ကျွန်တော့်နာမည်ကို စာအုပ်တွေထဲမှာ ရှာတွေ့ခဲ့တယ်
--------------------------
#လူခါး
(က)
တစ်နေ့၊ တစ်နေ့ ဆိုပေမဲ့ မှတ်မှတ်ရရ ၂၀၀၁- ခုနှစ်လောက်က တစ်နေ့။ မကွေး ပညာရေး ကောလိပ်ထဲကို ကျွန်တော် ရောက်သွားခဲ့တယ်။ ကျွန်တော့်အမ ဝမ်းကွဲတစ်ယောက် ကျောင်းအပ်တာကို လိုက်လာသွားခဲ့တာပါ။ အဲဒီမှာ ၈- တန်းနှစ်က တစ်ကျောင်းတည်း တက်ခဲ့ရတဲ့ အမတစ်ယောက်နဲ့ အမှတ်မထင် တွေ့တယ်။ သူက တက္ကသိုလ် ဒုတိယနှစ် ဖြစ်နေပါပြီ။ အဲဒီအမက "မောင်လေး နင်ရော ဘယ်နှစ် ရောက်နေပြီလဲ"တဲ့။ ကျွန်တော် ဖြေလိုက်တယ်။ "ကျွန်တော် ၉- တန်းနဲ့ ကျောင်းထွက်လိုက်တာ အမ" လို့။ "ဟယ်"တဲ့။ အပြန်လမ်းမှာ အဲဒီအမရဲ့ ဟယ်ဆိုတဲ့ အသံက ကျွန်တော့်နားထဲက မထွက်ဘူး။ "နှမြောလိုက်တာ" တဲ့။ ကျောင်းလာအပ်တဲ့ အမကလည်း ကျွန်တော့်ကို အားနာကြည့်နဲ့ ကြည့်ရင်း ပြောသေးတယ်။ "နင် အတန်းတစ်ခုခု ရောက်နေပြီလို့ ပြောလိုက်ရမှာ" တဲ့။ "သူလည်း သိမှာမှ မဟုတ်တာ" တဲ့။ ကျွန်တော် ဘာပြန် ပြောဖြစ်ခဲ့သလဲ မမှတ်မိတော့ဘူး။ သေချာတာကတော့ ကျွန်တော် တကယ် ကြေကွဲခဲ့ရပါတယ်။ ဘဝမှာ ပထမဆုံး မှတ်မှတ်ရရ ရှိခဲ့ရခဲ့ဖူးတဲ့ နောင်တပါပဲ။
"ငါ ... ဘာလို့ ကျောင်းကနေ ထွက်ပြေးခဲ့မိတာလဲ"။
ကျွန်တော်ကိုယ် ကျွန်တော် ပြန်မေးမိတယ်။ ဒါပေမဲ့ ကျွန်တော့် မေးခွန်းကို ကျွန်တော်ကိုယ်တိုင် မဖြေရဲခဲ့ပါဘူး။
(ခ)
တစ်နေ့။ ဒီတစ်ခါတစ်နေ့ကတော့ ၂၀၀၂- ခုနှစ်က တစ်နေ့ပါ။ အညာရွာကလေးက အဖေနဲ့ အမေရဲ့ အိမ်အောက်က တန်းလျားပေါ်မှာ ကျွန်တော် ဝမ်းလျားမှောက်ပြီး အိပ်နေမိတယ်။ အိပ်နေမိတယ် ဆိုပေမယ့် အိပ်မပျော်ဘူး။ စိတ်က လွင့်နေတယ်။ မျက်လုံးတွေက သေနေတယ်။ အာရုံတွေက ကြောင်နေတယ်။ ကျွန်တော် အလုပ်ပြုတ်လာတာပါ။ တောင်တွင်းကြီးမှာ ရှိတဲ့ ဦးကြီး ဖြစ်သူရဲ့ ပွဲရုံကနေ ကျွန်တော် အလုပ်ပြုတ်လာတာ။ တစ်နေ့ကို လုပ်အားခ ၂၀၀ ကနေ အလုပ်ပြုတ်ချိန် အထိဆို တစ်နေ့ ၅၀၀ သို့မဟုတ် ၆၀၀ လောက် ရနေပြီ ထင်ပါတယ်။ တန်းလျားပေါ်မှာ မှောက်နေရင်း ကျွန်တော် တွေးနေမိတာက ငါ ဘာလုပ်မလဲ ဆိုတာပါပဲ။ ငါ ဘာလုပ်မလဲ။ ငါ ဘာလုပ်မလဲ။ ကျွန်တော် အကြိမ်ကြိမ် တွေးနေမိတယ်။ ဒါပေမဲ့ အဖြေမရဘူး။
