ကျားကန်တဲ့ ကျူရိုး (သန်းမြင့်အောင်)
-------------------------------------------
တစ်နေကုန် သာယာနေသော မိုးကောင်းကင်က ကားပေါ်မှ ဆင်းစဉ် ဖြုန်းခနဲ မည်းညိုပြီး သဲသဲမဲမဲ ရွာချလိုက်သည်။ အိမ်အပြန်ခရီးဆို အကြောင်းမဟုတ်။ အိမ်ရောက်လျှင် ရေတန်းချိုး၊ အဝတ်အစား လဲပြီး နွေးနွေးထွေးထွေး နေလိုက်ရုံသာ။ ခုတော့ အလာခရီးမို့ စိတ်ညစ်သွားသည်။
စာသွားပြရမည့် အိမ်က မှတ်တိုင်နှင့် မဝေးလှပေမဲ့ မိုးနှင့် လေကြား လျှောက်သွားဖို့က မလွယ်။ မှတ်တိုင်အနီး မိုးစိုနေသည့် ဆင်ဝင်အောက်သို့ ရေစက် ရေပေါက်တွေက ပက်ဝင်လာသဖြင့် လူတွေ နောက်သို့ ကျုံ့လာရင်း ကျုံ့လာရင်းမှ တိုက်လှေကားရင်းရှိ ဈေးဗန်းတွေကြား ပြိုကျမတတ်မို့ ဈေးသည်တွေ ကိုလည်း အားနာလှပြီ။ ကျဉ်းထဲ ကျပ်ထဲမှာပင် စိတ်က အခိုက်အတန့် ပျံ့လွင့်သွားသည်။
"အင်း … ဒီအချိန် အဖေ တရားရုံးထဲကို ရောက်နေရောပေါ့။ မိုးတော့ လွတ်တန် ကောင်းပါတယ်။ ရုံးက ဘာများ အမိန့်ချမလဲ မသိဘူး"
နာရီကို ငုံ့ကြည့် လိုက်မိတော့ တစ်နာရီ မိနစ် နှစ်ဆယ်။ ဆယ်မိနစ် အတွင်း ကျောင်းသားထံ ရောက်မှ ဖြစ်မည်။ သည်မိုးကို တိတ်အောင် စောင့်နေ၍ မဖြစ်တော့။
လေနှင့် မိုးဒဏ်ကြောင့် မိန်းမဆောင်း ထီးကလေးနှင့် လူကို လုံလောက်သော ကာကွယ်မှု ပေးနိုင်ရန် ကြိုးစားဆဲ ကာလမှာပင် သူကိုယ်တိုင် မကြာခဏ ယိမ်းယိုင် နေရရှာသည်။ ဘယ်က ဘယ်က ရောက်လာမှန်း မသိသော ရေတွေကလည်း ရန်ကုန် မြို့လယ်ကောင်မှာ ခြေသလုံးလောက် ရောက်လာသဖြင့် ခရီးမတွင်လှ။ ကြိုးစားကူးခပ် နေရသည်။
သုံးထပ်တိုက်၏ အပေါ်ဆုံးထပ်၊ ဘယ်ဘက် အခန်းတံခါးဝရှိ အချက်ပေး ခလုတ်ဖြူဖြူ ကလေးပေါ်တွင် လက်ညှိုး တင်လိုက်သည့် ခဏ လက်ဖျားကလေးတွေပင် တဆတ်ဆတ် တုန်ယင် နေသည်။
"ဟာ … ဆရာမတောင် လာပြီ"
ပွင့်လာသည့် တံခါးရွက်ကြားက ကလေးအမေကို ပြုံးပြ နှုတ်ဆက်ရင်း နီးရာ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ ခါတိုင်း စာသင်သည့် စားပွဲတွင် ဘာတစ်ခုမှ အဆင်သင့် မဖြစ်သေးသည်ကို သတိပြုမိရင်း လက်ကိုင်ပဝါဖြင့် ရေစိုသည့် နေရာများကို ပွတ်သုတ်နေစဉ် -
"သား သင်္ချာကျူရှင်က ပြန်မလာသေးဘူး ဆရာမရဲ့၊ မိုးမိနေလို့ ထင်ပါရဲ့၊ ထိုင်ပါဦးနော်"
သတင်းစာ တစ်စောင်ကို ထိုင်ဖတ် နေဆဲမှာပင် အပြင်ဘက်မှာ မိုးစဲသွားသည်။ ငါ့နှယ် ခဏလောက် စောင့်ရ အကောင်းသားနော်။ ခုတော့ ထဘီတွေ ရွှဲကုန်ပြီဟု နောင်တရရင်း တရားရုံးတွင် ရောက်ပြီး တရားဆိုင် နေကြမည့် အဖေနှင့် ဦးလေး ချစ်ထူးတို့ကို စိတ်ကူးဖြင့် မှန်းကြည့် နေမိသည်။
လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော် ကာလကတည်းက အိမ်တစ်အိမ်၏ နံရံတစ်ဖက်ခြားရှိ အခန်းတစ်ခန်းစီတွင် နှစ်ရှည်လများ ချစ်ခင်ရင်းနှီးစွာ နှစ်အိမ့်တစ်အိမ် နေခဲ့ကြသော မိသားစု နှစ်ခု၏ မယုံကြည် နိုင်လောက်အောင် ရန်သူကြီးလုံးလုံး ဖြစ်သွားသော ပြောင်းလဲမှုသည် ဆယ်စုနှစ် တစ်ခုသို့ပင် စွန်းလာခဲ့ပြီ။
