May 31, 2018

တစ်နပ်စာ

“ တစ်နပ်စာ ”
@@@@@@@@@@@

ကျုပ်တို့သားအဖနှစ်ယောက် သီချင်းတွေအော်ဆိုပြီး ပြန်လာခဲ့ကြတယ်။ ဒီနေ့အတွက်တော့ နေ့တွက်ကလေးစီလာပြန်ပြီပေါ့။ ဘုန်းကြီးပျံပွဲမှာ ပူဖောင်းတွေတော်တော်လေး ရောင်းခဲ့ရတာကိုး။ ကျုပ်နောက်က ကျုပ်သားလေးက တကောက်ကောက်လိုက်လို့။ ကျုပ်က ပူဖောင်းတွေ ချိတ်ထားတဲ့ ကတ်ကလေးထမ်းလို့။ လွယ်အိတ်စုတ်ကလေး တယမ်းယမ်းနဲ့ပေါ့။ ကျုပ်သားကတော့ မရမ်းပြားလေးစားရင်း ဟိုကြည့်ဒီကြည့်နဲ့။

“ အဖေ၊ အဖေ ဒီနေ့ ၀က်သားချက်မှာနော် ”
“ အေးပေါ့ဟ၊ ၀က်သား-၀က်သား ”

ကျုပ်က ၀က်သား ၁၅ ကျပ်သားအထုပ်ပါတဲ့ ဘေးလွယ်အိတ်ကိုပုတ်ပြီး ပြန်အော်ပြောလိုက်တယ်။ စိတ်ရွှင်လန်းနေတဲ့အတွက် ကျုပ်အသံနည်းနည်းကျယ်သွားတယ်။ သားနဲ့ကျုပ်က အနေအစားဆင်းရဲပါတယ်။ အသားဟင်းဆိုတာ တစ်ခါတစ်ရံမှပါ။ ဒီတော့ အသားကလေး ငါးကလေးဝယ်တဲ့နေ့ဆိုရင် ကျုပ်တို့မှာ ပျော်လို့။ ကျုပ်အနေနဲ့က ဘာပဲဖြစ်ဖြစ် စားနိုင်ပေမယ့် သားက ငယ်သေးတယ်။ ဒီတော့ အမေမရှိတဲ့ သားမို့ ကျုပ် ပိုပြီးညှာမိတယ်။

“ ဟော- သားအဖ ပြန်လာကြပြီလား ”
လမ်းထောင့် မုန့်ဆိုင်သေးသေးလေးက မိန်းမကြီးက နှုတ်ဆက်တယ်။
“ ဟုတ်ပဗျား- ပြန်ခဲ့ပြီပေါ့ ”
“ အပြန်-အပြန်-အပြန်လားဟေ့ ”
အသွား-အသွား၊ အသွားပါပေါ့၊
ဝတ်ရည်ကူးကာ လူးလာပျံကြကုန်….
ကျုပ်က ပြန်ဖြေရုံမက သီချင်းကလေးပါ ဆိုလိုက်မိတော့ မိန်းမကြီးက ပြုံးကြည့်နေတယ်။

“ ကိုတိုက်အေး တော်ကတော့ ပျော်ပျော်ပဲနော် ”
“ ဟာ- မပျော်လို့ ဘယ်လိုနေပဗျာ၊ ဟေ့ သား မင်းအဒေါ့်ဆီမှာ အကြွေးပေးစရာ ရှိသေးသလား ”
ကျုပ်သားက ကျုပ်ကို ပြူးကြောင်ကြောင်နဲ့ ခေါင်းရမ်းပြတယ်။ ပြီးတော့-
“ ထမင်းဆာပြီ အဖေရ ”
“ အမယ်-အမယ်၊ ဘယ်မရှိရမှာလဲ၊ တစ်နေ့က ကောင်လေး ငှက်ပျောသီးယူသွားတဲ့ ၁၅ ပြားလေ ”
မိန်းမကြီးက ၀င်ပြောသည်။

“ ဟုတ်လား ဟေ့ကောင် ”
ဒီတော့မှ ကျုပ်သားက ခေါင်းညိတ်ပြသည်။ ဒီကောင်လေးက တစ်ခါတစ်ခါ အူတူတူနဲ့ သိပ်အတွေးလွန်တာပဲ။
ခုမှ ငါးနှစ်ရှိသေးတယ်။ ဘာတွေ ဒီလောက်တွေးနေသလဲ မပြောတတ်ဘူး။
“ ရော့ဗျား၊ ခင်ဗျားအကြွေး၊ သွားမယ် အစ်မရေ အိမ်မှာ ညစာချက်ရဦးမှာ ”
“ ကောင်းပတော်- ကောင်းပ၊ နောက်လည်း မုန့်ယူစားပေါ့၊ ပိုက်ဆံကတော့ ရှိကာမှ ပေးဖြစ်တာပဲ ”