နွေကြီးပေါ့။ အရမ်း ပူပါတယ်။ အဖေနဲ့ အမေက မျက်နှာချင်းဆိုင် ရှိနေတဲ့ တန်းလျား တစ်လုံးစီပေါ်မှာ ငေးမော တိတ်ဆိတ် ငြိမ်သက်လို့။ သူတို့ ဘာတွေးနေတယ် ဆိုတာတော့ ကျွန်တော် မသိပါဘူး။ သေချာတာကတော့ သူတို့ အားကိုးတဲ့ သားတစ်ယောက် သူတောင်းစား ခွက်ပျောက်သလို ဖြစ်လာတာကို စိတ်မကောင်း ဖြစ်နေကြတာ နေမှာပါပဲ။ အဲဒီအချိန်မှာပဲ သေနေတဲ့ ကျွန်တော့် မျက်လုံးထဲကို စာရွက်တစ်ရွက် လွင့်လာပါတယ်။ အဝါရောင်လေး။ မကွေး အဝေးသင် တက္ကသိုလ်မှာ တက်နေတဲ့ ကျွန်တော့် အထက်က အမဖြစ်သူရဲ့ ထုတ်မဖတ်တဲ့ ကျောင်းစာအုပ် အထူကြီးတွေနဲ့ အတူ ပါလာတဲ့ ဘယ်တော့မှ နားထောင်လေ့ မရှိတဲ့ တိတ်ခွေမှာ ပါတတ်တဲ့ စာရွက်လေး။ အဲဒီစာရွက်မှာ စာတန်းလေးတစ်ခု ပါတယ်။
ပညာလို အိုသည်မရှိ တဲ့။
အဲဒီစာကို ဖတ်ပြီးပြီးချင်း တန်းလျားပေါ် လှဲနေရာကနေ ချက်ချင်းထပြီး အဖေနဲ့ အမေ့ကို ကျွန်တော် ပြောလိုက်တယ်။
"ကျွန်တော် ကျောင်းပြန်နေချင်တယ်" လို့။
အဖေနဲ့ အမေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်လုံးပြူးကုန်တယ်။ အမေက ဟင်းလို့ တစ်ခွန်းဟစ်ပြီး သူ့ဆေးလိပ်သူ ဆက်သောက်နေတယ်။ အဖေက ဘာမှမပြောဘူး။ အိမ်ရှေ့ တလင်းထဲက လေတိုက်ရင် လွင့်လွင့်ပါနေတဲ့ အ၀ါရောင် မန်ကျည်းရွက် အကြွေတွေကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေပါတယ်။ ခဏကြာမှ အဖေက မေးတယ်။ "မင်းအသက် ဘယ်လောက် ရှိပြီလဲ" တဲ့။ ကျွန်တော်လည်း အားရဝမ်းသာ ဖြေလိုက်တယ်။
"၁၉ နှစ်"
(ဂ)
ကျွန်တော့်ကို အမေ ကျောင်းလိုက်ပို့ တယ်။ ကျောင်းက ကျွန်တော်တို့ရွာနဲ့ ၃- နာရီလောက် လှည်းနဲ့ သွားရတဲ့ မြို့ကလေးမှာ။ ကျွန်တော် ကျောင်းသွားတက်တာ အထက်တန်းကျောင်းသား တစ်ယောက်နဲ့ မတူဘဲ တက္ကသိုလ် သွားတက်မယ့် ကျောင်းသား တစ်ယောက်နဲ့ ပိုတူနေမယ် ထင်ပါတယ်။ အသက်က ၁၉- နှစ်။ တက်ရမှာက ၉ တန်း။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ အသက် ၁၅- နှစ်မှာ ၉- တန်း တက်ရင်းလက်စ ကျောင်းထွက်ခဲ့တာ ဆိုတော့ ပြန်တက်တော့လည်း ၉- တန်းကပဲ ပြန်တက်ရပါတယ်။ ကျောင်းမှာ ကျွန်တော့်ထက် ကြီးတာဆိုလို့ ဆရာ၊ ဆရာမတွေပဲ ရှိတယ်။ ဒါတောင် မူလတန်းပြတွေက ကျွန်တော့်ထက် ငယ်ကြတယ်။ အချို့ကျောင်းသူ ကျောင်းသားတွေက ကျွန်တော့်ကို ဆရာ ထင်ကြပါတယ်။ သူတို့ ဘာထင်ထင်ပါ၊ ကျွန်တော်ကတော့ ကျောင်းသားပဲ။ ကျွန်တော့်ကိုယ် ကျွန်တော် ကျောင်းသား အသစ်ကလေးလို့ပဲ ထင်တယ်။ စာနဲ့ ၃- နှစ်ကျော် ဝေးနေရတဲ့ ကျွန်တော်ဟာ သူများတွေ မုန့်စား ဆင်းရင်တောင် မဆင်းရဲဘူး။ စာကိုပဲ လုပ်နေမိတယ်။ ၉- တန်းကတော့ သာသာယာယာပါပဲ။ အောင်သွားတယ်။ ၁၀- တန်း ရောက်တယ်။ ၁၀-တန်းမှာ ကျွန်တော့်အသက် ၂၀။
(ဃ)
တစ်နေ့။ ဒီတစ်ခါ တစ်နေ့ကတော့ ဆယ်တန်း ကျောင်းသားကြီးရဲ့ တစ်နေ့ပါ။ ဆရာမက ကျွန်တော်တို့ အတန်းသား အားလုံးရှေ့မှာ ခုံလေးတစ်လုံးနဲ့ ထိုင်နေတယ်။ ကျွန်တော်တို့က ဆရာမရှေ့မှာ မတ်တပ်ရပ်လို့။ အခန်း အပြင်ဘက်မှာပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့ ကျောင်းပေါ်ကို တိုက်လေယာဉ်ပျံတွေ ဝဲနေကြတယ်။ စစ်ရေး လေ့ကျင့်တာမျိုး ဖြစ်မယ်ထင်တယ်။ ကျွန်တော် လေယာဉ်တွေကို မော့ကြည့်လိုက်မိတယ်။ သိပ်လှတယ်။ လေယာဉ်တွေဟာ လေထဲမှာ ကျွမ်းထိုးဝေ့ဝိုက် ဝဲနေကြတယ်။ ကျွန်တော် ဆရာမ အနားကပ်ပြီး မေးလိုက်မိပါတယ်။ "ဆရာမ အဲဒီ လေယာဉ်ပျံတွေက ဘယ်လိုလူတွေမှ မောင်းခွင့်ရှိတာလဲ ခင်ဗျ" လို့။ ဆရာမက ဖြေတယ်။ "မင်းတို့လို တောသားတွေပေါ့" တဲ့။ ကျွန်တော် တကယ် ပျော်သွားတယ်။ "တကယ်လား ဆရာမ" ဆိုတော့ "တကယ်ပေါ့" တဲ့။ "ဒါဆို မောင်းခွင့်ရအောင် ဘယ်လို ကြိုးစားရမလဲ" ဆိုတော့ "အမှတ်ကောင်းအောင် ကြိုးစား" တဲ့။ "အမှတ် ၃၈၀ ရအောင် ကြိုးစား" တဲ့။ အမှတ် ၃၈၀ ဆိုတဲ့ ဆရာမ အသံဟာ ကျွန်တော့် နားထဲမှာ ပဲ့တင် ထပ်နေခဲ့တယ်။ အဲဒီနေ့ကစပြီး ကျွန်တော့် ကျောင်းစာအုပ်တိုင်းမှာ ၃၈၀ လို့ ရေးထားတယ်။ ၃၈၀။ ၃၈၀ ဆိုပြီးတော့ပေါ့ဗျာ။