ထိုကာလများ အတွင်း နှစ်ဖက်စလုံးမှ လူကြီးတွေမှာ လောဘ၊ ဒေါသ၊ မာန်မာနနှင့် ဇရာ၏ ဖိစီးမှု ဒဏ်တွေကြောင့် သိသိသာသာပင် အိုစာရိပ် သန်းလာကြ သော်လည်း မျက်နှာပြင်ပေါ်မှ အကြောအခြင်များနှင့် မျက်လုံးများ ကတော့ မယုံကြည် နိုင်လောက်အောင်ပင် သန်စွမ်း တင်းမာလာ ကြပေသည်။
ကျွန်မကတော့ ထိုအဖြစ်များကို ရံဖန်ရံခါ မေ့သွားတတ်ပြီး၊ ငယ်စဉ် ကလေးဘဝ ဟိုဘက်ခန်းမှ ဦးလေး ချစ်ထူးနှင့် ဒေါ်ဒေါ်ညွန့်တို့ မိသားစု အခန်းတွင်းသို့ ဝင်ထွက်ပြေးလွှား စားသောက် နေခဲ့ကြသည့် ဘဝကို မကြာခဏ သတိရ နေတတ်သေးသည်။
"ဟာ … တီချာ ရောက်နေပြီ၊ ခဏလေးနော်၊ သား ဗိုက်ဆာလို့"
ကတိုက်ကရိုက် အိမ်ပေါ် ပြေးတက်လာသော တပည့်၏ အသံကြောင့် အတွေးစ ဖြတ်ပြီး၊ စာသင်ရန် အသင့်ပြင် ရသည်။ နာရီဝက်နီးပါး ထပ်စောင့်ရသော တပည့်အတွက် အချိန်ကြာကြာ ပိုသင်လိုက်မည်ဟု ရည်ရွယ်ထား ပါသော်လည်း နောက် ကျူရှင်ဆရာ တစ်ယောက် ရောက်လာသောကြောင့် လက်လျှော့ပြီး ပြန်ခဲ့ရသည်။
အိမ်ပြန် ရောက်သည်နှင့် အမေ့အား …
"စိတ်ညစ်တယ် အမေရေ …" ဟု အစချီကာ တစ်နေ့တာ ဖြစ်ပျက်သမျှ တွေကို စီကာပတ်ကုံး ပြောပြနေမိသည်။
"စာမေးပွဲနီးတော့ အဲဒီ လွတ်သွားတဲ့ စာတွေကို လျှာထွက်အောင် ပြန်သင်ရဦးမယ် အမေ။ ကလေးကတော့ ဘာသိမှာလဲ၊ မိဘတွေက အချိန်ကို လေးစားကြဖို့ ကောင်းတယ်။ ပိုက်ဆံပေး ခေါ်ထားတဲ့ ဆရာမမို့ အချိန်တန် ပိုက်ဆံ ပေးလိုက်ရင် ပြီးရောလို့များ ထင်နေကြသလား မသိဘူး။ စာမေးပွဲမှာ ဒီဘာသာ ကျခဲ့ရင် နာမည်ပျက်ဦးမယ်"
အမေ ကျွန်မကို ငေးကြည့်နေပြီး သက်ပြင်း တစ်ချက်သာ ခပ်မျှဉ်းမျှဉ်း ချလိုက်ရုံ လွဲ၍ ဘာမှ ပြန်မပြော။ အမေ ကျွန်မကို သိပ်စိတ်ဝင်မစား။
လမ်းမဘက်သို့သာ လည်တဆန့်ဆန့် ဖြစ်နေသည်။ ခဏအကြာ အဖေ့ အရိပ်အယောင် မြင်သည်နှင့် အမေ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"ဘာတဲ့လဲ ကိုပြေအေး၊ ဘာတဲ့လဲဟင်"
"နှစ်ဆယ့်ငါးရက်နေ့ လျှောက်လဲချက် ပေးရမယ်တဲ့"
ကျွန်မ အမေ မျက်နှာက သိသိသာသာ ပျက်နေသည်။
"ကျွန်မတို့ ဘက်က အခြေအနေ ကောင်းပါ့မလား ဟင် … ကိုပြေအေး ရှေ့နေနဲ့လည်း သေသေချာချာ တိုင်ပင်ပါဦး"
"စိတ်အေးအေး ထားပါကွာ၊ တို့က အမှန်တရား ဘက်ကပါ၊ တရားကို နတ်စောင့်ပါတယ်"
အမေ့ကို နှစ်သိမ့်စကား ဆိုနေလင့်ကစား အဖေ့ မျက်နှာမှာလည်း ချမ်းမြေ့ရိပ်တော့ သိပ်မရှိလှ။
ယခုလက်ရှိ အပေါ်ထပ်တွင် နေ၍ အဖေနှင့် တရားဆိုင် နေရသော ဦးလေး ချစ်ထူးနှင့် ဒေါ်ဒေါ်ညွန့်တို့မှာ ယခင်က အိမ်ရှင် ဦးပိုင်စိုးနှင့် ဒေါ်အေးရီတို့ ထံတွင် စပေါ်တင် လခပေး၍ ငှားနေကြသော အိမ်ငှားများ ဖြစ်ခဲ့ကြဖူးသည်။
အိမ်ရှင် လင်မယားသည် ငယ်ပေါင်းများ မဟုတ်ကြဘဲ ဦးပိုင်စိုးဘက်မှ မကြီးနှင့် မငယ် ဟူသော သမီးနှစ်ယောက် ပါလာ၍ မိထွေး ဒေါ်အေးရီနှင့် မကြာခဏ စကားများ၍ တချိန်းချိန်း ဖြစ်နေကြသော်လည်း အောက်ထပ်မှ အိမ်ငှား နှစ်ခန်းမှာ အလွန် ချစ်ကြသည်။
ဦးလေး ချစ်ထူးက အေးဆေးသည်။ အသောက်အစား အပျော်အပါး ကင်းပြီး အပေါင်းအသင်းလည်း နည်းသည်။ စကားကို လေသံပျော့ ကလေးနှင့် သာယာ ညင်းပျောင်းစွာ ပြောလေ့ရှိပြီး အိမ်လည်း မြဲသည်။