သူက ကျုပ်တို့သားအဖကို ဘာတွေသဘောကျနေတယ် မသိဘူး။ ပြုံးလို့။ ရှိကာမှပေးဆိုလို့ ကျုပ်မှာ ရှိကာမှပေးရမယ့် အကြွေးတွေကလည်းအများသား။

လမ်းကြားထဲကို ကွေ့ချိုးဝင်လိုက်ပြီဆိုရင် ကျုပ်အိမ်ကလေးကို မြင်ရတော့တာပဲ။ ကျုပ်တို့အိမ်ကလေးက သေးသေးဆိုမှ တကယ့်သေးသေးလေး။ တိုင်တွေကလည်း ပိုးစားလို့ယိုင်နေပြီ။ သက်ငယ်အမိုးတွေကလည်း ကျိုးတိုးကျဲတဲနဲ့။ ဒါပေမဲ့ ကိုယ့်အိမ်ကိုမြင်ရတော့ ရင်ထဲမှာ အေးသွားတယ်။ ကိုယ့်အရိပ် ကိုယ့်အာဝါသအောက် ပြန်ရောက်ရပြီဆိုရင် သိပ်စိတ်ချမ်းသာတာပဲ။ ဒါပေမဲ့ ကျုပ်အိမ်ကလေးမှာ ဆီးကြိုနေမယ့် အိမ်ရှင်မ မရှိတာကြာပြီကောလေ။

“ အဖေ၊ အဖေ အိမ်ထဲမှာ ကျွန်တော် ၀ှက်ထားခဲ့တဲ့ သေနတ်ကလေးက အကောင်းလား အပျက်လား ”
“ မင်းဟာ အမှိုက်ထဲက ကောက်လာတာ နေမှာပါကွာ… ”
“ နည်းနည်းတော့ သစ်သေးတယ် အဖေရ၊ ဘာကြေးလောင်းမလဲ ” ဒီကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ လောင်းကစားအလွန်ထက်သန်တယ်။ သူ့ကို ကျောင်းထားမိမှ ‘ ၀ ’ လုံးတွေ ‘ က ’ ကြီးတွေအပြင် ဖဲချပ်ထပ်တမ်း၊ ပေသီးထုတမ်း အစုံကိုတတ်ကရော။ ဒါပေမဲ့ ကျုပ်သားက မညာတတ်ဘူး။ အဲဒါတစ်ခုတော့ တော်တယ်။ ခုတော့ သူထမင်းဆာနေပြီလေ။ ကျုပ် အိမ်တံခါးကို ဖွင့်လိုက်တယ်။ ထမင်းကြမ်းတော့ ကျန်ဦးမှာပဲ။ ၀က်သားက ချက်ရတာကြာတယ်။ နူးဖို့နပ်ဖို့ စောင့်ရသေးတယ်။

အိမ်ထဲမှာ ရှုပ်ပွနေတဲ့ပစ္စည်းတွေကို ကလေးက ကောက်သိမ်းနေတယ်။ ဒါတွေကလည်း သူ့ကစားစရာတွေပါ။ ကျုပ်တို့မှာ ဘာအိမ်ထောင်ပရိဘောဂမှ မရှိပါဘူး။ သူ့ကို ထမင်းကြမ်းစားနှင့်ခိုင်းရတယ်။ ဟင်းချက်မလို့ကြည့်တော့ ဆီက မရှိပြန်ဘူး။
“ သားရေ ဆီကုန်ပြန်ပြီဟဲ့ ”

ဆီပုလင်းကိုဆွဲပြီး ကုန်စုံဆိုင်ဆီ ထွက်လာခဲ့တယ်။ ကျုပ်ရောက်တော့ ဆိုင်ထဲမှာ ဘယ်သူမှမရှိဘူး။ ငါးမုန့်ထုပ်တွေ၊ အချိုမှုန့်ထုပ်တွေ တွဲလွဲဆွဲထားတယ်။ ခေါက်ဆွဲစည်း၊ ကြာဆံစည်းတွေလည်း စီရီတင်လို့။ ကုလားပဲခွက်တွေ၊ ပဲစဉ်းငုံခွက်မြင်ရတော့ မနက်ဖြန် ပဲဟင်းချက်ဦးမှပဲ တွေးမိတယ်။ ချိတ်ဆွဲပြထားတဲ့ ဒန်အိုး၊ ဒန်ခွက်တွေက တောက်ပြောင်နေကြတယ်။

