ပုံပြောကောင်းသော ည- ငွေဇင်ယော်ဦး(မိုးကုတ်)
* * *
ဆိုင်ပိတ်ပြီး ကျွန်မပြန်လာတော့ မိုးအတော် ချုပ်နေပါပြီ။ ‘ ကိုးနာရီခွဲလောက်များ ’ လို့ မြို့ကြီးပြကြီးမှာ နေသူတွေအဖို့ ပြောကောင်း ပြောချင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့ မြို့ကလေးမှာတော့ အဲဒီအချိန်ဟာ ညဥ့်နက်ပြီလို့ ပြောနိုင်တာ သေချာပါတယ်။ ရှိသမျှ ဦးထုပ်၊ ခြေစွပ်၊ လက်စွပ်တွေနဲ့ အလုံ ထွေးထား ရက်နဲ့တောင် လွတ်နေတဲ့ နှာသီး၊ ပါးပြင်တွေ ထုံကျဉ်အေးခဲမတတ် အအေးဓာတ်ကဲလှတဲ့ ဒီဇင်ဘာရဲ့ ဆောင်းညမျိုးဖြစ်နေတာလည်း အများကြီး ပါတာပေါ့လေ။ နှစ်တိုင်း ပြောမိနေကျ စကားကိုပဲ မရိုးနိုင်စွာ ထပ်ပြောရရင် ဒီနှစ်ဆောင်းက ခါတိုင်းထက်ကို ပိုအေးတယ် ထင်တာပါပဲ။ စာစောင်တွေထဲက မိုးလေ၀သ ခန့်မှန်းချက်တွေ ဖတ်ကြည့်တော့ ကျွန်မတို့မြို့ကလေးထက် အေးတဲ့မြို့ဆိုလို့ သုံးလေးနေရာလားမသိ ရှိတော့တာလေ။ ဒါတောင် ဒီဘက်ခေတ်ရောက်မှ အအေးအများကြီး သက်သာလာတာလို့ ရှေ့မီနောက်မီ လူကြီးသူမတွေက ပြောကြသေးတာ။ဟုတ်ရင်လည်း ဟုတ်မှာပေါ့။ သစ်တောတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီးပြုန်းတီးလာတာ မြင်နေရသလို ကမ္ဘာကြီးပူနွေးလာတဲ့ပြဿနာကလည်း အသံပိုကျယ်လာတာ ကြားနေရတာပဲ။ ထားပါ။
ကျွန်မ အဓိကပြောချင်နေတာက အဲဒီ ရာသီဥတုကိစ္စ မဟုတ်ပါဘူး။ ရာသီအေးလွန်းတာ ကြောင့် မိုးနည်းနည်းချုပ်တာနဲ့ လမ်းပေါ် လူအသွား လူအလာ ကျဲရတဲ့အကြောင်း ပြောချင်တာပါ။ ညကိုးနာရီဝန်းကျင်ဆို လမ်းတွေထဲ အသွားအလာ မရှိတော့သလောက်ပဲ။ အကြောင်းကိစ္စရှိသူတွေ၊ ညဥ့်နက်သန်းခေါင်ချိန်ထိ လည်လို့ကောင်းနေတုန်း လူငယ်တွေနဲ့ ရုပ်ရှင်ဗီဒီယိုကြည့်ပြီး ပြန်လာတဲ့သူတွေတော့ ရှိတတ်တာပေါ့။ ဒါက မိန်းလမ်းမပေါ်မှာ ပြောတာပါ။ မိန်းလမ်းမပေါ် တည့်တည့် လျှောက်ပြန်ရတာမဟုတ်တဲ့ ကျွန်မရဲ့ အိမ်ပြန်ချိန်တွေကတော့ ပုံမှန်အားဖြင့် လူပြတ်နေတာ ကြုံနေကျပါပဲ။ ကျွန်မတို့အိမ်က မိန်းလမ်းမကြီးကနေ လမ်းသွယ်ထဲပြန်ဝင်၊ အဲဒီလမ်းသွယ်ရဲ့ လမ်းကြားလေးငါးခုလောက် ဖြတ်လျှောက်ပြီး လမ်းကြားကျဉ်းလေးထဲ လျှောက်ဝင်သွားရသေးတာ။ အဲဒီလို နေရာ ချောင်ကြားကျလို့လည်း ကျွန်မရဲ့ စာအုပ် အငှားဆိုင်လေးကို မိန်းလမ်းမဘက်မှာ ဆိုင်ခန်းငှားပြီး ဖွင့်နေရတာပေါ့လေ။ ရပ်ကွက်က ညဆို နည်းနည်း တိတ်ဆိတ်တယ်။ ကိုယ့်ဝင်းကိုယ့်ခြံ ကျယ်ကျယ်ဝန်းဝန်းတွေနဲ့ ဆိုတော့လေ။ ညရှစ်နာရီဝန်းကျင်ဆို သူ့အိမ် ကိုယ့်အိမ် တံခါးပိတ်ကုန်ကြတာ တော်ရုံနဲ့ ခေါ်ဖို့ပြုဖို့ မလွယ်တော့ဘူး။ အရင်ရက်တွေ တုန်းကတော့ အဲဒီအခြေအနေအပေါ် ကျွန်မစိတ်ထဲ ဘယ့်နှယ်မှမနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မဘေးမှာ အမေပါတယ်လေ။ မနက်မိုးလင်းလို့ စားသောက် သိမ်းဆည်း၊ ရေမိုးချိုးပြီး လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ ကျွန်မက ဆိုင်သွားဖွင့်ပြီ။ ပုံမှန်ခြေလှမ်းနဲ့ဆို အိမ်နဲ့ဆိုင်ကို မိနစ်နှစ်ဆယ် နီးနီးလောက်တော့ လမ်းလျှောက်ရတယ်။ ဘွဲ့တစ်ခု ရထားပေမယ့် ကျွန်မတို့မြို့ကလေးမှာ ၀န်ထမ်းအလုပ်ရယ်လို့ သိပ်မရှိလှတာမို့၊ ပြီးတော့ တစ်မြို့ တစ်ရွာမှာ သွားရောက် လုပ်ကိုင်ဖို့ ဆိုတာလည်း အမေတစ်ယောက်တည်း အိမ်မှာ စိတ်ချလက်ချ မထားခဲ့နိုင်တဲ့ ကျွန်မအတွက် အဖေမရှိတော့တဲ့နောက် ရှိတာလေး မပျောက်ပျက်ခင် ထုခွဲရောင်းချပြီး ၀ါသနာပါတဲ့ စာအုပ်အငှားဆိုင်လေး ထူထောင်ဖြစ်ခဲ့တာလေ။ မဆိုးပါဘူး။ ရပ်ကွက်ထဲမှာ ဆိုင်ပြိုင်မရှိတော့ လူစည်ပါတယ်။ မနက် ကိုးနာရီလောက်က စဖွင့်ပြီး ည ကိုးနာရီ၊ ကိုးနာရီခွဲလောက်မှ ဆိုင်ပိတ်ပြီး ပြန်ရတယ်။ တစ်နေကုန် အိမ်နဲ့ဆိုင် တစ်လှည့်စီ ကူးချည် သန်းချည် လုပ်နေရတဲ့ အမေကတော့ နည်းနည်း အလုပ်ရှုပ်တာပေါ့။ ဆိုင်ပိတ်ပြီး သားအမိနှစ်ယောက် အိမ်ပြန်ချိန်ဆိုရင် လမ်းကြားထဲ လူပြတ်နေတာက ခပ်များများ။ မီးပျက်ရက်နဲ့ လကွယ်ရက် တိုက်ဆိုင်နေရင် ဘာမှကို