အဲဒီနေ့ကစပြီး ဘော်ဒါဆောင်က ကျွေးတဲ့ မနက်စာတောင် ကျွန်တော် မစားဖြစ်တော့ဘူး။ မနက်စာ စားချိန်ကို စာကျက်ချိန်ထဲ ထည့်လိုက်တယ်။ မထည့်လို့လည်း မရဘူးလေ။ ဘော်ဒါမှာ ကျွန်တော်က အညံ့ဆုံး။ သင်္ချာ ၁- မှတ်တန်မေးခွန်း ၅၀- ဖိုး မေးပြီး တစ်ပုဒ်မှား တစ်ချက်ကို ကျွန်တော် ၄၄ ချက် အရိုက်ခံရခဲ့တယ်။ အကြီးဆုံးနဲ့ အညံ့ဆုံး ကျောင်းသားဟာ ကျွန်တော်ပေါ့။ အတူနေ ၁၅/၁၆ အရွယ် ကျောင်းသားတွေက "ခင်ဗျား တော်တော် ညံ့ပါလား" ဆိုတဲ့ မျက်လုံးတွေနဲ့ တိတ်တဆိတ် တွန်းအားပေးကြတယ်။ ကျွန်တော် အချိန်တွေကို ချွေတာသထက် ချွေတာပစ်လိုက်တယ်။ ညအိပ်ချိန် ၁၁- နာရီ သတ်မှတ်ပြီး မီးပိတ်စနစ်နဲ့ အစောင့်ထား အိပ်ခိုင်းပေမဲ့ အိမ်ကနေ လက်နှိပ်ဓာတ်မီး ပြန်မှာပြီး အဆောင် မီးပိတ်တာနဲ့ စောင်ခြုံထဲမှာ ကိုယ့်ဓာတ်မီးနဲ့ကိုယ် စာခိုးကျက်တယ်။ မနက် ၅- နာရီ ထရတဲ့အတွက် အိပ်ချိန်ဟာ တစ်နေ့ ၃- နာရီ သာသာပဲ ရှိနေတတ်တယ်။
အကျိုးဆက်ကတော့ ၁၀- တန်း တက်နေတုန်းမှာ ကျွန်တော် ဆေးရုံ တက်လိုက်ရတယ်။ တိုးတက်မှုကတော့ နှစ်ဝက် စစ်ဆေးခြင်းမှာ တစ်ဘော်ဒါလုံး ကျွန်တော် အဆင့်- ၂ ရခဲ့တယ်။ ရမှတ်က ၄၁၃ မှတ်။ ဒါပေမဲ့ ကျွန်တော်က ၃၈၀ လောက်သာ လိုချင်ခဲ့တာပါ။ ၃၈၀ ဟာ ကျွန်တော့်ဘဝပေါ့။
(င)
စာမေးပွဲကြီး ပြီးသွားတော့ အလုပ်ထုတ်ခဲ့တဲ့ ဦးကြီးက ပြန်လိမ္မာလာတဲ့ ကျွန်တော့်ကို အလုပ်ပြန်ခန့်တယ်။ လုပ်အားခ တစ်နေ့ ၈၀၀ ထင်တယ်။ အဲဒီမှာ ကျွန်တော့် ကျောင်းသားဘဝကို မေးတယ်။ စာမေးပွဲ ဖြေနိုင်လားကနေ အစ ၁၀- တန်း အောင်ရင် ဘာလုပ်မလဲ အထိပေါ့။ ကျွန်တော်က တိုက်လေယာဉ်ကြီး မောင်းချင်ကြောင်း ပြောတော့ တက်ရမယ့် အမှတ်မှီရင် သူ လုပ်ပေးမယ်တဲ့။ ဦးကြီးဆီက အဲဒီစကားကို ကြားပြီးတဲ့ နောက်ပိုင်း ကျွန်တော့် အိပ်မက်တွေဟာ ပိုပြီးတော့ ချိုလာကြတယ်။ ကျွန်တော့် ချွေးတွေဟာ အရောင်တောက်လာကြတယ်။ ကျွန်တော် ထမ်းနေရတဲ့ အိတ်တွေဟာ ပေါ့ပါးနေခဲ့ကြတယ်။ အဲသလိုနဲ့ ဆယ်တန်း အောင်စာရင်း ထွက်မယ့်နေ့ကို ၃၈၀ ... ၃၈၀ နဲ့ မြည်ရင်း ကျွန်တော် စောင့်နေခဲ့တယ်။