အိမ်ထဲက ကျုပ်တို့အရွယ်လောက် လူတစ်ယောက် ထွက်လာတယ်။
“ ဘာဝယ်မလို့လဲ ”
အသံခပ်မာမာနဲ့ မေးတယ်။ ကျုပ်ကလည်း စိတ်တိုသွားပြီး
“ ဆီ-ဆီ ”
ပြန် အော်လိုက်တယ်။ သူက ကျုပ်ကို မျက်စောင်းထိုးကြည့်ပြီး ဆီပုလင်းကို လှမ်းယူလိုက်တယ်။
“ ဘယ်လောက်ဖိုးလဲ ”
ကျုပ်က တစ်ကျပ်ဖိုးဆိုတော့ သူက အိမ်ထဲကို လှမ်းအော်ပြီး-
“ မမြစိန်ရေ၊ ဆီတစ်ကျပ်ဖိုးတဲ့ ရောင်းရမလား ”
အိမ်ထဲက အိပဲ့ အိပဲ့နဲ့ မိန်းမ၀၀ကြီးတစ်ယောက် ထွက်လာတယ်။ သူ့ပါးစပ်ကလည်း ဗျစ်တောက်ဗျစ်တောက်နဲ့။
“ ဆီတွေက ဈေးတက်နေတာတော့ တစ်ကျပ်ဖိုး ငါးမူးဖိုးဆို ရောင်းလို့ကိုက်တာ မဟုတ်ဘူး ”
ကျုပ် စိတ်ပျက်သွားတယ်။ တကယ်ပါပဲ။ ပိုက်ဆံပေးဝယ်ရတာတောင် မျက်နှာငယ်လိုက်တာ။
“ ကဲ ကဲပေးပါလေ၊ ဒီတစ်ခါတော့ ရောင်းလိုက်တာပေါ့ ”
“ ဒီတစ်ခါတော့ တဲ့ ဗျာ ”

ကျုပ်ပြန်အော်ပစ်လိုက်ချင်တယ်။ မရှိလို့သာ တစ်ကျပ်ဖိုး၊ ငါးမူးဖိုး ၀ယ်ရတာပေါ့ဗျာ။ ဘယ်သူက နည်းနည်းလေးဝယ်ချင်ပါ့မလဲ။ ကျုပ်လည်းတတ်နိုင်ရင် ဆီတွေကို ပီပါလိုက် လှောင်ထားလိုက်ချင်သားပေါ့။ ဒါကို သူတို့ သိဖို့ကောင်းပါတယ်။ ကျုပ်ခေါင်းရမ်းမိတယ်။ မခံချင်တာနဲ့….
“ ဆီဗျနော်… ငံပြာရည် မဟုတ်ဘူး ”
“ သိပါတယ်ဗျ ”
ကျုပ် ပြုံးချင်လာတယ်။ အဲဒီလူမျိုးတွေကို ကျုပ်က နည်းနည်းလောက် ကလိချင်လာတယ်။ မိန်းမထဘီနား ကပ်စားပြီး ဟန်ကြီးပန်ကြီးလုပ်နေတတ်တဲ့လူမျိုးကို ကျုပ် မုန်းတယ်။ ပြီးတော့ သူက ကျုပ်အမူအရာမှန်သမျှကို စောင့်ကြည့်နေသေး။

အဲဒီနေ့က ညစာကို ၈ နာရီလောက်မှ စားကြရတယ်။ ကလေးကလည်း ထမင်းစားပြီး အိပ်တော့တာပဲ။ စာတောင် မကျက်နိုင်ရှာဘူး။ သူ့ခမျာလည်း ကျုပ်နောက်က တကောက်ကောက်နဲ့ ပင်ပန်းရှာပါတယ်။ သူ့အမေသာရှိရင် သူ့ကို ချော့သိပ်မှာပေါ့။ ခုတော့ အိမ်ထောင့်ကလေးထဲမှာ ခပ်ကွေးကွေးလေး အိပ်လို့။ ပြတင်းပေါက်က လေတိုက်နေတော့ ကလေး အအေးမိမှာစိုးလို့ တံခါးကို ဆွဲပိတ်လိုက်တယ်။ ကြည့်စမ်း လသာလိုက်တာ။ မန်ကျည်းကိုင်းတွေပေါ်မှာ လရောင်ကျလို့ စိမ်းလက်နေတာပဲ။ အဝေးက ဂီတာသံသဲ့သဲ့ ကြားလိုက်ရတယ်။ ကျုပ်ရင်ထဲမှာ နာကျင်သွားတယ်။ တံခါးကို မြန်မြန်ပိတ်လိုက်မိတယ်။ အတိတ်တွေက ကျုပ်ရင်ထဲကို တိုးဝင်လာပြန်ပြီ။ မှောင်မည်းဆိတ်ငြိမ်နေတဲ့ အိမ်ထဲမှာ ကျုပ်မိန်းမက ကျုပ်တို့ကို စောင့်ကြည့်နေသလိုလို……
×××××××××××××××××××