မမြင်ရတော့တာ။ ဓာတ်မီး ပါမလာတဲ့သူတချို့ဆို သူတို့ကို ၀င်တိုက်ခံရမှာ စိုးလို့ ထင်ပါရဲ့။ သီချင်း တကြော်ကြော်နဲ့ အသံပေးလာကြတယ်။ ကျွန်မတို့မှာ ဓာတ်မီးတစ်လက် အမြဲဆောင်ထားပေမယ့် လကွယ်ည မီးပျက်ညနဲ့ မိုးစွေနေတဲ့ညတို့ဆို ပြန်ရတာ နည်းနည်းတော့ စိတ်ထင့်မိတာပဲ။ အမေကတော့ တစ်လမ်းလုံးဘုရားစာ တတွတ်တွတ်ပေါ့။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြောက်ကြောက် နှစ်ယောက်ဆိုတဲ့အားနဲ့ တစ်ယောက်တည်းပါလားဆိုတဲ့အားက အတော့်ကို ကွာတာပါ။ အဖော်တစ်ယောက်ရဲ့ တန်ဖိုးကို ကျွန်မတစ်ယောက်တည်း ပြန်ရမယ့်ညရဲ့ အနေအထားက ပိုပြီးသိသာသွားစေတယ်။ ဒီနေ့ညနေဘက် စောစောမှာ ကျွန်မတို့ဆိုင်ကို အမေ့တူမ (ကျွန်မညီမ၀မ်းကွဲ) ပျာယီးပျာယာ ရောက်ချလာပြီး သူ့အမေ (ကျွန်မအမေရဲ့ညီမ) ရုတ်တရက် လေဖြတ်သွားလို့ အမေ့ကို လာခေါ်သွားတယ်။ ကျွန်မကတော့ ဆိုင်မှာ လူကျလျက် တန်းလန်းမို့ ဆိုင်ပိတ်လို့မရတာနဲ့ မနက်ဖြန်မှ လာမယ်ဆိုပြီး နေခဲ့ရတယ်။ မွေးချင်းညီအစ်မရယ်လို့ ဒီနှစ်ယောက်ပဲ ရှိလင့်ကစား ရပ်ကွက်ချင်းက တမျှော်တခေါ်၊ တောင်နှင့် မြောက်ဆိုတော့ ကျွန်မတို့တွေ တစ်အိမ်နဲ့တစ်အိမ် သိပ်အ၀င်အထွက် မရှိဖြစ်ကြဘူး။ ကိုယ့်အလုပ်နဲ့ကိုယ် ကျွန်မတို့ သားအမိမအားသလို သူတို့တွေကလည်း သူတို့ဘ၀နဲ့ သူတို့ ရုန်းကန်နေကြရတာ။ အမေက ကျွန်မကို ထားခဲ့လို့ရမလား။ တစ်ယောက်တည်း ဖြစ်ပါ့မလား။ ဆိုင်စောစောပိတ်ပြီးပြန်။ ဘာညာနဲ့ ကတိုက်ကရိုက်မှာပြီး လာခေါ်တဲ့ တူမနောက် ထလိုက်သွားရတယ်။
ဒါပေမဲ့ သိတဲ့အတိုင်းပဲ။ ပို့နေကျအချိန်မှ ပို့တဲ့လူတွေကိုစောင့်။ စာရင်းတွေ ဟိုတို့ဒီတို့နဲ့ အလုပ်ပြီးလို့ နာရီမော့ကြည့်တော့ ကိုးနာရီခွဲနေပြီ။
