​အ​ပြော၊ ​ကျော်​​ကျော့်​သ​ဘောထားက အပျိုကြီးသိမ့်၏ နှလုံးသားကို တံခါးလာ​ခေါက်သည်။ ​ရေလာ​ကောင်းအောင်​​ မြောင်းသွယ်​သည်​အထိ​တော့ သိမ့်​က နှုတ်​လျှာမရဲ။ ဘကြီး​အောင်​နှင့်​ဆိုလျှင်​ သိမ့်​ကအငယ်​၊ မှားမှားမှန်​မှန်​ နှုတ်​ရဲလျှာရဲ​ပြောနိုင်​သည်​။ ​ကျော်ကျော်နှင့် ကျတော့ သိမ့်​က အကြီး။ ​ပြောတာဆိုတာ​ နေတာထိုင်​တာကအစ ထိန်းထိန်းသိမ်းသိမ်း ရှိလာရသည်​။ 

"ကျော်​​ကျော်​ ဘွဲ့ရပြီးရင်​ ရုံးမှာ အလုပ်​ဝင်​မလို့လား .."

" ​ဖေ​ဖေက​တော့ အ​ရောင်းအဝယ်​ပဲ လုပ်​ခိုင်းမှာပါ။ ​ကျော်​​ကျော်​က အ​ရောင်းအဝယ်​ဝါသနာ မပါဘူး မမရဲ့။ ဒါကြောင့်​ ရုံးမှာလုပ်​အား​ပေးချင်​တယ်​လို့ အတင်း ပူဆာခဲ့တာ။ လုပ်​အားပဲ​ ပေးရမယ်​၊ အမြဲ​တော့ မလုပ်​ရဘူးဆိုတဲ့ ခံဝန်မှတ်​ချက်​နဲ့ မမတို့ရုံးကို ​ရောက်​လာတာပါ။ ​အောင်​စာရင်းလည်း မထွက်သေးတော့ ဘာလုပ်​ရမှန်း မသိ​သေးပါဘူး .."

" ရုံးမှာ ကြာလာရင်​ ​ကျော်​​ကျော်​ ငြီး​ငွေ့သွားမှာပါ "

" တခြားရုံးဆိုရင်​​တော့ ငြီး​ငွေ့မှာ​သေချာတယ်​ "

" မမတို့ရုံးကျ ... ဘာဖြစ်​လို့လဲ "

" မမတို့ရုံးမှာက မမရှိတယ်​​လေ "

" ​ဟော သူပဲ အ​ပြောကောင်း "

ဘကြီး​အောင်​တုန်းက​တော့ သိမ့်​က အလည်​၊ သိမ့်က အနပ်​။ ​ကျော်​​ကျော်​နှင့်​ကျမှ သိမ့်​က ခပ်​တုံးတုံး စာရင်းဝင်​ ဖြစ်​သွားသည်​။ ရင်​တုန်​ပန်းတုန်​ဖြစ်​လို့။

" ​ဩော်​ .. သိမ့်​က ခု​တော့ ပိန်​​ပေါင်​​ဘော်​လုံးကစားဖို့ ကြံ​နေပြီကိုး ... "

ကျော်​​ကျော်​နှင့်​အ​ရောတဝင်​​နေသည်​ကို ဘကြီးအောင်က ​နေစိမ့်​ဟန်​မတူ။

" ဘာ​တွေလာ​ပြော​နေတာလဲ၊ ဘာပိန်​​ပေါင်​မှ မကစားဘူး ... "

သိမ့်​ အ​ငေါ်တူးလိုက်​​တော့လည်း " ရယ်​စရာ​ပြောတာပါဗျာ "ဟု မျက်​နှာညိုညိုဖြင့်​​ ပြောကာ ​ရှောင်​သွား​လေသည်​။

* * *

ရုံးစာတစ်​ထပ်​ကြီးထဲ ပါလိုပါငြား လိုက်​ရှာသည်​။ သိမ့်ရှာ​သော စာက မပါမြဲ မပါ။ ရုံးသို့ စာဝင်​လာတိုင်း သိမ့်​က ခုလိုရှာမြဲ၊ ရှာတိုင်းလည်း မပါမြဲ။ ကြာ​တော့ သိမ့်​ ကိုယ့်​လိပ်​ပြာ ကိုယ်​မလုံ​တော့။ အထူးသဖြင့်​ ဘကြီး​အောင်​ရှိ​နေလျှင်​ ပို၍မလုံခြုံ။ ဘကြီး​အောင်​ကိုများ အ​ရေးစိုက်​လို့။ စိတ်​ကိုသာ တင်းရသည်​။ဘကြီး​အောင်​များ ကြည့်​​နေ​လေမလား ဟူ​သော သံသယဖြင့်​ ဘကြီး​အောင်​ဘက် တလှည့်​ကြည့်​ကြည့်​ လုပ်​မိသည်​။ ဘကြီးအောင်ပင်​ တစ်​မျိုးတစ်​မည်​​တွေးပြီး သူ့ကိုယ်​သူ အထင်​ကြီး​လောက်​သည်​။  "ငါကွ .. ငါကွ "ဟု လက်​မ​ထောင်​ ​ခေါင်း​မော့ ရင်​​ကော့နေမှဖြင့်။ သိမ့်​အ​တွေးနှင့်​ သိမ့်​ တပြုံးပြုံး။

" သိမ့်​ ဘာရှာ​နေတာလဲ "