တကယ်တော့ ကျုပ်ဘ၀မှာ စိတ်ကူးယဉ်စရာဆိုတာ ရှားပါးလွန်းလှပါတယ်။ ခုတော့ အသက်ကလေးလည်း ရလာပြီ။ သားကလေးကလည်း ကျောင်းစနေပြီဆိုတော့ ရှေ့ရေးကိုတွေးစရာတွေ အများကြီးပေါ့။ အရင်ကတော့ ကျုပ်မိန်းမက ရေထမ်း၊ ကျုပ်က ရွာရိုးကိုးပေါက် ပူဖောင်းအရောင်းထွက်ရတယ်။ ဘုန်းကြီးပျံတို့၊ ဘုရားပွဲတို့၊ အလှူအတန်းတို့ရှိတဲ့ ရွာတွေကို ညဥ့်အိပ်ညဥ့်နေ သွားရောင်းခဲ့ရတယ်။ ကျုပ်မိန်းမက လောဘရှိတယ်။ ကြိုးစားတယ်။ သားကလေးရလာပြီဆိုတော့လည်း ကလေးအတွက် အလုပ်ကိုပိုပြီး ကြိုးစားတယ်။ သူ့မှာ သားအတွက် မျှော်မှန်းချက်တွေ ပြည့်လို့။ ဒါပေမဲ့ သူ့ခမျာ ကံဆိုးရှာပါတယ်

“ ဟေ့ ကိုတိုက်အေး၊ ခင်ဗျားမိန်းမ ဆေးရုံရောက်နေပြီ ”
အဲဒီတုန်းက ကျုပ်က တောင်ဘက်ရွာကအလှူမှာ လူတစ်ယောက်လာပြောတော့ အံ့သြသွားတယ်။ ထိတ်လန့်သွားတယ်။ ကျုပ်လည်း ရွာကိုချက်ချင်းပြန်ပြေး မြို့ဆေးရုံကို အတင်းလိုက်ပေမယ့် သူ့အသက်ကို မမီတော့ဘူး။ အရွယ်နဲ့မလိုက်အောင် ပင်ပန်းဆင်းရဲတဲ့ဒဏ်တွေရတယ်၊ နောက်ကလေးကိုယ်ဝန်နဲ့ ရေတွင်းပေါ်ချော်လဲတဲ့ဒဏ်တွေရယ် စုခံရရှာတာပါဗျာ။ သူ့ကို “ ရေမထမ်းပါနဲ့တော့ ” လို့ ကျုပ်အတန်တန်တားလျက်နဲ့ ဖြစ်ရတာမို့ ကျုပ် ကရုဏာဒေါသဖြစ်ရတယ်။

ဆိုင်းထမ်းနဲ့ထမ်းပိုးကိုမြင်ရင် ကျုပ်စိတ်နာတယ်။ ကျုပ်မိန်းမဟာ သူ့ဘ၀တစ်လျှောက်လုံး ကျွဲလို နွားလိုရုန်းပြီး သေသွားတော့လည်း အသေဆိုးနဲ့ သေခဲ့ရတယ်။ ဒါကြောင့် ကျုပ်ပူဖောင်းလေးတွေပဲ ရောင်းတော့တယ်။ ဒါပေမဲ့ ဒီအလုပ်ကလည်း ပွဲကလေး လမ်းကလေးရှိမှ ကိုက်တာဆိုတော့ မစားလောက်ပြန်ဘူး။ ပြီးတော့ သားအတွက် စာအုပ်ဖိုး၊ အင်္ကျီဖိုးလိုလာပြန်တော့ ကျုပ်အလွန်မုန်းတဲ့ ဆိုင်းထမ်းကို ကောက်ကိုင်ရပြန်တယ်။ ကျုပ်ဘ၀ဟာ ခက်ခဲတယ်။ ကြမ်းတမ်းတယ်။ ဒါပေမဲ့ ကျုပ် ညည်းညူမနေခဲ့ပါဘူး။ ကျုပ်တို့ဘုန်းကြီးက မှာဖူးတယ်။
“ လောကဓံကြုံ၊ မဖြုံစမ်းနဲ့ မတုန်တမ်းပ စိတ်ခိုင်စေ ” တဲ့။