အားလပ်ချိန်တွင် ရေနွေးကြမ်း တစ်အိုး၊ ပက်လက် ကုလားထိုင် တစ်လုံးဖြင့် တိတ်ဆိတ်စွာ တွေးတောကြံဆ နေတတ်သူမို့ သူ့ဇနီး ဒေါ်ညွန့်က အလွန် ရိုသေ လေးစားသည်။
သူများတွေ လင်ကို ရိုသေကြသည် ဆိုသည်မှာ ဒေါ်ဒေါ်ညွန့်ကို မမီ။ သားမယားကို ရိုက်နှက် သတ်ပုတ်ရန် မဆိုထားနှင့်၊ လေသံမာမာပင် အော်ငေါက်ခြင်း မရှိဘဲ လိုရာကို ရောက်အောင် လေအေးကလေးနှင့် ဆုံးမနိုင်စွမ်း ရှိသော သူ့ခင်ပွန်းသည်လို အိမ်ဦးနတ်မျိုး ထမင်းထုပ်ထမ်း ရှာလျှင်တောင် မတွေ့နိုင်ဟု အမြဲ ဂုဏ်ယူစွာ ဝမ်းမြောက် နေတတ်သည်။
တစ်နေ့တွင် မမျှော်လင့်ဘဲ အိမ်ရှင် ဦးပိုင်စိုး ရုတ်တရက် ကွယ်လွန်သည်။ ထိုအခါ ကျန်ရစ်သော သမီး နှစ်ယောက်နှင့် ဇနီးသည် ဒေါ်အေးရီတို့ အမွေခွဲကြ ရတော့သည်။
ထိုအခါ အကြီးမ မကြီးက ကျွန်မတို့ အခန်းကို အမွေရ၍ အငယ်မ မငယ်က ဦးလေး ချစ်ထူးတို့ အခန်းကို ရသည်။
ထို့နောက် နဂိုကတည်းက မိထွေးနှင့် အဆင်မပြေကြ သောကြောင့် လက်ရှိ အိမ်ငှား နေကြသော ဖေဖေနှင့် ဦးလေး ချစ်ထူးတို့အား ၎င်းတို့၏ အမွေစု အခန်းများကို အပြီးအပိုင် ဝယ်ယူရန် စကားကမ်းလှမ်း လာကြသည်။
ထိုအခါ ခေါင်းရင်းခန်းမှ အဖေက ပထမဆုံး မကြီး၏ အမွေစု သူနေသည့် အခန်းကို စာချုပ် စာတမ်း အပြည့်အစုံဖြင့် အပြီးအပိုင် ဝယ်ယူလိုက်သည်။ အဖေ့ဘက်မှ အသိသက်သေကား အဖေ၏ အရင်းနှီးဆုံး မိတ်ဆွေ ဦးချစ်ထူး ဖြစ်၍ ကျန်အမွေစုများ ဖြစ်သည့် ဒေါ်အေးရီနှင့် မငယ်တို့ ကလည်း ထိုအရောင်းအဝယ်ကို ကန့်ကွက်ရန် မရှိကြောင်း လက်မှတ်ထိုး သဘောတူ ပြီးသည့်နောက် ဤအိမ်ကို ပိုင်ဆိုင်သူ သုံးဦး အမည်သည် ဒေါ်အေးရီ၊ ဦးပြေအေး၊ မငယ် ဟူ၍ ဖြစ်လာသည်။
အဖေနှင့် မကြီးတို့ အရောင်းအဝယ် လုပ်ပြီး တစ်ပတ် အကြာတွင် ခြေရင်းခန်းမှ ဦးလေး ချစ်ထူးနှင့် မငယ်တို့ အရောင်းအဝယ် စာချုပ် ချုပ်ကြသည်။ အဖေ ဝယ်တုန်းကဲ့သို့ပင် တစ်ပုံစံတည်း တိုင်ပင် ချုပ်ဆိုကြသည်။
ဤစာချုပ်တွင်တော့ ပူးတွဲပိုင် အမွေစုရှင်များ နေရာတွင် အဖေနှင့် ဒေါ်အေးရီတို့က သဘောတူကြောင်း လက်မှတ် ရေးထိုးကြခြင်းဖြင့် ဤအိမ်ပိုင်ရှင်များ အမည်သည် ဒေါ်အေးရီ၊ ဦးပြေအေး၊ ဦးချစ်ထူး ဟူ၍ ဖြစ်လာကြသည်။
သူများအိမ်တွင် ငှားနေရသော အိမ်ငှားဘဝမှ ကင်းလွတ်ခဲ့ပြီမို့ ပျော်ရွှင်ခြင်း အထိမ်းအမှတ် အဖြစ် မထွက်စဖူး မိသားစု နှစ်စုလုံး အိမ်သော့ပိတ်ပြီး ဘုရားလည်ဖူးခဲ့ ကြသည်ကို ယခုတိုင် မှတ်မိ နေသေးသည်။
ဆွေမျိုးဝေးသော ကျွန်မတို့ မောင်နှမတွေက ဒေါ်ဒေါ်ညွန့်အား မိခင်ရင်းကဲ့သို့ ချစ်ကြ၍ ဒေါ်ဒေါ်ညွန့်ကလည်း မေမေ ရွာပြန်ခိုက်တွင် ကျွန်မတို့ မောင်နှမတစ်တွေ၏ စားရေး သောက်ရေးကို မိခင်ရင်းကဲ့သို့ တာဝန်ယူ၍ ကျွေးမွေးပြုစုခဲ့သည့် သံယောဇဉ်ကို ယခုတိုင် မမေ့နိုင်သေးပါ။
ပျော်ရွှင်ချမ်းမြေ့ နေကြသော မိသားစုနှစ်ခု၏ ကံကြမ္မာ မုန်တိုင်းကား အပေါ်ထပ်မှ ဒေါ်အေးရီ၏ ကျန်းမာရေးနှင့် ငွေကြေး ချို့တဲ့ လာရာမှ အစပြုသည်။ ဒေါ်အေးရီ အိမ်ရောင်းရန် အကြောင်းဖန်လာသည်။ အိမ်ဝယ်မည့်သူက အဖေတို့ ဝယ်ခဲ့သလို အပိုင်းပိုင်း အစိတ်စိတ် မလိုချင်။ အိမ်၏ နောက်ဘက်တွင် မြေပိုကလေးလည်း ရှိသေးသဖြင့် တစ်ကွက်လုံး ပြန်ဖျက်ဆောက်ပြီး တစ်ဦးတည်း နေချင်သည်။