တကယ်လည်း ကျွန်တော် အောင်ခဲ့ပါတယ်။ အောင်စာရင်း သွားကြည့်တဲ့နေ့က ကျွန်တော့်ကို "မင်း အောင်လား" လို့ မေးတဲ့လူရှိရင် ကျွန်တော် စိတ်ဆိုးတယ်။ "အောင်လား" မေးရမှာ မဟုတ်ဘူး။ "D ဘယ်နှစ်လုံး ပါလဲ" မေးရမှာလို့ စိတ်ထဲက ပြောနေမိတတ်တယ်။ တကယ်တန်းကျတော့ D တစ်လုံးမှ မပါ ပါဘူး။ သို့သော် ကျွန်တော့် ဦးကြီးကတော့ "အမှတ်စာရင်းသာ မှီပါစေ ငါ့တူ" တဲ့။ ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်ထားခဲ့တယ်။ အမှတ်- ၃၈၀ တော့ ရမယ်လို့ပေါ့။
(စ)
အမှတ်စာရင်း စာရွက်ကို ကိုင်ပြီး ကျွန်တော် ရပ်နေတယ်။ ဦးကြီးရဲ့ ကောင်တာစားပွဲ ရှေ့မှာ ကျွန်တော် ရပ်နေတယ်။ ကျွန်တော် မှန်းထားတာက ၃၈၀။ တကယ်ရတော့ ၃၇၀ ကွက်တိ။ မြန်မာစာနဲ့ အင်္ဂလိပ်စာကို D မှန်းထားပေမယ့် အနည်းငယ်စီ လိုနေခဲ့တယ်။ ဦးကြီးက ကျွန်တော့်ကို တစ်လှည့် အမှတ်စာရင်းကို တစ်လှည့် ကြည့်ရင်း တစ်ခုခုကို တွေးနေတယ်။ သူတွေးလို့ ဝမှ "မင်း ဘာလုပ်မလဲ" တဲ့ ...မေးတယ်။ "ရေကြောင်းသိပ္ပံ တက်ချင်တယ်" လို့ ကျွန်တော် ပြောလိုက်တယ်။ လေကြောင်းသိပ္ပံ မရတဲ့အတွက် ရတဲ့ရေကြောင်းကို တက်မယ်ဆိုတဲ့ စိတ်ကူးက အမှတ်စာရင်းနဲ့ တွဲပါလာတဲ့ တက်ရောက်နိုင်တဲ့ သက်မွေးသင်တန်းကျောင်းတွေ ထဲက ရေကြောင်းကို ကျွန်တော် ရွေးထားခဲ့ပါတယ်။ လေယာဉ်ပျံကြီး မောင်းခွင့်မရရင် တိုက်ရေယာဉ်ကြီး မောင်းမယ်ဆိုတဲ့ စိတ်ကူးမျိုးနဲပေါ့။ ကျွန်တော့်စကားကို ကြားတဲ့ ဦးကြီးက အဲဒီအချိန်တုန်းက တောင်တွင်းကြီး တစ်မြို့လုံး လက်ချိုးရေလို့ ရတဲ့ အရေအတွက်လောက်သာ ရှိတဲ့ သူအမြတ်တနိုး စီးတဲ့ viver ဆိုင်ကယ်သော့ကို ထိုးပေးတယ်။
"ပန်းတောမှာ ရှိတဲ့ မင်းအဒေါ်ဆီကို သွားပြီး မေး။ ငါတစ်ယောက်တည်းတော့ မတတ်နိုင်ဘူး။ သူလည်း မင်းအဒေါ် တော်တာပဲ" တဲ့။