ဒါပေမဲ့ ကျုပ်လည်း လူတစ်ယောက်ပဲ ၀မ်းသာရင် သီချင်းဆိုမယ်။ ၀မ်းနည်းရင်ငိုမယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် တုန်လှုပ်အောင်တော့ မဟုတ်ဘူးပေါ့။ ကျုပ်ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ ကျုပ်သားပျော်တာ မြင်ရတယ်ဆိုရင် ကျုပ်လည်း ပျော်တာပါပဲ။ သားက ငယ်သေးတယ်။ ဒီအရွယ်လေးနဲ့ ကျုပ်ရဲ့သောကဒုက္ခတွေ မျှဝေခံစားနေရတာ ကျုပ် မလိုလားဘူး။ ဒါပေမဲ့ ရေထမ်းသမားသားက ကိုယ့်ကိုယ်ကိုယ် ဘုရင့်သားလိုထင်လာအောင် မြှောက်စားတာမျိုးတော့ ကျုပ်လည်း မုန်းတယ်။ သားကို ကိုယ့်ဘ၀ နားလည်စေချင်တယ်။ ဒါနဲ့အတူ သူဝမ်းနည်းညှိုးငယ်မှာလည်း ကျုပ်စိုးရိမ်တယ်။ ကျုပ်ဘ၀မှာ ကျုပ်သားဟာ ကျုပ်မျှော်လင့်ချက်ပဲ။ အင်အားပဲ။ သားသာမရှိရင် အကြင်နာ မေတ္တာခေါင်းပါးတဲ့ အထီးကျန်ဘ၀မှာ ကျုပ် ဘယ်လိုနေရမလဲ မသိဘူး။ သားကို တော်စေချင်တယ်။ တတ်စေချင်တယ်။ ကျုပ်ဘ၀မှာမရခဲ့တဲ့ သာယာပျော်ရွှင်မှုတွေကို သူ့ကို ရစေချင်တယ်။ သားအတွက် ရွှေငွေစည်းစိမ်ချမ်းသာ ကျုပ် မမျှော်မှန်းပါဘူး။ ရိုးသားတဲ့ စိတ်ဓာတ်ခိုင်မာတဲ့ လူတော်လူကောင်းတစ်ယောက် ဖြစ်လာမယ်ဆိုရင် တော်ပါပြီ။ ဆင်းရဲနုံချာပြီး အောက်ကျနောက်ကျနိုင်လွန်းတဲ့ ကျုပ်ဘ၀မျိုး ကျုပ်သားမရစေချင်တာ ကျုပ်ရဲ့ အဓိကရည်ရွယ်ချက်ပါ။

ကျုပ်ကတော့ ရေထမ်းတယ်၊ ပွဲလေး လမ်းကလေးရှိရင် ပူဖောင်းကလေးရောင်းတယ်။ စားလောက်သလားဆိုတော့ အကြွေးသံသရာထဲမှာ အသစ်ယူ၊ အဟောင်းပေး၊ ရရစားစားပါပဲ။ ကလေးအင်္ကျီ တစ်ထည်နှစ်ထည်တိုးရင် ကျုပ်ဖို့ ပိုတယ်လျှံတယ်ပြောရမှာပဲ။ ရေထမ်းရတာကို ကျုပ်မုန်းတော့ ရေထမ်းရင် ဘယ်တော့မှ သီချင်းမဆိုဘူး။
×××××××××××××××××××××××

ကလေးတွေ ကျောင်းလွှတ်ခါနီးတော့ ရေကိုမြန်မြန်ငင်၊ မြန်မြန်ထမ်းရတယ်။ တစ်ခါတစ်ခါ ရေတွင်းထဲမှာ ရေပုံးနစ်ကျသံကို နှေးလွန်းတယ်ထင်မိပါရဲ့။ ညစာချက်ရမယ်လေ။ ကလေးက ကျောင်းပြန်လာရင်၊ ဆာတတ်တယ် ဒီနေ့ သူအင်္ကျီအသစ်ကလေး၊ ကျောက်သင်ပုန်း အသစ်ကလေးနဲ့ ကျောင်းသွားတော့ ကျုပ်ရင်ထဲမှာ ပီတိဖြာနေတာပဲ။ သူ့အတွက် အင်္ကျီအသစ်က လပေးနဲ့ဝယ်ထားတာလေ။ တစ်နေ့ နှစ်ကျပ်ဆပ်ရတယ်။ ဒီနေ့ ကျုပ်ရေထမ်းခက လေးကျပ်။ အင်္ကျီဖိုးဆပ်ရင် ကျုပ်မှာ နှစ်ကျပ်ပဲ ကျန်မယ်။ ဆန်ဖိုးတောင် အနိုင်နိုင်ပါပဲ။

ရေထမ်းကို မ,ပြီ။ ပခုံးပေါ်တင်လိုက်တော့ ရေစက်တွေ ဖြာစဉ်သွားတယ်။ လမ်းပေါ်မှာ ကျောင်းသားကလေးတွေ ဆူဆူညံညံ ရယ်ရယ်မောမောနဲ့ ပြန်လာကြပြီ။ ကြည့်စမ်း ကလေးဘ၀ဆိုတာ ဘယ်လောက်အားကျဖို့ ကောင်းလိုက်ပါသလဲ။ အပူအပင်ကင်းမဲ့တဲ့ မျက်နှာကလေးတွေဟာ ကြည်လင်ရွှင်ပျလို့။ ကျုပ်က သားကို ရှာကြည့်မိတယ်။ ကျုပ်စိတ်ကလောနေပေမယ့် ခြေလှမ်းတွေက သိပ်မသွက်ချင်ဘူး။ ရေကို အမြန်ထမ်း၊ ပြီးတော့ ညစာချက်။ ကျုပ်စိတ်ထဲမှာ ရေရွတ်နေတယ်။ သားသူငယ်ချင်းတွေနဲ့ တွေ့တော့….။