သည်တော့ ဒေါ်အေးရီ ဖေဖေနှင့် ဦးလေး ချစ်ထူးကို မေတ္တာရပ်ခံ ရတော့သည်။ သူ၏ ကြွေးစာရင်းများကို တင်ပြပြီး၊ အခက်အခဲများကို ဖွင့်အန်သည်။ အခြား တစ်နေရာရာတွင် ဝယ်ယူ နေထိုင်နိုင်ရန် အမွေစုအတွက် ငွေများကို ပြန်အမ်းပေး ပါမည်ဟု ဖေဖေနှင့် ဦးလေး ချစ်ထူးအား တောင်းပန်သဖြင့် ဖေဖေတို့ နှစ်ယောက်စလုံး ငြိမ်၍ စဉ်းစား နေကြသည်။
သူ ပေးမည့် ငွေသုံးသောင်းစီသည် ထိုအချိန်က မနည်းလှ။ သင့်တင့်သော နေရာတွင် လုံးချင်းအိမ် အသေးကလေး တစ်လုံးပင် သီးသီးသန့်သန့်ကလေး ဝယ်ယူ၍ ရနိုင်သေးသည်။ ဒေါ်အေးရီက မျက်နှာငယ်လေးဖြင့် တောင်းပန်လွန်းမက တောင်းပန်သော အခါ အဖေက -
"အင်းလေ ခင်ဗျားကလည်း ငွေလို၊ ဝယ်မယ့်သူကလည်း ကျုပ်တို့ မရှိမှ ဝယ်မယ်ဆိုတော့ ဘယ်တတ်နိုင်မလဲ၊ ဖယ်ပေး ရတော့မှပေါ့၊ စာချုပ်စာတမ်းနဲ့ ငွေသာ အသင့်လုပ်ထား ပေတော့"
ဟု စကားပြန်လိုက်မှ ဒေါ်အေးရီ ဝမ်းသာအားရ ထပြန်သွားသည်။
အဖေနှင့် ဦးလေး ချစ်ထူး နှစ်ယောက်တည်း ကျန်သောအခါ ဦးလေး ချစ်ထူးက ရေနွေးကြမ်း တစ်ခွက်ကို ငုံ့သောက်ရင်း ထုံးစံအတိုင်း လေသံ အေးအေးဖြင့် -
"ကိုပြေအေး ကလည်းဗျာ … စိတ်ကူး မလွဲစမ်းပါနဲ့၊ ခင်ဗျားကို ကျွန်တော် ပြောမယ်။ ဒီကိစ္စက ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်ညီမှ ဖြစ်မှာဗျ။ ပြောင်းပေးဖို့များ စိတ်မကူးလိုက်နဲ့၊ ဒီနေရာကို ကျွန်တော်တို့ ရထားတာ ပတ္တမြားကြီး တစ်လုံး ရထားသလိုပဲဗျ။ သိပ်အဖိုးတန်တာ၊ ငါးသိန်းရမှ ပြောင်းပေးမယ်လို့ ပြောကြမယ်ဗျာ။ ဒါတောင် လျှော့ပြောထားတာ"
မမျှော်လင့်သော စကားလုံးများ ဦးလေး ချစ်ထူး နှုတ်ဖျားမှ ထွက်လာ၍ အားလုံး အံ့အားသင့် သွားရသည်။
"ဟာ … ဒီလောက် ဘယ်ပေးနိုင်မှာ လဲဗျ။ သူ ရောင်းတာမှ တစ်သိန်းတောင် မပြည့်ချင်တာ"
"မပေးနိုင်မှန်း သိလို့ ပြောတာပေါ့ဗျ။ ကိုပြေအေး ကလည်း ဒီနေရာက မပြောင်းချင်လို့ ပါဆို"
"ကျွန်တော်လည်း ဒီနေရာလေးတော့ သံယောဇဉ် ရှိတာပဲဗျာ၊ ဒါပေမဲ့ သူကလည်း ငွေသိပ် လိုနေတော့ ဘယ်လို လုပ်မလဲ၊ နောက်ပြီး စောစောက ခင်ဗျားရှေ့တင် ပြောင်းပေးမယ်လို့ ကတိပေး လိုက်မိပြီလေ"
"အဲဒါက လေပဲဗျ"
* * *
ပြဿနာက သည်က စသည်။
နောက်နှစ်ရက် အကြာတွင် အိမ်ဝယ်မည့် သူနှင့် ဒေါ်အေးရီတို့ စာချုပ်စာတမ်းများနှင့် ရောက်လာ၍ အဖေ ကတိ မဖျက်ချင်၍ စကား မပြင်သော်လည်း ဦးလေး ချစ်ထူးက တင်းခံနေသည့် အတွက် ဝယ်သူ လက်လျှော့ပြီး ပြန်သွားသည်။ အရောင်းအဝယ် မဖြစ်လိုက်။
ဒေါ်အေးရီ အရောင်းအဝယ် မဖြစ်တာက အကြောင်းမဟုတ်။ ထိုနေ့မှ စ၍ ဦးလေး ချစ်ထူးက ကျွန်မတို့ အခန်းအား အဆက်ဖြတ်၍ ပထမပိုင်း ခပ်တန်းတန်း ဖြစ်နေရာမှ နောက်ပိုင်း လုံးဝ မခေါ် မပြောတော့သော ဘဝသို့ ရောက်သွားကြသည် ကတော့ အလွန် ဝမ်းနည်းစရာ ကောင်းလှသည်။ သည်လိုနှင့် လေးငါးနှစ်ခန့် ကြာသွားပြီး၊ အိမ်ဈေးတွေ တက်စပြုလာသည်။