ဆိုင်တံခါး အသေအချာ သော့ခတ်ပြီး ထွက်လာတော့ လမ်းပေါ်မှာ လူသွားလူလာ ခြောက်ကပ်ကပ် ဖြစ်နေပါပြီ။ ဆယ်နာရီ၊ ဆယ့်တစ်နာရီလောက်အထိ ထိုင်ရောင်းကြတဲ့ ညဈေးသည်တွေကတော့ မီးခွက်တစ်လက်လက်နဲ့ ၀ယ်သူကိုမျှော်လို့ ကောင်းကြတုန်းပေါ့။ ဈေးတန်းတစ်လျှောက်ဖြတ်ကျော်ပြီး လမ်းသွယ်ဘက် စတင်ချိုးကွေ့ ၀င်လာလိုက်ချိန် ကျတော့ ကျွန်မ နည်းနည်းတွန့်သွားတယ်။ ခုံးမျက်စ သုံးရက်လအောက်မှာ ညက ပကတိ အမှောင်သက်သက် ဆီးကြိုနေတာကိုး။ မီးကလည်း ဒီည ပျက်တဲ့အလှည့်။ ဆောင်းရာသီမို့ တိမ်ညိုတိမ်လိပ်တွေ ကြည်စင်နေတဲ့ ကောင်းကင်ကြီးပေါ်မှာ မှိတ်တုတ်မှိတ်တုတ် ဟန်ရေးပြနေတဲ့ ကြယ်ကလေးတွေတော့ ဟိုတစ်ပွင့် ဒီတစ်ပွင့်ရှိပါရဲ့။ ဒါပေမဲ့ ကြယ် ဘယ်လောက်များများ လမှ မသာခဲ့ရင် ညဟာ မှောင်တာက မှောင်တာပါပဲ။ လူကလည်း ပြတ်နေတယ်။ ခါတိုင်း အမေနဲ့ကျွန်မ ပြန်ချိန်မှာ လမ်းကြုံဆုံတတ်တဲ့ ဗီဒီယို၊ ရုပ်ရှင်ကြည့်ရာက ပြန်လာတဲ့အဖွဲ့မျိုးတွေလည်း ဒီညတော့ မဆုံရဘူး။ ဗီဒီယို မပြီးသေးတာတော့ မဖြစ်နိုင်ဘူး။ ကျွန်မက သူတို့ပြန်ချိန်ထက် နောက်ကျနေတာပဲ ဖြစ်မှာပါ။ ဘာရယ်မဟုတ်ပေမယ့် လမ်းသွယ်ထဲ လျှောက်ရင်း ဖြတ်လာရတဲ့ လမ်းကြားချိုးကွေ့တွေ ဘက်မှာပါ လူသူလေးပါးရယ်လို့ အရိပ်အယောင်လေးတောင် မမြင်ရတော့ မှောင်ကြီးမည်းကြီးထဲ အားငယ်သလို ဖြစ်လာရတယ်။ တကယ်တမ်းဆိုရင် ကျွန်မက တော်ရုံနဲ့ အားငယ်ကြောက်ရွံ့စိတ်ဝင်လွယ်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်ပါဘူး။ အခုကျတော့ စိတ်ထဲ သူ့အလိုလို ကြောက်စိတ်သန်းလာတာ အံ့သြနေမိတယ်။ အမှောင်ထုရဲ့ ဖြားယောင်းမှုလို့ပဲ ဆိုရမလား။ ဘာကိုကြောက်တာလဲ ဆိုတော့လည်း ရေရေရာရာ မခွဲခြားနိုင်ဘူး။ အမှောင်ထုထဲကနေ ရုတ်တရက် ထွက်ပေါ်လာနိုင်တဲ့ အန္တရယ်တစ်ခုခုကိုလား။ ဥပမာ အရက်မူးသမားတို့၊ စိတ်ကျန်းမာရေး ဆေးရုံက ထွက်ပြေးလာတဲ့ လူတို့၊ ထောင်ထွက်ပြေးလာတဲ့ လူသတ်သမား။ အလုပ်အပြန် နောက်ကျတဲ့ မိန်းမသား တွေ့ကြုံရတဲ့ သည်းထိတ်ရင်ဖို အန္တရာယ် အကြောင်း ရေးထားတဲ့ ဘာသာပြန်စာအုပ်တွေ နောက်နောင် လျှော့ဖတ်ဖို့ စိတ်ထဲတွေးမိရတယ်။ ကျွန်မတို့ဝန်းကျင်မှာ ဒါမျိုးမှုခင်းတွေ ဆယ်နှစ် တစ်ခါတောင် မကြားရဖူးဘူး။ မသကာ ပစ္စည်းလုရုံပေါ့။ ဒုတိယမြောက်လမ်းကြားကို ဖြတ်ကျော်လျှောက်လာရင်း ငဲ့ကြည့်မိတော့ လမ်းကြားထဲကနေ လှုပ်တုတ်လှုပ်တုတ် လျှောက်လာတဲ့ အရိပ်မည်းတစ်ခုကို မြင်လိုက်ရတယ်။ လူရိပ်မှာ ဓာတ်မီး မပါပုံထောက်ရင် မိန်းမတစ်ယောက်တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ ကိစ္စတစ်စုံတစ်ခုမှ မရှိရင် ဘယ်လိုမိန်းမမျိုးက အဖော်မပါ၊ ဓာတ်မီးမပါဘဲနဲ့ လူပြတ်နေတဲ့ လမ်းကြားထဲ ရောက်နေမှာတဲ့လဲ။ အဲဒီအတွေးက အဖော်ရပြီလို့ ရုတ်တရက် အားတက်သွားမိတဲ့ ကျွန်မစိတ်ကို ချက်ချင်း ပြန်ဖြိုလဲပစ်လိုက်တော့တယ်။ အမှောင်ထဲမှာ မသဲကွဲတဲ့ လူရိပ်မို့ လူဆိုးလူကောင်း မခွဲခြားနိုင်ပေမယ့် အဖော်မပါတဲ့ မိန်းကလေးတစ်ယောက်အတွက် အရာရာကို စိတ်ချလက်ချ ရှိမနေသင့်တာ ကျွန်မ စဉ်းစားမိတယ်။ လူဆိုးဆိုတာ ချိုပေါက်နေတာ မှတ်လို့။ လူရိုးဆိုတာ သင်္ချိုင်းကုန်းမှာပဲ ရှိတယ်လို့ ၀ါးလုံးရှည်နဲ့ သိမ်းကျုံးမရမ်းချင်ပေမယ့် လူတိုင်းအပေါ် စိတ်ချယုံကြည်ဖို့ရာ ရာနှုန်းပြည့် ဖြစ်နိုင်ပါ့မလား။ ကိုယ့်အတွေးနဲ့ကိုယ် နောက်တစ်ကြိမ် ပြန်လှည့်ကြည့်မိတော့ ကျွန်မရင်ထဲ ထိတ်ခနဲခုန်သွားတယ်။ အရိပ်က ကျွန်မအနောက်ဘက် လိုက်လျှောက်လာလို့လေ။ ဒါဖြင့် ဒီလူဟာ မိန်းလမ်းဘက်ကို လျှောက်မယ့်သူ မဟုတ်ဘူးပေါ့။ စူးစူးစမ်းစမ်းနဲ့ နောက်တစ်ကြိမ် ပြန်လှည့်ကြည့်တော့ မျက်လုံးပြူးသွားမိတယ်။ သူ့ခြေလှမ်းတွေက ကျွန်မထင်တာထက်ကို အများကြီး ပိုမြန် ပိုသွက်ပြီး ကျွန်မနောက် မလှမ်းမကမ်းကို ရောက်လာပြီမို့ပါ။ စမြင်လိုက်ခါစက ဖြည်းဖြည်းမှန်မှန် ပုံရိပ်ဟာ ကျွန်မကို တွေ့ပြီးမှ ရိပ်ခနဲ ရိပ်ခနဲ သိသိသာသာ မြန်ဆန်လာပုံထောက်ရင်၊ ဒီလောက်အလောတကြီး လိုက်လာပုံထောက်ရင် ထောက်ရင်တွေပေါင်းတော့ ကျွန်မခေါင်းထဲ သွေးတွေ တဒိန်းဒိန်းဆောင့်တိုးလာပြီး အမေရွတ်နေကျ ဘုရားစာတွေဟာ ကျွန်မပါးစပ်ထဲ ဘယ်ကဘယ်လို အလုအယက် ပြေးဝင်လာကြမှန်း မသိဘူး။ ကြောက်ဇောနဲ့ ဒီလောက်အေးနေတဲ့ ညကြီး နဖူးမှာ ချွေးတွေစိမ့်ထွက်လာတယ်။ ခြေဖျား လက်ဖျားတွေများ ချက်ချင်း အေးစက်သွားတာပဲ။