“ ဟဲ့ ကလေးတွေ၊ သိန်းထွန်းကော ဟ ”
“ ဦးလေးသား နောက်မှာ ကျန်ခဲ့တယ်။ ဘာဖြစ်လို့လဲမသိဘူး ငိုလို့ဗျား ”
ကျုပ် ထိတ်လန့်သွားတယ်။ ဘာဖြစ်လို့ပါလိမ့်၊ မနေ့ညက သူစာမကျက်ခဲ့ရတော့ စာမရလို့ ဆရာမက ရိုက်လေသလား ထင်မိတယ်။ ရေထမ်းကိုချပြီး လိုက်သွားတယ်။ ဒီကောင် ကျုပ်ကိုတောင် မမြင်ဘူး။ ရှိုက်ကြီးတငင် ငိုနေလိုက်တာ။ ကျုပ်က သူ့ခေါင်းကို အသာပုတ်ပြီး…..။
“ ဟဲ့ သား ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ ”
“ အဖေ ကျွန်တော့် ကျောက်သင်ပုန်း ကွဲသွားပြီ ”
“ ဟင် ”

ကျုပ် ဒေါသဖြစ်သွားတယ်။ မနက်ကမှ ၀ယ်ပေးတယ်။ ခု သူက ခွဲပစ်လိုက်ပြီ။ အင်္ကျီအသစ်ကလေးကလည်း ဖုံတွေနဲ့ညစ်ထေးပေရေလို့။ ဒီကောင် တော်တော်ဆိုးတယ်။ အဖေက မရှိမဲ့ရှိမဲ့ ၀ယ်ပေးထားတာလေးတွေ ကျုပ်ကို မျက်ရည်ခံထိုးတယ် ထင်မိလို့ ကျုပ် ပိုပြီး စိတ်ဆိုးတယ်။ သူ့ကို လှုပ်ရမ်းရင်း…။

“ ခွေးကောင်လေး နင် သိပ်ကစားမက်တယ်၊ ကိုယ့်ကျောက်သင်ပုန်းကို ကွဲအောင်လုပ်ပစ်တယ် ဟင် ”
“ မဟုတ်ဘူး အဖေ၊ သူများကြောင့် ကွဲတာ ”
“ ဘာ သူများကြောင့်လဲ၊ ငါ့ကို ညာပြန်ပြီ ”
ကျုပ်သားက ကျုပ်ကို ငိုမဲ့မဲ့ကြည့်ပြီး ကျောက်သင်ပုန်းကွဲစလေးတွေ လိုက်ကောက်နေတယ် ပြီးမှ….
“ သန်းဦးကြောင့် ကွဲတာအဖေ၊ သူ ကျွန်တော့်ကို အတင်းဝင်တိုးသွားတယ် ”
“ ဘာ သန်းဦး ဟုတ်လား၊ ဘယ်မလဲ ဒီကောင် ”
“ ဦးလေး ဦးလေး သန်းဦးက အိမ်ပြန်ပြေးပြီ ”

ကလေးတစ်ယောက်က ၀င်ပြောတယ်။ ကျုပ်ရင်ဟာ ဒေါသကြောင့် တုန်ယင်နေတယ်။ ဒီကျောက်သင်ပုန်းတစ်ချပ်ကို ကျုပ်ဘယ်လိုလုပ် ၀ယ်ခဲ့ရတယ်ဆိုတာ သူတို့ မသိဘူး။ ပြီးတော့ ကျုပ်သားကိုလည်း မျက်နှာမရှိလို့ အနိုင်ကျင့်တယ် ထင်တယ်။
“ လာ ဟေ့ကောင်၊ ငိုမနေနဲ့၊ အဖေ အစားဝယ်ပေးမယ်… ”
“ တောက်၊ သူများသားသမီးက စော်စော်ကားကားကွာ၊ မင်းက ဒီလောက် အ,ရသလား အဖျင်းလေးရဲ့ ”

ကျုပ် တစ်ယောက်ယောက်ကို ထိုးရိုက်ပစ်ချင်သလိုပဲ။ ကျုပ်အနားမှာ ဟိုကလေးသာရှိရင် ရိုက်ပစ်မိမလားပဲ။ ကျုပ်သားကို စိတ်တိုတိုနဲ့ ဆံပင်ကလေးစုပြီး ဆွဲခေါ်လာခဲ့တယ်။ သားက ငိုတော့ ကျုပ်ရင်ထဲမှာ နာကျင်လို့….။

ရေထမ်းပြီးတဲ့အထိ ဒေါသက မပြေသေးဘူး။ ကျုပ်သားကတော့ အသံမထွက်ဘဲ တိတ်တိတ်ကလေး ကြိတ်ရှိုက်နေတယ်။ နောက်မှ ကျုပ်စဉ်းစားမိတယ်။ ကလေးချင်းမတော်တဆဖြစ်တာ နေမှာပါပဲ။ ဒါပေမဲ့ အဲဒီမတော်တဆကလေးအတွက် ကျုပ် ဘယ်နှရက် ရေပိုထမ်းရမယ် မသိဘူး။