တစ်နေ့ ဒေါ်အေးရီ မျက်ရည်လေး ကလယ် ကလယ်နှင့် ကျွန်မတို့ အခန်းသို့ ဆင်းလာသည်။
"ကိုပြေအေးရေ ... ကျွန်မတော့ ဒုက္ခရောက်တော့မယ်ရှင်၊ ကယ်ပါဦး၊ ကြွေးရှင်တွေက တရားစွဲမယ် တကဲကဲ လုပ်နေပြီ။ ကျွန်မကလည်း အိမ်ကလွဲလို့ ဘာမှ ရောင်းစရာ မရှိဘူး။ သူစိမ်းကလည်း ဒီအိမ်ကို မဝယ်ဘူး။ ရှုပ်ရှုပ်ယှက်ယှက် မနေတတ်ဘူးတဲ့။ အိမ်ငှားလည်း မဟုတ်၊ ဘာမဟုတ်နဲ့ သူစိမ်းတွေ ဖြစ်ပြီး အမွေစုရှင် ဆိုတော့ ရှုပ်တယ်တဲ့။ ဒီတော့ ကိုပြေးအေးကပဲ ကျွန်မတို့ ပိုင်တဲ့ အပေါ်ထပ် တစ်ထပ်လုံးနဲ့ နောက်ပိုင်းက မြေနေရာလေးပါ ယူလိုက်ပါ။ ကျွန်မကို ငွေသား ငါးသောင်းပဲ ပေးပါ။ ကယ်ပါရှင်၊ ရှိကြီးခိုးပါရဲ့"
ဗိုက်နာ ခေါင်းကိုက်နေသော ဒေါ်အေးရီ၏ အိမ်ဈေးသည် ယခုလို လိုင်းကားပေါင်းစုံ ပြေးနေသည့် လမ်းမပေါ်လို နေရာမျိုး မပြောနှင့်၊ လမ်းသွယ် လမ်းမြှောင်ကလေး တစ်ခုထဲမှ စုတ်ချာချာ အိမ်လေး တစ်ခန်းစာပင် ရှိလင့်ကစား အဖေ တစ်ဦးတည်း၏ ဝင်ငွေနှင့် အပြိုင်းအရိုင်း တက်စပြုနေသော ကျွန်မတို့ မောင်နှမတွေ၏ ကျောင်းစရိတ်များကြောင့် ငါးသောင်းဆိုသော ငွေသည် အဖေ့အတွက် အလွန် ခက်ခဲနေသည်။
ရတောင့်ရခဲ အခွင့်အရေးကို လက်လွှတ် လိုက်ရသော်လည်း ဒေါ်အေးရီ ကိုတော့ အဖေ ပြေလည် စေချင်သည်။
ထို့ကြောင့် -
"လောလောဆယ်တော့ ဝယ်ချင်ပေမဲ့လည်း ကျွန်တော့်မှာ အင်အား မရှိသေးဘူးဗျာ၊ ခင်ဗျား အိမ်ကလည်း ကိုချစ်ထူး ဖြစ်ဖြစ်၊ ကျွန်တော် ဖြစ်ဖြစ် ဝယ်မှ အဆင်ပြေတော့မှာ။ ဒီတော့ ကိုချစ်ထူးကို သွားပြောဗျာ၊ ကျွန်တော့်ဆီ ရောက်ပြီးမှ ဆိုရင် သူ ကျေနပ်ချင်မှ ကျေနပ်မယ်။ ဒီတော့ သူ့ကို အားကိုးပြီး ဦးဆုံး အကူအညီ တောင်းတဲ့ အနေနဲ့ လိမ္မာသလို ပြောဗျာ၊ ကျွန်တော်လည်း ဖြစ်စေချင် ပါတယ်"
ဟု အဖေက အကြံပေးကာ မသိဟန်ဆောင် နေလိုက်သည်။ မကြာမီပင် ဒေါ်အေးရီနှင့် ဦးချစ်ထူးတို့ အရောင်းအဝယ် ဖြစ်သွားကြဟန် တူသည်။
ဒေါ်အေးရီက အဖေတို့အား နှုတ်ပင် မဆက်တော့ဘဲ တိတ်တဆိတ် ပြောင်းရွှေ့သွားကာ ဒေါ်အေးရီ အခန်းသို့ ဦးလေး ချစ်ထူးတို့ မိသားစုက တက်နေကာ ကျွန်မတို့ ဘေးခန်းသို့ လူသစ်များ ပြောင်းလာကြမှ ဒေါ်အေးရီ အခက်အခဲတွေ အမှန်တကယ် ပြေလည်သွားပြီဟု အမေတို့ ဝမ်းသာ နေကြသည်။
ရက်အနည်းငယ် ကြာသောအခါ ပြောင်းလာသော မိသားစုအသစ်မှာ အဖေ့မိတ်ဆွေ တစ်ယောက်၏ တူတော်စပ် နေသဖြင့် ၎င်းအခန်းကို ဦးချစ်ထူးထံမှ အပျောက်တစ်သိန်း၊ လခ တစ်ရာ့ငါးဆယ်ကျပ်ဖြင့် အပျောက် ဝယ်ယူ နေထိုင်ကြောင်း သိရရာ ဦးလေး ချစ်ထူး၏ ဦးနှောက် ပြေးပုံကို အံ့ဩချီးကျူး မိကြသည်။
မိမိအခန်းကို အပျောက် တစ်သိန်းနှင့် ရောင်း၊ ထိုငွေထဲမှ ငါးသောင်းဖြင့် ဒေါ်အေးရီ ပိုင်သည့် အစိတ်အပိုင်းများ ဝယ်၊ ကျန်ငွေ ငါးသောင်းထုပ်ကို ပိုက်၍ အပေါ်ထပ် တက်နေကာ အိမ်လခလည်း တစ်လလျှင် တစ်ရာ့ငါးဆယ်ကို တစ်သက်လုံး စားပေတော့။ အဖေတို့ သည်လို တစ်ခါမှ မတွေးတော မိခဲ့စဖူး။ အကြံကောင်းလျှင် တစ်ချက် ဆိုသည်ကား မှန်လှပေသည်။
ဦးချစ်ထူး၏ စိတ်ကူး စိတ်ဥာဏ်သည်ကား သည်မျှနှင့် အရှိန်မရပ်သေး။ ဤအိမ်ပိုင်ရှင် နေရာတွင် အဖေနှင့် သူ ပူးတွဲပိုင် နေမည်ကို အလိုကျဟန် မတူ။ တစ်ဦးတည်းပိုင် ဖြစ်ရန် ကြိုးစား နေသေးသည်ကို နောင်သောအခါ သိလာရသည်။
တစ်နေ့တွင် ရပ်ကွက်လူကြီး စုံရာရှေ့တွင် ဦးချစ်ထူးက အဖေ့ကို ခေါ်သည်။ ပြီးတော့ ဒေါ်အေးရီထံမှ အိမ်ဝယ်ထားသော စာချုပ်နှင့် အိမ်ဂရန်များကို ထုတ်ပြပြီး -
"ဒီအိမ် တစ်အိမ်လုံးကို ကျွန်တော် ဝယ်လိုက်ပြီ။ ဒါကြောင့် အောက်ထပ်က ခင်ဗျားနေတဲ့ အခန်းကိုလည်း ကျွန်တော် ပိုင်သွားပြီ။ ဒီတော့ အိမ်ငှားသမား တစ်ယောက်အဖြစ် ဆက်နေချင်သေးတယ် ဆိုရင်တော့ အိမ်ရှင်အိမ်ငှား စာချုပ် ကျွန်တော် ထပ်ချုပ်ပေးမယ်။ ခင်ဗျား ကျုပ်ကို အိမ်လခ ပေးရလိမ့်မယ်။ နို့မဟုတ်ရင်တော့ ကျုပ်အိမ်ခန်း ပြန်လိုချင်တယ်"
ကျောချမှ ဓားပြမှန်း သိတော့သည်။ ဦးချစ်ထူး၏ မတုန်မလှုပ် အေးတိအေးစက် နှုတ်ခမ်းဖျားမှ ဤစကားလုံးများ ဖိတ်လျှံ ကျလာသော အခါ အမေက မျက်ရည် ပိုးပိုးပေါက်ပေါက် ကျပြီး အဖေက အသားတွေ တဆတ်ဆတ် တုန်လာသည်။
"ခင်ဗျားမို့ ပြောထွက်တယ်ဗျာ၊ ဒီပြင် လူတစ်ယောက်က ဒီအိမ် အကြောင်းကို မသိဘဲ ဝယ်လိုက်မိလို့ ကျုပ်ကို ဒီလို ပြောတယ်ဆို ထားပါတော့။ အခု ကျုပ် ဒီအခန်းရဲ့ မကြီး အမွေစုကို ဝယ်တုန်းက ခင်ဗျားက သက်သေပါဗျာ။ ခုဆို ခင်ဗျားက မငယ် ဝေစုရော ဒေါ်အေးရီ ဝေစုရော ဝယ်ဖြစ်သွားလို့ ကျွန်တော်ရဲ့ နှစ်ဆ ပိုင်တာပဲ ရှိပါတယ်။ စဉ်းစဉ်းစားစားလည်း လုပ်ပါဗျာ"
"အမွေတို့ ဝေစုတို့ ဆိုတာ မရှိတော့ဘူး။ ကျုပ် ဒီမြေကွက် တစ်ကွက်လုံးနဲ့ ဒီအိမ်ကြီး တစ်လုံးလုံးကို ဝယ်လိုက်တာဗျ၊ ဟောဒီမှာ အိမ်ဂရန် မိတ္တူ။ ဒီစာချုပ်ကိုလည်း ကျုပ် တရားဝင် မှတ်ပုံတင်ပြီးသား"
အဖေကလည်း သူ့စာချုပ်ကို သက်သေထူသည်။ အဆင့်ဆင့် ပြောင်းလဲလာသော လူကြီးများက စာချုပ် နှစ်ခုလုံး၏ ခိုင်မာမှုကြောင့် ဖျန်ဖြေရ ခက်နေသည်။ နောက်ဆုံး ဦးလေး ချစ်ထူးက အဖေ့အား ရုံးတော်မှ နေ၍ အိမ်ခန်း လက်ရောက် ရလိုမှုဖြင့် တရားစွဲသဖြင့် အဖေ တရားပြိုင် အဖြစ် ရုံးတက် ရင်ဆိုင်ရတော့သည်။
ထိုအခါ ရုံးချိန်း အဆင့်ဆင့်သွား၊ ရှေ့နေငှားနှင့် အဖေနှင့် အမေ ဗျာများ ရတော့သည်။ ရုံးတော်မှ မကြီး၊ မငယ်၊ ဒေါ်အေးရီတို့အား ခေါ်ယူ စစ်ဆေးသောအခါ ကံကောင်း ထောက်မစွာ အမှန်အတိုင်း ထွက်ဆို ပေးကြပါသည်။
ဒေါ်အေးရီက ၎င်းသည် ထိုအချိန်တွင် ငွေလည်း အလွန် လိုနေသဖြင့် ဦးချစ်ထူး၏ ပြောစကား အတိုင်း အားလုံး လုပ်ကိုင် ပေးမိခဲ့ကြောင်း၊ အသိသက်သေများ မှာလည်း ဦးချစ်ထူး ခေါ်ထားသည့် လူများပင် ဖြစ်ရုံမက မိမိမှာလည်း စာမတတ်သဖြင့် စာချုပ်ကို ဖတ်မကြည့် နိုင်ကြောင်း၊ လက်မှတ်ကိုပင် လက်ဗွေပုံစံ နှိပ်ပေးနိုင်ခဲ့ပြီး ဦးပြေအေးတို့အား အိမ် အရောင်းအဝယ်နှင့် ပတ်သက်၍ မည်သည့်စကားမျှ မပြောရဟု ပိတ်ပင်ထားသဖြင့် ပြောင်းရွှေ့ခါနီးပင် နှုတ်မဆက်ရဲခဲ့ ပါကြောင်း ထွက်ဆို သွားတော့မှ ဦးချစ်ထူး၏ ကြိုတင် ကြံရွယ်ချက်များကို အံ့ဩကြရသည်။
နောက်ဆုံး မြို့နယ်တရားရုံးမှ ဦးချစ်ထူး၏ စွဲချက်ကို ပယ်ချလိုက်သဖြင့် အဖေ အနိုင်ရခဲ့သည်။