ဘေးဘီဝဲယာကို လျှောက်ကြည့်တော့လည်း အားငယ်စရာကောင်းလိုက်တာ။ အိမ်တိုင်း အိမ်တိုင်း တံခါးတွေပိတ်၊ မီးတွေ မှိတ်လို့။ ဖြတ်ကျော်လာတဲ့ လမ်းကြားနှစ်ခုမှာ အဲဒီအရိပ်မည်းကြီး ကျန်ခဲ့မလားလို့ စောင့်ကြည့်မိပေမယ့် အရိပ်မည်းက ကျွန်မနောက် တောက်လျှောက်ကို လိုက်လာတယ်။ ကျွန်မစိတ်ထဲ ခြေသံက ပိုပြီး နီးလာသလိုပဲ။ စိတ်ထဲမှာ ကြောက်လိုက်တာ တအားပါပဲ။ စဉ်းစားကြည့်လေ။ ရည်ရွယ်ချက်တစ်ခုခု မရှိဘဲနဲ့ ဒီလူတစ်ယောက် ကျွန်မခြေလှမ်းတွေနဲ့အပြိုင် အပြေးတစ်ပိုင်း လိုက်နေခဲ့စရာလား။ သူ့လမ်းသူလျှောက်မယ့် ရိုးရိုးသားသား လမ်းသွားလမ်းလာတစ်ယောက်ဆိုရင် ကျွန်မ မြန်ရင် သူလိုက်မြန်၊ ကျွန်မခြေလှမ်းတွေနောက် သူအမီလိုက်ဖို့ ကြံစည်အားထုတ်မှာ မဟုတ်ဘူးလေ။ ဓာတ်မီးရောင်က လမ်းပေါ်တည့်တည့် ကျနေပေမယ့် သူဟာ ဓာတ်မီးတစ်လက်လက်နဲ့ ရှေ့ကလျှောက်နေတဲ့ ကျွန်မကို မိန်းမသားတစ်ယောက်မှန်း ခန့်မှန်းမိတာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ကျွန်မကို ဘယ်လိုထင်လို့လဲ။ ဒီလောက် သွက်သွက်လက်လက်ကြီး အားတက်သရော ပြေးလိုက်နေပုံထောက်ရင် ရည်ရွယ်ချက်တစ်ခုရှိနေတာတော့ အသိသာကြီးပဲ။ အခုအချိန်မှာ ကျွန်မသာ တဟုန်ထိုးပြေးကြည့် ထပ်ကြပ်မကွာ ပြေးလိုက်လာမယ့်ပုံစံပဲ။ သူ ကျွန်မဆီက ဘာလိုချင်လို့လဲ။ ကျွန်မကို ဘယ်လိုအန္တရာယ်မျိုး ပေးနိုင်သလဲ။
လောလောဆယ်မှာ ပလတ်စတစ် လက်နှိပ်ဓာတ်မီး တစ်လက်ကလွဲပြီး အန္တရာယ်ကို ခုခံကာကွယ်စရာ လက်နက်ရယ်လို့ လောက်လောက်လားလား မရှိတဲ့ ကျွန်မကိုယ်ကျွန်မ ဘယ်လိုအားပေးရမယ်မှန်း တွေးမရဘူး။