“ ဒါနဲ့ နေပါဦး၊ သန်းဦးဆိုတာ ဘယ်သူ့သားလဲကွ ”
သားက မဖြေချင် ဖြေချင်နဲ့….။
“ ကုန်စုံဆိုင်က ဒေါ်မြစိန်ရဲ့သား ” တဲ့။
ဒီတော့ ကျုပ်မျက်စိထဲမှာ ဟိန်းနေတဲ့ကုန်စုံဆိုင်နဲ့ ကျုပ်ကို မယုံသင်္ကာသလို စောင့်ကြည့်နေတဲ့ ဒေါ်မြစိန်ယောက်ျားကို မြင်ယောင်လာတယ်။ ကျုပ် ပိုပြီး စိတ်တိုသွားတယ်။
“ အလကား အယုတ်တမာတွေ ”
“ ကဲပါကွာ ငိုမနေပါနဲ့၊ အဖေ အစားဝယ်ပေးမှာပေါ့၊ ဒီအင်္ကျီကလေးလည်း လဲထားလိုက်တော့လေ ”
ပါးပေါ်မှာ မျက်ရည်စီးကြောင်းတွေနဲ့ သားက မထချင် ထချင် ထလာတယ်။

“ အဖေ… ”
မရဲတရဲ ခေါ်တယ်။
“ ဘာလဲ ဟ…. ”
ကျုပ်က အော်ထူးတော့ သူလန့်သွားတယ်။ ပြီးမှ…။
“ မနက်ဖြန် ဆရာမက စာရေးခိုင်းမှာ အဖေရ ”
“ ဟေ-မနက်ဖြန် ”
“ အင်း ကျောက်သင်ပုန်းက နက်ဖြန်ရမှ ဖြစ်မှာ၊ ဆရာမက နေ့တိုင်းစာရေးခိုင်း ခိုင်းနေတာ ”
ကျုပ် စိတ်ရှုပ်သွားတယ်။
“ ဟာကွာ မင်းတို့ဟာတွေကလည်း တစ်ရက်နှစ်ရက်မှ မဆိုင်းနိုင်ဘူး ”
နောက်မှ ကလေးကိုသနားတာနဲ့….။
“ အေးကွာ မနက်ဖြန်ဆိုလည်း ရစေ့မယ် သိလား ”

တကယ်တန်းကျ ဘယ်မှာလဲ ပိုက်ဆံ။ ကျုပ်လက်ထဲမှာ ဆန်ဖိုးနှစ်ကျပ်ကလွဲလို့ တစ်ပြားမှမရှိ။ စိတ်ထဲမှာ လေးလံသွားတယ်။ ကလေးက ကျုပ်ဘေးမှာ ခပ်မဲ့မဲ့ကလေးရပ်လို့။ ကျုပ်ရင်ထဲမှာ သားကိုချစ်တဲ့ စိတ်၊ သနားတဲ့စိတ်ကြောင့် နူးညံ့သွားတယ်။ သူ့အမေသာရှိရင် သူ့သားကို ဒီလောက်ဆူတာမာန်တာ ကြိုက်မှာမဟုတ်ဘူး။ သားဘက်က ခုခံကာကွယ်ပေးမှာပဲ။ ခုတော့ သားခမျာ ခေါင်းကလေး ငုံ့ရပ်လို့။ ကျုပ်ရင်ထဲမှာ တစ်ခုကြောင့် စူးရှနာကျင်နေတယ်။ သားကိုပွေ့ယူပြီး သူ့ခေါင်းကိုပွတ်သပ်မိတယ်။ ကျုပ်သားက ကျုပ်ရင်ခွင်ထဲကို တိုးဝင်ပြီး ကျုပ်ကိုဖက်ထားလို့….။

ကျောက်သင်ပုန်း အချပ်ပေါင်းများစွာ ခွဲပစ်၊ လွှင့်ပစ်နိုင်ကြသူတွေ၊ ညစာအထပ်ပေါင်းများစွာ တနင့်တပိုးစားနိုင်ကြသူတွေအတွက်တော့ ဒီအဖြစ်တွေဟာ သာမန်အသေးအဖွဲလေးတွေပါပဲ။ ကျုပ်တို့ဘ၀ကတော့ ပင်လယ်ကမ်းစပ်က သဲမြေတွေလိုပဲ။ ဒီလှိုင်းတွေနဲ့အတူ ဆင်းရဲခြင်း၊ ချို့တဲ့ခြင်းတွေကို ယူလာလိုက်၊ ကျုပ်တို့အပေါ် ပစ်တင်လိုက်။ နောက်တစ်ခါယူလာလိုက်၊ ပစ်တင်လိုက်။ နောက်ဆုံးတော့ ကျုပ်တို့ကိုယ်တိုင်လည်း ဒီလှိုင်းတွေနဲ့အတူ ပင်လယ်ထဲပါသွားပြီး အနည်အနှစ်တွေ ဖြစ်သွားတာပါပဲ။

“ ဆာပြီ အဖေရယ် ”
သားအသံကြောင့် ကျုပ် လန့်သွားတယ်။ ပြီးမှ ထမင်းအိုးကို ကမန်းကတန်း ဖွင့်ကြည့်လိုက်တယ်။
“ ဘုရားမ,တာပဲ သားရေ၊ မင်းအတွက် ထမင်းကြမ်းကျန်သေးတယ်။ အဖေ အကြော်ဝယ်ပေးမယ်၊ သားစား ”
သားက စိတ်မဖြောင့်သလိုနဲ့ ကျုပ်ကိုမော့ကြည့်တယ်။
“ အဖေကော….. ”
ကျုပ် ရင်နင့်သွားတယ်။ အိုးထဲမှာ ထမင်းကြမ်းက နည်းနည်းပဲကျန်တယ်။ ဆန်ဝယ်ပြီး ကျုပ်အတွက် ထပ်ချက်ရင် မနက်ဖြန်သူ့ကို ဘယ်လိုလုပ် ကျောက်သင်ပုန်း ၀ယ်ပေးနိုင်တော့မှာလဲ။ ကျုပ် ခေါင်းခါတယ်။
“ အဖေက စားပြီးသားပါကွာ ”
သားကို လိမ်လိုက်ရပေမယ့် တစ်နေ့ခင်းလုံး ရေထမ်းထားလို့ ကျုပ်ရင်ထဲမှာ ဟာနေတယ်။ ဆာလည်း လာပြီ။

ဝင်တော့မလို့ မေးတင်နေတဲ့ နေလုံးက နောက်ဆုံးရောင်ခြည်တွေထုတ်လွှတ်နေတယ်။ ဆည်းဆာချိန်ဟာ အလှဆုံးလို့ ဆိုကြပေမယ့် ဒီနေ့ဆည်းဆာချိန်ဟာ ကျုပ်အဖို့ အရုပ်ဆိုးတဲ့အချိန်တွေထဲမှာ အပါအ၀င်ပါပဲ။ ရေညှိတက်နေတဲ့သံပုံးရဲ့ ဘေးနားကွပ်တွေဟာ နေရောင်တန်းကျလို့ပြောင်လက်နေတယ်။ ဆာလောင်မှုဟာလည်း ကျုပ်ကိုဖိစီးနေတယ်။ ၀မ်းဗိုက်ထဲကနေ ရင်ဘတ်၊ ရင်ဘတ်ကနေ တစ်ကိုယ်လုံးကိုပျံ့နှံ့သွားတယ်။ ဒါပေမယ့် ကျုပ် မငိုညည်းပါဘူး။ လက်သီးဆုပ်မိတယ်။

“ တောက်…. ”
တောက်ခေါက်မိတယ်။ ပြီးတော့ မချိပြုံး ပြုံးတယ်။ ပိုက်ဆံက နှစ်ကျပ်။ ထမင်းတစ်နပ် အငတ်ခံရပြီ။ မနက်ဖြန် ကျောက်သင်ပုန်းဝယ်ဖို့ကော လောက်ပါ့မလား။ မနက်ဖြန် မနက်စာကော ဘာနဲ့စားကြမလဲ။
“ မိန်းမရေ မင်းကတော့ အသေစောလို့ ၀ဋ်ကျွတ်သွားပြီဟေ့၊ ငါတို့မှာသာ အနေဆင်းရဲ အစားဆင်းရဲတဲ့ ၀ဋ်ဒုက္ခတွေထဲက ဘယ်တော့များမှ ကျွတ်နိုင်လွတ်နိုင်ပါ့မလဲကွာ…. ”

ကျုပ်ရင်ထဲက ဒေါသတွေက စကားလုံးတွေအဖြစ် ပွင့်အံထွက်လာတယ်။ ညနေခင်းဟာ မည်းမှောင်ရှည်လျားတဲ့အရိပ်တွေအောက်မှာ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကျုပ်သားကလည်း အကြော်ဝယ်ပေးဖို့ မပူဆာဘဲ တိတ်တိတ်ကလေး ထမင်းစားလို့ ကျုပ်ရင်ထဲက ဆာလောင်မွတ်သိပ်တဲ့ ဝေဒနာတွေ ပိုလို့သာ တိုးလာတော့တယ်။

ခင်မြဇင်
စီးပွားရေးတက္ကသိုလ်မဂ္ဂဇင်း၊ ၁၉၇၅-၇၆ ခုနှစ် (နှစ်လည်)
credit
share by မွန်းလေးဖေဖေ

No comments:

Post a Comment