သို့နှင် စိတ်ချမ်းသာတော့မည် ပြင်နေတုန်း ယခုတစ်ဖန် ဦးလေးချစ်ထူးက ထိုအမိန့်ကို မကျေနပ်၍ ဗဟိုတရားရုံးသို့ ထပ်တက်သဖြင့် ဇာတ်လမ်းက ပြတ်မလိုလိုနှင့် ပြန်ဆက်နေရ ပြန်သေးသည်။
အဖေနှင့် အမေမှာ တစ်နေ့ တစ်နေ့ ထိုအမှုကိစ္စ အကြောင်းနှင့်သာ ဗျာများ နေကြရရှာ သော်လည်း အိမ်မှာ စကားတော့ သိပ်မပြောဖြစ်ကြတော့။
ကိုယ့်အတွေးနှင့်ကိုယ် တိတ်ဆိတ် ငြိမ်သက်ပြီး သက်မဲ့ အရုပ်များလို ဖြစ်နေကြသည်။ ကျွန်မတို့ မောင်နှမ တစ်တွေသာ လူငယ်များ ပီပီ တွေးမိသည့် အခိုက်သာ ခံစား လိုက်ကြပြီး ကျန်အချိန်များ တွင်တော့ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင် အကြောင်းကို စိတ်ဝင်တစား ပြောကြ ဆိုကြ ငြင်းခုံ နေကြလေ့ ရှိသည်။
"မမ ကျောင်းသားတစ်ယောက် ထပ်ရတယ်ဆို၊ သမီးကို တီရှပ်တစ်ထည် ဝယ်ပေးနော်"
ကျောင်းက ပြန်လာသော ကလေးက ဝမ်းသာအားရ ပြေးတက်လာပြီး ပူဆာနေသည်။ တက္ကသိုလ်ကျောင်းသူ ဖြစ်နေပေမဲ့ ကျွန်မနှင့် တွေ့လျှင် ကလေးဆန်တတ်မြဲ။
"ပြီးတော့ ... အဲဒီအိမ်က သူဌေးအိမ်ဆို၊ လခလည်း များများ ပေးတယ်ဆို၊ ဝယ်ပေးနော် မမ ... နော်"
"အေးပါဟယ်၊ ပိုက်ဆံရရင် ဝယ်ပေးပါ့မယ်၊ လခ များတာလည်း မပြောနဲ့ဟဲ့၊ သူများလို တစ်ပတ်မှာ သုံးလေးရက် ဝင်သင်ရမှာ မဟုတ်ဘူး။ နေ့တိုင်း သွားရမှာ"
ကျောင်းပြီးခါစ အလုပ်မရှိသေး၍ အိမ်တကာ လည်ပြီး စာပြနေရသော ကျွန်မမှာလည်း နေ့စဉ် လူအမျိုးမျိုးနှင့် ဆက်ဆံ နေရသဖြင့် အလုပ်ခွင်တွင် မကြာခဏ စိတ်ညစ်နေရသည်။
မဂ္ဂဇင်း မျက်နှာဖုံး သရုပ်ဆောင်နှင့် ဗီဒီယို မင်းသမီး ဖြစ်လိုသော တပည့်မ ချောချောကလေး ကလည်း စာသင်မည့် အချိန်ဆို အင်္ကျီ သွားရွေးနေလို့၊ ဆံပင် သွားညှပ်နေလို့၊ ဗိုလ်ချုပ်ဈေး သွားနေလို့ဟု ခဏခဏ အချိန်ပျက်ကာ အစားချည်း ထိုးသင်နေရသည်။
သားသမီးများကို ပညာ အလွန် တော်စေချင်ပြီး ‘ဒီ’ များများ မှန်းသော တပည့်မိသားစု အိမ်ကျတော့လည်း စာသင်ချိန်က ညဘက် ဖြစ်နေသည်။ စာသင်ပြီး ပြန်ဟန် ပြင်ခါမှ အစားအသောက် ဖိကျွေးပြီး၊ စာထပ်ထပ် မေးနေ၍ မိုးချုပ်မှောင်မှ သုတ်ခြေတင်ရပေါင်း များပြီ။
သို့သော်လည်း ထိုကလေးမျိုးကို သင်ရတာ ကျေနပ် အားရသည်။ ကိုယ်လည်း နာမည် ရသည်။
မိုးချုပ်ချုပ် လူပြတ်ချိန်မှာ ပြန်ရတာ တစ်ခုတော့ ကသိကအောက် ဖြစ်ရသည်။
သည်ကြားထဲမှာ သည်းမခံ နိုင်လောက်အောင် ဖြစ်လာရသော ပြဿနာ တစ်ခုကို တစ်နေ့တွင် ကြုံတွေ့ရသည်။
နောက်ဆုံးရသော ကျောင်းသားသစ် အိမ်တွင် ဖြစ်သည်။ လနှင့်ချီသွားပြီမို့ မိဘများ နှင့်လည်း ရင်းနှီးကျွမ်းဝင် နေပြီဖြစ်သည်။ သည် မိသားစုမှာ မင်္ဂလာဈေးထဲတွင် အထည်ဒိုင် ဖွင့်ထားသည်။
သူတို့ တိုက်ခန်းထဲတွင် အထည်အလိပ်များ၊ အဝတ်စများနှင့် ပြည့်ညပ် နေတတ်သည်။ ကလေးအမေသည် စီးပွားရေးသမားကောင်း တစ်ယောက်ပီပီ သွက်လက် ဖော်ရွေ၍ ဆက်ဆံရေး အလွန်ကောင်းသည်။
အဲသည် နေ့က ကျွန်မ ဖျားချင်သလိုလို ဖြစ်နေသော်လည်း ကလေး စာနောက်ကျမည် စိုး၍ ဝတ္တရားမပျက် အချိန်မီ ရောက်သွားခဲ့သည်။ အိမ်ရှေ့ခန်းတွင် နောက်ဆုံးပေါ် အဆင်ဆန်း အထည်သစ်များနှင့် အလုပ်ရှုပ်နေသော ကလေးအမေက ထုံးစံအတိုင်း ဖော်ရွေစွာ ဆီးကြိုသည်။