ကျွန်တော် ဆိုင်ကယ်နဲ့ အဒေါ့်ပွဲရုံဆီ ပြေးခဲ့တယ်။ လမ်းမှာ ဆိုင်ကယ်ပေါက်လို့ ဖာရသေးတယ်။ တော်သေးတာပေါ့။ အိတ်ထဲမှာ ၇၀၀ ပါလို့။ အဒေါ့်ဆီ ရောက်တော့ အမှတ်စာရင်း စာရွက်ကို ထိုးပေးလိုက်ပြီး ကျွန်တော် ဖြစ်ချင်တာတွေ ပြောဖြစ်ခဲ့တယ်။ အဒေါ်ကလည်း "အကိုကမှ အဲလိုပြောရင် ငါလည်း လုပ်ပေးမှာပေါ့" တဲ့။ ကျွန်တော့် ဘဝရဲ့အပျော်ဆုံးနေ့ပေါ့။ ၉- တန်းနဲ့ ထွက်ပြေးပြီး အလုပ် လုပ်ခဲ့တဲ့ကောင်။ အမိုက်အမဲ။ မလိမ္မာခဲ့တဲ့ ကျွန်တော်ဟာ ဘဝတစ်ဆစ်ချိုး ပြောင်းတော့မယ် ဘာညာ ဆိုတာထက် ဖြစ်ချင်တာလေး ဖြစ်ခွင့်ရတော့မှာ ဆိုတော့ ပျော်တာပေါ့။ ကျွန်တော် ဆိုင်ကယ်ကို အလှပဆုံး စီးပြီး ဦးကြီးဆီ ပြန်ပြေးခဲ့တယ်။ တစ်လမ်းလုံး ကျွန်တော့် မျက်လုံးထဲမှာ မြင်နေတာက သဘောင်္ဖြူဖြူကြီး တစ်စင်းရဲ့ဦးမှာ ယူနီဖောင်း ဖြူဖြူနဲ့ ခန့်ခန့်ညားညား ရပ်နေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်ပါပဲ။
ပြန်ရောက်တော့ ဦးကြီး ကောင်တာစားပွဲနဲ့ မနီးမဝေးမှာ ဆိုင်ကယ်ကို ရပ်ပြီး ဦးကြီးကို အဒေါ်ကလည်း ကူမယ့်အကြောင်း ပြောပြရင်း အမှတ်စာရင်း စာရွက်ကို သူ့ရှေ့ ကောင်တာ စားပွဲပေါ် တင်ပေးလိုက်တယ်။
(ဆ)
ဦးကြီးက ငြိမ်နေတယ်။ အကြာကြီးပဲ။ ကျွန်တော်လည်း ဦးကြီးရှေ့မှာ ရပ်နေမိတယ်။ အကြာကြီးပဲပေါ့။ ရင်တွေ တဒိတ်ဒိတ် ခုန်နေမိတာကို ဝန်ခံပါတယ်။
"မင်း ဟိုဆိုင်ကယ်ကို ကြည့်"
ဦးကြီးက ကျွန်တော် ရပ်ခဲ့တဲ့ ဆိုင်ကယ်ကို လက်ညှိုးထိုးရင်း ပြောလိုက်လို့ ကျွန်တော်လည်း ဆိုင်ကယ်ဆီ ဘုမသိ ဘမသိ လိုက်ကြည့်ရတယ်။
"အဲဒီဆိုင်ကယ် ဒီကနေ့ ၂၂ သိန်း တန်တယ်။ ဒါပေမဲ့ သူ့ဟာသူ ဘယ်လောက်တန်တန် ဓာတ်ဆီမရှိရင် တစ်လက်မမှ မရွေ့ဘူး။ တန်ဖိုး မရှိဘူးကွ။ မင်းဘဝကလည်း အဲဒီဆိုင်ကယ်လိုပဲ။ မင်းဟာမင်း ဘယ်လောက်တော်တော် အမှတ်ကောင်းကောင်း နောက်က ထောက်ပံ့နိုင်တဲ့ မိဘက မပြည့်စုံရင် ဓာတ်ဆီ မရှိတဲ့ ဆိုင်ကယ်လိုပဲ။ ဒီတော့ ငါ့တူရာ၊ အဝေးသင် တက်ပြီး ရိုးရိုးဘွဲ့လေး ယူ။ ပြီးရင် ငါ့လိုပဲ ပွဲရုံပိုင်ရှင် ဖြစ်အောင် လုပ်ပါကွာ"
"ဟာ"