ကျွန်မအိမ်ရှိရာ လမ်းကြားချိုးကွေ့ဘက်ရောက်ရင်တော့ ကျွန်မ သိချင်နေတဲ့ မေးခွန်းရဲ့အဖြေ သိရမှာပါ။ အဲဒီအချိန်ထိ အခုလို မရိုးမသားပုံစံမျိုးနဲ့ တောက်လျှောက် ကပ်ပါလာဦးမှာပဲ ဆိုရင်တော့ ကျွန်မ ခေါင်းထဲမှာ ဇာတ်လမ်းဇာတ်ကွက်ပေါင်းများစွာနဲ့ တဒင်္ဂအတွင်း ရှုပ်ယှက်ခတ်သွားတယ်။ နေစမ်းပါဦး။ ဒီကိစ္စတွေ တကယ်ကြုံလာခဲ့ရင် ကျွန်မအနေနဲ့ ဘာလုပ်နိုင်သလဲ။ သေချာတာက တတ်နိုင်သမျှ အသံကုန်ဟစ်အော်ပြီး အကူအညီ အော်တောင်းရမယ်။ ဒါပေမဲ့ မုန်းစရာ ကောင်းလောက်အောင် ပြာရီမှုန်မိုက်နေတဲ့ ညအေးစက်စက်ထဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ၀န်းကျင်က ကျွန်မအသံကို အလွယ်တကူကြားသိ ထွက်လာနိုင်ကြပါ့မလား။ လမ်းကြားထဲ ချိုးကွေ့ဝင်ဖို့ရာ နောက်ဘက်လှည့်ကြည့်တော့ လူရိပ်မည်းကြီးက ကျွန်မနဲ့ ၀ါးတစ်ရပ်အကွာထိ ရောက်နေပြီ။ နှလုံးရောဂါ အခံသာရှိရင် ချက်ချင်း ဒိုင်းခနဲ လဲသေသွားနိုင်လောက်အောင် ကျွန်မ ကြောက်သွားတယ်။ ကျွန်မ ဘာမှ စဉ်းစား မနေတော့ဘူး။ ခြေလှမ်းတွေကို မိုင်ကုန်တင်ပြီး ခြံရှေ့အရောက် နောက်လှည့်မကြည့်စတမ်း အပြေးတစ်ပိုင်း လျှောက်တော့တာပဲ။ ခြံဝရှေ့မှာ တံခါးဖွင့်တော့ ကျွန်မ ဟောဟဲဆိုက်ချင်နေပြီ။ အသည်းနှလုံးတွေတောင် အပြင်ကို ခုန်ထွက်ပြုတ်ကျမတတ်ကို မောနေပြီ။ ဘ၀မှာ တစ်ကြိမ်တစ်ခါမှ ဒီလောက်ကြီးအထိ စိတ်ရောကိုယ်ပါ မကြောက်လန့်ခဲ့ဖူးဘူး ထင်တာပဲ။ တံခါးပွင့်သွားတော့ အမြန်ဝင်ပြီး ကသောကမျော သော့ပြန်ခတ်နေတုန်း အရိပ်မည်းက ကျွန်မ ခြံရှေ့ရောက်လာတယ်။ အဲဒီအချိန်မှာ တစ်မိနစ်လောက်အတွင်း ကျွန်မ သော့ဖွင့် သော့ပိတ်ကိစ္စ ပြီးသွားပြီ။ ခါတိုင်း ငါးမိနစ်လောက် အချိန်ယူရတဲ့ကိစ္စ ဒီလောက် အချိန်တိုတိုလေးနဲ့ ပြီးသွားတာ အံ့သြစရာတော့ မရှိပါဘူး။ ကြောက်အား သန်နေချိန်ကိုး။
ကိုယ့်ခြံကိုယ့်ဝင်း အရိပ်အောက် ရောက်လာပြီမို့ စောစောကလောက် ကြောက်အားမပိုတော့တဲ့ ကျွန်မကလည်း သော့ခလောက်ချောက်ခနဲ ပိတ်ပြီးရော အရိပ်မည်းရှင်လည်း ခြံရှေ့တရှပ်ရှပ်ရောက်လာတယ်။
“ ဟင်….ရှေ့က မေဇော်လား ”