"ဆရာမ တပည့် တော ခဏ လိုက်သွားတယ် ဆရာမရေ၊ နှစ်ရက်လောက် ခွင့်ပြုပါနော်၊ သူ့အစ်မ အဖော်မရှိလို့ ကျွန်မ ထည့်ပေး လိုက်တာပါ"
ဖျားနေ၍ အနားယူလိုသော ကျွန်မနှင့် အံကိုက် ဖြစ်သွားသည်။ ခဏတစ်ဖြုတ် ထိုင်ပြီး ပြန်မည်ဟု စဉ်းစားနေတုန်း …
"အတော်ပဲ ဆရာမရယ်၊ သူ့အဖေ ကလည်း မရှိ၊ အလုပ်သမား ကလည်း မလာနဲ့၊ ကျွန်မ တစ်ယောက်တည်း ဖြစ်နေတုန်း ဆရာမ ရောက်လာတာ၊ အထည်တွေ ဝိုင်းကိုင် ပေးစမ်းပါ ဆရာမ ရယ်၊ ဪ … ဆရာမက ကိုက်တံ ကိုင်တတ်မှာ မဟုတ်ဘူး၊ ကျွန်မ တိုင်းမယ်၊ ဆရာမက ခေါက်ပေးပေါ့"
အတော် နှုတ်ပေါ့ လျှာပေါ့နှင့် အားမနာတတ်သူ ပေပဲ။ ကြုံလို့ပဲ နေမှာပါလေ။
"ရပါတယ်"
ဟု ဆိုတာ ကျွန်မ ဝိုင်း၍ ခေါက်ပေး၊ သိမ်းပေး နေလိုက်သည်။ အထည်တွေက တစ်လိပ်ပြီး တစ်လိပ်၊ တစ်ပုံပြီး တစ်ပုံ၊ ခေါင်းပင် အုံလာသည်။ ထိုအချိန် စိတ်ထဲတွင် မငြိုငြင်မိ သော်လည်း …
"ဟော … သုံးနာရီတောင် ထိုးနေပြီ၊ ဆရာမ ပြန်ချိန် ရောက်နေပြီ။ ကျေးဇူးတင် ပါတယ်နော်၊ ဆရာမ မနက်ဖြန်လည်း လာခဲ့နော်၊ သမီး မရှိပေမဲ့ ကျွန်မနဲ့ ဆက်ပြီး ဒီလက်ကျန် ကလေးတွေ ဆက်လုပ်ကြတာပေါ့"
ဟု နှုတ်ဆက်လိုက်တော့ ကျွန်မ ရင်ထဲ အောင့်သက် ခါးသီးသွားသည်။
အပြန်လမ်း တစ်လျှောက်လုံး စိတ်ထဲမှာ မကျေနပ်။ ငါ ဘာလဲ ... ငါ ဘာလဲ။ ငါ့ကို ဆရာမ တစ်ယောက်လိုမှ မြင်ရဲ့လား၊ ငါ့ကို ဘယ်လိုအဆင့် ထားပြီး ဆက်ဆံ လိုက်တာလဲဟု တွေးပြီး ခံပြင်းစိတ်တွေ ဆူဝေ လာခဲ့သည်။
တစ်လမ်းလုံး ကြိတ်မှိတ်မျိုသိပ် လာရသော ဒေါသတို့က အိမ်ကျမှ ဖိတ်လျှံ ပွင့်ထွက်ကုန် တော့သည်။ မျက်ရည်တို့က အလိုလို ဘယ်က ဘယ်က ဝေ့ဝိုက် ထွက်လာသည် မသိ။ တိုင်တည်စရာလည်း အမေ တစ်ယောက်တည်း ရှိသည်မို့ အမေ့ကို နားပူနားဆာ လုပ်ရသည်။
"စိတ်ညစ်တယ် အမေ၊ လူတွေနဲ့ ဆက်ဆံရတာ ကြာရင် ကျွန်မ မောပြီး သေလိမ့်မယ် သိလား၊ ဒီလောက် စီးပိုးတဲ့ လူတွေကို ကျွန်မ မတွေ့ဖူးဘူး၊ သိပ်စိတ်ညစ်ဖို့ ကောင်းတာပဲ"
သည်တစ်ခါတော့ အမေ ငိုင်၍ ငြိမ်မနေ။ ဣနြေ္ဒ ပျက်လောက်အောင် တုန်လှုပ်နေသော ကျွန်မရှေ့တွင် ဆတ်ခနဲ ထရပ်၍ ခါးထောက်လိုက်သည်။ တင်းခနဲ ဖြစ်သွားသော အေးစက်စက် မျက်နှာပြင်ပေါ်မှ မျက်ဝန်းများဖြင့် ကျွန်မကို စိန်းစိန်းကြည့်ကာ သည်းမခံ နိုင်တော့သော လေသံဖြင့် …
"တိတ်စမ်း၊ ဒီလောက် ကိစ္စလေးတွေကို စိတ်ညစ်တယ်၊ စိတ်ညစ်တယ်နဲ့ အော်မနေနဲ့၊ ငါ မကြားချင်ဘူး။ တစ်ခါလာလည်း စိတ်ညစ်တယ်၊ တစ်ခါလာလည်း စိတ်ညစ်တယ်နဲ့၊ နောက်ကို ဘယ်တော့မှ စိတ်ညစ်တယ် ဆိုတဲ့ အကြောင်း မပြောနဲ့၊ ဘာစိတ်ညစ်တာလဲ၊ ညည်းတို့ စိတ်ညစ်တာက စိတ်ညစ်ခ ရသေးတယ်"
ကျွန်မ အမေ့ကို အံ့ဩ ငေးကြောင်ပြီး ကြည့်နေမိသည်။ ပြီးတော့မှ သဘောပေါက် သလိုလို ဘာလိုလို၊ အမေ့ စကားတစ်ခွန်း …
"စိတ်ညစ်ခ …" တဲ့။
-------------------
သန်းမြင့်အောင်
ရွှေဝတ်မှုန် မဂ္ဂဇင်း၊ ဧပြီ၊ ၁၉၉၄။
====
No comments:
Post a Comment