ကျွန်တော့် တစ်ကိုယ်လုံး လေထဲ လွင့်သွားသလိုပဲ။ ကျွန်တော့် မျက်လုံးထဲက မျက်ရည်တွေ ကျလာတယ်။ အမှတ်စာရင်း စာရွက်ကို ပြန်ယူပြီး ကိုင်ထားတဲ့ ကျွန်တော့်လက်ဟာ တဆတ်ဆတ် တုန်နေတယ်။ မျက်ရည်ဟာ ရိုရိုးကျတာ မဟုတ်ဘူး။ တာကျိုးလာတဲ့ ရေလို ဒလဟော ကျတာ။ ကျွန်တော် ရှိုက်တယ်။ အသံမထွက်ဘူး။ ကျွန်တော် ငိုတယ်။ ချော့မယ့်သူ မရှိဘူး။ အဲဒီနောက် ကျွန်တော် ဘာဖြစ်သွားမှန်း ကျွန်တော့်ကိုယ် ကျွန်တော် မသိတော့ဘူး။ ကျွန်တော် အသက်ရှိရက် သေခဲ့တယ်။ အဲဒီတုန်းက အထက်တန်းပြ တစ်ယောက်ရဲ့ ဝင်ခွင့်အမှတ်ဟာ ၃၄၀ ပဲ ရှိတယ်။ ဒါပေမဲ့ ကျွန်တော် အထက်တန်းပြ ဖြစ်မလာခဲ့ဘူး။ ဘာဆိုဘာမှ ဖြစ်မလာခဲ့ပါဘူးလေ။
ကျွန်တော် ဖြစ်သွားတာက ချဉ်ဖတ်ကလေး။ အမျိုးရဲ့ ချဉ်ဖတ်။ ရွာရဲ့ ချဉ်ဖတ်။ မြို့ကလေးရဲ့ ချဉ်ဖတ်။ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ချဉ်ဖတ်။ ကျွန်တော့်ကို ပေါင်းသင်းချင်သူ မရှိသလောက်အထိ ကျွန်တော် ဆိုးခဲ့တယ်။ ကျလာတဲ့ အင်္ဂလိပ်စာမေဂျာ ဆိုတာလေးကိုတောင် ကျွန်တော် လှည့်မကြည့်ခဲ့တော့ဘူး။ ဘယ်သူကမှ အဆက်အဆံ မလုပ်ချင်တော့တဲ့ လူ့အမိုက်အမဲ တစ်ကောင် အသေအချာ ဖြစ်ခဲ့တာပေါ့။ ကျွန်တော့်ကို ဘယ်သူမှ ဆုံးမလို့ မရဘူး။ အဖေဟာ ကျွန်တော့်ကြောင့် ခဏခဏ တက်ခေါက်ရတယ်။ အမေဟာ ကျွန်တော့်ပေါင်မှာ ခေါင်းအပ်ပြီး ရှိုက်ကြီးတငင် ငိုခဲ့ရတယ်။ ကျွန်တော်ဟာ တစ်ဘဝလုံးစာထက် ပိုပြီး ဆိုးသွမ်းခဲ့မိပါတယ်။ ဒါပေမဲ့ ကျွန်တော် ကံကောင်းခဲ့တယ်။ အဲဒီလို ဆိုးသွမ်းနေတဲ့ ကျွန်တော့်ကို လမ်းမှန်ရောက်အောင် ပို့ပေးခဲ့တဲ့အရာ ပေါ်လာခဲ့ပါတယ်။
အဲဒါကတော့ စာအုပ်တွေ ပါပဲ။
(ဇ)
ကျွန်တော် စာအုပ်တွေကို ချစ်တယ်။ စာအုပ်တွေကလည်း ကျွန်တော့်ကို ချစ်ကြတယ်။ ကျွန်တော် စာတွေ ဖတ်ဖြစ်ခဲ့တယ်။ မှတ်မှတ်ရရ တောင်တွင်းကြီးက စာပေသမားတွေနဲ့ သိခွင့်ရခဲ့တယ်။ ကဗျာဆရာ နေပန်ဦး၊ ဆရာမောင်ယဉ်ဌေး- တောင်တွင်း။ စာတွေ ဖတ်ရင်း ဖတ်ရင်း ဖြစ်ချင်တာ ဖြစ်ခွင့်မရတဲ့ လူငယ်တွေရဲ့ခံစားချက်တွေကို စာအုပ်တွေထဲမှာ ကျွန်တော် ရှာတွေ့ခဲ့တယ်။ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတာဟာ ကျွန်တော် တစ်ယောက်တည်းမှ မဟုတ်ဘဲလို့ သိလာတယ်။ ဖြစ်ချင်တာ မဖြစ်ရရုံနဲ့ ဘဝပျက်လုမတက် လမ်းပျောက်မိုက်မဲ ဆိုးသွမ်းခဲ့မိတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ရွံတယ်။ ဒီဘဝကို သေပစ်လိုက်ပြီး နောက်ဘဝကို ချက်ချင်းကူးလို့ရရင် ဆိုတာမျိုးအထိ ကျွန်တော် တွေးဖူးတယ်။
ကျွန်တော့်ရဲ့ အဆင်မပြေမှုတွေကိုလည်း တစ်ယောက်ယောက်ကို ပြောပြချင်တယ်။ ပြောလည်း ပြောပြခဲ့ဖူးတယ်။ အချို့က နားထောင်ပြီး ရယ်တယ်။ အချို့က နားတောင် မထောင်ခဲ့ကြဘူး။ ဘယ်တော့မှ လူရာပြန်ဝင် မလာတော့မယ့် လူဆိုးလူသွမ်းလေး တစ်ယောက်လို ဆက်ဆံခဲ့ကြတယ်။ ကျွန်တော် စိတ်ဓာတ်မကျဘူး။ ကျွန်တော် စာတွေ ဆက်ဖတ်ခဲ့တယ်။ စာတွေဖတ်ခြင်းအားဖြင့် ပိုက်ဆံမရှိပေမဲ့ နှစ်လိုဖွယ် ကမ္ဘာလောကတစ်ခု ရှိနေတယ် ဆိုတာကို ကျွန်တော် ရှာတွေ့ခဲ့တယ်။
အဆင်မပြေမှုတစ်ခု ကြုံတိုင်း၊ လူရယ်စရာ တစ်ခုကို ပြုလုပ်မိတဲ့ အချိန်တိုင်း စာအုပ် တစ်အုပ်အုပ်ကို ဖတ်ပစ်လိုက်ခြင်းဟာ ကျွန်တော့်အတွက် စိတ်ဖြေရာ ဖြစ်လာတယ်။
(ဈ)
စာအုပ်တွေက ကိုယ့်အားကိုယ်ကိုး တတ်ဖို့ ကျွန်တော့်ကို သင်ကြားပေးခဲ့တယ်။ လူတစ်ယောက်ရဲ့ ဘဝတစ်ခုဟာ အခွင့်အရေး တစ်ခုကို ဆုံးရှုံးသွားရုံမျှနဲ့ ပြိုပျက် မသွားသင့်ကြောင်း စာအုပ်တွေကြောင့် ကျွန်တော် သိလာတယ်။ ဒါကြောင့် ကျွန်တော် စာအုပ်တွေနဲ့ မိတ်ဆွေ ဖြစ်လာတယ်။ စာအုပ်တွေကို အငမ်းမရ ဖတ်တတ်လာတယ်။ ကျွန်တော့်ထက် ဘဝပျက်ခဲ့တဲ့ လူငယ်တချို့ရဲ့ နာမည်ကို စာအုပ်တွေထဲမှာ ကျွန်တော် တွေ့ခဲ့တယ်။ သူတို့ကို ကျွန်တော် ရိုကျိုးတယ်။
(ည)
နိုင်ငံရေးကြောင့် အရက်ကြောင့် အချစ်ကြောင့် ငွေကြောင့် အမှတ်စာရင်းကြာင့် စသဖြင့် လမ်းလွဲသွားခဲ့၊ ဘဝတစ်ဖက် ပျက်သွားတဲ့ လူငယ်တွေ အားလုံးရဲ့ နာမည်တွေ အားလုံး စာအုပ်ထဲမှာ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်တယ်။
(ဋ)
(နောက်ဆုံးတော့ ...) ကျွန်တော့် နာမည်ကိုလည်း စာအုပ်တွေထဲမှာ ရှာတွေ့ခဲ့ပါတယ်။
-------
လူခါး
No comments:
Post a Comment