“ ဟင်….. ”
ထွက်လာတဲ့အသံကြောင့် ကျွန်မလည်း ပြန် “ဟင်” သွားရတယ်။ ရိုင်းရာကျမလား ဘာမလား မစဉ်းစားနိုင်တော့ဘူး။ ရုတ်ခြည်းပေါ်လာတဲ့ သိချင်စိတ်အရှိန်နဲ့ လက်ထဲကိုင်လာတဲ့ လက်နှိပ်ဓာတ်မီးနဲ့ အဲဒီအသံရှင်မျက်နှာကို ကပျာကယာ လှမ်းထိုးကြည့်လိုက်တော့ ပါးစပ်ဟောင်းလောင်း ပွင့်သွားရတယ်။
“ ဒေါ်ဒေါ်သိန်း ”
ဒေါ်သိန်းဆိုတာ ကျွန်မတို့ဘေးခြံက မိန်းမကြီးပါ။
“ညည်းတစ်ယောက်တည်းလား ညည်းအမေကော”
“ ဟို ဟိုဟာလေ….အမေ မပါဘူး…ဒီနေ့။ဒေါ်ဒေါ်သိန်းက…. ”
ကျွန်မလေသံက ပုံမှန်မဖြစ်သေးဘူး။ ကပေါက်တိ ကပေါက်ချာနဲ့။
“ အိမ်က မသာ ခုထိပြန်မလာသေးလို့ သူသွားနေကျ ဖဲဝိုင်းအိမ် လိုက်ချောင်းတာ မတွေ့ခဲ့ပါဘူးအေ။သွားတုန်းကတော့ ဒေါသထွက်နေလို့ မကြောက်ဘူး။ဓာတ်မီးယူဖို့လည်း အမှတ်မရဘူး။ အပြန်ကျမှ အမှောင်ကြီးထဲ လူသူပြတ်နေတော့ ကြောက်နေတုန်း ရှေ့က ဓာတ်မီးရောင်တွေ့လို့ အားတက်သရော အမြန်လိုက်လာတာ။ဘယ်သူမှန်းမသိတော့ မခေါ်ရဲဘူး။ ညည်းနှယ်အေ လမ်းလျှောက် မြန်ချက်ကတော့ ကျုပ်မှာ မျက်ခြည်မပြတ်အောင် မနည်း ပြေးလိုက်ယူရတယ်။ တကတဲ ကျားလိုက်တာကျနေတာပဲ။ မောချက်တော့ လျှာထွက်မတတ်ပဲ ”
ကျွန်မ ငိုရမလို ရယ်ရမလို ဖြစ်သွားတယ်။
“ ကဲ….သွားမယ်အေ…. ”
ပြောပြောဆိုဆို တစ်ဖက်ခြံဝင်းတံခါးကို တွန်းဖွင့်ဝင်သွားတဲ့ ဒေါ်ဒေါ်သိန်းကို လိုက်ကြည့်နေရင်း စောစောတုန်းက ချွေးတလုံးလုံးနဲ့ အသက်ထွက်မတတ် ကြောက်လုံးဆို့ခဲ့ရတဲ့ အဖြစ်အပျက်ကို ကျွန်မ ပြန်တွေးလိုက်မိတယ်။ တကယ်ပြောတာက အဲဒီအချိန်မှာ မှန်တစ်ချပ်ယူပြီး ဓာတ်မီးနဲ့ ထိုးကြည့်ရင် အူလှိုက်သည်းလှိုက် တက်လာတဲ့ ရယ်ချင်စိတ်ကို မနည်းအောင့်အည်း ထိန်းချုပ်ထားရတဲ့ ကျွန်မမျက်နှာကြီးကို တွေ့ရမှာ သေချာတယ်။
* * *
ငွေဇင်ယော်ဦး(မိုးကုတ်)
ရွှေအမြုတေမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၈
credit - ငွေဇင်ယော်ဦး FB page
No comments:
Post a Comment