ဟဲ့​ သောက်​ပလုတ်​တုတ်​ဟု ​အော်​မိ​တော့မလို့။ ဘကြီးအောင်​အ​ကြောင်း​ တွေးရုံရှိ​သေး။ ဘကြီး​အောင်​က အနား​ရောက်​လာသည်​။

" အ​ရေးတကြီးလုပ်​ရမယ့်​စာများ ပါသလားလို့ "

ချော်လဲ​ရောထိုင်​ အဆင်​​ပြေသလို ကြည့်​​ပြောလိုက်​ရသည်​။

" ရပါတယ်​၊ ကျွန်​​တော်​ ကြည့်​စီစဉ်​လိုက်​ပါ့မယ်​။ ဒါနဲ့ ဟို .. ​ကျော်​​ကျော်​ဆိုတဲ့​ကောင်​​လေးဆီကစာ​ကော မလာဘူးလား .. "

ကိုယ့်​ကိုယ်​ကို လုံလှပြီအထင်​ဖြင့်​ ဣ​နြေ္ဒဆယ်​ကာမှ မလုံသည့်​အိုးမို့ တုတ်​မိုးရုံဖြင့်​ ကွဲ​ချေပြီ။ ဘကြီး​အောင်​လည်း ရိပ်​စားမိမှာပါပဲ​လေ။ သိမ့်​အရိပ်​အခြည်​ကို မပြတ်​တမ်း ကြည့်​​နေသူပဲ​လေ။

" ဘာလို့လာရမှာလဲ "

သိမ့်​က မာနကြီးတစ်​ခွဲသားနှင့်​ တင်းမာစွာ ဆိုလိုက်​သည်​။

" ဒီလိုပါ။ ​ကျော်​​ကျော်​က သိမ့်​ကို ခင်​တယ်​မဟုတ်​လား။ ​ကောင်​​လေးက ကွာလီဖိုင်းဖြစ်​ပြီး ဂုဏ်​ထူးတန်း ဆက်​တက်​​နေ​တော့ မာ​ကြောင်းသာ​ကြောင်း​လေးများ​ ရေးမလားလို့ပါ "

" ​ကျော်​​ကျော်​က သိမ့်​ကို ဒီ​လောက်​ခင်​တာမဟုတ်​ပါဘူး ဘကြီး​အောင်​ရယ်​ ... "

သိမ့်​​လေသံက အင်​အားမဲ့​နေသည်​။ ကျော်​​ကျော်​ဆိုသည့်​​ကောင်​ ​ပြောတုန်းက​တော့ မိုးလားကဲလား။ အိမ်​က​ ကျောင်းဆက်​တက်​ပါဆိုလို့သာ တက်​ရတာပါ။ ​ကျော်​​ကျော်​က မမတို့ရုံးမှာပဲ​ပျော်​တယ်​​လေး ဘာ​လေးနှင့်​ ယုံ​အောင်​ ချွဲသွား​သေးသည်​။ ခုဆို​ ကျော်ကျော်​ တက္ကသိုလ်​​ရောက်​​နေတာ သုံးလ​တောင်​ပြည့်​​တော့မည်​။ စာက​လေးတစ်​​စောင်​​ ရေး​ဖော်​မရ။

" ကျွန်​​တော်​​တော့ ဝမ်းသာတယ်​ "

" ဘာ ဝမ်းသာတာလဲ "

အရင်းမရှိ အဖျားမရှိ ဝမ်းသာ​ကြောင်း​ပြောလာ​တော့ သိမ့်​ မ​ကျေနပ်​။ သူများစိတ်​ဆင်းရဲရတာကို သူက ဝမ်းသာသတဲ့လား။ သွားစမ်းပါ။ 

" ဩော်​ .. သိမ့်​လည်း ကျွန်​​တော်​ခံစားရသလို ခံစားတတ်​လာလို့ ဝမ်းသာမိတာပါ .. "

" ဘာမှမခံစားရဘူး။ မဆိုင်​တာလာမ​ပြောနဲ့ "

" သူများကို​တော့ လိမ်​လို့ရချင်​ရမယ်​၊ ကိုယ့်​ကိုယ်​ကိုယ်​တော့ လိမ်​လို့မရပါဘူးသိမ့်​ရယ်​ ... "ဟု​ပြောကာ သူ့စားပွဲရှိရာသို့ ရုံးစာ​တွေယူပြီး ထွက်​သွားသည်​။

သိမ့်​ နှုတ်​ခမ်းတလံ ပန်းတစ်​လံဖြင့်​ ရန်​မ​တွေ့ဖြစ်​။ ဘာ့​ကြောင့်​ရယ်​မသိ၊ အသက်​ဆယ်​နှစ်​​ကျော်​ ကွာခြားသည်ဆို​သော်​လည်း မပြတ်​ကစား​နေ၍လား မပြောတတ်​။ သိမ့်​နှင့်​ ရွယ်​တူလိုဖြစ်​​နေ​သော ဘကြီး​အောင်​ကို ဘကြီး​အောင်​လို့​ခေါ်ရမှာ ပထမဆုံးအကြိမ်အဖြစ်​​ အားနာလာမိသည်​။

* * *
ခြိမ့်​သဲ
ရွှေအမြု​တေရုပ်​စုံမဂ္ဂဇင်း၊ စက်​တင်​ဘာ၊ ၁၉၈၉။
credit - ကျော်ထွေးအောင် FB account

No comments:

Post a Comment